တစ်နေ့ ကျွနု်ုပ်သူရဇော်သည် အလုပ်အကိုင်များအဆင်မပြေခြင်း၊ ဇနီးမယားမှာ လင်ငယ်နေခြင်း၊ ဓနဥစ္စာများအပိုင်စည်းခံရခြင်းစသော ဘေးဒုက္ခအရပ်ရပ်ကို ခါးစည်း၊ ရင်စည်းခံပြီးနောက်

အလုပ်အကိုင်မယ်မယ်ရရမရှိသည်ဖြစ်သောကြောင့် ကြုံရာကျဘန်းလုပ်ကိုင်စားသောက်ရင်း နာမည်ကျော်စုံထောက်ကြီးအောင်တိုက်နှင့် အလုံဆိပ်ကမ်းတစ်နေရာတွင် စုံစည်းမိကြသည်….

 

အောင်တိုက် ။             ။ ကိုသူရ၊ ခင်ဗျား စိတ်ဓာတ်ကျတယ်ဆိုပြီး စာတွေလဲဆက်မရေး၊ အရက်ကိုအဖော်ပြုလို့ ဒီလိုကုန်စိမ်းထမ်းလိုက်     အရက်သောက်လိုက်လုပ်နေလို့ ခင်ဗျားဖြစ်မလား

သူရဇော် ။                ။ ကိုအောင်တိုက်ရယ်…ခင်ဗျားနဲ့ ဂျာနယ်တိုက်မှာ နှစ်ခါသုံးခါပဲ ဆုံဖူးပေမယ့် ကျုပ်အဖို့တော့ ငယ်ပေါင်းလိုကို ခင်မင်မိပါတယ်…

ဒါပေမယ့်ဗျာ ကံကြမ္မာက ကျွန်တော့်ကို လှိုင်းတံပိုးတင်မကဘူး၊ မုန်တိုင်းပါတိုက်ချလိုက်တာဆိုတော့….

အောင်တိုက် ။           ။ ဒီမှာ ကိုသူရ ကျုပ်တို့မြန်မာလူမျိုးတွေက တစ်ခုခုဆို ကံကြမ္မာဆိုတဲ့ မမြင်ရတဲ့ဟာကြီးကိုပဲဆွဲထည့်နေကြတော့တာပဲ…

တကယ်တော့ ကံကြမ္မာဆိုတာ အလုပ်ပဲဗျ…ကိုယ်လုပ်တဲ့အလုပ်ရဲ့ အကျိုးကိုပဲခံစားရတာ…အခုချက်ချင်းခံစားရတာနဲ့

ဘ၀ခြားပြီးမှခံစားရတာပဲကွာတယ်…

ကဲဗျာ…မှုခင်းဂျာနယ်တွေမှာ စာရေးကောင်းတဲ့ခင်ဗျားကို ကျွန်တော့အလုပ်အတွက် မှတ်တမ်းရေးဖို့နဲ့ တိုင်ပင်ဖော်တိုင်ပင်ဖက်

အလုပ်ပေးမယ်… ကုန်လဲမထမ်းနဲ့တော့…အရက်ကိုလဲကြိုးစားပြီး ဖြတ်နိုင်အောင်ဖြတ်ဗျာ…ကျွန်တော်နေတဲ့အိမ်မှာ

ခင်ဗျားအတူလာနေဗျာ…တိုင်ပင်ဖော်ရတာပေါ့…

သူရဇော် ။            ။ ကျေးဇူးကြီးပါပေဗျာ…ကိုအောင်တိုက်ရယ်…

 

ကိုအောင်တိုက်ဆိုတာ မြန်မာနိုင်ငံ စုံထောက်လောကမှာ နာမည်ကြီးအလွတ်စုံထောက်တစ်ဦးဖြစ်ပြီး၊ ကြံခိုင်သန်မာသော ကိုယ်ခန္ဓာကြံခိုင်မှုနဲ့ ယောင်္ကျားပီသသော အရပ်အမောင်း၊ မြင်မြင်ခြင်းလူတစ်ဦးတစ်ယောက်မှ ယုံကြည်ကိုးစားခြင်းခံရလောက်သော ပင်ကိုယ်အရည်အသွေးများနှင့်ပြည့်စုံပြီး၊ အမှုတိုင်းကို ဥပဒေအတိုင်းဆောင်ရွက်ခြင်းထက်

မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် မှန်သည်ထင်လျှင် တရားခံပင်ဖြစ်လင့်ကစား၊ အကာအကွယ်ပေးတတ်သောကြောင့် လူအများယုံကြည်ကိုးစားကြသော အလွတ်စုံထောက်တစ်ဦးဖြစ်ပါသည်။ ထိုသို့ နာမည်ကြီးခြင်း၊ အမှုအခင်းစုံစမ်းရာတွင် တိကျမှန်ကန်ခြင်း၊ စေ့စပ်ခြင်းဟူသော အရည်အချင်းများကြောင့် ရန်ကုန် စီအိုင်ဒီမှ လွန်စွာမနာလိုခြင်းခံရသော စုံထောက်တစ်ဦးဖြစ်ပြီး၊ မကြာခံ ချောက်ချခြင်းခံရသော်လည်း၊ မခိုင်လုံသောကြောင့် လွတ်နေသည်ချည်းသာဖြစ်၏…

တစ်မနက် ကိုအောင်တိုက်နှင့်ကျွန်တော် သုံးပန်လှ လက်ဘက်ရည်ဆိုင်တွင်…ချိုပေါ့တစ်ခွက်စီနှင့် ငါးအသားလုံးကြော်လွေးနေခိုက်…

အသက်(၅၀)ခန့်ရှိသော အမျိုးသမီးကြီးတစ်ဦးသည် ဆိုင်အတွင်းသို့ ခပ်သုပ်သုပ်ခြေလှမ်းဖြင့်ဝင်လာပြီး….

 

အမျိုးသမီးကြီး ။        ။ ဆရာကိုအောင်တိုက် မဟုတ်လား….

အောင်တိုက်   ။          ။ ဟုတ်ပါတယ်…ဘာကိစ္စရှိလို့ပါလဲ….

အမျိုးသမီးကြီး ။        ။ ဆရာ့ကို ကျွန်မရဲ့သခင်မလေးက တွေ့ချင်ရှာလွန်းလို့ ဆရာ့ကို ဖိတ်ခိုင်းလိုက်ပါတယ်….ပြောပြောဆိုဆိုဖြင့်

လိပ်စာကဒ်လေးတစ်ကဒ်ကို ထုတ်ပေးရင်း….

အမျိုးသမီးကြီး ။        ။ သခင်မလေးက ဆရာနဲ့ နှစ်ယောက်ခြင်းဆွေးနွေးဖို့ ဆန္ဒရှိနေပါတယ်…ဆရာ့ရဲ့ အကျိုးတော်ဆောင်ခအနေနဲ့လဲ

တစ်ပြားတစ်ချပ်မှမလျော့စေရပါဘူးလို့မှာလိုက်ပါတယ်…. အချိန်သိပ်မရလို့ ကျွန်မကိုတော့ ခွင့်ပြုပါဦးဆရာ….

ခပ်သုတ်သုတ်ဆိုင်အတွင်းမှ ထွက်ခွာသွားပြီး ဆိုင်ရှေ့လမ်းတွင်ဖြတ်သွားသော Taxi တစ်စီးကို ဈေးပင်မဆစ်နိုင်ပဲ

တက်ကာထွက်ခွာသွားပါသည်… အမျိုးသမီးကြီးထွက်ခွာသွားတော့မှ ပေးခဲ့တဲ့ လိပ်စာကဒ်လေးကို ဖတ်ကြည့်လိုက်ရာ….

 

အငြိမ်မင်းသမီး ယူနီဗာစတီဆူးခက်

ဆူးဝင်နီခြံ

အမှတ် (၁၄၅)၊ သံလွင်လမ်း၊ ကမာရွတ်မြို့နယ်၊

ရန်ကုန်၊ မြန်မာနိုင်ငံ။

 

အောင်တိုက် ။          ။ ဘယ်လိုလဲ ကိုသူရ၊ မင်းသမီးဆူးခက်ကိုယ်တိုင် ဖိတ်ကြားရတယ်ဆိုတော့ ခင်ဗျားစိတ်လှုပ်ရှားသွားလား….

ကျုပ်သိသလောက်တော့ မင်းသမီးဆူးခက်က ပြည်တွင်း၊ ပြည်ပနဲ့နိုင်ငံရေးအသိုင်းအ၀ိုင်းကိုပါ ၀င်ဆန့်တဲ့မင်းသမီး

သူကိုယ်တိုင်က ကျုပ်ကိုတွေ့ချင်တယ်ဆိုတော့ မထူးခြားပဲကို မနေဘူး…

ကဲသွားကြရအောင် ကိုသူရရေ….

 

ကိုအောင်တိုက်၏ ချယ်ရီကျူကျူကားလေးအားမောင်းပြီး ဆူးဝင်နီခြံကြီးရှိရာသို့ ထွက်ခွာလာခဲ့တော့သည်…..

ဆူးဝန်နီခြံသို့အရောက်…ဒရ၀မ်မှာ ခြံတံခါးကို အသင့်ဖွင့်ပေးပြီး၊ ခဏနေက တွေ့ခဲ့သောအမျိုးသမီးကြီးမှ ဧည့်ခန်းအတွင်းထိုင်စေပြီး စကားစပြောပါတယ်…

 

အမျိုးသမီးကြီး ။       ။ ဆရာ သခင်မလေးက စာဖတ်ခန်းထဲမှာ စောင့်နေပါတယ်…ဆရာတစ်ဦးထည်းတွေ့မယ်လို့ မှာကြားထားပါတယ်…

အောင်တိုက် ။           ။ ခင်ဗျားတို့ သခင်မလေးကို ပြောလိုက်ပါ…သူရက ကျွန်တော့အသက်နဲ့လဲပြီးယုံကြည်ရတဲ့လူတစ်ယောက်မို့ သူ့ကိုမယုံကြည်ခြင်းဟာ

ကျွန်တော့ကိုမယုံကြည်ခြင်းဖြစ်တယ်…တကယ်လို့ ဒီကိစ္စကို လက်မခံနိုင်ဘူးဆိုရင်…ကျွန်တော်အခုထပြန်ပါ့မယ်…

 

ကိုအောင်တိုက်စကားအဆုံး အမျိုးသမီးကြီးမှ စာဖတ်ခန်းဟုထင်ရသော အခန်းသို့ ၀င်သွားပြီး သူမ၏သခင်မထံ အကြောင်းကြားဟန်တူပါသည်။ ယခုကဲ့သို့ ခေတ်ကြပ်ကြီးထဲတွင် အစေခံ၊ မာလီ နှင့်နေနိုင်သော မင်းသမီးဆူးခက်၏ ချမ်းသာကြွယ်ဝမှုမှာ အတိုင်းမသိများပြားကြောင်း ခန့်မှန်းနိုင်ပါသည်…။

ခဏအကြာတွင် အမျိုးသမီးကြီးမှာ အခန်းအတွင်းမှ ပြန်ထွက်လာပြီး ကျွန်တော်တို့ (၂)ဦးအား အခန်းအတွင်းသို့ ၀င်စေပါသည်…

အခန်းထဲတွင် Cold Water ရေမွှေးရနံ့လေးများကို ရရှိနေပြီး စားပွဲပေါ်တွင် စာရွက်လေးတစ်ရွက်၊ ဓားမြှောင်သေးသေးလေးတစ်ချောင်းနှင့်

စိတ်ပျက်လက်ပျက်ဆုံလည်ကုလားထိုင်ပေါ်တွင် ထိုင်နေသော မင်းသမီးဆူးခက်အား တွေ့ရှိရပေသည်…

 

ဆူးခက် ။             ။ ဆရာအောင်တိုက် ကျွန်မ ဆရာ့ကို အားကိုးတကြီးနဲ့ ပင့်လိုက်တယ်…အခုလိုလာပေးတဲ့အတွက်လဲ အတိုင်းမသိဝမ်းသာတယ်…

ဆရာနဲ့အတူလာတဲ့ ကိုသူရကိုလဲ ကျွန်မပြဿနာအတွက် နှုတ်လုံစိတ်ချရမယ်လို့လဲ မျှော်လင့်ပါတယ်…

အခု ကျွန်မကြုံနေရတဲ့အချက်က ဒီစာကြောင့်ပါပဲ

ကိုအောင်တိုက်က စာကိုယူဖတ်ပြီးနောက် တစ်စုံတရာကို လေးလေးနက်နက်စဉ်းစားဟန်ပြုပြီး…စာရွက်ကို ကျွန်တော့လက်သို့လွှဲပေးလိုက်ပါသည်…

စာတွင်ရေးထားသည်ကတော့…..

 

မင်းသမီးဆူး…

ကံကြမ္မာအလှည့်ပြန်လာပြီ…

မင်းရဲ့သွေးနဲ့ အသက်ကိုဖက်နဲ့ထုတ်ထား…

ပတ္တမြားကို မပေးရင်…ဘ၀တစ်ပါးကိုပြောင်းပစ်ပေးမယ်….

ကြောင်ဝတုတ်ဂိုဏ်း

 

ဆူးခက် ။           ။ လွန်ခဲ့တဲ့ (၂)ရက်လောက်က လူတစ်ယောက်လာပြီး ကျွန်မဆီအဲဒီစာနဲ့ ဒီဓားမြှောင်သေးသေးလေးကို ပို့ခိုင်းပါတယ်…

လာပို့တဲ့ လူကတော့ ပိုက်ဆံရလို့လာပို့တဲ့ အမှိုက်ကောက်သမားပါ…

လာပို့တဲ့လူပြောချက်အရတော့ အရပ်ရှည်ရှည် ပိန်ပိန်နှာခေါင်းချွန်ချွန် မျက်မှန်တဲ့လူလို့သိရလို့ချက်ချင်းကားနဲ့ထွက်လိုက်တော့

စာပို့တဲ့လူကိုတွေ့ပါတယ်…

သူက သေနတ်ထုတ်ပြပြီးပြောသွာတာက…ကြောင်ဝတုတ်ဂိုဏ်းကို အံမတုနဲ့ ပေးစရာရှိတာ လိမ်လိမ်မာမာနဲ့ပေးလိုက်….

ကျုပ်နာမည်လဲမှတ်ထား…အမတ်မင်းတဲ့…

ကျွန်မကလဲအငြိမ့်မင်းသမီးဆိုတော့ ဒီသတင်းတွေအပြင်မထွက်ချင်တာတစ်ကြောင်း၊ ရဲကိုလဲ မယုံကြည်ရဲတာကြောင့်

ဆရာ့ကိုခေါ်တိုင်ပင်တာပါ…မီဒီယာကဖွမှာကိုလဲမလိုလားဘူးလေ…

 

အောင်တိုက် ။            ။  အဲဒါကတော့ တော်တော်ထူးဆန်းနေပြီ…

အစကတည်းက မသိစေချင်လို့ တခြားလူနဲ့ ပို့ခိုင်းရင် သူကစောင့်နေစရာမလိုဘူးလေ…

အခုကျတော့ လုပ်ပုံကိုင်ပုံက တော်တော်ပိရိပြီး သွေးအေးမယ့်ပုံပဲ….ဒါနဲ့ အဲဒီ အမတ်မင်းဆိုတဲ့လူကိုရော အခုတွေ့ရင်မှတ်မိပါ့မလား

ဆူးခက် ။                 ။  မှတ်မိပါတယ်ဆရာ…ဒါပေမယ့် သူတို့ ပြောတဲ့ပတ္တမြားဆိုတာလဲ ကျွန်မမသိသလို၊ ကြောင်ဝတုတ်ဂိုဏ်းနဲ့လဲ

ကျွန်မအဆက်အသွယ်မရှိခဲ့ဘူးလေ…

 

အောင်တိုက် ။           ။ ဒါကတော့ မဆူး ကျွန်တော်တို့ ကြိုးစားပြီး အဖြေရှာကြရမှာပေါ့…မဆူးအနေနဲ့လဲ သတိရရင်ရသလို အကြောင်းအရာလေးတွေကို

မကွယ်မ၀ှက်ပဲပြောပေါ့… ကိစ္စအကြောင်းကြီးငယ်ရှိရင် ကျွန်တော့ဖုန်းကို ဆက်ပြီးပြောနိုင်ပါတယ်…အခုတော့ ကျွန်တော့်ကိုခွင့်ပြုပါဦး

ဒီဓားမြှောင်လေးနဲ့ စာကိုတော့ ယူသွားခွင့်ပြုပါ….တစ်ရက် (၂)ရက်အတွင်း…အကြောင်းတစ်ခုခုပြန်ပါ့မယ်….

 

ကျွန်တော်တို့ နှစ်ယောက် ဆူးဝင်နီခြံကြီးမှ ပြန်လည်ထွက်ခွာပြီးနောက်…

အောင်တိုက် ။         ။ ကိုသူရ…ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ဖက်မောင်းဗျာ…စာကြည့်တိုက်ထဲဝင်ရအောင်….

သူရ ။           ။ ကိုအောင်တိုက်ကတော့ နောက်ပြီ…စာကြည့်တိုက်ပိတ်ထားတယ်လေဗျာ…

အောင်တိုက် ။        ။ မပူပါနဲ့ ကိုသူရရယ်…ကျွန်တော့မှာ ငွေဆိုတဲ့ သော့လေးရှိပါတယ်…

 

ဆက်ရန်….

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...