ဪ ယောက်ျား
ဪ ယောက်ျား
တန်ခူးလ သင်္ကြန်ပွဲ ၊ ကဆုန်လ ညောင်ရေသွန်းပွဲ…… …………………………………… …………………………………….. တပေါင်းလ သဲပုံစေတီပွဲ။
မြန်မာ တွေဟာ တော်တော်အပျော်အပါးမက်ပါတယ်။ တနှစ်မှာ ဆယ့်နှစ်လရှိပါတယ်၊ဆယ့်နှစ်လ လုံးမှာ ပွဲတော်နဲ့၊နေပူရင်လဲ နေပူထဲ။မိုးရွာရင်လဲမိုးရွာထဲ၊ နှင်းဝေရင်လဲ နှင်းတွေထဲ ပျော်ပွဲရွှင်ပွဲ ဆင်နွှဲနေကြတာပါ။ ဒါနဲ့တင်အားမရသေးဘူး၊ ဒေသလိုက်သီးခြားပွဲတွေလုပ်ပါသေးတယ်၊ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ၊ ပုသိမ်မှာထင်ရှားတဲ့ နိဂြောဓါ ဘုရားပွဲ၊ ရှမ်းကုန်သည်လှဲ့ပွဲ၊ရဟန္တာပွဲ ၊ကုသိန္နာရုံဘုရားပွဲ၊အိုအများကြီးမှ အများကြီးပါ၊ ဒါနဲ့တင်မကျေနပ်သေးပါဘူး၊ တရုပ်ကူးလဲမြန်မာ မူးတာပဲ၊ ကရင်ကူးလည်းမြန်မာမြူးတာပဲ၊ ကုလားကူးလဲ၊ မြန်မာထူးတာပဲဗျ၊ဒီလောက်ပွဲတွေလုပ်ရတာ အားမရသေးဘူး၊ ဟောပွင့်လင်းရာသီရောက်လာရင်
ဟိုမြို့ ဒီမြို့လိုက်ပြီး ဈေးပွဲတော် တဲ့ လုပ်ကြပြန်ပါရောလား။
“ကိုရင်ကြောင်ရေ၊ဒီနေ့ကစပြီး ဈေးပွဲတော် တစ်ပတ်လုပ်မယ်တဲ့၊ အိမ်အသုံးအဆောင်လေးဘာလေးသွားဝယ်ကြရအောင်”
ကြောင်လတ်ရဲ့အိမ်သူသက်ထားဇနီးမယားက ဒီနေ့စဖွင့်တဲ့ ဈေးပွဲတော်သွားဖို့ ပြောပါတယ်၊ကျွန်တော်လည်း မသွားချင်တာနဲ့
“စဖွင့် ဖွင့်ခြင်း သွားမဝယ်နဲ့ ကွ ဈေးကြီးတယ် ၊ပြီးခါနီး နှစ်ရက်လောက်လိုမှ သွားဝယ်မယ် ၊အဲဒီရက်မျိုးဆိုဈေးနဲနဲ ချရောင်းတတ်တယ်”
“ဖေကြီးကလည်း ဒီနေ့သွားကြည့်မယ်၊ ဒီနေ့ ဖွင့်ပွဲမှာ မော်ဒယ်ရှိုးပါ ပါတယ်လို့ပြောတယ်”
“ဟုတ်တယ်ဖေကြီးရေ သားလဲ ပွဲဈေးမှာရောင်းတဲ့သေနတ် တစ်လက်လိုချင်တယ်၊ လိုက်ဝယ်ပေးနော်၊
“သားကလည်း ပိုက်ဆံအားကြီးဖြုန်းတာပဲ၊ ဟိုနေ့ကဝယ်တဲ့သေနတ်ဘယ်ရောက်သွားလဲ”
“ပျက်သွားပြီ၊ ဟိုဘက်အိမ်ကကောင် ကိုသူ့အဖေ ဝယ်ပေးထားတဲ့သေနတ်ကအရမ်းကောင်းတယ်၊ အကြီး ကြီး၊ သားခဏကိုင်ကြည့်ချင်တယ်ပြောတာ ပေးမကိုင်ဘူး”
“ပေးမကိုင်ရင်မကိုင်နဲ့ပေါ့သားရဲ့၊သူများဟာပျက်သွားရင် လျော်ပေးနေရမှာပေါ့”
“သားက သူ့ကို …မင်းအရမ်းကြီးကျယ်တယ်။
ငါ့အဖေကိုမင်းထက်ကောင်းတာ ဝယ်ခိုင်းမယ်လို့သားပြောထားတယ်၊ သားကိုဝယ်ပေးနော်ဖေကြီး”
“အေးပါအေးပါ… ဒါဆိုရင် ညကျရင်သွားကြမယ်”
မယားကိုငြင်းနိုင်ပေမဲ့သမီးနဲ့သားကို မငြင်းနိုင်တာနဲ့
လိုက်လျောလိုက်ပါတယ်၊ ဒီလိုနဲ့ ပွဲထဲက အရုပ်ရောင်းတဲ့ဆိုင်ကို
ရောက်ခဲ့ပါတယ်။ ဆိုင်ရှေ့အရောက်မှာ ကလေးတစ်ယောက် အော်ငိုနေပြီးအဖေက သားကို ရိုက်နေတာတွေ့ပါတယ်။
“အဲဒါမလိုချင်ဘူး၊ ဟီးးဟီးး ဟိုအကြီးကြီးပဲလိုချင်တယ်။
အဲဒါဝယ်ပေး၊ ဟီးဟီးးး”
“မရဘူးဟေ့ကောင် ဒါပဲယူ၊ မင်းကိုဝယ်ပေးလိုက်ရင်ခဏလေး
ပျက်သွားတာ ၊ဟိုဟာကဈေးကြီးတယ်”
“မရဘူးမရဘူး၊ အဲဒါမယူဘူး…..ဟိုဟာပဲယူမယ်”
“ကဲကွာပြောမရတဲ့ကောင် ဖျန်းဖျန်း ဟီးဟီး ”
“ဟာကိုခွေး ကလေးကိုဘာလို့ လူကြားထဲ ရိုက်နေတာလဲဗျ”
“အော် ကိုကြောင်၊ ဒီကောင်လေ သေနတ်လိုချင်တယ်ဆိုလို့ ဒီ
၅၀ဝ တန်ဝယ်ပေးတာမရဘူး၊ ဈေးကြီးတဲ့ဟာကို လိုချင်နေတယ်”
“ဘယ်လောက်မို့လဲဗျာ”
“၁၅၀ဝတဲ့ဗျ”
“ဟာ ဝယ်ပေးလိုက်ပါဗျာ၊၁၅၀ဝ တည်းပဲ ၊ ကျွန်တော်တောင်သားကိုဝယ်ပေးမလို့လာတာ၊ ကလေးတွေ
ဆော့ကြပါစေဗျာ”
“အို ကိုကြောင်ကလည်းဝယ်မပေးနိုင်ပါဘူး၊ ငွေဆိုတာရဖို့
လွယ်တာမဟုတ်ဘူး၊ခင်ဗျားသိတဲ့အတိုင်းပဲ ကျွန်တော်တို့
ခင်ဗျားတို့က ကုန်သည်ပွဲစားတွေမဟုတ်ဘူး၊ ဝန်ထမ်းတွေဆိုတာ ငွေကိုစစ်စစ်စီစီ ချွေချွေတာတာနဲ့ တိုင်းထွာသုံးနိုင်မှ တော်ကာကြတာ၊ လာဟေ့ကောင်သွားမယ်”
“ဟီးဟီး ဝယ်ပေး ဝယ်ပေး ဒီဟာမလိုချင်ဘူး”
ပြောရင်းကလေးကိုလက်ဆွဲ ထွက်သွားတဲ့ ကိုခွေးနဲ့ ဒရွတ်တိုက်ပြီး
ပါသွားတဲ့ ကလေးကိုကြည့်ရင်းကြောင်လတ်စိတ်မကောင်း
ဖြစ်မိပါတယ်၊ ကိုခွေးပြောသွားတာလဲဟုတ်ပါတယ်လေ ကျွန်တော်တို့လိုဝန်ထမ်းတွေဟာငွေကိုအတိုင်းအတာနဲ့
သုံးနေရတာပါ၊ ကိုခွေးကိုလည်းတော်တော်လေးစားမိလိုက်ပါတယ်။
+++++++++++++++++++++++++++++
မိုးနတ်မင်းကြီးဟာ သူ့ဝမ်းထဲကရေတွေကို အစွမ်းကုန်အန်ချခဲ့ပြီးလို့ ကုန်ခမ်းသွားပါပြီ၊ လက်ကျန်လေးတွေကို နဲနဲချင်းဖြစ်ညှစ်
အန်ထုတ်ရင်းက များများထွက်မလာတော့ပဲ တစ်စက်တစ်ပေါက်သာကျတော့ပါတယ်၊နောက်တော့
အခိုးအငွေ့အဖြစ်သာ ထွက်လာပါတော့တယ်။
အော် ဆောင်းနှင်းလေးဝေ့လာတဲ့ညနေခင်းတွေကိုတောင်
ရောက်လာပါလား၊ နှင်းတွေကြားကပဲ ဘယ်နံကျိုနံကြားကထွက်