⏩ ရွှေမြန်မာတို့ ခရီးသွားခြင်း ⏪

🔹 မြန်မာနိုင်ငံမှာ ခရီးသွားခြင်းအလေ့အထ အတော်လေး ထွန်းကားလာခဲ့ပါပြီ။ ဟိုးအရင်က မိသားစုတွေ၊ အိမ်နီးနားချင်းတွေစုပြီး သွားကြတဲ့ ဘုရားဖူးခရီးကနေ အလည်အပတ်ခရီး၊ အပန်းဖြေခရီး၊ တောင်တက်ခရီး၊ တောတွင်းလမ်းလျှောက်ခရီး၊ အပျော်စီးသင်္ဘောခရီး စသဖြင့် ပြည်တွင်းပြည်ပ ခရီးစဉ်မျိုးစုံကို သီးသန့်၊ အဖွဲ့လိုက် သွားကြတဲ့အထိ ခရီးသွားခြင်းအလေ့အထဟာ အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့ပါတယ်။

🔹 လက်ရှိခေတ်ရေစီးကြောင်းအရ မြန်မာတွေ ဘာလို့ခရီးသွားလဲဆိုရင် ဓာတ်ပုံရိုက်ချင်လို့ လို့ပဲ ဖြေရမယ်ထင်ပါရဲ့။ မြန်မာလူမျိုးတွေအများစုဟာ ငွေကုန်ကြေးကျခံပြီး ခရီးသွားလို့ တစ်နေရာရောက်ပြီဆိုရင် ရှုခင်းလှလှကို နောက်ခံထားပြီး ကိုယ့်ပုံကို ပုံစံအမျိုးမျိုးနဲ့ ဓာတ်ပုံရိုက်ကြမယ်။ ပြီးရင် Social Media တွေမှာ Check-in ဝင်မယ်၊ ဓာတ်ပုံတင်မယ်။ ပြီးရင် နောက်တစ်နေရာကို ဆက်သွားကြမယ်။ ဒါနဲ့ပဲ ခရီးစဉ်တွေ ပြီးဆုံးသွားကြတာ များပါတယ်။

🔹 ငွေကုန်ကြေးကျခံပြီး ခရီးကပြန်လာရင် ဖုန်းထဲ (သို့မဟုတ်) ကင်မရာထဲမှာ ပုံလှလှလေးတွေ ပါလာတာကလွဲပြီး အဲဒီနေရာအကြောင်း၊ သမိုင်းကြောင်း၊ လူနေမှုအကြောင်း၊ မတူကွဲပြားမှုတွေအကြောင်း၊ အသစ်အဆန်းတွေအကြောင်း ဘာဆိုဘာမှ ပြန်ပြောတာမရှိကြပါဘူး။ ရှင်းပြမယ့်သူရှိရင်တောင် နားမထောင်ဘဲ ဓာတ်ပုံရိုက်ဖို့ပဲ အချိန်ပေးချင်ကြတာပါ။ ပိုပြီးနှမြောဖို့ကောင်းတာက အရမ်းလှတဲ့ရှုခင်းတွေကိုတောင် မျက်စိနဲ့ မခံစားဘဲ live လွှင့်ဖို့၊ ဓာတ်ပုံရိုက်ဖို့တွေအတွက် screen ကတစ်ဆင့် ကြည့်နေကြတာပဲ ဖြစ်ပါတယ်။

🔹 ခရီးသွားတယ်ဆိုတာ ဘုရားပေါင်းများစွာမှာ ဘုရားရှိခိုးပြီး ပြန်ထွက်လာတာထက် ပိုပါတယ်။ ရှုခင်းတစ်ခု၊ အဆောက်အအုံတစ်ခုကို နောက်ခံထားပြီး ဓာတ်ပုံရိုက်တာထက် ပိုပါတယ်။ ကိုယ်မရောက်ဖူးတဲ့ဒေသကို ရောက်လာတဲ့အခါ၊ ရောက်ဖူးပြီးရင်တောင် နောက်တစ်ကြိမ်ပြန်ရောက်လာတဲ့အခါ ကိုယ်နေထိုင်ရာနဲ့ မတူညီတဲ့ နေထိုင်မှုတွေ၊ ရိုးရာဓလေ့တွေ၊ ရှင်သန်နေထိုင်ကြပုံတွေ၊ အတုယူစရာကောင်းတာတွေ၊ ရှောင်ကျဉ်သင့်တာတွေကို လေ့လာပါ။ လှပတဲ့ ပတ်ဝန်ကျင်သဘာဝရှုခင်းကို ပကတိမျက်စိနဲ့ ခံစားပါ။ ဒေသခံတွေလို နေထိုင်ပါ။

✔️ Travelling is to escape from daily life.
✔️ Travelling is for learning.

🔹 နေ့စဉ်ဘဝထဲက ခဏတာထွက်လာတဲ့အချိန်မှာ မတူညီတာတွေကို လေ့လာခံစားရင်း အကျိုးရှိရှိ ခရီးသွားကြရအောင်။

About လုံမလေးမွန်မွန်

has written 169 post in this Website..

ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ရဲ့မေတ္တာတရားကို ပြသဖို့ ၀န်မလေးပါနဲ့... ဘ၀ဆိုတာ တိုတိုလေးရယ်ပါ... .... CJ # 11202010