သင်ရဲ့ ငွေကြေးများကို မြဲမြဲမြံမြံ ဆုပ်ကိုင်ထားနိုင်မည့် နည်းလမ်း

manawphyulayApril 2, 20121min75715

သင်၏ ငွေကြေးရေးရာ ကိစ္စရပ်များကို စည်းစနစ်တကျဖြစ်အောင် အရင်ဆုံး ဖန်တီးလုပ်ဆောင်ပါ။
မည်သည့်အသုံးစရိတ်အတွက် ငွေပမာမည်မျှ သုံးစွဲနိုင်သည် ဆိုသည့် အစီအစဉ်ရေးဆွဲထားခြင်း မရှိပါက ဝင်ငွေ၊ လစာများ နောက်တစ်ကြိမ် ဝင်မလာမီ ကျွန်မတို့ရဲ့ အသုံးစရိတ်များအား ပိုမိုသုံးစွဲထားမိတတ်ပါတယ်။ အဲဒီအခါကျရင် ဝင်ငွေအသစ်များ ဝင်ရောက်မလာမီ ကာလတစ်လျှောက် ကျွန်မတို့ရဲ့ လက်ချည်းသက်သက် မလောက်မငှ ဘဝနဲ့ အသက်ဆက်နေရမှာ ဖြစ်ပါတယ်။ ငွေကို အလွန်အရေးပါသော အရာများတွင် သုံးစွဲရန်အတွက်သာ တာစူထားသင့်ပါတယ်။ ငွေကို မည်သည့်အခါမျှ အလဟဿ ဖြုန်းတီးမပစ်သင့်ပေ။ ကျွန်မတို့ရဲ့ နေ့စဉ်ဝင်ငွေများအား စနစ်တကျ စိစစ်သုံးစွဲမှသာ ငွေကြေး ကြပ်တည်းမှုအခြေအနေကနေ လွတ်မြောက်နိုင်မယ်လို့ ကျွန်မ မြင်မိပါတယ်။
တစ်ခါတလေ ဝင်တဲ့ငွေနဲ့ သုံးတဲ့စရိတ်က မလောက်မငဖြစ်တတ်တာကို သင်တွေ့ရမည် ဖြစ်ပါတယ်။ ဘာကြောင့်ပါလဲ။ ကျွန်မ အမြင်အရပြောရရင် ဝင်ငွေနဲ့ ထွက်ငွေကို စာရင်းပြုစုမှု မပြုလုပ်ပဲ ဝင်သမျှကို သုံးစွဲလိုက်ခြင်းကြောင့်သာ ဖြစ်ပါတယ်။
ဒါကြောင့် အရင်ဆုံး ပြုလုပ်သင့်သည်ကတော့ သုံးစွဲခွင့်ရှိသည့် ပမာဏသည် ဝင်ငွေနှင့် ညီမျှနေရပါမယ်။ ရ/သုံးငွေစာရင်း ရေးဆွဲထားရှိခြင်းဖြင့် သင်ရဲ့ ငွေကြေးများကို စနစ်တကျ ထိန်းထိန်းသိမ်းသိမ်းနှင့် သုံးစွဲနိုင်သည့် လက်နက်ကောင်းအဖြစ် အသုံးပြုနိုင်ပါမယ်။ ဒီတော့ နေ့စဉ်အသုံးစရိတ်များကို သေချာ မှတ်သားထားပြီး အပိုမသုံးပဲ လိုအပ်သော အသုံးစရိတ်ကိုသာ ထုတ်သုံးကြည့်လိုက်ပါ။ မိသားစုတစ်စုစီရဲ့ အခြေအနေချင်းကတော့ တူညီမှာမဟုတ်တဲ့အတွက် ဦးစားပေးစာရင်းတွေလည်း တူညီကြမှာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် အရမ်းအရေးကြီးတာနဲ့ မလိုတာကို ခွဲခြားသိရှိမှသာ သင် သီးသန့်စီထားရှိပြီး လုပ်ဆောင်ကြည့်စေချင်ပါတယ်။ ကျွန်မတို့ မိသားစုတွေ ဘာကြောင့် ငွေကြေးကြပ်တည်းသနည်းလို့ အမြဲစဉ်းစားကြည့်မိသည်။ ဝင်ငွေနဲ့ ထွက်ငွေ မညီမျှခြင်းကြောင့်သာ ဖြစ်သည်ဆိုတဲ့အချက်ကို အဖြေထွက်ရှိသည်။ တကယ်လို့ သင်ရဲ့ ဝင်ငွေ အတက်အကျ အနည်းအများ မညီမျှရင်တော့ သင်က ငွေပမာဏ များများဝင်သောအခါတွေမှာ ငွေများများ ပိုမို စုဆောင်းထားရှိလိုက်ပါ။ ငွေနည်းနည်းပိုရသော လတွေမှာ အစားအသောက်တွေကို ဦးစားမပေးပါနဲ့။ ငါတော့ ငွေလေး ရှိတုန်း ကြေးအိုးလေးသောက်လိုက်ဦးမှ၊ ဘဲကင်လေး စားလိုက်ဦးမှ အလုပ်သွားတာ နောက်ကျနေပြီ ကားငှားသွားမှဆိုတဲ့ အသုံးတွေလည်း တတ်နိုင်သမျှ မလုပ်မိပါစေနဲ့။ သင့်အတွက် သိပ်အရေးမကြီးသော အရာ၊ ငွေကုန်ကြေးကျများခဲ့သော အရာများအပေါ် အသုံးစရိတ်လျှော့ချပြီး အလွန်အရေးပါသော အရာများကိုသာ ဝယ်ယူရန် သင် သုံးသပ်ကြည့်သင့်ပါတယ်။
နောက်တစ်ခုက ကြားရက်တိုင်း သင်ရဲ့ အသုံးစရိတ်များကို ပြန်စစ်ဆေးပါ။ အမျိုးအစားတိုင်းရဲ့ အမျိုးအမည်နှင့် ကိုယ်သုံးမယ့် တစ်ခုချင်းစီအပေါ် ကုန်ကျခဲ့မှုများကို ရေးချမှတ်သားလိုက်ပါ။
အဲ နောက်တစ်ပတ်ကုန်တိုင်း တစ်နေ့ချင်းစီ သုံးခဲ့သမျှကို အနှစ်ချုပ်ကြည့်ပါ။ အမျိုးအစားအားလုံးအပေါ် သုံးစွဲခဲ့မှုများကိုလည်း စာရင်းချုပ်ကြည့်ပါ။ ပြီးပြီဆိုရင်တော့ ခွဲခြမ်းစိတ်ဖြာ လေ့လာကြည့်သင့်ပါတယ်။
အဲဒီအချိန်ကျရင်တော့ ကိုယ့်ဘာသာ မေးခွန်းလေးတွေ မေးကြည့်သင့်ပါပြီ။
၁။ ငါ့ရဲ့ အသုံးစရိတ်များက ငါ့ရဲ့ ဝင်ငွေထက် ပိုများနေသလား။
၂။ ငါ ဒီလို လုပ်ဆောင်ကြည့်တဲ့အခါ ငါ့အတွက် ဘာကောင်းကျိုးတွေ ရရှိခဲ့သလဲ။

ဒီလို သုံးသပ်ကြည့်ပြီးပြီဆိုရင်တော့ နောက်တစ်ဆင့်အနေနဲ့ သင်ရဲ့ဘဝမှာ ငွေကြေးအရာမှာ ငွေ များများကျန်ရှိနေစေဖို့ လုပ်ဆောင်နိုင်တဲ့ နည်းလမ်းကတော့ နှစ်သွယ်ရှိပါတယ်။ ဘာတွေလဲဆိုတော့ ပထမတစ်နည်းက
၁။ လျော့နည်းသွားသော စရိတ်စကများအတွက်
အကယ်၍ သင်ရဲ့ ဝင်ငွေ တိုးမလာပါက
– သင်ရဲ့ အသုံးစရိတ်များကို လျှော့ချကြည့်ပါ။

နောက်တစ်နည်းကတော့
၂။ ပို၍ များလာသော ဝင်ငွေ
အကယ်၍ သင်ရဲ့ အသုံးစရိတ်များကို မလျှော့ချနိုင်ပါက
– ဝင်ငွေ တိုး၍ ရှာကြည့်ဖို့သာ လိုပါတော့တယ်။

တစ်ခါတလေ အသုံးလိုသော ပစ္စည်းတွေကတော့ ကျွန်မတို့အတွက် အမြဲတမ်းဖြစ်ပေါ်နေတယ်ဆိုတာ ကျွန်မ နားလည်ထားပါတယ်။ နေ့စဉ်စားသောက်နေသော အစားအသောက် စားသောက်ခြင်း နောက် နေစရာနေရာအတွက်လည်း ကျွန်မတို့အတွက် တွေးပူနေရပါသေးတယ်။ နောက် အဝတ်အထည်ကလည်း မဝယ်လိုမဖြစ်တဲ့အနေအထားပေါ့လေ နောက် အိမ်စရိတ် မီတာခ ဘာခ ညာခတွေကလည်း ရှိသေးတယ်။ ဒါတွေကတော့ လျှော့လို့ရမည် မဟုတ်ဘူးဆိုတာ ကျွန်မ ကိုယ်တွေ့ ခံစားမိပါတယ်။ ဒီတော့ ဝင်ငွေလည်း တိုးပွားချင်တယ်ဆိုရင်တော့ အစီအစဉ်လေးတွေ ရေးဆွဲကြည့်ပေါ့နော်။ ဝင်ငွေအမြောက်အမြား လိုချင်တယ်ဆိုရင်တော့ လုပ်ငန်းများများ တိုးပြီး လုပ်ဆောင်သင့်ပါတယ်။ ဒါမှမဟုတ် လုပ်အားခ ပိုရတဲ့ အလုပ်လုပ်ကြည့်ပါ။ နောက်တစ်ချက်ကတော့ ဝင်ငွေကို စုပြီးပြီဆိုရင်တော့ ဝင်ငွေရစေမယ့် လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ကြည့်စေချင်ပါတယ်။ အရင်တုန်းကတော့ ခေတ်ကာလအခြေအနေအရ အိမ်ထောင်တစ်ခုမှ အိမ်ထောင်ဦးစီးတစ်ဦးရဲ့ လုပ်စာကို တစ်မိသားစုလုံး စားနိုင်တဲ့အနေအထားပါ။ ဘယ်အချိန်ကလည်းဆိုတော့ ကျွန်မတို့ငယ်ငယ်အရွယ်လောက်ကပါ။ ခုတော့ ဒီလိုမဟုတ်တော့ပါဘူး။ တစ်မိသားစု လူကုန် အလုပ်လုပ်မှ ဝမ်းဝရုံ စားသောက်နိုင်တဲ့အနေအထား ခေတ်အခြေအနေကို ရောက်ရှိနေတာကို သင်တို့လည်း တွေ့ရှိမယ်လို့ ကျွန်မ ထင်ပါတယ်။ ဒါကြောင့် ကိုယ်ပိုင်ငွေကို အစီအစဉ်ရေးဆွဲကြည့်တာက ဘာနဲ့တူသလဲဆိုတော့ ကားမောင်းတာနဲ့ အလားသဏ္ဌာန်တူပါတယ်။ တကယ်လို့သာ ကားမောင်းရှိန်ကို အရှိန်မြှင့်လိုက်မယ်ဆိုရင် လမ်းပေါ် ရွေ့လျားသွားနိုင်ပါတယ်။ ဒီလိုမှမဟုတ်ဘူး။ ဘရိတ်ကိုပဲ ခဏခဏနင်းနေမယ်ဆိုရင်ဖြင့် သင် မည်သည့်အရပ်မှ ရောက်တော့မှာ မဟုတ်ဘူး။ ဒီတော့ ကျွန်မ သိသလောက် ပြောရရင်တော့ သင်မှာ ရည်မှန်းချက်များ ချမှတ်ထားရှိဖို့ လိုအပ်ပါတယ်။ နောက် အသုံးစရိတ်တွေကိုလည်း ထိန်းချုပ်လျှော့ချကြည့်ရပါမယ်။ ဒီထက် ပိုပြီး အရေးကြီးတာကတော့ ငွေကြေးအသုံးစရိတ်တွေကို ရေးမှတ်ထားသင့်တယ်ဆိုတာပါပဲ။ ခုချိန်ကစပြီး ကျွန်မ စမ်းသပ်ကြည့်နေတဲ့အတွက် သင်လည်း စမ်းသပ် လုပ်ဆောင်ကြည့်မယ်လို့ ကျွန်မ မျှော်လင့်နေမိပါတော့တယ်။

15 comments

  • ကိုရင်မောင်

    April 2, 2012 at 11:40 am

    ဘေဘီလုံမှအချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတဲ့စာအုပ်လေးဖတ်ကြည်လိုက်ပါလား
    မနောဖြူလေးရေ…….

    • manawphyulay

      April 2, 2012 at 11:47 am

      ရှိတယ်လေ… ဖတ်ပြီးတာကြာပ စာအုပ် ဘယ်ရောက်နေမှန်းတောင် မသိတော့ဘူး။

  • ဇွဲမာန်အောင်

    April 2, 2012 at 1:30 pm

    အမရေ
    အသုံးစရိတ်ကို လျှော့သုံးကြည့်ပါတယ်။
    ဒါပေမယ့် တရိပ်ရိပ်တက်နေတဲ့ ကုန်ဈေးနှုန်းနောက်ကို တလှမ်းမှလိုက်မလာတဲ့ ကုမ္မဏီက လစာရယ်က ဘယ်လိုလုပ်ရမလဲ။

  • Thit Sar Lin

    April 2, 2012 at 2:17 pm

    မမရေ….သုံးစရိတ်ကတော့အတတ်နိုင်ဆုံးဖြစ်အောင်ချွေတာနေပါတယ်…
    သို့သော်လည်း…တခါတလေသေးသေးမွှားမွှားလေးတွေသုံးရင်းကနေ ကုန်ကုန်သွားတယ်ဗျာ..
    မသုံးတော့ဘူးလို့စိတ်ကဆုံးဖြတ်လိုက် 1000/2000/လေးပဲဘာမှမဖြစ်လောက်ပါဘူး…
    ဆိုပြီးသုံးသုံးဖြစ်သွားပြန်ကော..မမရေ
    မမ မနောအကြံပေးပြောကြားတဲ့အတိုင်းလုပ် ကြည့်လိုက်ပါဦးမယ်ဗျ…
    အလုပ်တွေသုံးလေးခုလောက် လုပ်မှတော်ကာကျမယ်ထင်တယ်ဗျ…
    အခုခေတ်ကလည်းသိတဲ့အတိုင်းပဲ ကုန်ဈေးနှုန်းက အစ ..အစ…..

  • ဦးဦးပါလေရာ

    April 2, 2012 at 2:59 pm

    သိပ်မဖြစ်လောက်ဘူးလို့ထင်ရတဲ့ အပိုစားရိတ်လေးတွေ နေ့စဉ်ထွက်နေတာကလဲ တစ်လ/တစ်နှစ်ချုပ်ကြည့်ရင် မနည်းဘူးဆိုတာ တွေ့ရမှာပါ။
    ဝင်ငွေထွက်ငွေကို စံနစ်တကျစီမံ/ စီမံတတ်ချင်ရင် အရင်ဆုံးလုပ်ရမှာက နေ့စဉ်သုံးသမျှအားလုံးကို ခေါင်းစဉ်လေးတွေခွဲပြီး မှတ်သားသင့်ပါတယ်။
    အဲဒီခေါင်းစဉ်လေးတွေကို တစ်လအကြာမှာ စာရင်းချုပ်ကြည့်ရင် ကိုယ်ဘာလုပ်ရမယ်ဆိုတာ ပေါ်လွင်သွားပါတယ်။

  • kyeemite

    April 2, 2012 at 3:08 pm

    ဂွတ်အိုင်ဒီယာလေးပါ…
    ဒါပေမဲ့ အသုံးစရိတ်တွေကတောက်လျှောက်တက်နေတော့
    အသုံးစါရင်းပေါင်းကြည့်ရမှာတောင်လန့်နေတယ်..

  • kaung kin pyar

    April 2, 2012 at 3:13 pm

    မနောရေ…စေတနာနဲ့ အကြံပေးတာကို သိပါတယ်…။ Daily Expenses လုပ်ထားမှ တော်ကာကျမယ်ထင်တယ်နော်…။ အရင်ကတော့ လုပ်ဖြစ်တယ်..။ Excel နဲ့လေ..။ ခေါင်းစဉ်ခွဲလေးတွေနဲ့ Total Expenses, Balance ပါ ပါတာပါ့။ Formula သွင်းထားတော့ ပိုအဆင်ပြေတယ်။ အမြဲ ဒါကို သတိထားမိနေတော့ ကားခလေး ၅ဝ လောက်ပိုထွက်မှာတောင် ချွေတာဖြစ်သွားတယ်…။ တစ်ရက်အသုံးစရိတ်အနည်းဆုံးသုံးမယ် ဆိုပြီးတော့…။ ခုတော့ အဲ့အကျင့်ပျက်သွားလို့ ထွက်ငွေများနေတယ်…။ မမနောပြောမှ ပြန်သတိရပါတယ်…။ ကျေးဇူးတင်ပါတယ်…။ ဒီနေ့ပဲ အမြဲသုံးဖြစ်နေတဲ့ အသုံးစရိတ်ခေါင်းစဉ်တွေနဲ့ Excel တစ်ခု လုပ်လိုက်ပါ့မယ်…။

  • FattyCat

    April 2, 2012 at 3:28 pm

    မမနောရေ-
    ကျွန်တော်ကတော့ Budget ချတယ်ဗျာ…

    ဥပမာ-
    အကြမ်းဖျဉ်း တလကို ၂သိန်းဝင်ငွေရှိတယ်ဆိုပါတော့…

    မီးဖိုချောင်စရိတ် = ၁၅၀၀၀၀
    အပြင်ထွက်စား = ၂၀၀၀၀
    အဝတ်အစား = ၂၀၀၀၀
    တိုလီမိုလီ = ၁၀၀၀၀

    အဲဒါဆို ဒီတစ်လမှာ မီးအပြင်ထွက်စားငွေ ၂၀၀၀ဝ မသုံးဖြစ်ဖူးဆိုပါတော့…
    ဒုတိယလအထိ သယ်ဆောင်သွားပြီး ၄၀၀၀ဝ ဖြစ်တယ်ဆိုပါစို့…
    တတိယလရောက်ရင် ၆၀၀၀ဝ ဖြစ်သွားမယ်…
    အဲဒီတော့ စတုတ္ထလမှာ ၈၀၀၀ဝ ဖြစ်သွားမှာဖြစ်တဲ့အတွက်…. ၅သောင်းထက်ပိုသော ပိုက်ဆံများကို ဆုငွေစာရင်းထဲကို စာရင်းပြောင်းရွေ့ပါတယ်….
    အဲဒီတော့ အပြင်ထွက်စားမှုကို အထူးတလည်ချွေတာစရာမလိုတော့သလို ဆုငွေကိုထွက်အောင်လုပ်လို့ရပါတယ်…လတိုင်းဘတ်ဂျက်ကုန်အောင် သုံးပစ်ရင်တော့တမျိုးပေါ့…

    အဝတ်အစားကိစ္စများမှာလဲထိုနည်းနဲ့ ထိန်းချုပ်လို့ရပါတယ်…
    အဝတ်အစား အစုံအရည်အတွက်သတ်မှတ်ထားပြီး… ကိုယ့်အတွက် ၁၅စုံရှိရင် လောက်တယ်ဆိုရင်…
    ၁၅စုံကို Fit Access အနေနဲ့တွက်ပါ…
    ၁၅စုံကို ဘယ်နှစ်လသုံးလို့ရမလဲပေါ့…တစ်သောင်းတန် အကျီ င်္တစ်ထည်ကို တစ်နှစ်ဝတ်မယ်လို့ သတ်မှတ်ရင်… တစ်နှစ်ပြည့်တဲ့အထိဝတ်ပါ…တစ်နှစ်ပြည့်တာနဲ့ နွမ်းပါးသူကိုလှူတာမျိုး၊ တခြားနေရာမှာ အသုံးချတာမျိုးနဲ့ စွန့်ပစ်ပါ…အကျီ င်္အဟောင်းတွေချည်းမဝတ်ရသလို…အသစ်လဲဝယ်နေဖြစ်တော့ စိတ်ထဲမှာ ပျော်ရွှင်မှုရစေပါတယ်… ဘတ်ဂျက်နဲ့သုံးပါ…
    ပစ္စည်းအကောင်းကိုရွေးပါ…ဘတ်ဂျက်ကိုစောင့်ပါ…

    ဥပမာ- ကျောပိုးအိတ်တစ်လုံးဝယ်ရန် အစီအစဉ်ရှိသည်ဆိုပါစို့
    ၂သောင်းတန်ကျောပိုးအိတ်တစ်လုံးသည်…တစ်နှစ်ခံတယ်ဆိုပါစို့…တစ်လအတွင်းဝယ်ယူနိုင်သည်…
    ၆သောင်းတန်ကျောပိုးအိတ်တစ်လုံးသည်…၅နှစ်ခံတယ်ဆိုပါစို့…၃လစောင့်မှ ဝယ်ယူနိုင်မည်…
    ဘာကိုဝယ်မလဲ????
    ကျွန်တော်သည် ၆သောင်းတန်ကျောပိုးအိတ်ကို (၃)လစောင့်ပြီး ဝယ်ပါမည်…Branded ဖြစ်သော Quality မီသော ပစ္စည်းကိုလဲသုံးရတယ်…တစ်နှစ်ကျသင့်ငွေ တစ်သောင်းကျော်သာဖြစ်သောကြောင့် ၂သောင်းတန်ကျောပိုးအိတ်ထက် သက်သာတယ်လို့ တွက်ပါတယ်…

    မီးဖိုချောင်စရိတ်က ကျွန်တော်တို့ ဝင်ငွေရဲ့ ၅၀% ကျော်ကို ယူဆောင်သွားတာတော့ လက်ခံပါတယ်…
    မရှိမဖြစ်မို့ လျော့ဖို့ခက်ပါတယ်…
    အလုပ်လုပ်ရတဲ့လူဖြစ်တဲ့အတွက် အစားအသောက်မှာချွေတာခြင်းဟာကိုယ့်အတွက်ထိခိုက်နိုင်တယ်…
    စားသင့်တဲ့အစားအသောက်ကို စားရမယ်…အပိုတွေစားခြင်းကိုတော့ရှောင်ပေါ့နော်…

    ဥပမာ- မနက်ကို ကြက်ဥလေးတစ်လုံး (၁၀၀)တန်လောက်ကို ထမင်းကြမ်းလေးနဲ့စားတာဟာ
    လမ်းထိပ်က မုန့်ဟင်းခါး (၂၀၀)ဖိုးဝယ်စားတာထက် ဗိုက်ဝသလို အဟာရဖြစ်တာကိုသတိရှိပါ…

    နေ့လည်စာကို ၁၀၀ဝ ပေးပြီး အလုပ်နားမှာဝယ်စားခြင်းထက်၊ အိမ်မှ ထမင်းဗူးယူဆောင်လာခြင်းကို ပိုမိုအားပေးပါတယ်…

    အဲဒီတော့ ချွေတာခြင်းဆိုတာထက်…လိုအပ်သည့်နေရာတွင် လိုအပ်သလောက်သာအသုံးပြုခြင်းကို ကြိုဆိုပါတယ်…

    ခင်တဲ့-
    ကြောင်ဝတုတ်
    (ငါပြောသလိုလုပ်…ငါလုပ်သလိုမလုပ်နဲ့)

    • manawphyulay

      April 3, 2012 at 9:57 am

      Good Idea!….. ခုတော့ အဲလို လုပ်ကြည့်နိုင်ဖို့ ကြိုးစားနေတယ်…

  • etone

    April 2, 2012 at 4:33 pm

    အဟီး .. ဘယ်လိုပဲ စာအုပ်တွေ ၊ ဖော်မြူလာတွေ ၊ ဗျူဟာတွေနဲ့ အကွက်ချချ … မသုံးလျှင် မကုန်ဘူး ..သုံးလျှင် ကုန်ပါမယ် … ဒီသဘောလေး သေချာသိနေလျှင် ဆင်ခြင်လို့ရနေပါပြီ … ။

    • ဗိုက်ကလေး

      April 2, 2012 at 4:37 pm

      ဂျီးဒေါ်ပြောမှ ရှင်းတွားတော့ဒယ်
      😀

  • ster kyawkyaw

    April 2, 2012 at 5:10 pm

    control လုပ်တာ ကောင်းပေမယ်. အလွန်အကျွံ ဆိုရင်တော. stress များတယ်နော်။

  • နေဝန်းနီ

    April 3, 2012 at 12:22 pm

    စကားကပ်ပြောတာမဟုတ်ဘူးနော်…။ ဒီလ အသုံးချွေတာမယ်လို့ ဆုံးဖြတ်ထားကာမှ ဖိနပ်ကပြတ်တယ်ဗျာ…။ ပြီးတော့ ဆံပင်ညှပ်ခက ဈေးတက်သွားတယ်…။ လ္ဘက်ရည်ဆိုင်သွားရင်လည်း တစ်ချိန်က ကျေးဇူးရှိဖူးတဲ့ သူတွေ ခုအချိန်မှာ ကိုယ်က ပြန်ပြီး ဧည့်ခံရမဲ့သူနဲ့ချည့်တိုးနေတယ်…။ အဲဒိတော့ ဒီသင်္ကြန် ကိုယ်နဲ့ ဘာမှမဆိုင်ဘူးလို့ သဘောထားပြီး သင်္ကြန်တွင်းအိမ်တွင်းအောင်ရုံပဲ…။ အပြင်ကို မထွက်မှဖြစ်မှာ…။ သင်္ကြန်တွင်းကို…………..

  • jujuma

    April 3, 2012 at 3:43 pm

    အင်းချွေတာတယ်ဆိုတာက စကားထဲမှာ စာထဲမှာပဲ တိကျတာဗျ..
    တကယ်လုပ်ကြည့်တော့ မလွယ်ဘူးလေ…
    ချွေတာမယ်ဆိုကာမှ နေထိုင်မကောင်းကဖြစ်မယ်..အလှူအတန်းကိစ္စတွေရှိလာမယ်…
    လူမှုကိစ္စအထွေထွေက များသကိုး ဆိုတော့ ….. ကုန်သင့်တာတွေပဲ သုံးမိတယ်ဆိုတာတောင်…
    တစ်လတစ်လ စာရင်းချုပ်လိုက်ရင် လစာရဲ့ အပေါ်ကိုရောက်ရောက်နေတယ်ဗျ…
    ဒီတော့ ချွေတာမယ်ဆိုတာထက် ဝင်ငွေကို ပိုရှာမယ်ဆိုတာက ပိုသင့်တော်မယ်ထင်တယ် ….
    ကိုယ်အတွေးနဲ့ ကိုယ်ပဲ နော် …..

    • manawphyulay

      May 20, 2012 at 6:04 pm

      ခုထိ မချွေတာ နိုင်သေးဘူး ဆိုပါတော့ ဟုတ်တယ်ဟုတ် ဂျူဂျူမ… ဒါဆို မမနဲ့ နည်းနည်းတူလာပြီ အဟိ…

Leave a Reply