ဘုတ်…..
တစ်လမ်းလုံး ပခုံးထက်မှာ လွယ်လာသော အိတ်ကို အားရပါးရ ပစ်ချလိုက်သည်။
နားခိုရာနေရာ ရောက်ချေပြီကိုး။
ပိတ်ထားသောတံခါးရှေ့ရှိ ဆိုင်းဘုတ်ကလေးကို ဦးမာဃ တစ်ချက် ဖတ်လိုက်သည်။
ဘာတဲ့…
ကဗျာပြခန်း” ဆိုပါလား….။
ဆိုင်းဘုတ်ကို ဖတ်ပြီး အတွေးစလေးတွေက အတိတ်ကို နည်းနည်း လွင့်မျောသွားသည်။
သို့သော် ကြာကြာမတွေးနိုင်၊ ခရီးပန်းလာသည်မို့ အထဲဝင်ရန် တံခါးကို ခေါက်လိုက်တော့သည်။
ဒေါက်…..ဒလောက်…..ဒေါက်
သုံးချက်တိတိ ခေါက်အပြီးမှာတော့ တိုင်ပင် ကိုက်ထားသည့်အလား တံခါးက ဖြတ်ခနဲဆို ပွင့်သွားသည်။
အထဲကနေ ထွက်လာသူကတော့ ဒညင်းဝက်(အဲလေ) အလင်းဆက်။
ရောက်ရောက်ချင်း ဆောက်နှင့်ထွင်း ဆိုသလို အားရပါးရ မေးရှာသည်။
‘ဟဲ့ သဂျားးး ဘာလာလုပ်တာလဲ’ တဲ့။
သူမေးမှ လူတောင် မျက်စိ လည်ချင်ချင် ဖြစ်သွား၏။
‘ဟဲ့ ငါက ဘာလာလုပ်ရမှာတုန်း အလုပ်ကိစ္စပြီးလို့ ပြန်လာတာပေါ့။ သွားတာမှ ဆယ်ရက်ကျော်လောက်ကလေးကို အတိတ်မေ့သွားပလား’
အခွင့်ရတုန်း ဖိ ဟောက်ပစ်လိုက်သည်။
အဲဒီတော့မှပဲ ကိုယ်တော်ချောက ‘အေးးး ဟုတ်သားးး ငါ မေ့သွားတာ… လာ အထဲဝင်’ တဲ့။
ထိုကျမှ ရုံးခန်းထဲ ဝင်တဲ့ကိစ္စ ပြီးလေတော့သည်။
ဝင်လာတာ မြင်တော့လည်း လှမ်းတော့ မေးကြရှာသား(မကောင်းတတ်လို့လားတော့မသိ)
မွန်မွန်က ထိုင်ရာမထ လှမ်းအော်သည် ‘သဂျားး ငါ့ပြခန်းမှာ လာပြီး ကူပေးဦး ‘ တဲ့
အင်း… ရောက်ရောက်ချင်းကို အမိအရ လှမ်းဆွဲတာပါလားနော်…
နောက် ဟို ဂျီးဒေါ် ဂျီးဒေါ်ဆွိကတော့ ပြောရှာ၏။
‘သဂျားလေး… ခရီးပန်းလာတယ်ထင်တယ်၊ နားလိုက်ဦး၊ ပြီးမှ နင်သွားတုန်း ရှုပ်ထား(အဲ) လုပ်ထားတာတွေ ပြောပြမယ်’ တဲ့
မျက်ခုံးတောင် နည်းနည်း လှုပ်ချင်ချင် ဖြစ်သွားသည်။
မန်းဂဇက်ကို မောင်နှင့်တူသည်ဟု တဖွဖွ ပြောနေသော သူကလေး ကတော့ ဖုန်းမှ မျက်နှာမခွာဘဲ လှမ်းနှုတ်ဆက်သည်။
လူချင်းတော့မဟုတ် ချက်တင်မှ နှုတ်ဆက်ခြင်း ဖြစ်ပေ၏။
တစ်ယောက်တစ်မျိုး မရိုးရအောင် တတ်လဲ တတ်နိုင်ကြသူတွေပါတကားးး။
ထိုထိုသော အဆင့်များကို ဖြတ်သန်းပြီးသည့် အခါမတော့ ခြေလှမ်းတွေက
ကဗျာချစ်သူရုံးခန်းထဲမှ ဦးမာဃ၏ စားပွဲ ပိစိကလေးထံ မှာ အဆုံးသတ်သွားသည်။
ထို့နောက်တွင်တော့ အမောအပန်းဖြေ၊ အနားယူအပြီး တွင် အလင်းဆက်က စားပွဲပေါ်သို့ စာရင်းတစ်ခု လာပို့ရှာ၏
‘ဟဲ့ အလက်ဆင်း ဒါ ဘာတုန်း’
‘ကျန်တဲ့ ကဗျာစာရင်းတွေလေ၊ ပြခန်း ၁၀ က မင်းတင်ရမှာမဟုတ်လား အဲဒါကြောင့် ကြိုရွေးဖို့ ပေးထားတာဟ’
‘အင်းအင်း… ဟုတ်ပြီလေ၊ ကဲ ကြည့်ရအောင်…’
အားရပါးရ စာရင်းကို ကြည့်ပြီးသည့်နောက် ဦးမာဃ မျက်လုံးပင် ပြူးသွား၏။
‘ဟဲ့ အလက်ဆင်း စာရင်းက ဒါပဲလားဟ’
‘အေး.. ဟုတ်တယ် ဒီကြားမှာ ကဗျာလက်ကျန်က ဒါအကုန်ပဲဟ’
ပြောလည်း ပြောချင်စရာ.. လက်ကျန်ကဗျာက ပြခန်းတစ်ခန်းစာပဲ ရှိတော့သည်ကိုး။
ဒီလိုဆိုလျှင်တော့ မဖြစ်သေး… ကဗျာစုဆောင်းရေး ပြန်လုပ်ရဦးမည်။
ပြခန်းကိစ္စဖြင့် ကြားရက်တွေမှာ အလုပ်ရှုပ်မှာမို့ ပြခန်းတင်ပြီးမှ စုဆောင်းရေး လုပ်ရန် တေးထားလိုက်သည်။
ကဗျာ ဓားပြအဖွဲ့တော့ ဖြစ်လိမ့်ဦးမည်…။
ထိုသို့ ထိုသို့ဖြင့်
လက်ထဲမှာ ရှိနေသည့် ကဗျာတွေကို ကြည့်ပြီး သကာလ
ဦးမာဃ ပြခန်း(၁၀) အတွက် ကဗျာ ဆယ်ပုဒ် ရွေးချယ်လိုက်လေသည်။
ပထမဆုံး ရှေးကဗျာ ရွေးရမည်။
ရှေးကဗျာ အတွက် သိပ်တော့ စိတ်မပူလှ၊ ဟိုရှာ ဒီရှာ လုပ်လိုက်လျှင် တစ်ပုဒ်တော့ အေးအေးဆေးဆေး ပင်။
သို့သော် အခန့်သင့်ချင်တော့ ကဗျာက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာ၏။
ကဗျာရွေးနေစဉ် ဦးကြီးမိုက်ဆီက ဖုန်း ဝင်လာသည်။
‘သိကြားရေ ငါတို့ ဖတ်ရွေးအတွက် လွှတ်တော်မှာ ဆွေးနွေးဖို့ လုပ်တော့ ကဗျာလေးတစ်ပုဒ်ကို သွား သတိရလို့ကွာ အဲဒါ မင်း ရှာပေးပါလား’
‘ဟုတ်ကဲ့ပါ ဦးမိုက်ရေ ဘယ်ကဗျာလဲဗျ’
ဒီလိုနဲ့ ကဗျာ တစ်ပိုင်းတစ်စ ကို ကြားမိလိုက်သည်။
ကြားစဉ်ကတည်းက ကြိုက်မိသော စာသားများက ရှာပြီးလို့ တစ်ပုဒ်လုံး ဖတ်ပြီးသောအခါ ပို ကြိုက်သွားလေသည်။
ထိုသို့ဖြင့် ဆရာ ဗန်းမော်ညိုနွဲ့ ၏ လက်ဖက်ရည်ကြမ်းဝိုင်း ကဗျာကို ပြခန်းထိပ်တွင် ချိတ်ဖြစ်သွားပါသည်။

နောက် ကဗျာတစ်ပုဒ်ကို ရှာပြန်တော့ တောက ကိုရင် ပေးထားသော ကဗျာတစ်ပုဒ်ကို သွား မြင်သည်။
ဒါနှင့်ပဲ ကိုရင့်ကို လှမ်းဆက်ကာ ကဗျာတောင်းလိုက်တော့ အားလုံး အိုကေ။

ထို့နောက်မှာတော့ လေးခ၏ ကဗျာတစ်ပုဒ်ကို သွားတွေ့ပြန်၏။
လေးခ မှာ ပြခန်းအတွက်လဲ ပုံမှန် ကဗျာတွေ ပို့ပေးနေသူမို့ တကူးတက ခွင့်တောင်းစရာ မလို ဒါနှင့်ပဲ  ကဗျာရွေးပြီးတာနှင့် လှမ်း အကြောင်းကြားလိုက်သည်။

ဆက်ပြီး ကဗျာစာရင်းမှာ ထပ် မွှေတော့ ကိုကမ်း၏ ကဗျာတစ်ပုဒ် ထွက်လာပြန်သည်။
သို့ဖြင့် ကိုကမ်းကို လှမ်း ဆက်လိုက်သည်။
‘ကိုကမ်းရေ ဒီအပတ် ပြခန်းမှာ ကိုရင့်ကဗျာကို သုံးချင်တယ်ဗျာ အဆင်ပြေမလားဗျ’
‘အာ… ပြေပါတယ် ဦးသိကြားရေ၊ သားကဗျာ ထပ် ယူချင်ရင်လည်း ပြောဗျာ’
‘ကောင်းပါပြီဗျာ… ဒါဆို နောက်ထပ် ကဗျာလေးတွေ ပို့ပေးပါဦးနော်’
ခွင့်တောင်းရင်းနှင့် ကဗျာ စုဆောင်းရေးအတွက်ပါ တစ်ခါတည်းပြောထားလိုက်သည်။
တစ်ချက်ခုတ် နှစ်ချက်ပြတ်၊ ကောင်းလေစွ။

ကိုကမ်းပြီးတော့ တစ်ဆက်တည်း ကိုအာဂဆီကို လှမ်းဆက်လိုက်သည်။
‘အစ်ကိုရေ ဒီအပတ်ပြခန်းလည်း အစ်ကို့ကဗျာလေး ထည့်ချင်တယ်ဗျာ၊ အဲဒါ လှမ်း ခွင့်တောင်းတာပါ’
‘သြော်…ဟုတ်ပြီလေ၊ တခြားရော ဘာလိုသေးလဲ’
‘လောလောဆယ်တော့ မလိုသေးဘူးအစ်ကို၊ ကဗျာလေးများ ထပ် ရရင်တော့ မဆိုးဘူးဗျ’
အင်း တဖြည်းဖြည်းနဲ့ အကြောင်းကြားတာ မဟုတ်ဘဲ ကဗျာထပ်တောင်းတာ ဖြစ်နေပြီ၊ လျှော့ဦးမှ…။

နောက်ထပ် ခွင့်တောင်းဖို့ ကျန်သူက အောင်မိုးသူ၊ သူ့ကဗျာလည်း ထည့်ရန် ရွေးထားလိုက်သည်။
ပြီးတော့ အွန်လိုင်းကနေ လှမ်းပြောလိုက်သည်။ ကဗျာတစ်ပုဒ် ပြခန်းထဲကို ထပ်ရောက်လာ၏။

ကဗျာစာရင်းကို ပြန်ကြည့်လိုက်တော့ ကဗျာဆရာ ငါးယောက် ဖြစ်နေပြီမို့ ကဗျာဆရာမများဘက် လှည့်လိုက်သည်။
ပထမဆုံး ကဗျာတောင်းရန် သတိရသူက မနေခြည်။
သို့သော် သိပ်လည်း မတောင်းရဲ၊ ဟိုတစ်ခါ ဂျီးဒေါ်ဆွိ တောင်းတုန်းကတောင် ဆွိက နားလည်လို့လား လို့ ပြန်မေးနေတာ ဆိုတော့ ကိုယ့်အလှည့်လဲ အဲလိုဆိုရင် အခက်။
မတောင်းရင်လည်း ကဗျာနည်းနေမှာမို့ သုံးခါလောက် အစမ်းလေ့ကျင့်ပြီးမှ  ဖုန်းလှမ်းခေါ်လိုက်သည်။
‘ဟဲလို… အစ်မရေ၊ ဒီအပတ် ကဗျာပြခန်းအတွက် ကဗျာလေးတစ်ပုဒ်လောက် လိုချင်လို့ပါ’
‘အင်း.. ရတယ်လေ၊ ဘယ်ကဗျာလိုချင်လဲ ရှာလိုက်ပေါ့’
‘အဲ…ရပါတယ်ဗျာ၊ ကျွန်တော်တို့ မရှာတော့ပါဘူး အစ်မပဲ တစ်ပုဒ် ရွေးပေးလိုက်ပါ’
‘ဟုတ်ပြီလေ..၊ ဒါဆို တစ်ပုဒ် ပို့လိုက်မယ်’
တော်သေးသည်၊ ဒီတစ်ခါတော့ အေးအေးဆေးဆေး ပြီးသွား၏။

ထို့နောက် တွေ့မိသည်က တောင်ကြီးသူမ သမ္ဘူလ (အဲလေ) ရင်ငြိမ်းနွေး ၏ ကဗျာ။
ဖတ်အပြီးမှာ ကြိုက်မိသည်မို့ သူ့ကိုလည်း လှမ်းဆက်ကာ ပါမည့်ရက်ကို ပြောရသည်။

နောက်ထပ် ကဗျာတောင်းဖြစ်သူကတော့ မနှင်းဖြူ။
မနှင်းဖြူ မှန်မှန်ဖော (အဲလေ) မနှင်းဖြူ မှန်မှန်ပြော ဆိုပြီး ဘာသာပြန်တွေရေးလိုက်၊ လောကကြီးကို တခြားဘက်က လှည့်ကြည့်လိုက်နှင့် အလုပ်ရှုပ်နေသူ။
‘ဗျို့၊ ဒေါ်နှင်းဖြူ ကျုပ် ကဗျာတစ်ပုဒ် လိုချင်တယ် အဲဒါ ရမလား’
‘ရတယ်လေ ပို့လိုက်မယ်’
ပြခန်းအတွက် နောက်ထပ် တစ်ပုဒ် တိုးသွားသည်။

ဘယ်သူ့ဆီက နောက်ဆုံး တောင်းရမလဲလို့ တွေးတော့ ထပ်ထွက်လာသူက မရွှေကြည်။
သို့ဖြင့် ကဗျာပေးရန် မက်စိ(အဲ) မက်ဆေ့ခ်ျ ပို့ကာ ပြောလိုက်သည်။
ချက်ခြင်း ပြန်စာရောက်လာ၏။
အားရဝမ်းသာ ဖတ်ကြည့်လိုက်တော့ ရေးထားတာက တစ်ကြောင်းတည်း။
‘I cannot read myanmar font’ တဲ့။ သေဟ။
ဒါနှင့်ပဲ ဖုန်းလှမ်းဆက်ကာ တောင်းလိုက်ရသည်။

ဤသို့ ဤနှယ် ဖုန်းဖြင့်တစ်မျိုး၊ အွန်လိုင်းကတစ်ဖုံ ကဗျာတောင်းလိုက်၊ အကြောင်းကြားလိုက် လုပ်လိုက်ရာ
ဦးမာဃ လက်ထဲ ကဗျာဆယ်ပုဒ် ရောက်လာလေသည်။
ဘေးကနေ၊ ကဗျာတောင်းပုံ၊ အကြောင်းကြားပုံတွေကို ထိုင်ကြည့်နေသည့် အလက်ဆင်းက ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေရှာသည်။
တစ်ယောက်တည်း ဟိုဆက်၊ ဒီချိတ်ဖြင့် မိနစ်ပိုင်းအတွင်း ကဗျာရွေးလိုက်သည်ကိုပဲ အားကျသည်လား၊ ချက်ခြင်းလက်ငင်း ကဗျာဆယ်ပုဒ် ရောက်လာတာကိုပဲ အံ့သြနေသည်လားတော့ မပြောတတ်။
ရလာသော ကဗျာများကို နေရာတကျဖြစ်အောင် စီနေစဉ် စားပွဲရှေ့သို့ မွန်မွန် ရောက်လာသည်။
လက်ထဲမှာလည်း ကဗျာတစ်ပုဒ်။
‘ကဗျာနည်းတယ် ညည်းနေတာ ကြားလို့ ငါ့ကဗျာတစ်ပုဒ် လာပေးတာ၊ မထည့်ရင်တော့ မလွယ်ဘူးမှတ်’
ကဗျာပြည့်ပြီလို့ ပြောဖို့ ကြံနေသော ပါးစပ်ကို အမြန် ဘရိတ်အုပ်လိုက်ရသည်။
တော်ကြာ နောက် ကိုယ့်ပြခန်းတွေမှာ မပေးဘူးဆို အခက်။
အချင်းချင်းပေမင့် သူ့ကဗျာက အာပေါက်အောင် တောင်းရတာ များနေသည်ကိုး။
ကဗျာပေးပြီး ကပ် ပြောသွားသေးသည်။ ‘ဒါ ငါ့ရဲ့ ရင်တွင်းဖြစ် စစ်စစ်’ တဲ့။ ဟုတ်မဟုတ်တော့ ကာယကံရှင်တွေ သိလိမ့်မည်…ဟီဟိ။

ဒါနှင့်ပဲ ပြခန်း(၁၀) အတွက် ကဗျာ ဆယ့်တစ်ပုဒ် ဖြစ်သွားသည်။
ကဗျာစုပြီးတော့ ပြခန်းကို ဘယ်လိုအပြင်အဆင်နဲ့ ပြမလဲ တွေးရသေး၏။
အရင်ပြခန်းတွေတုန်းက ပြခန်းဘက်မှာ မှတ်ချက် ပိတ်ထားတော့ ကဗျာတွေကို ဆွေးနွေးတာ သိပ်မတွေ့ရ။
ကဗျာ ဆိုတာကလည်း ဖတ်ပြီးတာနှင့် ခံစားချက် တန်း ပေါ်သည်လေ။
ဒါကြောင့်မို့ ဒီတစ်ခါ ပြခန်းမှာ ဟိုဘက်သည်ဘက် နှစ်ဖက်လုံးမှာ မန့်လို့ရအောင်၊ မန့်တာတွေ တူအောင် လုပ်ရန် တွေးမိသည်။
ဒါနှင့်ပဲ ကဗျာပြခန်း၏ နည်းပညာ တာဝန်ခံ မောင်မာဃ နှင့် ပြခန်းမှူး ဦးမာဃ တို့ တစ်ခေါင်းတည်း ချာလည်ရိုက်ကာ ပို့စ်တွေကို ရှာဖွေမွှေနှောက်လိုက်တော့ အဆင်ပြေသွားသည်။

ထို့ကြောင့်
ပြခန်း (၁၀) ကို စတင် ဖွင့်လှစ်လိုက်ပါပြီ။

ကလစ်တစ်ချက်ခေါက်ကာ ပြခန်းသို့ ဝင်ပါရန်

ပြခန်းတံခါးဝတွင် စာရွက်တစ်ရွက်ကို ဆွဲကပ်လိုက်သည်။

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

ပြခန်း (၉) မှ ကဗျာစာရင်း

တော်သလင်းလဖွဲ့ – ဖိုးသူတော်ဦးမင်း

ဟုတ် ဟုတ်ရဲ့လား အဖွားရယ် – ခင်ခ

ငါ ဒီည ခေါင်းကိုက်နေတယ် – လင်းစက်ရာ

Dream of Love – မဟာ မြန်မာ

စံပါယ်မျှားခြင်း – ကမ်းဝေး

Smile – Sonny

အကောင်းမြင်စိတ် – ခက်သီ

နုပျိုမှုထဲ ခုန်ချချင်တယ် – အာဂ

လူသားရဲ့ အရှုံး – အလင်းဆက်

ကိုယ့်အလှည့်ကျတော့ – မိုးမင်းသား

နှောင်ဖွဲ့ခြင်း – ကိုပေါက်(မန္တလေး)

ကြွားချင်း – မဟာရာဇာ အံစာတုံး

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

နောက်ထပ် စာရွက်တစ်ရွက်ကိုတော့ သူ့ဘေးမှာ ကပ်လိုက်သည်။

ပြခန်း ၁၀ မှ နှစ်သက်ရာ ကဗျာလေးများကို ရွေးချယ်ကြဖို့ မဲစာရင်း

 

+++++++++++++++++++++++++++++++++++++++++

ထို စာရွက်များ၏ အောက်နားမှာ စာရွက်ကလေး တစ်ရွက်ကို ထပ် ကပ်လိုက်ပြန်လေသည်။
ထိုစာရွက်ကတော့….

.

.

.

.

+++++++++++++++++++++++++++++++++++++++++

ps09-result

+++++++++++++++++++++++++++++++++++++++++

အားလုံး တွေ့မြင်ကြတဲ့ အတိုင်းပါပဲ။

ကဗျာချစ်သူများ ကဗျာပြခန်း အမှတ်စဉ် – ၉ ရဲ့ အကြိုက်ဆုံးကဗျာကိုတော့ …

ဗုတ်ပေါင်း (၂၃) ဗုတ်နဲ့ နုပျိုမှုထဲ ခုန်ချချင်တယ် ဆိုတဲ့ ကဗျာက ရသွားပါတယ်။

ရေးသူ ဘယ်သူလဲ ဆိုတာ အပေါ်မှာ ဖော်ပြခဲ့ပြီးသားနော်။

မမှတ်မိရင် ထပ်ကြည့်လိုက်။ တကယ်အာဂ လူသားပဲ။

+++++++++++++++++++++++++++++++++++++++++

ကဗျာပြခန်း သို့ ကဗျာများ ပေးပို့ လိုပါက
alinsett.art@gmail.com သို့ လိပ်မူ၍ ပေးပို့ နိုင်ကြပါကြောင်းးး။
ပေးပို့လာမည့် ကဗျာများကိုလည်း စောင့်မျှော်နေပါကြောင်းးးး။
ကဗျာပြခန်းအတွက် ကဗျာ နည်းနေပါကြောင်းးးးးး။

လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)

About Mr. MarGa

Mr. MarGa has written 85 post in this Website..

နတ်ပြည်သမ္မတ အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ နေမျိုးဗလကျော်သူ ဝဏ္ဏကျော်ထင် သီရိပျံချီ အလင်္ကာကျော်စွာ သီဟသူရ အောင်ဆန်းသူရိယ ဦးမာဃ CJ # 9292010

Pages: 1 2