Neo-colonialist

awnayApril 6, 20111min410

ကိုလိုနီလက်သစ်များ၏ ရန်မှ ကာကွယ်ရန် လက်နက်သစ်များတပ်ဆင်ရန် လိုလာသည်။ ယခင်က လက်ဖြင့်တိုက်ခဲ့သည်။ ယခု လက်ဖြင့် တိုက်၍ မရနိုင်တော့။ ထို့ကြောင့် ဓာတု အဆိပ်ငွေ့လက်နက်ကို အသုံးပြုရသည်။ သို့ရာတွင် နည်းပညာ အားနည်းချက်ကြောင့် မိရိုးဖလာ ဆေးမြစ်ဆေးဥများမှ ဖန်တီးသည့် အငွေ့များကို ကာလကြာရှည် အသုံးပြုခဲ့ရသည်။ ထိရောက်သင့် သလောက် မထိရောက်။ ထိုမိရိုးဖလာ အငွေ့များသည် ပတ်ဝန်းကျင်အပေါ်ကိုလည်း မလိုလားအပ်သည့် ဆိုးကျိုးသက်ရောက်သေးသည်။ ထို့ကြောင့် အိမ်နီးချင်း တရုတ်၊ ထိုင်းစသည့် နိုင်ငံများမှ ခေတ်ပေါ် အဆိပ်ငွေ့လက်နက်များကို မှာယူတင်သွင်းရသည်။ နယ်စပ်မှ တိတ်တခိုးဝင်လာသည်များလည်း ရှိသည်။ ထိုလက်နက်သည် နယ်ချဲ့လက်သစ်များအား တိုက်ဖျက်ရေးတွင် ကာလအတော်ကြာအထိ နေရာယူထားခဲ့ပြီး အဖျက်သမားများ ထိုအဆိပ်နှင့် မယဉ်ပါးမီ အချိန်အထိ အတော် ထိရောက်မှုရှိခဲ့သည်။ သို့သော် တစ်ဖက်ရန်သူများကလည်း သူ့နည်းသူ့ဟန်ဖြင့် ခုခံတန်ပြန်တိုက်စစ်ဆင်ဟန်ရှိသည်။ မှာယူတင်သွင်းရသော (နောက်ပိုင်းတွင် ပြည်တွင်း၌ ထုတ်လုပ်နေသော) အဆိပ်ငွေ့လက်နက်များသည် ရန်သူ၏ လှောင်စရာလိုဖြစ်လာသည်။

အငွေ့လက်နက်ဖြင့် မဟန်သည့်အတွက် မြန်မာတို့သည် ပေါများပြည့်လျှံနေသော လျှပ်စစ်ဓာတ်အားကို ကိုလိုနီလက်သစ် နယ်ချဲ့ ကပျစ်ကညစ်ကောင်များအား တိုက်ဖျက်ချေမှုန်းရန် အသုံးပြရတော့သည်။ နည်းပညာနှင့် လက်နက်ကို ပေါက်ဖော်တို့က တိုးတိုးတစ်မျိုး ပေါ်တင်တစ်မျိုးထောက်ပံ့သည်။ လျှပ်စစ်လက်နက်ကြောင့် ရန်သူတို့ အတုံးအရုံးသေကျေသည်။

လျှပ်စစ်လက်နက်သည် ထိရောက်မှုရှိသည်ဟု ဆိုသော်လည်း ထိုးစစ်ဆင်သည့် ဗျူဟာနှင့်သာ ကိုက်ညီမှုရှိပြီး အပစ်အခတ်ရပ်နားထားလိုချိန်တွင် ခံစစ်အတွက် အားကိုးမရပေ။ ထို့ကြောင့် မိမိဘက်မှ တိုက်စစ်မဆင်နိုင်သည့်အခါ အကာအကွယ်ဖြစ်မည့် လက်နက်များရှာရသည်။ ထိုသို့ရှာရာတွင် ဗျူဟာနှစ်မျိုးကို အခြေခံသည်။ ရန်သူကို ဖမ်းဆီးခြင်းနှင့် မောင်းထုတ်ခြင်းဗျူဟာနှစ်မျိုးဖြစ်သည်။  ထိုဗျူဟာနှစ်မျိုးစလုံးတွင် ဘေးထွက်ဆိုးကျိုးများရှိသည်။ ဖမ်းဆီးသည့် လက်နက်က အသံများ ဆူညံနေစေပြီး မောင်းထုတ်သည့် လက်နက်ကမူ ရန်သူကို အမြစ်မပြတ်စေနိုင်သဖြင့် ကိုယ်က အတန်ကြာ မောင်းထုတ်မှုကို ရပ်ထားစဉ်တွင် ဒုက္ခပြန်ပေးနိုင်သည်။ ထို့ကြောင့် ထိုလက်နက်များသည် ခေတ်ပေါ်လျှပ်စစ်လက်နက်များဖြစ်သည့်တိုင် စိတ်မချရသေး။ လျှပ်စစ်မှ တစ်ဆင့်တက်ပြီး နျူသုံးလျှင်ကောင်းမည်လား။ တစ်ဆင့်တက် စဉ်းစားရသည်။

မိုးရာသီတွင် ဓာတ်တိုင်များလဲသဖြင့် ပြတ်သောမီးသည် နွေရာသီတွင် ဆည်ရေခန်းသဖြင့် မလာပေ။ လျှပ်စစ်ဌာနမှ အင်ဂျင်နီယာတစ်ယောက်ကတော့ လာတော့လာနေသည် လမ်းတွင်သာ ရှိသေးသည်ဟု ဆိုသည်။ အိမ်ခေါင်ပေါ် ကျီးဘယ်လောက်သာသာ မီးဆိုသော ဧည့်သည်ကတော့ လာမည်မထင်။ ယားကျိကျိဖြစ်သဖြင့် ကိုယ့်ပါးကိုယ် ဖြန်းခနဲ ရိုက်လိုက်ရာ သွေးအိုင်ကြားတွင် သေပွဲဝင်နေသော ကိုလိုနီ ခြင်သတ္တဝါ၏ အသုဘကိုရှုရ၏။ ခြေဆေးခွေတကာတို့လည်း မတိုးတော့ပြီ။ ခြင်ရိုက်ဘတ်တံသည် အားအင်ကုန်ခန်း၍ ပလပ်ပေါက်တွင် အားသွင်းသည့် မီးရောင်ပျောက်ကာ ငေါက်တောက်ရပ်နေသည်။ လျှပ်စစ် ခြင်ပြေးသည့် စက်နှင့် ခြင်ဖမ်းသည့် ကိရိယာတို့မှာ လျှပ်စစ်နှင့် အကြောင်းမတန်ဖောက်ပြန်၍ ဖယောင်းတိုင်ကို ကိုယ်ပေါ်တင်ကာ လင်ငယ်နေကြသည်။ မိရိုးဖလာ အငွေ့လက်နက်ဖြစ်သည့် နနွင်းမှိုင်းတိုက်ရန်ပင် ပြင်ရတော့သည်။ ရှေးထုံးလည်း မပယ်ကောင်းပေဘူး မဟုတ်လား။        ။

ဩနေ

၂၀၁၁ ခုနှစ် ဧပြီလ၊ ၆ ရက်။