မိုးကြိုးလက်နက် သိကြား စက်

 

အခုတလော  တယ်လီဖုန်းလိုင်းတွေ   မကြာခဏပြတ်တောက်နေပါတယ်။

ဆက်သွယ်ရေးနဲ့နီးစပ်တဲ့ သူတွေကို  မေးကြည့်လိုက်တော့   ရာသီဥတုမကောင်းတဲ့အချိန်မှာ

စက်တွေ ပိတ်ထားရကြောင်းပြောပါတယ်။  တန်ဘိုးကြီးတဲ့ စက်ပစ္စည်းတွေကို မိုးကြိုးထိပြီး

ပျက်စီးမှာစိုးလို့  ဖြစ်ပါတယ်။   ဒီလိုကြိုတင်ပြီးပိတ်လိုက်ရင် နာရီပိုင်းပဲ  အဆက်အသွယ်

ပြတ်တောက်နိုင်ပေမဲ့၊  မိုးကြိုးထိသွားရင်ရက်နဲ့ချီပြီးကြာသွားနိုင်တယ်လို့ ဆိုပါတယ်။

ကိုယ့်မြို့ပေါ်မှာရာသီဥတု ကောင်းနေပေမဲ့ဆက်သွယ်ရေးဆက်ကြောင်းတွေရဲ့အရင်းဖက်ကြတဲ့မြို့နဲ့

ထိမ်းချုပ်တဲ့မြို့တွေက ပိတ်လိုက်ရင်လည်းဆက်သွယ်မှုပြတ်တောက်သွားတယ်လို့သိရပါတယ်။

ဒီအကြောင်းနဲ့  ဆက်စပ်ပြီး မိုးကြိုးအကြောင်းစဉ်းစားမိပါတယ်။

မိုးဦးကျရာသီနဲ့  အခုလို မိုးနှောင်းပိုင်း ရာသီတွေ ဟာ  မိုးကြိုးပစ်မှုအများဆုံးရှိနိုင်တဲ့အချိန်ပါ။

မိုးကြိုး ပစ်ရခြင်း  အကြောင်း အကြမ်းဖျင်းသိထားတာက ပူရာကနေရုတ်တရက်  အေး

၊အေးရာက ရုတ်တရက်ပူ တဲ့ကာလဟာ လေထု သိပ်သည်းဆတွေ အမျိုးမျိုးပြောင်းပြီး

တိမ်တွေရဲ့ရွေ့ရှားမှုဟာလည်းအရမ်းများလာ တယ်လို့ဆိုပါတယ်။

ဒီတိမ်တွေထဲမှာ လျှပ်စစ် ဓါတ်ဖိုဆောင်တဲ့ တိမ်တွေနဲ့ လျှပ်စစ်ဓါတ်မ ဆောင်တဲ့   တိမ်တွေဟာ

လေထုထဲမှ ရုတ်တရက်ထိမိပြီး ကြီးမားတဲ့လျှပ်စီးတန်းကြီးဟာ  ကမ္ဘာမြေပေါ်ကို ကျရောက်  လာတယ်လို့ဆိုပါတယ်။

ဒီလိုကျရောက်တဲ့နေရာမှာရှိတဲ့ လူ၊သတ္တ၀ါတွေဆိုရင် သေကြေသွားပြီး၊အပင်နဲ့အချို့အဆောက်အဦ တွေဆိုရင်မီးလောင်သွားကြပါတယ်။

တီဗွီ၊ရေဒီယို၊ တယ်လီဖုန်း၊  လျှပ်စစ်လှိုင်းထုတ်လွှတ်နေတဲ့ပစ္စည်းတွေ ဆိုရင်တော့စက်ကွင်းမိရင်တောင်

ပျက်စီးသွားကြပါတယ်၊တိုက်ရိုက်ထိရင်တော့ မီးလောင်တဲ့အထိပါဖြစ်နိုင် ပါတယ်။ ဒါကသိပ္ပံနည်းကျသိထားတာပါ။

ကျွန်တော်တို့ငယ်ငယ် ကလူကြီးသူမတွေပြောတာကြားရတာ (အခုထိလည်း အချို့ ဘွဲ့ရပညာတတ်၊ တချို့ပြောနေကြတုန်းပါ။)

ကတော့ သိကြားမင်းက မိုးကြိုးဆိုတဲ့လက်နက်နဲ့ ပစ်ခတ်တယ် လို့ဆိုပါတယ်။

“မိုးကြိုးလက်နက်၊ သိကြားစက်ဆိုပြီး” တောင် ဘုရားရှိခိုးစာလိုလို  ဘာလိုလို  ရွတ်ဖတ်ကြတာပါ။

မိုးကြိုးပစ်လိုက်တဲ့နေရာကို နှစ်ရက်သုံးရက်အတွင်းသွားရှာရင် မိုးကြိုးသွားဆိုတာကို တွေ့ရတယ်လို့ ပြောပါတယ်။

ကွင်းပြင်ထဲ၊လယ်ကွင်းထဲပစ်ရင်လည်း ပစ်တဲ့နေရာကို စလောင်းဖုံးနဲ့ အုပ်ထားရင်

နှစ်ရက်သုံးရက် ဆိုမိုးကြိုးသွားရတယ်ဆိုတာ လူတော်တော်များများ  ကြားဖူးကြမှာပါ။

ဟိုးတုန်းက မြေအိုး မြေစလောင်းဖုံး တွေပဲရှိတာပါ။ ဒီခေတ်မှာ ဒန်စလောင်းဖုံးနဲ့

စတီးစလောင်းဖုံးတွေနဲ့အုပ်ရင်ပိုတောင်ကောင်းမယ်ထင်တယ်။  ဒီမိုးကြိုးသွားဆိုတဲ့အရာနဲ့ပစ်လိုက်ရင်

သစ်ပင်တွေရဲ့သစ်ကိုင်းတွေဟာ တိကနဲပြတ်ကျသွားတာတွေ။ ထန်းပင်တွေထက်ခြမ်းကွဲသွားတာတွေ

သစ်ပင်အဖျားတွေမှာမီးတောက်လောင်နေတာတွေ ကျွန်တော်တို့လည်း    ကိုယ်တိုင်တွေ့ဖူးပါတယ်။

ဒီမိုးကြိုးသွားဆိုတာကိုတော့တစ်ခါမှ မမြင်ဖူးပါဘူး။ မိုးကြိုးသွားဟာပေါက်ဆိန်လိုပုံသဏ္ဍာန်ရှိတယ် လို့ဆိုကြပါတယ်။

အရွယ်အစားအကြီးအသေးလဲ မတူကြပါဘူးတဲ့။ သံသွားနဲ့  ကြေးသွားဆိုပြီးတော့လည်းရှိ ပါတယ်တဲ့။

ဒီပစ္စည်းလက်ဝယ်ရှိသူဟာ အစွမ်းထက်ပါတယ်တဲ့၊ဓါးပြီး၊ တုတ်ပြီး၊  သေနတ်တောင်ပြီးပါတယ်တဲ့။

ရွာတွေမှာ ဒီပစ္စည်းကိုရောင်းဝယ်ကြတာတွေ၊ ပြီး မပြီး စမ်းသပ်ရင်းနဲ့ ဆေးရုံရောက်လာတယ်ဆိုတဲ့

သတင်းမျိုး တွေလည်း မကြာခဏ ကြားရတတ်ပါတယ်။ဈေးလည်းတော်တော်ကြီးတယ်ဆိုပဲ။

သိကြားမင်းဟာ လူ့ပြည်ကို တကယ်ပဲပေါက်ဆိန်တွေနဲ့ပစ်သလား၊ မိုးကြိုးသွားဆိုတာတကယ်ရှိသလား၊

မိုးကြိုးသွားဆိုတာဘယ်လိုဖြစ်ပေါ်လာသလဲ၊   မိုးကြိုးသွားဟာတကယ် ဓါးပြီး၊ တုတ်ပြီး၊

သေနတ်ပြီးဆိုတဲ့အစွမ်းထက်ပစ္စည်းလား၊ သိချင်ပါတယ်။

ဒီရွာထဲမှာ မိုးကြိုးသွားကို   တွေ့ဖူးသူတွေ ၊  မိုးကြိုးသွား   ပိုင်တဲ့သူတွေ ရှိရင် ဓါတ်ပုံလေး တင်ပေးကြပါခင်ဗျာ။

About ကြောင်လေး

has written 70 post in this Website..

ကြောင်မဟုတ်သောငကြောင်