ကျမ…Resign တင်လိုက်ပြီ သတင်းကြားတော့ ရုံးကလူတွေ တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်မျိုး၊ ဖုန်းနဲ့တစ်မျိုး၊ messageနဲ့ တစ်မျိုး၊ Check Box ကတစ်မျိုး မေးကြတယ်…။ သူတို့မေးသမျှ အတူဆုံးမေးခွန်းတစ်ခုကို ပြောပါဆိုရင်….”ဘာလို့ထွက်တာလဲ ဆုရယ်….” ဒါအမြဲပါတယ်…။ ဒါဖြေဖို့မလိုထင့်…။ အငေါ်တူးပြီး ဖြေရရင် မလုပ်ချင်လို့ ထွက်တာ…ဒါပါပဲ…။

အရင်မေးထူးခေါ်ပြောအပြင် ပိုမခင်တဲ့ တစ်ယောက်ကလဲ…အသဲအသန်လိုက်ရှာပြီး အပြင်မှာတွေ့ရအောင်ပါ၊ တစ်ရက်လောက်ချိန်းပြီး စကားအေးအေးဆေးဆေးပြောချင်သေးတယ်တဲ့….(သူက ဒီ Company Group ထဲက တခြားကုမ္ပဏီခွဲရဲ့ ကျမနဲ့ Dept; တူသူပါ…) ။ ဘာအတွက်လဲ….??? ကျမ မျက်ခုံးလှုပ်ပါတယ်…..။

ရှိစဉ်တုန်းက တွန်းလိုက်မဟဲ့ကြံသူတွေ….ထွက်မယ်သတင်းကြားမှ…စိတ်မကောင်းခြင်းမျက်နှာဖုံးတွေစွပ်ရင်း ပွတ်သီးပွတ်သပ်လာလုပ်ချိန်တိုင်း…လူ့ယဉ်ကျေးမှုဆိုတာကြီးကို ကျမအချဉ်ပေါက်မိတယ်….။ သူတို့ကို ပြန်ပြုံးပြရတာလဲ…အပြုံးစစ်စစ်မဖြစ်နိုင်လို့တော့ စိတ်မကောင်းပါ…..။

အဲ့ဒီ သူတို့တွေရဲ့ နောက်ကွယ်မှာ….

ကျမထွက်ရင် ပိုဝန်ပိမယ့် ကျမအလုပ်တွေအတွက် သူတို့ကိုယ်သူတို့ စိုးရိမ်ပူပန်သူတွေ…..

“အာ့တွေ အရင်က မလုပ်ဖူးဘူးနော်….၊ ဘယ်နားလေးထိ ကူညီသွားပေးပါ” ဆိုတဲ့…ခူးပြီးခပ်ပြီး ချက်ပြီးသား ထမင်းလုတ်အတွက် ခွံ့ကျွေးဖို့ တောင်းဆိုသူတွေ….

“ဟိုမှာ အခြေအနေကောင်းရင် လက်တို့လိုက်ပါဦး”ဆိုတဲ့ အချက်ပေးမှုတွေ….

“လူစားထိုးမှာလားဟင်…” ဆိုတဲ့ မေးခွန်းတွေရဲ့နောက်က သူတို့ အသိ၊ သူငယ်ချင်း၊ ဆွေမျိုးမကင်းသူတွေအတွက်…လိုချင်လောဘတွေ…….

ကျမ အခုရနေတဲ့အပြုံးအတုတွေထက်…ငယ်ငယ်ကနေခဲ့တဲ့ နယ်မြို့လေးကလူတွေရဲ့ မကျေမနပ်ဖြစ်ရင်တောင် ပေါ်တဲ့ သူတို့ရဲ့ ခပ်စစ်စစ်တွေကမှ၊ သူတို့ရဲ့ ဆဲသံဆိုသံတွေကမှ…ကျမအတွက် ပိုမက်မောချင်စရာကောင်းသေးတယ်….။

ပညာတတ်လူ့ယဉ်ကျေးမှုမှာ…..အတုမှန်းသိသိချည်းနဲ့ ပြုံးပြရခြင်းဆိုတာလဲပါတယ်ဆိုရင်….အခု…ကျမစိတ်တွေ ခါးနေပါတယ်……..။

 

 

ကောင်းကင်ပြာ

 

Kaung Kin Pyar

About Kaung Kin Pyar

Kaung Kin Pyar has written 49 post in this Website..

   Send article as PDF