“ဘောင်ကျော်သွားသော ချစ်ခြင်း၏ အဆုံးသတ်“

 

ကိုကြီးရင်ထဲမှာ မီးလောင်နေတယ်။ ရည်းစားလူလု အူနုကျွဲခတ်တယ်လို့ပြောရအောင်လည်း စံပယ်လေးက သူ့ရည်းစား မဟုတ်။ မဟုတ်ဆို ကိုကြီးကရော ဘာစကားလုံးကိုမှ သေသေချာချာရော မသေမချာ လုံးဝဥသုန်မပြောရေးချ မပြောရသေးဘူးလေ။ အရိပ်တကြည့်ကြည် ့ကြည်တယ်ဆိုတာ ကိုကြီးလိုလူကိုပြောတာ။ ကိုယ့်ခြံထဲကကြက် ဘယ်အချိန်ရိုက်သတ်စားစားဆိုပေမယ့် မျက်စိကလေးတစ်ချက်လစ်တာနဲ့ပဲ ဟိုဘက်ခြံက ကြက်ဖကြီးနောက် ကောက်ကောက်ပါအောင် လိုက်ပါသွားတာ။ ကောင်းလား။မတို့ရက်မထိရက် မပြောရက် မဆိုရက်နဲ့ ပန်းလေးတစ်ပွင့်လို အရိပ်တကြည့်ကြည့် ပြုစုယုယခဲ့ရတာတွေဟာ အလကား။ ခုတော့ အလကား။

ကိုကြီးမှတ်မိသေးတယ်။ စံပယ်လေး ကိုကြီးတို့အိမ်ကို ရောက်လာတဲ့ရက်ကို ဒိုင်ယာရီစာအုပ်လေးထဲမှာ အမှတ်တရအဖြစ်ရေးမှတ်ထားသေးတယ်။ ရောက်စက မျက်စိသူငယ် နားသူငယ်နဲ့ကောင်မလေးဟာ မြို့ကြီးမှာ အနေကြာရင်း တသွေးတမွှေးလှလာလိုက်တာ ကိုကြီးမျက်စိရှေ့တင်ပဲ။ မျက်လုံးလေးဝိုင်းဝိုင်း၊ နုတ်ခမ်းလေးဖူးဖူးနဲ့ ကော်ပတ်ရုပ်လေးလိုလှတဲ့ စံပယ်အပေါ် တစ်ဖက်သတ် စိတ်အတွေးနဲ့ စိတ်ကူးတွေနယ်ကျွံမိတာ ကိုကြီးမလွန်ပါဘူး။ အသက် ဆယ်နှစ်နီးပါးကွာတယ်ဆိုပြီး အနေနီးအောင် မကြံစည်ခဲ့မိလေသမျှက ခုတော့ ခဲလေသမျှ သဲရေကျရတဲ့အတိုင်း။ ရင်ဘတ်တွင်းက ကလိကလိနဲ့ ကုတ်ခြစ်နေတဲ့ဝေဒနာဟာ ခုချိန်မှာ ဆရာဝန်ပြရင်တောင် ဆရာဝန်က ရောဂါနာမည်ကို တပ်ရခက်ခဲလိမ့်မယ်။

စံပယ်လေး ငယ်ငယ်လေးကတည်းက ပြုစုယုယခဲ့သမျှဟာ အဖေအမေဆုံးပါးသွားတဲ့ ကောင်မလေးတစ်ယောက်မို့ မောင်နှမသံယောဇဉ်နဲ့ အစက ရိုးသားခဲ့ပါတယ်။ သီချင်းတစ်ပုဒ်ထဲကလို အစကရိုးရိုး နောက်တော့ တစ်မျိုးတိုးလို့ ဆိုသလို ကိုကြီးလည်း စိတ်ရိုင်းတွေဝင် အချစ်ဆိုတာကို ကြီးကောင်ကြီးမားရောက်ခါမှာ နဖူးတွေ့ ဒူးတွေ့တွေ့ရတော့မပေါ့။ ကလေးကို မုန့်ပေးကြိုက်တယ်ဆိုတာ အစက စာတွေထဲမှာ ၊ ဇာတ်တွေထဲမှာပဲပြောကြတယ်ထင်တာ။ ဘာပဲဖြစ်ဖြစ် ပေးကြိုက်သင့်ရင် ကြိုက်ရမှာပေါ့။ စံပယ်လေးကတော့ ဘာကိုမှ မသိတာလား။ ရူးချင်ယောင်ဆောင်တာလား သေချာတော့မသိပေမယ့် ကိုကြီးရဲ့ အတွင်းစိတ်သဏ္ဍာန်ကို နည်းနည်းလေးမှတောင်မရိပ်မိဘူး။

ရင်ဘတ်ထဲမှာ လိုင်းတွေပုတ် ၊ မုန်တိုင်းတွေဝင်၊ လေတွေကြမ်းနေချိန်မှာ စံပယ်လေးက စာတွေပဲ သည်းသည်းမည်းမည်းကျက် ဆရာဝန်ဖြစ်ဖို့အရေး မနှေးမကွေးကြိုးစားနေတယ်။ ကိုကြီးရင်ထဲမှာ အချစ်ရဲ့နှိပ်စက်ခြင်းဒဏ်ကို အလူးအလဲ အပြဲအကွဲတွေ ရင်ဆိုင်ခံစားနေရတာ ဘယ်သူမှမသိဘူး။ ကိုကြီးက စံပယ်လေးနဲ့ပတ်သတ်ရင် ဘယ်အရာမှကောင်းသည်ဆိုးသည်ဆိုတာကို ကောင်းကောင်းဝေဖန်မပိုင်းခြားနိုင်တော့ တစ်ခါတစ်ခါ အလွဲတွေဖြစ်တာ စံပယ်လေးက စိတ်ဆိုးတယ်။

တဏှာမျက်လုံးနဲ့ကြည်တာမဟုတ်ပေမယ့်လို့ အကြည့်ရိုင်းတယ်လို့ စံပယ်လေးကထင်ချင်ထင်လိမ့်မယ်။ အဲဒီနေ့က ကိုကြီးတစ်ယောက်တည်း အိမ်မှာရှိနေသလို စံပယ်လေးကလည်း အိမ်မှာ အားနေတဲ့ရက်ပေါ့။ စိတ်လိုကိုယ်လွတ်ဆိုသလို စံပယ်လေးရဲ့ အလှအပတွေကို တစိမ့်စိမ့်ကြည့်လိုက်တာ ဖိုးကာ သီချင်းကို နုတ်က ရွတ်ဆိုရတဲ့အထိဆိုပါတော့။ စံပယ်လေးက ကိုကြီးကြည့်နေတာကို သိပေမယ့် ဘာမှပြန်မပြောတာဟာ ကိုကြီး သိက္ခာကိုပဲ ဆယ်ချင်လို့လား။ ဒါမှမဟုတ် တကယ်ပဲ မသိတာလား။

စံပယ်လေးလိုသမျှ ကိုကြီးက လိုက်လျောမှုတွေဟာ စေတနာအဖြူသက်သက်ဆိုတာ ရင်ဘတ်ကြီး စည်တီးသလို တီးပြီးပြောပြလိုက်ချင်တာ။ ပါးစပ်တွေက ယား။ ကုတ်ချင်လိုက်တာလဲမပြောပါနဲ့တော့။ ကိုကြီးရဲ့ အသက်အရွယ်နဲ့ ချစ်စကားကြိုက်စကားကို ကိုယ်တိုင်လည်းမပြောရဲ။ မေမေ၊ဖေဖေတို့ကနေပြောခိုင်းပြန်ရင်လည်း မရဲ။

(2)

ချစ်တယ်ဆိုတဲ့စကားကို ပြောဖို့ရာ ဝတ္ထုတွေဖတ်၊ ဇာတ်ကားတွေကြည့် တစ်ယောက်တည်း အခန်းထဲ ကျိတ်ကျိတ်ပြီးကျင့် ကြာရင် အနုပညာလောကထဲဝင်ပြီး မင်းသားတောင်လုပ်စားလို့ရတော့မယ်။ချစ်မယ့် ချစ်တတ်တော့လည်း ရင်ဘတ်ထဲ ကြွက်ဝင်ဆော့သလို ကျိကျိ။ ဝုန်းဒိုင်းကျဲနေတဲ့ရင်ကို ဓါးတစ်လက်နဲ့ ခွဲပါဆိုရင် ခုချိန်တွေ့ရမယ့်အရာဟာ နီးဆွေးနေတဲ့ နှလုံးသားတစ်စုံရယ်ပေါ့။ အပိုလုပ်ပြောတယ်လို့ ကိုကြီးရဲ့ သူငယ်ချင်းတွေကပြောတဲ့အခါ ဖြေရှင်းစရာစကားတစ်ခွန်းက သိပ်ချစ်မိသွားလို့ပါပေါ့။ တကယ်တမ်းပြောတော့မယ်ဆိုရင် လည်ချောင်းဝ တစ်ဆို့နေပြီး ငါးရိုးပဲ စူးသလိုလို၊ လည်မြိုပဲ နင်နေသလိုလို။

စံပယ်လေးက ကိုကြီးကို အသက်သုံးဆယ်ငါးကျော် လေးဆယ်ထဲရောက်နေတဲ့ လူပျိုကြီးတစ်ယောက်လို့မြင်နေတော့ မခက်သားလား။ စံပယ်လေးရဲ့ရှေ့မှာ ဇီဇာကြောင်အတွေးတွေ လောကအပေါ်ရှုမြင်ပုံတွေဟာ အများနဲ့မတူ ကွဲပြားဆန့်ကျင်အောင်ပြောခဲ့သမျှဟာ ကိုကြီးအပေါ် အမှတ်လျှော့စေမယ့် အပြုအမူတွေတဲ့လား။အိမ်ဖော်ကောင်မလေးတွေကို တွေ့ကရာလျှောက်ပြော မမြင်သမျှပြောတတ်တာတွေဟာ လူပျိုကြီးတစ်ယောက်အတွက် မဟုတ်တာကို ဇာချဲ့ပြောတယ်လို့မလားဆိုမလား။ စံပယ်လေးကိုလည်း မြန်မာမိန်းကလေးပီပီ မြန်မာလို ယဉ်ယဉ်ကျေးကျေးမြင်ချင်တာ ကိုကြီးရဲ့ ဆန္ဒပါ.။ တစ်ခါက စံပယ်လေး ခုခေတ်ပေးနေတဲ့ ဂျင်းဘောင်းဘီဖင်ကျပ်ကလေးဝတ်ထားတာမြင်ရတော့ အမှန်ပြောရရင် ကိုကြီးအော်ဂလီလည်း ဆန်ရဲ့။ မျက်လုံးတွေလည်းပြူးရဲ့။ မကြိုက်တာကို မကြိုက်ဘူးလို့ပြောတတ်တဲ့အကျင့်တွေကြောင့် စံပယ်လေး ကိုကြီးအပေါ်ကို တဖြည်းဖြည်းချင်း ရွံမုန်းကြီးဖြစ်လာတာ မရိပ်မိခဲ့ပါဘူး။ ကိုကြီးက “အိမ်မှာရှိတဲ့ မိန်းကလေးတွေ ဘယ်ဘောင်းဘီမှ မဝတ်ရ“လို့ အမိန့်ထုတ်လိုက်တော့ စံပယ်လေးက စိတ်ဆိုးတယ်။ အဲဒီကောက်ချိတ်နေတဲ့မျက်နှာလေးကို ကြည့်လို့မဝလွန်းလို့ မချော့ပဲ တစ်ပတ်လောက်ပစ်ထားမိတာဟာ မဟာ အမှား။ ကိုကြီးရဲ့ မဟာအမှား။

ကိုကြီးကိုယ်တိုင်လည်း လူပျိုကြီးပီပီ နေရာတကာကို စေ့စေ့စပ်စပ်ကြည့်၊မျက်လုံးထဲဝင်လာသမျှကို ပြောချင်နေတတ်တာ အကျင့်တစ်ခုလိုဖြစ်လာတာ သိတယ်။ မိန်းကလေးဖြစ်ပြီး ဟီးဟီးဟားဟားနေ၊ စကားကို စွာကျယ် စွာကျယ်ပြောတာ ကိုကြီးမုန်းတယ်။ စံပယ်လေးက ဆရာဝန်လောင်းဖြစ်ပြီး အိမ်ဖော်မိန်းကလေးတွေနဲ့ လက်ရည်တပြင်တည်း နေတာကို ကိုကြီးမကြိုက်ဘူး။ အလှအပအကြောင်းတွေ၊ ကိုရီးယားဇာတ်လမ်းအကြောင်းတွေကို ပြောကြဆိုကြတာ အရည်မရ အဖတ်မရ စံပယ်လေး ပညာတတ်ပီပီ မသိဘူးလား။ အဆိုးဆုံးက ကိုကြီးနားနဲ့ ဆက်ဆက်ကြားလိုက်ရတဲ့စကားကို မကြိုက်ဆုံးပဲ။ အဲဒါဘာလဲဆို ဆန့်ကျင်ဘက်ယောကျာ်းလေးတွေအပေါ် ကောက်ချက်ချ လင်ယူရန် စံမံကိန်းချနေကြတာပေါ့။

ကိုကြီး စိတ်ဆိုးဆိုးနဲ့ အိမ်က အိမ်ဖော်ကောင်မလေးတွေကို ဆူတော့ စံပယ်လေးကို ကိုကြီးကို စကားတစ်ခွန်းဝင်ပြောတယ်။

“နေရာတကာ ကိုကြီးလိုက်လိုက်မပြောပါနဲ့ စံပယ်တို့က ကိုယ့် ကိုယ်ပိုင်လွတ်လပ်တဲ့အချိန်လေးမှာ စကားကို လွတ်လွတ်လပ်လပ်မပြောရတော့ဘူးတဲ့လား ဘယ်အကြောင်းကိုတော့ပြော ဘယ်အကြောင်းကိုတော့ဖြင့်မပြောနဲ့ ဆိုတာ စံပယ်တို့ရဲ့ လွတ်လပ်ခွင့်ကို ကိုကြီး ထိပါးတာပဲ မိန်းကလေးပဲ ပြောမှာပေါ့ စကားပြောတာအပြစ်တစ်ခုလား ကိုကြီးတို့ယောက်ျားလေးတွေတောင် အချင်းချင်းတွေ့ရင် မိန်းမတွေအကြောင်းကို အားမနာလျှာမကျိုူးပြောသေးတာ စံပယ်တို့က ယောကျာ်းလေးအကြောင်းပြောတာ အပြစ်လား ကိုကြီးမတရားဘူး “တဲ့။

ကိုကြီးကို ဒီလိုပြန်ပြောလိမ့်မယ်မထင်မိဘူး စံပယ်။ ပြောမယ့်ပြောတော့လည်း ခရားရေလွှတ်သလို တရစပ်ဆိုတော့ ကိုကြီးပါးစပ်အဟောင်းသားဖြစ်သွားတယ်။ ယင်ကောင်တောင် ဥ မဝင်ဥရုံတမယ်လို့ပြောရင်တောင်ရတယ်။တကယ်လေ။

(3)

တကယ်ပေါ့။ အဲဒီည အိပ်မပျော်တာ တစ်ညလုံး။ အုံးကြွက်ကြွက်ဆူခဲ့ရတာပေါ့။ အိပ်မရတာ ဘာ့ကြောင့်မှန်းမသိပေမယ် တော်သလင်းညက ဆူညံတာတော့သေချာတယ်။ တူစုံတွဲပျော်မြူးနေကြမယ့် ဟောင်ကောင်တွေကိုပဲ အားကျရမလိုလို။ ခေါင်းတွေကိုခါရင် ကိုကြီးစဥ်းစားမိတယ်။ ပြူတစ် ပြူတစ်လုပ်နေတဲ့ နှလုံးသားကို အချိန်ပေးပြီး ဖြစ်သင့်ရဲ့လားလို့ပေါ့။ အဲဒီနောက်တော့ စံပယ်လေး ကိုကြီးကိုရှောင်ဖယ် ရှောင်ဖယ်လုပ်နေခဲ့တာ ကိုကြီးရိပ်မိတာပေါ့။

ကိုကြီးကလည်း ကိုကြီးပါပဲလေ။ အလိုက်ကမ်းဆိုးမသိစွာပဲ နောက်ထပ်အမှားတွေကို ထပ်ခါထပ်ခါ မှားမိတာ  ကိုကြီးရဲ့ မြားနတ်မောင်ကပဲ ကစားလွန်းလို့လား။ ဆတ်ဆော့လွန်းတာလား။

ကိုကြီးရင်ထဲက အငြောင့်ပေါက်နေတဲ့ အချစ်ပင်ကလေးကို စံပယ်လေး ရေလောင်းမှ ရှင်သန်မှာဆိုတာလည်း ပိုပိုသိလာရတယ်။ အသည်းကိုမြန်မြန်ခွဲ နှစ်လုံးကို ယူစေ့ချင်တယ်။ အဲ နှလုံးသားကို ယူစေချင်တယ် စံပယ်။ ကိုကြီးက ခပ်တည်တည်နေပြီး လူတိုင်းနဲ့ ဆန့်ကျင်ဖတ်ဖြစ်အောင်နေတယ်ဆိုတာ နေချင်လွန်းလို့နေတာမဟုတ်ပါဘူး။ ဟောဒီအိမ်ကြီးရဲ့ အရှင်သခင်ဖြစ်တဲ့၊ မိဘလက်ရင်း ဆောက်လုပ်ရေးကုမ္ပဏီကြီးကိုလက်ခံထားတဲ့ ကိုကြီးအတွက် မှင်မောင်းကောင်းကောင်းနေတတ်ရမယ် မဟုတ်လား။ မျက်နှာကို ဆယ့်နှစ်ခေါက်ချိုးပြီး လငပုတ်ဖမ်းထားတဲ့ မျက်နှာမည်းကြီးလို့ စံပယ်က ပြောတယ်နော်။ ဟုတ်ပါတယ်။ ကိုကြီး မျက်နှာမှာ အပြုံးအရယ်ကင်းမဲ့နေတတ်တာ ကြာပြီလေ။ စံပယ်လေးနဲ့ပတ်သက်ပြီး တွေးရတောရလွန်းလို့ ဆံပင်တောင် တစ်ပင်စ နှစ်ပင်စ ဖြူလာပြီလေ။ အသက်အရွယ်ကြီးလာတာလို့တော့မပြောနဲ့ပေါ့ ။

တမင်တကာ နုပျိုအောင်လို့နေတယ်မဟုတ်ပေမယ့်လို့ စံပယ်လေးနဲ့ပတ်သက်လာရင် ကိုကြီး ငယ်ရွယ်သွားချင်တာ တကယ်ပါ။ အချစ်ဆိုတာကို ဘီယာကောင်းကောင်းတစ်ခွက်နဲ့မြည်းလိုက်ရတဲ့ ငါးကင်လို့ ကိုကြီးကတော့မြင်တယ်။ ချိုမယ်၊ မွှေးမယ်၊ချဉ်မယ်၊ငန်မယ်။ ဒါမှမဟုတ် အချဉ်ရည်လို့လည်းမြင်တယ်။ စပ်မယ်၊ချဉ်မယ်၊ချိုမယ်။ စံပယ်လေး မျက်လုံးထဲမှာ ကိုကြီးက ထော်လော်ကန့်လန့်နိုင်ချင်နိုင်နေမယ်။ ကိုကြီးရဲ့ အဘိုးကြီးတစ်ယောက်လို့၊ အဘွားကြီးတစ်ယောက်လို့ ပစိပစပ်များမှုတွေဟာ စံပယ်ကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်ဆိုတာ ကိုကြီး မသိပါဘူး။ ပိန်းရွက်ပေါ်ရေတင်သလိုမျိုး မစိုခဲ့တဲ့ရင်ဟာ ခုတော့ စက္ကူပေါ်ရေကျသလိုဖြစ်ခဲ့ရတာ အချစ်ဆိုတဲ့ အက်ဆစ်ပြင်းပြင်းကြောင့်များလား။

ဖွင့်မပြောရဲတဲ့ နုတ်ဟာ အာစေးတွေပဲ မိနေသလိုလို။ ပြောမယ်လို့ချိန်လိုက်တိုင်း မျက်စောင်း ခက်ပြင်းပြင်းထိုးတတ်လာတဲ့ စံပယ်လေးကြောင့် နောက်တွန့်နေခဲ့ရတယ်။ ကိုကြီးကို စံပယ်လေး ဆက်ဆံပုံပြောင်းလာတာတွေကို သတိထားမိလာပေမယ့် ကိုကြီးရဲ့အကျင့်တွေကို မြင်မရခဲ့ဘူး။ စကားပြောမတတ်တာ၊ စကားပြောရင် တုတ်ထိုးအိုးပေါက်ပြောတတ်တာ၊ အသံမာလွန်းတာတွေဟာ ကိုကြီး မသိလိုက်ပါပဲ ပြုမှုမိသွားတဲ့အကျင့်တွေပါလို့ ကျိန်ပြီးပြောဆိုလည်း ပြောချင်ရဲ့။ လူမှုရေးနားမလည်ဘူးလို့ စံပယ်လေးက ကိုကြီးကိုဆိုပြန်တယ်နော်။ ဟိုတစ်ခါ  စံပယ်လေးတို့ တရားသွားနာချင်ပါတယ်ပြောတော့ ညကြီးမိုးချုပ် စိတ်မချတာမို့ မလွတ်လိုက်မိတာကို ခုချိန်ထိ အခဲကျေပုံမရဘူး။

“ အသက်ကဖြင့် လေးဆယ်နားနီးနေပြီ ခုချိန်ထိ ဘုရားရော တရားရော သိပုံ ရပုံ မပေါ်ဘူး တရားသွားနာတာပဲ လင်ရှာသွားတာမှမဟုတ်တာ၊ ခုမိုးချုပ်လည်း ဘာဖြစ်လဲ ကိုယ့်အိမ်က ကားနဲ့ ကိုယ်သွားတာ ၊ ဘာဖြစ်သေးလဲ မသကာ ကားဘီးပေါက်ရင်တောင် အချိန်မရွေးလဲလို့ပြုလို့ရတဲ့ နေရာတွေအများကြီး ဖုန်းလေးဆက်လိုက်ရင်ပဲ

(4)

အူယားဖားယားပြေးလာကြမှာ ကိုကြီးက စံပယ် ကားသုံးတာကို မကြိုက်ဘူးလား မေကြီး ဖေကြီးတို့ကိုပြောဦးမှာပါ စံပယ်ဆိုရင် ကိုကြီးက သိပ်နှိမ်တာပဲ မွေးစားသမီးဆိုပြီးတော့ပေါ့လေ “

စသဖြင့် ပြောသွားလိုက်တာ အဆုံးကျတော့ မျက်ရည်တွေ ဘူးသီးလုံးလောက်ကျသွားလိုက်တာ ဆည်ကျိုးသလို  ဒလဟော။ အဲဒါတွေကြောင့်ပြောတာပေါ့။ ကိုကြီးက အပြောမတတ်ပါဘူးဆို။

တစ်ခါကလည်း သင်္ကြန်ရက်ကြီးမှာ ကိုကြီးက စံပယ်လေးကို ပေးမလည်ချင်ဘူးလေ။ ခုခေတ်သင်္ကြန်က ဟိုးတုန်းကလို မြန်မာ့ရိုးရာသင်္ကြန်စစ်စစ်ကို မခံစားရတော့ဘူးမလား။ မူးလိုက် ရူးလိုက်ကြတာ အတုန်းအရုန်း။ တိုက်လိုက်ကြ။သေလိုက်ကြ။ ရဲစခန်းရောက်လိုက်ကြ။ ကောင်လေးတွေက ဆိုးဆိုး။ ကောင်မလေးတွေက ဆိုးဆိုးနဲ့ တစ်ခုခုဖြစ်သွားတာကို စိုးရိမ်မိတာ မှားလား။ ကိုကြီး မှားလား။ သင်္ကြန်ကို ပေးမလည်ဘူးလို့ပြောလိုက်တော့ ကိုကြီးကိုကြည့်တဲ့ စံပယ်လေးရဲ့အကြည့်တွေကို ကိုကြီးကြောက်လိုက်တာလေ။ စူးစူးရဲ့ရဲ့နဲ့ ပြာကျလောက်အောင် ဝါးမြိုတော့မယ် မီးတောက်ကြီးလို့ ပူလောင်နေလိုက်တာ.။ ကိုကြီးကလည်း ဘူးဆိုရင် ဖရုံမသီးတတ်သူမို့ ကိုယ်ပြောချင်တာ ပြောပြီး နောက်လှည့်မကြည့်ပဲ ထွက်သွားလိုက်တယ်။ ဖြစ်ချင်တော့ အလုပ်ကိစ္စနဲ့ အခါကြီးရက်ကြီးမှာ နားချိန်မရလောက်အောင် အောင်မြင်လွန်းနေတဲ့ ကိုကြီးရဲ့ စီးပွားရေးကလည်း  နှောင့်ယှက်တယ်။ မှတ်မှတ်ရရ သင်္ကြန် အတက်နေ့ပေါ့။ ကိုကြီးလည်းမရှိရော ကြောင်မရှိတော့ ကြွက်ဆူဆိုတဲ့ စကားအတိုင်း စံပယ်နဲ့ စံပယ်သူငယ်ချင်းတွေ၊ အိမ်ဖော်မိန်းကလေးတွေ၊ သူငယ်ချင်းယောကျာ်းလေးတွေဟာ ရေပက်ခံကားကြီးပေါ်မှာ သောင်းကျန်းချင်တိုင်း သောင်းကျန်းနေတာကို မြို့လည် မဏ္ဍုပ်တစ်ခုမှာ ကားချင်းကပ်လျှက်တွေ့လိုက်ရတယ်။စံပယ်လေးကလည်း ကိုကြီးကိုမြင်ပါတယ်။ ဒါပေမယ့် စံပယ်လေးရဲ့ အဲဒီအချိန်မှာ ကိုကြီးအပေါ် တုန့်ပြန်လိုက်မှုဟာ အရမ်း..တာ သွားတယ်ဆိုတာမသိဘူးလား။ မသိလိုက်ဘူးလား စံပယ်။

ရုတ်တရက်ဆိုသလို ဘေးနားက ကောင်လေးတစ်ယောက်ရဲ့ရင်ခွင်ထဲကို စွတ်ခနဲဝင်ခေါင်းငုံ့လိုက်တာဟာ ရွဲ့ချင်တာ ဖြစ်ပါစေလို့ စိတ်ထဲ ဆုတောင်းလိုက်မိသေးတယ်။ ဆုတောင်းတယ်ဆိုတာ အဲဒီအချိန်မှ ကိုကြီး ဘဝမှာ ပထမဆုံး ဆုတောင်းဖူးတာပါ။ မိမွှေးတိုင်း ဖမွှေးတိုင်း အရွယ်ကနေ၊ ဖွံ့ဖွံ့ထွားထွား လူ့မင်းသားဖြစ်လာတဲ့အချိန်ထိ ဘုရားမှာ ဘာရရပါလို၏ ၊ ညာရရပါလို၏လို့ ဆုမတောင်းဖူးသေးဘူး။ ခုတော့ ဆုတောင်းချင်အလည့်အထမရှိပါပဲ ဆုတောင်းလိုက်တာဟာ ကိုကြီးရင်ထဲ အစစ်တွေချည်းခံစားနေရလို့ပါ။ ဆုတောင်းမမှားချင်ပါဘူး။ ဒါပေမယ့် ကိုကြီး ဆုတောင်းမပြည့်ပါဘူး။ ကံကြမ္မာရက်စက်မှုများ က ရင်ဘတ်ကို လှိုင်းကြီးပုတ်တယ်ကွာ။ ရင်ဘတ်ကိုလာဆောင့်တဲ့ လှိုင်းလုံးဟာ အငြိုးမုန်တိုင်းရဲ့  စနက်တော့မဟုတ်ဘူးမလား။

အဲဒီနောက်တော့ ကိုကြီးကတစ်ခွန်းဆို စံပယ်ကနှစ်ခွန်းနဲ့ တစ်ရက်ရဲ့ 24နာရီမှာ 23နာရီလောက်က ရန်စကားတွေချည်းဖြစ်နေတော့တာ။ကိုကြီးရဲ့ အပြောဆိုရင် တစ်ခွန်းမှ ငုံ့မခံဘူးလို့ သိန္ဒဌာန်ချထားသူပီပီ ဆန့်ကျင်ဘက်တွေချည်းပြောပြောနေတာကို ကိုကြီး သိတာပေါ့။ ကိုကြီးရဲ့ ပန်းဥယျာဉ်ထဲက ပန်းတစ်ပွင့်ဟာ အများတကာ ဆွတ်ချူချင်နေတာကို သိနေပြီး အဝေးကရန်သူကိုသာမည်းနေတဲ့ ကိုကြီးဟာ ခုတော့ အချစ်မှာ စစ်ရှုံးပြီ။ အိမ်ဘေးက စိန်ပွဲစား ဒေါ်မြင့်မြင့်ခင်ရွှေရဲ့ သား ငနွားနဲ့ ရည်ငံ့နေတယ်ကြားတော့ နားဝ သံရည်ပူလောင်း၊ အက်ဆစ်ထည့်၊ ဆားခပ်၊ သံပုရာရည်ညစ်လိုက်သလို ပူတာရော ၊ စပ်တာရော၊ ဝေဒနာတွေ စုံသွားတယ်။ ခံပြင်းတယ်။ သိတယ်မလား။ ကြားဖူးမပေါ့။ အချစ်နဲ့စစ်မှာ မတရားတာမရှိဆိုတဲ့အတိုင်း ကိုကြီးရင် ကို စစ်ခင်းဖို့အကြောင်းဖန်လာတယ်။ နည်းဗျူဟာဆိုတာ ခင်းတတ်ရင် အလွယ်လေးပါ။ ပြိုင်ပွဲတိုင်းမှာ အနိုင်အရှုံးဟာ မဲခွဲသလို အညီအမျှခွဲလို့ရတာမဟုတ်ဘူး။

 

(5)

ကိုယ်ရည်ကိုယ်သွေးကောင်းကောင်းနဲ့ ကိုယ့်ရဲ့ ပညာတွေ၊ အထာတွေကို နည်းစနစ်ကောင်းကောင်း အသုံးတော်ချပါမှ၊ တစ်ဖက်သားရဲ့ အားနည်းချက်၊ ဟာကွက်တွေကို သိပါမှ အောင်မြင်ခြင်းက လက်တစ်ကမ်းကိုရောက်လာမှာ။ ကိုကြီး ကံကောင်းတာ တစ်ချက်ရှိတယ်။ အဲဒါဘာလဲဆို မေမေနဲ့ဖေဖေက ကိုကြီးရဲ့ သွေးသားရင်းချာ ဘက်တော်သားတွေမို့လေ။

“ကိုကြီး အကြံပက်စက်လှချည်လား ကိုကြီးက စံပယ့်ရဲ့ အညာကိုကိုင်လိုက်တာပေါ့လေ။ စံပယ်ဟာ မွေးစားသမီးဆိုတဲ့အသိနဲ့ကျေးဇူးရှင် မေမေနဲ့ဖေဖေကို ဘယ်လိုပုံစံမျိုးနဲ့ ငြင်းဝံ့ ငြင်းရက်မှာလဲ ကိုကြီး စံပယ်ကို မေတ္တာရှိကြောင်းဘာလို့ ခုချိန်ကျမှလာပြောရတာလဲ အသိပေးရတာလဲ။ ခု မင်းသက်ကျော်နဲ့ ချစ်နေ ကြိုက်နေကြမှန်းသိလို့ ကိုကြီး  တမင်သက်သက် ကလိမ်ကျတာ ၊ မနာလိုတာ၊ သူများချစ်ခြင်းခွဲတာ။ ကိုကြီး တစ်ချိန်ကျရင် ဝဋ်လည်ပါစေ၊“စတဲ့ စကားတွေကိုကြားနေရပေမယ့် ကိုကြီးရင်ထဲမှာ ပျော်နေသလိုပါပဲလေ။

မေမေနဲ့ဖေဖေနားကို အပူကပ်ပြော။ ပိုင်ပြီးသားအညာှကိုကိုင်ပြီး  အနိုင်နဲ့ပိုင်းတယ်လို့ စံပယ်လေးကထင်တယ်။ ဟုတ်တယ်။ မှန်တယ် စံပယ်။ဒါပေမယ့် စံပယ်လေးရယ်။ ကိုကြီးရှုံးတ.ယ်။ လှလှကြီးရှုံးတ.ယ်။ ခွက်ထိုးခွက်လန်ရှုံးတ.ယ်။ပက်ပက်စက်စက်ရှုံးတယ်။ စံပယ်လေးရဲ့ ဆုံးဖြတ်ချက်က ကိုကြီး ရင်ဘတ်ကို ကလေးငယ.်တစ်ယောက်က ဆောင့်ကန်းပြီး သေးပန်းလိုက်သလို နာလည်းနာတယ် နံလည်းနံတယ်။ နုတ်ဆက်ထွက်ခွာခြင်းဆိုတာကို စကားလေးတစ်ခွန်းမပြောပဲ စားပွဲပေါ်က စာကလေးတစ်စောင်နဲ့ ချပြလိုက်တာ ရင်ကိုခွဲ ဆားပက်လိုက်သလို စပ်ဖျင်းဖျင်းရယ်။

“သို့

ကိုကြီး၊ မေမေနဲ့ဖေဖေ

စံပယ်နုတ်ဆက်ခဲ့ပါတယ်။ အမိုက်မ။ ကျေးဇူးကန်းတဲ့အမိုက်မ တစ်ယောက်ရယ်လို့ သက်မှတ်ချင် သတ်မှတ်လိုက်ပါ။ နှလုံးသားတစ်ခုကို အကျဉ်းချပြီး မချစ်မနှစ်သက်သောသူနဲ့မပေါင်းသင်းချင်လို့ ထွက်သွားရတာပါ။ မေမေ၊ဖေဖေ၊ ကိုကြီးတို့ရဲ့ကျေးဇူးတရားတွေကိုမအောင့်မေ့လို့၊မသိတတ်လို့မဟုတ်ပါဘူး။ ကိုကြီးကိုလည်း စံပယ် ငယ်ငယ်လေးကတည်းက အစ်ကိုရင်းတစ်ယောက်လို့ ရိုသေခဲ့ ချစ်ခဲ့တာပါ။ ဒီ့ထက်ပိုပြီးတော့ လင်ယောကျာ်းတစ်ယောက်အနေနဲ့ မပေါင်းသင်းချင်ပါဘူး။

ခုတော့ စံပယ် ချစ်နှစ်သက်တဲ့ မင်းသက်ကျော်နဲ့ ဘဝတစ်ခုကိုထူထောင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကိုကြီးကို သိစေချင်တာက အချစ်ဆိုတာကို ရယူပိုင်ဆိုင်ချင်တယ်ဆိုရင် ရိုးသားဖို့လိုတယ်ဆိုတာကိုပါ။ ဖြူစင်တဲ့မောင်နှမသံယောဇဉ်အောက်ကနေ ရုန်းမထွက်ချင်ပါနဲ့ ကိုကြီးရယ်။စံပယ်ကို မုန်းချင် မုန်းလိုက်လို့ရပါတယ်။ နာကြည်းချင် နားကြည်းလို့ရပါတယ်။ ကိုယ့်ခြံထဲက ကြက်ဆိုပေမယ့် ကြက်မှာလည်း ခြံပြင်ပကိုမြင်တတ်တဲ့ မျက်စိရှိတယ်ဆိုတာ ကိုကြီးမမေ့ပါနဲ့နော်။ ကိုကြီး၊မေမေ၊ဖေဖေတို့ ခွင့်လွတ်မယ့်အချိန်ကို စောင့်ပါမယ့်၊ စံပယ် စိတ်ရှည်ရှည်နဲ့စောင့်ပါမယ့်။ စံပယ့်မင်္ဂလာဆောင်ကြရင် ကိုကြီးကို ကန့်တော့ခွင့်ရချင်ပါတယ်…။

အမိုက်မ

ခွင့်လွတ်ချိန်ကို စောင့်နေတဲ့

စံပယ်“

(6)

စာကလေးတစ်စောင်ကိုဖတ်ပြီး ရင်နာနေရတာ ကိုကြီးပဲ ဟောဒီလောကကြီးမှာရှိမယ်ထင်ပါရဲ့။ ချစ်တယ်ဆိုတာကိုတောင် မပြောလိုက်ရဘူး။ ရယူပိုင်ဆိုင်ချင်တယ်ဆိုရင် ရိုးသားဖို့လိုတယ်တဲ့လား စံပယ်။

မှားတယ်။ ကိုကြီးမှားခဲ့တယ်။ ချစ်တာကိုပဲသိပြီး ချစ်ခြင်းရဲ့ ဆက်နွယ်မှုတွေကိုမသိတာ ကိုကြီးမှားတယ်။ ခြံပြင်ကိုလည်း မြင်တတ်တယ်။ ဟုတ်မှာပါ။ နောက်ဆုံးတော့ ကိုကြီးရင်ကွဲတာပဲ အဖတ်တင်တာပေါ့။ခုတော့ လေးဆယ်နားနီး လူပျိုကြီးတစ်ယောက်ဟာ အချစ်ကို မချဉ်းကပ်တတ်တာနဲ့ပဲ ပထမဆုံး အသည်းကွဲဇာတ်လမ်းလေးတစ်ပုဒ်ရလိုက်တယ်။ ရင်ဘတ်ထဲမှာ အပြည့်။ ကိုကြီးဆိုတဲ့ လူပျိုကြီး ခုတော့ ……မပိုင်ပဲ ခြင်ရိုက်မိလိုက်တာ ကိုယ့်နဖူးကိုယ်ပဲရိုက်မိတယ်……။

စားပွဲပေါ်မှာတော့ စံပယ်ပွင့်လေး ညိုးခြောက်လို့နေပြီ။ ဟုတ်တယ် ညိုးခြောက်လို့နေပြီ။

သော်ဇင်(လွိုင်ကော်)

16-March-2011

 

8 comments

  • bigbird

    March 16, 2011 at 2:02 pm

    ချစ်သောသူနဲ ့ကွေကွင်းရခြင်းသည်လည်း ဒုက္ခ၊ မချစ်မနှစ်သက်သောသူနဲ ့
    ပေါင်းသင်းရခြင်းသည်လည်းဒုက္ခ..အင်း..ဒုက္ခတွေချည်းပဲပါလားသော်ဇင်ရယ်။

  • Gong Zhu

    March 16, 2011 at 5:07 pm

    သိင်္ဃသူ့သမီး၏ ဆုတောင်း ရ ချက်က ဘာလဲ ၊ မိဖုရာဖွါးစောရဲ့ ငါ ဆုတောင်းကဘာလဲ … မေ့သွားလို့ သိရင်ပြန်ပြောပြပါဦး … ကိုငှက်ကြီးရေ

  • noob

    March 16, 2011 at 5:25 pm

    ကြိုက်သွားပြီ ကိုသော်ဇင်ရယ် (စာအရေးအသားကိုပြောတာ)

  • ဗမာပြည်သား

    September 11, 2011 at 9:54 pm

    ရီစရာပြောလိုက်မယ်…စိတ်တော့မဆိုးနဲ့ အဲ့ဒါမျိုးဆိုရင်
    ရွာထဲမှာသူငယ်ချင်းအချင်းချင်းဘယ်လိုပြောလဲသိလား
    ” သားပေါက်ကြီးရာအလောင်းပိုက်ဆွေးမနေစမ်းပါနဲ့ “

  • မီးမီး သော်

    September 11, 2011 at 11:06 pm

    အမလေးနော်. လူပျိုကြီးအဖြစ်ကလဲ မလွယ်ပါလားနော်….သနားပါတယ်။တကယ်ပါ အရေးအသားက အားကျပါတယ်

  • thit min

    September 12, 2011 at 2:11 am

    ကိုယ်အိပ်ထဲကပဲကြီးလှော်၊စားဘို့အနှိုက်
    အောက်ထွက်အကျ၊အနားရှိတဲ့”ခို”ကချီပြေး
    ဆွေးလဲဆွေးငတ်လဲငတ်
    ဪတခန်းရပ်ပြဇာတ်။

  • MaMa

    September 12, 2011 at 7:43 am

    စာဖတ်သူကို တထိုင်တည်းနဲ့ အပြီးထိအောင် ဆွဲခေါ်သွားနိုင်တဲ့ စာရေးသူရဲ့ အရေးအသားကို ချီးကျူးမိပါတယ်။ အားလည်းကျမိပါရဲ့။

  • ကြောင်ကြီး

    September 12, 2011 at 7:50 am

    ခိုချီပျံဝေး
    စားမည်သေးဟု
    ပြုံးပျော်ပိုက်စဉ်
    ကြောင်ငမိုက်သား
    နှိုက်ခါစားသည်
    သူခိုးလက်က
    သူဝှက်လု…။

Leave a Reply