မင်္ဂလာပါ ။ အပါတ်စဉ် စီစဉ်တင်ဆက်ပေးနေတဲ့ အလင်းခြုံတဲ့သတင်း Zone  သတင်းအစီအစဉ်ကနေ

အခုတစ်ပါတ်တင်ပြပေးမယ့် သတင်းတွေကတော့…

* ဓမ္မစေတီခေါင်းလောင်း ရှာဖွေရာမှာ အသုံးပြုတဲ့ သောင်တူးသင်္ဘောကို ပြန်သိမ်းလိုက်ပြီး ခေါင်းလောင်းကြီးဆယ်ယူမှု ရပ်နားလိုက်ရတဲ့သတင်း ၊

* Reuter မှာ ဖော်ပြခဲ့တဲ့ သူရ ဦးရွှေမန်းဟာ NLD ပါတီက ထောက်ခံနိုင်မှုအရှိဆုံး သမ္မတလောင်းဖြစ်ကြောင်း သတင်းဟာ မမှန်ကန်ကြောင်း NLD ပါတီမှ ငြင်းဆိုလိုက်တဲ့သတင်း ၊

*Al-Qaeda ခေါင်းဆောင်ရဲ့ ခြိမ်းခြောက်မှု ထွက်ပေါ်ခဲ့ပြီးနောက်မှာ မြန်မာနိုင်ငံဟာ အကြမ်းဖက်မှု ခံရနိုင်တဲ့အတွက် ရန်ကုန်မြို့နဲ့ အနီးတဝိုက်မှာ လုံခြုံရေးတွေ တိုးမြှင့်ထားတဲ့သတင်း၊

* အီဘိုလာရောဂါပြန့်ပွါးမှုကို ဟန့်တားထိန်းချုပ်မှုသာ မလုပ်နိုင်သေးရင် ဇန်န၀ါရီလ အရောက်မှာ လူပေါင်း ၅ သိန်းကနေ ၁ ဒဿမ ၄ သန်း အထိ ကူးစက်သွားနိုင်တယ်ဆိုတဲ့ သတင်း ၊

*ရခိုင်ပြည်နယ်၊မြေပုံမှာ နေထိုင်ကြတဲ့ မူဆလင် ၄၀ ကျော်ကို မြန်မာ နိုင်ငံသားဖြစ်ခွင့်ပေးလိုက်ခြင်းနဲ့ပတ်သက်ပြီး ဒေသခံ ရခိုင်လူမျိုးတွေ ကန့်ကွက်ကြတဲ့သတင်း၊

* မြန်မာအစိုးရဟာ လွှတ်တော်ကို ပြည်သူတွေနားလည်အောင် လုပ်ဆောင်မှု အပိုင်းတွေမှာ အားနည်းနေကြောင်း OMI ( ပွင့်လင်း မြန်မာ့ရှေ့ဆောင် စောင့်ကြည့်လေ့လာရေးအဖွဲ့ )က ဝေဖန်လိုက်တဲ့သတင်း၊

*”အမုန်းများရပ်”ဆိုတဲ့ခေါင်းစဉ်နဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ကျင်းပခဲ့ကြတဲ့ သတင်းနဲ့….

*IS စစ်သွေးကြွတွေ ဖမ်းဆီးသွားခဲ့တဲ့ အီရတ်နိုင်ငံအတွင်းက တူရကီနိုင်ငံသား ၄၉ ယောက် ပြန်လွတ်မြောက်လာတဲ့ သတင်း၊

* ပခုက္ကူမြို့နယ်မှာ နေအိမ်၊ ဆိုင်၊ ဗလီ တို့ကို ဖျက်စီးခဲ့တဲ့ အကြမ်းဖက်မှုဆိုင်ရာ သတင်း၊

*ပြည်ပချေးငွေတွေ လက်ခံပြီး အဲဒီချေးငွေကို အသုံးပြုမယ့် စီမံကိန်းတွေ ရွေးချယ်ရာမှာ မှန်ကန်ဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်နဲ့…

* မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာတိုင်းရင်းသားတွေ တစ်နှစ်ကျော်အတွင်းမှာ အယောက် ၂၀ ကျော်ထိအသက်ခံနေရတဲ့အတွက် မလေးရှားရောက် မြန်မာအလုပ်သမားတွေ အထိတ်တလန့် ဖြစ်နေကြတဲ့ သတင်း ၊

* Islamic State အစ္စလာမ် စစ်သွေးကြွအဖွဲ့ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြစ်တင် ရှုတ်ချလိုက်တဲ့သတင်း ၊

* မြင်းခြံမြို့က မူလတန်းကျောင်းမြေမှာ မန္တလေးတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက လူနေအိမ်တွေဆောက်လုပ်တဲ့အတွက် ကန့်ကွက်ဆန္ဒပြခဲ့ကြသူတွေကို ပုဒ်မ ၁၈ နဲ့ တရားစွဲပြီး အလုပ်ကြမ်းနဲ့  ထောင်ဒဏ်တွေ ချမှတ်လိုက်တဲ့သတင်း ၊

*ငါးထောင်ကျပ်တန်ငွေစက္ကူအသစ်တွေကို အောက်တိုဘာလ ၁ရက်မှာ စတင်ထုတ်ဝေမယ်လို့ နိုင်ငံတော်ဗဟိုဘဏ်က ကြေညာလိုက်တဲ့သတင်း ၊

* Guinea နိုင်ငံ အရှေ့တောင်ပိုင်းမှာ အီဘိုလာ ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ဒေသခံ ကျန်းမာရေးဝန်ထမ်း ၇ ဦးနဲ့ သတင်းထောက်တချို့ သတ်ဖြတ်ခံရတဲ့သတင်း၊

*ရခိုင်ပြည်နယ်အတွင်းမှာ ဂျပန် ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးများ အခမဲ့ ထိုးပေးမယ့်အကြောင်း ထုတ်ဖေါ်ပြောကြား ခဲ့ပေမယ့် လက်တွေ့ အကောင်အထည်ဖေါ် ဆောင်ရွက်ပေးခြင်း မရှိသေးတဲ့ သတင်း ၊

* ကျန်းမာရေးဝန်ကြီးဌာနအတွက် ကမ္ဘာ့ဘဏ်ကနေ US ဒေါ်လာ သန်း 100 ချေးယူဖို့ စက်တင်ဘာ ၁၉ ရက်နေ့မှာ ပြည်ထောင်စု လွှတ်တော်က အတည်ပြု လိုက်တဲ့သတင်းနဲ့…

* ၂၀၀၇ ခုနှစ်က ဖြစ်ပွါးခဲ့တဲ့ စစ်အစိုးရရဲ့ အကြမ်းဖက်ဖြိုခွင်းခံရသော ရွှေဝါရောင် တော်လှန်ရေးနေ့ (၇)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားဆိုင်ရာ သတင်းများ အပါအဝင်… အခြား စိတ်ဝင်စားဖွယ်ရာ သတင်းတွေကို တင်ပြပေးသွားမှာဖြစ်ပါတယ်။

=====================================================
=====================================================

24 September 2014

ဓမ္မစေတီခေါင်းလောင်း ရှာဖွေရာမှာ အသုံးပြုခဲ့တဲ့ သောင်တူးသင်္ဘောကို ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ပြန်သိမ်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။
သောင်တူးသင်္ဘောငှားရမ်းခြင်းအတွက် ဦးစံလင်းအဖွဲ့က လုပ်ငန်း မစတင်မီ သြဂုတ် ၄ ရက်နေ့က ငွေကျပ် သိန်းနှစ်ရာပေးသွင်းခဲ့ပြီး သြဂုတ် ၈ ရက်မှာ ငွေကျပ်သိန်း တစ်ရာထပ်မံပေးသွင်းခဲ့တဲ့အတွက် စုစု ပေါင်း ငွေကျပ်သိန်းသုံးရာပေးသွင်းပြီး ငှားရမ်းခဲ့ခြင်း ဖြစ်ပါတယ်။
ခေါင်းလောင်းရှာဖွေရာမှာ ငွေကျပ်သိန်း တစ်ထောင့်ရှစ်ရာ ကျော်ကုန်ကျနိုင်ကြောင်း ဦးစံလင်း အဖွဲ့က တွက်ချက်ခဲ့ပေမယ့် အမှန်တကယ် ကုန်ကျငွေမှာ ကျပ်သိန်း ၇၀၀ ၀န်းကျင်သာရှိခဲ့တယ်လို့ ခေါင်း လောင်းရှာဖွေရေးအဖွဲ့ထံက…သိရှိရပါတယ်။
ရွှေရောင်နဂါးမင်းကြီးကမီးပူဇော်နေတဲ့ ခေါင်းလောင်းကိုတွေ့ရှိပြီဖြစ်ကြောင်း၊ အရိယာဝိဇ္ဇာအပေါင်းကိုခွင့်ပြုချက်တောင်းခံပြီးမှ အတိအလင်းကြေညာခြင်းဖြစ်ကြောင်း ခေါင်းလောင်းကြီးကို ဦးဆောင်ရှာဖွေသူဦးစံလင်းက သြဂုတ်လ ၂၆ရက်နေ့မှာ ကြေညာခဲ့ပေမယ့်… အခုဆိုရင် အဆိုပါကြေညာချက်ဟာ လိမ်ညာပြောဆိုမှုတစ်ခု ဖြစ်သွားပြီး ခေါင်းလောင်းရှာဖွေ ဆယ်ယူမှုဟာ မအောင်မြင်ဘဲ ရပ်နားလိုက်ရပြီဖြစ်ပါတယ်။
ဓမ္မစေတီခေါင်းလောင်းကြီး ရှာဖွေဆယ်ယူခြင်းအတွက် ယုံကြည် သဒ္ဒါပေါက်ပြီး ငွေလှူဒါန်းခဲ့ကြသူများရဲ့ အလှူငွေတွေဟာ ကျပ် ၁၃၄ သိန်းခန့် ရရှိထားပြီး လှူဒါန်းငွေတွေကိုတော့ အလှူရှင်တွေကိုယ်တိုင်ပြန်လည်လာရောက် ထုတ်ယူနိုင်ကြောင်း သတင်းရရှိပါတယ်။

 

 

 

 

=====================================================
=====================================================
24 September 2014

 

ပြည်ထောင်စုလွှတ်တော်နာယက သူရ ဦးရွှေမန်းဟာ NLD ပါတီက ထောက်ခံနိုင်မှုအရှိဆုံး သမ္မတလောင်းဖြစ်ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောကြားခဲ့တယ်လို့ Reuter မှာ ဖော်ပြခဲ့တဲ့ သတင်းဟာ မမှန်ကန်ကြောင်း NLD ပါတီမှ ငြင်းဆိုလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတရာထူးကို ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ဘဲ စစ်တပ်ကျောထောက်နောက်ခံပြုပါတီမှ ဗိုလ်ချုပ်ဟောင်းတစ်ဦးကို ထောက်ခံနိုင်ဖွယ်ရှိကြောင်း ရိုက်တာသတင်းဌာနက စက်တင်ဘာ ၂၃ ရက်က ဖော်ပြခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ ရိုက်တာသတင်းဌာနကိုအဲဒီသဘောမျိုး ပြောကြားခဲ့ခြင်းမဟုတ်ကြောင်း ၊
တကယ်လို့သာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ကို တားဆီးထားတဲ့ ပုဒ်မ ၅၉ (စ)ကို မပြင်နိုင်ပါရင် သမ္မတလောင်းဟာ လွှတ်တော်တွင်းမှ မဟုတ်သူကိုလည်း ထောက်ခံနိုင်ပြီး အမြင်ခြင်း၊ အတွေးအခေါ်ခြင်း တူဖို့သာ လိုတယ်လို့ ပြောကြားခဲ့ခြင်းသာ ဖြစ်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်က ရိုက်တာသတင်းဌာနကို ကန့်ကွက်ပြောဆိုထားပါတယ်။
NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ရိုက်တာအနေနဲ့…ထိုကဲ့သို့ ဖော်ပြထားခြင်းဟာ မဖြစ်သင့်ကြောင်း တုံ့ပြန် ပြောကြားခဲ့ပါတယ်။

==========================================================
==========================================================
23 September 2014
Al-Qaeda ခေါင်းဆောင်က မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတွေမှာ လှုပ်ရှားမှုတွေ တိုးချဲ့ လုပ်ဆောင် မယ်ဆိုတဲ့ ခြိမ်းခြောက်မှု ထွက်ပေါ်ခဲ့ပြီးနောက်မှာ မြန်မာနိုင်ငံဟာ Al-Qaeda အဖွဲ့ရဲ့ အကြမ်းဖက်မှု ခံရနိုင်တဲ့အတွက် ရန်ကုန်မြို့နဲ့ အနီးတဝိုက်မှာ လုံခြုံရေးတွေ တိုးမြှင့်ထားကြောင်း သတင်းရရှိပါတယ်။

အထူးသဖြင့် ရွှေတိဂုံလို အထင်ကရ ဘာသာရေး အဆောက်အဦးတွေမှာ လုံခြုံရေးတွေ အရင်ထက် ပို တင်းကြပ်ထားပြီး သင်္ကာမကင်းမှုတွေ တွေ့ခဲ့ရင်လည်း သက်ဆိုင်ရာကို အကြောင်းကြားကြဖို့ ရန်ကုန်တိုင်းနယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

=========================================================
==========================================================
22 September 2014
အီဘိုလာရောဂါပြန့်ပွါးမှုကို ဟန့်တားထိန်းချုပ်မှုသာ မလုပ်နိုင်သေးရင်

ဇန်န၀ါရီလ အရောက်မှာ အနောက်အာဖရိက နေထိုင်သူ လူပေါင်း ၅ သိန်းကနေ ၁ ဒဿမ ၄ သန်းကြား အရေအတွက်အထိ ကူးစက်သွားနိုင်ကြောင်း US သုတေသနပြုသူတွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
Liberia နဲ့ Sierra Leone လို တိုင်းပြည်တွေရဲ့ ရောဂါဖြစ်ပွားနှုန်းဟာ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ နှစ်ဆ တိုးများလာနေပြီး

အခုလက်ရှိ WHO က ရရှိထားတဲ့ ရောဂါဖြစ်ပွားမှုနှုန်း ပမာဏဟာ တကယ်ရောဂါဖြစ်ပွားမှုနှုန်းထက် လျှော့တွက်ထားတယ်လို့ ယူဆကြောင်း

US ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဗဟိုဌာန CDC က ပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။

ရောဂါခံစားရသူတွေရဲ့ ၇၀ ရာခိုင်နှုန်းကို လုံခြုံမှုရှိတဲ့ အဆောက်အအုံတွေမှာ ထားပြီး

ရောဂါကူးစက်မှု လျှော့ချနိုင်မှသာ ကပ်ရောဂါကို ထိန်းချုပ်နိုင်မှာဖြစ်ကြောင်း CDC အဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။

CDC အဖွဲ့အနေနဲ့ ရောဂါဖြစ်ပွားရာ ဒေသတွေကို US အကူအညီပေးရေး တပ်ဖွဲ့ဝင် ၃ ထောင်ခန့် စေလွှတ်မယ်လို့ ကတိပေးလိုက်ပြီး ရောဂါ ကုသပေးမှုဌာနတွေ တည်ဆောက်ပေးသွားမယ်လို့ လည်း သိရပါတယ်။

==========================================================
==========================================================
22 September 2014

စက်တင်ဘာလ ၂၂ ရက်နေ့က ရခိုင်ပြည်နယ်၊မြေပုံမှာ နေထိုင်ကြတဲ့ မူဆလင် ၄၀ ကျော်ကို နိုင်ငံသားဖြစ်ခွင့်ပေးလိုက်ခြင်းနဲ့ပတ်သက်ပြီး ဒေသခံ ရခိုင်လူမျိုးတွေဘက်က ကန့်ကွက်မှုတွေ ရှိနေပါတယ်။
၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရှိတဲ့ ဘင်္ဂါလီ ၄၀ ကျော်ကို ကျမ်းသစ္စာ ကျိန်ဆိုမှုတွေ ပြုလုပ်ပြီး

နိုင်ငံသားဖြစ်ခွင့်ပေးခဲ့ပေမယ့် ဒီကိစ္စဟာ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာကို မြန်မာနိုင်ငံအတွင်းမှာ မူဆလင်တွေကို နိုင်ငံသားဖြစ်ခွင့်ပေးနေပြီဆိုတဲ့ ရုပ်ပြသဘောဆန်ဆန် လုပ်ဆောင်တာဖြစ်ကြောင်း ၊ ဘင်္ဂါလီ ဆိုတဲ့ လူမျိုးအမည်နဲ့ နိုင်ငံသားဖြစ်ခွင့်ပေးတာဟာ

မဖြစ်သင့်ကြောင်း ပြောဆိုဝေဖန်မှုတွေ ရှိနေခဲ့ပါတယ်။
မြေပုံမြို့နယ်မှာရှိတဲ့ မူဆလင်တွေထဲက နိုင်ငံသား စိစစ်ပေးဖို့ လျောက်လွှာတင်ခဲ့သူတွေဟာ ၁၀၀၀ ကျော်ရှိခဲ့ပါတယ်။

အဲဒီထဲကမှ အယောက် ၄၀ ကို နိုင်ငံသားဖြစ်ခွင့်ပေးလိုက်ပြီး ၁၆၉ ဦးကိုတော့ နိုင်ငံသားပြုခွင့်ဆိုပြီး သတ်မှတ်ပေးခဲ့တာပါ။

အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ကန့်ကွက်မှုတွေရှိနေတာကြောင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် မောင်မောင်အုန်းက

ရခိုင်ပြည်နယ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အပါအဝင် ဆရာတော်၊ သံဃာတော်အချို့နဲ့ စစ်တွေမှာ အစည်းဝေးတရပ် ကျင်းပခဲ့သေးတယ်လို့… သတင်းရရှိပါတယ်။

==========================================================
==========================================================
21 September 2014

မြန်မာအစိုးရအနေနဲ့ လွှတ်တော်ကို ပြည်သူတွေနားလည်အောင် လုပ်ဆောင်မှု အပိုင်းတွေမှာ အားနည်းနေကြောင်း OMI လို့ခေါ်တဲ့ ပွင့်လင်း မြန်မာ့ရှေ့ဆောင် စောင့်ကြည့်လေ့လာရေးအဖွဲ့က ဝေဖန်လိုက်ပါတယ်။
ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးလုပ်ဆောင်မှုအပိုင်းတွေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ရာမှာလည်း ထင်သာမြင်သာမှု မရှိဘူးလို့

ဝေဖန်ပြောဆိုမှုတွေ ရှိနေကြောင်း သိရပါတယ်။

 

“အရင်က ရှိခဲ့တဲ့ အမူအကျင့်ဟောင်းတွေကြောင့် ပွင့်လင်းမြင်သာမှုကို လုပ်ပေမယ့် ထိထိရောက်ရောက် မဖြစ်တဲ့ အခြေအနေတွေကို တွေ့ရတယ်။
ဒီအချက်အလက်ကို ငါပေးပြီးပြီ ဆိုတာမျိုးလောက်နဲ့ ကျနော်တို့က တာဝန်မကျေဘူး၊ အချက်အလက်ပေးတဲ့ စနစ်ကြီး အောင်မြင်သလား ၊ လွှတ်တော်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ ဆိုလို့ရှိရင် ပြည်သူတွေအထိရောက်သလား။

အဲဒီရည်ရွယ်ချက်အတိုင်း ပြီးမြောက်ရဲ့လားဆိုတာကို ပြန်လေ့လာသုံးသပ်သင့်တယ်။

ဥပမာ သတင်းစာတွေမှာ ဖေါ်ပြတဲ့အချက်တွေကို ပြည်သူတွေက ဘယ်လောက်ထိ မှတ်မှတ်သားသား ရှိသလဲ၊ ပြည်သူတွေ စိတ်ဝင်စားလာတဲ့ ပုံစံဖြစ်အောင် ဘယ်လိုပေးမလဲ။ အဲဒီတော့မှ အဲဒီအချက်လက်တွေကို ပြည်သူတွေက ရမယ်။ ရတဲ့အခါကျတော့မှ ပိုပြီးတော့ စဉ်းစားဖို့ တတ်လာမယ်။

ဒီမိုကရေစီ ပတ်ဝန်းကျင် ဒီမိုကရေစီ အလေ့အထနဲ့ ပိုပြီးတော့ မြင့်မားလာမယ်။” လို့

OMI အဖွဲ့ သုတေသနဌာန ဒါရိုက်တာ ကိုအေးခိုင်က ဝေဖန်ပြောဆိုခဲ့ပါတယ်။
စက်တင်ဘာ ၂၀နဲ့ ၂၁ ၊ နှစ်ရက်ကြာကျင်းပတဲ့ Open Myanmar Initiative ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ (O M I) က

တာဝန်ခံ ကျင်းပတဲ့ ဆွေးနွေးပွဲ ဒုတိယမြောက်နေ့မှာ မြန်မာ့လွှတ်တော် ပွင့်လင်းမြင်သာမှုနဲ့ လွှတ်တော်စောင့်ကြည့်လေ့လာရေး အခန်းကဏ္ဍ၊ လွှတ်တော် ပွင့်လင်းမြင်သာမှုနဲ့ အိုင်တီ နည်းပညာ အသုံးပြုမှု၊ လွှတ်တော်နဲ့သတင်းမီဒီယာစတဲ့ကဏ္ဍတွေကို ဆွေးနွေးခဲ့ကြပါတယ်။
လွှတ်တော်တွင်း ပွင့်လင်းမြင်သာမှုနဲ့ပတ်သက်ပြီး OMI အဖွဲ့က သုတေသနပြုစုထားတဲ့ အစီရင်ခံစာ အမှတ် ၃ကို ဒီဆွေးနွေးပွဲမှာ ဖြန့်ချိခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲကို ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သတင်းအဖွဲ့အစည်းတွေ ၊နိုင်ငံရေးပါတီတွေနဲ့ သတင်းသမားတွေ တက်ရောက်ခဲ့ကြပါတယ်။

=====================================================
=====================================================

 

21 September 2014

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရဲ့ မြို့တော်ခန်းမရှေ့မှာ မြန်မာပြည် ငြိမ်းချမ်းရေးလိုလားသူတွေက စုပေါင်းပြီး ”အမုန်းများရပ်”ဆိုတဲ့ခေါင်းစဉ်နဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ကျင်းပခဲ့ကြ ပါတယ်။
စက်တင်ဘာ ၂၁ ရက် ၊ မနက် ၁၀ နာရီမှာ စတင်ကျင်းပခဲ့တဲ့ အဆိုပါ ငြိမ်းချမ်းရေးနေ့အခမ်းအနားကို

ဧရာဝတီလူငယ်ကွန်ရက်၊ ပုသိမ်ပညာရေးလူငယ်များ ၊ ဒေသခံ ကဗျာဆရာများနဲ့ ငြိမ်းချမ်းရေးလိုလားသူများ …

စုစုပေါင်း လူ ၁၅၀ ကျော်ဟာ မြန်မာပြည်ငြိမ်းချမ်းစေဖို့ ကဗျာများရွတ်ဆိုခြင်း၊ ငြိမ်းချမ်းရေးသီချင်းများ ၀ိုင်းဖွဲ့သီဆိုခြင်းနဲ့ ငြိမ်းချမ်းရေးအတွက် ဗီနိုင်း ပိုစတာများကိုင်ဆောင်ပြီး ဆင်နွှဲခဲ့ကြပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးနေတဲ့ကြားက တိုက်ပွဲတွေဖြစ်နေလို့

နေရပ်ဒေသကို စွန့်ခွာထွက်ပြေးနေရတဲ့သူတွေကိုယ်စား “မြန်မာပြည်ငြိမ်းချမ်းရေး ဘယ်တော့လဲ”၊
“မြန်မာ့ငြိမ်းချမ်းရေးနေ့ ဘယ်တော့လဲ”ဆိုတဲ့ စာသားပါဝင်တဲ့ ဗီနိုင်းပိုစတာတွေ ကိုင်ဆောင်ပြီး သဘောထား ထုတ်ဖော်ပြခဲ့ကြပါတယ်။
စစ်ပွဲနဲ့ အကြမ်းဖက်မှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ရဲ့ဦးဆောင်မှုအရ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ကို ၁၉၈၂ ခုနှစ်က စတင်ပြုလုပ်ကျင်းပခဲ့ရာမှာ…
ငြိမ်းချမ်းရေးနေ့သာ ၃၂ နှစ်ပြည့်မြောက်ခဲ့ပေမယ့် ကမ္ဘာမှာရော မြန်မာပြည်မှာပါ ငြိမ်းချမ်းရေး မရရှိသေးဘဲ စစ်ပွဲတွေဖြစ်ပွားလျက်ရှိနေဆဲဖြစ်ပါတယ်။

=====================================================
=====================================================
20 September 2014

ပြီးခဲ့တဲ့ ဇွန်လတုန်းက IS စစ်သွေးကြွတွေ ဖမ်းဆီးသွားခဲ့တဲ့ အီရတ်နိုင်ငံအတွင်းက တူရကီနိုင်ငံသား ၄၉ ယောက် ပြန်လွတ်မြောက်လာပြီဖြစ်ကြောင်း တူရကီဝန်ကြီးချုပ် Ahmet Davutoglu က ပြောပါတယ်။ ဓားစာခံတွေအားလုံး စနေနေ့ မနက်ပိုင်းမှာ ဘေးကင်းစွာနဲ့ တူရကီကို ပြန်ရောက်လာပြီလို့ သတင်းရရှိပါတယ်။
သံတမန်တွေ၊ စစ်သားတွေနဲ့ ကလေးတွေကို အီရတ်နိုင်ငံ Mosul မြို့ ကောင်စစ်ဝန်ရုံးကနေ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေထဲက နေရာတချို့ကို IS စစ်သွေးကြွတွေက သိမ်းပိုက်ထားခဲ့ပါတယ်။
ဝန်ကြီးချုပ် Davutoglu က တူရကီထောက်လှမ်းရေးတွေ သူတို့နည်းသူတို့ဟန်နဲ့ ဆောင်ရွက်ခဲ့တဲ့အတွက် အခုလို ဓားစာခံတွေ လွတ်မြောက်လာတာဖြစ်ကြောင်းသာ ပြောပြီး အသေးစိတ်ကို မပြောပြတဲ့အတွက် ဒီဓားစာခံတွေ ဘယ်လိုလွတ်မြောက်ခဲ့သလဲ ဆိုတာကိုတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။
NATO အဖွဲ့ဝင်ဖြစ်တဲ့ တူရကီဟာ IS စစ်သွေးကြွတွေကို ချေမှုန်းတဲ့နေရာမှာ မဟာမိတ်တွေနဲ့ ပူးပေါင်းဖို့ တွန့်ဆုတ်နေခဲ့ပြီး အခုလို လွတ်မြောက်မှုဟာ အမေရိကန် သတင်းထောက် ၂ ယောက်နဲ့ ဗြိတိန်နိုင်ငံသားတစ်ယောက် အသတ်ခံရတဲ့ကိစ္စနဲ့တော့ ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ ပြောဆိုမှုတွေရှိနေပါတယ်။

=========================================================
=========================================================
20 September 2014
ပခုက္ကူမြို့နယ် အနောက်ဖက် မိုင် ၂၀ အကွာက မြစ်ခြေမြို့ငယ်လေးမှာ နေအိမ်တလုံး၊ ဆိုင်တဆိုင်၊ ဗလီတလုံးတို့ကို ဖျက်စီးကြတဲ့ အကြမ်းဖက်မှုဖြစ်ပွားခဲ့ပါတယ်။
မျက်မြင်ကြုံတွေ့သူတွေရဲ့ အဆိုအရ ဗုဒ္ဓဘာသာ အိမ်ဖော်အမျိုးသမီးတဦးက လစာတောင်းဆိုတာကို မွတ်စလင်အမျိုးသား မိုးဝင်းဆိုသူက ရိုက်နှက်ခဲ့တယ်ဆိုတဲ့ သတင်း ပြန့်နှံ့ခဲ့ပြီး မြစ်ခြေ ပလီကို ဒေါသ ဖြစ်နေတဲ့ လူအုပ်စုကြီး စုဝေးကာ တိုက်ခိုက်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။
မြစ်ခြေက ဗလီတလုံးကို လူအုပ်ကြီးက ခဲတွေနဲ့ ဝိုင်းပေါက်နေချိန်မှာပဲ မိုးဝင်းရဲ့ အိမ်တလုံးနဲ့ သူ့အစ်ကိုပိုင်တဲ့ ဆောက်လုပ်ရေး ပစ္စည်းအရောင်းဆိုင်တွေလည်း ပျက်စီးသွားကြောင်း ၊ မြို့ခံ ယောက်ျားသားတချို့ကလည်း မြို့ကို ဆိုင်ကယ်တွေနဲ့ ပတ်နေပြီး ရဲအင်အား ၁ဝဝ ကျော် ကတော့ လှည့်ကင်းတော့ လုပ်နေတယ်လို့ သိရပါတယ်။
ယခုအခါ နောက်ထပ် ပဋိပက္ခ တွေ ထပ်မပြန့်ပွားအောင် ပခုက္ကူနဲ့ မြစ်ခြေအရပ်တို့မှာ လုံခြုံရေးထူထပ်စွာချထားပြီး ကာကွယ်ထိန်းသိမ်းနေကြောင်း သိရပါတယ်။
ကိုမိုးဝင်းနှင့် ဇနီး မသင်းသင်းအေးတို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပြီးဖြစ်ကြောင်း သတင်းရရှိပါတယ်။

=====================================================
=====================================================
20 September 2014
မြန်မာနိုင်ငံအနေနဲ့ ပြည်ပချေးငွေတွေ လက်ခံပြီး အဲဒီချေးငွေကို အသုံးပြုမယ့် စီမံကိန်းတွေ ရွေးချယ်ရာမှာ မှန်ကန်ဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
ကမ္ဘာ့ဘဏ်၊ ကိုးရီးယားနိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေနဲ့ အီတလီနိုင်ငံ Italy Development Cooperation တို့ကနေ US ဒေါ်လာ ၁၄၅ သန်းနဲ့ ယူရိုသန်း ၂၀ ချေးယူဖို့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ခြင်းနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို အခုလို ပြောဆိုလိုက်တာပါ။
အဲဒီချေးငွေတွေကို ပို့ဆောင်ရေးဝန်ကြီးဌာနက ဧရာဝတီမြစ်ကြောင်းဖွံ့ဖြိုးရေး၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနက ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနဲ့ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ရထားတွဲနဲ့ လမ်းပိုင်းတိုးမြှင့်ရေး လုပ်ငန်းတွေမှာ အသုံးပြုသွားမယ်လို့ သတင်းရရှိပါတယ်။

===================================================
===================================================
20 September 2014
မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေ အသတ်ခံနေရတာဟာ တစ်နှစ်ကျော်အတွင်းမှာ အယောက် ၂၀ ကျော်ရှိနေပြီး၊ တရားခံကို ဖေါ်ထုတ်ဖမ်းဆီးနိုင်ခြင်းလည်း မရှိတာကြောင့် မလေးရှားရောက် မြန်မာအလုပ်သမားတွေ အထိတ်တလန့် ဖြစ်နေကြပြီလို့ သတင်းရရှိပါတယ်။
အခုလ ၁၄ ရက်နေ့ကလည်း ရခိုင်ပြည်နယ် မြောက်ဦးမြို့ နယ် ၊ ရွာသစ်ရွာက ကိုကျော်သာလှနဲ့  ရသေ့တောင်မြို့ နယ်က ကိုကျော်အေးလှိုင်တို့ အသတ်ခံခဲ့ရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့လ ၂၈ ရက်နေ့ ကလည်း ရခိုင်အမျိုးသမီးတစ်ဦးရဲ့ ခင်ပွန်း ကိုသက်ဆိုသူ အသတ်ခံလိုက်တယ်လို့ သိရပါတယ်။
ပျမ်းမျှအားဖြင့် လစဉ် ၂ ယောက်နှုန်းလောက် အသတ်ခံနေရပြီး၊ မြန်မာသံရုံးအနေနဲ့ လည်း ထိထိရောက်ရောက် ကူညီနိုင်တာမတွေ့ ရတဲ့အပြင်၊ မလေးရှားအစိုးရကလည်း တရားခံတွေကို မဖော်ထုတ်နိုင်ခဲ့ပါဘူး။
အခုလက်ရှိ ၊ မလေးရှားနိုင်ငံမှာ ချင်း၊ ရခိုင်၊ ကရင် ၊ မွန်…စတဲ့ တိုင်းရင်းသား လူငယ် စုစုပေါင်း ၂ သန်း ၄ သိန်းခန့် ရှိနေကြောင်း မြန်မာနိုင်ငံ ပြည်ထဲရေးဌာန က ထုတ်ဖော်ပြောဆိုထားပါတယ်။

==========================================================
==========================================================
20 September 2014
Islamic State အစ္စလာမ် စစ်သွေးကြွအဖွဲ့ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြစ်တင် ရှုတ်ချလိုက်ပြီး စစ်သွေးကြွတွေကို တိုက်ခိုက်အနိုင်ယူနိုင်ဖို့အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ အီရတ် အစိုးရကို ၀ိုင်းဝန်း ပံ့ပိုးပေးကြပါလို့…တောင်းဆိုလိုက်ပါတယ်။
US နိုင်ငံခြားရေးဝန်ကြီး John Kerry ဦးဆောင်ကျင်းပတဲ့ လုံခြုံရေးကောင်စီ စည်းဝေးပွဲ ဆုံးဖြတ်ချက်ကို အဖွဲ့ဝင် ၁၅ နိုင်ငံစလုံးက တညီတညွတ်ထဲ အတည်ပြုပေးလိုက်ကြောင်း သတင်းရရှိပါတယ်။
အစ္စလာမ် စစ်သွေးကြွတွေဟာ အီရတ်နဲ့ တခြားနိုင်ငံသားတွေကို သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ အဓမ္မပြုကျင့်ခြင်းနဲ့၊ ညှဉ်းပန်းနှိပ်စက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် အပြင်းအထန် မခံမရပ်နိုင် ဖြစ်မိကြောင်း ၀န်ကြီး ကယ်ရီက ပြောဆိုလိုက်ပါတယ်။

=====================================================
=====================================================
19 September 2014
မြင်းခြံမြို့၊ အမှတ် ၁၆ မူလတန်းကျောင်းမြေမှာ မန္တလေးတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက လူနေအိမ်တွေဆောက်လုပ်နေတဲ့အတွက် ကန့်ကွက်ဆန္ဒပြခဲ့ကြသူတွေထဲက ၄ ဦးကို ပုဒ်မ ၁၈ နဲ့ တရားစွဲပြီး စက်တင်ဘာ ၁၉ ရက်နေ့မှာ အလုပ်ကြမ်းနဲ့  ထောင်ဒဏ် ၂ လ စီကျခံဖို့  မြင်းခြံခရိုင်တရားရုံးက အမိန့်ချလိုက်ပါတယ်။
ထောင်ဒဏ်အပေးခံလိုက်ရသူတွေကတော့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့က ကိုမျိုးဟန်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် ဦးထင်အောင်ကျော်၊ ကိုအောင်စိုးသိန်းနဲ့ ဦးတိုးမောင်တို့ ဖြစ်ပါတယ်။
အမှတ် ၁၆ မူလတန်းကျောင်း မြေနေရာထဲမှာ တိုင်းဝန်ကြီးက အိုးအိမ် ကန်ထရိုက်တိုက်ဆောက်လုပ်နေတဲ့အတွက် မူလတန်းကျောင်းမြေကို ပြန်ရရေး ဆန္ဒပြကြရာမှာ သူတို့  ၄ ဦးနဲ့အတူ မြို့ခံပြည်သူတွေဟာ လွန်ခဲ့တဲ့ ၆ လလောက်က ဆန္ဒပြခဲ့တာပါ။ အဲဒီအချိန်က တရားစွဲစဉ်မှာ သူတို့  ၄ယောက်နဲ့ အတူ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ရင်ဆိုသူလည်း ပါခဲ့ပြီး၊ နောက်ပိုင်းမှာတော့ ဦးကျော်ရင်ကိုပြန်လွှတ်ပေးလိုက်ခဲ့ကြောင်း သတင်းရရှိပါတယ်။

=====================================================
=====================================================
19 September 2014
လုံခြုံရေးကြိုးပုံစံသစ်၊ရေစာသစ်နဲ့ မျက်နှာပြင်နှစ်ဖက်ကို ဘားနစ်သား ဖုံးအုပ်ထားတဲ့ ငါးထောင်ကျပ်တန်ငွေစက္ကူအသစ်တွေကို အောက်တိုဘာလ ၁ရက်မှာ စတင်ထုတ်ဝေမယ်လို့ နိုင်ငံတော်ဗဟိုဘဏ်က ကြေညာလိုက်ပါတယ် ။
မူလငါးထောင်ကျပ်တန် ငွေစက္ကူရဲ့ မျက်နှာစာမှာ ဒေါင်လိုက်ထည့်သွင်းထားတဲ့ အကန့်လိုက်ဆစ်ပိုင်း မြှုပ်နှံထားတဲ့ လုံခြုံရေးကြိုးပုံစံအစား အရောင်ပြောင်းလဲနိုင်တဲ့ လုံခြုံရေးကြိုးအသစ်ကို အကန့်လိုက် ဆစ်ပိုင်းပြီး ပြောင်းလဲထည့်သွင်းတော့မှာဖြစ်ကြောင်း ၊
အဆိုပါ လုံခြုံရေးကြိုးသစ်ဟာ ယခင်လုံခြုံရေးကြိုးထက် အရွယ်အစားပိုမိုကြီးပြီး ငွေစက္ကူကိုကြည့်တဲ့ အနေအထားပေါ်မူတည်ပြီး လုံခြုံရေးကြိုးရဲ့အရောင်ဟာ ရွေဝါရောင်မှအစိမ်းရောင်သို့ ပြောင်းလဲနိုင်ကြောင်း သိရှိရပါတယ်။

ငွေစက္ကူ၏ မျက်နှာစာလက်ယာဘက်ပိုင်းမှာ ပုံစံသစ်နဲ့ ပြုလုပ်ထားတဲ့ ဆင်ဖြူတော်ပုံ ရေစာရှိပြီး ငွေစက္ကူကိုအလင်းရောင်မှာ ကြည့်လိုက်ရင် ရေစာကိုတွေ့နိုင်ပြီး ၊ငွေစက္ကူကို ဖုံးအုပ်ကာကွယ်ထားတဲ့ ဘားနစ်သားဟာ ပြင်ပ ရေခိုးရေငွေများ၊ အရည်များနဲ့ အရောင်စွန်းထင်းခံနိုင်တဲ့အရာတွေကြောင့် ငွေစက္ကူ အရည်အသွေးမြင့်မားလာမှာဖြစ်ပြီး အသုံးပြုနိုင်မှု သက်တမ်း ပိုမိုရှည်ကြာစေမှာဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

=====================================================
=====================================================
19 September 2014
ရန်ကုန်မြို့ ချန်ထရီယံ ဟိုတယ်မှာကျင်းပတဲ့ တတိယအကြိမ်မြောက် သတင်းမီဒီယာ ဖွံ့ဖြိုး တိုးတက်ရေး ဆွေးနွေးပွဲမှာ ပြန်ကြားရေးဝန်ကြီးဋ္ဌာနဟာ သတင်းမီဒီယာတွေကို ထိန်းချုပ်ဖို့နှိပ်ကွပ်ဖို့ လုပ်နေသလားဆိုတဲ့မေးခွန်းတစ်ခု ထွက်ပေါ်ခဲ့ပါတယ်။
အဆိုပါ မေးခွန်းနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က စာနယ်ဇင်းကျင့်ဝတ်နဲ့ မညီတဲ့ သတင်းမီဒီယာတွေကို အများပြည်သူအကျိုးစီပွားအတွက် ကန့်ကွက်သွားမှာ ဖြစ်ကြောင်း ပြန်လည် ဖြေရှင်းခဲ့ပါတယ်။
နိုင်ငံပိုင်သတင်းမီဒီယာတွေနဲ့ အခြား သတင်းမီဒီယာတွေအားလုံး ကိုယ်ကျိုးစီးပွား တစ်ခုတည်းကို အခြေခံပြီး လက်ဝါးကြီးအုပ်သွားမယ့်အရေး မပေါ်ပေါက်အောင် ထိန်းချုပ်သွားမှာဖြစ်ကြောင်းလည်း ၀န်ကြီး ဦးရဲထွဋ် က ပြောဆိုခဲ့ပါတယ်။
အဆိုပါ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီရဲ့ ရပ်တည်မှုအခြေအနေ၊ မီဒီယာနဲ့ဈေးကွက်၊ မီဒီယာနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်း၊ မီဒီယာဥပဒေ စတဲ့ခေါင်းစဉ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

=====================================================
=====================================================
19 September 2014

Guinea နိုင်ငံ အရှေ့တောင်ပိုင်းမှာ အီဘိုလာ ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ဒေသခံ ကျန်းမာရေးဝန်ထမ်း ၇ ဦးနဲ့ သတင်းထောက်တချို့ဟာ Wome မြို့မှာ ပညာပေး လုပ်ငန်းတွေ ဆောင်ရွက်နေရာကနေ လွန်ခဲ့တဲ့ ၂ ရက်က ပျောက်ဆုံးသွားခဲ့ပြီး ရွာသားတွေရဲ့ သွေးအေးစွာ သတ်ဖြတ်ခြင်း ခံလိုက်ရပါတယ်။
အီဘိုလာ ဗိုင်းရပ်စ်ရောဂါပိုးဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ အရာဖြစ်နေပြီလို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ကြေညာလိုက်တဲ့ အချိန်မှာပဲ အီဘိုလာ ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့ဝင် ၇ ဦးသေဆုံးနေတာကို Guinea နိုင်ငံ အရှေ့တောင်ပိုင်းမှာ တွေ့ခဲ့ရပါတယ်။
အီဘိုလာဗိုင်းရပ်စ်ပိုးတွေ ပြန့်နှံ့လာနေတာနဲ့အမျှ အနောက်အာဖရိကတိုက်အတွင်းက လုံခြုံရေး အခြေအနေအပေါ် စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပြောဆိုနေကြပါတယ်။
အခုဆိုရင် အီဘိုလာရောဂါပိုးကြောင့် လူပေါင်း ၂၆၀၀ လောက် သေဆုံးခဲ့ပြီး အများစုဟာ Guinea, Liberia နဲ့ Sierra Leone နိုင်ငံတွေမှာ ဖြစ်နေပြီး အီဘိုလာအရေးပေါ် တုန့်ပြန်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်သွားမယ့်အကြောင်းလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြာသပတေးနေ့မှာ ကြေငြာလိုက်ပါတယ်။

=====================================================
=====================================================
19 September 2014

မြန်မာနိုင်ငံ၊ကျန်းမာရေး ၀န်ကြီးဌာနနဲ့ ကမ္ဘာကျန်းမာရေးအဖွဲ့ WHO က ရခိုင်ပြည်နယ်အတွင်းမှာ ဂျပန် ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးများ အခမဲ့ ထိုးပေးမယ့်အကြောင်း ထုတ်ဖေါ်ပြောကြား ခဲ့ပေမယ့် လက်တွေ့ အကောင်အထည်ဖေါ် ဆောင်ရွက်ပေးခြင်း မရှိသေးတာကြောင့် ဒေသခံတွေဟာ မိမိတို့ အစီအစဉ်နဲ့သာ ကာကွယ်ဆေးများ ထိုးနေကြကြောင်း သိရပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက အဆိုပါရောဂါဖြစ်ပွားခဲ့မှုကြောင့် ၁၄ နှစ် အောက်ကလေးငယ် ၁ဝ ဦး အထိ သေဆုံးမှုတွေရှိခဲ့ပြီး ယခင်နှစ်များအတွင်းကလည်း ရန်ကုန် နဲ့ မန္တလေးဘက်မှာ အဆိုပါရောဂါဖြစ်ပွားခဲ့ပါသေးတယ်။

အဲဒီရောဂါဟာ ၁၈၇၁-ခုနှစ်က ဂျပန်နိုင်ငံမှာ စတင်ဖြစ်ပွားပြီး ကူးစက်ပြန့်ပွားခဲ့တာကြောင့် ဂျပန်ဦးနှောက်ရောင်ရောဂါလို့ အမည်တပ်ခေါ်နေခြင်းဖြစ်ပြီး ဂျပန်နိုင်ငံက တဆင့် အာရှနိုင်ငံများ ဖြစ်တဲ့ ကိုးရီးယား၊ တရုတ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ သြစတေလျမြောက်ပိုင်း၊ ပါပူအာန ယူးဂီနီ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်း၊ မြန်မာ၊ အိန္ဒိယ၊ နီပေါနဲ့ ပါကိစ္စတန်နိုင်ငံတွေမှာ ရောဂါကူးစက်ခံရသူများ အများဆုံးတွေ့ရှိရကြောင်း သတင်းရရှိပါတယ်။

ဂျပန် ဦးနှောက်ရောင်ရောဂါ ကျယ်ပြန့်မလာစေဖို့ ကာကွယ်ဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကနေ အခမဲ့ ထိုးပေးမှာဖြစ်ကြောင်း သက်ဆိုင်ရာက ထုတ်ဖေါ် ပြောကြားခဲ့ပေမယ့် လက်တွေ့မှာ အကောင်အထည်ဖေါ်နိုင်ခြင်း မရှိသေးပါသေးဘူး ။
ဒေသခံများအနေနဲ့ ပြင်ပဆေးဆိုင်တွေမှာ ဈေးကြီးကြီးနဲ့ ၀ယ်ယူပြီး ကာကွယ်ဆေးတွေထိုးနေကြရပါတယ်။
အဆိုပါရောဂါ ကာကွယ်ဆေးက အမျိုးမျိုးရှိပြီး ဈေးကွက်ပေါက်ဈေးက ၈၅၀၀၀ ကျပ်ကနေ ၉၀၀၀၀ ကျပ်အထိ ရှိတယ်လို့ကြားရပါတယ်။

==========================================================
==========================================================
19 September 2014

ကျန်းမာရေးဝန်ကြီးဌာနအတွက် ကမ္ဘာ့ဘဏ်ကနေ US ဒေါ်လာ သန်း 100 ချေးယူဖို့ စက်တင်ဘာ ၁၉ ရက်နေ့မှာ ပြည်ထောင်စု လွှတ်တော်က အတည်ပြု လိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန်က ကျန်းမာရေးဝန်ကြီးဌာန အတွက် ကမ္ဘာ့ဘဏ်ကနေ ချေးငွေယူ ဖို့ ပြည်ထောင်စု လွှတ်တော်ရဲ့ အတည်ပြု ချက်ယူခဲ့တာဖြစ်ပါတယ်။
ချေးငွေ US ဒေါ်လာ သန်းတစ်ရာဟာ အတိုးမဲ့ချေးငွေဖြစ်ပြီး ကမ္ဘာ့ဘဏ်ကို ၀န်ဆောင်ခအနေနဲ့ တစ်နှစ် ၀ ဒသမ ၅ ရာခိုင်နှုန်းပေးရမှာဖြစ်ကြောင်း ၊ ဆိုင်းငံ့ကာလ ၆ နှစ်၊ ပြန်ဆပ် ကာလ ၃၂ နှစ်အဖြစ် သတ်မှတ်ထားကြောင်း သတင်းရရှိပါတယ်။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံဟာ ပြည်ပကြွေးမြီ US ဒေါ်လာ သန်းငါးထောင်ခန့် ရှိနေပြီလို့ သိရှိရပါတယ်။

=====================================================
=====================================================
18 September 2014

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမူကြောင့် ၁၅ နှစ်ကျော် ကာလ ၊ အခုတလအတွင်းမှာ ဒုတိယအကြိမ် ရုတ်တရက် ရေကြီးမူတွေ ရှိနေတဲ့အတွက် မဲဆိုင်၊ တာချီလိတ် ချစ်ကြည်ရေးတံတားကို ယာယီပိတ်ခဲ့ရပြီး ရေကြီးမူကြောင့် လူတချို့ မျောပါ၊ ပျောက်ဆုံးမူတွေ ရှိနေကြောင်း သတင်းရရှိပါတယ်။
စက်တင်ဘာ ၁၈ ရက်နေ့ မနက် ၂နာရီကျော် အချိန်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းတာမှုကြောင့် တောင်ကျရေတွေ ရုတ်တရက် ဝင်လာပြီး ရေကြီးရေ လျှံမူတွေ ဖြစ်ခဲ့ရာမှာ ထောင်နဲ့ချီ ရှိတဲ့ လူထုတွေ ဒုက္ခရောက်နေပါတယ်။
နှစ်နိုင်ငံ ကုန်သွယ်မူဒေသဖြစ်တဲ့ မဲဆိုင်၊ တာချီလိတ် ချစ်ကြည်ရေးတံတားဟာလည်း သစ်တုံးတွေ အမှိုက်တွေကြောင့် ယာယီပိတ်ပြီး ရှင်းလင်းမူတွေ လုပ်နေရပါတယ်။ ရပ်ကွက်တွေထဲမှာ တချို့ အိမ်ခေါင်မိုးထိ ရေနစ်မြုပ်သွားတဲ့ အတွက် တာချီလိတ်မြို့  နာရေးကူညီမူ အသင်း လူတွေကိုဘေးလွတ်ရာရွှေ့ ပြောင်းပေးခြင်းနဲ့ စားသောက်ရေး အကူညီတွေပေးနေတယ်လို့ သတင်းရရှိပါတယ်။

===================================================
===================================================
18 September 2014

၂၀၀၇ ခုနှစ်က ဖြစ်ပွါးခဲ့တဲ့ စစ်အစိုးရရဲ့ အကြမ်းဖက်ဖြိုခွင်းခံရသော ရွှေဝါရောင် တော်လှန်ရေးနေ့ (၇)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို

စက်တင်ဘာ ၁၈ရက်က ၊ ရန်ကုန်မြို့ ၊သင်္ဃန်းကျွန်းမြို့နယ်က ဓမ္မပီယကျောင်းတိုက်မှာ ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီအခန်းအနားမှာ ကျောင်းကန်တွေကို အဓမ္မဖယ်ရှားသိမ်းဆည်းတာတွေ ရပ်တန့်စေရေး၊ သင်္ကန်းဝတ်နဲ့ တရားရုံးချိန်းတက်နေရတဲ့ သံဃာတော်တွေရဲ့အမှုကို ရုပ်သိမ်းပေးစေရေး၊ နိုင်ငံတော် သံဃာ့မဟာနာ ယကအဖွဲ့ ပြန်လည် ဖွဲ့စည်းပေးစေရေး..စတဲ့ အချက်တွေကို ဆန္ဒမပြပဲ တောင်းဆိုသွားမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်သံဃာတော်များအဖွဲ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ အခမ်းအနားကို NLD ပါတီအဖွဲ့ချုပ်နာယက ဦးတင်ဦးနဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင် အပါအဝင် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့ကြတဲ့ သံဃာတော်များ၊ဘာသာပေါင်းစုံမှ ဘုန်းတော်ကြီးများ…စုစုပေါင်း လူဦးရေ ၃၀၀ ခန့် တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
၂၀ဝ၇ ခုနှစ်က ကုန်ဈေးနှုန်းကျဆင်းရေကို အကြောင်းပြုပြီး မေတ္တာပို့ကြွချီတဲ့ ပခုက္ကူသံဃာထုကို မြန်မာအာဏာပိုင်တွေက ဖမ်းဆီး ရိုက်နှက်ခဲ့ပြီး မတောင်းပန်တဲ့အတွက် အခုအချိန်ထိ သပိတ်မှောက် ထားဆဲဖြစ်ပါတယ်။

 

၊####################################

 

အမေရိကနိုင်ငံ ၊ ကယ်လီဖိုးနီးယားပြည်နယ် ၊ ဖရီးမောင့်မြို့ ၊ မေတ္တာနန္ဒဝိဟာရ ဓမ္မရိပ်သာ တည်ရှိရာ…
Avenue, Fremont, CA 94536 မှာ ဓမ္မဘေရီဆရာတော်ရဲ့ ဘဝဖြေဆယ်ရာ ဓမ္မသင်တန်းကို
စက်တင်ဘာလ (၂၁)ရက်မှ (၂၈)ရက်နေ့ အထိ ညစဉ် (၆း ၃၀ )မှာ ကျင်းပပြုလုပ်မှာဖြစ်တာကြောင့်
စိတ်ပါဝင်စားသူများအနေနဲ့ မည်သူမဆို တက်ရောက် သင်ယူနိုင်ကြပါကြောင်း လှိုက်လှဲစွာ ဖိတ်ခေါ်ထားပါတယ်။
အဆိုပါ ဓမ္မသင်တန်းနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက… ဖုန်း (501) 795 0405 ကို ဆက်သွယ် စုံစမ်း စာရင်းပေးသွင်းနိုင်ပါတယ်။

#################################

US ၊ မြောက်ကာရိုလိုင်းနားပြည်နယ်၊ Jamestown မြို့၊ ဓမ္မဗိမာန်ကျောင်း တည်ရှိရာ 6612 Brass Rd, James town, NC 27282 ၌ သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် တရားပွဲကို စက်တင်ဘာ ၂၇ ၊ (စနေနေ့) ၊ ညနေ ၄ နာရီမှ စတင်ပြီး ကျင်းပမှာဖြစ်တဲ့အတွက် ပွဲတော်ကို ကြွရောက်ကြပါရန် ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ကို ဖိတ်ခေါ်အပ်ပါတယ်။
ပွဲတော်နဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက …
ဓမ္မဗိမာန်ကျောင်း ၊ ဖုန်း – ( 336 ) 882-5012 / 847-4462 ကို ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း သတင်းရရှိပါတယ်။

 

 

 

 

=======================

 

 

 

ကျနော့်အနေနဲ့….ဒီသတင်းတွေကို
အင်တာနက် / ဖေ့ဘုတ်နဲ့…. ပြည်တွင်း ပြည်ပ သတင်းစာ၊ သတင်း Website တွေမှာ ဖေါ်ပြကြတဲ့ သတင်းတွေကို လိုက်ဖတ်ပြီး….
သူတို့ သတင်းကို တိုက်ရိုက် ကူးမယူပဲ…
ကျနော့်ရေးဟန်နဲ့ ကျနော် ပြန်ရေးပြခြင်း ဖြစ်ကြောင်း ၀န်ခံပါတယ်။

alinsett

About alinsett

alinsett has written 615 post in this Website..

. . .