ကျုပ် မသေခင် သုံးရက်လောက်မှာ Red Riders အဖွဲ့ကို ပို့စကဒ်လေး တစ်ခု ပို့လိုက်တယ်။ သို့ပေသော်လည်း

ဒီဇာတ်လမ်းက ဘာလင်မှာ ဖြစ်ခဲ့သင့်သဗျ။ ဘာလင်သားများ ပေါ့လေ။ ဘာလင်သား သုံးစားမရတဲ့ လူကြီးလူကောင်းများ။

သူတို့က တစ်ခုခု ဖြစ်မြောက်အောင်လုပ်ချင်ရင် ခြေမြန်တော်ကလေးများ အဖွဲ့ကို လွှတ် လိုက်တာပဲ။

 

ဒီဇာတ်လမ်း ဘာလို့ ဘာလင်မှာ မဖြစ်ခဲ့သလဲ ခင်ဗျားတို့ သိပါလိမ့်မယ်။ ကျုပ်က Red Riders အဖွဲ့ကို ဘာကြောင့်

စာရေးလဲ ဆိုတော့ နာမည်ကိုက မိုက်တာ။ ဘိုက်ကာ ကြီးတွေ။ ခြေမြန်တော်လေးများ လို မဟုတ်ဘူး။ သူတို့သာ

စာရေး ပို့လိုက်ရင် လွှင့်ပစ်မှာ။စာထဲ ဘာရေးထားလည်း ဆိုတော့ –

 

“ဤစာရပြီး သုံးရက်မြောက်နေ့တွင် ကျွန်ုပ် ဈာပနသို့ ကြွခဲ့ကြပါ။ Red Riders အဖွဲ့သားများ အားလုံး ပါဝင်ကြရပါမည်။

အခကြေးငွေနှင့် နောက်ထပ် ညွှန်ကြားချက်များကို ကျွန်ုပ်၏ အခေါင်းသေတ္တာထဲတွင် ထည့် ထားပါမည်။”

 

ဘိုက်ကာကြီးတွေက ချက်ချင်းကို ရောက်လာတယ်။ သူတို့ ခေါင်းဆောင်လည်း ပါတယ်ဗျ။ ခေါင်းဆောင်လုပ်တဲ့ လူက

ကျုပ်အခေါင်းကို စေ့စေ့စပ်စပ်ကြည့်တယ်။ ကျုပ်က ကျုပ်အခေါင်းဘေးမှာ “ဖန်ထည်”၊ “ကွဲတတ်သည်”၊ “လွှတ်မချရ”

ဘာညာ ဆိုပြီး အပင်ပန်းခံတောင် ‘ရေးထားသေးတာ။

 

တကယ်တော့ ကျုပ်ရဲ့ အခေါင်းဆိုတာကြီးက သစ်သား သေတ္တာ အဟောင်းကြီးတစ်လုံးပဲ။ အဖုံးတော့ ဖုံးမထား ဘူး။

ဘာလို့လဲ ဆိုတော့ ကျုပ်စီမံတဲ့အတိုင်း ချောချောမွေ့မွေ့ ဖြစ်ရဲ့လားဆိုတာ ဂရုထားကြည့်ရဦးမှာ မဟုတ် လား။

 

ပထမဆုံး ခေါင်းဆောင်က ကျုပ် အခေါင်းထဲက ငွေတွေကို ရေကြည့်တယ်။ အဖွဲ့ဝင် လေးဆယ့်ငါးယောက် အတွက်

နှစ်နာရီစာ..ကွက်တိပဲ ဆိုပြီး သူ့အိတ်ထဲ ထည့်တယ်။ ကျုပ်ရဲ့ နောက်ထပ် လုပ်ဆောင်ရမဲ့ ညွှန်ကြား စာကို

ဖတ်ကြည့်တဲ့အခါ –

“မဟုတ်သေးဘူးဟ… မဟုတ်သေးဘူး.. ဒါတော့ တို့မလုပ်ဘူး။”

သူက အဲဒီလို အော်တော့ ကျုပ်လည်း အသံကို တတ်နိုင်သမျှ လှိုဏ်သံပါအောင် လုပ်ပြီး –

“Red Riders တွေက ဘာမဆို လုပ်တယ်။”

ခေါင်းဆောင်ငနဲလည်း အသံ ဘယ်ကလာလည်း သေချာတော့ မသိဘူး။ နှာခေါင်းကုတ်ပြီး-

“ကျုပ်က..အဲ.. ကျုပ်က..?”

ငတိ အသိ ဝင်လာပုံရတယ်။ သူတို့ အဖွဲ့ ကြော်ငြာလည်း ကြည့်ဦး။ အတိအကျကို ရေးထားတာ ဒီလို-

“Red Riders တွေက ဘာမဆို လုပ်တယ်။”

ဘိုက်ကာ အဖွဲ့ထဲက ငနဲလေးတစ်ယောက်က အခေါင်းကို ဖုံးပြီး သံရိုက်ဖို့ပြင်တော့ ခေါင်းဆောင်က တားတယ်။

“မလုပ်နဲ့ ဒီထဲမှာ အသေအချာ ပြောထားတယ်။ အခေါင်းကို မဖုံးရတဲ့။ ဒီအတိုင်း ဖွင့်ထားရမယ်။ တို့အတွက် ပိုက်ဆံပေးထားတဲ့

အလုပ် သူညွှန်ကြားတဲ့အတိုင်း လုပ်ကို လုပ်ရမယ်။ ငါ့ရာဇဝင်မှာ အလုပ်နဲ့ပက်သက်ပြီး စောက်တလွဲ မဖြစ်ချင်ဘူး။

ဖြစ်သင့်ရင်တောင် မဖြစ်ရဘူးကွာ..ကိုင်း..နားလည်ကြလား။”

“ပထမဦးဆုံး တို့က ဆုတောင်းပေးရမယ်။ ခပ်တိုတိုပဲ..။ ကဲ.. ပြော ဘယ်သူ ဆုတောင်းစကား ပြောတတ်လဲ..။”

တစ်ကောင်မှ မလှုပ်ဘူး။

“ရှည်ရှည် ဆိုရင်ကော..။”

ရှည်ရှည်လည်း တစ်ကောင်မှ မရဘူး။ တိုတိုတောင် မရတဲ့ဟာကို။ အဲဒီတော့ ကျုပ်လည်း အခေါင်းထဲကနေ လှိုဏ်သံလေးနဲ့

သတိပေးရတော့တာပေါ့။

“Red Riders တွေက ဘာမဆို လုပ်တယ်။”

ခေါင်းဆောင်ငနဲက တောင်ကြည့် မြောက်ကြည့်လုပ်ပြီး –

“အေး ဟုတ်တယ်ဟေ့…တစ်ကောင်မှ အိုင်ဒီယာမထွက်ရင်တောင် အလှလေး တစ်ယောက်တော့ ကျန်ဦးမှာ..။”

သူက ချာတိတ်တွေဘက် လှည့်ပြီး –

“ ဟေ့ ဖရဇ်.. မင်း ဆုတောင်းတတ်ရဲ့ မဟုတ်လား..။”

“ဟုတ်ကဲ့… ကျွန်တော် ဆုတောင်းတတ်ပါတယ်။”

ဖရဇ် ဆိုတဲ့ အပေအတူးလေး တစ်ကောင်က ပြန်ဖြေတယ်။

“ဒါပေမဲ့..ဟို.. ပုံမှန် ဆုတောင်းစကားတော့ မပြောတတ်…။”

ခေါင်းဆောင်က ကြားဖြတ်ပြောတယ်။

“ရတယ်..မလိုဘူး။ ပုံမှန်တွေ၊ ပုံမမှန်တွေ အရေးမကြီးဘူး။ အရေးကြီးတာ တို့ ဆုတောင်းစကား ပြောဖို့ပဲ..။ ကဲ ကျန်တဲ့ကောင်တွေ

သူ့နောက်က လိုက်ဆိုကြ..။”

ဖရဇ် ရှေ့က ဆိုတဲ့အတိုင်း နောက်ကကောင်တွေက အသံကုန် လိုက်ဟစ်ကြရော။

“ကြွတော်မူပါ ယေရှု ခရစ်တော် အရှင်…ကျွန်တော်တို့ရဲ့ ဧည့်သည်အသွင်.. ကျွန်တော်တို့အတွက် ဤလက်ဆောင်များကို

ကောင်းချီးပေးပါစေ သခင်..။”

“အာမင်။”

ခေါင်းဆောင်ငနဲက ဟန်ဆောင်ပန်ဆောင်နဲ့ –

“အံမယ်.. ကောင်းလိုက်တဲ့ ဆုတောင်းစကားကွာ။ မှတ်တောင် ထားရဦးမယ်။ နောက်တစ်ခါကြုံရင် ပြောဖို့။”

ခေါင်းဆောင်က ကျုပ် ညွှန်ကြားတဲ့အတိုင်း အတိအကျကို လိုက်နာပါတယ်။ နောက်တော့ သူတို့က ကျုပ် အခေါင်းကို သုံးဘီး

ဆိုင်ကယ်ပေါ်တင်ကြတယ်။ ဖရဇ်က ထိပ်က ထိုင်ရတယ်။ ထိန်းဖို့လေ။ အဲဒါမှ အခေါင်းကအောက် ပြုတ်မကျမှာ။ တခြား

ဆိုင်ကယ်သမားတွေ အကုန်လုံး သူတို့ ဆိုင်ကယ်တွေပေါ် ပြေးတက်ပြီး စက်နှိုး။ ပြီးတော့ လမ်းပေါ်မှာ အတန်းလိုက်

အပြုံလိုက်ကြီး နင်းကန်မောင်းကြတာပေါ့။ လူတွေကလည်း သူတို့ ဆိုင်ကယ်တွေ တသီတတန်းကြီး မောင်းသွားကြတာကို

အော်ဟစ် အားပေးကြသဗျ။ ကျုပ်လည်း အခေါင်းထဲက စဉ်းစားမိတယ်။ အခုလို ဆိုင်ကယ်တွေ တသီကြီးနဲ့ သချႋုင်းကုန်းကို

ဝုန်းဒိုင်းကြဲ အသုဘ သွားချတာ ဘယ်လောက် ပျော်စရာကောင်းသလဲလို့။ တခြား အသုဘတွေဆိုကြည့်ဦး။ အနက်ရောင်

ကားကြီးပေါ်မှာ အိပဲ့ အိပဲ့ နဲ့။ ဘေးမှာလည်း အော်ဟစ် ငိုယိုနေကြနဲ့။ တော်တော် စိတ်ပျက်စရာ။ ခု..ကျုပ် အသုဘကိုကြည့်

ဘယ်လောက် ဂေါ်လဲ။ ဘယ်လောက် အထာကျလဲ။

 

မိနစ် နှစ်ဆယ်လောက်ကြာတော့ သချႋုင်းကုန်း ရောက်ကရော။ ဆိုင်ကယ်သမားတွေက သူတို့ဆိုင်ကယ်တွေ ကို သချႋုင်း

ခြံစည်းရိုး မှီပြီး ရပ်ထားခဲ့ကြတာပဲ။ ဗလကောင်းကောင်းနဲ့ လေးကောင်က ကျုပ်အခေါင်းကြီးကို ဂရုတစိုက်နဲ့ ဆွဲယူပြီး

သယ်လာကြတာပေါ့။ ခေါင်းဆောင်လုပ်တဲ့သူက ညွှန်ကြားချက်စာရွက်ကို ဖတ်ပြီး လမ်းညွှန်ရော။

“ဒုတိယ လမ်းဆုံမှာ မိန်းလမ်းမကြီးရဲ့ ဘယ်ဘက်က ရှစ်ခုမြောက် စင်္ကြန်ရဲ့ ညာဘက် သချႋုင်းရာ အမှတ် ၄၈၆၇၈။”

အတိအကျပဲ။ အဲဒီ အလေးအနက်လုပ်ငန်းစဉ်က ကျုပ်ရဲ့အခေါင်းအိုကြီးကို သယ်ဆောင်သွားတဲ့ နေရာ။ မြေက တော့ တူးပြီးသား။

ဂေါ်ပြားကြီးနှစ်လက်က မြေစာပုံဘေးမှာ ထောင်ထားတယ်။ ငနဲတစ်ကောင်က အထဲပြေးဝင် ပြီး ကျုပ် အခေါင်းကို

နေရာတကျဖြစ်အောင် လုပ်တယ်။ နောက်တော့ သူတို့ အားလုံး ကျုပ်အုတ်ဂူကို ဝိုင်းပြီး –

“ကိုင်း… ဆေးလိပ်တွေ မီးညှိကြဟေ့။”

ခေါင်းဆောင်က အမိန့်ပေးတယ်။

အတော်များများက ဆေးလိပ်တွေ ဆွဲထုတ်ပြီး မီးညှိကြရော။ ဆေးလိပ်မပါတဲ့သူကို ပါတဲ့သူက ကမ်းပေးကြပေါ့။

ဖရဇ်က ထဖောက်တယ်။

“ကျ..ကျွန်တော်.. ဆေးလိပ်သောက်လို့ မရဘူး။ အဲ.. အဲဒါက..ကျ..ကျ..။”

ကျုပ်လည်း ကြားဖြတ်ရပြန်တာပေါ့။

“Red Riders တွေက ဘာမဆို လုပ်တယ်။”

ခေါင်းဆောင်ငနဲက တောင်ကြည့် မြောက်ကြည့် လုပ်ပြီး ဆဲပါလေရော။

“နင့်မေကလွှား..ဘယ်သူပြောတာတုန်း…အဲဒါ။ အဲဒီ စောက်စကား မင်းတို့ဆီက နောက်တစ်ခါထွက်..ငါလုံးဝ သည်းခံမှာ

မဟုတ်ဘူးနော်..။ အေး…ဟုတ်တယ်…“Red Riders တွေက ဘာမဆို လုပ်တယ်” ဆိုတာ အသိအသာကြီးပဲကွ…။

ဟိုကောင် ဖရဇ် …သောက်..ဆေးလိပ်ကို။ Red Rider တစ်ယောက်က ဆုတောင်းတတ် သလို ဆေးလိပ်လည်း

သောက်တတ်ရမယ်ကွ…မှတ်ထား။”

ဆိုတော့ ဖရဇ်ခမျာ မငြင်းသာပဲ ဆေးလိပ်မီးညှိရရှာသပေါ့။ ခေါင်းဆောင်က စာရွက်လိပ်ကို ကြည့်ပြီး –

“ကိုင်း…တို့တွေ ဈာပန ဝန်ဆောင်မှုလေး စကြတာပေါ့။ တို့အားလုံး သီချင်းတစ်ပုဒ် ဆိုကြမယ်။ ဆိုတဲ့အခါမယ်..

အင်မတန်နက်ရှိုင်းပြီး ဝမ်းနည်းကြေကွဲစရာကောင်းတဲ့ တောအုပ်ကြီးထဲ ရောက်နေသလိုမျိုး သက်ဝင်ခံစားပြီး

သီဆိုကြရမယ်…။”

“ကိုင်း..အားလုံး..ဒီအပိုဒ်ကို ဆိုမယ်…  –

“Red Riders တွေက ဘာမဆို လုပ်ပါတယ်… သေသူ ရှင်သူ ဘယ်သူ့အတွက်မှ မခွဲခြားပါ တကယ်…ဒါဟာ တို့များရဲ့

အလုပ်ပဲ ဆိုနိုင်တယ်…။”

သူတို့အားလုံး ဝိုင်းဆိုတဲ့အခါ ကျုပ်လည်း အခေါင်းထဲကနေ လိုက်ဆိုတာပေါ့။

“ကိုင်း…အခုဆိုရင်.. သေသူအတွက် ထောမနာ ချီးမွမ်းစကား ပြောရမဲ့ အချိန်ကို ရောက်ပြီ။ ဒီနေ့မှာ ဆိုရင် တစ်စုံတစ်ယောက်ရဲ့

နောက်ဆုံးခိုနားရာ ခရီးကို လိုက်ပါ ပို့ဆောင်ခွင့်ရတဲ့အတွက် အင်မတန် ဂုဏ်ယူ ဝမ်းမြောက် မိပါတယ်။ သူ့ရဲ့ သီလသမာဓိ

ဘာညာတွေကို တို့မသိဘူး။ တို့သိတာက သူ့ရဲ့နောက်ဆုံး တောင်းဆိုချက် ဖြစ်တဲ့ ဒီနှစ်နာရီစာ ဈာပန အခမ်းအနား ဆောင်

ရွက်ပေးခြင်းအတွက် တို့  Red Riders တွေ တစ်ယောက်ကို သုံးကျပ်နဲ့ လေးဆယ့်ငါးပြား ရရှိခြင်းကို ရင်ထဲမှာ စွဲမှတ်

ထားစေချင်ပါတယ် ဆိုတဲ့ အချက်ပဲ။ ဟောဒီ သချႋုင်းမြေမှာ တို့တွေ နွေးနွေးထွေးထွေး သိုက်သိုက်ဝန်းဝန်းနဲ့ ကောင်းချီးပေးခံ

ရသော သေသူအတွက်  တညီတညာတည်း ဩဘာပေးကြစို့..။”

“ဟူးရေး…ဟူးရေး…ဟူးရေးးးးးး။”

Red Riders တွေ အကုန်လုံး ဖင်ဖြဲအော်ကြတာပေါ့။ ခေါင်းဆောင်က –

“ကောင်းလိုက်တာကွာ…ငါသာ အခေါင်းထဲက အလောင်းဆိုရင်တောင် လက်ခုပ်ထတီးမိမှာပဲ။ ကဲ…နိဂုံးချုပ် အနေနဲ့ သေဆုံးသူ

ဘုရားသခင်ထံ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ သူ့အကြိုက်ဆုံး သီချင်းလေး ဆိုပေးကြမယ်။”

“ဇီယွန်၏ သမီးပျို ပျော်ရွှင်ပါစေ…ဂျေရုဆလင်မ် ဝမ်းမြောက်ပါစေ…။”

 

သူတို့ ဖင်ဖြဲ အော်လိုက်တဲ့အသံက သချႋုင်းမြေတစ်ခုလုံး ဟိန်းထွက်သွားတာပေါ့။ ကျုပ် အသုဘ ဘယ်ဘက်ခြမ်း ဓါးလွယ်

ခုတ်လောက် နေရာမှာ အသုဘတစ်ခု ရှိသေးတယ်။ ကျုပ်က သချႋုင်းရာအမှတ် ၄၈၆၇၈ မဟုတ်လား။ အဲဒီဘက်က ၄၈၆၇၉ ။

အသုဘက နာမည်ကြီး ဂုဏ်သရေရှိ ပုဂ္ဂိုလ်ကြီးရဲ့ အသုဘ။ အစိုးရ အကြံပေးအဖွဲ့ဝင် လူကြီးဗျ။ မျက်နှာကြီး အသုဘဆိုတော့

သိတဲ့အတိုင်း လူတွေဆိုတာ ဘယ်နည်းမလဲ။ စိတ်ပျက်စရာ ကောင်းလောက်အောင်ကို များတာ။ ပရော်ဖက်ဆာတွေ၊

တရားသူကြီးတွေ၊ အစိုးရဌာန အကြီး အကဲတွေ၊ စစ်ဘက်ဆိုင်ရာ အရာရှိကြီးတွေ၊ ချမ်းသာတဲ့ စက်မှုလုပ်ငန်း

ရှင်တွေ…အများကြီးပေါ့။ အကုန် လူ့မလိုင် အထက်တန်းစားတွေချည်းပဲ။ ဒါပေမဲ့ သူ့အသုဘက ရှေးထုံးစံကြီးအတိုင်းပဲလေ။

ကျုပ် အသုဘလို ဘယ် အထာကျမလဲဗျ။ Red Riders တွေလည်း မပါဘူးလေ။ ရိုးလိုက်တာ။

 

ဟိုဘက် အသုဘက ဆိုတာငိုတာတွေလုပ်နေတော့ ခေါင်းဆောင်လုပ်တဲ့သူက ယဉ်ယဉ်ကျေးကျေးနဲ့ ကျုပ်အသုဘ

သီချင်းကို ဆက်မဆိုပဲ ခဏ ဆိုင်းထားပေးပါတယ်။ ခဏနေတော့ ဟိုဘက်က ရပ်သွားတဲ့အခါ ခေါင်းဆောင်က

သီချင်းကို ပြန်တည်တယ်။

“ဇီယွန်၏ သမီးပျို ပျော်ရွှင်ပါစေ…ဂျေရုဆလင်မ် ဝမ်းမြောက်…။”

သူတိုင်တာ မဆုံးဘူး။ ဟိုဘက်က သင်းအုပ်ဆရာရဲ့ သီချင်းညည်းသလို အသံက တစီစီထွက်လာရော။ သေသူအတွက်

ထောမနာစကား ဆိုတော့လည်း ခေါင်းဆောင်က နောက်ထပ် ငါးမိနစ်လောက် စောင့်ပေးပါတယ်။ မပြီးသေးဘူး။ နောက်ထပ်

ဆယ်မိနစ်။ မပြီးဘူး။ ဟယ်… ဒီသင်းအုပ်ဆရာ ပြီးမဲ့ပုံ မပေါ်ပါလား။ အဲဒါ ကျုပ်အတွက် မကောင်းဘူးဗျ။ ပြောတာ ပြောတာ ဆိုတာ။

“ဒီလောက် စောက်စကားရှည်နေရင် ငါ့အလောင်းတောင် အရိုးကျသွားလောက်တယ်။”

 

ကျုပ် အဲဒီလိုတောင် တွေးမိသဗျ။ ခေါင်းဆောင်ကလည်း ကျုပ်လို တွေးမိပုံရပါတယ်။ သူ့ကို နှစ်နာရီစာအတွက် ပဲ ပိုက်ဆံပေး

ထားတာ မဟုတ်လား။ နာရီ တစ်ချက်ကြည့်ပြီး အဖွဲ့သား လေးဆယ့်ငါးယောက်လုံး တပြိုင်နက်ထဲ နောက်တစ်ချီ ဆိုဖို့

အမိန့်ပေးလိုက်တယ်။

“ဇီယွန်၏ သမီးပျို ပျော်ရွှင်ပါစေ…ဂျေရုဆလင်မ် ဝမ်းမြောက်ပါစေ…။”

သင်းအုပ်ဆရာကလည်း မလျှော့ဘူးဗျို့။ ဒါပေမဲ့ တစ်ယောက်အားနဲ့ လေးဆယ့်ငါးယောက် ဖင်ကုန်းအော်တဲ့ အား ဘယ်လို

ယှဉ်နိုင်မတုန်း။ ကျုပ်တော့ တော်တော် ကျေနပ်ပီတိ ဖြစ်မိသဗျာ။ အဟေးဟေး… ကျုပ်ရဲ့ မော်ဒန် ဈာပနက သူတို့ ခေတ်ဆွေး

စတိုင် အသုဘကို အနိုင်ကြဲလိုက်နိုင်ပြီကိုး။

 

သင်းအုပ်ဆရာ ရပ်သွားတယ်။ ဒါပေမဲ့ ဒီကိုယ်တော် ဘယ်အရှုံးခံလိမ့်မတုန်း။ သူက ပုဂ္ဂိုလ်ကြီးတချို့ကို စကား နည်းနည်း

ပြောလိုက်တယ်။ နောက် အဲဒီ ပုဂ္ဂိုလ်ကြီးများက အစောင့်အဖွဲ့ကို လှည့်ပြောတော့… အစောင့်ငနဲများ ဦးထုပ်တွေ ဘာတွေ

ပြင်ပျက်ဆောင်းပြီး ကျုပ်တို့ဘက် လာပါလေရော။ ကျုပ်တို့ Red Riders ခေါင်းဆောင်က တော့ ခပ်တင်းတင်းပဲ။

“ငါတို့ ကိုယ့်အလုပ် ကိုယ်လုပ်နေကြတာကွ။”

အစောင့်တစ်ကောင်က –

“ခင်ဗျားမှာ ခွင့်ပြုချက် ရှိလား။”

“သိပ်ရှိတာပေါ့ကွာ..။”

ခေါင်းဆောင်က သူ့ပိုက်ဆံအိတ် နှိုက်ပြီး –

“ဒီမှာ… ငါတို့ အဖွဲ့အတွက် တရားဝင် ခွင့်ပြုချက်ပဲ။”

ခွင့်ပြုမိန့် စာရွက် ဖတ်ပြီး အစောင့်လည်း ကြောင်သွားတယ်။

“အင်…. ဈာပနအတွက် ခွင့်ပြုမိန့် ဆိုပါ့လား…။”

“ဟုတ်ပ…။”

ခေါင်းဆောင်ကလည်း ဝံ့ဝံ့ကြွားကြွားနဲ့ကို ပြောချလိုက်တာ။

“Red Riders တွေက ဘာမဆို လုပ်တယ်။”

ကျုပ်လည်း အခေါင်းထဲကနေ အားရဝမ်းသာနဲ့ အော်ပြီး အားပေးမိတာပဲ။

“ဘရာဗို…ဘရာဗို…။”

အစောင့်က ထဖြဲတယ်။

“သုဿန်ထဲ ဘယ်ကောင်မှ ဘရာဗိုလို့ မအော်ရဘူးကွ…။”

ခေါင်းဆောင်က သူတို့တဖွဲ့လုံး အပြင်ထွက်ပေးမယ်။ ဒါပေမဲ့ သူတော့ မပါဘူး။ ဘာလို့လဲဆိုတော့ အခကြေးငွေ ယူပြီး

ဆောင်ရွက်တဲ့ ဒီ ဈာပန အခမ်းအနား မပြီးသေးလို့။ ပြီးတော့ သူက အင်မတန် ဂုဏ်သိက္ခာရှိတဲ့သူ၊ အလုပ်နဲ့ ပက်သက်ရင်

အမှားမခံ အတိအကျ လိုက်နာဆောင်ရွက်တဲ့သူမျိုး ဖြစ်ကြောင်း။ အစောင့်များ အနေနဲ့ လည်း အေးအေးဆေးဆေး ပြန်

လှည့်သွားစေချင်ကြောင်း စသည်ဖြင့်ပေါ့လေ… ရှင်းပြတယ်။

အမလေး…လိမ္မာ ပါးနပ်ပါပေ့ဗျာ။ ဒီလိုလူမျိုး သတင်းစာထဲထည့် ပုံနှိပ်ပြီး အများပြည်သူ သိအောင်တောင် လုပ် သင့်တယ်လို့

ကျုပ်တွေးမိတယ်။

အစောင့်ငနဲကတော့ ကျုပ်လို ဘယ်တွေးမလဲဗျ။ ဗြဲ ဆို ထအော်တော့တာပဲ။ သူဗြဲတာထက်ကို ခေါင်းဆောင် ငနဲက

သာ ဗြဲ သေးဗျာ။ သူတို့ တဗြဲဗြဲနဲ့ အပြန်အလှန် ဖြဲနေတော့ ဟိုဘက် အသုဘက လူတွေလည်း ဒီဘက် တဖွဲဖွဲရောက်လာပြီး

စပ်စုကြရောဗျို့။ ဟို သင်းအုပ်ဆရာလည်း နောက်ဆုံးက ပါလာတယ်။

ဦးထုပ်နီတွေဆောင်း၊ သားရေဂျာကင်တွေ ဝတ်ပြီး စီးကရက်တွေ ပါးစပ်မှာ တွဲလောင်းနဲ့ Red Riders အဖွဲ့သား တွေ

သူတွေ့တော့ ဖွီ ကနဲ လုပ်တော့တာပဲ။

သူ့မျက်မှန်ချွတ်ပြီး ကျုပ်အခေါင်းကို သေချာကပ်ကြည့်တယ်။

“ကွဲတတ်သည်၊ လွှတ်မချရ၊  ဘာတွေဖြစ်နေတာတုန်းဟ..။”

သူ့အမေးကို ပြန်ဖြေတာ ဖရဇ်ရယ်။ ဖြေပုံက အတော်ဆိုးဝါးတယ်။ သူက ဆေးလိပ်မသောက်တတ်ဘူး။ ဆေးလိပ် သောက်တော့

မူးသလို မော်သလိုနဲ့ နေလို့ မကောင်းချင်တော့ဘူးလေ။ လူက ရှေ့တိုး နောက်ငင်နဲ့ လဲမလို ယိုင် မလို ဖြစ်လာတာများ

သွက်သွက်ကို ခါလာရော။

ပထမတော့ အားလုံး ကြောင်ကြည့်နေကြတာပေါ့။ နောက်မှ လက်ကိုင်ပုဝါပေးသူပေး၊ ရှုဆေး ပေးသူပေးနဲ့။ ငတိက သူ့ကိုယ်သူ

သေချာထိန်းနိုင်တဲ့ အခါကျတော့မှ အတည်ပေါက်ကြီးနဲ့ ပြောချလိုက်တာ။

“ဒီတစ်ခါတော့ တော်တော်လွန်သွားပြီ။ ကျွန်တော်..ကျွန်တော် အများပြည်သူရှေ့မှာ အစော်ကားခံရပါတယ်..။”

“ငါလည်း အများပြည်သူရှေ့မှာ အစော်ကားခံရတယ်ဟေ့…။”

ရင်ဘတ်မှာ ဆုတံဆိပ်ပေါင်း နှစ်ဆယ့်ခုနစ်ခုလောက် တပ်ထားတဲ့ လူကြီးတစ်ယောက်က ထအော်တယ်။ အစောင့်တွေကလည်း

ဘယ်ရမလဲ။ သူတို့လည်း ထအော်တာပဲ။

“ကျုပ်တို့လည်း အစော်ကားခံရပါတယ်။ တရားစီရင်ပိုင်ခွင့် ရှိရပါမယ်..။”

ကိုင်း ဇယားတွေကရှုပ်လာပြီ။ ကျုပ်ကောင်တွေ တိုင်ပတ်နေပြီဆိုတော့ ကျုပ်ဝင်ကူမှ ရတော့မယ်။ ကျုပ်လည်း အခေါင်းထဲက

ဝုန်းဆို ခုန်ထပြီး အသံကုန်ဟစ်ထည့်လိုက်တာပေါ့။

“ဒီမယ် လူကြီးမင်းများ…ကျုပ်ရဲ့ ဈာပနမှာ မလေးမစား ဝင်ရောက်စွက်ဖက်နေတဲ့ အတွက် ကျုပ်လည်း အစော်ကားခံရပါတယ်။”

သင်းအုပ်ဆရာက ထိတ်လန့်တကြားနဲ့ ကျုပ်ကိုကြည့်ပြီး –

“ဒါ…ဒါ… ခရစ်ယန် ဈာပန မဟုတ်ဘူးလား…။”

“မဟုတ်ဘူး…ဒါက Red Riders တွေနဲ့ ကျင်းပတဲ့ မော်ဒန်ဈာပန ကွ။”

About မောင်ဘလိုင်

has written 140 post in this Website..