ဆီမီနာ(၂)ကိုပြန်လည်ဆွေးနွေးခြင်း (၁)
(ကိုသစ်မင်းရဲ့ ဂေဇက်ဆီမီနာ(၂) ကိုဖတ်ပြီး ဝင်ပါချင်စိတ်တွေဖြစ်လာတယ်။ တကယ်တော့ ဆရာသစ်ရဲ့အောက်လိုင်းအတိုင်း တန်တန်ရာရာ ဝင်ဖြည့်ဆွေးနွေးနိုင်စွမ်းတော့ မရှိပါဘူး။ ဒါကြောင့် ပိုစ့်မူရင်းထဲမှာ ဆွမ်းဆန်ထဲ ဝင်မရောရဲတာနဲ့ အစလေးတွေ ဆွဲထုတ်ပြီး ပြောချင်တာတွေ လျှှောက်ပြောပါတော့မယ်။)
၂။…..“ကျ”ဆင်းနေသော ကိုယ့်ကိုယ်ကိုယုံကြည်မှုများ
ကျွန်တော်တို့ အများစုမှာ မရှိတာတွေထဲက လိုအပ်တာတွေထဲက တခုက အဲဒါ….
“ ကိုယ့်ကိုယ်ကို ယုံကြည်မှု ”
ဆင်ခြေတွေပေးပါ့မယ်-
ဘဝရေခံမြေခံကဘယ်သို့၊ အုပ်ချုပ်တဲ့စံနစ်ကဘာဖြစ်လို့၊
လူမျိုးရဲ့စရိုက်က ဘယ့်နှယ်နေလို့၊ တိုင်းပြည်က ဘယ်လိုဖြစ်နေလို့ …
… လို့ … လို့ … လို့ …
အကြောင်းတွေကိုတော့ မငြင်းတော့ပါဘူး…
အဲဒီတော့ အကျိုးကို လက်ခံသလား ??
ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိဘူးဆိုတဲ့ –
ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းပါးတယ်ဆိုတဲ့ အကျိုးကို ကြိတ်မှိတ်လက်ခံမှာလား ??
ဒါမှမဟုတ် (အကြောင်းအသစ်တွေကိုလုပ်ဆောင်ပြီး) အကျိုးကို ပြောင်းပစ်ကြမလား ??
တခုတော့ရှိတယ်။ ယုံဘို့ ဆိုရင်တော့ မှန်ဘို့ လိုပါတယ်။ မှန် မှ ယုံ မှာပေါ့။
အထူးသဖြင့် ကိုယ့်ကိုယ်ကို ဆိုရင်ပေါ့လေ။
ဒါကြောင့် အစွမ်းအစရှိသူအဖြစ် ကိုယ့်ကိုယ်ကို ယုံကြည်ဘို့ အစွမ်းအစကို ထူထောင်ရပါမယ်။
တန်ဘိုးရှိတဲ့ဘဝကိုပိုင်ဆိုင်သူအဖြစ် ကိုယ့်ကိုယ်ကို ယုံကြည်ဘို့ တန်ဘိုးရှိတာတွေလုပ်ရပါမယ်။
အများအကျိုးဆောင်နိုင်သူအဖြစ်ကိုယ့်ကိုယ်ကိုယုံကြည်ဘို့ အများအကျိုးကိုလက်တွေ့ လုပ်ရပါမယ်။
ဘယ်တော့လဲ ဆိုရင်တော့ အခု ပေါ့။
ဘယ်ကစမလဲဆိုရင် ရောက်တဲ့နေရာကစရပါမယ်။ လက်ရှိအခြေအနေကစရပါမယ်။
ဘယ်လောက်နှုံးနဲ့စရမလဲဆိုရင်တော့ ဖြစ်နိုင်တဲ့ နိုင်သလောက်နှုံးနဲ့ စရမှာပါပဲ။
သေချာတာက စ လိုက်ပြီဆိုတာနဲ့ အရင်နဲ့မတူတော့ဘူး။
ကိုယ့်မျက်စေ့အောက်မှာတင် ကိုယ်ကိုယ်တိုင် တဖြေးဖြေးနဲ့ မှန်မှန် တိုးတက်ပြောင်းလဲလာတာမြင်ရတာ
သိပ်အားတက် သိပ်ပျော်ရွှင်စရာကောင်းတာ ။
အဲဒီအခြေအနေမှာ သူတပါးကများ “မင်းလုပ်နေတာအလကားပါကွာ။ အကျိုးမရှိပါဘူးကွာ” လို့လာပြောကြည့်
သူပြောတာကို လက်မခံတော့ဘူး။ သူပြောတာကို မယုံတော့ဘူး။
ဘာလို့လဲ – သိလား…. ကိုယ့်ကိုယ်ကို ယုံနေလို့ပေါ့။
ကိုယ့်ကိုယ်ကို ယုံကြည်ချက် များများရှိဘို့ များများကြိုးစားစို့ ဘော်ဘော်တို့ရေ …..
10 comments
weiwei
December 25, 2011 at 11:50 pm
ကျွန်မလဲ ဆီမီနာမှာ ပါချင်လို့ ကြိုးစားပြီးရေးနေတာ .. အိပ်ချင်မူတူးဖြစ်နေလို့ ကိုယ်ရေးတာကိုယ်ပြန်ဖတ်ပြီး လည်နေတယ် … မနက်ဖြန်ညကျမှပဲ တင်တော့မယ် …
ဦးဦးပါလေရာပြောသလို အခုပဲစလိုက်ချင်ပေမယ့် အချိန်ကသန်းခေါင်းဖြစ်နေလို့ အိပ်လိုက်အုန်းမယ်နော် … မနက်ဖြန်မှပဲ … 🙂
ဦးဦးပါလေရာ
December 26, 2011 at 1:57 pm
ကျွန်တော်ကလဲ ကိုယ့်အစ ကိုယ်မနိုင်မှာစိုးလို့ ရှည်ရှည်ချဲ့မရေးရဲဘူး မဝေရဲ့။
ဆီမီနာတက်သလိုသဘောထားပြီး တကွက်လောက်စီပဲ ဆွဲဆွဲပြောသွားမလားလို့လေ။
မဝေဝေရဲ့ ဆွေးနွေးချက်ကို စောင့်နေတယ်နော်။
thit min
December 26, 2011 at 8:25 am
ဦးဦးပါလေရာရေ
ကျေးဇူးပါ။ တယောက်ယောက်ကများလုပ်ပေးရင်ဆိုတဲ့စိတ်။
ဆုတောင်းပြီးဖြစ်လာမလားဆိုတဲ့စိတ်။
အချောင်ရချင်တဲ့ စိတ်။
သူများတွေ သက်သက်သာသာသာနဲ့ ကျော်ဟယ်ခွဟယ် လှီးဟယ် နဲ့ရနေတာကိုအားကျတဲ့စိတ်။
နဲနဲလေးခက်ခဲလာရင် အလွယ်တကူလတ်လျှော့လိုက်တဲ့စိတ်။
ပြီးတော့ “အပျင်းစိတ်” ပေါ့ဗျာ။
အဲဒီဟာတွေနဲ့ နေပါများလေလေ မိမိကိုယ်ကိုယုံကြည်မှုကနေ ဝေးလေလေပါဘဲ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဝန်ထမ်းတွေဘယ်လိုဘယ်ကဲ့သို့ဆိုတဲ့ ပို့စ်တွေခုတလောတွေ့မှာပါ။
ကျနော်ထင်တာ မမှားရင် အဲဒီ အလုပ်ရှင်ဆိုတဲ့လူဟာလည်း အချောင်ရသော ငွေကြေးနဲ့လုပ်ငန်းလုပ်နေသူ
လို့ထင်ပါတယ်။ သိန်းပေါင်းများစွာရင်းနှီးထားရတဲ့လုပ်ငန်းတခုမှာဖြစ်ချင်တိုင်းဖြစ်ခွင့်ရနေတာဟာသူ့ငွေကို
သူဂရုမစိုက်ဘူးဆိုတာထင်ရှားပါတယ်။
ဂျပန်ကသူဋ္ဌေးတွေနဲ့ အတူတူ အရမ်းဈေးကြီးတဲ့ ဆိုင်တွေမှာလိုက်စားဘူးပါတယ်။ လူတယောက်ကို ယန်း
၂၀၀၀ဝ လောက်ရှင်းရတဲ့ဆိုင်မှာ (သူတို့ဘဲရှင်းတာပါ) ပြန်အမ်းငွေ ၁ ယန်း ကိုတောင်သေသေခြာခြာပြန်ယူ
လေ့ရှိပါတယ်။ပိုက်ဆံချမ်းသာပေမဲ့ အချောင်ရခဲ့တာမဟုတ်ဘဲ ကြိုးစားခဲ့ရလို့တန်ဖိုးထားမှန်းထင်ရှားပါတယ်။
ကပ်စီးနဲတာမျိုးမဟုတ်ဘူးနော်။ အလဿမဖြစ်စေတာမျိုးပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပေါ့တီးပေါ့ဆနေတတ်တဲ့ ဘဝတွေဟာ ကိုယ်ကိုကိုယ်လဲအကျိုးမပြု၊ သူတပါး(ကိုယ့်အလုပ်ရှင်)ကိုလဲအကျိုးမပြု
ပါဘူး။ ဘာဆိုဘာမှ အကျိုးမရှိတဲ့အပြင် ကြီးပွါးချမ်းသာခြင်း၊အောင်မြင်ခြင်းတွေနဲ့ဝေးနေမှာပါ။
ကိုယ့်ကိုကိုယ်ယုံကြည်ချက်ဆိုတာမျိုးလဲ ဘာမှန်းကိုမသိတဲ့သူတွေအဖို့အခက်အခဲတွေကိုကျော်လွှားဖို့
ခက်တတ်ပါတယ်။
အခက်အခဲကျောက်တုံးကိုကျော်နိုင်မှအမြင့်ကိုရောက်နိုင်သော”လူ့ဘဝ” မဟုတ်ပါလားဗျာ။
ဦးဦးပါလေရာ
December 26, 2011 at 2:00 pm
ဟော … ဆရာသစ်ဆီကနေ
ခေါင်းစဉ်တွေထပ်ထွက်လာပြန်ပြီနော…။
ဆီမီနာမှာ ဝင်ပါခွင့်ရတာအတွက် ဆရာသစ်ကို ကျေးဇူးတင်ပါတယ်ဗျာ။
ငပေါက်ဖော်
December 26, 2011 at 10:36 am
ကိုယ့်ကိုယ်ကို ယုံကြည်ချက် များများရှိဘို့ များများကြိုးစားစို့ ဘော်ဘော်တို့ရေ …
ဟုတ်ကဲ့..
အပျင်းစိတ်လေးဖျောက်ပြီး..များများကြိုးစားပါတော့မယ်
ဦးဦးပါလေရာ
December 26, 2011 at 2:03 pm
ကိုပေါက်ဖေါ်..
ကျုပ်လဲပါမယ်..
inz@ghi
December 26, 2011 at 1:13 pm
အကြွေးမှတ်ထား ကစ်သို ….
ဂီ အိမ်ပြောင်းနေလို့ပါနော…..
နီကီတာ
December 26, 2011 at 1:32 pm
မရဲတရဲနဲ့ ဆီမီနာကို တတ်လိုက်ပါတယ်နော်
နီကီတာ ထင်တာကတော့
ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ဆိုတာ ငယ်စဉ်ထဲက မွေးယူပေးတာနဲ့လဲဆိုင်မယ်ထင်တယ်..
၅ နှစ်သားကစပြီး အိပ်ရာခွဲအိပ်ရဲတဲ့ ကလေးတွေ၊ အပျို၊လူပျိုဖြစ်ရင် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်
နိုင်သူတွေနဲ့
အပျို၊လူပျိုဖြစ်တာတောင် မိဘနဲ့အတူနေ ၊ အတူအိပ်နေတဲ့ ကလေးတွေက
ယုံကြည်ချက်တော့ တော်တော်ကွားခြားမယ်ထင်တယ်….
tt lay
December 26, 2011 at 2:01 pm
“ကိုယ့်ကိုယ်ကို ယုံကြည်ချက် များများရှိဘို့ များများကြိုးစားစို့” ဟုတ်ပါတယ်။
ဦးဦးပါလေရာရေ…………
လူမှန်လျှင် ကိုယ့်ဘဝကိုယ် ဖန်တီးနိုင်ရမယ်။ လူတိုင်း လူတိုင်း မွေးကတည်းက စိတ်တစ်ခု ကိုယ်တစ်ခုစီဖြင့် မွေးဖွားလာကြတာပါ။ ကိုယ့်စိတ်နှင့်ကိုယ် တွေး ကိုယ့်ဘာသာကိုယ် ကြံစည်၊ ကိုယ်တိုင်လုပ်။ သို့မှသာ ကိုယ့်ကိုကိုယ် ယုံကြည်မှုများများရှိပြီး တန်ဖိုးရှိသော အဓိပ္ပာယ်ရှိသော ဘဝတစ်ခုကို တည်ဆောက်နိုင်ကြမှာပါ။
ဦးဦးပါလေရာ
December 26, 2011 at 2:06 pm
@နီကီတာ
@tt lay
ဟုတ်ပါ့။ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ဆိုတာ ကိုုယ့်ကိုယ်ကိုအားကိုးရင်း ကိုယ်တိုင်တည်ဆောက်ယူနိုင်တာမျိုးပါဗျာ။