ကြားဖြတ်ရွေးကောက်ပွဲမှာ အမေစုနဲ့ NLD အောင်ပွဲခံသွားတာကို ထိုင်ကြည့်ပြီး ပျော်နေတဲ့စိတ်ကလေးတွေ ကို
ထပ်ပြီးပျော်စေချင်တဲ့စိတ်နဲ့ ပျော်စရာလေးတွေ ရှောက်ရေးထားပါတယ်ဗျာ။ ဖတ်ကြည့်ပါ။

ရှက်တတ်ရင်
ဆက်မဖတ်နဲ့တော့ ကျောင်းအစ်မ ရယ်
။ အလဲ့ … ကာရန်တောင် ငြိနေသေး ဟေးဟေး။
ဘာမှမဟုတ်ပါဘူး။ အပျော်သဘောနဲ့ ရေးထားတာပါ။ ပေါ့ပေါ့ပါးပါးပဲ ဖတ်ပေးပြီး မေ့လိုက်ပေးပါ။
အင်္ဂလိပ်လို ခေါ်တော့ Kiss ၊
ကလေးတွေအတွက်သုံးတော့ အာဘွား။
ကိုးရီးယားကားတွေမှာ ဘာသာပြန်ဆရာတွေက ပြန်ထားတာတော့ အကြင်နာပေးသတဲ့။ ဟေးဟေး။
မြန်မာလို ခပ်လွယ်လွယ်ပြောရရင်တော့ အနမ်း ပေါ့ဗျာ။ အဲဒီ အနမ်း အကြောင်း ပြောမလို့ဗျ။
အဲဒါကြောင့်ပြောတာပေါ့။ ရှက်တတ်ရင် ဆက်မဖတ်ပါနဲ့ ။
မကြာခင်ကပဲ ကြားလာရတာက မြန်မာရုပ်ရှင်လောက ဆင်ဆာတွေ လျှော့ပေးတော့မယ် ဘာညာပေါ့ဗျာ။ အဲဒီမှာ အနမ်းတွေကိုလည်း ခွင့်ပြုတော့မယ်ဆိုလား နားစွန်နားဖျားကြားလိုက်ရတာပါ။ အဲဒီမှာပဲ ဆင်ဆာတွေက ဘယ်နေမှန်းမသိသေးဘူး မင်းသမီးတွေ မင်းသားတွေရဲ့ အသံတွေ၊ ဒါရိုက်တာတချို့ရဲ့ အသံတွေကို အင်တာဗျူးလုပ်ပြီး တူးဆွလာလိုက်ကြတာ မျက်စိကိုနောက်ရောဗျာ။ နမ်းတာလေးများ ဘာဆန်းသလဲ ဟုတ်စ။ ပါးလေးကိုနမ်းတာလောက်ကတော့ ကျုပ်တို့ မြန်မာမင်းသမီးတွေ ပါးက အကယ်ဒမီပွဲတွေ မှာ တရွှတ်ရွှတ်နမ်းကြလွန်းလို့ ဘွက်တောင် ပေါက်တော့မယ် ကျောင်းအစ်မရေ။ အခုပြောနေတာက နှုတ်ခမ်း တူ နှုတ်ခမ်းကို ပြောနေတာဗျ။ အာဟိ။ ကဲ မင်းသမီးတွေက ခွင့်ပြုပါ့မလား ဆိုတော့ အဲအဲ ပြောမထွက်ဘူးကွယ် ငြိမ်နေရတယ်။ ဟေးဟေး။ အိုကွယ် မင်းသားတွေလည်း သွေးနဲ့ကိုယ် သားနဲ့ ကိုယ်တွေပါပဲ။ ဒီနေ့အောင်မြင်နေတဲ့ မင်းသားလေးတွေ ဖြစ်တဲ့ ပြေတီဦးတို့၊ လူမင်းတို့၊ မင်းမော်ကွန်းတို့ ဖြိုးငွေစိုးတို့ သူတို့တွေကလည်း အခွင့်အရေးရတိုင်း ယူတတ်ကြရှာသူတွေမှ မဟုတ်ပဲကိုးဗျ။ သူတို့လည်း ရှက်ရှာကြမှာပေါ့။ ဟုတ်ဘူးလား ကျောင်းအစ်မရယ် နော့။ ဟုတ်ပါပြီ။ ဘယ်လောက်အဆင့်နဲ့ နမ်းခွင့်ပြုမလဲ။ အဲဒါလည်း လွှတ်တော်ထဲမှာ ဆွေးနွေးရတဲ့ အဆင့် ရောက်လာဦးမှာ ခင်ဗျားမယုံရင် စောင့်သာကြည့်တော့ ကျောင်းအစ်မရေ။ ထားပါဗျာ။ ဒါက အပြင်မှာ နမ်းပြမှ ပိတ်ကားမှာအရုပ်လာထင်ပြီး ကြည့်တဲ့သူ ဖီလင်ဝင်စေမယ့် ရုပ်ရှင်။ ကျွန်တော်ပြောချင်တာက အကြားနဲ့ နားဆင်ပြီး ဖီလင်ဖြစ်စေမယ့် သီချင်းတွေ အကြောင်းပါ။
အဲဒါကြောင့်ပြောတယ်။ ရှက်တတ်ရင် ဆက်မဖတ်ပါနဲ့လို့…။ ဟေးဟေး။
ကဲ အဲဒီ အနမ်းတွေအကြောင်းပါတဲ့ သီချင်းလေးတွေ အကြောင်း ပြောရအောင်ဗျာ။
သီချင်းရေးသူက အမျိုးမျိုး၊ စာသားတွေကလည်း အမျိုးမျိုး။ အနမ်းတွေကလည်း အမျိုးမျိုး။ ဘယ်သူရေးတဲ့ အနမ်းက လွမ်းလောက်သလဲဆိုတာ ဆန်းစစ်ကြည့်ရအောင် ။ အောင်မယ် ။ ပြောနေတာတော့ အတည်ပေါက်ကြီးဗျို့။ :mrgreen:
မိုက်တယ်နော်၊ မလိမ္မာဘူး။
ပထမ ဆုံး သီချင်းက လူပျိုအဟောင်းကြီး (ဟိုးတုန်းကတော့ လူပျိုဟောင်းလေး မောင်ကိုင်ဇာ ဆိုလား) ကိုကို ကိုင်ဇာရဲ့ ကျောင်းဖွင့်ရင် ဆိုတဲ့ သီချင်းလေးနဲ့ စလိုက်မယ်ဗျာ။ မနိုးပါစေနဲ့ မိုးရယ် ဆိုတဲ့ အခွေလေးထဲမှာ ပါခဲ့ပြီး ကိုင်ဇာ တစ်ခေတ်ဖြစ်ခဲ့တဲ့ သီချင်းလေးပေါ့။ စာသားလေးတွေကိုလည်း နည်းနည်းမြည်းကြည့်လိုက်ဦး။

(ကျောင်းဖွင့်ရင် ကျောင်းရှေ့ကန့်ကော်ရိပ်ထဲ ငြိမ်းချမ်းသော ခုံတန်းလေးမှာ
နှုတ်ခမ်းလေးတွေ အနမ်းစစ်တိုက်မယ်တို့များ အတွေးလေးထဲမှာ ပျော်စရာကွယ်)

ကဲကြည့်။ အဲဒီခေတ်က ဘယ်လိုလုပ်ပြီး ဆင်ဆာလွတ်လာခဲ့သလဲ မပြောတတ်ဘူး။
နှုတ်ခမ်းလေးတွေ အနမ်းစစ်တိုက်မယ် ဆိုတဲ့ စာသားလွတ်လာပုံထောက်ရင် အဲဒီအချိန်က စာပေစိစစ်ရေးက လူကြီးမင်းက ကိုင်ဇာ ပရိသတ်ဖြစ်ဖို့များတယ်ဗျာ။ ရေးထားတာလည်း ကြည့်ဦး။ ပန်းခြံထဲတောင် ခေါ်မသွားတော့ဘူး။ ကျောင်းရှေ့ ကန့်ကော်ရိပ်ထဲက ငြိမ်းချမ်းသောခုံတန်းလေးမှာတဲ့။ ကိုကို ကိုင်ဇာ ကြည့်ရတာ ငယ်ငယ်တုန်းက တော်တော် ကဲခဲ့မယ့် ပုံဗျ။ ဒီဘက်ခေတ်လူငယ်တွေကို ကိုင်ဇာကြီးက သနားတာပေါ့။ သူတို့ခင်ဗျာ ရည်းဇားကို အနမ်းလေးတစ်ပွင့်လောက်ချွေဖို့ ပန်းခြံကို လှည့်ပတ်ခေါ်ရ၊ အင်းလျားကို သွားဖို့ မြှူဆွယ်ရနဲ့။ ကိုင်ဇာကြီးကတော့ ရှင်းရှင်းပဲ။ ကျောင်းရှေ့က ကန့်ကော်ပင်ရိပ်က ခုံတန်းလေးမှာကို အလုပ်ဖြစ်တယ်လေဗျာ။ ဆရာကျလွန်းပါတယ် ကိုကိုကိုင်ဇာ ရယ်။:mrgreen:
ဗီစီဒီ ရိုက်ရင်တော့ နိုဇိုးမိကြီးနဲ့ မိုးဟေကို ကြီးကို တွဲပေးလိုက်ရင် ကွက်တိပဲဗျို့။ :mrgreen:ခင်ဗျာ။ နိုဇိုးမိကြီးအရွယ်က ကျောင်းအုပ်ဆရာအရွယ်ရောက်နေပြီ။ အော် အရိုင်းတောင် တက္ကသိုလ်ကျောင်းသားဖြစ်နေသေးတဲ့ ခေတ်မှာ နိုဇိုးမိကြီးက အလတ်ကြီးရှိပါသေးတယ်ဗျ။ မိတ်ကပ် ဆရာလက်ထဲ တစ်ညလောက်အပ်လိုက်ရင် နိုဇိုးမိ ရဲ့ ရုပ်က ကျောင်းသားလုပ်လို့ ရပါသေးတယ် ကျောင်းအစ်မရဲ့ ။ ဒါရိုက်တာကတော့ ကိုစိန်သော့ ကိုရွေးဗျာ။ သူက အနမ်း စပယ်ရှယ်လစ်တဲ့။ မန္တလေး ကာရာအိုကေဆိုင်တွေက ကောင်မလေးတွေ ပြောကြတာကြားဘူးနေတော့လေ။ :mrgreen:
ဟုတ်ပါပြီ။ ကိုင်ဇာ ရေးတဲ့ အနမ်းကတော့ ဆယ်ကျော်သက်အရွယ်ကျောင်းသားဘ၀ဆိုတော့ ခပ်ကြမ်းကြမ်းပဲ ဗျို့။ နေရာတောင်တစ်ခါတည်းရွေးပေးလိုက်သေးတယ်။ ကျောင်းရှေ့ကန့်ကော်ရိပ်တဲ့။ နိပ်ဟ…။
ကျွန်တော်ထင်ပါတယ်။ အနမ်းသီချင်းတွေထဲမှာ ကိုင်ဇာရဲ့ ကျောင်းဖွင့်ရင် ဆိုတဲ့ သီချင်းက ခေတ်ရှေ့ကိုရောက်နေတဲ့အပြင် အခုခေတ်မှာတောင် ဒီလို အရေးအဖွဲ့မျိုး မတွေ့ဘူးသေးဘူးဆိုတော့ … ချန်ပီယံ ပဲ ဗျို့။
အော် ကိုင်ဇာ ကိုင်ဇာ။ စစ်တိုက်တာတောင် နှုတ်ခမ်းလေးတွေနဲ့ အနမ်းစစ်တိုက်ဦးမှာတဲ့။ လုပ်ပေါ့ဗျာ။
ခင်ဗျား ခေတ်ပဲကိုး။ :mrgreen:
နောက်တစ်ပုဒ်သွားရအောင်ဗျာ။
ဒါလည်း ကိုကို ကိုင်ဇာ သီချင်းပဲဗျ။ ရေးတာကတော့ ကိုဘွဲ့မှူးကြီးရေးခဲ့တာ။ တူနှစ်ကိုယ်တိုင်းပြည်စီးရီး ထဲက ရှေးရှေးတုန်းက ပုံပြင်လေး ဆိုတဲ့ သီချင်းလေးဆို ဘယ်လိုနေမလဲ ကျောင်းအစ်မရေ။ စောဘွဲ့မှူးဆိုတဲ့လူကြီး ပုံကို မြင်ဘူးမှာပေါ့။ ဒါပေမယ့် သူရေးတဲ့ သီချင်းလေးတွေ ဘယ်လောက်နူးညံ့ပြီး အနုပညာအားကောင်းသလဲ ဆိုတာ ဒီသီချင်းကို နားထောင်ကြည့်ပေတော့။

ကြင်နာမှု အထိမ်းအမှတ်အဖြစ် တွယ်တာမှု အထိမ်းအမှတ်အဖြစ် ကေအိုင်အက်စ်အက်စ် ကစ်စ်
ရင်ခုန်မှု အချစ်မှတ်တိုင် တွယ်တာမှုအချစ်မှတ်တိုင် ကေအိုင်အက်စ်အက်စ် ကစ်စ်
နှလုံးသားလေးများ လေထဲလွင့်အောင် ကစ်စ်ကစ်စ်ကစ်စ်
ခွင့်ပြုအမိန့်နဲ့ တံဆိပ်လေး နှိတ်မယ် ကစ်စ်ကစ်စ်ကစ်စ်
နောက်ဘ၀အထိသတိရအောင် ကစ်စ်ကစ်စ်ကစ်စ်
ရည်းဇားဘ၀ရဲ့ အမှတ်အသားလေးတွေ ကစ်စ်… ကစ်စ်

အနမ်းတော့ အနမ်းပဲ ဒါပေမယ့် ဘာစိတ်မှ မပေါက်အောင် ရေးပြသွားတဲ့ အနမ်း။ ယုတ်စွအဆုံး အနမ်းဆိုတဲ့ စကားလုံးလေး တစ်လုံးတောင် ထည့်သုံးမသွားတဲ့ အနမ်း။ မိုက်တယ်နော့။ အနုပညာအားကောင်းလိုက်ပုံကိုပြောပါတယ်။
အဲဒါ စောဘွဲ့မှူး အစစ်ဗျ၊ ကျောင်းအစ်မရ။
အဲဒီသီချင်းလေးကို ဗီစီဒီ ရိုက်ရင် ဒါရိုက်တာ က အင်ဇာဂီ တာဝန်ယူဗျာ။ သရုပ်ဆောင်ကတော့ ပေါက်ဖေါ်နဲ့ ၀တ်မှုန်ရွှေရည်လေးဆို ဘယ်လိုနေမလဲ။ အော် ပေါက်ဖေါ်က ရည်းဇားမထားဖူးလို့ မနမ်းတတ်ပါဘူးဆိုနေရင် ဂီဂီက သဘောပေါက်အောင် သင်ပေးပေါ့ဗျာ။ စိတ်ပါလာရင်လည်း ပေါက်ဖေါ်ကို ဒီလောက်ညံ့လှတဲ့ကောင် မင်းသားလုပ်မစားနဲ့ကွာဆိုပြီး ဖနှောင့်နဲ့ပေါက်ပြီး သရုပ်ဆောင်ဒါရိုက်တာသာ လုပ်ပေတော့ ဂီဂီ ရေ။ ဟေးဟေး။ ကိုယ်လည်း ပရိုဂျူဆာရှိရင် ၀တ်မှုန်ရွှေရည်လေးနဲ့ ဆို အဲဒီလိုအခန်းမျိုးလေး တစ်ခါလောက်…အဲအဲ လေဒီဘလက်ခေါ်နေပြီ လစ်ပြီဗျို့ ဒက်ကလောက်ဒက်ကလောက်။ :mrgreen:

နောက်တစ်ပုဒ်သွားရအောင် ကျောင်းအစ်မရေ။
မကြာခင်လေးကမှ မင်္ဂလာဆောင်သွားတဲ့ (သူလည်း လူပျိုဟောင်းကြီးပဲဗျ) ပုသိမ်သားကြီး ကိုမြင့်မိုးအောင် ရေးပြီး ကျွန်တော်တို့ရဲ့ သျှပ်မှူးကျော် (ကဗျာရေးတဲ့ နာမည်) ခေါ် ကျော်မြင့်လွင် (နာမည်အရင်း) ခေါ် ဘိုးတော် (ကိုသိမ်းတင်သားခေါ်တဲ့နာမည်) ခေါ် ထူးအိမ်သင် ခေါ် ကိုငှက် ဖီလင်အပြည့်နဲ့ ဆိုသွားတဲ့ သီချင်းလေးဗျာ။ စကားလုံး မရှိတဲ့ ကောင်းကင် ။ စာသားလေးတွေ ဘက်လှည့်ရအောင်ဗျာ။

မျက်ဝန်းများနဲ့ နမ်းပါ
အချိုဆုံးအနမ်းထက် ပိုပြီး သန့်စဉ်မယ်
ဒီလို နမ်းလိုက်တိုင်းပဲ ချစ်အနမ်းများထက် အမြဲတမ်းမွှေးပျံ့မယ်
ဒါ မင်းအတွက် အိပ်မက်များရဲ့ အကြင်နာ ဘာသာစကား

ကဲ ကိုမြင့်မိုး ရေးထားတဲ့ အနမ်းက အရသာတစ်မျိုးမရဘူးလား ကျောင်းအစ်မရေ။
မျက်ဝန်းများနဲ့ နမ်းပါတဲ့။
မင်္ဂလာဦးညမှာတော့ သတို့သမီးကို မျက်ဝန်းများနဲ့ သွားမနမ်းနဲ့ဦး ကိုမြင့်မိုးရေ။ ကိုယ်က သတို့သမီး ကို မျက်ဝန်းတွေနဲ့နမ်းပြီး ဖီလင်တွေဝင်နေတုန်း သတို့သမီးက အဓိပ္ပာယ်ကောက်လွဲပြီး ဒီလူကြီး ငါ့ကို ကြည့်တဲ့ မျက်လုံးကြီးတွေက ကြောက်စရာကြီးဆိုပြီး မိဘအိမ်ပြန်ပြေးသွားမှ ခက်နေမယ်ဗျ။ ဟေးဟေး။ :mrgreen:
ဒီလောက်တော့ ဝေးမယ်မထင်ပါဘူးဗျာ။
ဒီသီချင်းကိုတော့ ကိုနေ၀န်းနီ ကြီး နဲ့ စိုးပြည့်သဇင်လေးတွဲပေးလိုက်ရင် ဘယ်လိုနေမလဲ ကျောင်းအစ်မရေ။ ဒါရိုက်တာကိုတော့ မန္တလေးက ကိုပေါက်ကြီးကို ရိုက်ခိုင်းမယ်ဗျာ။ ကဗျာဆန်ဆန်ရိုက်ရမယ်ဆိုတော့ ကိုပေါက်ကြီးနဲ့ ကွက်တိပဲ။ အော် လက်ရှိ ဒါရိုက်တာလုပ်စားနေတဲ့ ကိုပေါက်လောက်ကတော့ ကျွန်တော် တို့ မန္တလေးသားကြီးကိုပေါက်က သနားသေး။ ဟေးဟေး။ မင်းသားက မင်းသမီးကို မျက်ဝန်းများနဲ့ နမ်းရမှာဆိုတော့ ကိုနေကြီးကို ကြိုက်သလောက်သာ နမ်းခိုင်းပေတော့ ကိုပေါက်ရေ။ ကဗျာဆရာနဲ့ ကဗျာဆန်ဆန်အနမ်း အင်း… အထာတော့ ကျနေပြီ ဗျို့။ :mrgreen:

နောက်တစ်ပုဒ် သွားကြည့်ရအောင်ဗျာ။
မြင့်သွင် (နမ္မတူ) ရေးပြီး ကိုခိုင်ထူးကြီး ဆိုခဲ့တဲ့ ရွှေလည်တိုင်သီချင်းလေးဆို ဘယ့်နှယ့်လဲဗျကျောင်းအစ်မ။
အဲဒီသီချင်းကလည်း ရာဇ၀င်လေးနဲ့ဗျ။ မှတ်မိသလောက် ပွားလိုက်ဦးမယ်။ အာဟိ…။ :mrgreen:
ခိုင်ထူးက ကိုယ်ပိုင်သံစဉ်တွေပဲ အမြဲဆိုတဲ့ အဆိုတော်ပါ။ အဲဒီ ရွှေလည်တိုင် အခွေကလည်း ကိုယ်ပိုင်သံစဉ် ဆိုပြီး ကြော်ငြာခဲ့တဲ့ အခွေပါ။ ဖြစ်ချင်တော့ စီးရီးတိုင်တည် သီချင်း အဲဒီ ရွှေလည်တိုင် ဆိုတဲ့ သီချင်းက ကော်ပီသီချင်းဖြစ်နေတယ်ဗျာ။ စီးရီးထွက်သွားတဲ့အထိ အဆိုတော်ခိုင်ထူးကိုယ်တိုင် မသိခဲ့ဘူးဗျ။ နောက်မှ လူတွေက ပြောလာကြတော့မှ တေးရေးကို မေးရတော့တာပေါ့။ တေးရေးကလည်း ရန်ကုန်နဲ့ မနီးတဲ့နေရာကဆိုတော့ သီချင်းလေးကို ရေးပြီး တိပ်ခွေလေးထဲ ဂစ်တာလေးနဲ့ အသံအကြမ်းသွင်း စာသားလေးရေးပြီး ရန်ကုန်ကို ပို့လိုက်တာဆိုတော့ ကော်ပီတေးဆိုတာ မပြောလိုက်မိဘူးတဲ့။ အဲဒါကို ခိုင်ထူးကြီးက နားထောင်ပြီး ကြိုက်တော့ အခွေထဲထည့်ဆိုလိုက်တာပေါ့ဗျာ။ စီးရီးထွက်သွားပြီးတော့ မှ ရွှေလည်တိုင် ဆိုတဲ့ သီချင်းက ကော်ပီသီချင်းမှန်းသိကြတာ။ ဆိုတော့ ဒါမျိုးကြီးတွေ ဖြစ်တတ်တယ် ဆိုတာလေး ဒီဘက်ခေတ်လူငယ်တွေ ကို ဗဟုသုတအဖြစ် ပြန်ပြောပြတာပါဗျာ။ စာသားလေးတွေကတော့ သိပြီးဖြစ်နေကြမယ်ဆိုပေမယ့် နည်းနည်းလေး ရေးပြချင်သေးတယ်ဗျာ။

ရွှေလည်တိုင်ကိုကွယ် အနမ်းလေး ပေးစဉ်ဝယ်
ရင်ခုန်စရာ သနပ်ခါးနံ့လေးတွေနဲ့ ရင်ခွင်ကြားမှာ ခေါင်းလေးငုံ့ကာ
ရှက်ပြုံးလေး ပြုံးနေခဲ့သူရယ်…

သူက ဇာတ်လမ်းလေးပါပြီးသားဗျ။
နှစ်ယောက်အတူတူ ချိန်းတဲ့ ချစ်ရိပ်မြုံလေးဝယ်
ဆိုတာပါပြီးသားဆိုတော့ ညဖက်ချိန်းတွေ့တဲ့အခန်းရိုက်ရုံပေါ့။ အဲဒါမျိုးကျတော့ ဒါရိုက်တာက လူငယ်တစ်ယောက်ကို တာဝန်ပေးမှ ရမယ်ဆိုတော့ M လုလင်လေး သွားသတိရတယ်။ သရုပ်ဆောင်တာကျတော့ ကျွန်တော်တို့ရွာသူ တွေထဲက တစ်ယောက်ယောက်နဲ့ အောင်ရဲလင်းလေးကိုတွဲပေးလိုက်ရင် ဘယ်လိုနေမလဲဗျ ကျောင်းအစ်မ။ ရွာထဲက ရွာသားတွေချည်းပဲ မင်းသားလုပ်နိုင်တာ မဟုတ်ဘူး၊ ရွာသူတွေလည်း မင်းသမီးလုပ်နိုင်ကြောင်းလေး ဟေးဟေး။ အစ်မ မခင်လတ်တို့ မမတို့ မဝေတို့ မဆူးတို့ မယ်ပုခ်ျ တို့။ ရွာ့အချောအလှတွေ အများကြီးဗျာ။ ညီလေး ပဲ ရွေးပေတော့။ အာဟိ။ ညီလေး M လုလင်ရေ အဲဒီသီချင်းကိုတော့ ဦးဘလက် ၀င်မစွက်ဖက်တော့ပါဘူး။ ညီလေး စိတ်ကြိုက်သာ ရိုက်ပေတော့ဗျာ။ မင်းသမီးအဖြစ် သရုပ်ဆောင်မယ့် ရွာသူတွေ က ပါးရိုက်ကြမ်းတယ်ဆိုတာလေးတော့ အောင်ရဲလင်းကို ကြိုပြောထားလိုက်ဦးနော့။ ဟေးဟေး။ :mrgreen:
ကျန်ခဲ့တော့မလို့ဗျို့။ ဒီသီချင်းက သူကြီးမှာလည်း ဇာတ်လမ်းရှိခဲ့ပုံရတယ်ဗျ။ ခိုင်ခိုင့်ရဲ့ သနပ်ခါးပို့စ်မှာ ဒီသီချင်းနဲ့ ကွန်းမန့်ရေးသွားတာ အကျအနပါပဲ ဗျာ။ သူကြီးရေ။ သက်ကြီးစကားသက်ငယ်ကြား ဇာတ်လမ်းလေးတွေ ရှိခဲ့ရင် ပြောပြဦးနော့…။ ခေါင်းစဉ်ကိုတော့ သူကြီးနှင့် သူ၏ အနမ်းများလို့ပေး။ အထာတော့ ကျနေပြီဗျာ။ အရဂါး နောက်ထှာ…။
ကဲ နောက်ဆုံးတစ်ပုဒ်ကို သွားရအောင်ဗျာ။
ပလေးဘွိုင်းသန်းနိုင် ကတော် ဒေါ်ပုလဲကြီး ဆိုထားခဲ့တဲ့ ဘတ်စ်ကားထဲမှာ သူဆိုးတယ် ဆိုတဲ့ သီချင်းလေး။ ရေးသူအမည်ကတော့ တကယ်ကို မသိတော့လို့ သိသူများရှိရင် လွတ်လွတ်လပ်လပ်ဝင်ပွားလို့ရပါတယ်ခင်ဗျာ။ စာသားလေးတွေကလည်း အခုခေတ်စားနေတဲ့ အမျိုးသမီးတွေ ၀စီမှုတ်ရမယ့် ကိစ္စမျိုးကြီးဗျ။ စာသားလေး နည်းနည်း ဖတ်ကြည့်ဗျာ။

လူတွေကြပ်တော့ သူအပိုင်ပဲ၊ ချောင်အမှောင်လေးထဲ တော်တော်ကဲ… ၊ သူခိုးကာနမ်းတယ်၊
လက်ကလေးများကိုလည်း ဆုပ်ထားလိုက်တာအမြဲ၊ ဘတ်စ်ကားထဲမှာ ဆိုးတယ်

တဲ့ ကျောင်းအစ်မရေ။ ဘတ်စ်ကားထဲမှာ ဆိုးကြတာ အခုခေတ် မှ မဟုတ်ပါဘူးဗျ။ ကိုသန်းနိုင်တို့ ဒေါ်ပုလဲတို့ ခေတ်ကတည်းက ဆိုးကြတာပါ။ အခုကျမှ ဘတ်စ်ကားထဲမှာ ဆိုးတယ်ဆိုပြီး ၀စီမှုတ်ကြမယ်ဆိုတာကတော့ မတရားဘူး ထင်ပါတယ်။ စဉ်းစားစရာကောင်းတာက ဒေါ်ပုလဲတို့ခေတ်က ဘတ်စ်ကားစီးကြတဲ့ အမျိုးသမီးတွေက အခုခေတ်အမျိုးသမီးတွေထက် သဘောထားပိုကြီးနေသလားပေါ့။ ကြည့်လေ။ ဘတ်စ်ကားထဲမှာဆိုးတာကို ၀စီမမှုတ်ပဲနဲ့ သီချင်းတောင်လုပ်ဆိုနေသေးဗျာ။ အာဟိ။ :mrgreen:
ဟုတ်ပါပြီဗျာ။
ဒီသီချင်းကတော့ မင်းသား ကို ရွာသားတွေထဲက တစ်ယောက်ရွေးဗျာ။ ဖက်တီးကက်တို့ အမတ်မင်းတို့ ရွှေတိုက်စိုးတို့ ဆိုရင် ဘတ်စ်ကားထဲမှာ ဆိုးလေ့ဆိုးထရှိတဲ့ ဥပဓိရုပ်ပိုင်ရှင်တွေပဲဗျ။ မန္တလေးက မောင်ပေလည်း ထည့်စဉ်းစားပေါ့ဗျာ။ ကောင်မလေး နေရာကတော့ ခရစ္စတီးနားလေး မကောင်းဘူးလားဗျ။ ဒါရိုက်တာကတော့ ကိုအောင် က တာဝန်ယူဗျာ။ ဘတ်စ်ကားငှားရိုက်မယ်ဆိုရင် အမျိုးသမီးသီးသန့်ကားလည်း မငှားမိစေနဲ့ဦးဗျို့။ :mrgreen:
ကဲ ကျောင်းအစ်မ။
ကျွန်တော် လျှောက်ပြောသွားတဲ့ မတူညီတဲ့ အနမ်း သီချင်းလေးတွေ အကြောင်းဖတ်ပြီး ကွန်းမန့်လေးတော့ ချီးမြှင့်သွားပါဦး။ တော်ကြာ ရှက်ပြီး ကွန်းမန့်မပေးခဲ့ရင် ကျွန်တော်လျှောက်ရေးထားတာလေး အလကားဖြစ်သွားမှာ စိုးလို့ပါ။ ခင်ဗျားသိထားတဲ့ အနမ်းသီချင်းလေးတွေကိုလည်း ပြောပြပေးခဲ့ပါဦး။
စကားအတင်းစပ်လိုက်ဦးမယ်ဗျို့။ အာဟိ။
အနမ်းမပါပေမယ့် အယ်လ်ခွန်းရီဆိုခဲ့တဲ့ ရည်းဇားဓါးပြဆိုတဲ့ သီချင်းလေးတော့ ထည့်ပြောချင်သေးတာဗျ။

အပြာရောင်အခန်းလေးထဲမှာ
အသည်းကို ဓါးပြတိုက်လုယူသွားတဲ့ ချစ်ဓါးပြလေး

သီချင်းရေးဆရာ သုံးသွားတဲ့ နိမိတ်ပုံလေးတွေ သဘောကျမိတာပါဗျာ။
အခန်းက အပြာရောင်အခန်းတဲ့။
ဓါးပြတိုက်သွားတာကလည်း အသည်းကိုတဲ့။
ဓါးပြတောင်မှ ချစ်ဓါးပြတဲ့။

ဇွတ်ကြီးကို ခိုက်နေတော့တာပဲ ဗျို့။
ဘာရယ်မဟုတ်ပါဘူး။ အပျော်သဘောလေး ရေးလိုက်တာပါ။
သီချင်းတွေအကြောင်းပြောချင်တာ သက်သက်ပါ။
ဒါလေးဖတ်ပြီး ခင်ဗျားစိတ်ထဲ ပေါ့ပါးလန်းဆန်းသွားမယ်ဆိုရင် ကျွန်တော်ရေးရကြိုးနပ်ပြီပေါ့။
ရိုင်းသွားခဲ့ရင် ခွင့်လွှတ်ပေးကြပါ။
လေးစားစွာဖြင့်
ဗရမ်းဗတာ တွေလျှောက်လျှောက်ရေးတဲ့
အနမ်းဆရာ ဘလက်။ :mrgreen:

NLD ကို ဂုဏ်ပြုခြင်း

ဘယ်လိုပဲဖြစ်ဖြစ်ပါ
နောက်ဆုံးမှာတော့
အမှန်တရားကသာ
အနိုင်ရမြဲ ဆိုတာ
အသည်းစွဲအောင် မှတ်ထားပါ။
ဘလက်ချော

ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ ရလာဒ်တွေကို အားလုံးသိပြီးဖြစ်မှာပါ။
ရွေးကောက်ပွဲကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတဲ့ မဲဆန္ဒနယ် ၄၅ နေရာအနက် မဲဆန္ဒနယ် ၄၀မှာ NLD က အနိုင်ရကြောင်း တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကျန်တဲ့ ၅ နေရာအတွက်ကတော့ အနိုင်အရှုံးအကြေညာနိုင်သေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် NLD ကတော့ မဲဆန္ဒနယ် ၄၃ ခုကို အနိုင်ရရှိထားတယ်လို့ တရားဝင် ထုတ်ပြန်ပြောဆိုထားပါသတဲ့ ဗျာ။
သတိပေးချင်တာက ဒါ ပန်းတိုင်မဟုတ်သေးဘူးဆိုတာလေးပါ။ ပန်းတိုင်မရောက်ခင် တက်မထောင်ကြဖို့ သတိပေးချင်ပါတယ်ဗျာ။ ရွေးကောက်ခံထားရပြီဖြစ်တဲ့ NLD လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့လည်း ကိုယ့်ကို ရွေးခြယ်ပေးကြတဲ့ ပြည်သူလူထု အမှန်တကယ် အားကိုးအားထားပြုထိုက်တဲ့ ပုဂ္ဂိုလ်တွေဖြစ်ကြောင်း အလုပ်လုပ်ပြကြဖို့ တိုက်တွန်းပါရစေ။ ဒါမှသာ လာမယ့် အဓိက ရွေးကောက်ပွဲကြီးမှာ အောင်ပွဲဆင်နိုင်မယ်ဆိုတဲ့အကြောင်းလေး သွေးနွှေးပေးလိုက်ချင်ပါတယ်။
မည်သို့ပင်ဆိုစေကာမူ လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူပါတယ် NLD ခင်ဗျား။

သတင်းစာ ရှင်းလင်းပွဲမှ အမေစု ရဲ့ စကားများ (Venus News)

မတ်လ ၃၀ ရက်က တက္ကသိုလ် ရိပ်သာလမ်းနေအိမ်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှ အမေစု၏ စကားများဖြစ်ပါတယ်။
အစိုးရ ၀န်ကြီးရာထူး ကမ်းလှမ်းလာပါက လက်ခံရန်အစီအစဉ်ရှိမရှိ မေးခွန်းကို ဖြေကြားခြင်း။

“၀င်ရောက်ဖို့ အပြင်းအထန် ကြိုးစားနေတဲ့ လွှတ်တော်ကို စွန့်ခွာဖို့ ရည်ရွယ်ချက်မရှိပါဘူး။ ဒီလို ၀န်ကြီးရာထူး ကမ်းလှမ်းမယ် မပြောသေးပဲနဲ့ ၀န်ကြီးရာထူးယူမယ်၊ မယူဘူး ပြောတာ မသင့်တော်ဘူး။ ဒီလောက်တောင်မှ လွှတ်တော်ထဲကို ကြိုးစားပမ်းစား ၀င်ဖို့လုပ်နေတာက ခဏလေး လွယ်လွယ်နဲ့ ထွက်ဖို့ မဟုတ်ဘူးဆိုတာ သိပြီးသား ဖြစ်ပါတယ်။”

တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဆိုတဲ့အကြောင်း ပြောကြားခြင်း။

“၂၅ % သော တပ်မတော်သားတွေ အားလုံးက ကျွန်မတို့ အားလုံးနဲ့ စိတ်တူ၊ ကိုယ်တူ၊ သဘောတူ ပြောင်းလဲသွားမယ် ဆိုရင် အားလုံးအေးအေးဆေးဆေး ပြီးသွားမှာပါ။ ကျွန်မတို့လိုချင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာက ပြည်သူရဲ့ သြဇာအောက်မှာ ရှိရမယ်။ ပြည်သူက ရွေးချယ်တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေအောက်မှာ ရှိတယ်။ ၂၅ ရာခိုင်နှုန်းကို ဖယ်ထုတ်မယ်လို့ မပြောဘူး။ ဖယ်ထုတ်တယ်ဆိုတဲ့ စကားကို ကျွန်မဘယ်တုန်းကမှ မပြောပါဘူး။ တပ်မတော်နဲ့ ပူးပေါင်း ဆောင်ရွက်မယ်လို့ပဲ ပြောတာ”

ဒါကတော့ အင်မတန်အရေးကြီးတဲ့ စကားပါ ကျောင်းအစ်မရေ။ တပ်မတော် က ပြည်သူလူထုရဲ့ ရန်သူ လုံးဝမဟုတ်ပါဘူး။ တပ်မတော်က ပြည်သူလူထုရဲ့ မိတ်ဆွေပါ။ တပ်မတော်က တရားမျှတမှုကို အကာအကွယ်ပေးရမယ့် ပုဂ္ဂိုလ်တွေပါ။ တပ်မတော်က ပါတီတစ်ခုမဖြစ်သင့်ပါဘူး။ အမေစုကတော့ တပ်မတော် နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောသွားပါပြီ။ တပ်မတော်သားတွေဟာ အောက်ခြေက ရဲဘော်လေးကနေ ကာကွယ်ရေးဦးစီးချုပ်အထိ ကျွန်တော်တို့ ပြည်သူလူထုရဲ့ မိတ်ဆွေ၊ ပြည်သူလူထုရဲ့ ဘက်တော်သားတွေပါ။ တရားမျှတမှုကို ကာကွယ်စောင့်ရှောက်ပေးပါလို့ ကျွန်တော် ဒီနေရာက တိုက်တွန်းပါရစေခင်ဗျာ။

အောင်နိုင်သူတို့ စကား (Messenger)

ဧပြီ ၁ ကြားဖြတ်ရွေးကောက်ပွဲမှာ အောင်ပွဲခံခဲ့တဲ့ မရမ်းကုန်းမြို့နယ်မှ NLD ကိုယ်စားလှယ် ဒေါ်မေ၀င်းမြင့် ရဲ့ စကားလေးကို ဖတ်ကြည့်ပါဗျာ။

ကျွန်မကို မရမ်းကုန်း ပြည်သူတွေက ထောက်ခံလိုက်တဲ့အတွက် ပြည်သူတွေကို လုပ်ပေးရမယ့် တာဝန်တွေ ရှိသွားပြီလို့ ခံစားရတယ်။ ဒေါ်အောင်ဆန်းစုကြည် ချမှတ်ထားတဲ့ မူဝါဒတွေအတိုင်းပဲ ဆောင်ရွက်သွားမှာပါ။ အဖွဲ့ချုပ်ကို ကိုယ်စားပြု အနိုင်ရတဲ့အတွက် နဂိုအဖွဲ့ချုပ်က ချမှတ်ထားတဲ့ မူဝါဒနဲ့ အညီ လွှတ်တော်ထဲမှာ ဆောင်ရွက်သွားမယ်။

ဒေါ်ဖြူဖြူသင်း (မင်္ဂလာတောင်ညွန့်မြို့နယ်) ရဲ့ စကားလေးလည်း ဖတ်ကြည့်ပေးပါဦးခင်ဗျာ။

ဘယ်လိုခံစားရလဲဆို ပြည်သူနဲ့ထပ်တူပေါ့။ တစ်နိုင်ငံလုံးက မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာတယ်။ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးယုံကြည်တဲ့အပေါ် ဂုဏ်ယူ၊ ၀မ်းသာပါတယ်။ သိပြီးသားဖြစ်တဲ့ ပါတီကချမှတ်ထားတဲ့ မူဝါဒတွေအတိုင်း လွှတ်တော်ထဲမှာ လုပ်သွားမှာပါ။ နောက်ပြီး ကျွန်မမြို့နယ်ကလည်း လုပ်ပေးစေချင်တဲ့ ကိစ္စတွေ ရှိတယ်လေ။ လုပ်နိုင်တဲ့ ကိစ္စတွေကို လုပ်လို့ရတဲ့အတိုင်းအတာအတွင်း အမြန်ဆုံး လုပ်ဆောင်သွားနိုင်အောင် ကြိုးစားသွားမှာပါ။

ဗိုလ်ချုပ်ကြီးခင်ညွန့်(ငြိမ်း) ရဲ့သား ဦးဇော်နိုင်ဝင်း မဲပေးခဲ့သော ပါတီကို ထုတ်ဖေါ်ပြောကြား (Messenger)

ဗိုလ်ချုပ်ကြီးခင်ညွန့်(ငြိမ်း) ရဲ့ သား ဦးဇော်နိုင်ဦး ဟာ မရမ်းကုန်းမြို့နယ် ၇ ရပ်ကွက် မဲရုံ ၂ မှာ မဲပေးခဲ့ပါတယ်တဲ့ ကျောင်းအစ်မရေ။ အဲဒီလို မဲပေးပြီးတာနဲ့ ၄င်းမဲပေးခဲ့တဲ့ ပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်ကိုပါ မီဒီယာတွေကို ပြောခဲ့ပါတယ်တဲ့။

ကျွန်တော့် ဆန္ဒမဲကို NLD ပါတီက ဒေါ်မေ၀င်းမြင့်ကို ပေးခဲ့ပါတယ်။ သူ့ကို ဘာဖြစ်လို့ ပေးရတာလဲ ဆိုတော့ ကျွန်တော်သူ့ကို လူပုဂ္ဂိုလ်အရ ယုံကြည်ချက်နဲ့ ပေးခဲ့တာ ဖြစ်ပါတယ်

ရဲရင့်လိုက်တာနော် ကျောင်းအစ်မရေ။ မပြောလည်း ဖြစ်တဲ့ဟာကို ဖွင့်ပြောနေတယ်ဆိုတော့ ဂီဂီ့ ကိုတောင်သတိရသွားပါတယ်။ ဂီဂီ ရေ သဘောပေါက် ဒီလောက်ဆိုသဘောပေါက်။ ဟေးဟေး။
မပြီးသေးဘူးဗျ။ ဗိုလ်ချုပ်ကြီးခင်ညွန့် (ငြိမ်း) ပြောသွားတာလေးလည်း ဖတ်ကြည့်ဦးဗျ။

ကျွန်တော်ရွေးချယ်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းက တိုင်းပြည်အတွက် အကျိုးဖြစ်ထွန်းအောင်၊ ပြည်သူအတွက် အကျိုးဖြစ်ထွန်းအောင်၊ ပြည်သူတွေရဲ့ စားဝတ်နေရေးကို ပိုပြီး ချောင်လည်အောင် ဆောင်ရွက်ပေးနိုင်မယ်လို့ မျှော်မှန်းချက်ရှိပါတယ်။ အဲဒီမျှော်လင့်ချက်အတိုင်း ဖြစ်လာမယ်လို့လည်း ယုံကြည်ပါတယ်။

ဘာပဲပြောပြော ကြိုတင်မဲမပေးဘဲ မဲရုံကို လာပြီးမဲပေးတာရယ် NLD ကိုယ်စားလှယ် ဒေါ်မေ၀င်းမြင့်ကို မဲပေးတာရယ်အတွက်တော့ လက်ခုတ်တီးပြီး အားပေးပါတယ်ဗျာ။

ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား မဲမပေးလျှင် ဆောက်လက်စ ကျောင်းအား ဖျက်သိမ်းမည်ဟုဆို (Express Time)

ရွေးကောက်ပွဲ ဆိုတော့ အပြိုင်အဆိုင်မဲဆွယ်ကြတာပေါ့ ကျောင်းအစ်မရယ်။ Marketing သဘောနားလည်ထားဖို့လည်း လိုတာပေါ့။ မဲတစ်ပြားရဖို့ မဲပေးမယ့်လူတွေရဲ့ ရင်ထဲမှာ ကိုယ့်ပါတီရှိဖို့ လိုတယ်ဆိုတာကတော့ ပြောနေစရာတောင်လိုတဲ့ ကိစ္စမဟုတ်ပါဘူး။ အခု ပြည်ခိုင်ဖြိုးက ပုဂ္ဂိုလ်တွေရဲ့ လူတွေရင်ထဲကို ရိုက်သွင်းလိုက်တဲ့ နည်းဗျူဟာလေးကလည်း ဂီဂီတို့လို Marketing စပယ်ရှယ်လစ်တွေ အတွက် အတုယူစရာကောင်းနေတာမို့ ကဲ ရော့ဖတ်ကြည့်ဗျာ။

ယခုကြားဖြတ်ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို မဲမပေးပါက ရေစကြိုမြို့နယ်၊ စဥ့်ကိုင်အုပ်စု၊ နန်းထိန်းကျေးရွာ၌ တည်ဆောက်နေဆဲဖြစ်သော အခြေခံပညာမူလတန်းကျောင်းဆောင်ကို ဖျက်သိမ်းမည်ဟု နန်းထိန်းကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ကြောင်း နန်းထိန်းကျေးရွာဒေသခံများက Weekly Express Times သို့ ပြောကြားသည်။

မိုက်တယ်ဗျာ။ မလိမ္မာဘူး။ ပါတီက မဲဆွယ်မယ့်လူတွေကို မားကက်တင်း သင်တန်းလေးဘာလေး မပေးထားဘူးဆိုတာ တော်တော် သိသာတယ်။
အဲဒါနဲ့ Express Times က ရေစကြိုမြို့နယ် ကြံ့ခိုင်ရေးပါတီကို ဆက်သွယ်မေးမြန်းတဲ့အခါ အတွင်းရေးမှူး ဦးချမ်းမင်းက ဒီလိုဖြေပါတယ်တဲ့ဗျာ။

“ကျွန်တော်တို့က မဲဆွယ်စည်းရုံးတဲ့နေရာမှာ ရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားတဲ့ စည်းကမ်းအတိုင်းပဲ စည်းရုံးမဲဆွယ်တာပါ။ အခုလို မဲဆွယ်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ မဲဆွယ်စည်းရုံးသူတွေကို အကြောင်းကြားစာတွေ ပို့ပြီး ဆက်မလုပ်ဖို့ တားမြစ်ပေးပါ့မယ်။ မဲပေးသူတွေအနေနဲ့လည်း ကြိုက်နှစ်သက်ရာ ပါတီကိုလည်း မဲပေးနိုင်ပါတယ်။”

ကဲ မဲဆွယ်ကြတဲ့ လူတွေရဲ့ Marketing တွေက ပုံစံအမျိုးမျိုးမို့ တချို့မာယာတွေက မဲဆွယ်တဲ့အဆင့် နဲ့ ဘယ်လိုမှ မအပ်စပ်ဘူးဆိုတာလေး ပါတီအုပ်ချုပ်သူလူကြီးတွေအနေနဲ့ နောက်တစ်ခါ ရွေးကောက်ပွဲကျရင် ကြိုတင် စီမံခန့်ခွဲနိုင်အောင် တင်ပြလိုက်ရပေသည် တမုံ့တကားတည်း။

နိုင်ငံတော် သမ္မတ ဓါတ်ပုံအသုံးပြု၍ မဲဆွယ်စည်းရုံးမှု (သံတော်ဆင့်)

ကိုယ့်ပါတီကို မဲပေးမယ့် ပြည်သူတွေ ရင်ထဲရောက်အောင် မဲဆွယ်ကြတဲ့လူတွေသုံးကြတဲ့ မားကက်တင်းမာယာတွေကတော့ အစုံပဲဗျာ။ ပြည်ခိုင်ဖြိုးပါတီက မဲဆွယ်တဲ့နေရာမှာ သမ္မတကြီး ဦးသိန်းစိန် ရဲ့ ဓါတ်ပုံကို အသုံးပြုပါသတဲ့။ ဒါများဘာဆန်းသလဲ။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးကတော့
ကျွန်တော့်အနေနဲ့ သမ္မတကြီးပုံနဲ့ စည်းရုံးတာကိုတော့ ဘာမှ မပြောလိုပါဘူး
တဲ့။
သမ္မတကြီး ဦးသိန်းစိန်က ပြည်ခိုင်ဖြိုးပါတီဝင်မို့ သမ္မတကြီးပုံသုံးပြီး မားကက်တင်းဆင်းတာ အဲ…အဲ မဲဆွယ်တာ ဘာအပြစ်ရှိမလဲဗျာ။ ဆွယ်ပါစေ။ ဘာမှမဖြစ်ရင် ဘာမှမဖြစ်ပါဘူး။ ရွေးကောက်ပွဲကြီးပြီးသွားတဲ့ ဒီလိုအချိန်ကျတော့ (ရင်ထဲကစကားစစ်စစ်ပါဗျာ) သမ္မတကြီးကို မျက်နှာအပူမိသား။ အဲဒါပေါ့ တပည့်မကောင်း ဆရာ့ခေါင်းဆိုတာ။ အော် ဘာရယ်မဟုတ်ပါဘူးဗျာ။ အဲဒါကြောင့်ပြောတာ။ မားကက်တင်း နားမလည်ရင် လူမဖြစ်ဘူးလို့။ လေ့လာကြပါ။ လေ့လာကြပါ။ မားကက်တင်း ကိုလေ့လာကြပါ။ သင်ကြားပေးဖို့ လူလိုတယ်ဆိုလည်း ဂျပန်က ဂီဂီလေး ပြန်ခေါ်ပြီး သင်တန်းပေးခိုင်းလိုက်ရင် အဆင်ပြေနိုင်ပါတယ်ဗျ။ နော့် ဂီဂီရယ်။

ဒါမျိုးတော့ လာမလုပ်နဲ့ ပါတီမတူရင် ပေါင်းကို မပေါင်းနိုင်ဘူး (Express Time)

သဘောထားကြီးကြီးထားမှပေါ့ ကိုကို တို့ မမတို့ ရယ်။ ကိုယ်ယုံကြည်အားထားတဲ့ ပါတီက ဘာလုပ်ပေးနိုင်မယ်ဆိုတာက နောက်မှ။ အခုကတော့ လင်မယား ပြသနာဖြစ်ရပြီတဲ့။ ဖတ်ကြည့်ပါ ကျောင်းအစ်မရေ။

မြိုင်မြို့နယ် ကွင်းတောကျေးရွာတွင် NLD ပါတီဝင် ဇနီးသည်က စည်းရုံးရေးလုပ်ငန်းများလုပ်ဆောင်နေသည်ကို မနှစ်မြို့သဖြင့် ကြံ့ခိုင်ရေးပါတီဝင် ခင်ပွန်းသည်က ပြသနာရှာရာမှ ဇနီးသည်ဖြစ်သူသည် အိမ်ပေါ်မှဆင်းသွားကြောင်း စုံစမ်းသိရှိရသည်။ ယောက်ခထီးဖြစ်သူကလည်း ကြံ့ခိုင်ရေးပါတီဝင်ဖြစ်နေရာ မိသားစုအတွင်း အတိုက်အခံပြသနာကြောင့် ယင်းသို့အိမ်ပေါ်မှဆင်းသွားခြင်းဖြစ်ကြောင်း ကွင်းတောကျေးရွာနေသူတစ်ဦးက ဆိုသည်။

နိုင်ငံအရေးကို ခဏထားပြီး ကိုယ့်အိမ်ထောင်ရေးလေးလည်း သာသာယာယာရှိအောင် အားထုတ်ကြပါဦး ကိုကိုတို့ မမတို့ရေ။

ရုပ်ရှင်အစည်းအရုံး ဥက္ကဌအား ပြန်ကြားရေးဝန်ကြီး အတည်ပြုခြင်း မရှိသေး (Express Time)

ပြီးခဲ့တဲ့တစ်ပတ်လောက်က ရုပ်ရှင်လောကသားတွေ အားလုံးစုစုစည်းစည်းနဲ့ သူတို့ ရုပ်ရှင်လောကတိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်နိုင်မယ်ထင်တဲ့ ပုဂ္ဂိုလ်တွေကို ဒီမိုကရေစီနည်းလမ်းနဲ့ ရွေးကောက်တင်မြှောက်ခဲ့တာ ကျောင်းအစ်မ သိပြီးရောပေါ့။ အောင်မယ် မင်းမော်ကွန်းအဖေ ဇင်ဝိုင်းကြီးက ဥက္ကဌ တဲ့ဗျာ။ လူမင်းကြီးက ဒုဥက္ကဌ တဲ့။ ဇာတ်က အဲဒီမှာ ပြီးလိုက်ရမှာ။ ဒါပေမယ့် မပြီးသေးဘူးတဲ့ဗျို့။ ပေရှည်ဦးမယ့်သဘောတွေ တွေ့နေရပါပြီ။ ဖတ်ကြည့်ဗျာ။

ဦးဇင်ဝိုင်းအား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ ဥက္ကဌအဖြစ် ရွေးချယ်ခြင်းကို ပြန်ကြားရေးဝန်ကြီးဌာနမှ အတည်ပြုခြင်းမရှိသေးကြောင်း ဦးဇင်ဝိုင်းမှ ပြောကြားသည်။
“ဒီနေ့ ဒီရက် ဒီအချိန်ထိတော့ ဘာမှ လုပ်လို့ မရသေးတဲ့ အခြေအနေပေါ့။ ကန့်ကွက်တယ်လို့လည်း မဟုတ်ဘူး။ အတည်ပြုခြင်းမရှိသေးတာပါ။” ဟု ဦးဇင်ဝိုင်းက အထက်ပါကိစ္စနှင့် ပါတ်သက်၍ ရှင်းလင်းပြောကြားသည်။

ကဲ အဲဒါလည်း ကျွန်တော်တို့ ပြည်သူတွေကစောင့်ကြည့်ပေးရဦးမယ်ဗျ။ ရုပ်ရှင်အစည်းအရုံးကို အစိုးရက ချုပ်ကိုင်သင့်သလား ရုပ်ရှင်လောကသားတွေကပဲ ဦးဆောင်သင့်သလား ဆိုတာလည်း ကျောင်းအစ်မရေ မဲခွဲပေးရမလို ဖြစ်နေပြီ ခင်ဗျ။ လေးဖြူကြီး ကတော့ အော်အော်ပြီး ဆိုသွားတာပဲ ဗျာ။
ရူးချင်ယောင်ဆောင်မနေနဲ့ တဲ့။

သတင်းမဟုတ်ပဲ သတင်းဖြစ်ခဲ့ရတဲ့ ဝေဠုကျော် (နံနက်ခင်း)

ကဲ ကျောင်းအစ်မရေ။ ဝေဠုကျော် နယ်ကိုသွားပြီး ဘုရားပွဲမှာ သီချင်းဆိုပါတယ်တဲ့။ ဒီအထိ သတင်းမဖြစ်သေးပါဘူးနော့။ သတင်း က အခုမှလာမှာ၊ ဖတ်သာကြည့်တော့။

“ကျွန်တော် ၅ ရက် သီချင်းဆိုဖို့ လက်ခံပြီးသွားခဲ့တာပါ။ ဒါပေမယ့် တစ်ညပဲ ဆိုရသေးတယ်။ ဒါတောင် ညဥ့်ဝက်ပဲ ရှိသေးတယ်။ ဒါပေမယ့် နောက်ညတွေ ဆက်မဆိုပါနဲ့ ဆိုပြီးအပိတ်ခံရတယ်။ အဲဒါက ကျွန်တော့်ကိုလာပြောတာလည်း မဟုတ်ပါဘူး။ ပွဲသွင်းတဲ့ ကန်ထရိုက်ကိုပြောတာပါ။ ကျွန်တော့်ကို မြစ်ကြီးနားကနေ ရန်ကုန်ကို အမြန်ဆုံးပြန်ပို့ပါတဲ့။ အဲဒီလို ညွှန်ကြားထားတယ်ပြောလို့ ပြန်ခဲ့ရတာပါ။ ကျွန်တော်ရယ် လူရွှင်တော် မိုးကျော်အောင်၊ မင်းဇော်၊ လန်စိန်၊ အငယ်လေးတို့ ပြန်ခဲ့ရပါတယ်။ မတ် ၁၇ ရက်ကနေ ၂၁ ရက်အထိ ငှားထားပေမယ့် ၁ရ ၇က်နေ့ ည၀က်သာ ဖျော်ဖြေခွင့်ရပြီး ဆက်ပြီး ဖျော်ဖြေခွင့် မရခဲ့ပါဘူး။ အဲဒီလို ဘာကြောင့်ဖြစ်တယ်လို့ သုံးသပ်မိသလဲဆိုရင် ကျွန်တော်က ဖားကန့်မြို့နားက ဆိုင်းတောင်မှာဖွင့်မယ့် NLD ရုံးခန်းဖွင့်ပွဲကို တက်ဖို့ရှိပါတယ်။ ရှိုးဆိုပြီးရင် သွားတက်ဖို့ပါ။ အဲဒါကြောင့် အမြန်ဆုံး ပြန်ပို့ခိုင်းတာ ထင်ပါတယ်။ ကန်ထရိုက်လည်း သနားစရာပါ။ သူ့မှာ တခြား လုပ်ငန်းတွေလည်းရှိတော့ သူ့လုပ်ငန်းတွေ ထိခိုက်မှာစိုးတဲ့အတွက် ကျွန်တော့်ကို ပြန်ပို့ခဲ့တာပါ။ သူ့ပြောပြချက်အရဆိုရင် ခုလည်း သူ့အတွက် စီးပွားရေးအရရော၊ ဂုဏ်သိက္ခာအရပါ အများကြီးထိခိုက်ခဲ့ပါတယ်။ ကျွန်တော့်ကို ချစ်လို့ ခင်လို့ အားပေးတဲ့ ပရိသတ်ကို ဖျော်ဖြေချင်ပေမယ့် ကျွန်တော်မတတ်နိုင်တဲ့ ပါမစ်ဆိုတဲ့ ကိစ္စဖြစ်နေတော့ ၀မ်းနည်းခဲ့ရပါတယ်။ ဒါပေမယ့် နောင်လည်း ကျွန်တော့်ကိုခေါ်ရင် အားနေရင် သွားနိုင်တဲ့နေရာဖြစ်ရင် ဘယ်နေရာဖြစ်ဖြစ် သွားမှာပါ”

ကဲ အထာကတော့ ကျနေပြန်ပါပြီ ကျောင်းအစ်မရေ။
ဒီလိုကြီး မတရားအနိုင်ကျင့်တာကြီးကတော့ ရုပ်ဆိုးလွန်းပါတယ်။
ပါမစ် ဆိုတဲ့ စကားလေးတစ်လုံးက ခုတလော တော်တော် ခေတ်စားနေတာဗျ။
လုပ်ပေါ့ဗျာ ရှင်တို့က ရဲတွေကိုး…။

စွမ်းဇာနည် ရဲ့ ဖြေရှင်းချက် (နံနက်ခင်း)

ချိုပေါ့ကျ မှာ စွမ်းဇာနည် သတင်းလေး ဖေါ်ပြခဲ့တာ မှတ်မိဦးမှာပေါ့ ကျောင်းအစ်မရေ။ ဟုတ်ကဲ့ အဲဒီကတည်းက ကျွန်တော် ရေးခဲ့ပါတယ်။ စွမ်းဇာနည် ရဲ့ ဖြေရှင်းချက်ကိုလည်း စောင့်ကြည့်ရမယ်လို့ ။ ဟော အခု စွမ်းဇာနည်က ဖြေရှင်းချက်ပေးလာပါပြီခင်ဗျာ။ ဖတ်ကြည့်ပါ။

နောက်ဆုံးညမှာ နှစ်ပါးသွားမကဖြစ်တာပါ။ အဲဒီဘုရားပွဲ ရဲ့ ဇာတ်ရုံကို ကားနဲ့ သွားလို့မရဘူး။ ပွဲဈေးတန်းကို ဖြတ်ပြီး သွားရတာ အတော်ဝေးတယ်။ တောင်ပြုံးထက်ကျယ်တယ်။ ပရိသတ်ထဲမှာ ဘယ်လိုမှ မတိုးနိုင်ဘူး။ မြန်မာနိုင်ငံရဲ့ အစည်ဆုံးဘုရားပွဲ။ လူကို သောင်းနဲ့ချီဝင်တာ။ ဒုတိယညမှာ သိန်း ၂၀၀၊ ၃၀၀ ရတာ။ ကန်ထရိုက်လည်း ၀က်ဝက်ကွဲမြတ်တယ်။ သုံးညကို သိန်း ၆၀၀ လောက်ရသွားတယ်။ လွန်ခဲ့တဲ့ ၃ နှစ်က တစ်ကြိမ်ကဖူးတယ်။ ကဖို့ ဇာတ်ဆရာက လက်ခံလိုက်တာ။ ကျွန်တော်တောင်မသိလိုက်ဘူး။ လူစည်တဲ့ ဘုရားပွဲဖြစ်ပေမယ့် ခြေထောက်အနာနဲ့ အဆင်မပြေဘူးဆိုတာ သိတယ်။ လယ်ကွက်ထဲက အဖြတ် နောက်ဆုံးညမှာ ချော်လဲတာ။ ချော်မလဲခင် မြောင်းမြဟိုတယ်ဘေးက ဆေးခန်းမှာ ဆေးထိုးလာရသေးတယ်။ ချော်လဲလို့ ခြေထောက်နာသွားတာမို့ ဇာတ်ထဲကလူတွေက ပြဇာတ်မကဖို့ ပြောပေမယ့် ပရိသတ်ကို အပြည့်အ၀ပေးဆပ်ချင်တဲ့အတွက် နှစ်ပါးသွားကလွဲပြီး ကျန်တာအကုန်ကခဲ့ပါတယ်။ အဲဒါ အဲဒီပွဲကြည့်ပရိသတ်အားလုံးသိပါတယ်။ ပြဇာတ်ပြီးတော့ မနက် ၄ နာရီ ၅ မိနစ်ရှိပါပြီ။ ဘယ်လိုမှလည်း မတတ်နိုင်တော့လို့ ဇာတ်မန်နေဂျာကို အသိပေးပြီးပြန်တာ။ အဲဒါဖြစ်ရပ်မှန်ပါပဲ။ အဲဒါကို သဘင်အစည်းအရုံးမှာ ဖြေရှင်းရပါတယ်။ ကန်ထရိုက်က သူ့ကိုအသိမပေးဘဲပြန်လို့တဲ့။ ဒါပေမယ့် သူကိုယ်တိုင်က မင်းသား နှစ်ပါးသွားမကဘဲပြန်လို့ ပရိသတ်တွေနဲ့ ရှင်းရတယ်။ ဒီလောက်ပဲလို့ ပြောပါတယ်။ သဘင်အစည်းအရုံးလူကြီးတွေရဲ့ ဖြေရှင်းပေးမှုနဲ့ ကန်ထရိုက်တာလူကြီးမို့ သူ့ကိုမပြောဘဲ ပြန်မိတဲ့အတွက် တောင်းပန်လိုက်ပါတယ်။ ငွေကုန်ကြေးကြခံပြီး လာအားပေးတဲ့ ပရိသတ်တွေကိုလည်း တောင်းပန်ပါတယ်။

ဟုတ်ပါပြီ ကိုစွမ်းဇာနည် ရယ်။ ခင်ဗျားတို့ခြင်း အဆင်ပြေရင်ပြီးတာပါပဲ။ သူကငှားလို့ ခင်ဗျားက ကရတယ်ဆိုကတည်းက အဲဒီအချိန်မှာ သူက ခင်ဗျား Customer ပဲဗျ။ Customer ကို သောက်ဂရုမစိုက်သလိုလုပ်တော့ Customer ကလည်း နိုင်ရာပြန်ကိုင်တာပဲပေါ့။ ကဲကြည့် အခုပဲ ခင်ဗျား ဖြေရှင်းနေရပြီ။ နောက် ဒါမျိုး မဖြစ်စေနဲ့ပေါ့ဗျာ။ သင်ခန်းစာ ပေါ့။ ကျွန်တော်ကတော့ တာဝန်ကျေပြီနော်။ ခင်ဗျားကို ကန်ထရိုက်က မကျေနပ်တော့လည်း သတင်းထည့်ရေးခဲ့သလို ခင်ဗျားက ပြန်ဖြေရှင်းတော့လည်း အခု ပြန်ထည့်ပေးပြီးပြီ။ ကြေပြီပေါ့ဗျာ။

အင်တာနက်က တစ်ဆင့် ပရော်ဖက်ရှင်နယ် အဆိုတော် ဖြစ်အောင်ကြိုးစားနေတဲ့ မျိုးမျိုး (နံနက်ခင်း)

နွဲ့ယဉ်ဝင်းရဲ့ သားကြီး သြရသ၊ သံသာဝင်း ရဲ့ အစ်ကို ဂျပန်မလေး ယုမိ ရဲ့ လင်ယောက်ျား (အဲဒီတစ်ခုကတော့ မျိုးမျိုးသီချင်းတွေထက် မျိုးမျိုးကို ပိုလေးစားမိတယ်ဗျာ) Ghost Riders Band ရဲ့ ပဲ့ကိုင်ရှင် မျိုးမျိုးတစ်ယောက်ကတော့ နိုင်ငံခြားကို အင်တာနက်မှ တစ်ဆင့် သီချင်းတွေရောင်းနေပါသတဲ့ ကျောင်းအစ်မရေ။ ကဲ တစ္ဆေစီးသူများ ၀ိုင်းရဲ့ ပဲ့ကိုင်ရှင် ရဲ့ အပြောက ဒီလိုပါဗျာ။

ကျွန်တော်တို့ဆီက အနုပညာက ကျွန်တော်လုပ်ချင်တဲ့ အနုပညာနဲ့ နည်းနည်း ဟနေပါတယ်။ အဲဒီအတွက် ကျွန်တော်နဲ့ အဆင်ပြေမယ့်ပုံစံကို ရွေးလိုက်တာပါ။ Delicious ဆိုတဲ့ သီချင်းကို အင်္ဂလန်နဲ့ စပိန်စကားပြော နှစ်နိုင်ငံမှာထွက်ထားပါတယ်။ လူသိလည်းများတယ်။ Ahh to be Huh ဆိုတဲ့ သီချင်းကတော့ သိပ်မအောင်မြင်ပါဘူး။ Rock သီချင်းတော့ မဟုတ်ဘူး။ Electronic club music ပါ။ ၁၉၉၇ တုန်းကလည်း ကျွန်တော်နဲ့ မောင်မောင်ဇော်လတ်တို့ ဥရောပမှာ ဓါတ်ပြားထုတ်ဖူးတယ်။ ကျွန်တော့်လိုပဲ နိုင်ငံတကာကို အနုပညာရောက်ချင်တဲ့သူတွေ ရှိပါတယ်။ ခုခေတ်က လက်ကမ်းကြိုလို့မရတော့ဘူး။ ကိုယ်တိုင်လုပ်မှ ရတော့တယ်။ အင်တာနက်ကိုလည်း အားကိုးရတယ်။ အဲဒီက တစ်ဆင့် Agency ရှာပြီး အလုပ်လုပ်ရတာပါပဲ။ ကိုယ့်သီချင်းရောင်းရဖို့အတွက် လက်ခံဖို့က အရေးကြီးပါတယ်။ ရတဲ့ငွေနည်းပေမယ့် Professional ဖြစ်တယ်

ကောင်းတယ်ဗျာ…။ နိုင်ငံတကာအထိ ပေါက်ရောက်ဖို့ ကြိုးစားနေတယ်ဆိုတာ သိရလို့ လက်ခုတ်တီးပြီး အားပေးပါတယ်။ တီးခတ်ပေးတဲ့ တေးဂီတကရော Ghost Riders Band ပဲလားဗျ။ အခုမှ သတိရတယ်၊ Ghost Riders ဆိုတော့ တစ္ဆေစီးသူများ ပေါ့နော့။ တစ္ဆေကိုကိုယ်ကစီးရရင်တော့ မဆိုးဘူးပေါ့ဗျာ။ တစ္ဆေက ကိုယ့်ကိုခွစီးနေရင်တော့ မလွယ်ဘူး မျိုးမျိုးရေ။ အဲဒါလေး သတိထားပါဗျာ။

ကြောင်စာနှိုက်စားတဲ့ ခွေး (Newday news)

ရုပ်ရှင်မင်းသားတွေ လူရွှင်တော် လုပ်တဲ့ခေတ်ကိုး ကျောင်းအစ်မရဲ့။ နေတိုးတို့ ထွန်းထွန်း တို့ ကျော်ကျော်ဗို တို့ ရဲလေးတို့ နှင်းဆီရင်ခွင်အငြိမ့်ဆိုလား ကကြတဲ့အခါ အဆိုပါ ပုဂ္ဂိုလ်အကောင်းစား ဇာတ်လိုက်မင်းသားလေးတွေက လူရွှင်တော်လုပ်ကြပါရောလားဗျာ။ ပရိသတ်ဆိုတာ ရယ်လိုက်ကြတာ အူ့ကိုတက်ရော။ အော် အူတက်တာကိုပြောတာပါဗျာ။ အောင်မယ် မင်းသားလေး နေတိုးတောင်မှ ကိုနေကိုတိုးဖြစ်လို့ ။ ပရိသတ်လက်ခံကြတာပြောပါတယ်။ ခဗျာများမှာလည်း သနားစရာပါ ကျောင်းအစ်မရယ်။ မင်းသားဘ၀နဲ့ လုပ်ပြစရာဇာတ်ရုပ်က ကုန်သလောက်ရှိနေပြီဆိုတော့ လွယ်လွယ်ကူကူ လူရွှင်တော် ထလုပ်ရရှာတယ် ထင်ပါ့။ အဲဒါနဲ့ ပတ်သက်လို့ မန္တလေးသား လူရွှင်တော်ကြီး ကိုချစ်စရာ ပြောသွားတဲ့ ဒိုင်ယာလော့ခ်လေး တော်တော်မိုက်တယ်ဗျာ။ ဖတ်ကြည့်ပေတော့။
“အဲဒါပေါ့ဗျာ။ ကြောင်စာကို ခွေးနှိုက်စားတယ်ဆိုတာ ဒီအပေါက်ပေါ့” တဲ့။
တည့်တည့်ကြီးကိုမှန်တော့တာ ကျောင်းအစ်မရေ။ ရှောင်ချိန်ကို မရလိုက်ဘူး။ အော် သူ့အရပ်နဲ့ သူ့ဇာတ် ဖြစ်နေကြပုံများ…။

ကျပ် ၈၀၀၀ တန် စိုင်းစိုင်းခမ်းလှိုင် (နံနက်ခင်း)

ဟေ့ကောင်တွေ ဟေ့ကောင်တွေ မပြေးနဲ့ (ဒိုင်းညှောင့်)
သူကြီးကလိုက်တယ်

ကြံကြံဖန်ဖန် ကျွန်တော်တို့ သူကြီးတောင် သီချင်းထဲထည့်ဆိုသွားတဲ့ စိုင်းစိုင်းခမ်းလှိုင် တစ်ယောက် နှစ်စဉ်လုပ်နေကြ BIRTHDAY SHOW ကို မန္တလေး HILL RESORT မှာ ကျင်းပပြုလုပ်မှာဖြစ်ပါသတဲ့ ကျောင်းအစ်မရေ။ ကျွန်တော်တို့ ရွာသူ မယ်ပုခ်ျတစ်ယောက်တော့ စိုင်းစိုင်း ရှိး ကြရင် လက်တွေ လေထဲမြှောက်မြှောက်ပြနိုင်ဖို့ အခုကတည်းက ထရိန်နင် ဆင်းနေဆိုလား။ အော် စိုင်းစိုင်းက စင်ပေါ်ကနေ အသံပြဲကြီးနဲ့ ကြုံးအော်တတ်တယ်လေ ကျောင်းအစ်မရယ်။
မင်းတို့ချစ်တဲ့ စိုင်းစိုင်း မင်းတို့ရှေ့ကို ရောက်နေပြီ
မင်းတို့လက်တွေ လေထဲကို မြှောက်ထားလိုက် ရို့ရို့
လက်ကို လေထဲမြှောက်တာလေးများ ဘာခက်တာမှတ်လို့ ဟုတ်စ။
ဒီမှ ကျောင်းအစ်မ။ ဒီခေတ်မှာ လက်တွေ လေထဲမြှောက်တာလည်း အနုပညာပဲဗျ။ လေ့ကျင့်ထားဖို့လိုတာပေါ့။ တော်ကြာ တက်ကစီ ငှားလို့ မြှောက်ပြတဲ့ လက်မျိုးကြီးဖြစ်နေရင် ဘယ့်နှယ့်လုပ်မလဲ။ ကဲ။ ထားလိုက်ပါဗျာ အဲဒီ လက်တွေလေထဲမြှောက်တဲ့ ကိစ္စကြီးကို။
အခုမှ အတည်ပေါက် ကလာမှာ။
စိုင်းစိုင်းလေးက မန်းသူမန်းသားတွေကိုတော့ ဈေးပေါပေါလေးနဲ့ ဖျော်ဖြေချင်တဲ့ပုံရှိပါတယ်။
၈၀၀၀ ကျပ်ပေးရင် စိုင်းစိုင်းနဲ့ ကဲလို့…အဲအဲ စိုင်းစိုင်း မွေးနေ့ပွဲ နွှဲလို့ ရပါပြီတဲ့ ခင်ဗျာ။ ပေါပေါလေးပါဗျာ။ ကွမ်းစားဆေးသောက် ကျပျောက်သလောက်ပဲ ရှိတယ် မယ်ပုခ်ျရေ။ လက်လွှတ်မခံနဲ့ ဗျာ ။
မင်းတို့ချစ်တဲ့စိုင်းစိုင်း မင်းတို့ရှေ့မှာရောက်နေပြီ
မင်းတို့လက်တွေ လေထဲမှာ မြှောက်ထားလိုက်

ဆိုရင် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားပါဗျာ။
ဒါမှ စိုင်းစိုင်းခမ်းလှိုင်ဆိုတဲ့ အဆိုတော်တစ်ယောက် မန်းသူလေးတွေရဲ့ လက်မြှောက်ပုံက ရန်ကုန်သူတွေ လက်မြှောက်တာထက် ပိုမိုက်တယ်ဆိုတာ သဘောပေါက်သွားအောင်။ ဟေးဟေး။

၎-၄-၂၀၁၂ နေ့လယ် ၁၂ နာရီ ၃၅ လောက်က နေ့ခင်းကြောင်တောင် မီးတွေထိန်ထိန်လင်းနေတဲ့ ဟံသာဝတီ အ၀ိုင်းနဲ့ မြေနီကုန်း မီးပွိုင့်ကြားက ဓါတ်တိုင်တွေ။

မြန်မာပြည် လျှပ်စစ်ဓါတ်အား မလုံလောက်ဘူးဆိုတာ ဘယ်သူပြောလဲ။ ဒီမှာ နေ့ခင်းကြောင်တောင်မီးလင်းနေတဲ့ ဓါတ်တိုင်တွေကိုကြည့်။

နေ့ခင်းကြောင်တောင် လင်းနေတဲ့ ဓါတ်တိုင်ကမီးလုံးကြီး။ အာဟိ။

black chaw

About black chaw

black chaw has written 332 post in this Website..