ကြောင်လေးJanuary 16, 20121min1250

ရထားလမ်း

 

“ပေါ်…တူ…………”

“ပေါ်တူ …….ပေါ်……………”

“ဟာ  မမသိမ့်ရေ  ရထားကြီးဟေ့ ၊အရှည်ကြီးပဲ”

“ဟုတ်တယ်ဟေ့မောင်လေးရေ  အရှည်ကြီးပဲ  တာ့တာ  တာ့တာ”

“ဟေး ………ဟေး ……..တာ့တာ  တာ့တာ”

“ဟဲ့ သားနဲ့သမီး  တိတ်တိတ်နေကြစမ်း၊ ရထားလာတာကို ဘာလို့ ဒီလောက်အော်နေတာလဲ၊ ရထားမမြင်ဖူးဘူးလား၊တောကျလိုက်တာ၊ နင်တို့ မရှက်ဘူးလား”

ကိုဘမောင်တို့ မိသားစု ဟာ ပင်လယ်ပိုင်းမြို့လေးတစ်မြို့မှာနေထိုင်ကြတာပါ။  ကိုဘမောင်ကတော့ မြို့ကြီးသားဖြစ်ပေမဲ့ ပင်လယ်ပိုင်းမြို့လေးမှာတာဝန်ထမ်းဆောင်ရင်း အိမ်ထောင်ကျပြီး ကလေးတွေကိုမွေးခဲ့တာပါ။ အခုမိဘများရှိရာကိုခေတ္တ အလယ်ပြန်လာခဲ့ရင်း အိမ်ရှေ့ကိုက်တစ်ရာကျော်ကွင်းပြင်ထဲမှာရထားဖြတ်သွားတော့ ရထားနဲ့စိမ်းနေတဲ့ ကလေးနှစ်ယောက်ဟာ ဝမ်းသာအားရခုန်ပေါက်အော်ဟစ်ရင်း လက်တွေဝှေ့ရမ်းလို့ တာ့တာပြနေကြပါတယ်။ ဒါကိုအဖေလုပ်သူ ကိုဘမောင်က အနည်းငယ်ရှက်ပြီး ကလေးတွေကိုအော်ငေါက်လိုက်ပါတယ်။ တကယ်တော့ ကိုဘမောင်တို့ ငယ်ငယ်ကလေးဘဝကလည်းရထားဝင်လာရင် ဒီလိုပဲ လက်ပြခဲ့တာပါပဲ။

“ဖေဖေကလည်း သမီးတို့ကတောကျတာမဟုတ်ပါဘူး၊ မိတ္ထီလာသွားတုန်းကတောင် ရန်ကုန်ကနေ သာစည်ထိ ရထားစီးဖူးပါတယ်ဖေဖေရ၊ အခုဟာက ရထားကြီးကအရှည်ကြီးမို့လို့ပျော်လို့ပါ”

“ဟုတ်တယ်ဖေဖေ သားတု့ိသွားတုန်းက ရထားက အခုလိုအရှည်ကြီးမဟုတ်ဘူး၊ နောက်က တွဲ ပုတိုတိုလေးတွေလည်းပါဘူး၊အဲဒါက ဘာတွေလဲ”

“အဲဒါကုန်တွဲလို့ခေါ်တယ်သားရဲ့၊ကုန်ပစ္စည်းတွေ၊ ငှက်ပျောသီးတွေ၊ဆန်တွေနဲ့ အခြားပစ္စည်းတွေကိုအဲဒီတွဲတွေနဲ့ထည့်သယ်ရတယ်၊ ဒါမှ လူတွေ ချောင်ချောင်ချိချိစီးလို့ရမှာ”

“အမိုးမပါတဲ့တွဲတွေကကောဖေဖေ”

“အဲဒါကျောက်ခဲတွေနဲ့ သစ်တွေ၊ အမိုးအကာမလိုတဲ့ ပစ္စည်းတွေတင်တာပေါ့၊ အခုကတော့ လိုအပ်တဲ့ဘူတာမှာချခဲတော့ကုန်မပါတော့ဘူး”

“ဖေဖေ ဟို မဲမဲအလုံးကြီးတွေကဘာလဲ၊”

“အဲဒါ ဒီဇယ်တွေထည့်သယ်တဲ့တွဲလေ သမီးရဲ့”

“သားတို့ စီးတုန်းက ရထားက အဲဒီတွဲတွေဘာလို့ မပါတာလဲ”

“အဲဒါက လူစီးသီးသန့်အမြန်ရထားလို့ခေါ်တယ်၊အခုဟာက ကုန်ရထားမို့အဲဒါတွေပါတာ၊ အမြန်ရထားက မနက်အစောကြီးကထွက်သွားပြီး၊ ညမှ ပြန်ဝင်လာလိမ့်မယ်၊ကဲလာ အိမ်ပေါ်တက်ကြ၊အောက်မှာနေပူကပူနဲ့ နေမကောင်းဖြစ်နေဦးမယ်”

ရထားနဲ့စိမ်းနေတဲ့ကလေးများဟာ သူတို့မမြင်ဖူးတဲ့အကြောင်းအရာနဲ့ သိချင်တာကို မနားတမ်းမေးပါတော့တယ်။ ကိုဘမောင်လဲကလေးတွေသိချင်တာတွေကို သူသိသလောက်ရှင်းပြရပါတယ်။ ဒီလိုနဲ့ နောက်နေ့မနက်ရောက်တော့ အိမ်ရှေ့ ကွင်းပြင်ဘက်က ထုသံရိုက်သံများကိုကြားရပါတယ်။

“တုံ … တုံ …. ဒေါင်  …..ဂလောင်……ဒေါင်”

ကိုဘမောင် အိမ်ရှေ့ကိုထွက်ကြည့်လိုက်တော့ အလုပ်သမားတချို့ ရထားလမ်းပြင်နေကြတာဖြစ်ပါတယ်၊ ကလေးနှစ်ယောက်ဟာလည်း  သူတို့မမြင်ဖူးတဲ့ မြင်ကွင်းတစ်ခုကိုစိတ်ဝင်တစားလှမ်းကြည့်နေကြပါတယ်။ ကိုဘမောင်ထွက်လာတာတွေ့တဲ့အခါ ကလေးများရဲ့ထုံးစံအတိုင်း သိချင်တာတွေကို မေးကြပါတော့တယ်။

“ဖေဖေ ဟိုလူတွေက ရထားလမ်းကို ဘာဖြစ်လို့ တူကြီးနဲ့ထုနေတာလဲဟင်”

“ရထားလမ်းကို တူနဲ့ထုနေတာမဟုတ်ဘူးသားရဲ့ ၊ရထားလမ်းပြင်နေကြတာ”

“ဟင်…ရထားလမ်းပြင်တာကလည်း လမ်းကိုတူအကြီးကြီးနဲ့ထုနေတာပဲတွေ့တယ်၊ ဘာဖြစ်လို့အဲလိုပြင်ရတာလဲ”

“လမ်းကိုထုနေတာမဟုတ်ဘူးသမီးရဲ့ လမ်းအောက်မှာခံထားတဲ့ ဇလီဖားတုံး လို့ခေါ်တဲ့သစ်သားတုံးမှာရိုက်ထားတဲ့ စို့ကိုထုနေတာ၊ ရထားကြီးဟာ အခုလှမ်းမြင်နေရတဲ့ သံလမ်း နှစ်ခုပေါ်မှာ သွားနေရတာ၊ အဲဒီရထားကြီး ကောင်းကောင်းမွန်မွန်သွားဖို့ဆိုရင် အဲဒီသံလမ်းနှစ်ခုဟာ အကွာအဝေးရယ် အနိမ့် အမြင့်ရယ် ညီညီညာညာရှိနေရမယ်၊ဒါမှရထားကြီးဟာ တည်တည်ညိမ်ညိမ်၊ ဖြောင့်ဖြောင့်ဖြူးဖြူးနဲ့ အန္တရာင်ကင်းကင်းသွားနိုင်တာသမီးရဲ့”

“အဲဒီသစ်သားတုံးကို တူနဲ့ထုတာနဲ့ အဲဒီလမ်းကကောင်းသွားရောလားဖေဖေ”

“မဟုတ်ဘူးသားရဲ့ သူတို့ ဘယ်လိုပြင်နေကြလည်းသိအောင် အနားသွားကြည့်ကြမယ်၊လာကြ”

ကိုဘမောင်လည်းကလေးနှစ်ယောက်ကိုခေါ်ပြီး ရထားလမ်းပြင်နေကြသူတွေအနီးက သစ်ပင်ရိ်ပ်အောက်ကိုထွက် လာခဲ့ပါတယ်။ လမ်းပြင်လုပ်သားများကတော့ သံလမ်းအောက်က ဆွေးမြေ့နေတဲ့ ဇလီဖားတုံးတွေကို ဖယ်ထုတ်ပြီး အစားထိုးနေကြပါတယ်။

“ဖေဖေ သံလမ်းအောက်ကို ဘာဖြစ်လို့ သစ်သားတုံတွေခုထားတာလဲဟင်”

“အဖေမနေ့ကပြောသလို ရထားကြီး ရှေ့ကိုတည်တည်ညိမ်ညိမ်၊ ဘယ်ညာမလူးပဲသွားဖို့ ဒီသံလမ်းနှစ်ဘက်ဟာ အချိုးညီ၊ဟန်ချက်ညီနေဖို့လိုတယ်သမီးရဲ့ ၊ဒီလိုဟန်ချက်ညီအောင် သံလမ်းနှစ်ခုကိုမြေကြီးပေါ်မှာ ဒီတိုင်းချထားလို့မရဘူး။ အောက်မှာ ခိုင်မာတဲ့အခြေခံ၊အမာခံ ရှိနေရတယ်၊ အဲဒီအမာခံဟာ သံလမ်းတဖက်ဖက်ကို နိမ့်မသွားအောင်ထိမ်းထားတယ်၊သံလမ်းနှစ်ခုရဲ့အကွာအဝေးညီအောင်လည်း ရွေ့မသွားအောင် အမာခံပေါ်မှာ စို့တွေနဲ့ရိုက်ထားရတယ်”

“အခု အဲဒီသစ်သားတုံးကိုဘာဖြစ်လို့ဖယ်ထုတ်နေတာလည်း”

“အဲဒီသစ်သားတုံးက နှစ်ကြာလာတော့ ဆွေးမြေ့လာပြီလေ၊ ဟိုတုန်းက အဆင်ပြေနေပေမဲ့ အခုအခြေအနေနဲ့အဆင်မပြေတော့ဘူး၊တုံးတစ်ဘက်က ဆွေးပြီးပါးနေပြီ၊ အက်ကြောင်းတွေထနေပြီး စို့ ကိုလည်းညိမ်အောင်ထိမ်းမထားနိုင်၊လမ်းနှစ်ဘက်ကို ညိမ်အာင်ထိမ်းမထားနိုင်တော့ဘူး၊ ဒါကြောင့် ဒီအခြေခံကို အသစ်နဲ့ အစားထိုးရတာပေါ့။”

“ဒါဆိုလမ်းတစ်လျှောက်လုံး လိုက်လဲပစ်ရမှာပေါ့”

“မဟုတ်ဘူးသားရဲ့ လိုအပ်တဲ့တုံးတွေကိုပဲ လဲမှာ၊သုံးလို့ရသေးတဲ့ တုံးတွေကိုတော့မှေးသုံးရဦးမှာပေါ့၊ အကုန်လုံးကိုတပြိုင်တည်းလဲလို့ဘယ်လွယ်မလဲ။ တဖြည်းဖြည်းချင်းလဲသွားရမှာပေါ့”

“သမီးရန်ကုန်မှာတွေ့တာ သစ်တုံးတွေမဟုတ်ဘူး၊ကျောက်တုံးတွေနဲ့လဲနေတယ်”

“ဟုတ်တယ်သမီး သစ်တုံးဆိုတော့ခဏခဏဆွေးတယ်၊ကွန်ကရစ်တုံးကတော့ပိုခံတာပေါ့၊တကယ်တော့ ပိုခိုင်မာတဲ့ဟာနဲ့တစ်ခါတည်းလဲသင့်တာပေါ့၊ဒါပေမဲ့ ဒီမှာက သစ်တုံးလက်ကျန်တွေလည်းရှိနေသေးတယ်၊ကျောက်တုံးတွေကလည်းအလုံအလောက် အဆင်သင့်မဖြစ် သေးဘူးလေ၊ နောက်မှာ ကျောက်တုံးနဲ့ အစားထိုးပြီးလဲသွားလို့ရမယ်၊ကြာလာရင်တော့ ကျောက်တုံးတွေချည်းဖြစ်သွားမှာပါ”

“တချို့တုံးတွေကြတော့ ဘာလို့ မလဲပဲ ဒီတိုင်းပြန်ထားတာလဲဖေဖေ”

“တချို့တုံးတွေက မဆွေးသေးဘူးလေ သားရဲ့၊ သုံးလို့ရနေသေးတယ်၊ အသားမာသေးတယ်၊တဖက်က မြေထဲကို နစ်သွားလို့တဖက်မှာထောင်သွားတယ်၊ထောင်နေတဲ့အောက်ကို ကျောက်ခဲတွေ၊မြေတွေ ဝင်သွားတော့ အနိမ့် အမြင့်မညီဖြစ်သွားတယ်၊အဲလိုဆိုရင် ရထားကြီးလဲ ဘယ်ညာလူးနေတာတို့၊ မြင်းခုန်သလို ခုန်ဆွခုန်ဆွဖြစ်နေတာတို့၊သားတို့ ရထားစီးတုန်းက ကြုံဖူးမှာပေါ့”

“ဟုတ်တယ်ဟုတ်တယ် ဖြစ်ဖူးတယ်”

“အဲဒီလိုမျိုးတွေက ဖြစ်တတ်ပါတယ်၊ မြင့်နေတဲ့ဘက်က ကျောက်ခဲနဲ ့မြေတွေပြန်ထုတ်၊နိမ့်နေတဲ့ဘက်ကို ပြန်ခုပေး အဲလို ညှိပြီးပြင်လိုက်ရင် ကောင်းသွားမှာပါ”

ကိုဘမောင်ဟာ သားနဲ့သမီးကို သေချာနားလည်အောင်ရှင်းပြနေပါတယ်၊ အလုပ်သမားတွေဟာလည်း လမ်းရဲ့ ဟိုဘက်တဖွဲ့ ဒီဘက်တစ်ဖွဲ့ ခွဲပြီးလုပ်ဆောင်နေကြပါတယ်။

“ကဲဟေ့ မင်းတု့ိ နှစ်ဖွဲ့ ဟိုဘက်နဲ့ဒီဘက် လိုအပ်တာကိုလှမ်းကြည့်ပြီး လိုသလိုညှိပြီး ပြင်သွားကြ၊ တုံးသစ်တွေကော တုံးဟောင်းတွေကော မြှင့်သင့်တဲ့ဘက် မြေခု၊ နှိမ့်သင့်တဲ့ဘက် မြေနှိုက်ထုတ်၊ ဟိုဘက်နဲ့ ဒီဘက်ညီနေဖို့လိုတယ်၊ ငါဒီနားကလဘက်ရေဆိုင်သွားထိုင်လိုက်ဦးမယ်”

လုပ်သားခေါင်းဆောင်လုပ်သူဟာ တပည့်များကို လိုအပ်တာပြောဆိုမှာကြားသွားခဲ့ပြီး လဘက်ရည်ဆိုင်ကိုထွက်သွားပါတယ်။ လုပ်သားများဟာလည်း၊ ပေါက်ချွန်း၊ဂေါ်ပြား၊ပေါက်ပြားများတဂွမ်ဂွမ်၊တချွင်ချွင်ပေါက်ရင်း လုပ်ငန်းကိုဆက်လက်လုပ်ဆောင်နေကြပါတယ်။

“ဟေ့ကောင် မောင်ပု မင်းဘက်က နိမ့်နေသေးတယ်၊ နည်းနည်းထပ်ခုလိုက်ဦး”

“ဟာ ငါ့ဘက်ကိုချည်း ခု ခိုင်းနေတယ်၊ မင်းဘက်လည်းနည်းနည်းတော့ နှိုက် ပေးဦးလေကွာ”

“ဟ ငါ့ဘက်ကနှိုက်ရတာခက်တယ်ကွ၊မင်းဘက်က ခု ပေးလိုက်ရတာက လွယ်လွယ်လေးရယ်”

“ငါက ခု လိုက်ရင် ဟိုနောက်ကကျန်ခဲ့တဲ့လမ်းထက် မြင့်သွားမှာပေါ့။ ”

“အဲဒီအနောက်က အစကတည်းကနိမ့်လာတာလေကွာ၊ ငါ့ဘက်က တအားနှိုက်လိုက်ရင်လဲ နိမ့်သွားဦးမယ်၊လမ်းက လိမ်သွားလိမ့်မယ်”

“လိမ်တာကတော့ ဟိုနောက်ကျန်ခဲ့တဲ့လမ်းမှာကတည်းက လိမ်လာတာ၊ အခု နည်းနည်းချင်းညှိပြင်ရမှာပေါ့”

“ငါလည်းတတ်နိုင်သလောက် ခု ထားတာပဲကွ ၊မင်းဘက်ကလည်းနည်းနည်းလိုက် နှိမ့်ပေးဦး၊ ရှေ့ဆက်သွားမဲ့လမ်းကိုနဲနဲ လှမ်းကြည့်ဦး၊ဒီနေရာတစ်ချက်တည်း ဆွဲညှိလိုက်ရင် ရှေ့သွားမဲ့ လမ်းအနိမ့်အမြင့်နဲ့လဲ မကိုက်ဖြစ်နေဦးမယ်”

“ဖေဖေ အလုပ်သမားတွေကလည်း သူ့ဘက်နှိမ့်ခိုင်းလိုက်၊ သူ့ဘက်မြှင့်ခိုင်လိုက်နဲ့နော်”

“ဟုတ်တယ်သမီးရဲ့၊ဒီအလုပ်မျိုးက တဖက်တည်း ပြင်သွားလို့မရဘူး၊သူ့ဘက်ကိုယ့်ဘက် အပြန်အလှန် ထိမ်းသိမ်းထောက်ပြပြီး ညှိပြင်သွားမှရမှာ၊ ဘာဖြစ်လို့လည်းဆိုတော့ တနေရာမှာ တစ်ဘက်က နိမ့်နေသလို၊တစ်ဘက် ကလည်းမြင့်နေတာမျိုးဖြစ်နိုင်တာကိုး၊နှစ်ဘက်စလုံးက ပုံမှန် မဟုတ်တော့ ညှိပြီးပြင်သွားမှရမယ်”

“ဒီလိုပဲတစ်ယောက်နဲ့တစ်ယောက်လက်ညှိုးထိုးပြောနေရင် ဘယ်အလုပ်တွင်တော့မလဲ”

“မပြောလို့လဲမရဘူးသားရဲ့၊ သူတို့ပြောနေကြတယ်ဆိုတာလည်း၊တစ်ယောက်နဲ့တစ်ယောက် အမြင်ကတ်လို့ပြောနေတာမှ မဟုတ်ကြတာ၊လိုအပ်လို့ပြောနေကြတာသားရဲ့၊ တဘက်တည်းကပဲ ပြင်သွားလို့ ရတဲ့ကိစ္စမှ မဟုတ်တာ၊ ကိုယ့်ဘက်အခြမ်းကိုပဲ ရှေ့နောက် ညီအောင်ပြင်နေလို့မရဘူး၊အဲဒါဆိုတခြမ်းစောင်းကြီးဖြစ်သွားနိုင်တယ်၊ တဘက်ကအခြမ်းနဲ့လဲ ဘက်ညီအောင်လှမ်းညှိဖို့လိုသေးတယ်”

“လမ်းနှစ်ခုကိုပေါင်းလိုက်ပြီး နှစ်ဖွဲ့လုံးပေါင်းလုပ် လိုက်ရင်မရဘူးလာဖေဖေ”

“မရဘူးသားရဲ့၊ အဲလိုပေါင်းလိုက်ရင် ရထားကြီးသွားလို့မရတော့ဘူး၊ နှစ်ဘက်မျှပြီး သူ့ဘက်ကတာဝန်သူထမ်းမှ သွားလို့ရမှာ၊ လမ်းပြင်နေသူတွေကလည်း ညာညှိပြီး  ပေါင်းစားသွားလို့မရဘူး၊ တစ်ဘက်နဲ့ တစ်ဘက် မှန်မှန်ကန်ကန်ထောက်ပြပြီး ပြင်သွားမှရမယ်၊လိုအပ်ချက်ကိုအပြန်အလှန်ထောက်မပြပဲ တဘက်သတ်ကြီးပြင်သွားလို့လဲမဖြစ်နိုင်ဘူး”

“အဲဒီလမ်းနှစ်ခုက ဘယ်တော့မှပေါင်းလို့ ရမှာလဲဖေဖေ”

“ဘယ်တော့မှပေါင်းလို့မရဘူးသားရဲ့၊ အဲဒီလမ်းနှစ်ခုပေါင်းလိုက်ရင်ရထားသွားလို့မရတော့ဘူး၊ နှစ်ဘက်အမြဲ ညီညီမျှမျှသွားနေရမှာ၊ လမ်းရှေ့ဆက်သွားနေသရွေ့အမြဲပြင်နေရမှာ၊       ပြင်နေသရွေ့လဲ   နှစ်ဘက်ကထောက်ပြနေရမှာ၊အပြန်အလှန်ထိမ်းကွပ်မှုမရှိပဲ ရကိုမရဘူး၊ လမ်းဆုံးရင်တောင် သံလမ်းနှစ်ကိုပေါင်းလို့မရဘူး၊ရှေ့မှာ တစ်ခုခုနဲ့ကန့်လန့်ပိတ်ထားပြီး လမ်းဆုံးရှိသည်လို့ သတိပေးဆိုင်းဘုတ်ရေးထားရတယ်၊ နောင် လိုအပ်ရင် ရှေ့ဆက်ဖောက်သင့်ရင်ဖောက်ရမှာ”

“ဒါဆိုရင် ဒီနေရာမှာပဲ သူ့ ကို ကု်ိယ်ပြောလိုက်၊ကိုယ့်ကိုသူပြောလိုက်နဲ့ ရှေ့ကိုဘယ်လိုဆက်သွားမလဲဖေဖေ”

“အဲဒါ အစမို့ပါ သမီးရယ်၊ ဒီနေရာကစပြီးလိုတိုးပိုလျော့လေး ညှိပြီးနဲနဲခြင်းပြင်သွားရင် ရှေ့ဆက် ပြီးသိပ်ပြောစရာမလိုတော့ဘူး၊ တဖြည်းဖြည်းပိုလွယ်ပြီး ပိုမြန်သွားလိမ့်မယ်။ အခုအချိန်ကတော့မပြောမဖြစ်လို့ကိုပြောနေကြရတာ၊ သူတို့လည်းဘယ်အချိန်ကုန်ခံအမုန်းခံချင်ပါ့မလည်း၊ ဦးတည်ချက်တစ်ခုတည်းကို အတူတူသွားနေကြတာ၊ အလုပ်အမြန်ပြီးချင်ကြတဲ့သူတွေချည်းပဲသမီးရဲ့၊ လောလောဆယ် သူတို့ မှာ ဦးဆောင်မဲ့သူကောင်းကောင်းမရှိသေးတာလည်းပါတယ်၊ သူတို့ခေါင်းဆောင်က ဟိုမှာလဘက်ရည်သွားသောက်နေတော့ သူတို့လုပ်ရတာ နဲနဲအခက်အခဲတွေ့တာပေါ့”

ဝေါ……….ဝေါ……………

“ဖေဖေ ဟိုကလာနေတာ ဘာလေးလဲ”

“လက်တွန်း(ချော်လီ)လို့ ခေါ်တယ်သားရဲ့၊ အဲဒီပေါ်မှာ အလုပ်လုပ်ရင်လိုအပ်မဲ့ပစ္စည်းတွေ တင်တွန်းပြီးသွားကြတာ၊အပေါ်မှာထိုင်လိုက်လာတာ   ခေါင်းဆောင်တစ်ယောက်ဖြစ်မယ်ထင်တယ် ”

ကိုဘမောင်တို့ သားအဖ စကားပြောနေတုန်းမှာ ဘူတာဘက်က လက်တွန်းထရော်လီလေးတစ်ဆင်းလမ်းပြင်နေတဲ့နေရာကိုတွန်းလာပါတယ်၊ ထရော်လီပေါ်မှာတော့ ဇလီဖားတုံးအချို့ပါလာပါတယ်၊လူတစ်ယောက်ထိုင်လိုက်လာပြီး နှစ်ယောက်က လက်ကိုင်တန်းကိုကိုင်ပြီး သံလမ်းတဖက်တချက်ဆီကနေ ပြေးတွန်းရင်း အရှိန်ရလာတဲ့ အခါ လှည်းပေါ်ခုန်တက်လို်က် အရှိန်သေရင် ဆင်းတွန်းလိုက်ပြန်တက်လိုက်လုပ်လာတာပါ။ လမ်းပြင်နေတဲ့နေရာရောက်တော့ရပ်လိုက်ပြီး ထိုင်လိုက်လာသူဆင်းလာပါတယ်။

“မောင်ပု မင်းတို့ဆရာကော”

“ဟိုမှာလဘက်ရေသွားသောက်နေတယ်ဆရာ”

“အေးအေး ဟုတ်ပြီ မင်းတို့အတွက် ငှက်ပျောသီးရယ်ရေဗူးရယ်ပါလာတယ်၊ဒီမှာ စီးကရက်လည်းပါတယ်၊ အခုလိုက်လာတဲ့နှစ်ယောက် ကတဖက်စီဝင်လုပ်၊ လုပ်နေတဲ့သူထဲက တစ်ဖက်ကိုတစ်ယောက်စီနား၊ တစ်လှည့်စီနားရင်း စီးကရက်သောက်ကြ”

“ဟုတ်ကဲ့ဆရာ”

“ချော်လီပေါ်မှာ ပေါက်တူးနဲ့ပေါက်ချွန်းအသစ်တွေပါလာတယ်၊ လိုအပ်ရင် အဲဒါတွေယူသုံး”

” အတော်ပဲဆရာ၊ဒီမှာပေါက်တူးတွေက ကျောက်ခဲတွေခုတ်မိပြီး အသွားတွေလိပ်နေပြီ၊ပေါက်ချွန်းကလည်း အရိုးချောင်နေတော့ သတိထားပြီးခဏခဏ စောင့်နေရတယ်၊ပေါက်ရင်းကျွတ်ထွက်သွားရင် အချင်းချင်းပြန်ထိမှာစိုးရတယ်”

“အေးအေး အသစ်တွေ ယူသုံးလိုက်၊ အဟောင်းတွေကို ချော်လီပေါ်ပြန်တင်ထား၊နောက်မှပြန်ပြင်ပြီး သုံးမယ်၊                    ကဲကဲ လုပ်ကြ၊ ဘာအခက်အခဲရှိကြလဲ”

“ရှိတယ်ဆရာ၊ ဒီနေရာမှာ နှစ်ဘက်ညီအောင်မနဲညှိနေရတယ်”

“တနေရာတည်းအပြီးသတ်မညှိနဲ့လေ ၊နှစ်ဘက်စလုံး ရှေ့ နောက်သံလမ်း တစ်ချောင်းစာစီပြန်ကြည့် ၊ ပျမ်းမျှလယ်ဗယ်ယူပြီး ညှိပြင်သွား၊ တစ်ဘက်တည်းလည်းမပြင်နဲ့ ဟိုဘက်ဒီဘက်ကြည့်ပြီး နှစ်ဘက်မျှပြင် ရှေ့ဆက်သွားရင် တဖြည်းဖြည်းလွယ်သွားလိမ့်မယ် ။ကဲကဲ နားတဲ့လူနား၊    လုပ်တဲ့သူလုပ် နေလဲမြင့်လာပြီ ၊ နေ့လည် ရထားဝင်ချိန်မတိုင်ခင်လေး ပြီးသင့်သလောက်ပြီးသွားအောင်လုပ်ကြ”

“ဟုတ်ကဲ့ဆရာ”

“အလုပ်သမားများဟာလည်း၊ စားသောက် အားဖြည့်ကြလို့အပြီးမှာ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ လမ်းညွှန်မှုအောက်မှာတက်တက်ကြွကြွနဲ့ ဆက်လုပ်ကြပါတယ်”

“ကဲ သားနဲ့သမီး အခု အလုပ်သမားတွေကို ဦးဆောင်မဲ့သူ ကောင်းကောင်းလည်းရောက်လာပြီ၊ လိုအပ်တဲ့ပံ့ပိုးမှုတွေနဲ့ လုပ်ဖက်ကိရိယာ ထောက်ပံ့မှုတွေလည်းရပြီဆိုတော့ညှိနှိုင်းပြီးသေ  ချာပြုပြင်သွားကြရင် သိပ်မကြာခင်မှာ သူတို့အလုပ်အောင်မြင် ပြီးမြောက်သွားမှာပါကွယ်၊လာကြလာကြ၊ နေပူလာပြီ အိမ်ထဲပြန်ဝင်ကြရအောင်”

ကိုဘမောင်တို့သားအဖတွေ လည်းအိမ်ထဲကိုပြန်ဝင်သွားကြပြီး လုပ်သားများဟာလည်းသံလမ်းပိုင်းတစ်ပိုင်းပြီးတစ်ပိုင်းပြင်ဆင်ရင်း   ရှေ့ကိုဆက်လက်ချီတက်လုပ်ကိုင်သွားကြပါေတော့တယ်။     ။

ခင်မင်လေးစားစွာဖြင့်

ကြောင်လေး။