လောကမှာ လူတွေက .. ပျောက်နိုင်တဲ့ ရောဂါကို သိပ် ကြောက်ကြတယ် .. အထူးသဖြင့် ကူးစက်တတ်ပြီး ပျောက်နိုင်ပါတယ် ဆိုတဲ့ ရောဂါမျိုးကိုတောင် ကြောက်တတ်ကြတယ် .. ကူးစက်တတ်တယ် .. မပျောက်နိုင်ဘူး ဆိုတဲ့ ရောဂါကျတော့ မကြောက်ကြပြန်ဘူး .. လူတွေက တစ်မျိုးပဲနော် ..

“ဆရာမ .. ကျွန်တော့်သမီးလေးက မွေးတုန်းက ၀၀ကစ်ကစ်လေး .. ဆရာမ သိပါ တယ် .. အခု တငွေ့ငွေ့ဖျားပြီး ပိန်လဲပိန်လာတယ် .. ကြည့်ပေးပါဦး”

ဟုတ်တယ် ..  ကျွန်မက သူတို့ရဲ့ မိသားစုဆရာဝန်လို ကုပေးနေတာ ဆိုတော့ သူတို့ မိသားစုအကြောင်း ကောင်းကောင်းသိပါတယ် .. သူတို့ အိမ်နဲ့ ကပ်လျက်မှာ အဆုတ်တီဘီဖြစ်ပြီး ပြည်တည်နာအထိ ဖြစ်တဲ့လူရယ် .. သွေး ပွက်ပွက်အန်တဲ့ လူရယ် နှစ်ယောက် နေသွားတယ် .. ဆေးရုံကို ခဏခဏ တက်ရပြီး သွေးအန်တဲ့ လူက သေသွားပြီလေ ..  အဲဒီအိမ်ကိုလဲ ဒီကလေးက ခဏခဏ သွားတတ်တယ် .. ဒီတော့ ဒီကလေးက တီဘီ ကူးစက်ခံရတာ ဖြစ်ဖို့ များတယ် ..  ဒါ မိသားစု ဆရာဝန်ရဲ့ အားသာချက်ပဲ .. မိသားစုတွေရဲ့ အသေးစိတ်လေးတွေကို သိရတတ် တယ်လေ ..

“ရှင့်သမီး .. တီဘီဖြစ်ဖို့များတယ် .. ကလေးဆရာဝန်ကို ပြကြည့်ပါလား .. ဓါတ်မှန် ရိုက်ရင်လဲ အထူးကုကို ပြကြည့်ဖို့ လိုဦးမှာ ..”

“မဖြစ်နိုင်ဘူးထင်တယ် .. ကျွန်တော်တို့မှာ မျိုးရိုး မရှိဘူး”

“ရှင်ကလဲ တီဘီဆိုတာ မျိုးရိုးလိုက်တာ မဟုတ်ဘူး .. ကူးစက်တာ .. ရှင်တို့ အိမ်နား မှာ တီဘီရောဂါသည် ရှိနေတာ ရှင်လဲ သိသားပဲ .. အစကတည်းက ကလေးကို အဲဒီလူတွေနဲ့ ဝေးဝေးထားရမှာ အခုတော့ ကူးလောက်ပြီ ဆိုတော့ ကုဖို့ပဲ အရေးကြီး နေပြီ”

ဒီတစ်ခါတော့ သူ လက်မခံဘူး .. ဒါနဲ့ တခြားဆေးခန်း သွားပြတယ် .. အဲဒီဆရာဝန် ကလဲ လေးငါးဆယ်ရက် ကြည့်ပြီးတဲ့အခါ တီဘီလို့ ထင်သွားပြန်ရော ..

နောက်တစ်ယောက်ကို ပြောင်းပြပြန်ရော.. နောက်ဆုံး ပြရင်းပြရင်းနဲ့ ကလေးအထူး ကုဆီကို ရောက်သွားပြန်တော့လဲ တီဘီလို့ ပြောတာနဲ့ ဗမာဆရာဆီ ရောက်သွားပြန် ရော .. အဲဒီတော့ ကလေးက အတော် ပိန်ကျသွားပြီ ..

“ရှင် .. အဲဒီလောက် ခေါင်းမာဖို့ မကောင်းဘူး .. ကလေးလဲ သိပ် ပိန်ချုံးကျနေပြီ .. ကြည့်လုပ်ဦး .. (အဲဒီတုန်းက အခမဲ့ကုတဲ့ စီမံချက် မ၀င်သေးဘူးလေ) .. ဓါတ်မှန် ပါလား .. ကလေးဆရာဝန်က ဓါတ်မှန်တော့ ရိုက်ခိုင်းခဲ့မှာပေါ့ ..”

ဓါတ်မှန်ကို ပြတော့ တီဘီက ကလေး အဆင့်ထက် နည်းနည်း ကျော်နေပြီ .. ဒါနဲ့ ကလေးဆရာဝန် ရေးပေးခဲ့တဲ့ ဆေးနည်းကို ကြည့်ပြီး ဆက် ကုပေးရတယ် ..

ဒါကြောင့် ရွာသူရွာသားတွေကို ပြောချင်တာက ဆရာဝန် တစ်ယောက်ယောက်ကို မိသားစုဆရာဝန်အဖြစ် သတ်မှတ်ပြီး ပြဖို့ ကောင်းတယ် .. နောက်ပြီး မိသားစု ဆရာဝန်က ဒါလုပ်သင့်တယ်လို့ အကြံပြုရင်လဲ တတ်နိုင်ရင် လိုက်နာဖို့ သင့်တယ် ..

အမြဲတမ်း အထူးကုချည်း သွားနေရင် သူတို့က ကိုယ့်အကြောင်း သိပ် သိတာ မဟုတ်ဘူး .. (ကောင်းတဲ့ မိသားစုဆရာဝန်ကို ရွေးချယ်ဖို့ကတော့ ရွာသားတို့ တာဝန်ပေါ့လေ)

 

(၂၀၀၅ အောက်တိုဘာလမှာ ရေးခဲ့တယ် .. ဒီအဖြစ်အပျက်က ၁၉၉၄ လောက်မှာ ဖြစ်ခဲ့တာ)

About moethidasoe

moe thidasoe has written 34 post in this Website..