ကျွန်တော့်မှာ.မန်းဂေဇတ်ကိုဝင်ဖတ်ဖြစ်နေတာအတော်ကြာခဲ့ပေါ့..

ကိုယ်တိုင်ပို့စ်တခုလောက်ရေးချင်ပေမဲ့ ဘယ်လိုသီကုံးရမှန်းလည်းမသိ အကြမ်းလေးေ၇းလိုက် ပြန်ဖျက်လိုက်နဲ့

ရွာထဲမှာ. နေဖို့ကြိုးစားရင်းရွာလည်နေတာလူမသိသူမသိ.ခဏပေါင်းများစွာ ဒီလိုနေရင်းနဲ့ဘဲဟိုလူဒီလူတွေေ၇းတဲ့

ကောင်းနိုးရာရာလေးတွေကိုပဲ. အခါအားလျော်စွာဝင်မန့်နေရတာ အကြိမ်ရေမနည်းတော့..

ဟောအခုတော့အကြောင်းများတိုက်ဆိုင်ချင်တော့လည်း ကိုယ်တိုင်တွေ့ကြုံခံစားရတာမဟုတ်ပေမဲ့.

ကိုယ်လက်ချက်ပယောဂကြောင့်သူတပါးမှာဒုက္ခရောက်ရပုံ လေးကိုအခွင့် ကြုံတုန်းပြန်ပြောပါရစေဗျာ..

အဖြစ်ကတော့ ဒီလိုဗျ..သိကြတဲ့အတိုင်းပဲ မြို့ပြများမှာရှိတဲ့ အိမ်တွေရဲ့ထုံးစံအတိုင်း

ကျွန်တော်တို့အိမ်မလဲတိုလီမိုနီ ပေါင်းစုံတွေက ခပ်ရှုပ်ရှုပ်ပဲဗျ.ဟိုနေရာရှုပ်ပွ ဒီနေရာမသပ်မယပ်ပေါ့လေ။

ဒီလိုရှုပ်ထွေးနေလို့လဲ အခုကျွန်တော့်ရင်ထဲ တနုံနုံခံစားနေရမဲ့ အဖြစ်အပျက်ကိုမွေးဖွားစေမဲ့

အကောင်တွေအကြိုက်ဖြစ်လာတော့တာပဲဗျာ..ဒီကောင်တွေက အိမ်ကိုစရောက်လာခါစတော့

ပုန်းရှိုးကွယ်ရှိုးနဲ့ ဟိုချောင်ကပ်ဒီချောင်ခိုလေးနေတာပဲ..ဒီလိုနေ နေရင်းနဲ့ပဲ ရက်ကလေးအတော်ကြာလာလို့

အိမ်ရှင်ဖြစ်တဲ့ကိုယ်တွေအိမ်သားတွေက ဖာသိဘာသာနဲ့မသိသလိုနေတတ် ကြတာကို ဒင်းတို့က

အခွင့်အရေးအပြည့်ယူတော့တာပဲဗျို့.တော်ရုံတန်ရုံသွားလာနေကြ ရင်ဖြင့် သူတို့ကိုအခုချိန်တိုင်အောင်အပြစ်မြင်မှာမဟုတ်သေးပါဘူး.

ခုတော့အိမ်ဘုရားခန်းဆို သူတို့မွှေနှောက်ထားတာများကစားကွင်းအလားပဲ.ပြီးတော့လည်းဆွမ်းတော်လေးများမတင်ထားနဲ့

အိမ်ကလူတွေမစားမှီ.သူတို့သမပြီးသား..ဒါတင်မကသေးဘူး ဘုရားပန်းတွေများချိုးဖျက်ပြီးဆော့ချင် ဆော့ထားသေးတာဗျ ။

ဒါတွေကို ဒင်းတို့လုပ်နေလည်း သြော် နေကြပါစေ သူတို့လေးတွေရဲ့သဘာဝဆိုပြီးတအိမ်သားလုံးက သည်းခံကြပါတယ်..

အဲဒီမှာတင် သကောင့်သားတွေက ကမ်းတက်လာရောဗျာ..မြန်မာတပြည်လုံးမှာက သိတဲ့အတိုင်းပဲ

ည(ရ) နာရီနဲ့(၈) နာရီကြားကိုရီးယားကားတွေလာတဲ့အချိန်များဆို ကိုယ့်ဘေးနားကလူကအော်လံနဲ့အော်သည့်တိုင်

သိပ်ကြားချင်တာမဟုတ်သလို ကိုယ်ရှေ့ကိုးရိုးကားယားလာလုပ်ရင် သိပ်ပြီးလည်းစိတ်ရှည်တာမဟုတ်ဘူးလေ

ဒါကို ဒင်းတို့အကောင်ငယ်လေးတွေက မနူးမနပ်မသိတတ်တော့ လူရှေ့သူရှေ့မရှောင် ဟိုချောင်ဒီချောင်တွေ

အတင်းကာရောဝင်ထွက်သွားလာနေတော့တာကိုး..အဲဒီမှာတင် ပြသာနာက ကျွန်တော့ ခေါင်းပေါ်တည့်တည့်ကြီးရောက်လာတာပဲ..

ဒီကောင်တွေကို အိမ်ပေါ်ကို ကိုယ်ကပဲခေါ်တင်လာတာကြနေတာပဲ.

နင့်ကောင်တွေအတော်တရားလွန်လာပြီဆိုတဲ့ခေါင်းစဉ်နဲ့ ယောင်္ကျားလေးဖြစ်တဲ့ ကျွန်တော်က ဒါကိုတာဝန်ယူရှင်းပေးရမယ်ပေါ့ဗျာ..

အမှန်တော့ကျွန်တော်ကိုယ်တိုင်လည်း ဒီကောင်တွေလုပ်ရပ်ကိုမကြိုက်သလို ကြည့်လို့လည်းမရပါဘူး ။

တခါတလေ ကိုယ့်ကိုပြန်ကြည့်တဲ့ ကုပ်ချောင်းချောင်းနဲ့ပေစောင်းစောင်းအကြည့်တွေကိုအမြင်ကတ်နေတာလေ..

ဒီတော့ကာ ရှင်းဆိုလည်းရှင်းမယ်ပေါ့ဗျာ..ဒီကောင်တွေကို ပညာပေးဖို့အတွက်

လိုအပ်တာတွေကို အိမ်ကညီမကိုဝယ်ခိုင်းထားလိုက်တယ်။ ညလည်းရောက်ရော

ကိုယ့်လုပ်ငန်းကိုအမြန်ဆုံးအကောင်အထည်ဖော်ရတော့တာပဲ..လိုအပ်တာတွေကိုသေချာပြင်ဆင်ပြီး

ဒီကောင်တွေ ကစားနေကြ လာနေကြ သွားနေကြနေရာလေးမှာ အသာထားပေးလိုက်တယ်.

သိပ်မကြာလိုက်ပါဘူးဗျာ တကောင်တိုက်ပွဲကျသံ ကြားလိုက်ရရော ဒါနဲ့နောက်တချီဆက်လုပ် ဟောနောက်တကောင်ဗျာ.

ပထမညတော့ဒီနှစ်ကောင်နဲ့ပဲ အသာရပ်ထားလိုက်ရောဆိုပါစို့။

ဒင်းတို့ ကိုယ့်လက်ချက်နဲ့ဒီလိုမရှုမလှဖြစ်နေကြတာကိုလည်း အဲဒီအချိန်မှာ ဘယ်လိုမှ မခံစားရသလို

သနားစိတ်လည်းလုံးဝမပေါ်တာအသေအချာပဲဗျာ…ဒီကောင်တွေငါတို့ကိုနှောင့်ယှက်လို့ဒီလိုခံရတာ

နည်းသေးတယ်တောင်ထင်နေတာလေ..ဒုတိယညမှာလည်ထုံးစံအတိုင်း ည(၁၀) လောက်မှာ ၂ ကောင်တော့ဖလက်ပြသွားပြီဗျ.

ကျွန်တော်လဲ နောက်တချီ သေချာပြင်ဆင်ထားလိုက်ပြီးတော့ ၀င်အိပ်လိုက်တာမိုးကိုစင်စင်လင်းရော..

မနက်နိုးလာချိန်မှာပဲ အောက်ထပ်ကနေ ညီမဖြစ်သူက အကိုလေးရေ အမြန်လာကြည့်ပါဦးဆိုလို့ ကမန်းကတန်းဆင်းသွားလိုက်တော့.

အောင်မလေးဗျာ ဖြစ်ရလေချင်း လို့ကိုအော်မိတော့တာပဲ..အမှန်ကကျွန်တော်လုပ်နေတာက ဟိုအကောင်ပလောင်ကြွက်တွေအတွက်

သေမင်းထောင်ချောက်.အခုလက်ငင်းမိထားတာကြီးက လက်ဖ၀ါးလောက်ရှိတဲ့ ဖားပြုတ်ကြီးဗျ..သူ့ခမျာ ဘယ်အချိန်ကတည်းက

မိနေသလဲမသိ..လှုပ်တောင်မလှုပ်နိုင်ရှာတော့ဘူး.ဘေးမှာလည်းရေတွေကအိုင်လို့ (ဘာအရည်တွေမှန်းမသိ)..

ဒေါသထွက်ပြီးရုန်းကန်နေတာလဲမရှိ.(တညလုံးရုန်းပြီး ပြီထင်တာပဲ)..ငြိမ်ဝပ်ပြီးတော့ဗျာ သူ့ဝေဒနာကို ပဲပြန်ရှုနေသလားမသိ..

အမှန်တော့ ဒီအကောင်ကြီးက သူ့ဘာသာအစာငမ်းရင်း.ကြွက်ထောင်ချောက်ထဲဝင်တိုးတာပါ.

ဒါပေမဲ့ကိုယ်လုပ်ချင်တာက သူ့ကိုမှမဟုတ်ပဲကိုး..အခုဒင်းက ဒီလိုမျိုး ပေါင်းနှစ်ချောင်းက

ညှပ်ကြီးထဲမှာ တန်းလန်းကြီးညပ်နေတာတွေ့ရတော့ ကိုယ့်အပြစ်မကင်းဘူးဆိုပြီး သနားလိုက်တဲ့အမျိုးဗျာ..

ဒါနဲ့ပဲ မီးညှပ်သွားယူပြီး သူ့ကိုညှပ်ကြီးတန်းလန်းနဲ့ ခြံထဲရွေ့ ပြီးဖြုတ်ပေးဖို့ကြိုးစားရပြန်ရော..သူ့လည်းသွားမထိရဲဘူး လေ

ဖားပြုတ်ထိရင်ဘာဖြစ်တယ် ညာဖြစ်တယ်က ကြားဖူးထားတော့.

ငါးမိနစ်လောက်ကြာအောင်စိတ်မောလူမောနဲ့အတင်းကာရောဖြုတ်ပေးလိုက်မှပဲ

ဒင်းလဲလွတ်သွားတော့တယ်။အံမယ် လွတ်ပြီးပြီးချင်း သူကချက်ချင်းသွားသေးဘူးဗျ..ဒါနဲ့ ဟာ ဒီကောင်တော့ခြေကျိုးပြီး ဘ၀တုံးပြီလို့ တွက်ပြီး

ရင်ထဲထပ်မောရပြန်ရော..ခနလောက်နေတော့မှကိုယ်ဘက်လှည့်ကြည့်ပြီး လှုပ်တုတ် လှုပ်တုတ်နဲ့ထွက်သွားရော.

သူအဲလိုသွားနိုင်တာမြင်မှပဲ ရင်ထဲက ဘာမှန်းမသိတဲ့အလုံးကြီးလဲကျသွားတယ်ဗျာ.

ဒါနဲ့တင်မပြီးသေးပါဘူးဗျာ..အဲဒီနေ့တနေ့လုံးလည်း စိတ်ထဲ တနုံနုံ နဲ့ဘယ်လိုဖြစ်မှန်းမသိပါဘူး.ကားစီးတာတောင်မှ

ကိုယ့်ခြေထောက်ကိုပြန်ပြန်ကြည့်နေမိတယ်..ကားအက်စီးဒင့်များဖြစ်ရင် လောလောလတ်လတ်ဆို ဒါကြီးကပဲ

အရင်ဆုံးဝဋ်လည်မှာပဲဆိုတဲ့စိတ်ဖိစီးမှုကြီးနဲ့ပေါ.ဗျာ..အခုလဲတွေးနေတုံးပါပဲ.

သြော် အတုံ့အလှည့်ဆိုတာကြီးက ချက်ချင်းလက်ငင်းကြီးမလာတောင်ပြုသူရဲ့စိတ်ထဲတော့ အမြဲပဲ တနုံနုံ ဆိုတာလေ..

 

 

 

 

About amatmin

amatmin has written 27 post in this Website..