“အဘမှတ်တမ်း”(သို့ ) အဘနှင့်အာရုံထဲတွင် အင်တာဗျူးခြင်း

                        ဒီနေ့ ကျွန်တော်လဲ မန်းဂေဇက်ရဲ့ ထင်ရှားသောပုဂ္ဂိုလ်ကြီးများနှင့်အင်တာဗျူးကဏ္ဍအတွက် အဘကို ရက်ချိန်းယူထားသဖြင့် ဖုန်းလှမ်းဆက်ရာ အကြိမ်၅၀ဝခန့် ခေါ်ဆိုသောလည်း အဆက်သွယ်ကမရ ကိုယ်ကဗျူးပါမယ်ဆိုမှ ပြန်မေးတဲ့ မေးခွန်းပေါင်းက ၈သောင်းလောက်ရှိမည် ထင်သည်၊ နောက်မှ မထူးသည့်အဆုံး တယ်လီပသီနည်းသုံး၍ လှမ်းဆက်မှဘဲ ရတော့သည်၊ ဒါတောင် အဘက ရှရန့်ဇာတ်ကားမှ ကြောင်ကလေးအကြောင်း ပွတ်စ်အင်ဘုစ် ဆိုတာကြည့်တာ မပြီးသေး၍ ခဏစောင့်နေရသေးသည်၊ အတော်လေးကြာမှ အေးရပြီကွ ဆိုလို့ စပြီးမေးဖြစ်သည်……………….။

ရဲစည်။    ။အဘ အခုတစ်လော အကောင်အထည်ဖေါ်ဖြစ်သွားတဲ့ အပြောင်းအလဲလေး အကြောင်းရှင်းပြပါအုံး ခင်ဗျ။

အဘ ။    ။အိမ်း….ဒီလိုကွ လွန်ခဲ့တဲ့ ၅နှစ်လောက်ကပေါ့ အဘအိပ်မက်တာ သိပ်မကောင်းဘူး၊ မနက်ကျ အဘရဲ့ဂမီ္ဘရအကြံပေးကို ပြောပြတော့ တိုင်းပြည်ထူးခြားမယ်တဲ့ ဒါနဲ့ဘဲ မင်းတို့ကြီးတော်ကြီးက ယတြာချေမယ် လုပ်ရော အဘကတော့ သိပ်မလုပ်ချင်တော့ဘူး၊ တခါကလဲ ယတြာအတွက် လင်းကင်းပါတ်ခ့်ရဲ့ အင်သည်အမ်န်း သီချင်းကို တောင်ရှည်ဝတ်ပီး ဆောင့်ဆောင့်ခုန်ရတာ ချော်လဲလို့ ကနေ့ထိ ဒူးနာမပျောက်သေးဘူး၊ ထားပါ…အိမ်း…ဒါနဲ့ဘဲ မင့်ကြီးတော်ကြီးအလိုကို မဖျက်နိူင်လေတော့ ဘောလုံးပုံ သဘောင်္သီး ၃လုံးအရှာခိုင်းပီး လယ်ဝေးဘက်မှာ ညကြီး ယတြာသွားလုပ်ရတယ် ငါဖြင့်သူရဲကြောက်လိုက်တာ ပြောမနေနဲ့တော့ ခုတောင်ကြက်သီးတွေထတယ်၊ ဒါနဲ့လဲမရဘူးကွ အဘလဲ အသက်ကကြီးလာတော့ စိတ်လျော့ချင်နေပီ တို့ထဲမှာကလဲ မသေခင် နာမည်ကောင်းလိုချင်တဲ့ သူတွေလဲပေါလာပီကွ သူတို့လဲ သားမြေး၊မြစ်တွေ ရလာတော့ မျက်နှာမညှိုးချင်ကြတော့ဘူးလေ တချို့မလဲကြီးမိုက်တွေက ဆက်လုပ်ချင်ကြတုန်း ဒါနဲ့ဘဲ အဘက အစည်းအဝေးလေးခေါ်ပီး ကဲ….တို့တွေ အသက်တွေလဲ ကြီးပီ နောက်လူတွေအတွက်လဲ ချန်ထားအုံးမှ(တိုင်းပြည်အတွက် လုပ်စရာတွေပြောတာပါ) ဒီတော့ကာ အတိုက်အခံတွေ တိုင်းရင်းသား ခေါင်းဆောင်တွေခေါ်ကြကွာ အစိုးရသစ်ဖွဲ့ပီး တိုင်းပြည်ကို လွှဲပေးမယ်လို့ပြောကွာ၊ အဲဒီမှာ ကျွတ်စီကျွတ်စီ ဖြစ်ကုန်ရော ပြီးမှ ကြီးမိုက်တယောက်က ဟာဒီအတိုင်းတော့ မဖြစ်ဘူးလေ တော်ကြာ အားယိုးယိုးတို့ မူးဘားယက်တို့လို ဖြစ်ရင်ဘယ်လိုလုပ်မလဲတဲ့…..အဲဒိမှာ အဘအတွက် တွေးစရာတခုဖြစ်လာတယ်၊ အိမ်း…ဒါလဲဟုတ်တာဘဲ နောက်လာမဲ့သူတွေက အဘတို့ထက်မသာတောင် တန်းတူလောက်တော့ ရှိကြတာဘဲလေ၊ အဲဒီမှာ နောက်တယောက်ကလည်း ဟုတ်ပါတယ်ခင်ည ဒီတိုင်းလွှတ်ပေးလို့တော့ ရဘူးခင်ည အဘစဉ်းစားပေးစေချင်ပါတယ် ခင်ညနဲ့ အခုနေရိုကျိုးတာ ဘယ်အချီ ငါ့တံတွေးနဲ့ ထွေးမလဲတော့မသိ မျက်နှာကသာ ငါ့ကြည့်နေတာ လက်ကဖုန်းနဲ့သူ့မိန်းမကို မက်ဆေ့ပို့နေပီ အိမ်ကအဖွားကြီးကို ညှော်တော့မှာ ငါသိသားဘဲ၊ ဒါနဲ့ဘဲ အဘလဲ သူ့လူငါ့ဘက်သားက တဖွဲ့ ငါ့လူငါ့ဘက်သားကတဖွဲ့ နှစ်ဖွဲ့ခွဲလိုက်ပီး “တိုင်းပြည်အပြောင်းအလဲလုပ်မယ် တို့ဘက်သာမဲ့ဥပဒေလေး နည်းနည်းထည့်ဆွဲ၊ ပြီးကျ အစိုးရအဖွဲ့ထဲလဲ တို့လူနည်းနည်းပါအောင်လုပ်ကြ၊ နောက် အတော်အသင့် ပါတီတစ်ခုဖွဲ့ တစ်ချိန် အတိုက်အခံလုပ်ပီး မင်းတို့ထဲက ပြန်တက်လို့ရအောင်လုပ်ကြ ဟုတ်ပလား အမြန်လုပ်ကြ ဒါဗြဲ ဆိုပီး တချက်လွှတ် အမိန့်ပေးလိုက်ရတယ်….။ အိမ်း…အဲမှာ ပြောစရာတော့ဖြင့် အဘကတော့ လေး၊နည်းနည်း၊အတော်အသင့် ဆိုပီးမိန့်လိုက်ဘဲ ဒင်းတို့ဘယ်လို လုပ်လိုက်သလဲတော့ မသိဘူး ဝက်ဝက်ကိုကွဲရော ဟူး….စိတ်ညစ်လိုက်ထှာ။

ရဲစည်။    ။ဟုတ်ကဲ့ပါအဘ ဒီအုပ်ချုပ်ခဲ့တဲ့ နှစ်၂ဝကျော်ကာလ အတွင်းမှာရော နိူင်ငံတကာနဲ့ဆက်ဆံရေးမှာပေါ့ အဘရဲ့အမြင်လေးသိပါရစေ ခင်ဗျ။

အဘ ။    ။အိမ်း….အဘနဲ့ကတော့ အားလုံးအဆင်ပြေပါတယ်၊ ဥပမာ အမေရိကန်သမ္မတ အဆက်ဆက် ရွေးကောက်ပွဲမှာ၊ဆီးနိတ်မှာ ပေါ့ကွာ မြန်မာပြည် ဒီမိုကရေစီရရှိရေး အထူးအလေးပေး ဆောင်ရွက်သွားမယ်ဆိုတဲ့ အကြောင်း၊ ဒေသတွင်းနိူင်ငံတွေကိုလဲ မြန်မာပြည်ရဲ့အရေးနဲ့ပတ်သတ်လို့ ဖိအားပေးသွားမယ်ဆိုတဲ့အကြောင်း၊ စစ်အစိုးရ စစ်အာဏာရှင်တွေကို အထူးနှိပ်ကွပ်မယ်ဆိုတဲ့အကြောင်းတွေ မင်းလည်းကြားမှာပေါ့။ အိမ်း….သူတို့အဲလို မပြောလို့မဖြစ်ဘူးလေ ဒါမှသူတို့အတွက် အခြေအနေကောင်းမှာ၊ ပြောပြီးရင်တော့ အဘကို လှမ်းပီးဖုန်းဆက်ကြပါတယ် ဒါဟာနိူင်ငံရေးသဘောဖြစ်တဲ့ အတွက်ဒီလိုဘဲ ပြောကြရတာဘာပေါ့ကွာ၊ ဒါက အဘကြမှမဟုတ်ဘူး ဟိုးဆိုဗီယက်ခေတ် ဘာလင်တံတိုင်း မပြိုခင်ကတည်းက ဂေါဘာချော့နဲ့ ဂျော့ရှ်ဘွတ်တို့ လက်ထက်ကတည်းက သူများမကောင်းကြောင်းပြောပြီးရင် အပြန်အလှန်တောင်းပန်နေကျ အဘကျ သူတို့ကိုဘာမှပြန်မပြောလေတော့ သူတို့ကပိုတောင် အားနာနေကျသေး အဟေး..ဟေး။ အဲလိဇဘက်ဘုရင်မကြီးဆို အီးတိုးတိုးလေးပေါက်လို့ ရွှေီ….လို့အသံထွက်ရင်တောင် ငါအကြောင်း မကောင်းပြောတာ မဟုတ်ဘူးပါဆို ခဏခဏ တောင်းပန်နေကြ၊ အီးယူက ဆန်ရှင်ကိစ္စကလဲ ဒီလိုသူတို့က ပိတ်တာမဟုတ်ဘူး ငါကပိတ်ခိုင်းလိုက်တာ တရက်ငါ့ဆီကို စာတင်လာတယ် အီးယူက နိူင်ငံရေးအရ တစ်ချို့အချက်တွေကို မလိုက်နာရင် ဆန်ရှင်လုပ်မယ်ဆိုတာ သတိပေးစာလာတယ်၊ သို့ပေသိ စာကိုမြန်မာလိုပြန်တဲ့ကောင်က ဆန်ရှင်ကိုပါ မြန်မာလိုရေးလာတယ်၊ အဲ့တုန်းက အီးယူနဲ့က အခြေအနေမဆိုးသေးဘူး ငါကလဲဆရာကြီး မဖြစ်သေးဘူး ဆရာကြီးလက်ထောက်တော့ဖြစ်နေပီ ဘယ်လိုအယူမှားလဲဆို ဟာ..ဒီကောင်တွေ မိုက်ရိုင်းတယ် တို့ဆန်တွေကို ဥရောပတစ်တိုက်လုံးကို ဈေးနှုန်းအရှင်နဲ့ရောင်းခိုင်းတယ်ထင်လို့  ဘာတစ်ခုမှ မလိုက်နာဘူးကွလို့ ဆိုလိုက်တာ သူတို့ဘက်က စဉ်းစားပါအုံးဆိုတာတောင် တားမရဘူး အဟေး…ဟေး။အခုတော့ ပြန်ဖွင့်ပေးမှာပါ နည်းနည်းအင်ထားပီး တို့ဘက်က မီးစိမ်းပြတာစောင့်နေတာ။

ရဲစည်။    ။ဟုတ်ကဲ့ပါအဘ အဘတို့ရဲ့ဘဝတလျှောက် နှစ်ကာလတွေမှာပေါ့ အမှတ်တရ ဖြစ်စေခဲ့တာလေးတွေ ပြောပြပေးပါအုံး။

အဘ ။    ။အိမ်း….မှတ်မှတ်ရရပေါ့ တနသာင်္ရီတိုင်းမှာ ဆလုံပွဲတော်လုပ်တော့ အဘတို့သွားကြတယ် အဲမှာတိုင်းသူကြီးက အဘကိုဧည့်ခံတာက ၂ပေလောက်ရှိတဲ့ ကျောက်ပုစွန်ကင်ကြီးနဲ့ အုန်းရည်နဲ့ အဟေး..ဟေး အဘမှာစားချင်လိုက်တာ အူကိုယားနေတာဘဲ သို့ပေသိ အသက်ကကြီး သွားတွေကမရှိလို့ အံကပ်တပ်ထားရတာရယ်၊ သွေးတိုးကရှိ အုန်းရည်ကလဲသောက်ချင် ဘာမှလုပ်မရတော့ ငိုပြုံးကြီးဘဲ ပြုံးနေရတယ်၊ အဘဘေးကပ်ထိုင်နေတဲ့ ဒုxxx ဆိုလဲ ဟာဗျာ ခုနေ ပုလင်းလေးဆွဲ ဆလုံလိုဝတ်ပီး ဆလုံမလေးတွေနဲ့ ကမ်းခြေမှာ အဟေး..ဟေး ဂလုတဲ့ အဘကတော့ ဂလုဘဲကြားတာပါ ဒါပေသိ အဘသူ့ဂလုကို ဘာသာပြန်တာ နည်းနည်းဘဲ လွဲမယ်ထင်တယ်၊ တသက်မှာ ရင်အနာရဆုံးနဲ့ ခံစားရဆုံးဘဲ၊ အေး နောက်ပီး မှတ်မှတ်ရရပေါ့ နေပြည်တော်မှာက နိူင်ငံတော်အဆင့် ဒက်လီဂေးရှင်းက ၂ခုတိုက်နေတယ်၊အဘတို့က ပွဲလမ်းသဘင်တွေမှာ ဟန်ဆောင်ပန်ဆောင်ဘဲ စားရတာ နေပြည်တော်လေဆိပ်ကျ သီးသန့်ခွဲထားတော့ အိမ်ကစားမလာရင် အဝတီးလို့ရတယ် အဘဆိုအမြဲ အဟာရဆေးလုံးဘဲ သောက်နေရတာ အဲနေ့က အဘကနောက်ကျမှလာတာ ထိုင်းxxx ကို အဘက လိုက်မပို့တော့ဘဲ ရိပ်သာမှာဘဲ နှုတ်ဆက်လိုက်တယ် ကျန်သူတွေက လေဆိပ်ထိလိုက်ပို့ရင်း ဗီယက်နမ်xxx ကိုကြိုဖို့စောင့်ရတာပေါ့၊ အဲနေ့က အားလုံးဆာနေတယ် အဘလဲဆာတာပေါ့၊ အဲတော့ဘာဖြစ်ကြလဲ ဆိုတော့ ကြိုရောက်နေသူတွေက အသီးသီးချောင်လေးတွေထဲ ဝင်ပီးလေဆိပ်က ကျွေးတဲ့သက်သက်လွတ် ဆီချက်ကိုခိုးအုပ်ထားကြသကွ အဟေး….ဟေး အခုမင်းတို့ သမ္မတကြီးဆို ၂ပွဲတောင်စားထားသေး၊ အဘလဲရောက်ရော အသီးသီးခန်းမထဲ ဝင်မယ်လုပ်ကြတာပေါ့ အဘလဲဘယ်ရမလဲ နေအုံးမင်းတို့ပြီးမှ ဝင်ကြလို့ပြောလိုက်တယ် အဘကိုယ်ရေးလက်ထောက်တောင် အဝင်မခံဘူး သူတို့ကလဲ အံ့ဩနေကျတယ် အေး…ငါဘာမှမဖြစ်ဘူး အေးအေးဆေးဆေး ခဏနားမလို့လို့ပြောလိုက်တယ် ဘယ်ရမလဲ အခန်းထဲရောက်တော့ သီးသန့်ခန်းထဲဝင်ပြီး ဆီချက်ရှာတာ ခွေးသားတွေ ငါ့အတွက်ကျတော့ ဆီချက် ထားမပေးဘူး ဒါပေမဲ့ ဘယ်တတ်နိူင်မလဲ ရှိတဲ့လိမ္မော်သီးအတုနဲ့( တရုတ်ပြည်မှလာပြီး လိမ္မော်သီးပုံစံ ဂျယ်လီအပျော့ဖြစ်ပါသည် ရပ်ကွက်မုန့်ဆိုင်များတွင်ရနိူင်ပါသည် အခုရှားသွားပါပြီ အဘကန်ထရိုက်ဆွဲထားလို့ )၊ စပျစ်သီးအကြီးစား ၄၊၅လုံးလောက် ဆက်တိုက်မြိုချရတယ် နင်သွားလို့ မျက်မှန်တောင်ကျွတ်သွားသေး အဟေး…ဟေး ပြီးမှ အခွံခွာပြီးသား အက်ကွဲစေ့လေး မြုံ့ပြီးခတ်တည်တည်နဲ့ ဝင်ခဲ့တော့လို့ပြောရတယ်၊ အကုန်စုံလို့ မင်းတို့ဆာပြီလား မေးတော့ မဆာသေးပါဘူးတဲ့ ငါ့မျက်စောင်းထိုးက ဓာတ်မီး၂ဝန်က မေးစေ့အောက်မှာ ဆီချက်ဖက်ကကပ်လို့ အဘရှေ့မလဲ ဆီချက်ပွဲလာချပေးတော့ အဘလဲ၃၊၄ဇွန်းလောက် တီးလိုက်သေးတယ် အံမယ်သူတို့ကျတော့ တို့ကနန်းဆိပ်ကနန်းရယ် ငါ့မတော့ အငတ်ကြီးကိုဖြစ်လို့ အဟေး….ဟေး၊ ဒါတော့ တကယ့်အမှတ်တရ ပါဘဲကွာ၊ အိမ်း..မင်းတို့ကြီးတော်ကြီး ဆေးသောက်ဖို့ လာခေါ်နေလို့ ကျန်တာလေး နောက်မှဆက်ကျတာပေါ့၊ အဘလဲ ဆေးသောက်ပီးရင် ကာတွန်းကားကြည့် အဟေး…ယောင်လို့ ဘုရားရှိခိုးပြီး သတ္တဝါတွေ မေတ္တာပို့ရအုံးမယ် ကလဲ့စားမချေကြေးလို့ ….အဟေး..ဟေး။

နောက်မှဆက်ပါမည်။

တယ်လီပသီနည်းဖြင့် မေးမြန်းထားသဖြင့် စာသားများပြတ်တောက်မှုရှိက ငါတို့ဆက်တွယ်ရေးလုပ်ငန်းတွင်သာ တာဝန်ရှိပါကြောင်း…….

 

6 comments

  • ရဲစည်

    April 21, 2012 at 10:27 pm

    ဒီလိုဘာဗျာ…..အခုတစ်လော ရွာထဲမှာ သင်္ကြန်ရက်မတိုင်ခင် လောက်ကတည်းက ဘာသာရေး၊ ယဉ်ကျေးမှု၊ လူမျိုးရေးကိစ္စတွေ အတော့်အတန်ကို ပြင်းထန်စွာ ဆွေးနွေးနေကြပါတယ်။ဒါပေသိ ဂေဇက်ကို စဖတ်ဖြစ်တုန်းက ဒီလို လေးလေးပင်ပင်ကြီးတွေ မတွေ့ရဘဲ ပေါ့ပေါ့ပါးပါးနဲ့ အသိပညာတိုးစရာလေးတွေ ဖတ်ရတာများတယ်ဗျ။ကျွန်တော့်အထင် မသိမတတ်ကြတာတော့ မဟုတ်လောက်ဘူး အားလုံးက သူ့ကိုယ်ပိုင် စတိုင်လ်လေးတွေနဲ့ ကိုယ်ပိုင်ကားလ်ချားလေးတွေ တည်ဆောက်ပြီး နေကြတော့ အများနဲ့မတူဘဲ မန်းဂေဇက်ဆိုတာ ရွာလေးသဖွယ်ဖြစ်လာတယ်လို့ ယုံကြည်မိတယ်။တစ်ခြားဆိုဒ်တွေမှာကြ ရေးလိုက်ဖွလိုက်မန့်သူတွေကလည်း သူ့ထက်ငါ အပြိုင်ပညာတွေ ထုတ်ကြတော့ ပို့စ်တစ်ခုဖတ်ရတာ ကိုယ်မသိတာတွေဖတ်ရတာ နည်းနည်း ဒေါသသံတွေ ဩဇာသံတွေ ပိပြီးစိတ်သိပ်မရွှင်လှဘူးဗျာ။ကျွန်တော် စာရေးမကျွမ်းကျင်ပါဘူး ဖတ်တာကိုတော့ အမတန်ဝါ သနာပါပါတယ် သို့ပေသိ ရေးပြန်ရင်လဲ အထေ့အငေါ်တွေ ပိုထွက်လို့ မရေးတာလဲ ပါပါတယ်ဗျာ နည်းလမ်းမမှန်တာလဲ ပါတာပေါ့

    ဒီပို့စ်ကို စပြီးတင်မယ်လုပ်တော့ ခေါင်းစဉ်တစ်မျိုးရယ် နောက်မှမိတ်ဆွေ တစ်ယောက်နဲ့ ပြောဆိုခဲ့တာလေးတွေ မှတ်မိပြီး အခုခေါင်းစဉ်လေး ပြောင်းတင်လိုက်တာပါ မရယ်ရပေမဲ့ မဲ့ပြုံးလေးပြုံးရင် ကျေနပ်ပါတယ်…။

  • ပေစိ

    April 21, 2012 at 10:47 pm

    နည်းနည်းလေးတော့ပြုံးသွားပါတယ်ဗျာ

  • htet way

    April 22, 2012 at 9:46 am

    ကောင်းတယ်ဗျာ
    အားပေးတယ် ဆက်ရေးပါ

  • Onyx

    April 22, 2012 at 6:02 pm

    ကောင်းတယ်ဗျာ ။အာပေးနေပါတယ် ဆက်ပြီး ချီတက်ပါလို့

  • water-melon

    April 22, 2012 at 6:06 pm

    အမလေး ပြောမနေပါနဲ့တော်
    ရွာထဲလည်း စမန်တွေစမတ်တွေရဲ့
    ငါ တစ်လုံးဆွဲတွေများနေတာ
    ငါ တော်တယ်
    ငါ တတ်တယ်
    ငါ လောက်ဘယ်သူမှမတော်ဘူး
    ဘိုအစားစာတွေစားပြီ
    ဘိုလေသံတွေပေါက်နေတာ
    လေပါတယ်။
    ဟာသဘဲ
    ဒီလောက်တော်နေတတ်နေရင်လဲ…..

    • ဗိုက်ကလေး

      April 22, 2012 at 6:22 pm

      ငါတော့ တစ်လုံးမဆွဲနိုင်ဘူးကွဲ ့
      တစ်ပိုင်းလောက်ရောက်ရင် မှောက်သွားကော

Leave a Reply