အခြေခံပညာတွေကို အရင်ဆုံးပြုပြင်သင့်တဲ့ အကြောင်းလေးကို ဆရာမနဲ့ စကားထပ်ပြောပြီးတဲ့အခါမှာရော၊ နယ်ကို ခဏပြန်လိုက်တဲ့အခါမှာရော သိလာခဲ့ရတာတွေနဲ့ ပေါင်းပြီး ပြောချင်လို့ပါ။

 

ကလေးတွေကို self study လုပ်တတ်အောင်၊ တီထွင်ကြံဆနိုင်အောင်ဆိုတာ မူလတန်းကြို၊ မူလတန်းအဆင့်တွေကတည်းက လေ့ကျင့်ပေးဖို့လိုပါတယ်။ ကလေးတွေအကုန်လုံးက ရ တန်းလောက်သာရောက်လာတယ်။ လက်ရေးလက်သား၊ အခြေခံအသိပညာတွေ ဘာမှကောင်းကောင်းပါမလာပါဘူး။ သူတို့တွေကို မေးကြည့်တဲ့အခါ မူလတန်းတစ်လျှောက်လုံး စာမေးပွဲတွေမှာ မေးခွန်းရခဲ့ပါတယ်တဲ့။ မိဘတွေကလည်း သူတို့ကလေးတွေ အဆင့်တွေဝင်နေကြတာကို ဂုဏ်ယူနေကြတယ်။ တကယ်တမ်း အလယ်တန်းအဆင့်ကို ရောက်လာတဲ့အချိန်မှာ ဘာအခြေခံမှ ပါမလာကြပါဘူး။ နယ်က ဆရာမတွေကပြောတယ်။ ကလေးတွေက ပိုပိုညံ့လာကြတယ်တဲ့။ ဘာလို့လည်းလို့ ကြည့်လိုက်တဲ့အချိန်မှာ ကလေးတွေကို အခြေခံကောင်းကောင်း မပေးခဲ့တဲ့အတွက်ပါ။ ဆယ်တန်းမှာ တစ်အုပ်လုံးကျက်၊ မေးခွန်းတွေခက် လုပ်လိုက်ရော လွယ်လွယ်နဲ့အောင်လာတဲ့ကလေးတွေ အကုန်ဒုက္ခရောက်ကုန်ကြရော။ ထပ်ပြီးတော့ တက္ကသိုလ်ဝင်ခွင့်တွေလည်း စစ်ချလိုက်ရော ဘာတက်ရမှန်းမသိ ဖြစ်ကုန်ရော။

 

ဆရာမတွေဘက်က ပြန်ကြည့်တယ်။ ဘာလို့ကျူရှင်သင်လဲဆိုတော့ သိတဲ့အတိုင်း လစာက မလောက်ဘူးပေါ့။

ဒါပေမယ့် ဘာလို့ မေးခွန်းပေးသင်တာလဲ။ ကျူရှင်တွေအပြိုင်အဆိုင်ဖြစ်လာတဲ့အခါ ကိုယ့်တပည့်အဆင့်ရရေး၊ ကိုယ့်ကျူရှင် ကျောင်းသားများရေးအတွက်ဆိုပြိး ဒီလိုလုပ်လာကြပါတယ်။ မိဘတွေကလည်း မေးခွန်းမပေးလို့ ကိုယ့်သားသမီးအဆင့်မရရင်ဘဲ ဆရာမအပြစ်လိုလို လုပ်ကြတော့ ကိုယ့်ကို မိဘက စိတ်မကွက်ဖို့အတွက်လည်း အရေးကြီးပြန်တယ်။

 

ကျောင်းမှာ စာတွေကောင်းကောင်း မသင်ကြဘူး။ ဘာလို့လဲ။ ရန်ကုန်ကိုတော့ မပြောတတ်ပေမယ့် နယ်မှာဖြစ်ပျက်နေတာတွေကို ပြောချင်ပါတယ်။ ဆရာမတွေက On Paper တွေပဲ များနေကြပါတယ်။ သင်နည်းမှတ်စု၊ သင်ရိုးညွှန်းတမ်း စတာတွေကို စာအုပ်ထဲမှာ နေ့အလိုက်၊ အပတ်စဉ်အလိုက်၊ လအလိုက် ညွှန်ကြားချက်နဲ့ညီအောင် ဖြည့်ရပါတယ်။ ဒါပေမယ့် တကယ်တမ်းကြတော့ စာသင်ခန်း ၂၄ ခန်းမှာ ဆရာ၊ ဆရာမ ၂ဝ နဲ့ မလုံလောက်တဲ့အတွက် တစ်ရက်ကို ရ ချိန်မှာ ၆ ချိန်က စာသင်ခန်းဝင်ရပါတယ်။ ဒီတော့ ကျောင်းကအလုပ်တွေကို အိမ်မှာလုပ်ရတော့ပါတယ်။ ဒီကြားထဲမှာ ဖွံ့ဖြိုးရေးချိန်တွေကလည်း မဖြစ်မနေသင်ရတဲ့အတွက် စာသင်ချိန်တွေ နည်းကုန်ပါတယ်။

 

နောက် ကျောင်းမှာ ဘာမှမကောက်ရဘူးလို့ ပြောတဲ့အတွက် မကောက်ကြပါဘူး။ ဒါပေမယ့် မဖြစ်မနေလုပ်ရမယ့် ဝါဆိုသင်္ကန်း၊ ကထိန်သင်္ကန်း စတဲ့ပွဲတွေမှာ ဆရာမတွေက အိတ်စိုက်ရပါတယ်။ ဒီကြားထဲမှာ နိုင်ငံတော်ကို မဖြစ်မနေသွင်းရမယ့်ကြေးတွေရှိပါတယ်။ အဲဒါတွေကို ဆင်းရဲတဲ့ကျောင်းသားတွေက မပေးနိုင်တဲ့အခါ အချိန်မီသွင်းရဖို့ ဆရာမတွေပဲ အိတ်စိုက်ရပါတယ်။ ဒီကြားထဲမှာ ဆယ်တန်းအောင်ချက်ကောင်းရေးအတွက် guardian တွေဖွဲ့ပြီး လုပ်ခို်င်းတဲ့အခါ ဆရာတွေရဲ့ ညနေအိမ်ပြန်ချိန်ဟာ ရ နာရီလောက်ကို ရောက်ကုန်ပါတယ်။

 

နောက် ကျောင်းသားတွေ အပြင်ကျူရှင်တွေကို အားကိုးကြပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ (စော်ကားတာမဟုတ်ပေမယ့်) အပြင်ကျူရှင်တွေကသာ ကျောင်းသားနားလည်အောင်၊ ဖြေတတ်အောင် သင်ပေးနိုင်လို့ပါ။ စာအုပ်ကို ဖွင့်၊ သင်ရိုးကို ဖတ်ပြ၊ မှတ်စုကို အော်ပေး၊ child centre ဆိုတာ ဝေလာဝေးဆိုတော့ ဘာပဲပြောပြော အနည်းဆုံးတော့ သင်ရိုးကို ဖတ်မပြဘဲနဲ့ သေသေချာချာ မှတ်စုထုတ်ပြီး ရှင်းပြတဲ့ အပြင်ကျူရှင်တွေက ပိုသာနေပါတယ်။ နောက် ကလေးတွေက ညဘက်ဆို self study မလုပ်တတ်တော့ ဂိုက်ဆရာနဲ့ စာကျက်၊ တက္ကသိုလ်တက်တော့ ကိုယ့်ဘာသာကိုယ် စာမကျက်တတ် ဖြစ်ကုန်ပါတယ်။ (အကုန်လုံးကို မဆိုလိုပေမယ့် နယ်မှာဖြစ်နေတာတွေကို ပြောတာပါ။)

 

ပြီးတော့ ကျွန်မတို့မြို့က ဧရာဝတီတိုင်းထဲမှာဆို အစွန်ဆုံးမြို့ပါ။ ဟိုဘက်ဆိုရင် ရန်ကုန်တိုင်းဖြစ်သွားပါပြီ။ ပုသိမ်ကိုသွားချင်ရင်တောင် ရန်ကုန်ကပဲ သွားရတာပါ။ ဆိုတော့ကာ information တွေရောက်လာရင် အကုန်နောက်ကျပါတယ်။ ပြိုင်ပွဲတွေလုပ်ရင်လည်း သတင်းရောက်လာတဲ့အချိန်က လွန်နေပါပြီ။

နောက် ဆရာမတွေ B.Ed တို့ ဘာတို့ စာမေးပွဲတွေဝင်ဖြေရင်လည်း နီးစပ်ရာသာ ရသွားတတ်ကြပါတယ်။ ဘယ်လောက်စာသင်ကောင်းကောင်း၊ ဘယ်လောက်အလုပ်ကြိုးစား အလယ်တန်းပြတစ်ယောက်ရဲ့ လစာက အထက်တန်းပြသာ မဖြစ်တော့ဘူးဆိုရင် ၅၈၀၀၀+၃၀၀၀ဝ က မတက်တော့ပါဘူး။

နောက် ကောလဟာလ တစ်ခုက စာသိပ်မတော်တဲ့ ကောင်လေးတစ်ယောက် ရန်ကုန်မှာ ကျောင်းသွားတက်ပြီး ဆယ်တန်းဖြေတာ ဂုဏ်ထူး ၅ ဘာသာ ပါပြီး အမှတ်က ၅၀ဝ ကျော် ရပါတယ်တဲ့။ ဒါပေမယ့် အဲဒီကလေးက တက္ကသိုလ်တက်ဖို့ကို ကြောက်နေပါတယ်တဲ့။ မတိကျတဲ့ရပ်ကွက်က ရတဲ့သတင်းကတော့ အဲဒီကလေးက ဆယ်တန်းမေးခွန်းကို ဝယ်ခဲ့ပါတယ်တဲ့။ (ကြားခဲ့ရတာလေးပါ။)

 

ဒါတွေက အခုလတ်တလော အမှန်တကယ်ဖြစ်ပျက်နေတာတွေကို တွေ့မိ၊ တွေးမိတာပါ။ ဝေဖန်ပေးကြပါဦး။

 

ခင်မင်ရသော…

မွန်မွန်

About လုံမလေးမွန်မွန်

has written 169 post in this Website..

ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ရဲ့မေတ္တာတရားကို ပြသဖို့ ၀န်မလေးပါနဲ့... ဘ၀ဆိုတာ တိုတိုလေးရယ်ပါ... .... CJ # 11202010