ကနာ္တရ စီးကြောင်း – ညိုခက်ကျော်

black chawDecember 14, 20111min39113

ကနာ္တရ စီးကြောင်း – ညိုခက်ကျော်

ပြတင်းပေါက်တံခါးကိုဖွင့်လိုက်စဉ် စွတ်စိုထိုင်းမှိုင်းသော လေသည် အရှိန်ပြင်းပြင်း ခုန်ပေါက်ဝင်ရောက်လာသည်။
ဟိုး အဝေးတစ်နေရာဆီမှ ပျံ့လွင့်လာသော သီချင်းသံခပ်သဲ့သဲ့ကို ကြားလိုက်ရသည်။
ထွက်ပြူစပြုနေပြီဖြစ်သော လမင်းသည် ကောင်းကင်၏ကုန်လုဆဲ လက်ကျန်အလင်းတချို့ကြောင့် မှိန်ဖျော့နေဟန်ရှိသည်။
အမြင့်ဆီမှ လှမ်းမြင်နေရ သောရန်ကုန်မြို့၏ဆည်းဆာသည် ပလက်ဖောင်းဘေးတစ်ဖက်တစ်ချက်ဆီမှ ပျံကျဈေးသည်များ၊ လမ်းမနှင့်မဆံ့ လောက်အောင်ချွေးတလုံးလုံးနှင့်တိုးဝှေ့နေကြသူများ၊ ဘီးတစ်လိမ့်ရွေ့ရန်အတွက်အချိန်ကြာမြင့်စွာ စောင့်ဆိုင်း တန်းစီနေကြသောကားတန်းရှည်များဖြင့်သက်မဲ့လွန်းလှသည်။
ပြတင်းပေါက်ကိုကျောခိုင်း မည်ပြုပြီးမှ ဖြတ်ကနဲ ဝင်ရောက်လာသောအတွေးကြောင့် တစ်ဖက်လမ်းရှိတိုက်ကို လှမ်းကြည့်ရန် သတိရမိသည်။
ဒီအချိန်ဆိုကိုကို အိမ်ပြန်ရောက်ပြီလား။ တစ်ဖက်လမ်းဆီမှ ပိတ်ထားဆဲ ပြတင်းတံခါး ကိုမြင်လိုက်ရသောအခါ
သူမခေါင်းတစ်ချက်ယမ်းလိုက်ပြီး အိမ်ထဲဝင်လာခဲ့သည်။
အိ်မ်ရှေ့ ဝရံတာဆီသွားဖို့ အင်မတန် ရွံရှာစက်ဆုပ်ဖို့ကောင်းသော သူမတို့အိပ်ခန်းကို နောက်တစ်ကြိမ် ဖြတ်သွားရ ဦးမည်။
မီးမဖွင့်ထားသော ထိုအခန်းသို့ ခြေလှမ်းကျဲကျဲများဖြင့် လှမ်းလျှောက်စဉ် မျက်လုံးတွေကိုရှေ့ တူရူ တည့်တည့်ဆီသို့သာ ဦးတည်သော်လည်း
တွန့်ခေါက်ကြေမွနေသော အိပ်ယာခင်းများ၊ ဖရိုဖရဲခေါင်းအုံးများ၊ သူ၏ သောက်လက်စ အရက်ပုလင်းနှင့် ဖန်ခွက်များ နှင်းဆီပွင့်ခြောက်များ ကိုတစ်စွန်းတစ မြင်ဖြစ်အောင်မြင်လိုက် သေးသည်။ ထိုအခန်းတွင်သူမ၏ အရုဏ်ဦးများ ခြောက်ကပ်ကျုံလှီ သွားခဲ့ရသည်။
သူမ၏ မနက်ဖြန်အားလုံး မှောင်အတိ ကျသွားခဲ့သည်။ သူမနှင့်ကိုကိုတို့ ၏ မျှော်လင့်ခြင်းမြစ်တစ်စင်း ပြောင်းပြန်စီးသွားခဲ့ရသည်။
အခန်းတံခါးဝကို ကြမ်းတမ်းစွာဆောင့်ပိတ်လိုက်ပြီး အသက်ကိုတစ်ဝကြီးရှူဟန်ပြင်လိုက်စဉ် ဘယ်အချိန်က နှာခေါင်းထဲ
စွဲနေမှန်းမသိသော သူ၏ ခေါင်းလိမ်းဆီနံ့ ရလိုက်သလို ရှိ၍ ရင်ထဲမှပျို့တက်လာသည်။
သူမအတွက်ဒီနေ့ဟာ…။ ခုနှစ်ရက်ဖို့နာရီပိုင်းမျှသာလိုတော့သည်။ ဟင့်အင်း။ သူဒီနေ့အိမ်ပြန်မလာပါစေနဲ့။
ကောင်းကင်ကို မော့ကြည်လိုက်တော့ လဝန်းကဖြည်းဖြည်းပြည့်လာသည့်အပြင် ကြယ်ကလေးများ တစ်ပွင့်စ နှစ်ပွင့်စပင်တွေ့ရသေးသည်။ဒီတစ်ညမိုးရွာမည့်ပုံမပေါ်သေး။ခုချိန်မှာမိုးတွေသည်းသည်းထန်ထန်ရွာပစ်စေချင်သည်။
မိုးစက်မိုးပေါက်သံတွေကို နားထောင်လိုက်ရလျှင် ဟောဟိုကြမ်းပြင်ပေါ်မှာ ခြေပစ်လက်ပစ်အိပ်ပျော်သွားမှာ သေချာသည်။ ခုလိုတိတ်ဆိတ်ချောက်ချားနေသည့်အချိန်မှာလှဲပစ်လိုက်ရင်တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရ မည့်အစား
နာကျင်ခါးသီးစရာတွေက ခန္ဓာကိုယ်တစ်ခုလုံးဆီမှ စုပြုံပြီး တရိပ်ရိပ်ဆန်တက်လာကြပေဦးမည်။
အဲဒါတွေ တစ်ခဏလေးမေ့ပစ်နိုင်ဖို့ ဘာလုပ်ရရင်ကောင်းမလဲ။ ဗီဒီယိုဟာသကားတစ်ကားလောက်ဖွင့်ကြည့်လျှင် ကောင်းမည်လား။
မြို့ကလေးမှ သူငယ်ချင်းတွေဆီစာရေးရရင်ကောင်းမည်လား။ အောက်ထပ်မှအလွန်စကားများ သော စိန်ပွဲစားမိန်းမဆီသွားပြီး
သူပြောသမျှ ရုပ်ရှင်အကြောင်း၊ လက်ဝတ်ရတနာတွေအကြောင်း သွားနားထောင်ရ ကောင်းမလား။
“ကလင်-ကလင်” ဖုန်းခေါ်သံကြောင့် သူမဦးနှောက်ထဲ ဖြတ်ခနဲ လက်သွားသော်လည်း ထိုအတွေးသည်ခန္ဓာကိုယ်ဆီ မှ
အဝေးသို့ ချက်ချင်းပင် လွင့်စဉ်သွားပြန်သည်။ ကိုကိုသည်သူမဆီဘယ်တုန်းကမှဖုန်းစဆက်တတ်သူမဟုတ်။ ဒါဆိုသူဘဲနေမှာ။
သူသည်ဒီလိုပဲခရီးထွက်တိုင်း(ခရီးထွက်မည်ဟု အကြောင်းပြခဲ့တိုင်း) ညတိုင်းလို သူမထံ ဖုန်းခေါ်တတ်မြဲ ဖြစ်သည်။
အဆင့်မြင့်အရက်ဘားတစ်ခုမှဖြစ်စေ၊ အဆိုတော်မိန်းကလေးတွေပေါသော စားသောက်ဆိုင်တွေမှဖြစ်စေ၊ အမျိုးသမီးတစ်ဦးဦး၏ အိပ်ခန်းမှဖြစ်စေ။ ညဦးပိုင်းဖြစ်၍ နိုက်ကလပ်ဖြစ်ဖို့တော့ မသေချာလှ။ သူမ ချက်ချင်းဖုန်း ပလပ်ကို ကောက်ဖြုတ်ပစ်လိုက်သည်။
နို့မို့ဆိုမီးစနှင့် အထိုးခံရသလို အခံရခက်သည့်ရယ်သံတွေ၊ စကားသံဗလုံးဗထွေးတွေ ကြားနေရဦးမည်။
သူပြန်လာလို့ ဒေါကြီးမောကြီးနှင့် “ဘယ်သွားနေသလဲ” မေးလျှင် “ဖုန်းလိုင်းပြတ်နေလို့” ဟု မျက်နှာ ခပ်တည်တည်နှင့် လိမ်ညာရဦးမည်။
ယောက်ယက်ခပ်နေသော စိတ်တို့ တစ်နေရာတည်းမှာ စုစည်းမိစေရန် အိမ်ဖော်မိန်းကလေးလာပို့ထားသော ခေါက်ဆွဲကြော်ပန်းကန်ကိုယူ၍
တစ်ဇွန်းမှ မစားဘဲ စိတ်ရှည်လက်ရှည်မွှေ နေမိသည်။ မွှေရင်းမွှေရင်း အဆီတဝင်းဝင်း တွန့်လိမ်လိမ်ခေါက်ဆွဲမျှင်တို့တွင် သူ့မျက်နှာပုံပေါက်လာပြန်သည်။
အလိုဆန္ဒတွေ အတောမသတ်နိုင်သော သူ့မျက်နှာသည် ခေါက်ဆွဲမျှင်တို့ကဲ့သို့ပင် အစဉ်ပြန်နေတတ်သည်။
မြို့ ပြ၏ ဆည်းဆာသည် ခြောက်နာရီခွဲ ကျော်သည့်တိုင် လမ်းမကြီးတစ်ဖက်တစ်ချက်စီရှိ
ဆိုဒီယမ် နှင်းခွဲ မီးလုံးများကြောင့် လင်းအားကောင်းနေဆဲ ဖြစ်သည်။ နေအဝင် အိပ်တန်းပြန်လာကြသော
ငှက်ကလေးများကိုငေးကြည့်ရင်း သူမတို့ မြို့ကလေးကို ပြေး၍ သတိရမိသည်။ ဟိုးအရင်က သူမတို့မြို့ကလေး၏ဆည်းဆာသည်
ရန်ကုန်မြို့၏ ဆည်းဆာကဲ့သို့ အမှောင်ထုကိုအံတုစွမ်းမရှိသော်လည်း ရွှေအိုရောင်ညှို့ညှို့မှိုင်းမှိုင်းဖြင့် အစဉ်အေးချမ်းလှပခဲ့သည်။
ထိုညနေခင်းမျိုးတွင် သူမကလေးဘဝတုန်းက သူမတို့မောင်နှမတစ်တွေ ဆူညံပျော်ပါး စွာ ပြေးလွှားကစားခဲ့ကြဖူးသည်။
နောက်တော့ ဆိတ်ဖလူးပန်းရနံ့ မွှေးပျံ့လှသော လမ်းကျဉ်းကလေး တွင်သူမနှင့်ကိုကိုတို့ အတူတွဲ၍ လမ်းလျှောက်ကြဖူးသည်။
သစ်ပင်ဖျားဆီမှ တဝဲဝဲ လွင့်ကြွေကျလာသော သစ်ရွက်ခြောက်တွေကိုရေတွက်ရင်း ကိုကို့ကဗျာတွေကို သူမကြည်နူးစွာ ရွတ်ဆိုခဲ့ဖူးသည်။
အခုတော့မြို့ကလေး ၏ညနေခင်းများသည် သူမ၏ ဆွံ့အသေဆုံးသွားသော ရင်ခုန်သံကို မည်သည့်အခါတွင်မျှ လှုပ်နှိုးနိုင်တော့မည် မဟုတ်ချေ။
နာကျင်စွာ ပြုံးလိုက်ရင်း မြို့ကလေး၌ သူမမိသားစု ဘာတွေလုပ်နေကြမည်လဲဆိုတာ တွေးနေမိသည်။
ခဲခဲယဉ်းယဉ်း စဉ်းစားနေစရာမလိုပါ။ သာမန်ကုန်တင်ကုန်ချအလုပ်သမားဘဝမှ နေ့ချင်းညချင်း မန်နေဂျာစားပွဲမှာ
ဝင်ထိုင်ခွင့်ရသော အဖေသည် သူ့သားမက်ပိုင်ဆန်စက်၏ ဝင်ငွထွက်ငွေပြဂရပ်မျဉ်း တွေကိုဝံ့ကြွားဂုဏ်ယူစွာ ငေးမောနေမည်။
မည်သည့်မကြောင်းအရာကိုမဆို ပုံသေနည်း တစ်မျိုးထည်းထည့်၍ မျက်စိမှိတ်တွက်ချက်တတ် သောအမေသည်
ရွှေတွေတစ်ကိုယ်လုံးညွှတ်နေအောင်ဝတ်ရင်း အိမ်ရှေ့ကုန်စုံဆိုင်ကလေးတွင် ကျော့ကျော့မော့မော့ထိုင်နေပေလိမ့်မည်။
လူ့လောက၏ ဆူးငြှောင့်ခလုတ်တွေကို တစ်စွန်းတစ်စမှ မမြင်ဖူးကြသည့် သူမ၏ ညီမလေးတွေ မောင်လေးတွေသည် ပြင်ဆောက်လုပ်ပြီးဆဲ
အသစ်စက်စက် အိမ်ကလေးထဲတွင် အရင်ကလိုတစ်ဦး နှင့် တစ်ဦး တွန်းထိုးစနောက်ရင်း အပူအပင် အကြောင့်အကြကင်းစွာ
ရယ်မောပျော် ရွှင်နေကြလိမ့်မည်။ သူကတော့…. သူမကတော့ ထွက်ပြေး၍မရသော စည်းဝိုင်းကျဉ်းကျဉ်းကလေး၏ အလယ်မှာ
ယိုင်လိုက်ပြိုလိုက်နှင့် ခနော်ခနဲ့ရပ်နေရဆဲ။ မိစ္ဆာ တစ်ကောင်၏ ခံတွင်းဝထဲမှာဆိုတာ သိသိချည်းနှင့် ရုန်းမထွက်နိုင်ဆဲ။

“မမထမင်းကြော်ဝယ်ပေးရမလား။ ညစာလေးတော့ မှန်မှန်စားပါ မမရယ်။ အန်ကယ်သိရင် ကျမတို့ အမြဲအဆူခံရတယ်။
ခုတစ်လနှစ်လ မမအရမ်းပိန် သွားတာပဲ”

ပိန်သွားသတဲ့လား။ မှန်မကြည့်တာ အတော်ကြာပြီဖြစ်သော သူမ ကိုယ်ကိုယ်ကိုယ်ပိန်သွားသလား။ ဝလာသလားပင် သတိမထားမိချေ။
ဘာတဲ့ “အန်ကယ်သိရင်” ဟုတ်လား။ ရယ်စရာကောင်းလိုက်တာ။ အင်းလေငွေစက္ကူတွေဖြင့် စိတ်တိုင်းကျ ပစ်ပေါက်သိမ်းပိုက်ခဲ့သော
မိန်းမငယ်တစ်ယောက်ကို သူ့ ဂုဏ်သိက္ခာတွေအစဉ်တောက်ပနေစေဖို့ ၊ သူ့မျက်လုံးတွေခဏတစ်ဖြုတ် အညောင်းအညာပြေစေဖို့၊ သူ့ဆန္ဒတွေအမြဲတမ်းလန်းဆန်းတက်ကြွ နေစေဖို့ ပိန်ကပ်ကျုံလှီနေတဲ့ ကမ္မဌာန်းရုပ်မျိုး ဘယ်မြင်ချင်ပါ့မလဲ။ ခြံဝင်းထဲ အရင်းအနှီးစိုက်ထုတ်၍ မွေးထားသောတိရစ္ဆာန် တွေလို အစာဝဝကျွေးနိုင်ပါမှ အသားပြည့်ပြည့်ဖြိုးဖြိုး စားသောက်နိုင်မည်လေ။

**********************************

မထင်ခဲ့ပါ။ ဘဝတစ်ခုသည်မှန်တစ်ချပ်လို တစ်ခဏချင်းမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားတတ်ကြောင်း ဘယ်တုန်းကမှထင်မှတ်မထားခဲ့ပါ။ ထို့ကြောင့်သူမသည်လူမှန်းသိတတ်စအရွယ်မှစ၍အသက်နှစ်ဆယ်မပြည်မှီအထိ မှန်များကိုအလွန်မြတ်နိုးမိခဲ့ပါသည်။
ထိုစဉ်ကမှန်ထဲရှိသူမမျက်လုံးဝိုင်းဝိုင်းလေးတွေသည် ခုလို မည်သည့်အညစ်အ ကြေးမျိုးမှထင်မနေဘဲအမြဲတစေကြည်လဲ့နေတတ်သည်။ မှန်ထဲတွင်ထင်ဟပ်နေသောပုံရိပ်တို့ကိုကြည့်ရင်းသူမဘာ သာနှစ်သက်ကြည်နူးနေတတ်သည်။
သို့သော်ငိုရှိုက်ရလွန်းသဖြင့် မို့အစ်နီရဲနေသော မျက်ခွံများ၊ အိပ်ရေးပျက်ဖန်များ လွန်းသဖြင့်တွင်းနက်တွေလို
ချိုင့်ခွက်နေသော မျက်တွင်းဟောက်ပက်များ၊ ထိတွေ့ခံစားမှုအာရုံသေဆုံးသွားသော နှုတ်ခမ်းပျော့ပျော့များကို
မှန်ချပ်တွေထဲ လျောတိလျော့လျဲတွေ့မြင်လိုက်ရသောအခါ မှန်ချပ်တွေထဲမှ သူမ၏ ပစ္စုပ္ပန်ပုံရိပ်တွေသည် သူမမဟုတ်ဘဲ မြက်ခြောက်ပင်နွမ်းနွမ်းတွေ ဖြစ်သွားတက်သည်။ နောက်ပြီး မှန်ကွဲစတွေလို ဖရိုဖရဲနိုင်လွန်းသော
သူမဘဝ၏ ကောက်ကြောင်းတွေ တစ်စထက်တစ်စ ပိုမိုပြီပြင်ထင်ရှားလာသည့်နှင့်အမျှ မှန်ချပ်တွေရှေ့
ခဏတဖြုတ် ရပ်မိဖို့ပင် တော်တော့်ကို ဝန်လေးသွားမိသည်။
တစ်ချက်ကလေးမှသက်ပြင်းချလောက်ဖွယ်မရှိအောင် ကြမ်းတမ်းခက်ထန်သောဘဝကို တစ်သက်လုံးထုသားပေသားတကျ
ဖြတ်ကျော်ခဲ့ရသော်လည်း သူမသည် လောကဓံဆိုတာကို တစ်စက်လေးမှ ငြူဆူပြစ်တင်ခဲ့ခြင်းမရှိခဲ့ပါ။ လှချိန်တန်၍ အများသူငါမိန်းကလေးတွေလို
မိတ်ကပ်ပေါင်ဒါ အဖွေးသားမလိမ်းရ၍ ၊ နှုတ်ခမ်းနီအရဲသားမဆိုးရ၍ ဆင်းရဲချို့တဲ့လွန်းသော မိသားစုကို စိတ်နာခြင်းမျိုးလည်းမရှိခဲ့ပါ။ အထက်အောက်ဆင်တူဝမ်းဆက်ဝတ်လေ့ရှိသော မိန်းကလေးတွေကိုငေးမောအာကျနေရုံကလွဲပြီး ကိုယ်ပိုင်သီးသန့်အင်္ကျ ီထဘီ
တစ်စုံကိုပင်မပိုင်ဆိုင်ခဲ့ဖူးသော ကိုယ့်ဘဝကိုယ် မုန်းတီးရကောင်း မှန်းမသိခဲ့ပါချေ။ အမေနှင့်သူမတို့အထက်အောက်ညီမသုံးယောက်သည်
သူကိုင်ကိုယ်ပိုင်အဝတ်အစားဟ၍ သီးခြားစီမရှိဘဲ သေတ္တာတစ်လုံးထဲမှ အဆင်ပြေသလိုသာယူ၍ ဝတ်ဆင်လေ့ရှိသည်။
လက်လုပ်လက်စားအဖေ၏ တစ်နေ့ဝင်ငွေနှင့် မိသားစုစရိတ် အချိုးမညီမျှ၍ မောင်နှမတွေ ဆန်ပြုတ်သောက်ရသည့်
အချိန်တွေမှာလည်း မညည်းမညူသောက်သည် ချည်း။ နောက်ဆုံးတစ်နှစ်တစ်တန်း မှန်မှန်အောင်နေကျ သူမဆယ်တန်းနှစ်မှာ မိသားစုတွေ ကျပ်တည်းအားကြီး၍ အောက်မှမောင်နှမတွေကို ငဲ့ညှာပြီး ကျောင်းထွက်တော့ ဟု အဖေက ဆိုသော်လည်း မျက်နှာတစ်ချက်မှမပျက်စေရဘဲ ချက်ချင်းခေါင်းညိတ်ခဲ့ပါသည်။ သို့သော်ဘယ်လိုမှ မျှော်လင့်မထားခဲ့သော ဘဝဆစ်ချိုး၌ ကကြမ္မာ၏ ညှိစိုု့စို့ရနံ့ကို ဗြုန်းခနဲ
ရှူရှိုက်လို်က်ရသောအခါ ဘဝဆိုတာအနုတ် လက္ခဏာတွေချည်းပါပဲလားဟု နာနာ ကြည်းကြည်း တွေးတတ်စပြုလာခဲ့သည်။

*************************************

မျက်မှာပြည်မြေပုံတွင် အစက်အပြောက်ကလေးအဖြစ်ပင် မြင်တွေ့ရခဲသော၊ လျှပ်စစ်မီးအချိန်ပိုင်းသာရသော၊ မြို့ပြအင်္ဂါရပ်ချို့တဲ့ရှာသော ကျေးရွာဆန်ဆန်သူမတို့မြိုကလေး၌ အပေါ်ယံ မင်းသားမျက်နှာဖုံးစွပ်ထားသောသူ၏
ဘီလူးခေါင်းသည် မည်သူတစ်ဦးတစ်ယောက်မျှ မသိမြင်စေရဘဲ သေသေသပ်သပ်ကလေးနှင့်အချိန်ကြာမြင့်စွာ ကွယ်ဝှက်နေခဲ့ပါသည်။
ရန်ကုန်မှ ရောက်လာသည်မှာ မကြာသေးသော်လည်း မြို့ကလေး၏ သာရေးနာရေးကိစ္စများ တွင် ရက်ရောစွာပေးကမ်းလှူဒါန်း
တတ်သောသူသည် ဆန်စက်သူဌေး ဟူသောဝိသေသနနှင့် လူကြီးလူကောင်း ဟူသောအရေခွံကို ပိရိသေသပ်စွာ ခြုံပြထားနိုင်ခဲ့သည်။
ထို့ကြောင့် အလုပ်ရှင်လည်းဖြစ်ပြီး မြို့မျက်နှာဖုံးလည်း ဖြစ်သော သူ့ကို အဖေရောအမေပ ါအထင်ကြီးမျှော်လင့်အားကိုးခဲ့ကြသည်မှာ
သိပ်တော့မထူးဆန်းလှပါ။ လူ့လောကကြီးကို အပေါ်ယံ မျက်နှာပြင်တစ်ဖက်တည်းမှသာ ရိုးစင်းတည့်မတ်စွာကြည့်တတ်သောသူမကိုယ်တိုင်ပင် ဝါးခင်းထရံကာနှင့်တဖက်သို့ရွဲ့စောင်းစောင်းယိုင်နေသော သူမတို့အိမ်ကလေးသို့ ထမင်းစားလာတိုင်း သူ့ကိုယ်ပေါ်မှ ခေါက်ရိုးအကျ
မီးပူထိုးထားသော စပို့ရှပ်သစ်လွင်လွင်နှင့် ခပ်ညံ့ညံ့ထမင်းဝိုင်းကို နှိုင်းယှဉ် ငေးမောရင်း အားနာမိ မျက်နှာပူမိသေးသည်။
တချက်တချက် တတီတီနှင့် ထမြည်တတ်သောသူ့ခါးကြားတွင်ထိုးထားသည့် ဆယ်လူလာ ဖုန်းကလေးကိုပင် ကျိုးတို့ကျဲတဲ နံရံကြားမှ
မောင်နှမတတွေ ခေါင်းပြူပြီး စိတ်ဝင်တစားချောင်း ကြည့်ခဲ့ကြဖူးသည်။
သံရည်ပူတွေလို နားထဲလောင်းထည့်ပစ်လို်က်သော စကားကို ကြားလိုက်ရစက သူမသည် အာမေဍိတ် ပေါင်းစုံ အံ့ဩတကြီး တရင်း
မဖြစ်နီုင်ပါဘူး ဟူသော စကားကို ကယောင်ကတမ်းဆိုကာ ခေါင်းကိုသာတွင်တွင် ခါယမ်းနေခဲ့သည်။ ရင့်ရော်သော ရုပ်လက္ခဏာကို ငွေကြေးစည်းစိမ်မြောက်မြားစွာဖြင့် ပြုပြင်ဖာထေးထားသည့်အတိုင်း အမေနှင့်သက်တူရွယ်တူ ယောကျာ်းတစ်ဦးကို ဘယ်လိုမျက်နှာမျိုးဖြင့် သူမလင်ယောင်္ကျား တော်နိုင်ရပါမည်နည်း။ နောက်ပြီး သူမနှင့်ကိုကိုတို့ အနာဂတ်လမ်းပန်တိုင်လေးကို ဘယ်လိုအင်အားမျိုးတွေသုုံးပြီး
သူမဖြိုဖျက်ရက် မည်နည်း။ ချော့တစ်လှည့် ခြောက်တစ်ခါ စကားလုံးပေါင်းစုံဖြင့် အမေကသူမကိုတတွတ်တွတ် တိုက်တွန်းစဉ် မယားဖြစ်သူ၏
စီမံခန့်ခွဲမှုမှန်သမျှကို တသက်လုံး ခေါင်းညိတ်ခဲ့သော အဖေသည် မှားသည်မှန်သည်တခွန်းမှ မဆိုဘဲ အိမ်ရှေ့ လှေကားထစ်တွင် ဆေးပေါ့လိပ်ကိုတွင်တွင် ဖွာ၍ ငုတ်တုတ် ထိုင်နေခဲ့သည်။ ထို့နောက် ကြမ္မာဆိုးဟူသည် သူတစ်ဦး တစ်ယောက်တည်းမဟုတ်ဘဲ သူနှင့်အလိုတူအလိုပါ အပေါင်းဖော်များစွာကိုပါ တစ်ပျော်တစ်ပါး ခေါ်ဆောင်လာတတ်ကြောင်း သူမဘဝတစ်ခုလုံးနှင့် ရင်းနှီးပြီးလေ့လာသင်ယူခဲ့ရလေသည်။
ရေးချိုးမှား၍ အဖေလေဖြတ်သွားသောအခါ နှစ်ရှည်လများ ချေးယူထားခဲ့သော အကြွေးတွေ အမေ့လည်ပင်း တစ်ရစ်ပြီးတစ်ရစ်တက်လာသောအခါ
အချိန်အတန်အကြာ တင်းခဲထားခဲ့သော သူမစိတ်ဓါတ်တို့ စက္ကန့်ပိုင်းအတွင်း ပျော်ကျပျက်စီးသွားခဲ့ရသည်။ အဆုံးမတော့
နှုတ်ခမ်းပဲ့ချင်း မီးမမှုတ်ချင်စမ်းပါနဲ့သမီးရယ်၊ ငါသမီးကြီးဘယ်လောက် လိမ္မာတယ်ဆိုတာ အမေယုံပြီးသား။
သူဌေးက လူပျိုကြီးသဘောကောင်းမနောကောင်း။ ငါ့သမီးလေးကောင်း ဖို့အတွက်ပါကွယ်
ချိုမြတော့မလိုခါးသက်တော့မလို အမေ့စကားသံတို့ကိုမကြားတချက်ကြားတချက်ဖြင့် သူမအံ့ကိုတင်းတင်းကြိတ်ရင်း ခေါင်းညိတ်ခဲ့ရသည်ပင်။
ပညာတတ်ပီသချင်သော ကိုကိုကမူ သူမပါးပြင်ပေါ်မှ မျက်ရည်ပူစီးကြောင်းတွေကိုမှ အားမနာဘဲ

“မိဘစကားဆိုတာ မပယ်ရှားကောင်းဘူးလေ ညီမလေးရဲ့။ နင်ငါ့ကိုယူရင် တစ်သက်လုံး ခုလိုဆင်းဆင်း ရဲရဲနဲနေသွားရမှာ။ငါတို့တွေ ဖြစ်ချင်တာထက်ဖြစ်သင့်တာတွေကိုပဲ ဦးစားပေးလိုက်ကြရအောင်”

ဟု ထမင်းရည်ပူလျှာလွှဲစကားကိုပြတ်တောင်း အေးစက်စွာဆိုခဲ့သည်။ ကဗျာဆရာတစ်ဦးဖြစ်သောကိုကိုသည် ရုပ်ရှင်တွေထဲကလို
ရင်ကိုခွဲ၍ အသည်းကိုစတေးပြရဲ သည့် ဇာတ်လိုက်တွေလို သူရဲကောင်းလည်း ဆန်ချင်သေး သည်။ နောက်ဆုံးတော့ တစ်သက်လုံး
လိမ္မာမှုတွေနဲ့ချည်း ယဉ်ပါး နေကျသူမ ဘဝကိုယ်သူမ ကမ်းမဲ့လှေတစ်စင်း ဟုသာ သဘောထားလိုက်ပြီး ဘောင်ဘင်ခတ်နေသော အနာဂါတ်လှိုင်းတံပိုးတွေထဲ ဖြစ်ချင်ရာဖြစ်တော့ဟု မျက်စိစုံမှိတ် ထိုးအပ်ပစ်လိုက်လေသည်။
သည်လောက်အထိ စတေးခံခဲ့ရရုံနှင့်တော့ ပုံစံခွက်ထဲ စနစ်တကျအနှစ်ခံလိုက်ရသောဘဝတွက် အသည်းခိုက်လောက်အောင်
နာကြည်းပစ်လိုက်ဖို့အထိ သူမမဖြုံခဲ့ပါချေ။ ဘဝကိုကုန်ကြမ်းအဖြစ် အရေဖျော်၍ပုံစံ ခွက်ထဲ နှစ်ထည့်လိုက်ရပေမယ့်
နောက်ဆုံးထွက်ကုန်ဒြပ်ဝတ္ထုတွေကတော့ ငွေနံ့ကြေးနံ့ ကလေးတသင်းသင်းနဲ့ အတော် လေးတွက်သားကိုက်ခဲ့ပါသည်။
ပထမဆုံး လဲပြိုလုဆဲဆဲ သူမတို့အိမ်စုတ်ကလေးသည် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်လောက်အောင်ပင် ချက်ချင်း သွပ်မိုး ပျဉ်ထောင်အိမ် သေသေသပ်သပ် ကလေးဖြစ်သွားခဲ့သည်။ အဖေအင်မတန်လိုချင်တဲ့ နေရှင်နယ်ရေဒီယိုကလေး၏အသံသည် နေ့စဉ်နေ့တိုင်း ထိုအိမ်ကလေးကိုလွှမ်းခြုံ ထား သည်။
ပခုံးကျွဲသားတွေ ဖုထစ်နေအောင်တသက်လုံးတာလီကိုင်၍ မိသားစုကို လုပ်ကိုင်ကျွေးခဲ့သော အဖေ့လက်ချောင်းတွေသည်
ယခုအခါ ဖောင်တိန်ကိုင်နေရရှာချေပြီ။
ပေါင်း၊ နှုတ်၊ မြှောက်၊ စား အတန်သင့်သာကျွမ်းကျင်သောအဖေသည် ဆန်စက်မန်နေဂျာဖြစ်ကာစကတော့ တော်တော့်ကို ချွေးပြန်ခဲ့သည်ဟု ဆိုသည်။
ဘာပဲဖြစ်ဖြစ် သူမကတော့ အတိတ်ဆီက ကိုကို့ကိုမေ့နိုင်အောင်ကြိုးစားရင်း အမေနှင့်သက်တူရွယ်တူ လင်ယောကျင်္ားကို အစ်ကိုကြီးအစ်ကိုကြီး ဟု အထစ်ထစ်အငေါ့ငေ့ါဆိုကာ ကြုံတောင့်ကြုံခဲ ဘဝရေစုန်ထဲ သက်သက်သက်သာကလေးနှင့် အလိုက်သင့်မျောနေခဲ့ပါသည်။
နောက်ပြီးမိဘကျေးဇူးကို ဘဝနှင့်ရင်းပြီး အပ်နိုင်သူအဖြစ် ရင်ကော့ခေါင်းမော့ကာ လက်မထောင်ကာ ဂုဏ်ယူကျေနပ်မဆုံးရှိခဲ့သေးသည်။

**************************************

မြို့ပြယဉ်ကျေးမှုနှင့်အတန်ငယ် အလှမ်းကွာသော သူမအတွက်တော့ မြင်နေသမျှ မြို့ပြအငွေ့အသက်တိုင်း သည် တစ်ခုပြီးတစ်ခု
မရိုးနိုင်အောင်ကိုဆန်းကြယ်၍ သူစိမ်းဆန်နေသည်။ သူမတို့မိသားစု ဆယ်သက်ပင် မရှာ နိုင်သော ငွေကြေးပမဏတွေကို
စက္ကန့်ပိုင်းအတွင်း အပုံလိုက်ရှာနိုင်၊ စကန့်ပိုင်းအတွင်း အထပ်လိုက်သုံးဖြုန်းနိုင်ကြသူများ။ နေ့စဉ်ရက်ဆက်ကျင်းပတတ်မြဲ ကုမ္မဏီ ရုံးခွဲဖွင့်ပွဲ၊
ကုမ္မဏီနှစ်ပတ်လည် ဧည့်ခံပွဲ။ မွေးနေ့မင်္ဂလာပွဲများ။ သူသည်နေ့လယ်ဘက် ကျင်းပသည့်ပွဲ လမ်းသဘင်များသို့ သူမကိုခေါ်သွားလေ့မရှိပါ။
ထိုအတွက်လည်း သူနှင့်ခပ်ကွာကွာနေလိုသော သူမစိတ်ထဲ ဘယ်လိုမှမနေပါ။ သို့သော် ညဘက်ကလပ်များ၊
ဖက်ရှင်ရှိုးများသို့ အသွားတွင်တော့သူမကို အတင်းအကျပ်ခေါ်ဆောင်သွား လေ့ရှိသည်။ ဗိုက်ပူပူ၊ နှားခေါင်းပွပွ၊ အဆီတဝင်းဝင်းနှင့်သူမိတ်ဆွေတို့သည်သူနှင့်ပုံပန်းသဏာန်ချင်း လွန်စွာဆင်တူလေသည်။ အရက်ခိုးတွေ ဝေနေသောမျက်ထောင့်နီကြီးတွေ
ကျွတ်ကျသွားလုမတတ် သူမတစ်ကိုယ်လုံးကို စူးစိုက်ကြည့်ရင်းစပ်ဖြဲဖြဲနှင့်
ကွန်ဂရက်ကျူးလေးရှင်းဦးဂျော်နီ၊ ဒါလိပ်တက်စ်လေးလား။ဂွတ်ရှယ်ပဲ၊ ခင်ဗျားကတော့လေ ခုထိဂျော်ကီပဲဗျ၊ ဟားဟား
သူကမူ သူကိုယ်သူဂုဏ်ယူဝံ့ကြွားသော အသံဝါဝါကြီးဖြင့်
ဒါကနှစ်ချုပ်ဗျ။ ပါမဲန့်နဲန့် လည်းဖြစ်ချင်ဖြစ်သွားမယ်။ ခင်ဗျားတို့သိတယ်မဟုတ်လား၊ ကျုပ်က ကြိုက်ရောင်းကြိုက်ဝယ်ပဲဗျ
သူတို့ပြောဆိုနေကြသော ဘာသာစကားတွေကိုဖြင့် သူမ တစ်ခွန်းမှနားမလည်ပါ။ သို့သော် ကိုယ်အသက်အရွယ်ကိုမှအားမနာ
ပြီတီတီ ထေ့ငေါ့ငေါ့ မျက်နှာပေးတွေကိုတော့ဖြင့် နှလုံးနာလှသည်။ ဘီယာနံ့ တထောင်းထောင်းထနေသော ပါးစပ်ပေါက်တွေကို
စိတ်လိုက်မာန်ပါတစ်ခုခုတုံ့ပြန်လိုက်မည် စိတ်ကူးပြီးမှ အရောင်တင်ဆီနံ့မွှေးပျံနေသောသူမတို့အိမ်သစ်ကလေးနှင့်မြင်တောင့်မြင်ခဲ
သူမတို့ မိသားစု၏ အပြုံးချိုချိုတွေကို မျက်လုံးထဲမြင်ယောင်ရင်း နှုတ်ခမ်းဝဆီ ဆန်တက်လာသော စကားလုံးတွေကို
ခဲယဉ်းမွန်းကျပ်စွာ ပြန်လည်မျိုချပစ်ခဲ့ရသည်မှာ အကြိမ်ကြိမ်။ ရေပေါ်ဆီလူ့မလိုင်အလွှာ၏ ဘာသာဗေဒကို မတွက်ချက်တတ်သော
သူမ အဲဒီကာလအထိ အဆိပ်အတိပြီးသော အိမ်မက်တွေကျိတ်မှိတ်၍ ကောင်းနေဆဲ ဖြစ်သည်။
ကျီစယ်သော ကံတရားသည် သူမကိုတစ်လထက်ပိုပြီး မျက်နှာသာမပေးခဲ့ပါ။ သူ၏မင်းသားမျက်နှာဖုံး ကွာကျပြီး
ချွန်မြည့်မြည့်အစွယ်တွေကို ဘွားခနဲ မြင်လိုက်ရသောအခါ သူမသည် နွေခေါင်ခေါင်ကြီးတွင် မိုးကြိုးအပစ်ခံရသူပမာ
ရူးသွပ်လုမတတ်သွေးပျက်သွားရသည်။ သူ့၌ တရားဝင်ဇနီးရှိရုံမျှမက သူ၏သားအကြီးဆုံးသည်ပင် သူမနှင့်မတိမ်းမယိမ်း တဲ့။
ထိုအပြင် တရားဝင် လက်မထပ်ထားသော အမြှောင်မယားတွေက မှိုလိုပွထလို့တဲ့။ ဘုရားဘုရား ရေစုန်ကိုမဆန်ဝံ့သောသူမ
လမ်းခုလတ်ရှိမမြင်နိုင်သော ဝဲဂယက်ေတွေ အလယ်မှာ စုန်းစုန်းမြုပ်ခဲ့ချေသည်။ အမေအရပ်ထဲမှာလည်ကြွားသော စကားတစ်ခွန်းကနားထဲတွင်
ပူလောင်စွာပဲ့တင်ထပ်လာ သည်။ ငါသမီးကမင်းကြိုက်စိုးကြိုက်ရုပ် တဲ့။ သူမ ကိုယ်တိုင်မြတ်နိုးနှစ်သက်ခဲ့သောအဲဒီအလှအပတွေက
သူမဘဝ၏ အညွန့်ကိုမညှာမတာ ချိုးရက်ခဲ့သည်။ ကြွင်းကျန်ရစ်သော သူမဘဝအစိတ်အပိုင်းတွေကို ငွေစက္ကူများက
အရိုးပြိုင်းပြိုင်းကျအောင် ကိုက်ဖြတ် ဝါးမျို ပစ်ခဲ့ပြီ။
ထို့နေက သူမတစ်နေ့လုံး ငိုရသည်။ ကိုယ့်ကိုကိုယ် ဘာတွေပြောမိမှန်းမသိလောက်အောင် သူ့ကို ပျစ်ပျစ်နှစ်နှစ် ကျိန်ဆဲသည်။
သူကမူ ထမင်းစားရေသောက်ကိစ္စ တစ်ခုပမာ ဘာမှမထူးခြား သည့်မျက်နှာပေး ဖြင့်အမျိုးမျိုးရှင်းပြသည်။
သူမတပ်မက်မည်ဟု တွေးထင်ထားသော လက်ဝတ်လက်စားအစုံဖြင့် ချော့မော့သည်။ သူမမျက်လုံးတွေထဲတွင် သူသည်
မုန်ယိုနေသောဆင်တစ်ကောင်သာဖြစ်သည်။ ရွံရှာခြင်းတွေ ရင်ဘတ်နှင့်မဆံ့တော့သောအခါ လက်သည်းချွန်ချွန်တွေဖြင့် သူ့မျက်နှာကိုကုတ်ဖဲ့ပစ်မိသည်။ အသားထိလျှင်ဆတ်ဆတ်ခါနာတက်သောသူသည် သူမကို လက်ညှိုးငေါက်ငေါက်ထိုးကာ
ယောကျင်္ားဆိုတာ ကိုယ်ကျွေးနိုင်ရင်ကျွေးနိုင်သလောက် မယားဘယ်နှစ်ယောက်ဖြစ်ဖြစ်ယူပိုင်ခွင့်ရှိတယ်ကွ မင်းမှတ်ထား
ဟု ဒေါကြီးမောကြီး အော်ဟစ်ပြောဆိုခဲ့သည်။ တစ်ဖက်စောင်းနင်းနိုင်လွန်းသော အဲ့ဒီဥပဒေကို ဘယ် ပညာရှိကများ လွယ်လင့်တကူပြဌာန်းခဲ့ပါသလဲ။ ပျို့အံချင်စဖွယ်မျက်နှာကြီးကိုသူမ သေသေချာချာ စိုက်ကြည့်ရင်း သူမ တို့ မြို့ကလေးတွင် သူ၏အမည်ဘေး၌
အစဉ်ယှဉ်တွဲပြောဆိုနေကျ လူပျိုကြီး ဟူသော စကားအဓိပ္ပါယ်ကိုတော့ သူမ ထင်ရှားပီပြင်စွာ နားလည်သဘောပေါက်ခဲ့ပြီ။
အကျင့်စာရိတ္တတွေ ကုန်းကောက်ဆယ်ယူစရာမရှိအောင် ပြိုလဲကျရတဲ့ ပစောက် ရရစ်ပြိုကြီးပါလား အမေရယ်။
ဝမ်းနည်းရှက်ရွံစိတ်ဖြင့်မြို့ကလေးဆီ အပြေးပြန်လာသော သူမကို သူမတို့မိသားက ဝမ်းသာအားရကြိုဆိုကြသည်။
ရန်ကုန်၏ ရုပ်ရှင်ရုံတွေ၊ ပန်းခြံတွေ၊ ဟိုတယ်တွေအကြောင်း ရေပက်မဝင်အောင် မေးမြန်းကြသော မောင်နှမတတစ်တွေနှင့်
သမီးကြီးလွမ်းဆွတ်လွန်း၍ ညညအိပ်မပျော်ပါဆိုသော အဖေ့ကို ရင်ထဲမှအပူမီးတွေ သိုဝှက်ထားကာ ဖျော့တော့တော့အပြုံးတွေပြုံးပြပြီး နှစ်သိမ့်ရသေးသည်။ ရိုးသားလွန်းသောအဖေသည် သမီးဖြစ်သူခန္ဓာကိုယ်ပေါ်မှ ဆေးကြော၍ မရနိုင်အောင် စွန်းထင်နေသည့် အမည်းစက်တွေကို မမြင်နိုင်ရှာ။ ငွေသားအတိဖြင့် ပြုလုပ်ထားသည့် ထောင်ချောက်ထဲပိတ်ခံလိုက်ရသော သားကောင်တစ်ကောင်သည်
သူ့သမီး ဖြစ်ကြောင်း အရိပ်အမြွက်မှ တွေးမိဟန်မတူပါ။
သူမ၏ စကားသံခပ်တိုးတိုးကိုနားထောင်နေသော အမေ့မျက်နှာတွင် ပထမဦးဆုုံး အပြုံးတွေပျောက်ဆုံး သွား၏။ မျက်တောင်တဖြတ်ဖြတ်ခပ်နေသော အမေ့မျက်ဝန်းတွေသည် တရိပ်ရိပ်ညှိုးနွမ်းလာ၏။ သူမ၏စကားဆုံး သောအခါ အသက်လေးဆယ်ကျော်အမေ့မျက်နှာသည်
မီးစာကုန်ဆီခန်းသွားသကဲ့သို့ ဗြုန်း ဆို အိုမင်းရင့်ရော်သွား သည်။ ထိုနောက် သူမလက်ဖဝါးတွေမှာ မျက်နှာအပ်ကာ ရှိုက်ကြီးတင်ငိုချ၏။ သို့သော်အမေ၏ငိုရှိုက်သံသည် နောင်တသံနည်းနည်းမှမစွက်ဟုထင်သည်။
ကံစီမံရာပေါ့သမီးရယ်။ ညည်းတို့ငါတို့ အရင်ဘဝကသူဝဋ်ကြွေးမကင်းလို့ပေါ့ တဲ့။
သူမမှာနောက်ထပ် ငို ရှိုက်စရာ မျက်ရည်တွေခန်းခြောက်ခဲ့ပြီ။
ကျွန်မလေကျွန်မ အမေတို့ဆီအပြီးပြန်လာတာ။ ဟိုတုန်းကလိုပဲ ဆန်ပြုတ်ကို စိတ်ချမ်းချမ်းသာသာနဲ့ သောက်ပါရစေတော့
သူမစကားမဆုံးခင် အမေသည်ပြူးကျယ်ဝိုင်းစက်သောမျက်လုံးအစုံဖြင့် ဖျတ်ခနဲ မော့ကြည့်သည်။ စိတ်လိုက်မာန်ပါမလုပ်စမ်းပါနဲ့အေ။
တစ်ခုလပ်တစ်လင်ကွာဆိုတာမျိုးဟာ ပတ်ဝန်းကျင်မှာအမြင်မတင့်လှပါဘူး။ ခုဆိုညည်းအဖေကမမာနေတာကြာလှပြီ။
ဘယ်လိုပုံစံမျိုးနဲ့ အရင်အလုပ်ပြန်လုပ်နိုင်မလဲ။ ခုသူရနေကျလခလေးရယ် ညည်းယောကျာ်း အရင်ဖွင့်ပေးတဲ့ငါ့ အိမ်ဆိုင်လေး ရယ်ကြောင့်သာ ငါတို့အသက်မှန်မှန်ရှူနေနိုင်တာ။ ဘာပဲပြောပြော ငါတို့မိသားတစ်စုလုံး သူ့ကျေးဇူးနဲ့မကင်းပါဘူးအေ။ ခုလည်း ညည်းပြောလို့သာငါကြားရတယ်။
ဘာဘဲဖြစ်ဖြစ်ဒီမြို့ မှာတော့သူဟာညည်းနဲ့မယူခင်ထိလူပျိုကြီးပဲ။ သမီး လေးရယ်ပေါက်တဲ့နဖူးမှမထူးတော့ပါဘူး ကွယ်
အမေသည်လူပျိုကြီးဟူသော လက်သုံးစကားကိုခုထိနည်းနည်းလေးမှ မလျှော့ချင်းသေး။ နောက်နှစ်ရက်အကြာ သူရောက်လာပြီး
အမေ့ကိုတိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုးဖြင့် ရှင်းပြတောင်းပန်သည်။ သူခံတွင်းဝမှာငွေ ညှီနံ့ တွေ ဘယ်လောက်ပုပ်ဟောင်နေမည်ဆိုတာ
သူမမမြင်ဘဲသိနေရသည်။ သူမကတော့အခန်းကျဉ်းကလေးထောင့်မှာ ပျော့ခွေနွမ်းလျစွာမှီရင်း သေချာရေရာမှုတွေကင်းမဲ့သော မနက်ဖြန်တွေအကြောင်းသာ ချောက်ချားထိတ်လန့်စွာတွေး နေမိ သည်။
နောက်တနေ့မိုးလင်းသွားတော့လည်း မနက်ဖြန်ဆိုတာတွေသည် သူမအတွက် မနေ့ကဆိုတာတွေနှင့် ပြက္ခဒိန်တစ်ကွက်စာမှ လွဲ၍
ဘာတစ်ခုမှ ထူးခြားပြောင်းလဲသွားခြင်း မရှိခဲ့ချေ။ သူမ မဝံ့မရဲ မျှော်လင့်ခဲ့သော မနက်ဖြန်တွေသည် မှောင်မည်း ခြောက်ကပ်နေသော
သူမဘဝအတွက် အလင်းတစ်စက်မျှပင် ယူဆောင်မလာခဲ့ချေ။ နောက်ထပ်တစ်ခါ ဒူးမညွတ်စေရဟူသော ဆုံးဖြတ်ချက်ဖြင့် ယိုင်နဲ့နဲ့ ရပ်တည်နေရသော သူမ၏ ခြေထောက်အစုံသည် အမေ၏ တိုးလျလျစကားသံ အဆုံးမှာ ဒလိမ့်ကောက်ကွေး လဲပြိုသွားခဲ့ပြန်သည်။

“တစ်သက်လုံး လိမ္မာခဲ့သမျှ ခုတစ်ခါ မိဘမျက်နှာ အိုးမည်းသုတ်တော့မယ် ဟုတ်လားမိနွယ်။ ငါနဲ့ညည်း အဖေမျက်နှာ
မထောက်ရင်တောင် အငယ်လေးတွေ မျက်နှာတော့ ငဲ့သင့်ပါတယ်။ အင်းလေ တစ်ကိုယ်ကောင်း ဆန်မယ်ဆိုရင်လည်း သဘောပဲ။
ငါတို့ထိုက်နဲ့ ငါတို့ကံပဲ ရှိပါစေတော့အေ”

တစ်သက်လုံး ဆင်းရဲပြီးရင်း ဆင်းရဲခဲ့သော အမေသည် တစ်ခါသေဖူး ပျဉ်ဖိုးနားလည်သူပမာ ဆင်းရဲခြင်းဟူ သော
စကားဆိုလျှင် လေသံပင်ထပ်၍ ကြားချင်ပုံမရချေ။ သူကတော့ အနိုင်ရသူပီပီ “မင်း ဘာတတ်နိုင်သေး သလဲ” ဟူသော
အပြုံးမျိုးပြုံးရင်း သူမလက်ကို ဒုတိယအကြိမ် ဆောင့်ဆွဲခေါ်ဆောင် သွားခဲ့ပြန်သည်။ သူမအတွက်တော့ ထွက်ပြေးစရာ မြေဟူ၍
ခြေတစ်လှမ်းစာမျှပင် မကျန်တော့ပြီ။ ထို့ကြောင့် သန်းခေါင်ထက် နက်သော ညတွေကိုသာ မိုက်မိုက်မဲမဲ စောင့်မျှော်ဖြတ်သန်းရတော့မည်။
ပတ်ဝန်းကျင်၏ မေးငေါ့ ရှုတ်ချသော စကားသံများ၊ ရမ္မက်ခိုးတွေစုဝေနေသော သူ့ နှုတ်ခမ်းပုပ်အဲ့အဲ့များ၊ အင်အားချင်းမမျှ၍ အလဲလဲအပြိုပြို ကျရှုံးရသူအား ထောက်ထားညှာတာခြင်း ကင်းမဲ့စွာ လှောင်ပြောင်ဟားတိုက်သံ များနှင့် နောက်တစ်ကြိမ် ရင်းနှီးကျွမ်းဝင်ရပြန်သောအခါ လွဲမှားနိုင်လွန်းသော လောကဟန်ချက်တွေကိုသာ ကြောင် အအ ငေးမောနေမိသည်။ လူတွေ အာသာငမ်းငမ်း တပ်မက်ခဲ့ကြသော
သက်မဲ့ ငွေစက္ကူရွက်များသည် တန်ခိုးရှင်တစ်ဦးပမာ စည်းစိမ် ချမ်းသာပေါင်းများစွာ ဖန်ဆင်းပေးနိုင်စွမ်းသည့်အပြင်
သက်ရှိလူသားတစ်ဦး၏ ရှင်သန်ခြင်း၊ မျှော်လင့်ခြင်း၊ ယုံကြည်ခြင်းများကိုလည်း ပြောင်းပြန်လှန်ပစ်နိုင်ကြောင်းလည်း
တအံ့တဩတွေး နေမိသည်။ လောကကြီး၏ မာယာတွေ အကြောင်း နာရီပိုင်းမျှ မေ့ပစ်နိုင်ဖို့ ပစ္စုပ္ပန်မှ ခြေတစ်လှမ်း
စာလောက် ထွက်ပြေး လွတ်မြောက်နိုင်ရန် အိပ်ဆေးပြားတွေနှင့် သူမ မိတ်ဆွေဖွဲ့ရပြန်သည်။
သူ အိမ်တွင် ညမအိပ်သောနေ့များဆိုလျှင် သူမအတွက်တော့ လောကနိဗ္ဗာန် စစ်စစ်ပင် ဖြစ်သည်။
ထိုနေ့ မျိုးတွင် သူမသည် မီးလောင်တိုက်နှင့်တူသော သူမတို့ အိပ်ခန်းသို့ ခြေဦးမျှပင် မလှည့်ဖြစ်ချေ။
အိမ်ရှေ့ ကြမ်းပြင် ပေါ်တွင် ဖျာတစ်ချပ်ခင်းရင်း ခေါင်းအုံးပင် မအုံးပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားမြဲ ဖြစ်သည်။
အိပ်မက်ထဲ တွင်တော့ ပျောက်ဆုံးသွားသော သူမ၏ အဖြူထည်စစ်စစ် ကလေးဘဝတွေကို တဖန်ပြန်လည်ရရှိသွားတတ်သည်။
ရံဖန်ရံခါတွင်တော့ ညစ်ညမ်းသောလက်ချောင်းများသည် သူမ အိပ်မက်တွေထဲသို့ပင် လိုက်လံချောက်လှန့်နေတတ် သည်။
ဘာပဲဖြစ်ဖြစ် သူမကတော့ အဲဒီလိုညမျိုး အချိန်တိုင်းလိုလို စောင့်မျှော်တမ်းတနေတတ်သည်။
အဲဒီလိုညမျိုး တွေမှာ ဒဏ်ရာအနာတရတွေ မရှိ။ ဘီယာနံ့ စူးစူးရှရှတွေ မရှိ။
အလိုဆန္ဒပြည့်ဝသွားသော နှုတ်ခမ်းထူထူတွေမှ တခေါခေါ ဟောက်သံတွေ မရှိ။
ရှင်သန်ခြင်းအဓိပ္ပာယ်တွေ ပျောက်ဆုံးသွားသော ဘဝတစ်ခုတွင် နှလုံးမှန်မှန်ခုန်နေခြင်း အသက်မှန်မှန်ရှူနေ ခြင်းသည် သေပြီးသားသစ်ပင်တစ်ပင်ကို ရေအထပ်ထပ်လောင်းနေခြင်းနှင့် တူလှသည်။
ထို့ကြောင့်သူမကိုယ်သူမ ဟောဒီငရဲခန်းမှ လွတ်မြောက်ဖို့ တစ်ခုတည်းသောနည်းလမ်းကို တိတ်တဆိတ်ကြံစည်ခဲ့ဘူးသည်။
မျက်လှည့်ပြတတ် သော ကံကြမ္မာသည် ခုတစ်မျိုး တော်ကြာတစ်မျိုးနှင့် မျက်နှာများနိုင်လွန်းလှသည်။
သူတို့၏ လျှို့ဝှက်တတ်သော လက်ချောင်းများသည် အတိမ်အနက်မှန်းဆရခက်သော ချောက်ကမ်းပါးမှောင်မှောင်မည်းမည်းထဲသို့
သူမကို ဇွတ်အတင်း တွန်းချပစ်စဉ်က တွန်းချပစ်ခဲ့ကြသည်။ လမ်းခုလတ်ရှိ ဆူးညှောင့်တွေနှင့် ငြိ၍ အောက်ပြုတ်မကျဘဲ
ခဲရာခဲဆစ် ကုပ်ကပ် ခိုတွယ်ထားရပြန်သောအခါ လက်ခုပ်လက်ဝါးတီး၍ ရယ်မောကြပြန်သည်။
လက်အံသေလာ၍ ရှိစုမဲ့စု ခွန်အားကလေးဖြင့် ချောက်ကမ်းပါးဆီ ခုန်ချပစ်လိုက်သော အခါတွင် ထိတ်လန့်တကြား
ဖမ်းယူတားဆီးကြပြန်သည်။ တစ်နေရာပြီးတစ်နေရာ အလည်လွန်နေသော သေမင်းသည် သူမ၏ မလတ်မဆတ်ဝိညဉ်ကို ဆောင်ယူဖို့ ပျင်းရိထိုင်းမှိုင်းနေဟန်တူသည်။ နောက်ဆုံးတော့ ပိုးသတ်ဆေးတစ်ပုလင်းကုန်အောင် သောက်ပစ်သော သူမအတွက် သည်းခြေရည်တွေ ထွက်အောင် အော့အန်မူးဝေသောဝေဒနာ၊ စိတ္တဇဝေဒနာသည်ဟု စွပ်စွဲခံရခြင်း၊ မိသားစုနှင့် ပတ်ဝန်းကျင်၏ ကရုဏာဒေါသဖြင့်
ပြစ်တင်ခံရခြင်းတွေသာ အဖတ်တင်ကျန်ရစ်ခဲ့သည်။
သူမအတွက် လက်နက်ဟူ၍ အသက်နှစ်ဆယ်ကျော်အရွယ် မိန်းမငယ်တစ်ဦး၏ နှုတ်ခမ်းအစုံနှင့် မတန်အောင်
ကြမ်းတမ်းရိုင်းပြသော စကားလုံးတွေသာ အားကိုးစရာအဖြစ် ကျန်ရစ်လေသည်။ ရင်ဘတ်ထဲတွင် သိပ်သည်းပိတ်မှောင်နေသော
ခံစားချက်များကို အခွင့်သာလျှင် သာသလို အန်ထုတ်လိုက်ရလျှင်တော့ အနည်း ငယ်ပေါ့ပါးသွားသည်ပင်။

“လူယုတ်မာ ရှင့်ကို ကွာမယ်သိလား။ ရှင်ဟာလူမဟုတ်ဘူး။ တိရစာ္ဆန် စစ်စစ်”

ပြင်းထန်သော လက်ဝါးတွေ ပါးပြင်ပေါ် အကြိမ်ကြိမ်ကျရောက်မှုကိုပင် အာရုံတွင် မသိတစ်ချက် သိတစ်ချက် နှင့် တရစပ်ပေါက်ကွဲနေမိသည်။
နောက်ဆုံးတော့ အရှိုက်ကို ထိုးသည်ထက် ပိုမိုနာကျင်စေသော သူ့စကားတစ်ခွန်း က သူမနှုတ်ခမ်းတွေကို ချက်ခြင်းဆွံ့အ သွားစေပြန်သည်။

“မင်းကိုငါ တစ်ခါသုံးဖို့ ဝယ်ထားတာ မဟုတ်ဘူးကွ။ တန်ရာတန်ကြေးပေးထားပြီးသား။ မင်းထက်သာတဲ့ မိန်းကလေးမျိုးတွေ ငါ လက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့ တန်းစီရောက်လာတာ မင်းအမြင်ပဲ။ ကျေးဇူးမကန်း စမ်းနဲ့။ စာချုပ်စာတမ်းနဲ့ လက်ထပ်ထားတာကိုပဲ သိတတ်စမ်းပါဦးကွာ” တဲ့။

ပိုးမွှားတစ်ကောင်လိုသာ ခြေဖဝါးနှင့် နင်းချေခွင့်ရလျှင် သူသည် သူမခြေဖဝါးနှစ်ဖက်အောက်၌ ဆယ်ကြိမ် ထက်မနည်း သေဆုံးပြီးချေပြီ။
သူမဘဝတစ်ခုလုံး အဖတ်ဆယ်မရအောင် ချွတ်ခြုံကျနေချိန်မှာတော့ ကိုကိုသည် အတန်သင့်အခြေခိုင်သော ဘဝတစ်ခုကို ပိုင်ဆိုင်ကာ ရန်ကုန်သို့ပင် ပြောင်းရွှေ့လာချေသည်။ သူမတို့ တစ်ဖက်လမ်းတွင် ကိုကိုနေသည်။ အစောပိုင်း၌ မလွှဲမရှောင်သာ၍ မျက်နှာချင်းဆိုင်ရသော
အခါမျိုးတွင် ကိုကိုသည် အသက်မဲ့သောမျက်နှာမျိုးနှင့် နှုတ် ဆက်တတ်သည်။ သို့သော် ဆေးရုံဆင်းပြီးနောက် ပထမဆုံးအကြိမ် ဆုံသောအခါတွင်မူ ပိုးဟပ်ဖြူတစ်ကောင်ကဲ့သို့ ဖြူဖပ်ဖြူရော်နိုင်လှသော သူမကို ကြေကြေကွဲကွဲကြည့်ကာ

“ဖြစ်ရလေ ညီမလေးရယ်။ သေရဲတာမှ သတ္တိမဟုတ်ဘူး။ နေရဲတာလည်း သတ္တိပဲ ” တဲ့။
“နောက်ဒါမျိုး မလုပ်ပါဘူးလို့ ငါ့ကိုကတိပေးပါဟာ။ ဘယ်အချိန်မဆို ဘယ်လိုပုံစံမျိုးနဲ့ ဖြစ်ဖြစ် ငါ့ဆီပြေးခဲ့ပါ။ နင့်အတွက် ငါအမြဲ ရှိနေမယ်” တဲ့။

သူမအဖို့ လောကကြီး၌ အံ့ဩစရာတွေသည် ကုန်ခမ်းနိုင်ဖွယ်မရှိ။ မပန်ခင်မှာ မခြွေရက်ခဲ့သော ချစ်သူသည်
ကြွေပြီးသားပန်းခြောက်ကိုမူ တရှိုက်မက်မက် ပန်ဆင်ဝံ့ပါသတဲ့။
“စာချုပ်တစ်ခု လိုဦးမယ် မဟုတ်လား ကိုကို။ ကျွန်မဖြင့် အဲဒီစာရွက်တွေကို မုန်းလှပြီ”
ကိုကိုသည် သူမကို အကြာကြီးငေးမောရင်း စိတ်ရှုတ်ထွေးစွာ ခေါင်းယမ်းနေခဲ့သည်။
ကိုကိုသည် သူမအတွက် ကောက်ရိုးတစ်မျှင်တော့ ဖြစ်ခဲ့ပါသည်။ ကိုကို့ကဗျာတွေက သူမအတွက် အားဆေး တစ်ခွက်ဖြစ်စေသည်။
ကိုကို့ ဆုံးမစကားတွေကြောင့် အိပ်ဆေးဖြူဖြူတွေကို သူမကျောခိုင်းပစ်ခဲ့သည်။ သူမသည် ဝါကျင့်ကျင့် ရက်စွဲများထဲမှ သူမ မဟုတ်တော့ဘဲ အခြားသူမတစ်ယောက်ကဲ့သို့ ဖြစ်သွားပြန်သည်။ အိမ်မှာသူရှိလျှင် ဝတ်ကျေတန်းကျေ အလိုက်သင့် ပြောဆိုနေထိုင်မည်။
သူ မရှိသော ညများတွင် ကိုကိုနှင့် ဖုန်းပြောမည်။ ကိုကိုသည် သူမကို စိတ်သက်သာရာရကြောင်း ရယ်စရာများပြောခြင်း၊ ဆုံးမစကားပြောခြင်း၊ စာအုပ်များပေးဖတ်ခြင်းမှလွဲ၍ သူ့ဘက်သို့ ယိမ်းယိုင်လာအောင် မြှူဆွယ်သွေးဆောင်သော စကားမျိုးတစ်ခွန်းမှ မဆိုခဲ့ချေ။
သို့သော် ပတ်ဝန်းကျင်ကမူ သူမနှင့်ကိုကိုတို့၏ ဖြူစင်မှုတွေကို ရက်ရက်စက်စက် အရောင်ဆိုးပစ်ခဲ့ကြသည်။
ပတ်ဝန်းကျင်ဂယက်သည် မြို့ကလေးသို့တိုင် ရိုက်ခတ်သွားသောအခါ အမေသည် ရန်ကုန်သို့ ဒရောသောပါး
ပြေးလာပြီး အပ်ကြောင်းထပ်နေသော စကားတွေဆို၏။ “သမီးရယ်။ သူနဲ့သွားပြီး ပုခုံးချင်း မယှဉ်နဲ့လေ။
ယောင်္ကျားကောင်းမောင်းမတစ်ထောင်တဲ့။ မိန်းမဆိုတာမျိုးကတော့ တစ်လင်ကနှစ်လင်ပြောင်းရင် ပတ်ဝန်းကျင်က နှာခေါင်းရှုံ့ချင်နေပြီ။
နောက်ပြီး ….” သူမကတော့ မိန်းမတစ်ယောက်ရဲ့ အိပ်ယာပေါ်ကနေ နောက်မိန်းမတစ်ယောက်ရဲ့ အိပ်ယာပေါ် နာရီလက်တံကွက်
တစ်ကွက်အရွှေ့နဲ့ လိုက်ပြီး ကျွမ်းကျွမ်းကျင်ကျင် ရွှေ့ပြောင်းတတ်တဲ့ ယောင်္ကျားကောင်းတွေအကြောင်းသာ အော်ဂလီဆန်စွာ တွေးနေမိသည်။
“မီးဆိုတာ မလောင်ခင် တားရတယ်” ဟူသော စကားတစ်ခွန်းသုံး၍ သူမတို့မြို့ကလေးဆီ လိမ္မာပါးနပ်စွာ ခေါ်ဆောင်သွား ပြန်သည်။
မရောက်တာကြာခဲ့ပြီဖြစ်သော မြို့ကလေးသို့ အပြန် သူမတို့အိမ်ကလေးသည် ခြံဝန်းတံခါးအပြာရောင် ကလေးနှင့်။
အိမ်ရှေ့ခြံဝန်းထဲတွင် ပန်းရောင်စုံတွေနှင့် ဒန်းနီနီကလေးနှင့် အတော်ကိုလှပသပ်ရပ်နေသည်။ အမေ့ အိမ်ဆိုင်လေးတွင်
သာမန်ဆေးလိပ်၊ ချိုချဉ်သာမက ဆန်၊ ဆီတို့ပင် ရောင်းနေပြီ။ အိမ်ရှေ့ခန်း ရေဒီယိုကလေးဘေး၌ တီဗွီကလေးတစ်လုံးပင် တွေ့လိုက်ရသည်။
ကြည့်ရင်းကြည့်ရင်း အရာအားလုံးသည် သူမခန္ဓာကိုယ် လောင်ကျွမ်းမှုမှ တလူလူလွင့်တက်သော မီးခိုးငွေ့တွေဖြစ်သွားကြသည်။
အဲဒါတွေ အားလုံးသည် သူမဘဝ၏ ဖြတ်စတွေဖြစ်သည်။ ဟုတ်သည်။ အဲဒါတွေဖြင့် သူမဘဝတစ်ခုလုံး ဈေးဖြတ်ခံလိုက်ရသည်။
ဒီတစ်ခါရှူရှိုက်လိုက်ရသော အရောင်တင်ဆီ နံ့၌ အဆိပ်ခိုးတွေ ပျော်ဝင်နေသည် ထင်ရ၏။ အို ဒီလိုလည်း ပစ်ပစ်ခါခါ မတွေးစကောင်းပေ။
သူ့ကို နွေးထွေးပျော်ရွှင်စွာ ဆီးကြိုကြသော တစ်မိသားစုလုံး၏ မျက်နှာတွေ ပြုံးရွှင်ရယ်မောနိုင်လျှင် သူမ မျက်နှာက ဘာကြောင့် မပြုံးဝံ့ရမည်နည်း။
တစ်လလောက် ကြာတော့ သူမ အနည်ထိုင်လိမ့်မည်ဟု အားလုံးကမှန်းဆတွက်ချက်ကြသည့်အတိုင်း ရန်ကုန်ပြန်ခဲ့ရပြန်သည်။
အဖေက မျက်ရည်စက်လက်နှင့် သင်္ဘောဆိပ်မှာ လက်ပြ၏။

“မမကြီး နောက်တစ်ခါလာရင် ဒွေးနဲ့ ထက်ထက်မိုးဦးကြော်ငြာတဲ့ ဘာတာကိတ် ဝယ်ခဲ့နော်”။
“မမကြီး ညီမလေးတို့ ဗီဒီယိုပြစက် လိုချင်တယ်။ ရုံဖွင့်ရင် ခဏလေး အရင်းကြေမှာ”
“သမီးဖို့ လှအဉ္ဖလီတင့် အဆင် ရေခဲသားထဘီဝယ်ခဲ့နော်”
“သားဖို့ လယ်သာဂျာကင်”
“အေးပါဟဲ့ အေးပါ။ ငါ့တစ်ကိုယ်လုံး ငွေစက္ကူတွေထဲ ပြာကျသွားတဲ့အထိ ထပ်မီးမြိုက်ခံပြီး နင်တို့လိုချင် တာတွေ အကုန်ဝယ်ပေးပါ့မယ်ဟဲ့”

အလုအယက်အော်ဟစ်ပူဆာနေသော ညီမတွေ မောင်တွေကို အာခေါင်ခြစ် ဟစ်အော်ပစ်လိုက်မည်ပြုပြီးမှ
အပြစ်ကင်းစင်သော မျက်ဝန်းကလေးတွေကို လှမ်းကြည့်ပြီး ခဲယဉ်းလှစွာ ပြုံးပြရပြန်သည်။
ပူလောင်လွန်းသော အပြုံးသည် မည်သည့်အခါ မီးထတောက်မည်မသိ။ အမေကမူ “ ငါ့သမီးလိမ္မာတာ အမေကယုံပြီးသား “ ဟု
သံသယ အတိပြီးသော လေသံမျိုးဖြင့် သတိပေးသေး၏။

******************************

ခုရက်ပိုင်းများတွင် တွေ့နေရသော သူ့မျက်နှာသည် တစ်ခုခု ထူးခြားနေသလို ရှိ၏။ သူမ သူ့ကို အော်ဟစ်ပေါက်ကွဲပစ်လျှင်လည်း
ခါတိုင်းလို အညိုအမည်းစွဲအောင် ရိုက်နှက်ခြင်းမျိုး မရှိသည့်အပြင် စကားတစ်ခွန်းမှပင် တုံ့ပြန်ခြင်းမရှိချေ။
သူမ၏ စကားလုံးကြမ်းကြမ်းတွေကို ခပ်ပြုံးပြုံးနှင့် ထီမထင်ဟန်နှင့်ပင် စိုက်ကြည့်နေသေး၏။
သို့သော် သူ၏ အပြုံးတွင် သန့်စင်မှုကင်းမဲ့၏။ ညစ်ထေးထေးနိုင်လွန်းသော အပြုံးများ၌ ဝှက်ဖဲတစ်ချပ်ရှိလိမ့်မည်ဟု
သူမ ထင်သည်။ မြေခွေးတစ်ကောင်၏ မျက်လုံးတွေလို သားကောင်ကိုချောင်ပိတ်ဖမ်းဖို့ ထောင့်စေ့နေအောင် အကဲခတ်နေသော
သူ့မျက်လုံးတွေသည် တွန့်လိမ်လိမ်သူ့နှုတ်ခမ်းတစ်စုံကို အကြီးအကျယ် သစ္စာဖေါက်နေကြသည်။
ကောက်ကျစ်စဉ်းလဲနေကျ မျက်လုံးများ၌ လျှို့ဝှက်သော အရောင်တွေသည် တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲနိုင်လွန်းလှ သည်။

“မနေ့ညကတောင် မင်းအဖေဆီက ဖုန်းလာသေးတယ်။ မင်းအမေ ချောင်းဆိုးတာ သွေးတွေအန်လာလို့ တဲ့။
မင်းအိပ်နေလို့ မနှိုးပါနဲ့တော့တဲ့။ ဟောမြင်လား။ ငါဒီတစ်ခါ ခွင်သစ်တွေ့ရင် အဲဒီလို ဂျုံစက်မျိုးတွေ ထောင်မလား လို့။
ခေါက်ဆွဲစက်ပါတစ်ခါတည်း တွဲထားလို့ရတယ်။ မင်းတို့မြို့က ဆန်စက်ကလည်း ခုဆို သိပ်အလုပ်ထိုင်းတယ်။
ဒီနှစ် ကုန်ရင်တောင် ရပ်ပစ်မလားလို့”

လူတစ်ယောက်သေရေး ရှင်ရေးသတင်းကို တီဗွီအကြည့်မပျက်ဘဲ ပြောနိုင်ရက်သော မျက်နှာတစ်ခုသည်
လူသားစစ်စစ်မှ ဟုတ်ပါလေစ။ အမေမြန်မြန်နေကောင်းပါစေ ဟူသော သူမဆုတောင်းမပြည့်ခင် အမေ့ တီဘီရောဂါ ပိုဆိုးလာသဖြင့်
ရန်ကုန်သို့ပို့ ကုရပြန်သည်။ တစ်နေ့စာ အခန်းဖိုး၊ ဓါတ်စာဖိုး၊ ဆေးဝါးဖိုးနှင့် စမ်းသပ်ကြည့်ရှုခ၊ ညစောင့်ဆရာမခတွေ
ခေါင်းပူအောင်တွက်ချက်နေသော သူမရှေ့သို့ ငါးရာတန်စက္ကူတွေ ဝဲခနဲကျဲရင်း

“မင်းပြောတဲ့ ကိစ္စ ကိုယ်ပြန်တွေးမိတယ်။ မှန်မယ်ထင်ရင် လုပ်ကြည့်လေ။ မင်းသဘောပဲ။ ကိုယ့်ဘက်ကတော့ အချိန်မရွေးပဲ”

အက်ဆစ်စက်တွေနှင့် မခြားသည့် ငွေပုံစက္ကူတွေကို အငမ်းမရကောက်ယူနေသော သူမနားထဲ သူ့စကားတွေက မဝင်တစ်ချက် ဝင်တစ်ချက်။ အရက်မူးသဖြင့် ထွေရာလေးပါးပြောသော စကားများပေလား။ သို့သော် ထိုနေ့က ထူးထူးခြားခြား သူ အရက်မသောက်လာပေ။
ဘာလုပ်ရမှန်းမသိဘဲ ဆစ်တွေ တဖြောက်ဖြောက် ချိုးရင်း တိတ်ဆိတ်မှုတွေကို သူ ဖြိုခွဲပစ်လိုက်သည်။
တိုင်ကပ်နာရီမှ ဆယ့်တစ်နာရီ ထိုးသံသည် ငှက်ဆိုးထိုးသံကဲ့သို့ ကျက်သရေမဲ့ကင်းလှသည်။ ဖြစ်နိုင်လျှင်
ခုညတစ်ညလုံးကို စက္ကူတစ်ရွက်လို အပိုင်းပိုင်းအစစ ဖြဲစုတ်ပစ်လိုက်ချင်သည်။ ငဲ့ကွက်စရာ၊ ညှာတာထောက်ထားစရာတွေသာ
မရှိလျှင် ဟောဒီ ဝရံတာပေါ်မှ သူမချက်ခြင်း ခုန်ချပစ်လိုက်မည်။

“တစ်ပတ်အချိန်ပေးမယ်။ မင်းစိတ်ကြိုက်ဆုံးဖြတ်ကြည့်ပေါ့ “

ဟူသော စကားသည် အမှောင်ထဲမှ ခွေးအူသံတွေထဲ စိမ့်ဝင်ပေါင်းစပ်ပြီး သူမနားထဲ စူးရှစွာ ဝင်ရောက်လာပြန်သည်။
ကိုယ်လွတ်မရုန်းနိုင်ခြင်းကြောင့် ခန္ဓာကိုယ်တစ်ခုလုံးသည် ခြေဖျားမှ ခေါင်းဆုံးထိတိုင် နွံအိုင်ထဲမှာ တဖြည်းဖြည်းနစ် မွန်းနေရဆဲ။
ခန္ဓာကိုယ်ပေါ် အထပ်ထပ် ရစ်နှောင်ထားသော ကြိုးပေါင်းများစွာတို့ကြောင့် အချိန်တိုင်း မျှော်လင့်ယုံကြည်ခဲ့သော
လမ်းကို လက်တွေ့လျှောက်လှမ်းရမည့် အချိန်ရောက်လာတော့ သူမခြေထောက်တွေက တုံ့ဆိုင်းသွားရပြန်သည်။
ဆယ့်နှစ်နာရီ မြည်သံအဆုံး တံခါးလက်ကိုင်ဖုကလေးသည် ဖြည်းညင်းစွာ လည်သွားသည်။ ဘုရားရေ။
သူမ လက်ဖျား ခြေဖျားတွေမှာ ချွေးစေးတွေနှင့် ရွှဲနစ်လာသည်။ လူတစ်ယောက်မဟုတ်ပါစေနဲ့။ အဲဒါ တစ္ဆေ တစ်ကောင်ပဲ ဖြစ်ပါစေ။
သူမ နှုတ်ခမ်းကို ပြတ်လုမတတ် ကိုက်ရင်း ခေါင်းကိုမော့ထားလိုက်သည်။ ဦးခေါင်းအထက်ရှိ မျက်နှာကျက်တွေသည် ပန်ကာလို
ပတ်ချာလည်နေသည်။ ဟင့်အင်း။ ဒါ ပွင့်လုဆဲဆဲထောင်ချောက်တံခါးပဲ။ သူက ခွန်အား အနည်းငယ်စိုက်ပြီး တိုးဝင်လိုက်ရုံပဲ။
အထဲကို ပြန်လှည့်ကြည့်မနေစမ်းပါနဲ့။ ထွက်ပေါက်ဆိုတာ ဘယ်တော့မှ နှစ်ခါမရှိဘူး။ တိုးထွက်လိုက်စမ်းပါ။
ဘီယာနံ့ စူးစူးနှင့်အတူ နက်မှောင်မှောင်အရိပ်တစ်ခုက သူမဆီသို့ တစ်လှမ်းချင်း လှမ်းလာသည်။
“ဘယ်လိုလဲ ဟန်နီ။ ဆုံးဖြတ်ပြီးပြီလားကွ ဟေ”
သူမ ထိတ်လန့်တကြား နောက်သို့ ခြေတစ်လှမ်း ဆုတ်မိသည်။ သူမ နှုတ်ခမ်း၌ တစ်ခုခု စီးနင်းနေသလို ဆွံ့အလျက်။
အမှန်ဆို တစ်ခုခု ပြော လိုက်သင့်သည်။

“ဖြေစမ်းပါနွယ်၊ မင်းငါ့အမှီအခို ကင်းရာမှာ နေရဲလို့လား၊ ဟောဒီမှာ စာချုပ်၊ ဟောဒီမှာ ဘောပင်”

လက်ထဲထည့်ပေးလိုက်သော ဘောပင်ကို သူမ သွေးရူးသွေးတမ်း လွှတ်ချလိုက်သည်။ အင်းလေ၊ သူ့အဖို့ တော့ လက်မှတ်တစ်ခုဆိုတာ ကုန်ပစ္စည်း ဈေးကစားတာလောက်တောင် ခက်ခဲတာမှ မဟုတ်တာ။

“မင်းဆုံးဖြတ်ဖို့ (၇) ရက် ကုန်လို့ (၈) ရက်တောင် စွန်းလာပြီလေကွာ။ နာရီလည်း ကြည့်ဦးမှပေါ့ကွ။ ဟားဟား”

သူ့ရယ်သံ နက်နက်ကြီးကြောင့် သူမ လိပ်ပြာတွေ လွင့်စဉ်သွားသည်။ ပြတ်သားမည်။ သူမ ပြတ်သားဝံ့ရ မည်။ အာခေါင်သည် မည်သည့်အရာတွေနှင့် စေးကပ်ပျစ်ချွဲနေသည်မသိ။ နှုတ်ခမ်းတစ်စုံဟဖို့ အားအင်ပင် သူမမှာ ချည့်နဲ့နေပြီ။
“ဟန်နီ ဟန်နီ” အေးစက်စက် သူ့လက်ချောင်းများက သူမ လက်မောင်းတွေထဲ ကြမ်းတမ်းစွာ စိုက်ဝင်လာသော အခါ
ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲလုဆဲဆဲ မီးတောက်တစ်ခုကို ပူပြင်းတုန်ခါသွားသည်။
သူမသည် နံရံနှစ်ခု၏ ထောင့်ချိုးကို အားပြု၍ ဒယီးဒယိုင် ရပ်နေရသည်။ ကွန်ယက်သဖွယ် သူ့လက်ချောင်း များအကြားတွင်
သူမ ခန္ဓာကိုယ်သည် နဂိုရှိရင်းစွဲထက် နှစ်ဆလောက် ကျုံ့ဝင်သွားမည် ထင်သည်။ အဝေးဆီ ပျံ့ကျဲနေသော အသိအာရုံနှင့်
ကျဲတောက်တောက်ခွန်အားတွေကို ခဲခဲယဉ်းယဉ်း စုစည်းလိုက်သော အခါ နှုတ်ခမ်းဝ သည် ပွင့်လာ၏။ သေချာပါသည်။
ကိုကို့ကို သူမ ချစ်နေဆဲ ဖြစ်သည်။ ရှေ့ဆီမှ အလင်းရောင်ပျပျ ကို မြင်နေရပြီ။
ပကတိ သန်မာဆဲ အတောင်ပံတွေကို အားပြု၍ အရုဏ်ဦး၏ ကောင်းကင်သစ်တွင် သူမ လွတ်လပ်စွာ ပျံသန်းတော့မည်။
“ကျွန်မ”
သွေးဆုတ်ဖြူရော်နေသော အမေ့ မျက်နှာ နွမ်းနွမ်းနှင့် ဘွဲ့တစ်ခုရအောင် ယူချင်ပါသည် ဆိုသော ဆယ်တန်း အောင်ပြီးစ
ညီမမျက်နှာက ဗြုန်း ဆို မျက်လုံးတွေထဲ ဝင်လာသည်။ သူမ၏ ပွင့်ထွက်လုဆဲဆဲ ဦးနှောက်ခန်းတွေ၌ ငွေစက္ကူရွက်များက ကခုန်ပိတ်ဆို့လျက်။ ဒီတစ်ခါတော့ တွေ့ရာမြင်ရာ ကိုက်ဖြတ်ဝါးမြိုတတ်သော အစွယ်ဖွေးဖွေး တွေက ပျောက်ခြင်းမလှ ပျောက်ဆုံးနေပြီး
တန်ခိုးရှင်ဆန်ဆန် လက်ချောင်းများက သူမကို ကနွဲ့ကလျ ချော့မြှူနေ ကြသည်။ သူမဆက်ပြောခင်သည့်
စကားလုံးတွေသည် လေဟာနယ်ထဲ ပဲ့ရွဲ့ လွင့်စဉ်သွားကြသည်။
“ဆက်ပြောလေ နွယ်”
အောင်သေအောင်သား စားရတော့မည့် မျက်နှာတစ်ခုသည် သူမ မျက်လုံးတွေထဲတွင် ပုံရိပ်နှစ်ခု သုံးခု
အဖြစ် ဝေဝါးလာသည်။ တွေဝေခြင်းကို သူမ မုန်းလှသည်။ စကားပြန်ဆက်ဖို့ သူမ အသက်ကို ခပ်ပြင်းပြင်း ရှူ လိုက်သည်။
“ဟင့်အင်း ကျွန်မ ကျွန်မ…”
ကမ္ဘာမြေတစ်ခုလုံး၏ ဆွဲအားမှန်သမျှသည် သူမ တစ်ကိုယ်လုံးဆီ စုပြုံသက်ရောက်လာသလို ခံစားရသည်။
ထို့နောက် မီးခလုတ်မှိတ်သံကို ကြားလိုက်ရပြီး အခန်းတစ်ခန်းလုံး မှောင်အတိ ကျသွားလေသည်။

ညိုခက်ကျော်

မှတ်ချက် ။ ။ ၁၉၉၈ ခုနှစ် မေလ ထုတ် မဟေသီ မဂ္ဂဇင်း တွင် ဖေါ်ပြခဲ့သော ဝတ္တုတို ဖြစ်ပါသည်။

13 comments

  • blackchaw

    December 14, 2011 at 9:47 am

    သူကြီးရေ။
    ဒီပို့စ်လေးက သူကြီးတို့ မိသားစုအတွက်
    ကျွန်တော်တို့ ရွာသူရွာသားတွေရဲ့ ခရစ္စမတ် လက်ဆောင်ပါဗျာ။

    “အိုး လေလူးယာ အိုးလေလူးယာ ကျေးဇူးတင်ပါသည် အိမ်ရှင်များ”
    (အောင်မြလေး ညောင်းထှာ)

  • ကြောင်ကြီး

    December 14, 2011 at 10:06 am

    သဂျီးရေ ကံဗျို့ ကံဗျ ကံဗျက် ကံဗျု ကံဗျောင် ကံဗျား………………………………….

  • Moe Z

    December 14, 2011 at 10:18 am

    ဒီလောက်အများကြီးကို စေတနာအပြည့်နဲ့ရိုက်ပြီးတင်ပေးတဲ့
    ဘဘ ဘလက်ကိုကျေးဇူးတင်ပါတယ် (သဂျီးလို စကင်န်ဖတ်ပြီးမတင်လို့)
    အချိန်ယူပြီးဖတ်ရမှာမို့ ကူးသွားပါကြောင်း ..

  • thit min

    December 14, 2011 at 10:43 am

    မူလီတရစ်ချင်း ရစ်တဲ့ရေးနည်းမျိုး လို့မှတ်ချက်ချကြည့်မိပါတယ်။

    “”ဤသုံးမျိုး””လို့ ကျနော်ရေးခဲ့တာလေးရဲ့ အရေးပါပုံကို အထောက်အကူပြုရေးသားထားတဲ့စာလေးမို့
    ဖတ်ရတာသဘောကျမိပါတယ်။
    ၁။ အသက်ရှင်သန်နေနိုင်မှူ (Sustenance)

    ၂။ ကိုယ့်ကိုကိုယ်တန်ဖိုးထားနိုင်သောဘဝကိုပိုင်ဆိုင်မှူ (Self-esteem)

    ၃။ သူတပါးအသုံးချခံဘဝမှ လွတ်မြောက်မှု (Freedom from servitude)

    ~~~~~~~~~~~~~~~~~~~~

    ထောင်ချောက်ထဲမှာ အစားအစာပြည့်စုံစွာ နဲ့ ပိတ်မိနေသော ယုန်သူငယ်လေးတကောင် နဲ့အလားတူပါတယ်။
    ထောင်ချောက်ရဲ့အပြင်မှာက ကျားရဲနဲ့ တူတဲ့ “ဆင်းရဲခြင်း” ကဘဝကို ဝါးမြိုစားသောက်ဖို့ စောင့်နေတာမျိုးပေါ့။
    ကဲ ဘယ်လမ်းကိုရွေးမလဲ။
    ထောင်ချောက်အတွင်း…………………
    အနှုတ်လက်ခဏာဆောင်တာက ထောင်ချောက်ကစိတ်ကိုကျဉ်းကြပ်စေတာမှန်ပေမဲ့ (=၂နဲ့ ၃ မရတော့ပါဘူး)
    အပေါင်းလက်ခဏာဆောင်တာကတော့ ပြည့်စုံတဲ့အစားအစာတွေကအသက်ရှင်ရပ်တည်ရေးနဲ့အတွင်းမှာနေရတော့ လုံခြုံမှုကိုပေးပါတယ်။(=၁ ကိုအပြည့်အဝကိုရပါတယ်)
    ထောင်ချောက်အပြင်…………………..
    အနှုတ်လက်ခဏာဆောင်တာကထောင်ချောက်အပြင်ကို ရောက်တာနဲ့ ဘဝရဲ့လုံခြုံမှုဆိုတာ မသေခြာတော့ဘူးလေ။
    (=၁ က လုံးဝမသေခြာတော့ပါဘူး)
    အပေါင်းလက်ခဏာဆောင်တာ စိတ်လွတ်လပ်မယ်၊ကိုယ့်ဘဝကိုယ်ဖန်တီးနိုင်မယ်။(=၂ နဲ့ ၃ ကတော့ အတိုင်းအတာ
    တခုထိ ရနိုင်တယ်လို့ ပြောနိုင်ပါတယ်၊ 100%တော့ မသေခြာပါဘူး)
    ဒါ့ကြောင့် ပထမနည်းလမ်း (ထောင်ချောက်အတွင်း) ကိုဘဲ ရွေးချယ်ခဲ့ရပြန်ပါတယ်။

    ~~~~~~~~~~~~~~~~~~~~~~~~
    နိဂုံးချုပ်ရရင်တော့ကိုယ်အပါဝင်မိသားစုတခုလုံးရဲ့ စားဝတ်နေရေး ဆိုတဲ့ အရေးကြီးတာဝန်ကြီးကို ကိုယ့်ရဲ့ “တန်ဖိုး” နဲ့
    “လွတ်လပ်မှု” ကိုပေးဆပ်လိုက်ရတာပါ။ ၁ အတွက် ၂ နဲ့ ၃ ကို ချကြွေးလိုက်ရတာပါ။
    ငါတို့ဘာဖြစ်ဖြစ် ငါ့သမီးလေးကိုတော့ ဒီဘဝ အရောက်မခံဘူးဆိုတဲ့ မိဘမျိုးလည်း ရှိကောင်း ရှိနိုင်ပါတယ်။
    အဲဒီလို အသိတရားရှိတာကို ” Awareness “လို့ ကျနော်ပြောတာပါ။
    ” Awareness” ရှိရင် ကိုယ့် ” Energy=အင်အား” ရှိသလောက်နဲ့ “Aspiration= ရည်မှန်းချက်” တခုကိုလုပ်နိုင်မှာပါ။

    သူများနဲ့တော့မနှိုင်းကြပါနဲ့၊ ကိုယ့်ဘဝရဲ့ ဒီနေ့နဲ့ မနက်ဖန်ကိုဘဲ နှိုင်းယှဉ်စဉ်းစားပါ။
    ~~~~~~~~~~~~~~~~~~~~~~~~~
    အဓိက ဆရာမရဲ့ ဆိုလိုချက်ကတော့ ထွက်ပေါက်ပေမဲ့ ထောင်ချောက် ဖြစ်နေတယ်၊အဲဒီ ထောင်ချောက်ကနေ
    ခုန်ထွက်လို့လဲ ရပါတယ်၊ ဒါပေမဲ့ ခုန်ထွက်တာနဲ့ “ကျ” သွားရမှာက “ချောက်”ထဲပါတဲ့။
    ရွေးချယ်မှူက “ဘာလဲ” သင်ကော? လို့ဆိုလိုတာပါဘဲ။
    ~~~~~~~~~~~~~~~~~~~~~~~~~~
    လေးစားစွာဖြင့်
    မောင်သစ်မင်း(^^)

  • super

    December 14, 2011 at 10:50 am

    ကိုဘလက်ရေ.ဝထ္ထုတိုလေးက ဖတ်လို့ကောင်းတယ်ဗျာ၊ ဖတ်ပြီးတော့ တွေးနေမိတယ်……. နောက်လည်း အခုလိုလေးတွေ ရေးတင်ပေးပါနော်၊ ကျေးကျေး………..:)

  • nozomi

    December 14, 2011 at 11:53 am

    ကိုချော နဲ့ စာရေးတဲ့ ရွာရဲ့ သူကြီး အစစ်ကို ကျေးဇူးတင်ပါတယ်
    ကူးထားပြီး ဖတ်လိုက်ဦးမယ်
    ပြီးမှ ထပ်မန်းတော့မယ်

  • pooch

    December 14, 2011 at 12:46 pm

    ကိုဘလက်ချောရေ အခုလို အပင်ပန်းခံ တင်ပေးတဲ့ အတွက် ကျေးဇူး အများကြီး တင်ပါတယ်
    သိပ်ကောင်းတဲ့ ရသလေးပါ…

  • kai

    December 14, 2011 at 2:41 pm

    ကျေးကျေးနော်/တဲ့..။
    ကူးထားလိုက်ပါတယ်..။ 🙂

  • MaMa

    December 14, 2011 at 5:07 pm

    ကိုဘလက်ရဲ့ ကြိုးစားပမ်းစား ပြန်လည် ဖော်ထုတ်ပေးမှုကြောင့်
    ဆရာမရဲ့ လက်ရာကောင်း (ပရိုလက်ရာ) တွေကို ပြန်လည်ဖတ်ရှု့ခွင့်ရလို့
    ကိုဘလက်ကို အထူးကျေးဇူးတင်ပါတယ်။

  • naywoonni

    December 14, 2011 at 7:58 pm

    နောက်မှ ဖတ်မယ်ဗျာ …။ မိုက္ကရိုဆော့ဝဒ်ထဲ ထည့်သိမ်းသွားတယ်…။ အော်…. ဖတ်စရာ ရေးစရာ အကြွေးတွေကလည်း များမှများ …..။

  • TTNU

    December 14, 2011 at 8:29 pm

    နောက်မှ မဖတ်ဘူး၊ တစ်ခါတည်း တစ်ထိုင်တည်းအပြီးဖတ်သွားတယ်။ မျက်လုံးလွှတ်လို့
    မရလို့။ ကောင်းမှကောင်း၊ မောင်သစ်လို လှလှလေး မခံစားတတ်ပါ။ But ..t..t.. ရင်နင့်တယ်။

    နားလည်အောင်ပြောကြပါဦး၊ ဒီဘွားတော် မိုင်(၂၀)လောက်ကျန်ခဲ့ပြီမို့ ။
    ဆရာမ ညိုခက်ကျော်ဆိုတာ……မဟေသီ စာရေးဆရာမ…?
    အခု ပြည်ပမှာ…?
    အဲဒါ ကိုခိုင့် သူကြီး….?

    Am I right? Huh? Huh?

  • blackchaw

    December 14, 2011 at 10:11 pm

    တီချာကြီးရေ။
    သူကြီး ရဲ့ သူကြီး ပါဗျာ။ ဟားဟား။

  • MaMa

    December 15, 2011 at 7:06 am

    သဂျီးရဲ့ လေဒီခိုင်ပါ တီတီနု။ 🙂

Leave a Reply