ကျနော်၏ အဖြူရောင်စာမျက်နှာတို့မှာ ကုန်လောက်ရှိနေပါပြီ ။ ဝါသနာသည်ကား တားလို့မရသေး ။ ထို့ကြောင့် ထိန်ချန်ထားခဲ့သော အမည်းရောင်စာမျက်နှာတို့ကို ပြန်လည်၍တူးဖေါ်မိပြန်တော့သည် ။ ဖတ်မိသူတို့အတွက် စိတ်ပျက်ညစ်ညူးဖွယ်များ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း စာရေးချင်သည့်ရောဂါအားကုစားရန်မှာ တခြားနည်းလမ်းရှာမတွေ့သေးသဖြင့် …………… ……… ~~~~~~~~~~~~~~~~~~~ တစ်ခါကဖြစ်ပါသည် ။ အင်းစိန်လမ်းတလျောက်မောင်းနှင်လာသော ၄၅ ဘတ်စ်ကားသည် လှည်းတန်းမှတ်တိုင်တွင်ထိုးရပ်လိုက်သည် ။ ငပိ ငါးချဉ်သိပ်သလို ကြပ်ညှပ်နေသော ဘတ်စ်ကားအတွင်းမှ လူအုပ်ကြီးသည် လွတ်လပ်ရေးရသည့်နှယ် အလုအယက်တိုးထွက်လာကြသည် ။ ထိုလူအုပ်ထဲတွင် မောင်ဆာမိနှင့် ထိုစဉ်က ရီးဇား(ယ္ခု ဇနီး) ဖြစ်သူတို့လည်းပါလာလေသည် ။ ရှေ့မှ လမ်းရှင်း၍ တိုးထွက်နေသော မောင်ဆာမိသည် နှေးတုန့်တုန့်ဖြစ်နေသော ချစ်လှစွာသော မဟေသီအလောင်းအလျာအား လက်ကိုအတင်းဆွဲလျှက် တိုးထွက်လိုက်ပါတော့သည် ။ […]