images(2)

 

.ကြာပြီ။

 

.ကြာပြီလို့ ခပ်လွယ်လွယ်ပြောလိုက်သဖြင့် အနည်းငယ်သော လိမ်လည်မှု မြောက်သွားပါလိမ့်မည်။

 

လွန်ခဲ့သော ငါးလလောက်ကတော့ ဤအခန်းထဲကို ကျွန်တော့်ရဲ့သူမ လာသွားပါသေးသည်။

 

အဲ့သည်နေ့က သူမ လာသည်ဆိုရုံမျှ။

တခြားဘာမှ ဖြစ်ပျက်မသွားသော လာသည်ဆိုရုံမျှမို့…

ကျွန်တော့်အခန်းကလေးထဲသို့ ကျွန်တော်ချစ်သော မိန်းမတစ်ယောက် (ချစ်တေးသီကျူ း ယစ်မူးဖွယ်ရာအသံဖြင့်လည်းကောင်း/

ချစ်ရည်စိုလူး ညွတ်နူးဖွယ်ရာ အကြည့်ဖြင့်လည်းကောင်း/ချစ်ခွန်းချိ ု သာ ရင်ခုန်ဖွယ်ရာ စကားတို့ဖြင့်လည်းကောင်း) မလာရောက်ခဲ့သည်မှာ ကြာပြီ။

 

အဲ့သည်လို လေကြောရှည်စွာ ပြောလိုက်တော့မှ သူမတစ်ယောက် ကျွန်တော့်ထံ ရောက်မလာတာ ကြာပြီဆိုသည့်အဖြစ်က ပိုမိုဝမ်းနည်းစရာကောင်းသွားသည်။

 

.သေချာပြန်တွေးကြည့်တော့လည်း အနည်းငယ်မျှသော အဖုအထစ်ကလေးများကြောင့် ဤသို့ဤနှယ် ဝေးကွာဖွယ်ရာ အဆုံးသတ်ထိ ဖြစ်သွားသည်ဆိုသည်မှာ အံ့အားသင့်စရာ။

ထို့အပြင် နားမလည်နိုင်ဖွယ်ရာ။

 

အဲ့သည်လောက် အသေးအဖွဲ နားလည်မှုလွဲခြင်းကလေးများကိုပင် နားလည်ခွင့်လွှတ်ပြီး ငြိမ်းချမ်းစွာ မဖြေရှင်းတတ်ခဲ့ကြသော ကျွန်တော်နှင့်သူမ နှစ်ယောက်စလုံး၏ ဒေါသနှင့်မာနများကလည်း ကြံကြီးစည်ရာ။

 

တကယ်ဆို နားလည်မှုနှင့် အပြန်အလှန်ယုံကြည်မှုကို မဟာတံတိုင်းကဲ့သို့ ခိုင်ခိုင်မာမာ တည်ဆောက်ထားခဲ့နိုင်သင့်သည် မဟုတ်လား။

 

ထားပါတော့လေ။

အခုတော့ ဤအခန်းကလေးထဲတွင်

ကျွန်တော် တစ်ယောက်ထဲ ဖြစ်သွားသည်မှာ တစ်နှစ်လောက်ပင် ရှိမည်လား မသိ။

 

အချိန်ကာလ အတိအကျကို ကျွန်တော် မသိတော့။

ကျွန်တော့်အခန်းထဲမှ နံရံတွင် လက်ရှိကာလထဲ အကြုံးဝင်သော ပြက္ခဒိန် မရှိပါ။

 

မနှစ်က ပြက္ခဒိန်သည် ၂၀၁၅ ခုနှစ်ကို ညွှန်းဆိုပြခဲ့ပြီး နံရံထက်မှ ရွက်ဆုတ်ပြက္ခဒိန်တို့ ထုံးစံအတိုင်း တစ်ရက်ချင်း တစ်ရွက်ချင်း ဆုတ်ပြဲပါးလျသွားပြီး နောက်ဆုံးတွင် နံရံထက်မှာ သံချိတ်ဟောင်းလောင်းသာ. . .တွဲလွဲခိုလျက်. . .

 

အဲ့သည် ပြက္ခဒိန် ကုန်သွားအပြီးနောက်မှာ

ကျွန်တော် ပြက္ခဒိန်တစ်ခုခု မဝယ်ခဲ့မိတာ ဘယ်လောက်များ ကြာသွားပါလိမ့်။ တစ်နှစ်လား။ နှစ်နှစ်လား။ ဒါမှမဟုတ် ဆယ်နှစ်လား။

 

ကျွန်တော် ထင်တာကတော့ သူမ ကျွန်တော့်ထံမှ နောက်ဆုံး ပြေးထွက်သွားသည့်ရက်သည် ဒီဇင်ဘာ ၃၁ ရက်နေ့ဖြစ်သည်။

 

ကျွန်တော့် နံရံတွင် ပြက္ခဒိန်မရှိတော့သော်လည်း ကျွန်တော့် ဘယ်ဘက်လက်ပေါ်မှာ ပတ်ထားသည့်နာရီတွင် နေ့နှင့်ရက်ကို ဖော်ပြနေသည်။ သို့သော် နေ့နှင့်ရက်သာ ပါသဖြင့် သက္ကရာဇ်ကို မသိနိုင်တော့ပါ။

 

ယခု မသိမသာ ကြည့်လိုက်မိတော့ နေ့သည် 10  ဖြစ်နေပြီး ရက်သည် TUE ဖြစ်နေသည်။

ခုနှစ်ကတော့ ၂၀၁၆ ဖြစ်နိုင်သလို/ ၂၀၂ဝ လည်း ဖြစ်နိုင်သည်။

 

ဒါပေမဲ့ ကိစ္စ မရှိပါ။ ကျွန်တော် မသိချင်ပါ။ သိစရာလည်း ထွေထွေထူးထူး မလိုအပ်ပါ။

အကယ်၍ သိချင်သပဆိုလျှင် ဘေးအခန်းတံခါးကို ခေါက်ပြီး တံခါးလာဖွင့်သည့် အိမ်နီးချင်းကို မေးလိုက်နိုင်သည်။

”အခု ဘယ်ခုနှစ်ကိုရောက်နေပြီလဲဗျ” ဟု ကျွန်တော် မေးလျှင် ဖြေရမည့်သူသည် ကျွန်တော့်ကို မည်သို့ကြည့်မည်မသိ။

သို့သော် မှန်းဆရသလောက်တော့ ကျွန်တော့်ကို အရူးတစ်ကောင်လို အရင် ကြည့်ပါလိမ့်မည်။

 

ဒါကြောင့် ကိစ္စ မရှိ။

ကျွန်တော့်ဘဝထဲမှာ ရှိခဲ့ဖူးသော သက္ကရာဇ်အချိ ု့ကို

ကျွန်တော် မေ့ပျောက်ပစ်ချင်က မေ့ပစ်နိုင်ရမည်။

ကိုယ့်သက္ကရာဇ် ကိုယ်ဖြို ပြီး ကိုယ့်နေ့ရက်ကို ကိုယ် ဆွဲဆုတ်/ ကိုယ့်ဘာသာ နှစ်သစ်ကူးပြီး

ကိုယ့်ဘာသာ နှစ်ဟောင်းကုန်မည်။

နှစ်သစ်ကို ကိုယ်ကူးချင်တဲ့အချိန်မှာ ကူးလိုက်ပြီး နှစ်ဟောင်းကိုလည်း ကိုယ်အဆင်ပြေမည့်တစ်ရက်ရက်

(သို့မဟုတ်- ကိုယ် အဆင်မပြေသည့် တစ်ရက်ရက်)တွင် ကုန်ချလိုက်မည်ဆိုလျှင်ကော ဘယ်သူ ဘာပြောမလဲ။

ဘယ်သူ ဘာပဲပြောပြော ဂရုစိုက်စရာတော့ မရှိပါ။

 

ဘာကိုမှ ဂရုစိုက်စရာ မလိုတော့သောကြောင့်လည်း ဘယ်သူနှင့်မျှ စကားမပြောဖြစ်။ တော်ရုံနှင့်လည်း အခန်းအပြင်ကို မထွက်ဖြစ်ခဲ့။

သို့သော် တစ်ယောက်တည်း တိတ်ဆိတ်စွာ နေခြင်းကလည်း  တိတ်ဆိတ်သည်ဟု အသေအချာ မဆိုနိုင်။ ကိုယ့်စိတ်တွင်းမှ အသံသည် အဆူညံဆုံးနယ်ပယ်တစ်ခုလည်း ဖြစ်စေတတ်သည်မဟုတ်လား။

 

————————–

 

ကျွန်တော့်အခန်းထဲကို လာတိုင်း သူမက သီချင်းညည်းတတ်သည်။

ဒါတော့ ကျွန်တော် မှတ်မိသည်။

 

သူမ ဆိုညည်းသည့်သီချင်းကို ပထမတော့

ကျွန်တော် မသိ။

 

သူမ ဆိုညည်းသံကို ကြားရဖန်များလာတော့

ဖြူ ဖြူ ကျော်သိန်း၏ သီချင်းတစ်ပုဒ်ဖြစ်ကြောင်း သိလာသည်။

 

”ကြင်နာသူ အနားမှာ. .

ရှိနေ. . .ဒီ အချိန်များ. . .

အရာရာဟာ ပြည့်စုံ. . .

ကောင်းကင်ဘုံလေလား. . .

အပြာရာင် မျက်ဝန်းမှာ. . .

အချစ်ရဲ့ရောင်စဉ်များ. . .

အမှောင်တွေ ကွယ်ပျောက်ခါ. . .

အားလုံး လင်းးးလက် သွား. . .

 

သူရီပြုံးတိုင်းမှာ. . .

ရင်ထဲ အေးချမ်းသွားခဲ့တာ. . .

သူရီပြုံးတိုင်းမှာ. . .

ဒီကမ႓ာမြေဟာ လှပသွား. . .

.မျှော်လင့်ခြင်းတွေ ရောက်ရှိလာ. . .

ဘာမှ နောက်ထပ် ထပ်မလိုပါ။

 

မင်းတစ်ယောက်ထဲနဲ့ ကိုယ့်ကမ႓ာဟာ

လှပသွားခဲ့. . .

ကျန်တာတွေ လိုအပ်ချက် မရှိတော့ဘူး။

အရာရာတိုင်း . . . အချစ်ရဲ့တန်ခိုးနဲ့. . .

အရာရာတိုင်းပေါ့ တို့ဖန်ဆင်း. . .

.ရေးးး အားလုံး ပြည့်ဝသွားခဲ့. . . .

ဘာမှ နောက်ထပ် မရချင်ဘူး။

ကိုယ့် ဘဝ မှာ မင်း တစ်ယောက် တည်း. . . .

အချစ်. . .”

 

သီချင်းနာမည်ကို ကျွန်တော် မမှတ်မိပါ။ ”မင်းတစ်ယောက်ထဲ”ဆိုသည့် စာသားမျိုးလည်း ဖြစ်နိုင်သည်။ ”နောက်ထပ် အလိုမရှိ” ဆိုတာမျိုးလည်း ဖြစ်နိုင်သေးသည်။ ဒါနဲ့ နေစမ်းပါအုန်း။ သီချင်းတစ်ပုဒ်မှာ ခေါင်းစဉ်တို့. . .

သီချင်းနာမည်တို့ . . .မရှိတော့ရော ဘာအရေးလဲ။

 

ကျွန်တော့်ကို ရည်ညွှန်းပြီး ဆိုတာပါ ဆိုတဲ့ စကားအသွားအလာအရ ထိုသီချင်းစာသားများသည် ကျွန်တော့်အတွက်တော့ ဆုလာဘ် ဖြစ်ပါလိမ့်မည်။

(သို့သော် ကျွန်တော့်မျက်လုံး အရောင်သည် အပြာရောင်မဟုတ်ဘဲ ခပ်ညိုညို ခပ်မှောင်မှောင်သာဖြစ်ပါသည်)

အဓိက ပြောချင်တာက

ထိုသီချင်းကို သူမ မကြာခဏ ညည်းတတ်သည်။

 

သူမ လာသည့်အခါတိုင်း ကျွန်တော့်အခန်းထဲမှာ ပျံ့လွင့်နေတတ်သော သီချင်း ခပ်များများ ရှိလာပါသည်။

 

ထိုသီချင်းခွေများကို သူမ ယူလာခြင်းဖြစ်ပြီး

ကျနော့် CD ဖွင့်စက်ကလေးဖြင့် ဖွင့်ကာ နားထောင်ကြခြင်း ဖြစ်သည်။

 

ကျွန်တော်က ဂီတနှင့် အင်မတန် ဝေးကွာလှသောကြောင့် သူမ ဖွင့်သမျှ သီချင်းတိုင်းကို လိုက် မသိနိုင်ပါ။

 

တခါတရံပေါင်းများစွာတွင် ကျွန်တော်က မြို့လည်ခေါင်ရှိ စာပေ/မဂ္ဂဇင်းတိုက်များဆီ ခြေဆန့်ခဲ့ပြီး ကျွန်တော့်အခန်းကလေးသို့ ပြန်ရောက်သောအခါ သူမက အထဲမှာ အရင်ရောက်နေတတ်သည်။

 

ထိုသို့ဖြင့် ကျွန်တော့်အခန်းရှေ့သို့ ကျွန်တော် ပြန်ရောက်တိုင်း ပထဦးဆုံး လုပ်မိသော လုပ်ရပ်မှာ ကျွန်တော့်အခန်းထဲမှာ သူမ ရောက်နေသလားဆိုသည့် သိချင်စိတ်နှင့်တပြိုင်နက် အခန်းထဲမှာ ”ဘာသီချင်းများ ဖွင့်ထားပါလိမ့်” ဆိုပြီး နားစွင့်တတ်လာပြီ။

 

အခန်းထဲမှာ ဖွင့်ထားလက်စ သီချင်းတွေရဲ့ (ဘယ်တုန်းက ဘယ်သူရေးပြီး ဘယ်သူဆိုခဲ့သည့်သီချင်း ဆိုသည့်)သမိုင်းကြောင်းကို ကျွန်တော် သေချာ မသိတတ်သော်လည်း

သူမက အဲ့သည်သီချင်းတွေကိုဖွင့်ရင်း နားထောင်နေရင်းဖြင့် ကျွန်တော့်အခန်းထဲမှ ရှင်းလင်းစရာရှိတာ တစ်ခုခုကို ရှင်းလင်းပေးနေလိမ့်မည်ဆိုတာ သေချာပါသည်။

 

.နောက်ပြီး ကျွန်တော့်အခန်းကို မကြာခဏသိမ်းပိုက်ပြီး သူမ-ကြိုက်သောသီချင်းများဖြင့် လွှမ်းခြုံပစ်တတ်သော ထိုဘုရင်မလေး . . .

ဖွင့်ကာ နားထောင်သမျှ သီချင်းများသည် ဆူပူအော်ဟစ်နေသည့် သီချင်းအမျိုးအစားများ မဟုတ်။

 

ထို့အပြင် အချစ်အကြောင်းကိုချည်း လုပ်ဆိုထားသည့် သီချင်းများလည်း မဟုတ်ရေးချ မဟုတ်။

 

တချို့သီချင်းများသည် ယောကျာ်းတစ်ယောက်ရဲ့ စိတ်ခန္ဓာထဲကို ခွန်အားနှင့် သတ္တိများ တစ်စချင်းပစ်ထည့်ပေးသကဲ့သို့ အနှစ်သာရရှိပြီး

တချို့သီချင်းများကတော့ မိန်းမတစ်ယောက်အတွက် ခိုကိုးရာ ရှာနေစရာ မလိုသောဖြစ်တည်မှုနှင့် ကျားသစ်မတစ်ကောင် အေးအေးလူလူလျှောက်လှမ်းတတ်သလို တည်ငြိမ်သွေးအေးသည့် ခြေလှမ်းများဖြင့် လျှောက်လှမ်းတတ်အောင် သတိ္တ ခွန်အားများ ပေးစွမ်းသည့် သီချင်းများ။

 

ထိုသီချင်းများသည် သိမ်မွေ့ငြိမ့်ညောင်းသည်နှင့်အမျှ နက်ရှိုင်းအေးစက်သည်။  အဲ့သည်လိုသီချင်းတွေကို သူမ ရှာဖွေစုဆောင်းလာပြီး နားထောင်တတ်နေတာကိုက အတော် နက်ရှိုင်းကျယ်ပြန့်သည့် ဖြစ်စဉ်တစ်ခုလို့ ကျွန်တော် ယူဆသည်။

 

သူမနှင့်ကျွန်တော့်အကြားတွင် စည်းများမရှိသော်လည်း ကြိုးတချို့ကို တားထားပြီး တချို့သောကြိုးများကိုတော့ အပြန်အလန် ရစ်ပတ်တွယ်ငင်ခြင်း ရှိသည်။

 

သူမနှင့် ကျွန်တော်သည် အများသူငါစုံတွဲတွေလို နှစ်လွှာပေါင်းမှတစ်ရွက် . . .

နှစ်ယောက်ကိုမှ တစ်အိပ်မက် . . .စသည်တို့ဖြင့် တင်စားပြီး စိတ်ကူးယဉ် ဆန်မနေတတ်ကြ။

 

ဘုရားကျောင်းထဲမှ တိုင်လုံးများလိုသာ

သီးခြားစွာ အတူတကွ မတ်မတ်ရပ်တည်ခဲ့ကြသည်။

 

တစ်ယောက်မရှိ၍ မဖြစ်ဆိုတာမျိုးလည်း မဟုတ်ခဲ့။

တစ်ယောက်မကလို့ နှစ်ယောက်လုံး မရှိတော့ရော ဘာအရေးလဲ ဆိုပြီး .သွေးအေးသောအယူအဆကိုယ်စီဖြင့် နက်ရှိုင်းစွာ နွေးထွေးခဲ့ကြပါသည်။

 

ဒါပေမဲ့ အခုတော့ ကျွန်တော့်အနားမှာ . . .

သူမ မရှိတော့ပြီလေ။

 

ဘာအရေးလဲ ဟု တွေးမိခြင်းနှင့်တပြိုင်နက်ထဲမှာပင် ရင်ဘတ်ရဲ့ဟိုးးးအနက်ရှိုင်းဆုံးတစ်နေရာထဲမှ ပြုတ်ထွက်ပျောက်ပျက်သွားသော တစ်စုံတစ်ရာကို အာသာငမ်းငမ်း ပြန်လိုချင်တပ်မက်သလိုမျိုးလည်း ဖြစ်နေသည်။

 

တံစဉ်ကိုင်ပြီး စပါးပင်ဝါတွေကို ရိတ်သိမ်းနေတဲ့ လယ်သမားတစ်ယောက်က သူ့ရဲ့လယ်ကွက်ကို ဒူးထောက်အရှုံးပေးရင်း .သေအံ့မူးမူး လဲပြိုသွားချိန်မှာ သူပျိုးခဲ့တဲ့ စပါးပင်ပျိုနုနုစိမ်းလေးတွေကို လွမ်းဆွတ်တမ်းတလိုက်သလိုမျိုး. . .

 

ဗုဒ္ဓေါ. . . ကျွန်တော် ဘာဖြစ်သွားတာလဲ. . .

 

စိတ်အတွင်းပိုင်းထဲမှ တိုးထွက်တွယ်ကပ် တက်လာသော တရိပ်ရိပ်အတွေးများကို . . . .ခေါင်းတစ်ချက်ခါ မျက်စိမှိတ် အံကြိတ်ပြီး ဖယ်ထုတ်ပစ်လိုက်သည်။

 

အဲ့သည်အတွေးတွေက ဟောဟိုက အတိတ်ကို လိုသလို ပြန်လည် ပြောင်းလဲပစ်ပြီး ပြင်ဆင်ချယ်သလို့မှ မရတော့တာ။

 

သွားစမ်းပါ။

.ပြီးခဲ့တဲ့အတိတ်ကို ပြန်တွေးပြီး

လွမ်းမောနေတာတွေ . . .

နာကျင်ခံစားနေတာတွေ . . .

.နောင်တရ . . .တွေဝေ မိန်းမောနေတာတွေဟာ ပုပ်သွားပြီဖြစ်တဲ့အသားငါးတွေကို

ပြန် စားသောက်ဖို့ကြိုးစားနေသလိုပဲ မဟုတ်လား။

ပြန်တွေးနေတာဟာ ဘာမှ ထူးမလာဘူး။ ကျွန်တော်က အသားပုပ် ငါးပုပ်တွေကို ကြိုက်တတ်တဲ့ လင်းတတစ်ကောင်မှ မဟုတ်တာ။

 

ကိုယ့်ကိုယ်ကို ပဲ့ပြင်ဆုံးမရင်း ကိုယ်ကိုယ်တိုင်က ပေါက်ချွန်းဖြစ်လိုက် . . .မြေကြီးဖြစ်လိုက်. . .

 

ကိုယ့်ကိုယ်ကို ထိန်းကျောင်းရင်း ကိုယ်ကိုယ်တိုင်က လှော်တက်ဖြစ်လိုက် ပင်လယ်ဖြစ်လိုက်. . .

 

ကိုယ့်ကိုယ်ကို ရေးလောင်း ပေါင်းသင်ရင်း ကိုယ်ကိုယ်တိုင်က သစ်တစ်ပင်ဖြစ်လိုက် ဥယျာဉ်မှူ း ဖြစ်လိုက်. . .

 

အဲဒီလိုနဲ့ . . .

ကျွန်တော်ဟာ. . .

မီးပုံထဲမှာ ပြာကျ ပြီးမှ အမွှေးအတောင်အသစ်တို့ဖြင့် ပြန်လည် ရုန်းထ ပျံသန်းပြနိုင်သည့်ငှက်တစ်ကောင်ကို အားကျမိပြန်သည်။

 

—————————————

 

သည်နေရာမှာ ထိုင်နေမိတာ. . .

ကျွန်တော့်အချိန်တို့ ဘယ်ရွေ့ဘယ်မျှ ကုန်သွားပြီလဲ မသိ။

 

ကိုယ့်အသိစိတ်ကို ကိုယ့်အသိစိတ်ထဲ

အသိစိတ်ရှိရှိ ပြန်ထိုးထည့်ပစ်လိုက်ပြီးမှ . . .

ကျွန်တော့် စာရေးစားပွဲအနီးရှိ စင်ပေါ်မှ သီချင်းဖွင့်စက်ကို လှမ်းကြည့်လိုက်သည်။

 

အဲ့သည် သီချင်းဖွင့်စက်သည် နောက်ဆုံးအနေနှင့် မည်သည့်သီချင်းတစ်ပုဒ်ကိုများ အသံလွှင့်ထုတ်ခဲ့သနည်း။

 

ယခုအချိန်ထိ ပြန် မဖွင့်သေးသည့် အရှေ့ပိုင်းရက်တွေထဲမှာ (အဲ့သည်စက် မပိတ်လိုက်ခင်မှာ)နောက်ဆုံး သွင်းထားမိသည့် သီချင်းခွေသည် အဘယ်နည်း။

 

အခုနေများ အဲ့သည် စက်ကို ခလုတ်နှိပ်ပြီး ဖွင့်လိုက်လျှင် ဘယ်သီချင်းများ ထ မြည်လာမှာပါလိမ့်။

 

အဲ့သည် စက်ထဲမှာ ဘာသီချင်းများ ပိတ်နေပါလိမ့်။

 

အခုလောလောဆယ်အချိန်မှာ. . .

”ဘာသီချင်း ဖွင့်နေပါလိမ့်”ဆိုသည့် မေးခွန်းအစား. . .

”ဘာသီချင်းများ ပိတ်မိနေပါလိမ့်”ဆိုသည့် မေးခွန်းက ကျွန်တော့်အတွက်

ပို သင့်တော်သည့်အချိန် ဖြစ်ပါလိမ့်မည်။

 

————————

 

သင့်အေးရိပ်

(၂၀၁၆၊ မေလ ၂၂ရက်)

 

 

 

 

 

 

 

 

 

 

 

 

 

About alinsett

alinsett has written 615 post in this Website..

. . .