ကိုရီးယားဆိုရိုးပုံပြင်လေးတစ်ခုဖြစ်ပါတယ်။

တစ်ခါတုန်းက လူစည်ကားတဲ့ ဈေးလမ်းမကျယ်တစ်နေရာမှာ ခွေးချေးပုံတစ်ပုံ ကျနေသတဲ့။ ခွေးချေးပုံက လမ်းလယ်မှာဆိုတော့ ဈေးထဲကို လာကြတဲ့ လူတွေ၊ကြက်တွေနဲ့ အခြား ခွေးတွေပါမကျန် ခွေးချေးပုံလဲ မြင်ရော ကြောက်ကြောက်လန့်လန့်နဲ့ ရှောင်သွားကြတယ်။ အဲဒီအချိန်မှာ ခွေးချေးပုံက သူ့ကိုယ်သူပြန်စဉ်းစားတယ်။

” ကြည့်စမ်း ငါဟာလောကကြီးမှာ အလွန်ကြောက်ဖို့ကောင်းတဲ့ အရာပါလား။ ငါ့ကိုတွေ့သမျှ လူတွေ၊ တိရစ္ဆာန်တွေ အကုန်လုံး ငါ့ကို ကြောက်လို့ ရှောင်ကွင်းသွားကြတာပါလား” ဆိုပြီးတွေးနေတယ်။

ဒီလိုနဲ့ ခွေးချေးပုံဟာ ကြုံးဝါးလိုက်တယ်။ ” ငါဟာ ဒီလောကမှာ ကြောက်စရာ အကောင်းဆုံးအရာဖြစ်တယ် ” ဆိုပြီးတော့ပေါ့။

ဒီအချိန်မှာ အနားမှာ ဟိုသွားဒီသွား လုပ်နေတဲ့ ကြက်တစ်ကောင်က အနားကပ်လာတယ်။

” ဒီမယ် ချေးပုံ မင်းကို ဒီလူတွေ တိရစ္ဆာန်တွေ အကုန်လုံးက ကြောက်နေလို့ ရှောင်ကွင်းသွားတယ်ထင်လို့လား။ မင်းကို ရွံ့လို့ကွ မင်းကို မထိချင်လို့၊ ထိရမှ သနလို့ ဆိုပြီး ရှောင်ကွင်းသွားကြတာကွ ”

ချေးပုံကလဲ ” ဒါဆို မင်းရော ငါ့ကို ထိရဲလို့လား၊ လာထိစမ်းပါ ” ဆိုပြီး ပြန်အော်လိုက်တယ်။

“အမလေး မင်းကိုတော့ မထိရဲပေါင်ကွာ၊ မင်းကိုကြောက်တယ်လို့ ထင်ရင်ထင်တော့ ဒါပေမယ့် တစ်ခုတော့ပြောမယ် မင်းကိုထိရဲတဲ့သူလာရင်တော့ ထိမှာပေါ့ကွာ”

ဆိုပြီး ပြန်ပြောပြီးတော့ အိမ်ခေါင်မိုးတစ်ခုပေါ် ပျံတက်သွားတယ်။ ဒါကိုပဲ ခွေးချေးပုံက သူ့ကိုကြောက်တဲ့အတွက် ထွက်သွားတယ်လို့ ထင်ပြီး ဒေါသထွက်နေတယ်။ အဲဒီအချိန်မှာပဲ လှည်းတစ်စီးကလာပြီး လှည်းဘီးနဲ့ ခွေးချေးပုံကို တက်နင်းလိုက်တာ ပြားကပ်ပြီးတော့ ဘီးမှာကပ်ပါသွားသတဲ့။

ဒီပုံပြင်လေးကို သူတို့ဆုံးမတာက တစ်ခါတစ်လေမှာ ဒီလိုမျိုးလမ်းပေါ်မှာ ဘ၀င်မြင့်နေတယ့် ချေးပုံလိုလူတွေ ရှိတတ်ကြပြီးတော့ သူတို့နဲ့ မဖြစ်ချင်လို့ မပြောချင်လို့ ရှောင်သွားတဲ့ လူတွေကို သူတို့ကိုကြောက်လို့ မလုပ်ရဲလို့ဆိုပြီး ထင်နေတဲ့လူတွေအများကြီးရှိကြတယ်။ ကိုရီးယားမှာလဲ အဲလိုမျိုးလူတစ်ယောက်နဲ့တွေ့ပြီဆိုရင်သူတို့က ” ခွေးချေးကို ကြောက်လို့ ရှောင်သွားတာလား ရွံလို့ရှောင်သွားတာလား” “လမ်းလယ်ခေါင်က ခွေးချေးပုံကွ ” ဆိုပြီး စကားပုံအနေနဲ့ အသုံးပြုကြပါတယ်။

 

မောင်စိုင်း

About mgsai

sai khon has written 9 post in this Website..

မြန်မာပြည်မှာမွေးသည်။ ဘာသာပြန်ခြင်းကို စိတ်ဝင်စားပြီး ယခုအခါ ကိုယ်ပိုင်စာလေးများ ရေးသားသည်။