အော်ဗိုလ်ချုပ်..ဗိုလ်ချုပ်..

ဒီဆောင်းပါးလေးကိုဖတ်ဖူးတာကြာပါပီ…အခုအမှတ်မထင်ပြန်တွေ့လို့ ဖတ်ကြည့်တော့…တမျိုးခံစားရပြန်သည်…အထူးသဖြင့်ကား ကျ် ဆောင်းပါး
ရှင်က ကျွန်ုပ်တို့ အင်မတန် လေးစားနေခဲ့သော..ဗိုလ်ချုပ်အား “ငမိုး“ ဟု
အားပါးတရခေါ်ကာ သရုပ်ဖေါ်ထားသောအရေးအသားမို့ တမျိုးဆန်းစွာ
ခံစားရခြင်း ဖြစ်ပေလိမ့်မည်။ အမှန်တော့ ဗိုလ်ချုပ် အကြောင်း ရေးသားချက်
များအားလုံးသည်ကား..စာတစ်ပုဒ်ခံစားမှု့တစ်ခုပေးသည်သာချည်း
မဟုတ်ပါလား..သို့နှင့်ပင် မျှဝေချင်မိပြန်ပါသည်…….(ဖေဖေါ်ဝါရီ ၁၃ အမှတ်
တရဆိုပါစို့ရဲ့..)

ငမိုး မသေသေး

(ငမိုး)ကိုလူအများတကာက သေလေပြီဟုပြောကြသည် ။ အမှန်မှာကား ( ငမိုး ) မသေသေးဟု ထင်ပါသည် ။ ယခု ဇန်နဝါရီလ တစ်ခုသော နံက်ခင်း ချမ်းချမ်းစီးစီးထဲတွင် တပ်မတော်မော်ကွန်းတိုက်၏ အောက်ထပ်၌ “ငမိုး (ခေါ်)ဗိုလ်ချုပ်အောင်ဆန်း” ကိုအမှတ်မထင် ကျွန်တော် တွေ့ရ၏ ။တစ်ဦးနှ…င့်တစ်ဦး တွေ့ကြရာ၌ ယခင်တုန်းကလို ဝမ်းသာအယ်လဲမရှိကြ ။ သူကလည်း သူ့အတွေးနှင့်သူ ငိုင်နေ၏ ။ ကျွန်တော့်မှာလည်း ရင်ထဲမှာ နာနေ၏ ။ဘာအတွက် အသဲနာ,ရင်နာ ဖြစ်ရသည်ကိုကား ကျွန်တော် ဖွင့်မပြောချင်။ တစ်ခါတုန်းက ( ငမိုး )အကြောင်း “ဂျာနယ်ကျော်”ထဲတွင်ဖွင့်ပြောဘူးသဖြင့် ငါးကြော်စားက ရန်ကုန်ထောင်ထဲ ( ၃ ) လကျော်ဝါဆို ခဲ့ရဘူး၏ ။ ထို့ကြောင့် နာနေသော အသဲကို ကျပ်စည်း၍ထားရမည် ။ ငမိုး သည် သူ၏ အထုပ္ပတ္တိ ကိုစီကာ စဉ်ကာပြသထားသော မှန်ဘီရိုများအား ဦးခေါင်းငိုက်ဆိုုက်ဖြင့် တစ်ခုပြီးတစ်ခု လိုက်လံကြည့်ရှုနေ၏ ။ ထိုမှန်ဘီရို များထဲ၌ တက္ကသိုလ် သိပ္ပံဌာနမှ ကြီးမှူးသော ပြပွဲတွင် တပ်မတော် မော်ကွန်းတိုက်မှ (ငမိုး) ၏ ဓတ်ပုံ,စာရွက်စာတမ်း,အဝတ်အစား,အသုံးအဆောင် ကလေးများကို စုဆောင်း၍ ပြသထားဘူး၏ ။ တစ်ဆယ့် သုံးခုမြောက် မှန်ဘီရိုထဲတွင် (ငမိုး) ၏ စီးကရက်ဗူး မီးခြစ်နှင့် ပလေးယားစီးကရက် (၆)လိပ်ရှိ၏ ။ ငမိုး သည် ဘာမပြောညာမပြော စီးကရက်တစ်လိပ်ကိုယူပြီး မီးညှိသောက်နေလေရာ သူ၏ စီးကရက်မှ မီးခိုးငွေ့များသည် တစ်ခဏအတွင်း မော်ကွန်းတိုုက် အောက်ထပ်၌ ပြည့်လျှံ၍ သွားလေ၏ ။ စီးကရက် မီးခိုး အနံ့ကြောင့် ကျွန်တော်၏ ဦးခေါင်း သည် ရီဝေမူးနောက် လာ၏ ။ ကျွန်တော် ၏ စိတ်သည် ရပ်တည်နိုင်စွမ်းမရှိဘဲ အတိတ်ဆီသို့ ထွက်ပြေးသွားလေသည် ။ ( ၂ ) ငမိုး သည် ကျွန်တော့် ထက် အသက် ၆ နှစ်ခန့်ကြီးသည် ။ ကျွန်တော်ကျောင်းရောက်၍ ဆရာ ဦးသာလင်း၏ သူငယ်တန်းတွင် စာသင်နေချိန်ဝယ် ငမိုး သည် ဆရာ ဦးဘသန်း(ဦးရွှေထိုုက်) ၏ တတိယတန်းလောက်တွင် ရောက်နေပေပြီ ။ ငမိုး နှင့် ကျွန်တော် အသက်ချင်း ကွာခြားသလို စာသင်ရသော အတန်းလည်း ကွာခြား၏ ။ကျွ်တော်၏ ဝမ်းကွဲအကို ကြွက်ကဒိုး (ခေါ်)ကိုဘအေး ၊ ယခု ကျွန်တော့်ယောက်ဖ ကိုဘို ၊ ကိုဖိုးနီ စသော သူများသာ ငမိုးနှင့် တစ်တန်းထဲ စာသင်ကြရ၏ ။ငယ်ရွယ်စဉ် ကလေးဘဝက ဖြစ်၍ ရေးရေးသာ မှတ်မိတော့၏ ။ ငမိုး ကျောင်းအဆင်း အိမ်အပြန်တွင် လမ်းသွားရင်း လုံချည်ကျွတ်သွားက ပြန်၍မဝတ်၊ လုံချည်ကို ပုခုံးတွင် စွပ်၍ မည်သူ့မျှ စကားမပြောဘဲ ခပ်သုတ်သုတ်သွားသည်ကို မကြာခဏကြုံရ၏ ။ ကျွန်တော်တို့ ကျောင်းတွင် မျက်နှာကြီးကျောင်းသား အသိုက်အဝန်း ၂-စု ကွဲနေသည် ။ တစ်စုကို ယခုအခါ ကာယကံရှင်များ အထင်အရှားရှိ၍ ဖွင့်ဟ ရေးသားရန် မသင့် ။ ကျန်တစ်စုမှာ ငမိုး တို့ ညီအစ်ကိုစု ဖြစ်၏ ။ ကျောင်းအပြန်တွင် ဤကျောင်းသားစု ၂-စုသည် အမြဲတမ်းရန်ပွဲဆင်ရ၏။ တစ်စုနှင့်တစ်စု ပညာဂုဏ်ပြိုင်ဘက် ဖြစ်ကြ၍ လမ်းသွားရင်း ကျောင်းမှ သင်ပေးသော စာများကို ငြင်းခုံကြ၏ ။ ငြင်းခုံရာမှ လက်သီးချင်းထိုး ၊ ကျောက်သင်ပုန်းနှင့်ခုတ် ၊ ခဲနှင့်ထု စသည်ဖြင့် ကလေးတို့ဘာဝ လက်နက်မျိုးစုံ အသုံးပြုကြ၏ ။ထိုရန်ပွဲတွင် ကျွန်တော်တို့သည် ငမိုးတို့ဘက်မှ ပါဝင်ကြမြဲဖြစ်သည် ။ ထိုကျောင်းတော်က ရန်စသည် ငမိုး တို့ ကျွန်တော်တို့ လူရွယ်ပိုင်းရောက်၍လည်း အငွေ့နဲနဲရှိသေး၏ ။ ငမိုး သခင်ဘဝ ၊ နိုင်ငံရေးသမား ဘဝ အထိအငွေ့မစဲ ။ ငမိုး နှင့် ကျွန်တော်တို့ ပါတီကို ဘယ်တော့မှ အကောင်းမပြောကြပေ ။ နောက်ဆုံး ငမိုးသည် (ဗိုလ်ချုပ်အောင်ဆန်း) ဟု နာမည် တဟိုးဟိုးကျော်သည်အထိ ၎င်း ၊ ကျွန်တော်သည် ငမိုး၏ နောက်လိုက် အန္တေဝါသိက ဖြစ်နေချိန်အထိ၎င်း တစ်ဖက်မှ အကောင်းပြောခြင်းကို မခံကြရ ။ “ ဒီကောင်တွေ အင်္ဂလိပ်ပြန်လာရင် ထောင်ထဲနေရမယ့် ကောင်တွေပါကွာ ” ဟု အပြောခံကြရသေး၏ ။ ကျွန်တော်တို့ ၊ ငမိုး တို့မှာ တိုင်းပြည်လွတ်လပ်ရေးရရန် တာဝန်အထပ်အပိုးကြီးကို ရင်ခွင်တွင်ပိုက်၍ အများတကာ နှင့်ပူးတွဲ ဆောင်ရွက်နေရသဖြင့် ထိုကျောင်းတော်က ကိစ္စများကို ခေါင်းထဲ မထားနိုင် ၊ ရင်ထဲလည်း မထားနိုင် ။ ဂျပန်ခေတ် (စိတ်အထင် ၁၉၄၄- ခု နိုဝင်ဘာလ) စစ်ဝန်ကြီး နှင့် စစ်သေနာပတိအဖြစ် ကန်တော်ကြီး ပတ်လမ်း ( ယခု နတ်မောက်လမ်း)၌ နေထိုင်သောအခါ ကျွန်တော်သည် သူနှင့်အတူနေရ၏ ။ ထိုအခါက အလုုပ်အလွန်များနေသည့်ကြားမှ တစ်ခါတစ်ခါ နေရပ် ဇာတိအကြောင်း ပြန်ပြောင်းပြောမိကြ၏ ။ “ (……) ဘာလုပ်နေသတဲ့လဲကွ …” “ဒီလူ ကုန်သည်လုပ်နေတယ် ကြားရတာဘဲ ..” “ အာရှလူငယ်ထဲ မပါဘူးတဲ့လား …….” “ ပါတယ် မကြားမိပါဘူး ….” ငမိုး သည် စာပွဲတွင် လက်ချောင်းကလေးများကို တင်ထားပြီး ဗုံတီးသလို တီးလိုက်သေး၏ ။ ပြီးနောက်ငြိမ်နေလေသည် ။ ငြိမ်နေပြီးမှ ပြော၏ ။“ ဒီကောင် ခက်တော့တာဘဲ ၊ လူတော့ လူကောင်းဘဲ ။ အရည်အချင်းလဲ အသင့်သား ၊ ကြွားတတ်တာ ဆိုးတယ် ….” ဤကား သူ့အား တစ်ဘဝတာလုံး အကောင်း ဟူ၍တစ်ခွန်းမပြောသော သူ၏ ကျောင်းနေဘက် အပေါ်တွင် ထားရှိသော သဘောထားပင်တည်း ။ ငမိုး ၏ဖြူစင်တိကျသော သဘောထားကို ကျွန်တော်သည် ရုတ်ချည်းသိ ထိမိပြီး အံ့အားသင့်သွားခဲ့ရ၏ ။ သူ့ သူငယ်ချင်းအပေါ်တွင် ကြင်နာပြီး သူမြှော်မှန်းသလို မဟုတ်သောကြောင့် ရှုတ်ချခဲ့ခြင်းကား မပြုပေ ။ ငမိုး သည် စိတ်ထားကြီးမားပေသည် ။ ( ၃ ) ၁၉၂၉- ခုနှစ် ။ ငမိုး စတုတ္ထတန်း အောင်မြင်ပြီး သောအခါ ၊ အင်္ဂလိပ်ကျောင်းသို့ပြောင်းသွား၏ ။ အင်္ဂလိပ်ကျောင်း ဆိုသည်မှာ ရေနံချောင်း နေရှင်နယ်ကျောင်းကို ဆ ိုလို၏ ။ အဲဒီခေတ်တုန်းက အင်္ဂလိပ်ကျောင်းကို တော်ရုံ တန်ရုံ ကျောင်းသားများ သွားပြီး ပညာမသင်နိုင်၊ မိဘ ၊ ဦးလေးသားချင်းများတွင် ငွေကြေးတတ်နိုင်မှသာ အင်္ဂလိပ်ကျောင်းသို့ ရောက်နိုင်၏ ။ ငမိုး ၏ မိဘများမှာ ငွေစ, ရှိသူများဖြစ်သည် ။ ငမိုး အင်္ဂလိပ် ကျောင်းရောက်သွားပြီး ကျွန်တော်တို့မှာ မြန်မာကျောင်းတွင် ကျန်ရစ်ခဲ့သည် ။ ဤတွင် ငမိုး နှင့် ကျွန်တော်တို့ အနေဝေး၍ သွား၏ ။ ဒီလို ….ဒီလို နှင့် ကျွန်တော်တို့ အိမ်အရှေ့ဘက်က ဧကရာဇ် ပင်ကလေးသည် ဧကရာဇ်ပင်ကြီး ဖြစ်လာ၏ ။ ကျွန်တော့်အစ်ကို ဝမ်းကွဲ ကြွက်ကဒိုး သည် ငယ်နာမည်ပျောက်၍ ဘအေးဖြစ်လာပြီး မိန်မပင် ရနေ၏ ။ ကျွန်တော်လည်း နှာရည်တွဲလောင်းနှင့် ကလေးဘဝမှ လူပျိုပေါက် အရွယ်ကဖြစ်လာ၏ ။ ငမိုး သည်လည်း ကောလိပ်ကျောင်းသားကြီး ဖြစ်သွားပေပြီ ။ အဲဒီ ခေတ်က ကျွန်တော်တို့မြို့မှ ကောလိပ်ကျောင်းတွင် ပညာသင်နေသူ လေးငါးဦးရှိမည် ။ အခြားသူများက တမူ ၊ ငမိုးက တဘာသာ ။ ကျွန်တော်မည်သူ့မျှ ထိခိုက်စေလိုသော စေတနာ မထားပါ ။ အချို့ ကောလိပ်ကျောင်းသားကြီးများ နွေဥတု ကျောင်းပိတ်အိမ်ပြန်လာရာတွင် “ဘယ်နေ့ ရောက်မည် ၊ ဘူတာက ကြိုပါ ” ဟု အိမ်သို့ သံကြိုးရိုက်ထားလေ့ ရှိကြ၏ ။ နတ်မောက်သည် တောမြို့ကလေးဖြစ်၍ မော်တော်ကား နတ္ထိ ၊ လှည်းယဉ်များသာ အသုံးပြုကြရ၏ ။ ဘူတာနှင့် မြို့စပ်ကြားတွင် “ယင်းဘာသာ ကွင်းညာက ရှုလိုက်တော့ ” ဟူသော ဦးကြော့လေးချိုးတွင် ပါသည့် ယင်းချောင်းကြီးက ခြားထား၏ ။ မိုးရာသီတွင် ရေရှိ၍ နွေရာသီတွင် ရေမရှိ ။ သဲများပြည့်နေ၏ ။ သံကြိုးစား ရသည့် သက်ဆိုင်ရာများက ကောလိမ်ကျောင်းသားကြီးတွေကို လှည်းယဉ်နှင့် သွားကြိုရ၏ ။လှည်းယဉ်ဆိုပေမယ့် မခေလှ ။ နှီးပေါင်းမိုးတွင် နံဘေး – ဝဲယာ နှစ်ဖက်၌ ပြူတင်းပေါက်ပါပြီး ခန်းဆီးတပ်ထားကြ၏ ။ လှည်းဆောင့်သောအခါ ဖင်မနာအောင် မွှေ့ရာခင်းထား၏ ။ နွားတွင် ခြူကုံးတွေ တချွင်ချွင်နှင့် စိတ်ကြီးဝင်စရာ သိပ်ကောင်း၏ ။ ရထားက အဆင်း မြို့ထဲအဝင် ၌ တစ်စောင် တစ်မူးပေးရသော (ရန်ကုန်ဂေဇက်) အင်္ဂလိပ်သတင်းစာကြီးကို လှည်းနံရံ ခြေကန်ဖတ်ရင်း လိုုက်ပါလာလျှင်၊ ကောလိပ်ကျောင်းသား ပြန်လာပြီဟု သိကြရ၏ ။ ငမိုး ကား အာဂ ငမိုး ။ သူ နွေကျောင်းပိတ် အိမ်ပြန်လာလျှင် သံကြိုးလဲမရိုုက် ၊ ဘယ်သူ့မှလဲ အကြိုမခိုင်း ။ အိပ်ရာလိပ်နှင့် သေတ္တာကို လှည်းကြုံနှင့် ငါးမူးပေးပြီး တင်လွှတ်လိုက်တတ်၏ ။ ရန်ကုန် ရထားဆိုက်သော နေ့ခင်း ( ၂ ) နာရီနေပူပူထဲတွင် ဦးထုပ်မပါ ၊ ဖိနပ်မပါ ယင်းချောင်းကို ဖြတ်ကူးလာတတ်၏ ။ ချည်လုံကွင်း မီးလောင်ပေါက်နှင့် မြို့အရှေ့ဘက်က မြောင်းဘောင်အတိုင်း လျှောက်၏ ။ ထိုကမှ မြို့ထဲပတ်ဝင်၍အိမ်သို့သွား၏ ။ တစ်ခါတစ်လေ စပါးလှေ့ နေသော လူသိုက်ထဲ ဘာမျှမပြော ဝင်ထိုင်၏ ။ မောမောနှင့် ရေနွေးကြမ်းနှစ်ခွက် သုံးခွက် ငှဲ့သောက်ပြီး တန်း,ထ,သွားသည်။ နေ ပူပူ ခြေလျှင်ပြန်လာရာ တစ်ခါက ကျွန်တော်တို့ လူငယ်တစ်စု လယ်ကွင်းရေစပ်တွင် စာဝရီးငှက်ကလေးများကို ဂွလေးနဲ့ လိုက်ပစ်နေစဉ် ကြုံဘူး၏ ။ ကျွနတော်တို့က နှုတ်ဆက်၏။ သူကမကြား ၊ တစ်ယောက်ထဲ လက်သီးဆုပ် အံကြိတ်ပြီး စကားပြောသွားသည်။ ဘာပြောတာမှန်းလဲမသိ ။ (စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်း ဘဝတုန်းက အဲဒီ ရှုကွင်းကို ကျွန်တော်က ပြန်ပြော၏ ။ “အဲဒီတုန်းက ကျွန်တော်တို့က ခင်ဗျား စိတ်နောက်နေတယ် ထင်ကြတာ” ဟု ပြောရာ ငမိုး ကဘာမျှ ပြန်မပြော ၊ ဟက်ဟက်ပက်ပက် သာ ရယ်လေ၏ ။) ၁၉၃၆-ခုနှစ် ကျောင်းသား သပိတ်ဖြစ်စဉ် ငမိုး သည် နာမည်ထွက်လာ၏ ။ ငမိုး ကမျိုးချစ်စိတ်ဝင်စား၏ ။ အမျိုးသားလှုပ်ရှားမှုတွေတွင်ပါဝင်နေ၏ ။ နေရပ်ရှိ သခင်ဗဉာဏ် ၊ ကိုသံချောင်း ၊ ကိုဘို ၊ ထွန်းရှိန် ၊ မောက်ညွန့် ၊ ကျွန်တော်တို့ လူသိုုက်သည် ငမိုး လမ်းစဉ်ကို လိုက်ကြရင်း သတင်းထောက် ဘဝ နှင့် နယ်အရာရှိဆိုးတွေ နှက်သူက နှက်၏ ။ သခင်လုပ်ငန်း ၊ ကျောင်းသား သမဂ္ဂလုပ်ငန်းတွေ လုပ်သူတွေက လုပ်ကြ၏ ။ နဂါးနီ စာအုပ်တွေဖတ်ပြီး ဆွေးနွေးကြ၏ ။ ငမိုး အစွဲကား ပြင်းထန်၏ ။ ငမိုး နွေကျောင်းပိတ် ပြန်အလာ မျှော်ရင်း သူပြန်လာလျှင် တက္ကသိုလ်မဂ္ဂဇင်း ၊ ဒီးဒုတ်ဂျာနယ်၊ ဘားမားဂျာနယ် စသော စာအုပ်များပါလာလေ့ ရှိ၏ ။ကျွန်တော်တို့က ယူပြီးဖတ်၏ ။အချို့ အိမ်နီးနားချင်းများ နေ့ခင်း နွားစာပြောင်းရိုးစဉ်းနေစဉ်သွား ပြီးဖတ်ပြ၏ ။ ကျွန်တော်တို့က ဒီလိုလုပ်နေစဉ် ငမိုး က ညလသာသာ ရွာထဲမှ ကလေးတွေစု ပဲကြီးလှော်ဝေပေးပြီး ဒို့ဗမာ သီချင်း သင်ပေး၏ ။ ဤနည်းဖြင့် ကျွန်တော်တို့မြို့ရှိ လူငယ်တစ်တွေမှာ ဟိုခေတ်က လူကြီးများအခေါ်အရ ဝံသာနု ၊ ထောင်စာကလေးတွေ ၊ သူပုန်ကလေးတွေဖြစ်လေကုန်၏ ။ ၃၈- ခုနှစ်တွင် ကျွန်တော် ၊ မောက်ညွန့် ၊ ထွန်းရှိ်န်တို့သည် ကျောင်းသား သမဂ္ဂ ခေါင်းဆောင်များဖြစ်၏ ။ ငမိုး ခေတ္တပြန်လာ၏ ။ ကျွန်တော်တို့ကျောင်းသားတွေ ထကြွလှုပ်ရှား သည်ကို သူကျေနပ်၍နေသည် ။ ကျောင်းသားသပိတ်ဖြစ်ပြီး ကိုအောင်ကျော်ကျဆုံး၏ ။ ရန်ကုန်သမဂ္ဂ သံကြိုးရလျှင် ရခြင်း ငမိုး ထံသွား၍ ပြောပြရာ ငိုင်နေ၏ ။ နောက် ကျောင်းသားသမဂ္ဂ အစည်းအဝေးကျင်းပရာ သာသနာ့ဟိတ စာကြည့်တိုက် သို့ လိုုက်လာ၏ ။နေ့ခင်း ၁-နာရီခန့်ရှိပြီ ၊ ဦးထုပ်မပါဘဲ လိုက်လာ၏ ။ ကျောင်းသားအစည်းအဝေးတွင် စကားပြော၏ ။ နာရီဝက်ခန့်ပြော၍ လုပ်ငန်းစဉ်ချပေးပြီး သူ၏ အိမ်သို့ နေပူကြီးထဲ၌ပင် ပြန်သွား၏ ။ အံဩဘို့ကောင်း၏ ။ တစ်ခါတုန်းက တစ်နေ့-နေ့ခင်း မြို့လယ်ရှိ ကိုအီကွမ်း၏ တရုတ်လဘက်ရည်ဆိုင်တွင် ငမိုး ရောက်နေ၏ ။ ငမိုး ၏ ပတ်ပတ်လည်တွင် လူစည်ကား၍နေ၏ ။ အလပ္ပါယ်ဆရာ ကိုညို ၊ ဘိန်းစား ကိုကွက်ကြီး ၊ ဘိန်းစား ကိုဘထွန်း ၊ ဆိုင်းဆရာ ကိုရေချမ်း ၊ ကိုစို့ကြီး ၊ ကိုရေအေး စသော ပရိသတ်များရှိ၏ ။ ကျောက်စားပွဲတွင် ရေနွေးကြမ်းကရား တင်ပြီး ထိုလူသိုက်နှင့် ဒို့ဗမာ အစည်းအရုံးအကြောင်း၊ ကျောင်းသား သမဂ္ဂအကြောင်းတွေ ဆွေးနွေးနေ၏ ။ ကိုဘကွမ်း ၊နဘိ-ကိုလှဖေ ၊ သံရောင်-ထွန်းရှိန် ၊ဘိုနက် ၊ဘခွေးနှင့် ကျွန်တော်တို့လည်း ဆံပင်ညှပ်ဆိုင်တွင် ရေနွေးကြမ်း စုသောက်နေရာမှ သူ့အသံကြား၍ ထ,လာခဲ့ကြခြင်းဖြစ်၏ ။ ငမိုး က မျိုးချစ်စိတ်ရှိရန်နှင့် အင်္ဂလိပ်မကောင်းကြောင်းများ ပြော၏ ။ ဘိန်းစား ၊ အရက်သမား ၊ ကြက်သမားများမှာ သူတို့၏ လုပ်ငန်းတွင် မဖြတ်နိုင်ဘဲ စွဲလမ်းနေသူများဖြစ်၏ ။ သူတို့သည် သူတို့၏ လုပ်ငန်းများမှလွဲ၍ တစ်ခြားဘာကိုမျှ စိတ်ပါဝင်စားသူများ မဟုတ်ကြ ။ သူတို့အား မျိုးချစ်စိတ်ထားရှိရန် တရားဟောသူသည် ဘာမျှမြှော်လင့်ချက် ထားရန်မရှိ ။ သို့သော် ………ငမိုး နတ်မောက်မှ ရန်ကုန်သို့ ပြန်သွားသောအခါ၌ ထိုလူတစ်စုသည် သတင်းစာဖတ်သူကဖတ်၍ သခင်အကြောင်း ၊ ကျောင်းသားအကြောင်း များကို အရက်ဆိုင် ၊ ဘိန်းခန်း ၊ ကြက်ပွဲများတွင် ဆွေးနွေးကြသည်အထိ ဖြစ်သွား၏ ။ အံ့ဖွယ် စည်းရုံးရေးပါတကား ။ ( ၄ ) အများသိကြသည့် အတိုင်း ငမိုး ဂျပန်သို့သွား၏ ၊ ပြန်လာ၏ ၊ ဗိုလ်တေဇဖြစ်လာ၏ ။ အဲဒီ (ဘီအိုင်အေ) တွင် ကျွန်တော် ဒုက္ခလှလှကြီးတွေ့ရ၏ ။ ထိုစဉ်က ကျွန်တော်သည် ဟင်္သတ ဗိုလ်ဗသိန်းတပ်မှ တဆင့် ဗိုလ်မှူးရန်နိုင်၏ တပ်မဟာတွင် ရောက်ရှိနေ၏ ။ တပ်စခန်းမှာ မန္တလေး ဆပ်ပါးမိုင်းနားစ်တွင်ဖြစ်၏ ။ တပ်စခန်းထဲတွင် စိန်ပန်းပွင့် နီနီရဲရဲတွေက ယခုရုံးစာရေး မမကလေးတို့၏ နှုတ်ခမ်းလို နီရဲ၍နေ၏ ။ အရှေ့ဘက်တွင်ကား စေတီပုထိုး ၊ ဂူကျောင်း ဇရပ်တို့ဖြင့် ပြည့်နှက်နေသော မန္တလေးတောင်တည်ရှိ၏ ။ အချိ်န်အခါကား (ဘီအိုင်အေ) ကိုဖျက်သိမ်း၍ (ဘီ-ဒီ-အေ)သို့ အပြောင်းအလွှဲ ကာလဖြစ်၏ ။(ဘီအိုင်အေ)တွင် ပါလာသော တပ်ဗိုလ်များအား ၊ အချို့ကို တိုက်ရိုက် ကော်မရှင်ရာထူးပေး၍ ၊ ကျန်အချို့ကို မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းသို့ ရွေးချယ်တက်ရောက်စေရမည်ဖြစ်၏ ။ တစ်ညနေခင်း၌ ကျွန်တော်၏ အိမ်သို့ ဗိုလ်မှူး ရန်နိုင်ထံမှ ဆက်သားရဲဘော်ရောက်လာ၏ ။ တစ်ခါထဲလိုက်ခဲ့ပါဟု မှာကြောင်းပြော၏ ။ဘုမသိ ဘမသိ လုံကွင်းနှင့်ပင် ထ,၍လိုက်သွား၏ ။တပ်စခန်းမြောက်နားရှိ ဗိုလ်မှူး ရန်နိုင်အိမ် အပေါ်ထပ် ၊ အရှေ့ဘက်ခန်းသို့ ရောက်သွား၏ ။ ထိုအခန်းထဲ၌ ဗိုလ်မှူးရန်နိုင် ၊ဗိုလ်ချုပ်နေဝင်း ၊ဗိုလ်မှူးဇေယျ နှင့် အခြား ကျွန်တော်မသိခဲ့ဘူးသော ဗိုလ်မှူး နှစ်ဦးတို့ စု ထိုင်ပြီး စကားပြောနေကြ၏ ။ ကျွန်တော့်အား ဖေါ်ဖေါ်ရွေရွေ နှုတ်ဆက်ကြ၏ ။ ဗိုလ်မှူး ရန်နိုင်က ထိုသူတို့နှင့် မတ်ဆက်ပေး၏ ။ ဗိုလ်မှူးရန်နိုင်က ထုံးစံအတိုင်း ပြုံး၍ပြော၏ ။ “ ခင်ဗျား တပ်က ထွက်မယ် ကြံသေးသလား ” “ ဟာ….ဘယ်ထွက်ရမှာလဲ ကျွန်တော် ဆက်လုပ်မှာပါ ” “ ခင်ဗျားကို ကျွန်တော်တို့က ဒါရိုက်အပွိုင့်မင့် ပေးဘို့ စီစဉ်ထားတာဗျ ” ကျွန်တော် ဘာမျှ ပြန်မပြော ၊ အားလုံးက ကျွန်တော့်ကို အားနာသော အကြည့် ၊ ကြင်နာသောအကြည့်ဖြင့် ကြည့်နေ၏ ။ ဗိုလ်မှူးရန်နိင်ကသာ စကားဆက်ပြော၏ ။ “ ဒါပေမယ့် ကျွန်တော်တို့ အစီအစဉ်အတိုင်းတော့ မဖြစ်ဖူး ။ ဒီစာသာ ဖတ်ကြည့်ပါဗျာ ” ဟု စာရွက်တစ်ရွက်ကို ပေး၏ ။ မင်နီနှင့်ရေးထား၏ ။ စာ၏ ဆိုလိုရင်းမှာ “ နတ်မောက်မှ လာသော သခင်ဘုန်းကျော် ဆိုသူ ကျောင်းသားခေါင်းဆောင် တစ်ယောက်ရှိသည် ။ဟင်္သတ ဗိုလ်ဗသိမ်းတပ်ထဲပါသွားသည် ။ သူ့ကိုရှာပါ ။ တိုက်ရိုက်ရာထူး စာရင်းတွင်မထည့်နှင့် ” ဟူသတည်း ။ အောက်တွင် ( ဗိုလ်တေဇ ) ဟုလက်မှတ်ထိုးထား၏ ။ ကျွန်တော်က စာရွက်ကို ခေါက်၍ ပြန်ပေးလိုက်၏ ။ ဗိုလ်မှူးရန်နိုင်သည် စာရွက်ကို ပြန်ယူရင်း မေး၏ ။ “ ဘယ်လို သဘောရသလဲ ” “သူ့ စာအတိုင်းပေါ့ ၊ ဘာဘဲဖြစ်ဖြစ် ကျွန်တော်ကတော့ တပ်ထဲ ဆက်ပါမှာဘဲ ” ဗိုလ်မှူး ရန်နိုင်က ဝမ်းသာအားရ လက်ဆွဲနှုတ်ဆက်၏ ။ အားလုံးက လက်ခုပ်တီးလိုက်ကြလေသည် ။ ဒီနေရာ၌ ငမိုး ၏ စာသည် တိုတိုနှင့်ထိသည် ။ တစ်မြို့ထဲသားချင်း ၊ လူရင်းပင်ဖြစ်သော်လည်း မျက်နှာသာမပေး ။ တိုက်ရိုက်ရာထူးစာရင်းတွင် မပေးစေရ ။ ကျွန်တော်တို့ အပေါ်အခွင့်အရေး မပေး၍ ကျွန်တော်က စိတ်မဆိုး ။ ငမိုး ၏ ဓတ်ကြောကိုသိပြီးဖြစ်၏ ။ အမေစု၏ လယ်ပေါင် ၊ ယာပေါင် စာချုပ်များကို တိတ်တိတ်ယူ၍ မီးရှို့ခဲ့သော ငမိုး ။ အမေ့ ပစ္စည်းတောင်မှ လမ်းမကျဘူး ထင်လျှင် လမ်းကျအောင် ဇွတ်လုတ်တဲ့ ငမိုး ၊ ငမိုး တွင်မျက်နှာစိမ်း ၊ မျက်နှာကျက် ဟူ၍ ခွဲခြားခြင်း မရှိ ။ တည့်မတ်လိုက်သည်မှာ ချိန်ခွင်လျှာလို ဖြစ်နေ၏ ။ မောင်မင်းကြီးသားက တည့်မတ်ပါ၏ ။ ကျွန်တော့်တွင်ကား မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းတွင် ၉-လ လုံးလုံးဂျပန်၏ ပါးအရိုက်ခံ၍ ပဲပင်ပေါက် ရေလုံပြုတ်ကို စားကာ စစ်ပညာသင်ခဲ့ရ၏ ။ ဒူးနှင့်တတောင်ဆစ်တို့မှာ ကျွဲပခုံးထနေ၏ ။ မချိမဆံ့ပင်ပန်း၍ လှလှကြီးဒုက္ခတွေ့ခဲ့ရ၏ ။ တနင်္ဂနွေနေ့တစ်နေ့တွင် စစ်ကျောင်းအားလပ်၍ သူ့ထံ သွားတွေ့၏ ။ မန္တလေးတွင် ဖတ်ခဲ့ရသော စာနီရဲ အကြောင်း ပြောပြသောအခါ ငမိုး ကမျက်လုံးစောင်း၍ကြည့်၏ ။ ပြီးတော့ တစ်ခွန်းခြင်းပြောပြ၏ ။ “ မင်းကို တိုက်ရိုက်ပေးရင် ဘဝင် မြင့်သွားမှာစိုးလို့ကွ ။ ကျောင်းတက်ပြီးမှ ကော်မရှင်ရတော့ ဘယ်သူက ဘာမှ ပြောစရာမလိုဘူး” ကျွန်တော့်မှာ သင်တန်းတွင် မိကျောင်းသွား တက်ရ၍ ရရှိခဲ့သော ဒူးက အမာရွတ်ကိုသာ လက်နဲ့အသာ ပွတ်နေ၏ ။ သူ့ကိုပြန်မပြောရဲ ။ ။ ( ၅ ) မင်္ဂလာဒုံ စစ်ကျောင်းမှ ဆင်းပြီး ၂-နှစ်ခန့် အကြာတွင် ကျွန်တော်သည် ငမိုး ထံရောက်သွား၏ ။ သူ၏ ကိုယ်ရံတော် အဖြစ်နေရ၏ ။ သူနှင့်တော်လှန်ရေး မထွက်မီ ၃-ရက်ခန့်အလိုအထိ အတူနေခဲ့ရ၏ ။ တော်လှန်ရေးအပြီး ကျွန်တော့်အား နိုင်ငံခြားလွွှှတ်ရန် အစီအစဉ်များအတွက် မြူနီစီပယ် စာရင်းကိုင်ချုပ်ဟောင်း (ဗိုလ်မှူးထွေးမောင်) ကို တာဝန်ပေးထား၏ ။ ကျွန်တော့်ကိုလည်း ပြောထား၏ ။ ကျွန်တော်က မနေ ၊ နိုင်ငံရေးထဲ ဝဲလည်ရန် တပ်မတော် လူထွက်များနှင့် ဆွေးနွေးပြီး နတ်မောက်သို့ပြန်သွား၏ ။ ထိုသောအခါ ငမိုးသည် ကျွန်တော့်အား “ ငါ ” ကိုင်၍ ကြမ်းဝါးသည် ဟူ၏ ။ ရန်ကုန်သို့ လာရင်း သူ့ထံသွား၏ ။ ကျွန်တော့်အား အစဦးတွင် စိတ်ဆိုးလွန်း၍ စကားမပြော ။ ကျွန်တော်က ဇွတ်ပြော၏ ။ ဒီလိုနဲ့ သူစိတ်ပြေသွားသည် ။ ကျွန်တော်လည်း သူ့ဝါဒကို နာခံကာ မြို့မှ နေ၍ ဆောင်ရွက်ပေး၏ ။ သူ ဒုတိယဘုရင်ခံဖြစ်ချိန် ရွေးကောက်ပွဲအတွက် တရားဟောရင်း နတ်မောက်ရောက်လာ၏ ။ သူ့ထံတွင် လာနေရန် အတန်တန်ခေါ်၏ ။ ကျွန်တော်က ငြင်း၏ ။ နောက်ဆုံး (အမေစု) ကကြားဝင် ဖြန်၏ ။ “ ကဲ …မင်း ခဏခေါ်ချင်လဲ ခေါ်သွား ၊ မြို့မှာ ကောင်ကလေးမရှိမဖြစ်ဘူး ။ တစ်လ နှစ်လနေပီး ပြန်ပို့ ” နှင့် နိဌိတံကြ၏ ။ သူနှင့် ရန်ကုန်ုလိုုက်လာရပြန်၏ ။ အတူနေရမည်ဟု ဇွတ်ကြမ်းမောင်းနေ၏ ။ ကျွန်တော်က …အင်းလဲမလှုပ် ၊ အဲလဲမလှုပ် ၊သူ တောင်ငူသို့ ရွေးကောက်ပွဲအတွက် ခဏသွားနေစဉ် ကျွန်တော်လည်း နတ်မောက်သို့ ပြန်၍ လစ်လာခဲ့၏ ။ မြို့က လူကြီးတွေက ပူပန်ကြ၏ ။ “အမယ်လေးဗျာ ….မပူကြစမ်းပါနဲ့ ။ သူ့မှာ စောင့်ရှောက်မဲ့လူတွေ တပုံကြီးရှိပါတယ် ။ ဘာမှလဲ စိုးရိမ်စရာမရှိပါဘူး” ဟု ကျွန်တော်က ပြောရ၏ ။ သို့သော် ကျွန်တော်ပြန်လာလို့ ၃-လ မကြာခင် ငမိုး သေနတ်ပစ်ခံရလေသည် ။ အရပ်က လူကြီးတွေက ကျွန်တော့်ကို ဆဲကြ ၊ ဆူကြ၏ ။ “ မင်းပြောတဲ့ တစ်ပုံကြီး ဆိုတာ ဘယ်မှာလည်းဟ -ခွေးမသားလေးရ ” ဟု ငိုရင်း ဆဲကြ၏ ။ ကျွန်တော်လည်း ထိုင်မှိုင် ရုံက လွဲ၍ ဘာမျှမကြံတတ် ။ ငိုတဲ့လူတွေက ငို ကြ ၊ ဝမ်းသာတဲ့လူကလဲ ဝမ်းသာ ၊ နောက်ဆုံး ငမိုး ခမျာ အာဇာနည်ကုန်းတွင် သွားအိပ်နေရရှာ၏ ။ သူ အာဇာနည်ကုန်းရောက်တာ ၉-နှစ်လောက်ရှိပြီထင်သည် ။ ဒီလိုနဲ့ဘဲ လူတွေက ( ငမိုး )သေပြီပြောကြသည် ။ အမှန်ကား ငမိုး မသေသေးပါ ။ တပ်မတော်မော်ကွန်းတိုုက် ပြခန်းတွင် အသက်ရှင်လျှက် ရှိသေး၏ ။ ( ၆ ) ကို ငမိုး ကစီးကရက်မီးခိုးကြားထဲမှ နေ၍ စကားပြောသည် ။ “ မင်းက ဒီမှာ ဘာလာလုပ်နေတာလဲ ” “ ပေါင်းဟောင်း ၊ သင်းဟောင်း ရဲဘော်ကြီးတွေက ခေါ်လို့ လာခဲ့တာဘဲ ၊ တပ်မတော် သမိုင်း ရေးရမယ် ပြောတာဘဲ ” “ဘာ …..မင်းတို့က ရေးမယ် ….” “ ဟုတ်ပါတယ် …ရေးကြမယ် ….၊ ကျွန်တော်တို့မှ မရေး ၊ ဘယ်သူက လာရေးမှာလဲ ” “ အေး ……ရေးတော့ရေးပေါ့ ၊ ငါ တစ်သက်လုံး လုပ်လာခဲ့တာကို မင်းတို့က , ကလောင်တစ်ချောင်းနဲ့ များတော့ မဖျက်ဆီးလိုက်ပါနဲ့ ။ ဗိုလ်ချုပ်လမ်းစဉ်, ဗိုလ်ချုပ်လမ်းစဉ် ဆိုပြီး ငါ့နံမယ် ရောင်းစားနေရင် မကောင်းဘူး ” “ ကျွန်တော်တို့ကတော့ ရောင်းမစားခဲ့ပါဘူးဗျာ ၊ ဘုရားပေးပေး ကျမ်းပေးပေး …” “ ဟော ….မင်းစကားထဲမှာ ကျွန်တော်တို့ကတော့ ဆိုတာ ပါလာတယ် ။ ကျွန်တော်တို့က မရောင်း ၊ တစ်ခြား လူတွေက တော့ ရောင်းစားသလိုပဲ ပြောစမ်း ၊ ဘသူတွေက ရောင်းစားသလဲ ” “ကို ငမိုး သည် ဒေါသတကြီး ဝသီအတိုင်း မှန်ဘီရို မျက်နှာပြင်ကို လက်သီးနှင့်ထု၏ ။ ပါးစပ်ကလည်း သူသိလိုသော အရာကို ထပ်ကာထပ်ကာ မေးနေ၏ ။ ကျွန်တော်စကားပြောမလည်ပတ်၍ ကျွန်တော့်စကားနှင့် ကျွန်တော့်ကို ပြန်အချည်ခံနေရ၏ ။ ဩော ….ကို ငမိုး- ကို ငမိုး ၊ လောကကြီးထဲ မဲမဲ မြင်တိုင်းကြောက်နေရသော ကျွန်တော့်ဘဝကို သူမသိ ။ ကျွန်တော် ခင်ဗျားကို အကုန်ဘဲ ဖွင့်ပြောချင်ပါသည် ကို ငမိုး ။ ဒါပေမသည့် မပြောရဲပါ ။ “ ဟေ့ ကောင် …..ငါ မေးနေတာ မကြားဘူးလား …” “ ကြားပါတယ် ၊ ဒါတော့ မပြောပါရစေနဲ့ ၊ ခင်ဗျား ကျွန်တော့်ကို သနားရင် ဒါတော့မမေးပါနဲ့ဗျာ ….” “ ငါ မေးတာသာ ဖြေစမ်းပါကွာ ….မြန်မြန်ဖြေစမ်း ” ကျွန်တော့်မှာ ကိုငမိုးကို အသေအလဲကြောက်ရသူဖြစ်သည် ။ ဒီ့အပြင် မဲမဲမြင်တိုင်း ကြောက်နေရသူလည်းဖြစ်သည် ။ မဖြေလဲခက် ၊ ဖြေလဲခက် ။ ဤနေရာတွင် ကျွန်တော်တစ်ဦးတည်း လူမိုက် လုပ်လို့ဟန်ပုံမရ ။ နီးစပ်ရာ တွေကို သူခိုး သေဖော်ညှိပြီးမှ ဖြေမည် ။၏ “ ကျွန်တော်က တောမှာနေခဲ့ရတော့ သိပ်ပြီး မသိပါဘူး ၊ ရန်ကုန်မှာ အမြဲနေတဲ့ ဆရာဇဝန တို့ ၊ ဆရာ မောင်ထင်တို့ ၊ မြန်မာ့အလင်းက သာကဒိုး တို့က ကျွန်တော့်ထက် ပိုပြီး သိပါတယ် ။ သူတို့ကို မေးပါ ။ သူတို့ဖြေပါလိမ့်မယ် ” “ ဒါဖြင့် ဒီလူတွေ ပြောလိုက် ၊ ငါ့နံမယ် ဘသူတွေရောင်းစားတယ်ဆိုတာ ငါ့ဆီလာပြောလှည့်လို့ ” “ ဟုတ်ကဲ့ ….ပြောလိုက်ပါ့မယ် ” ကဲ ….ဆရာတို့ ၊ ခင်ဗျားတို့ ကြားတဲ့အတိုင်းဘဲ ၊ ကြည့်သာပြောကြပေတော့ ။ အဲဒီတာဝန် ခင်ဗျားတို့ဖြေပြီးမှ ကျွန်တော်ဆက်ပြီးဖြေမည် ။ “ ငါ သဲ့သဲ့ သတင်းကြားပါတယ် ။ မင်းက ငါ့အထုပ္ပတ္တိ ရေးတယ်ဆို ” “ ကျွန်တော် တစ်ဦးတည်း မဟုတ်ပါဘူး ၊ ဗိုလ်မှူး ဘိုရယ် ၊ ကိုမေအောင်ရယ် ၊ ကျွန်တော်ရယ် ရေးတာ ။ စုထုတ်တာပါ ။ တစ်ခြား စာရေးဆရာတွေလဲ ပါ,ပါတယ် ။ “ အေး …အိနိ္ဒယမှာ ဂန္ဒီသေပြီး ၇-ရက်မှ မရှိသေးဘူး ဂန္ဒီအထုပ္ပတ္တိ ထွက်လာတာဘဲ ။ ချီးမွမ်းသကွာ ” “ အချီးမွမ်း မစောပါနဲ့ ကိုငမိုး ။ ဒီစာအုပ်ကလေးဖြစ်အောင် ဘယ်အထိ အငေါက်အငမ်း ၊ အကြမ်းအမောင်းသောက်မြင်ကပ်ခံခဲ့ရတာတွေကိုသာ ခင်ဗျားသိရင် ဟောဒီ မှန်ဘီရိုကွဲလိမ့်ဦးမည် ထင်သည် ။ ဒါတောင်မှ ….အထုပ္ပတ္တိ ဆိုလို့သာ အထုပ္ပတ္တိ လိုက်ရတာ …မိုးကြိုးပစ် ကြိမ်ပြောရမဲ့ အထုပ္ပတ္တိပါ ။ ဒါကလေး ရေးတုန်းက အဖြစ်တွေ ခင်ဗျား မသိဘူး ။ ခင်ဗျားသူငယ်ချင်း လုပ်ဖော် ကိုင်ဘက်တွေဆီ သွားမေး ၊ မှတ်တမ်းကလေးတင်တာတောင်မှ ခင်ဗျားလူတွေက ဘာပြောတယ် ထင်သလဲ ၊ “ မင်းဘဲ မမောမပန်း ဒုက္ခရှာလို့ ”ဟု ငေါက်လွှတ်လိုက်တာတွေ ခင်ဗျား မသိဘူး ။ အဲဒီလို စေတနာထားကြမှ “ အော် ….ငါလဲ မိုက်လို့ လုပ်မိသကိုး ” လို့ ကိုယ့်ကိုယ်ကိုယ် တရားချပြီး ပထမ တွဲနဲ့ဘဲ ဘရိတ်အုပ်ထားရတာ ခင်ဗျားမသိဘူး ။ ပြောပြချင်တယ် ကိုငမိုး ။ ဒါပေမဲ့ လည်ချောင်းထဲက မထွက်ဖူး ” “ ဒါထက် ငါ့ကောင်တွေ ဘယ် သွားနေသလဲ ” “ ခင်ဗျား လူတွေ တောခိုကြသတဲ့ …ကွန်မြူနစ်လဲ ပါသဗျ ” “ ကွန်မြူနစ်ကို အသာထား ။ ငါ့ကောင်တွေ ကိုသာ ငါမေးနေတာ ” “ တော ခိုပါတယ်လို့ ပြောပါပကော ” “ အင်း …ဒုက္ခဘဲ ၊ ငါ အစကထဲက မြင်သားဘဲ ။ စတုတ္ထအကြိမ် ညီလာခံမှာ ငါဘာပြောခဲ့တုန်း ။ မတ်ဇစ်လိဂ်ဖွဲ့ပါ ၊ ညီညွှတ်ပါ ။ မညီညွတ်ရင် နှစ်ဖက်စလုံး ဖင်စုတ်ကုန်မယ်လို့ အပြောခဲ့သား ။ ဘယ်လိုဖြစ်ကြရတာလဲကွ ….” “ ဒါတွေ မေးမနေပါနဲ့ဗျာ ပြောရရင် ခင်ဗျားလဲ စိတ်ညစ် ကျွန်တော်လည်း စိတ်ဆင်းရဲရမှာဘဲ ။ အဲဒီတုန်းက ခင်ဗျားစာရေးဆရာ လုပ်မယ်ဆို ။ ဘာလို့ ဒါတွေ တဖွဖွ မေးနေရတာလဲ ” “ စာရေးဆရာလဲ လူထဲက လူပဲကွ ။ ကိုယ့်နိုင်ငံအကြောင်းတော့ အနည်းဆုံး လေ့လာထားရမပေါ့ ။ အေးပါ …မင်းစိတ်ဆင်းရဲမယ်ဆို ငါမမေးတော့ပါဘူး ။ ငါ့ အထုပ္ပတ္တိ ကိုမင်း ဆက်မရေးတော့ဘူးလား ” “ အခြေအနေက မပေးဘူးဗျာ ၊ ဒါပေမယ့် ( အောင်ဆန်းဝါဒ ) ဆိုပြီး စာတစ်အုပ်ရေးမလို့တော့ စိတ်ကူးထားတာဘဲဗျ ” “ ကောင်း သားဘဲ ၊ ဂန္ဒီ ဝါဒ စာအုပ်လိုပေါ့ ” “ ဟုတ်ပါတယ် ” “ ကဲ ….ငါသွားတော့မယ် ၊ မင်းလဲ သတိထားနေကွ ၊ ငါ ရှိတုန်းကလို မိုက်ကန်းကန်းမလုပ်နဲ့ ၊ ဒါဘဲ သွားမယ် ” သွားမယ့်သွားတော့လဲ ကိုမိုး အသံကိုသာ ကြားလိုက်ရ ။ လူကိုပင် မမြင်လိုက်ပေ ။ စီးကရက်မီးခိုးငွေ့ များလည်း တစ်စ,တစ်စလွင့်၍ သွား၏ ။ ပြခန်းမှန်ဘီရိုများအတွင်းရှိ ကိုမိုး ၏ အသုံးအဆောင်ပစ္စည်း အတိုအစကလေးများလည်း ဝမ်းနည်းသော အသွင်ဖြင့် တိတ်ဆိတ်စွာ ကျန်ရစ်ကြလေသည် ။ ကျွန်တော်လည်း ကိုမိုး သေ ,မသေ စဉ်းစား၍နေ၏ ။ မံသစက္ခု တွင်ကား လူတွေက သေပြီးပြောသည် ။ ဉာဏစက္ခုတွင်ကား ကိုမိုး၏ဝါဒ ၊ ကိုမိုး၏ စကားတွေ တည်ရစ်သမျှ ၊ တည်ထွန်း၍နေသမျှ ၊ ကိုမိုး တစ်ကယ်မသေနိုင်ပါတကား ။ ကိုမိုးကို ချစ်သူ ၊ ရိုသေသူတွေ အများကြီး ရှိသည် ။ အဘယ်သူသည် ကိုမိုးအား ဆက်လက် အသက်သွင်းမည်နည်း ။ ကျွန်တော်တိုပ စောင့်ကြည့်ကြဦးစို့ ။ နတ်မောက်-ဘုန်းကျော် မြဝတီမဂ္ဂဇင်း အတွဲ ( ၅ ) အမှတ် ( ၉ ) ၁၉၅ရ – ဇူလိုင်လ ။

7 comments

  • koyinmaung

    February 9, 2012 at 4:45 pm

    ဒို့ဗိုလ်ချုပ်ဘဝရဲ့တစိတ်တပိုင်းပါလား…
    ဆိုက်ပေါ်တင်ပေးတာကျေးဇူးတင်ပါတယ် ။။

  • စိန်ပေါက်ပေါက်

    February 9, 2012 at 5:19 pm

    ဝှီး.
    စာဖတ်နှေးလို ့တော်တော်လေး ဖတ်လိုက်ရတယ် ဒေါ်ကြီးမိုက်ရေ
    ကျေးဇူးတ်ပါတယ်နော..
    ပြောရရင် ဗိုလ်ချုပ်ဘဝကို တိုတိုနဲ ့ ပေါ်အောင် ချုံ ့ရေးထားတာပါပဲ..အင်မတန်ကောင်းတယ်
    နောက်ဆုံးပိုဒ် ပြတိုက်ထဲက ဗိုလ်ချုပ်က စာရေးသူကို ဆူနေတဲ့ အရေးအသားလေး ပညာပါတယ်ဗျာ..
    ဂွတ်လေစွ…တကား..
    ဗိုလ်ချုပ်..ဗိုလ်ချုပ်ဆိုလို ့..
    ဗိုလ်ချုပ်ကားရိုက်မဲ့လူတွေ..ဒီလိုစာမျိုးတွေ များများဖတ်သင့်တယ်နော့
    ခုတော့လဲ ငြိမ်နေသလိုပဲ မရိုက်တော့ဘူးလား မသိဘူး..

  • နတ်မောက်-ဘုန်းကျော် မြဝတီမဂ္ဂဇင်း အတွဲ ( ၅ ) အမှတ် ( ၉ ) ၁၉၅ရ – ဇူလိုင်လ ။

    ကျေးဇူးပါဗျ ခုလိုဖတ်ခွင့် သိခွင့်ရလိုပါ။နတ်မောက်က ဘုန်းကျော်ဆိုလို ့တော်ပါသေးတယ်။
    ဆိုဒ်ထဲမှာက သူတောင်းစား ဘုန်းကျော်တစ်ကောင်ရှိနေလေတော့။

  • Khin Latt

    February 10, 2012 at 3:51 am

    ကိုကြီးမိုက် ရေ – မျှဝေပေးတဲ့ စာကောင်းလေး အတွက် ကျေးဇူးပါဘဲ။
    ကျွန်မ မသိသေးတဲ့ သူ့အကြောင်းတွေ အများကြီး ရှိနေသေးတာ တွေ့လိုက်ရပါတယ်။
    သဘောအကျဆုံးကတော့
    ~~~ ~~~~
    တစ်ခါတုန်းက တစ်နေ့-နေ့ခင်း မြို့လယ်ရှိ ကိုအီကွမ်း၏ တရုတ်လဘက်ရည်ဆိုင်တွင် ငမိုး ရောက်နေ၏ ။ ငမိုး ၏ ပတ်ပတ်လည်တွင် လူစည်ကား၍နေ၏ ။ အလပ္ပါယ်ဆရာ ကိုညို ၊ ဘိန်းစား ကိုကွက်ကြီး ၊ ဘိန်းစား ကိုဘထွန်း ၊ ဆိုင်းဆရာ ကိုရေချမ်း ၊ ကိုစို့ကြီး ၊ ကိုရေအေး စသော ပရိသတ်များရှိ၏ ။ ကျောက်စားပွဲတွင် ရေနွေးကြမ်းကရား တင်ပြီး ထိုလူသိုက်နှင့် ဒို့ဗမာ အစည်းအရုံးအကြောင်း၊ ကျောင်းသား သမဂ္ဂအကြောင်းတွေ ဆွေးနွေးနေ၏ ။ ကိုဘကွမ်း ၊နဘိ-ကိုလှဖေ ၊ သံရောင်-ထွန်းရှိန် ၊ဘိုနက် ၊ဘခွေးနှင့် ကျွန်တော်တို့လည်း ဆံပင်ညှပ်ဆိုင်တွင် ရေနွေးကြမ်း စုသောက်နေရာမှ သူ့အသံကြား၍ ထ,လာခဲ့ကြခြင်းဖြစ်၏ ။ ငမိုး က မျိုးချစ်စိတ်ရှိရန်နှင့် အင်္ဂလိပ်မကောင်းကြောင်းများ ပြော၏ ။ ဘိန်းစား ၊ အရက်သမား ၊ ကြက်သမားများမှာ သူတို့၏ လုပ်ငန်းတွင် မဖြတ်နိုင်ဘဲ စွဲလမ်းနေသူများဖြစ်၏ ။ သူတို့သည် သူတို့၏ လုပ်ငန်းများမှလွဲ၍ တစ်ခြားဘာကိုမျှ စိတ်ပါဝင်စားသူများ မဟုတ်ကြ ။ သူတို့အား မျိုးချစ်စိတ်ထားရှိရန် တရားဟောသူသည် ဘာမျှမြှော်လင့်ချက် ထားရန်မရှိ ။
    သို့သော် ………ငမိုး နတ်မောက်မှ ရန်ကုန်သို့ ပြန်သွားသောအခါ၌ ထိုလူတစ်စုသည် သတင်းစာဖတ်သူကဖတ်၍ သခင်အကြောင်း ၊ ကျောင်းသားအကြောင်း များကို အရက်ဆိုင် ၊ ဘိန်းခန်း ၊ ကြက်ပွဲများတွင် ဆွေးနွေးကြသည်အထိ ဖြစ်သွား၏ ။ အံ့ဖွယ် စည်းရုံးရေးပါတကား ။
    ~~~~~~~
    အဲဒီလို ခေါင်းဆောင် မျိုး က တော့ တသက်မှာ တစ်ခါတောင် ရနိုင်ပါ့မလားဘဲ။
    တကယ်တော့ သူဟာ ကျွန်မ တို့မျိုးဆက် အထိ သေသေချာချာ ကို ဘဲ အသက်ရှင်နေ ခဲ့ပါသေးတယ်။
    ကျွန်မတို့ သူ့ကို ချစ်ကြ၊ ရိုသေကြ ပါတယ်။
    သူဟာ ကျွန်မတို့ ရဲ့ စံပြခေါင်းဆောင်ကောင်း ပါ။
    ငယ်ငယ်တုန်းက အိမ်မှာ ကျွန်မ အဖေက သူ့ဓာတ်ပုံ အကြီးကြီး ကို ချိတ်ထားတယ်။
    သူ့ရဲ့ အကြောင်းဖတ်ဖို့ စာအုပ်တွေ အများကြီး ဝယ်ပေးတယ်။
    ကျွန်မ အတွက်ကတော့ သူဟာ ဘယ်တော့မှ မေ့ပျောက် မသွားမဲ့ သူရဲကောင်းကြီး ပါဘဲ။
    အခုခေတ်မှာတော့ “ကျွန်မတို့ရဲ့ အောင်ဆန်း” ဆိုတာ ” ဒေါ်အောင်ဆန်းစုကြည် ရဲ့ အဖေ” ဆိုတာ လောက်ဘဲ ကလေး တွေ သိနေကြပြီ ထင်ပါရဲ့။

    အဲဒီ သူ့သမီး က ကျွန်မတို့ရဲ့ သူရဲကောင်း ဆက်ဖြစ်နေတာ၊ သူမက သူ့ ကို ဆက်လက် အသက်သွင်းဖို့ပြန်ကြိုးစား နေတာ ကို ဦးဘုန်းကျော် (နတ်မောက်) သိခဲ့ကောင်းပါရဲ့။
    ပြီးတော့ သူ့ကိုမိုး ကို သူ သတင်းပြန်ပေး နေမှာ အသေအချာပါဘဲ။

  • kyeemite

    February 10, 2012 at 9:00 am

    အားပေးဖတ်ရှု့ကြပီး အကြိုက်တွေပတြယ်ဆိုလို့ တင်ရတဲ့လူ ပီတိဖြစ်ရပါတယ်..
    ကိုရင်မောင်..ဒေါ်စိန်ပေါက်..ကိုနာဂရ..တို့ ကျေးဇူးပါ..
    အရီးလတ်ရေ..အမှန်ပါဘဲ..ဗိုလ်ချုပ်အကြောင်းဖတ်တိုင်း တခါတခါကြက်သီးမွှေးတောင်ထတယ်ဗျာ..
    ကျေးဇူးပါ..

  • ရာမည

    January 30, 2014 at 8:05 pm

    ကူးယူဖေါ်ပြခွင့်ပြုပါခင်ဗျာ

  • kyeemite

    January 31, 2014 at 8:19 am

    ကိုရာမညရေ…ရှာရှာဖွေဖွေ ကျုပ်ပို့စ်အဟောင်းကို ဘယ်လိုများတွေ့လာတာလဲဗျာ..
    စုံထောက်လို့မပြောရဘူး…တွေ့တတ်ပ… ခွင့်ပြုပါတယ်ဗျာ…
    ကျုပ်ကလည်းလူများများဖတ်လေ ကြိုက်လေပါ…ကျေးဇူးတင်ပါတယ်နော…

Leave a Reply