ပါလေရာနှင့် ဂမ္ဘီရ လောက (၄)
ဒီတပိုင်းမှာတော့ ကြားဖူးမှတ်ဘူးတာလေးတချို့ကို ဗဟုသုတအဖြစ် ပုံပြောသလို ပြောပြမှာပါ။
အပျင်းပြေပုံပြင်လို့ သဘောထားပြီး ဖတ်ကြည့်ပါ။ ပြီးတော့ မေ့ပစ်ပါလို့ တိုက်တွန်းပါတယ်။
ဂန္ဓာရီလောကမှာ အကြမ်းအားဖြင့် ဝိဇ္ဇာပညာ လေးမျိုး ခွဲခြားနိုင်ပါတယ်။ ဒီမှာသတိထားရမှာက လူတယောက်ထဲပင်လျှင် ဝိဇ္ဇာပညာတမျိုးမက နှစ်မျိုး၊ သုံးမျိုး၊ လေးမျိုးလုံး တတ်ကျွမ်းနိုင်ပါတယ်။ ပညာကိုသာခွဲတာပါ။ လူကို ခွဲတာမဟုတ်ပါဘူး။ ဝိဇ္ဇာတပါးဟာဖြင့် ဘာဝိဇ္ဇာလို့ လဲ သတ်မှတ်ခွဲခြားဘို့ မလွယ်ပါဘူး။
အဲဒီလေးမျိုးအနက် အမြင့်ဆုံးက ပြဒါး ဝိဇ္ဇာလို့ ဆိုပါတယ်။ သံသေ ပြဒါးသေအောင် ဓါတ်သတ္ထုတွေကို အမျိုးမျိုးရောလိုက် ပေါင်းလိုက် နှုတ်လိုက် နဲ့ မီးဖြင့်ပြုပြင် Heat treat လုပ်ရင်း တဆင့်ထက်တဆင့် အစွမ်းရှိလာတာပါ။ အဲသလိုရှုပ်အောင်မပြောပဲ လွယ်အောင်ပြောရင်တော့ ဖိုထိုးတာပါ။ ဒါပေမယ့် ဖိုထိုးတဲ့ ရည်ရွယ်ချက်က အမျိုးမျိုးရှိပါတယ်။ ပြဒါးဝိဇ္ဇာဖြစ်အောင် ဖိုထိုးတာကို အဂ္ဂိယတ်လမ်း လုပ်တယ်လို့ခေါ်ကြတာပါပဲ။ အဲဒီလမ်းအတွက် ဒီအတိုင်း ပေစာတွေ ပုရပိုဒ်တွေ ဖတ်ပြီးထိုးလို့ရတာမဟုတ်ပါဘူး။ ပြင်းထန်တဲ့ ကျင့်စဉ်တွေ ၊ အဓိဌာန်တွေ ၊ သီလလုံခြုံမှု့တွေ၊ သစ္စာမြဲမြံမှု့တွေ၊ ဆရာတွေရဲ့ စောင့်ရှောက်လမ်းပြမှု့တွေ မဖြစ်မနေလိုပါတယ်။ အဲဒီလမ်းကိုလုပ်ရင် လမ်းဆုံးအထိမရောက်ရင်တောင် (လမ်းဆုံးအထိရောက်သူအလွန့်အလွန်နဲပါလိမ့်မယ်၊ အလွန့်အလွန်ခက်ခဲပါလိမ့်မယ်) လမ်းတဝက်မှာတင် တော်တော် အစွမ်းရှိ (သိဒ္ဓိအောင်) တဲ့ အခြေအနေကို ရရှိပါတယ်…… တဲ့..။
ပြီးတော့ ဒုတိယအမြင့်ဆုံးက မန္တန်ဝိဇ္ဇာ ပါ။ ထင်ရှားတဲ့လက္ခဏာက အဓိဌာန်ပုတီးစိတ်တာပါ။ ဆိုင်ရာအောင်မြေတွေ ဆိုင်ရာဘုရားတွေ ဆိုင်ရာ တောတောင်ဂူကျောင်းတွေမှာ အဓိဌာန်အဆင့်ဆင့်ဝင်ပြီး ပညာတက်၊ သိဒ္ဓိတက် ရပါတယ်။ သီလစောင့်တာ၊ သစ္စာတည်တာနဲ့ ဆိုင်ရာဆရာတို့ရဲ့ စောင့်ရှောက်လမ်းညွှန်မှု့ဟာ မဖြစ်မနေအရေးကြီးပါတယ်။ အဲဒီအလုပ်ကလဲ ဝိဇ္ဇာဖြစ်မှမဟုတ်ပါဘူး။
မူကြိုအဆင့် အဓိဌာန်ပုတီးစိတ်ဖြစ်ရင်ကို သူ့ဆိုင်ရာအကျိုး ရပါတယ်…. တဲ့…။
တတိယအမျိုးအစားဖြစ်တဲ့ အင်းဝိဇ္ဇာ ပညာ အကြောင်းကတော့ ကျုပ်လဲ ဘာမျှ(နီးပါး) မသိပါဘူး။ ဗားလေးဗားထဲ က ဗားမဲ့ဆရာတော်ကြီးဟာ အဲဒီဘက်မှာ ထင်ရှားပါတယ်။ လောကီအစီအရင် လက်ဖွဲ့အဆောင်တွေဟာ အဲဒီပညာက ဆင်းသက်လာတာဖြစ်ပုံရပါတယ်။
စတုထ္ထအမျိုးအစားကတော့ အလတ်တန်းစားအဖြစ်နဲ့ လူနဲ့နီးလို့ ထင်ရှားတဲ့ ဆေးဝိဇ္ဇာ ပညာပါ။ အဲဒါဆေးကုတဲ့ ဆေးတွေအကြောင်းသိတဲ့ပညာ ရယ်လို့မဟုတ်ပါဘူး။ ဓါတ်လေးပါးနဲ့ ဆက်စပ်သမျှ အကျိုးအပြစ်တွေကို ပိုင်နိုင်စွာအသုံးပြုနိုင်တဲ့ ပညာလို့ အကြမ်းမှတ်နိုင်ပါတယ်။ အဲဒီပညာကနေ ဆိုင်ရာကိစ္စတွေမှာ အစွမ်းထက်တဲ့ မဟိဒ္ဓိ ဆေးတော်ကြီးတွေ ဖြစ်ပေါ်လာပြီး-
အဲဒီဆေးတော်ကြီးတွေကို အသုံးပြုပြီး မဟိဒ္ဓိဂိုဏ်းတွေ ပေါ်လာပါတယ်။…. တဲ့…။
အဲဒီတော့ အဲဒါတွေက ဘာတွေလဲ၊ ဘာအသုံးကျသလဲ၊ လူတွေကြားမှာ ဘာကြောင့် ထင်ရှားသလဲ၊ လူအများအပြားဘာကြောင့် လက်ခံယုံကြည်ကြသလဲ.. ဆိုတာလေး ကို နဲနဲ(နဲနဲ) လောက် အဖြေထုတ်ကြည့်ပါမယ်။
ဆိုတော့ အဲဒီမှာ လူတွေကြားမှာ ပွင့်ပွင့်လင်းလင်းနဲ့ ထင်ရှားတဲ့ မဟိဒ္ဓိဂိုဏ်းတခုအကြောင်း ပါးပါးလေး ပြောကြည့်ရင် ဆက်စပ်စဉ်းစားလို့ရမယ်ထင်ပါတယ်။
(လူတွေနဲ့အလှမ်းကွာဝေးတဲ့အကြောင်းတွေတော့ ကျုပ်လဲမရောက်ဘူး မဖြစ်ဘူးပဲနဲ့ အရည်မရအဖတ်မရ လျှောက်မပြောတော့ပါဘူး။)
ဒီမှာ စကားတခုကိုပလ္လင်ခံပါမယ်။
အကယ်၍ ပရလောကဆိုတာ တကယ်ရှိရင်၊ ပရလောကရဲ့ အနှောက်အယှက်ဆိုတာ တကယ်ရှိရင် –
အဲဒါတွေကို ကာကွယ်တားဆီးနိုင်တဲ့နည်းလမ်းတွေဆိုတာ တန်ဘိုးရှိပါတယ်။ အကျိုးရှိပါတယ်။ စိတ်ဝင်စားထိုက်ပါတယ်။
အဲလိုမဟုတ်ရင်တော့ အဲဒီနည်းလမ်းတွေဟာ အရေးမပါပါဘူး…။ ပုံပြင်လို့ သဘောထားရုံပါပဲ။
သို့သော်- ကိုယ့်အတွက်အိပ်ယာဝင်ပုံပြင်ဟာ အခြားတပါးသူအတွက်တော့ ဇတ်တော်ကြီးဖြစ်နေတတ်တာ သတိပြုကြရပါမယ်။
ဟိုးရှေးရှေးတုန်းက……။
ဘိုးတော်ပြူး ဆိုသူနဲ့ ဘိုးတော်အေး ဆိုသူ ဝိဇ္ဇာ နှစ်ပါးဟာ ကျိုတ်လတ်မြို့အပိုင် ကျုံမငေးရွာက မောင်ပွင့်ဆိုသူကို တပည့်အဖြစ်နဲ့ ပညာတွေသင်ပေးခဲ့တယ်။ (တကယ်တော့ အခြားနယ်များက အခြားတပြည့်များကိုလဲ ပညာသင်ပေးခဲ့ပုံရပါတယ်။)
အဲဒီမောင်ပွင့်ဆိုသူဟာ ဘိုးတော်ပွင့်အဖြစ် ဣစ္ဆာသယ မဟိဒ္ဓိစေဂိုဏ်း ဆိုတာကို တည်ထောင်ခဲ့တယ်။ တပြည့်များလဲ ရှိလာခဲ့တယ်။
ဂိုဏ်းရဲ့ ပညာတက်တဲ့ပုံစံက ဂိုဏ်းဆေးတော်ကြီးနဲ့ ဂိုဏ်းစုတ်တော်ကို အကြောင်းပြုပြီး စမဂါထာတွေကို တဆင့်ပြီးတဆင့် ထိုးပေးတာ ဖြစ်ပါတယ်။ အဆင့် ကိုးဆင့် ရှိပါတယ်။ ဘိုးတော်ပွင့်ရဲ့ အားထားယုံကြည်ရတဲ့ တပြည့်တဦးကတော့ ဓနုဖြူမြို့ နန်းတော်ကုန်းရွာမှာနေတဲ့ မောင်ဘိုးဟန်ဖြစ်ပါတယ်။ နောင်မှာ ဆရာဟန်လို့ခေါ်ပါတယ်။
မြန်မာသက္ကရာဇ် ၁၃၁၁-ခုနှစ်မှာ ဘိုးတော်ပွင့်ထွက်(ကွယ်လွန်)တော့ ဂိုဏ်းရဲ့ဆေးတော်စုတ်တော်တို့ကို ဆရာဟန်ဆက်ခံပါတယ်။ အခြားတပြည့် အခြားဂိုဏ်းခွဲတွေလဲရှိလို့- ဆရာဟန်က သူအုပ်ချုပ်တဲ့ဂိုဏ်းကို ရွှေယင်ကျော် ဣစ္ဆာသရ မဟိဒ္ဓိစေဂိုဏ်းလို့ အမည်မှည့်ခေါ်ပါတယ်။ ၁၃၂၅-ခုနှစ်သီတင်းကျွတ်လပြည့်ကျော် ၁၄ရက်နေ့မှာ ဆရာဟန် ကွယ်လွန်ပါတယ်။ ဂိုဏ်းတွေလဲ ထပ်ကွဲသွားပါတယ်။
ဂိုဏ်းဝင်သူတွေလုပ်ရတာက စမဂါထာတွေထိုးပြီး အဆင့်တက်ယူတာ။
ကျင့်ရတာက ဂိုဏ်းအပေါ်သစ္စာရှိရတယ်။ ပညာအပေါ်သစ္စာရှိရတယ်။ သူများသားမယားမမှာ:ရ၊ ကျွဲသားနွားသားမစားရ၊ အရက်မသောက်ရ။
သစ္စာပျက်ရင် အကျင့်ပျက်ရင် ပညာသိမ်းခံရ(အစွမ်းမရှိတော့)တာ၊ ဒါဏ်ပေးခံရတာ ဖြစ်မယ်။
အကျိုးက အမှောင့်ပယောဂ မပူးကပ်မနှောင့်ယှက်နိုင်တာ။ ပညာတော်ရင် ပယောဂပူးကပ်နှောက်ယှက်ခံရသူကို ကုနိုင် ကယ်နိုင်တာ။
အပြစ်က (မကောင်းကျိုးက) ဘာမှမရှိသလောက်ပဲ။ ဂိုဏ်းသတ်မှတ်ထားတာမဆန့်ကျင်မဖေါက်ဖျက်သရွေ့ ပုံမှန်အတိုင်း ကြိုက်သလိုနေထိုင်သွားလာရုံပဲ။ အန္တရာယ်အခက်အခဲကြုံမှ ဂိုဏ်းကိုအကူအညီတောင်းပေါ့။ ဒါကတော့ ရိုးရိုးဂိုဏ်းဝင်တွေ အတွက်ပေ့ါ။
ကျုပ်သာမိန်းမတယောက်ဆို ကိုယ့်ယောက်ျားကို အဲဒီဂိုဏ်းဝင်ဘို့တိုက်တွန်းမှာ။ မဝင်ရင်ကို ထမင်ချက်မကျွေးပဲ စိတ်ကောက်ပစ်လိုက်မှာ..။ ခင်ဗျားတို့စဉ်းစားကြည့်လေ- သူ့ဂိုဏ်းစည်းကမ်းက သူများသားမယားမပြစ်မှားရ၊ အရက်(+ဘီယာ+ဝိုင်+ထန်းရည်) မသောက်ရလေ..။ ပြီးတော့ ကိုယ်စောင့်ကြည့်စရာမလိုဘူး။ စည်းကျိုးရင် ဂိုဏ်းကအလိုလိုသိတယ်…။ ပေါက်တယ်နော်..။
အဲဒါ အလကားကြီးတော့မဟုတ်ဘူးနော..။
မြန်မာပြည်ထဲမှာ အဲဒီဂိုဏ်းဝင်တွေ အမြောက်အများ(သိန်းနဲ့ချီ) ရှိခဲ့တယ်။ အခု မှိန်သွားတာ နှစ်နှစ်ဆယ်ကျော်တာတောင် ဂိုဏ်းဝင်တွေ မနည်းဘူး။
ဒါလောက်ဆိုရင် တော်သင့်ပါပြီ..။
အဲဒီဂိုဏ်းက ကျုပ်ကို ကြော်ငြာခ ဆုလေးဘာလေးများ ပေးရင်လဲ မငြင်းပါဘူး။ 😛
တကယ်ပြီးပါပြီ။ 😛
–
(စကားချပ်။ ။ နှစ်ဆန်းတစ်ရက်နေ့ကစလို့ မူလဦးပါလေရာ ပြန်ဖြစ်သွားမှာပါ။ 😀 😀 )
–
–
42 comments
FattyCat
April 16, 2012 at 5:44 pm
မြင်ဘူးတော့လဲ မရှိဘူးထင်လို့မရပါဦး ပရော်ဖက်ဆာ ဒေါက်တာပါလေရာရေ-
ဒီလိုမျိုးတွေ တကယ်ရှိလို့ ပရောဂဆရာဆိုတာ ယုံကြည်သူတွေလဲ ဒုနဲ့ဒေးရှိခဲ့တာပေါ့…
အတုအယောင်တွေများတော့ တကယ်မရှိဘူးလို့ထင်ကြတာပေါ့လေ…
အခုလို ပြည့်ပြည့်စုံစုံနဲ့ရှင်းပြတဲ့အတွက် ကျေးဇူးအထူးပါ…
ခင်တဲ့-
ကြောင်ဝတုတ်
ဦးဦးပါလေရာ
April 16, 2012 at 6:28 pm
ကိုဖက်ကက်ရေ
ဟန်နီကန် တကဒ် ကုန်ပြီလား…။
အဲဒီဂိုဏ်းတွေတော့ သွားမဝင်နဲ့နော်
အရက် ဘီယာတွေ ဈေးကျကုန်မယ်… 😀
မင်္ဂလာနှစ်သစ်ပါဗျာ…။ 😛
ဆူး
April 16, 2012 at 6:15 pm
မူလ ဖြစ်သွားပြီ ဆိုတော့ ဘယ်နှစ်ကိုယ် ပြောင်းလဲ သွားတာလဲ.. 😀 😀
ကိုယ်တိုင် ကျင့်တာမဟုတ်ပဲ သူများ ကျင့်ထားတာတွေကို တဆင့်ယူထားလို့ ပြန်သိမ်းလို့ ရတာလား။
သိပ်တော့မရှင်းဘူး။
အစွမ်းရှိတာ စမ ကြောင့်လား။ လူ ရဲ့ စိတ်ဓါတ် စွမ်းအားကြောင့်လား။
ဦးဦးပါလေရာ
April 16, 2012 at 6:33 pm
ဆူးရေ
အဲဒီဂိုဏ်းမျိုးတွေမှာ ဂိုဏ်းဝင်ကဘာမှမကျင့်ရပါဘူး..။
အစွမ်းရှိတာက ဂိုဏ်းရဲ့တန်ခိုးကြောင့် ဂိုဏ်းရဲ့တန်ခိုးကို ဂိုဏ်းဝင်က တဆင့်ယူသုံးတဲ့သဘောပါ။
(အဲဒီအစွမ်းတွေကလဲ အကန့်အသတ်ရှိပါတယ်။ အမြဲမှန်တာတော့ မဟုတ်ပါဘူး။)
ရိုးရိုးဂိုဏ်းဝင်အတွက် စိတ်ဓါတ်စွမ်းအားလဲ မရှိ/မလို ပါဘူး။
သီလ သမာဓိအကျင့်တွေလဲမလိုပါဘူး။
etone
April 16, 2012 at 11:40 pm
ဦးဦးရေ … ကျွန်မရဲ့ အဖိုးကလည်း ဣစ္ဆာသယ မဟိဒ္ဓိစေဂိုဏ်းမှာ ဂိုဏ်းဆရာအဖြစ်နဲ့ ပယောဂနှောက်ယှက်ခံရသူတွေကို ကုသပေးခဲ့ဖူးပါတယ် ။ ဘိုးတော်ပြူးရဲ့ ကိုယ်ထင်ပြအဆုံးမကြောင့် အရက်သောက်တာပြတ်သွားတဲ့အပြင် ဒီဂိုဏ်းထဲရောက်ခဲ့ပါသတဲ့ … ။ သူ့မိန်းမနဲ့ သားသမီးအားလုံးကိုလည်း စုတ်ထိုးပြီး နှဖူး နဲ့ ပခုံးခေါင်း လက်တွေမှာ စမတွေထိုးပေးခဲ့ဖူးတယ် …. ။ ကျွန်မတို့ခေတ်ရောက်လာတော့ တစ်ဆွေတစ်မျိုးလုံး ထိုးခံလာတဲ့ စုတ်ထိုးတဲ့ ကိစ္စအပေါ် ….. ငြင်းဆန်ခဲ့တယ် ။ ဒါကို ဖိုးဖိုးကလည်း လိုလိုလားလားနဲ့ … ကွဲလွဲခွင့်ပေးခဲ့တယ် အတင်းကြပ် စုတ်မထိုးခဲ့ဘူး ။
ကျန်းမာရေး ရှုဒေါင့်ကကြည့်လျှင် ဒီထိုးတဲ့အပ် တစ်ခုတည်းနဲ့ ဒီဆေးဆိုတော့လေ … ဘယ်လိုပဲ တန်ဖိုးရှိတယ်ပြောပြော ….ကျွန်မ မထိုးချင်တာအမှန်ပါပဲ … ။
အိမ်မှာဆို ဖိုးဖိုးလက်ထက်ကသုံးတဲ့ ဆေးတော်ကြီးတွေ ဆေးဘုရားတွေစုံလို့ … အခုတော့လည်း ဘယ်သူမှ မသုံးတတ်ပဲ ဒီတိုင်းအမှတ်တရ သိမ်းထားရတော့တယ် ။ ဆေးတော်ကြီးတွေက …. ထုထည်အားဖြင့် နှစ်လက်မ သုံးလက်မအရွယ်အစားစားရှိပေမယ့် …. အလေးချိန်အားဖြင့်တော့ အရမ်းပေါ့တာ အံ့ဩစရာကောင်းတယ် ။ ဆေးဘုရားကိုတော့ မကောင်းဆိုးဝါးပူးကပ်တဲ့အခါမှာ ရေစိမ်ပြီး အဲ့ရေကို သောက်ရပါတယ် ။ ပါးစပ်သရမ်းတဲ့ ဦးလေးကတော့ မကြာခဏဆိုသလို ပူးကပ်ခံရတာတွေဖြစ်တတ်တော့ ဆေးဘုရားရေတိုက်တာ အတော်အဆင်ပြေနေတယ် ။
အရင်က တပေါင်းလပြည့်နေ့ဆို အိမ်မှာ ပွဲတော်တွေလုပ်တယ် … နယ်ဘက်က ဂိုဏ်းဆရာတွေပါ ရောက်လာတတ်ပြီး သူတို့ တတ်တဲ့ ပညာတွေ ဖလှယ်ကြတယ် … ။ ထူးထူးခြားခြားမှတ်မိတာက … ဖိုးဖိုးစမ်းပြခဲ့တဲ့ မျက်စိထဲဝင်တဲ့အရာ ဖယ်ထုတ်နည်းပါပဲ ။ သရဲ ၊ ပြိတ္တာ ၊ ဖုတ်တွေက တစ်ခါတစ်လေ ဖုံအနေနဲ့ မျက်စိထဲဝင်ရောက်နှောက်ယှက်တတ်တယ်…. အဲ့ဒီအခါ လက်နဲ့သပ်ရုံနဲ့ မကောင်းဆိုးဝါးထုတ်တာကို ကိုယ်တိုင်ပြခဲ့တာပါ ..။ အဖေဖြစ်သူတောင် လက်တွေ့စမ်းချင်လို့ …မျက်လုံးထဲ သဲတွေဖြူးပြီး…. လက်နဲ့သပ်ခံလိုက်တာ .. တကယ်ပဲ သဲမှုန်တွေကွာကျသွားခဲ့သတဲ့ …. ။ ပယောဂနဲ့ ပတ်သတ်လို့ မြင်ခဲ့ဖူးတာ အမျိုးမျိုးပါ ။ ကိုယ်တွေသိတတ်တဲ့အရွယ်လည်းရောက်ရော အဖိုးက မိသားစုတွင်းက အနှောင့်ယှက်တွေကိုပဲ ရှင်းတော့တယ် …. ။ 🙄
ဦးဦးပါလေရာ
April 17, 2012 at 10:05 am
etone အဖိုးက ဘိုးတော်ပြူးရဲ့ တိုက်ရိုက်တပည့်ပဲ။
အဲဒါ အလကားနေရင်းဖြစ်တာမဟုတ်ပါဘူး။ အကြောင်းရှိလို့ တပည့်ဖြစ်ရတာပါ။
ဆေးတော်ကြီးတွေက ဘယ်လိုပေါ့သလဲဆိုတော့ – ဥပမာ သနပ်ခါးအသားကို သွေးပြီး လုံးပြီး အခြောက်ခံလိုက်ရင် ပေါ့ပေါ့လေးပဲကျန်တော့သလို ပေါ့ပါတယ် မဟုတ်လား။
စုတ်ထိုးတာက အဓိကက ဂိုဏ်းရဲ့ သိဒ္ဓိမြောက် ဆေးကို ကိုယ်မှာ မပျောက်ပျက်အောင် တခါတည်း တံဆိပ်ကပ်ပေးလိုက်တဲ့သဘောပါ။ ဒါကြောင့် အဲသလို စုတ်နဲ့ ဆေးထိုးရတဲ့ ဂိုဏ်းဝင်တွေဟာ-
မိမိရဲ့ကိုယ်မှာ ဂိုဏ်းရဲ့ အမှတ်အသား တန်ခိုးသိဒ္ဓိတွေ ကပ်ရောက်နေတာမို့ ခေတ်အလျှောက် ယုတ်နိမ့်တယ်လို့ယူဆရတာတွေ ပညာ(အစွမ်း)ပျက်စေနိုင်တယ်လို့ ယူဆရတာတွေကို ရှောင်ရပါတယ်။
ဒါက သဘောတရားပါ။ ဥပမာ မီးနေခန်းမဝင်တာ။ မိန်မထမီမကိုင်တာ။ ကြိုးတန်းအောက် မဝင်တာ။ သင်္ချိုင်းထဲ မသွားတာ။ +++++++….
အခြားဂိုဏ်းတချို့ကတော့ ဆေးနဲ့မထိုးတော့ဘူး။ ကိုယ်ထဲ (အရေပြားအောက်)ကို တခါထဲ သိဒ္ဓိဝင်အပ်မြှုတ်ပေးလိုက်တာနော။
Gipsy
April 16, 2012 at 11:42 pm
ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိစေဂိုဏ်း တော်ကြီး ဆိုတာတော့ လက်ရှိ လှုပ်ရှားနေဆဲပါ..
သတ္တဝါအသက်ကို ကယ်တင်တာ တခုပါပဲ..
ဦးပါလေရာပြောသလို ဘိန်း ၊ ဘင်း ၊ ကဇော်၊ လှော်စာ ၊ အရက် အကုန်ရှောင်ရတာဗျ…
ပြီးတော့ ဆေးကုတော့မယ်ဆိုရင် ပယောဂ မရှိပဲ ပယောဂ ရှိတယ်ဆိုပြီး လိမ်လည်ကုသခဲ့ရင်
သူ့မှာရှိတဲ့ ပညာ အော်တို ပျောက်ပါတယ်ခင်ဗျ…၊
သူတပါးသားမယား ကိုလဲ ရှောင်ရပါတယ် ၊ နောက်ပြီး ကျွဲသား နွားသား ရှောင်ရပါတယ်…။
အဆင့်ကလဲ ကိုယ်လုံကိုယ်ခံ အဆင့်ကစပြီး ၁ ဆင့် မှ ၉ ဆင့်ထိ ရှိကြောင်းပါ..။
၉ဆင့်ရှိလာပြီးဆိုရင် စုတ်တော်ပိုင် အဆင့်တက်ရပါတယ်။ စုတ်တော်ပိုင်အဆင့်မှ ထပ်တက်ချင်
တယ်ဆိုရင် ဆေးတော်ပိုင် အဆင့် တက်ရပါတယ် ၊
သာမန်လူတစ်ယောက် ကိုဆေးစတင်လိုက်တာနဲ့ ဆေးစပြီးကုလို့ ရတယ်လို့ လဲ သိရပါတယ်..၊
အဆင့်တွေမြင့်လာတော့မှ သမာဓိရအောင် ကြိုးစားကျင့်ကြံရတယ်လို့လဲ သိရပါတယ်…။
ဦးဦးပါလေရာ
April 17, 2012 at 10:07 am
၆ဆင့်ကစပြီး သမာဓိကောင်းဘို့လိုလာပြီ။
ဆရာအဆင့်ဖြစ်ပြီလေ..
ဆူး
April 17, 2012 at 9:17 am
ဆက်ကြပါအုန်း သိချင်လို့.. ဟိဟိ..
ဒါနဲ့ ဦးဦး သိတဲ့ ဂိုဏ်းတွေ နာမည်တွေလည်း ပြောပြပါအုန်း။
ဂိုဏ်းတွေ ရဲ့ လျို့ဝှက်ချက်တွေကိုလည်း မသိမသာ နဲ့ သိသိသာသာ ရေးပြပါလား ဖတ်ချင်လို့။ ဘာတွေ များလဲလို့ သိချင်လို့.. ဖြစ်နိုင်ရင်ပေါ့လေ။
ဦးဦးပါလေရာ
April 17, 2012 at 9:52 am
ဣစ္ဆာသယ မဟိဒ္ဓိစေဂိုဏ်း ဆိုတဲ့ အမည်နဲ့ကို အခြားဂိုဏ်းဆင်တူတွေလဲ အများကြီးပဲ။ ဒါက ဘိုးတော်ပြူးရဲ့ တပြည့်တွေကိုး…။ မန္တလေးမှာလဲ မဟိဒ္ဓိဂိုဏ်းဆိုပြီး တရုတ်တွေ(တရုတ်မတွေ)ကြားထဲ ရေပန်းစားတဲ့ ဂိုဏ်းတခုရှိတယ်။ အားလုံးက သံတူကြောင်းကွဲ လိုပါပဲ။ တချို့က ပုတီးပါထည့်တယ်။ တချို့က ဆောင်ရန်ရှောင်ရန်လေးတွေ နဲနဲကွဲတယ်။
အဲဒါက အလတ်စား (လူနဲ့နီးတဲ့) ဂမ္ဘီရ ဂိုဏ်းမျိုးပါ။
အခြားပုံစံနဲ့ အခြားဟာတွေ မျိုးစုံ( စုံမှစုံ) ရှိပါတယ်။
နာမည်ထုတ်မပြောပဲ တခြားအမျိုးအစားတခုကို ပြောပြဦးမယ်။ အဲဒါလဲ ခပ်နိမ့်နိမ့် အလတ်စားပါပဲ။
(ဟေ့ … နာမည်မပြောဘူးနော်.. 😛 )
အဲဒါ နတ်ဝိဇ္ဇာဂိုဏ်းလို့ ဆိုပါတယ်။
လူထဲမှာတော့ ကိုယ်စားလှယ် ဂိုဏ်းချုပ်ရှိပါတယ်။
သူ့အမိန့်ကို ဂိုဏ်းသားတွေက နာခံရတယ်။
ဂိုဏ်းဝင်တွေကို အဓိဌာန်ပုတီး ဘယ်နှစ်မျိုး+ဘယ်နှစ်ပတ်+ဘယ်နှစ်ရက် စိတ်ပြီး
ဆရာကစစ်ဆေး (ခေါင်းကိုသပ်ကြည့်တာ) ပြီးတဲ့ အခါ မှန်ရင် အဆင့်တက်ပေးပါတယ်။
တဆင့်စီဟာ သတ်မှတ်ထားတဲ့ အမိန့်အာဏာ (အစွမ်း)ကို ရပါတယ်။
အဲဒီအစွမ်းကို ဦးလေး လက်တွေ့စမ်းကြည့်ဘူးပါတယ်။
တစ်လတစ်ခါ (လို့ထင်တယ်) အစည်းအဝေးမှာ နတ်ဝိဇ္ဇာက ပင့်ခေါ်သူကို ပူးဝင်ပြီး လိုအပ်တာတွေ ပြောဆိုညွှန်ကြားပါတယ်။ ဂိုဏ်းဝင်တွေတင်ပြတဲ့ ဂိုဏ်းကိစ္စ ကိုယ်ရေးကိစ္စတွေကို ဖြေရှင်းပေးပါတယ်။
ကိုယ်ရေးကိစ္စတွေ ????? ။ ဒါဆို ပေါက်ပြီနော်။
(အဲဒီအစည်းအဝေးကိုလဲ မလှမ်းမကမ်းက တက်ရောက်ဘူးပါတယ် 😛 )
ဆူး
April 17, 2012 at 10:45 am
ဆူး ရဲ့ စိတ်ကူး သီးသန့်ပေါ့နော်.. သူများ အစွမ်းနဲ့တော့ ဆရာ မလုပ်ချင်ဘူး။
တကယ် ဆရာ လုပ်ချင်တယ်လို့ စိတ်ထဲ ရည်မှန်းချက် ထားရင် ဆရာ ဆရာ ဂိုဏ်းချုပ် ဖြစ်အောင် လုပ်ချင်တယ်။
ကျင့်စဉ်တွေက သိပ်ခက်ချင် ခက်လိမ့်မယ်။
သူများ ဖောက်တဲ့ လမ်း ကို တော့ မဖောက်ချင်ဘူး။
ဆူး ဆေးဝိဇ္ဇာ ဝင်ပူးပြီး ဆေးကုပေးတာ မြင်ဖူးတယ်။
သူဆီမှာ ဆေးတောင်းရင် ဆေးပေးတယ်။
နောက်မှ အတွေ့အကြုံ ဆက်ရေးပေးမယ်နော်။
htet way
April 17, 2012 at 9:22 am
ဗဟုသုတ ရစေပါတယ် ဦးဦးခင်ဗျား
သေချာလေ့လာတင်ပြထားလို့ ကျေးဇူးပါ
ဦးဦးပါလေရာ
April 17, 2012 at 9:35 am
ကိုထက်ဝေးရေ
အကြောင်းတိုက်ဆိုင်တာနဲ့ ကိုယ်မှတ်မိသလောက်လေး ပြန်ပြောတာပါ။
အင်း…. တိုက်ဆိုင်တယ်ဆိုတာ တကယ်ရှိရင်ပေါ့လေ………
ကြောင်ကြီး
April 17, 2012 at 9:30 am
ကောင်းဂန်းရောက်မှ တန်းလန်းဂျီး ထားမသွားဂျေးနာ်… နောင်ဘဝ ဟိုဟာမလာဘဲ ဖြစ်နေမယ်…။
ဦးဦးပါလေရာ
April 17, 2012 at 9:33 am
သူပြောတာနဲ့ ရပ်တောင်မရပ်ရဲအောင်ပါလား …… 😀
htoosan
April 17, 2012 at 10:27 am
ပါးစပ်သရမ်းတဲ့ ဦးလေးကတော့ မကြာခဏဆိုသလို ပူးကပ်ခံရတာတွေဖြစ်တတ်တော့ ဆေးဘုရားရေတိုက်တာ အတော်အဆင်ပြေနေတယ် ။
etone ဆေးဘုရားရေ သူကြီးနဲ့ ဦးကြောင်ဆီပို့ထားသင့်တယ် ထင်တယ် … 😀
ဆူး
April 17, 2012 at 10:36 am
ဆေးဘုရား ရေ ကို သဂျီး ဆီ ပို့လို့ မဖြစ်ဘူး။ သူက ဓါတ်လုံးစောင့် လုပ်ချင်နေတာ.. ဆေးဘုရားရေနဲ့ တွေ့လို့ ဓါတ်လုံးက ခွာ လိုက်ရအုန်းမယ်။ ဟိဟိ..
ဓါတ်လုံး စောင့်ကတော့လား ဆူး လက်ထဲ အဲဒီ ဓါတ်လုံး ရောက်လို့ ကတော့ ပြုသမျှ နုရမယ်မှတ်..
အဆော့မက်တဲ့ ကလေးတွေကို ဂေါလီလုံးလို လှိမ့်ခိုင်းအုန်းမှာ.. အယူအစွဲ မှန်တဲ့ အထိ။
ကြောင်ကြီး
April 17, 2012 at 10:37 am
တရုတ်နတ်သမီးလေးဆို ရဘာပီ… လူစင်စစ်ကလေးဆိုလည်း ဖြစ်တယ်..။ ဒါဆို ဘာမှမပေါဒေါ့ဘူး…။ သေချာဂျင်ရင် နောက်တယောက်ထပ်ပေး။ ပိုသေချာဂျင်ရင် နှစ်ဆတိုး… လုံးဝဥသုံဆိုရင်တော့ နှစ်နဲ့ထပ်မြှောက်… မကျေနပ်သေးရင် နှစ်နဲ့…..။ တော်ဘာပီ infinity square လို့သာ လိုက်မမြှောက်နေရအောင် မှတ်ထားလိုက်တော့…။
kai
April 17, 2012 at 3:04 pm
ဟိန္ဒူအယူအဆတွေကနေ အသွင်ပြောင်းပြီး.. မြန်မာ့ရိုးရာအဖြစ်..ရောမွှေလာတယ်လို့မှတ်ပါတယ်..။
ဖြစ်နိုင်ကောင်းပါရဲ့… 🙂
၉၉.၉၉၉၉ ကတော့ မဖြစ်နိုင်ဘူးလို့ထင်ပါတယ်..။
ဒီမှာ ညနေပိုင်းကတင်… အဘိုးကိုယ်တိုင်တည်ခဲ့တဲ့.. ပန်းပေါင်းစေတီလေး.. ရေသပ္ပါယ်လို့ပြီးတယ်..။ မြန်မာပြည်မှာ နှစ်ဆန်းတရက်နေ့မဟုတ်လား…
အဖေကသေချာမှာထားသမို့.. သေသေချာချာ လုပ်လိုက်ပါတယ်..။
ရွတ်လိုက်ရတာတွေ… မနည်းမနောပဲ… 😆
ဆိုတော့…
အဲဒီအဘိုးက.. ဖိုထိုးရင်း.. ပြာတွေကြောင့်… အသဲကင်ဆာနဲ့ဆုံးတယ်လေ… ကြာလှပြီ..
အနိစ္စ.. 😕
ဗိုက်ကလေး
April 17, 2012 at 7:39 pm
အပေါ်မှာ ဈာန်ပါပါဖတ်လာသမျှ
သဂျီးကွန်းမန် ့နဲ ့ပိတ်မှ ဟက်ကော့ဂျီးကိုဖစ်တွားဒါဘဲဂျာ
ကျနော်လဲ မကြုံဖူးသေးလို ့ မယုံသေးဘူးဗျာ..
ဒါပေမဲ့
ရွှေရင်ကျော်ဂိုဏ်းတော့ နာမည်အတော်ကြီးသဗျာ
ဆူး
April 18, 2012 at 8:18 am
အသဲကင်ဆာက အရက်သောက်လို့ မဟုတ်လား။
ပြာမှုန်ရှုတယ် ဆို အဆုတ်ကင်ဆာ ဖြစ်ရမှာလေ..
သီအိုရီတွေ မှားသွားပြီ။
အနိစ္စ.. 😕
kai
April 18, 2012 at 1:04 pm
အဟမ်း..
အဲဒီလိုင်းကလူတွေအကုန်လိုလို.. အသဲကင်ဆာနဲ့သေတာများတယ်..
ဆိုတော့..
ပြဒါးကိုထိ….. ပြာကိုမျိုလို့ပါ..
အင်း..
ဝေးမှန်းသိသာလိုက်တာ…
ဒုက္ခ..။ 😕
ဆူး
April 18, 2012 at 1:07 pm
ပြာစားတာတော့ ဘယ်သိမလဲ ဖိုထိုးလို့ ပြာတွေ ကြောင့် ဆိုတော့ ပြာရှုမိတာ ထင်လို့ပေါ့ လို့။
ဒုက္ခ..။ 😕
သမိန်ဂီ့
April 18, 2012 at 1:11 pm
ဟာဂျာ …
မသောက်မစားပါဘဲ နဲ့ ..ရှက်ကီမန်း ရောဂါဂျီးနဲ့ သေရတာတော့ မနိပ်သေးဘာဘူး…
ဒါချို ..သများတို့က တန်တာပေါ့နော်…
အိုဘယ့် ..ကော့ညက်လေးဒွေ….
သုခ။ 😀
ဦးဦးပါလေရာ
April 17, 2012 at 8:16 pm
ကျုပ်သဘောကတော့ ဒါတွေအားလုံး ဟုတ်ဟုတ်/မဟုတ်ဟုတ် အတိတ်မှာထားခဲ့တာ အကောင်းဆုံး… လို့ ပါပဲ။
သွားပြီး မပတ်သက်၊ သွားလဲ မစော်ကား ပဲ မသိချင်ယောင်ဆောင်နေရင်း ကိုယ့်အလုပ်ကိုယ်လုပ်ကြတာ ပိုကောင်းပါတယ်။
လက်ရှိအချိန်မှာတော့ ဒါတွေကို ကျုပ်အနေနဲ့ မကြိုက်တော့ပါဘူး။
၂၁- ရာစု ကမ္ဘာသစ်နဲ့လဲ မဆီလျှော်တော့ပါဘူး။
ဖြစ်နိုင်မဖြစ်နိုင်ဆိုတာနဲ့ပတ်သက်လို့ –
အင်း.. ဖြစ်နိုင်တာ မဖြစ်နိုင်တာက တကယ်တော့ အရေးမကြီးပါဘူး။
အကျိုးက အရေးကြီးတာပါ။
ပိုစ့်ထဲမှာ မသိမသာလေး ထည့်ထားတယ်နော်… 😀
အဲဒီသဘောတရားလေးဟာ ဘာသာရေးတွေထဲက ယုတ္တိမတန်တဲ့ အကြောင်းအရာတွေအပါအဝင် ကိစ္စတော်တော်များများကို ရှင်းပြနိုင်ပါတယ်လို့….။
ဆူး
April 18, 2012 at 8:20 am
စိတ်တော့ ဝင်စားလို့ မဟုတ်ဘူး။ စပ်စုချင်တာ..
မနေ့က အမှတ်မထင် ဗုဒ္ဓတက္ကသိုလ်က ကျမ်းပြု ဦးဇင်း တပါးဆီက စာတမ်းပြု ထားတဲ့ တက္ကသိုလ်ပြည် မှာ ပညာသင်ရတဲ့ အကြောင်း ဖတ်ရတယ်။
ပညာသင်ရတဲ့ ဘာသာရပ်မှာ အဲဒီ ဂိုဏ်းဆရာတွေ သင်တဲ့ ပညာတွေ အကြောင်းပါတယ်။
ဗဟုသုတတော့ အတော် ရတယ်။
surmi
April 17, 2012 at 11:45 pm
မောင်ဆာမိကတော. အစစ်အမှန်တွေအကြောင်းမပြောတော.ဘူး ၊ ကိုယ်တွေ.အတုတွေအကြောင်းဘဲ
ပြောချင်တယ်။ လောလောဆယ်ဆယ် အကြွေးမှတ်ပေါ.ဗျာ ။
ဒီပုဂ္ဂိုလ်တွေကိုမရှိဘူးလို.မဆိုလိုပါဘူး ။ တကယ်လဲကြုံဘူးပါတယ် ၊ ဒါပေမဲ. အတုတွေကများလွန်းတယ်။
ဘာဘဲဖြစ်ဖြစ် တနေ.ကျရင်တော. အတုအကြောင်းကိုယ်တွေ.မျက်မြင်လေးပြောချင်သေးရဲ.ဗျာ …..။
Gipsy
April 18, 2012 at 8:40 am
ကျုပ်တို့ မြန်မာတွေက လဲ အားကိုးရာရှာ .. အမှီသဟဲ ပြုကြတာတွေက ရိုးရာဓလေ့
ဖြစ်နေပုံပါ….
ဆရာစံ အရေးတော်ပုံကျဆုံးရတာလဲ အင်း၊အိုင်၊လက်ဖွဲ့ အရမ်းအားကိုးလွန်းလို့
ကျဆုံးရကြောင်း ရာဇဝင်ထဲမှာ ပါတယ်မဟုတ်လား….
ဆိုတော့ကာ ..
ကိုယ့်မှာရှိတဲ့ အသိဉာဏ်လေးနဲ့ ချင့်ချိန် ပါမှ တော်ရုံကျမှာ….၊။
ကိုဆာမိ ပြောချင်တဲ့ ပုဂ္ဂိုလ် အတု ဖြစ်ရပ်တွေ အများကြီးပါ..
ယုံလွယ်လွန်းလို့ စုံလုံးကန်းရတဲ့ ဇတ်လမ်းတွေ ဒုနဲ့ဒေးပါ….။
ဆူး
April 18, 2012 at 11:34 am
ဦးဆာမိ ဦးဂျစ်ပစီ ဦးဦးပါ တို့ ပြောချင်တဲ့ ရည်ရွယ်ချက်ကတော့ ဒါတွေ လိုက်စားပြီး အာရုံတွေ လွဲမှားနေမဲ့ အစား အလုပ်နဲ့ သက်သေထူသင့်တယ်။
တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည်ပေါ့။
မြတ်စွာဗုဒ္ဓရဲ့ တရားတော်ဖြစ်တဲ့ ဝိပဿနာ တရားကို သေချာစွာ ကျင့်ကြံ အားထုတ်လိုက်ပါ အဲဒီ ထက်ပိုပြီး ကြီးမားတဲ့ အကျိုးတွေ သေချာ သိမြင်လာပါလိမ့်မယ်။
အပြောမဟုတ် အလုပ်နဲ့ ကိုယ်တိုင် သက်သေ ထူ သွားတဲ့ ဆရာတော်ကြီးတွေ ရှိပါတယ်။
ကမ္မဌာန်း ၄ဝ ထဲက တနည်းနည်း ကို အသုံးပြုပြီး သမာဓိ တည်တဲ့အောင် လုပ်လို့ ဝိပဿနာ ဉာဏ်စဉ်တွေ တဆင့်ပြီး တဆင့် တက်အောင် ကျင့်နိုင်ပါစေ။
မဂ်လမ်း ဖိုလမ်း ပွင့်ပြီး နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်ကြပါစေ။
သမိန်ဂီ့
April 18, 2012 at 2:02 pm
ကျုပ်ပြောဖူးပါတယ်…
တကယ်က Nature, Order, Chaos, Death, Life ဆိုပြီး (၅)မျိုး ရှိပါတယ်ဆို …
အဂ္ဂိရက် ဆိုတာ Order တွေလုပ်လေ့ရှိတဲ့ ပညာရပ် ၁မျိုးပါဗျ…
မှော်ပညာရှင်ရယ် လော့ဒ် ရယ်ဆိုပြီး ..သူ့မှာ ၂ပိုင်းကွဲသွားတယ်…
ပါရှန်းတွေဘက်ကလည်း အနှီပညာတွေ ပေါ်ထွက်ဖူးခဲ့ရဲ့ဗျာ…
ကျန်တာတွေပါ ..ကြုံလို့ပြောရရင်
Life တွေကတော့ ဆေးဝိဇ္ဖာလိုင်း ဆိုနိုင်မလားပဲ …..
အနောက်တိုင်းက လိုက်ဘေးရီးယန်းတွေ မန့်ခ် တွေ ရဲ့ လိုင်းဗျာ..
စုန်းတို့ ကဝေတို့ ဆိုပြီး သမုတ်တဲ့ လိုင်းကတော့ Chaos, Death ၂ခုခည..
ဒရက်ကူလာ မြို့စားကြီး တို့လိုင်းပေါ့ ..
နည်းနည်း ဆန်းတာကတော့ လူသူတွေနဲ့ အနေမနီးတဲ့ Nature တွေပါပဲ ….
သူတို့က Elf တွေလေ… ကျတ် တွေလား ဆိုတော့လည်း မဟုတ်ဘူးဗျ….
ရော်ဘင်ဟု ဆိုတာ ဖစ်ရှင်နယ်လ် ဆိုပေမယ့် Elf တွေ ကိုယ်စားပြုတဲ့…
ရုပ်ပုံလွှာ လို့ ဆိုနိုင်ရဲ့ဗျာ…
ဆက်ပြောရရင် အနှီ လိုင်းတွေနဲ့ သီးခြားဖြစ်တဲ့ နောက်ဆုံး ၁လိုင်း ကျန်သေးရဲ့ဗျာ..
5+1 ဆိုပါတော့ … အဲ့ဒါတွေအကြောင်းတော့ နောက်များမှ ကြုံရင် ဆွေးနွေးပါဦးမယ်..
တကယ်တော့ …ဒါတွေမယုံဘူး ငြင်းတတ်တဲ့ သဂျီးဟာလည်း ..တကယ်တော့ …..
တကယ်တော ့… ကျုပ်ဟာလည်း ….
မပြောတော့ပါဘူးလေ…
ဒက်ဂလောက်
kai
April 18, 2012 at 2:12 pm
အင်းနော်..
အရိပ်ပြလည်း..အကောင်မမြင်.. အကောင်ပြလည်း..အရိပ်မတွေ့နဲ့..
၉၉.၉၉၉၉ ပါဆိုနေမှ..
သမိန်ဂီ့
April 18, 2012 at 2:17 pm
ရှိပါတယ် ဆိုမှ …
ရှိလို့ပဲ …
ဟို ရုပ်ချောချော သွေးစုပ်ဖုတ်ကောင်လေးရယ်..
မျက်ခုံးအမာရွတ်နဲ့ မှော်ဆြာလေးရယ်….
ဘယ်လောက် မီလျံဘစ်ဇနက် ဖြစ်သွားလဲ သဂျီးအသိပဲဟာ..
တနေ့ ဘိရုမာဗားရှင်း မှော်-စုန်း-ကဝေ-သရဲ-တစေ ဝတ္ထုတွေ ရုပ်ရှင်တွေ……
(အင်း …မာကတ္တာများ မကောင်းတာပြောပါတယ်…..)
အာဟိ…ဒက်ဂလောက်
ကြောင်လေး
April 18, 2012 at 10:53 pm
“ကျင့်ရတာက ဂိုဏ်းအပေါ်သစ္စာရှိရတယ်။ ပညာအပေါ်သစ္စာရှိရတယ်။ သူများသားမယားမမှာ:ရ၊ ကျွဲသားနွားသားမစားရ၊ အရက်မသောက်ရ။”
ဒီနေရာမှာ “သူများသားမယားမမှာ:ရ” ဆိုတာနဲ့ပတ်သက်ပြီး တစ်ခုကျနော်မေးချင်တာလေးပေါ်လာပါတယ်၊ ကျနော်မေးခြင်းသည် နောက်လိုပြောင်လိုခြင်း၊
ထောက်ပြီးအပစ်ရှာခြင်းလုံးဝမဟုတ်ကြောင်း ကြိုတင်ပြောပါရစေ၊ တကယ်စည်းကမ်းနဲ့ အကြောင်းခြင်းရာအပစ်ဘယ်လိုပုံလွတ်နေတယ်ဆိုတာလေးရှင်းပြစေချင်တာပါ၊ တခြားသူများလည်း သိသွားအောင်ပေါ့။
ကျနော်နဲ့တော်တော်ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်၊ တစ်ယောက်ဟာရွှေယင်ကျော်ဆရာပါ၊ ဆေးလည်းလိုက်ကုနေပါတယ်။ သူဟာ မိန်းမနှစ်ယောက်ပါ၊သူ့မှာလည်းသားကြီး သမီးကြီးရှိသလို သူ့ရဲ့လက်ရှိမိန်းမမှာလည်း သားကြီးသမီးကြီးရှိပါတယ်။ သူတို့ ယူကြတဲ့အချိန်ဟာ နှစ်ယောက်လုံး အိမ်ထောင်ကွဲပြီးကြလို့လား၊ နှစ်ယောက်လုံး မုဆိုးဖို၊မုဆိုးမ ဖြစ်ကြလို့လားတော့မသိပါ၊ အဲဒီအနေအထားလေးတွေ ရှင်းပြစေချင်ပါတယ်။ အထက်ကလိုဆိုရင်တော့ သူတို့ရဲ့စည်းကမ်းနဲ့ ညီညွတ်နေမယ်လို့ ကျနော်ယူဆပါတယ်။
kai
April 19, 2012 at 5:41 am
ဆိုတာမို့.. စည်းကမ်းက လူကြိုက်မများနိုင်တာကို.. တဖက်လှည့်နဲ့.. လွှတ်ပေးလိုက်တဲ့သဘောဖြစ်လာပါလိမ့်မယ်..
ဆိုတော့…
မိန်းမကိစ္စကို.. တော်တော်လေး လွှတ်ပေးပါလိမ့်မယ်…။
လော့ဂျစ်နဲ့တွက်တာ.. 🙂
အပြင်လက်တွေ့လောကမှာလည်း..
( စော်ကားခြင်းမဟုတ်.. အတင်းတုတ်ခြင်းဖြစ်ကြောင်း.. ပြသနာတက်မယ်ဆိုရင်.. ကျုပ်ဆီလွှဲပေးလိုက်စေချင်ကြောင်း.. )
ဦးဦးပါလေရာ
April 18, 2012 at 11:43 pm
ကိုကြောင်လေးရေ
ကျုပ်က ရွှေရင်ကျော်ဂိုဏ်းဝင်မဟုတ်လို့ အဲဒီဂိုဏ်းကိုတော့ ကိုယ်စားပြုမရှင်းပြလိုပါဘူး။
“ဒီလိုဂိုဏ်းမျိုးတွေ… ” လို့ပဲ ခြုံပြီး ယေဘုယျသဘောပြောပါ့မယ်။
ဒီလိုဂိုဏ်းမျိုးတွေမှာ သူများသားမယားမမှားရ ဆိုတာက လင်ရှိမိန်းမကို မမှား၊မကျူးလွန် ဘို့ တခုတည်းကိုပဲဆိုလိုပါတယ်။ လက်ရှိယောက်ျားမရှိသူ တခုလပ်/မုဆိုးမ ကို ယူလို့ရပါတယ်။ ဂိုဏ်းဝင်မိန်းမအတွက်တော့ အဲဒီစည်းကမ်းရှိ/မရှိ မသေချာပါဘူး။ ကျုပ်တွေ့ဘူးတဲ့ ဂိုဏ်းတခုက ဂိုဏ်းဝင်မိသားစုမှာလဲ ယောက်ျားက မိန်းမနှစ်ယောက် (အနဲဆုံး :P) ရှိတာတွေ့ဘူးပါတယ်။
ဆူး
April 19, 2012 at 12:26 pm
ဘာဂိုဏ်းလဲတော့ မသိဘူး ငယ်ငယ်က ဆွေနီးမျိုးစပ် အမျိုးတွေ အဲဒီ ဆေးကို စုပ်ထိုးတယ်။
အဲဒီ စုပ်ထိုးထားရင် ဓါးနဲ့ ခုတ်ရင် သွေးမထွက်ဘူး။
အဲဒီ ဆေးထိုးထားတဲ့ ဦးလေး တယောက်ဆို ဘရိတ်ဓါး ဝါးစားပြတယ်။ စည်းလုံတဲ့ သဘောနဲ့ တူတယ်။ အချက် ၅ချက် ရှောင်ခိုင်းတယ်။ အမြဲတော့ သူတို့ သတိထားတယ်။ လည်ပင်းကို ၂လက်မ သံ နဲ့ ရိုက်ပြတယ် ဆိုလား.. ငယ်သေးတော့ သွားပေးမကြည့်ဘူး။ ကြားဖူးတာ..
တခါ အိမ်လာလည်တဲ့ အခါ အိမ်မှာ အမဲသားဟင်းချက်တယ်။ သတိလက်လွတ် စားမိသွားတယ်။
အဲဒီ ဦးလေးက မကြာဘူး သူ့ အိမ်မှာ တူတူ ဆေးထိုးထားတဲ့ လူ တယောက် နဲ့ ရန်ဖြစ်တာ ဘာမှ အစ မရှိပဲနဲ့ အဲဒီ ဆေးထိုးထားတဲ့ နောက်တယောက်က ဆေးကြောင်သလို ဖြစ်ပြီး ခွေးချည် အပုလေးနဲ့ ထ ရိုက်လိုက်တာ ခေါင်း ၆ချက် ချုပ်လိုက်ရတယ်။ အဲဒီ လူက ခုံနဲ့ ကောက်ထု ပြီးတော့ ဓါး ပြေးဆွဲပြီး သူ့ လက်ကို ဓါး အသွားနဲ့ ပွတ်တာ အားရပါးရ ခြစ်တာ လုံးဝ သွေးမထွက်ဘူး။ နောက်တော့ ဆရာတယောက်က လူပြီး ကူညီလို့ သူလည်း ငြိမ်သွားတယ်။
အဲဒီ သွေးမထွက်တဲ့ ဆေးလိုက်ထိုးပေးတဲ့ ဆရာက အခု ထောင်ထဲမှာ သူများ မယားကြာခိုမိလို့ အဖမ်းခံ နေရတယ်။ သူထိုးပေးထားတဲ့ လူတွေလည်း စိတ်ပျက်တယ် ဘာညာနဲ့ ဘာမှ မရှောင်တော့ပဲ အကုန်ပျက်သွားပုံရတယ်။
zarni
April 19, 2012 at 2:05 pm
အပိုင်း၅ ကိုမျှော်လင့်နေမိပါတယ်…..
zarni
April 23, 2012 at 10:28 pm
အူးလေးတို့နဲ့ဆိုင်မယ့်ထင်တယ်:D http://www.shweyinkyaw.org
Matha Gyi
December 14, 2017 at 6:16 pm
အပိုင်း၄
ပယောဂကုဆရာဆိုတာ အနည်းဆုံးငါးပါး သီလကို လုံခြုံအောင် စောင့်ထိန်းရပါတယ်။ ဗုဒ္ဓါ နုဿတိပွားရတယ်။ အကျင့်စာရဏတွေ မပြတ် ဆည်းပူးရတယ်။ မေတ္တာနဲ့သစ္စာကို လက်ကိုင်ထားရ တယ်။ ဒီခေတ်မှာ ဆရာစစ် ဆရာမှန်ဆိုတာက အတော်ရှားနေပြီ။ ရှိသင့်သလောက်တော့ ရှိနေကြ ပါတယ်။ ဆရာစစ် ဆရာမှန်နဲ့တွေ့ဖို့ ကံကောင်းဖို့ ကတော့ ကိုယ်ကိုယ်တိုင်ကလည်း စိတ်ထားကောင်း ကောင်းနဲ့ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်သူ ဖြစ်ဖို့ လိုပါတယ်။
ဒါကြောင့် ဆရာဆိုတိုင်း ပုံပြီးမယုံလိုက်ပါနဲ့။ ချိန်ချိန်ဆဆနဲ့ အရာရာကို ချိန်ဆပြီးမှပြောဆိုလုပ် ကိုင်တတ်တဲ့ဆရာ၊ ဆရာကောင်းကို ရှာပါ။ ဆရာ ကောင်းကိုရှာဖို့ အရေးကြီးလွန်းလို့ ဘုရားရှင်ကိုယ် တော်မြတ်ကြီးက ဆရာကောင်းကို ရှာကြဆိုတဲ့ စကားကို ၄၅ ဝါပတ်လုံးမှာ ၅၂၈သွယ်မေတ္တာတော်နဲ့ အညီ အကြိမ်ပေါင်း ၅၂၈ တိတိ မိန့်ကြားခဲ့တာပါပဲ။
ပယောဂဆရာဆိုတာနဲ့ သူလုပ်သမျှလက် မခံပါနဲ့။ လူကို ကျွဲလိုနွားလိုရိုက်နှက်တာ(ဘာပဲဝင်နေ ဝင်နေ) သူ့အလုပ် မဟုတ်ဘူးဆိုတာ သတိထားပါ။ လိုအပ်လို့ရှိရင် ဆရာစစ် ဆရာမှန်ကို ရအောင်ရှာ (အထူးသဖြင့် အဲဒီဆရာရဲ့ဝန်းကျင်မှာ အနီးနားလူ တွေကို သတင်းစုံစမ်းပါ)ပြီးမှ ကုသင့်ကုထိုက်မှကု ပါ။ ဆရာတင် မမှားကြပါစေနဲ့။
Matha Gyi
December 14, 2017 at 6:19 pm
အပိုင်း၄
ပယောဂကုဆရာဆိုတာ အနည်းဆုံးငါးပါး သီလကို လုံခြုံအောင် စောင့်ထိန်းရပါတယ်။ ဗုဒ္ဓါ နုဿတိပွားရတယ်။ အကျင့်စာရဏတွေ မပြတ် ဆည်းပူးရတယ်။ မေတ္တာနဲ့သစ္စာကို လက်ကိုင်ထားရ တယ်။ ဒီခေတ်မှာ ဆရာစစ် ဆရာမှန်ဆိုတာက အတော်ရှားနေပြီ။ ရှိသင့်သလောက်တော့ ရှိနေကြ ပါတယ်။ ဆရာစစ် ဆရာမှန်နဲ့တွေ့ဖို့ ကံကောင်းဖို့ ကတော့ ကိုယ်ကိုယ်တိုင်ကလည်း စိတ်ထားကောင်း ကောင်းနဲ့ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်သူ ဖြစ်ဖို့ လိုပါတယ်။ဒါကြောင့် ဆရာဆိုတိုင်း ပုံပြီးမယုံလိုက်ပါနဲ့။ ချိန်ချိန်ဆဆနဲ့ အရာရာကို ချိန်ဆပြီးမှပြောဆိုလုပ် ကိုင်တတ်တဲ့ဆရာ၊ ဆရာကောင်းကို ရှာပါ။ ဆရာ ကောင်းကိုရှာဖို့ အရေးကြီးလွန်းလို့ ဘုရားရှင်ကိုယ် တော်မြတ်ကြီးက ဆရာကောင်းကို ရှာကြဆိုတဲ့ စကားကို ၄၅ ဝါပတ်လုံးမှာ ၅၂၈သွယ်မေတ္တာတော်နဲ့ အညီ အကြိမ်ပေါင်း ၅၂၈ တိတိ မိန့်ကြားခဲ့တာပါပဲပယောဂဆရာဆိုတာနဲ့ သူလုပ်သမျှလက် မခံပါနဲ့။ လူကို ကျွဲလိုနွားလိုရိုက်နှက်တာ(ဘာပဲဝင်နေ ဝင်နေ) သူ့အလုပ် မဟုတ်ဘူးဆိုတာ သတိထားပါ။ လိုအပ်လို့ရှိရင် ဆရာစစ် ဆရာမှန်ကို ရအောင်ရှာ (အထူးသဖြင့် အဲဒီဆရာရဲ့ဝန်းကျင်မှာ အနီးနားလူ တွေကိုသတင်းစုံစမ်းပါ)ပြီးမှ ကုသင့်ကုထိုက်မှကု ပါ။ ဆရာတင် မမှားကြပါစေနဲ့။
Matha Gyi
December 14, 2017 at 6:22 pm
လူကိုယ် တိုင်တွေ့ စစ်ဆေးမေးမြန်းပြီးမှ ကုသလို့ရနိုင်မှာ။ ဘာပဲဖြစ်ဖြစ် အလွယ်တကူတော့ မယုံပါနဲ့။ အထူးသ ဖြင့်ဒီခေတ်မှာ လွယ်လွယ်ခေါင်းစဉ်တပ်နေကြတဲ့ ဆရာတွေ အများကြီးဖြစ်နေတယ်။ ဘုရားလောက် နီးနီး သိနေသလို ပြောဆိုဝါဒ ဖြန့်လာကြတယ်။ ဆရာတုဆရာယောင်တွေ များလာတယ်။ ဆရာ ဆိုပြီး လွယ်လွယ်နဲ့ မယုံလိုက်ကြပါနဲ့။ ပြောတဲ့ စကားတွေကို လွယ်လွယ်မယုံကြပါနဲ့။ ရေးနေတဲ့ စာတွေကိုလည်း လွယ်လွယ်နဲ့ မယုံကြပါနဲ့။ ယုံစရာ ကောင်းတဲ့စကားလား၊ ယုံစရာကောင်းတဲ့စာလား ခွဲခြားဝေဖန်နို်င်အောင် စဉ်းစားပါ။လူတွေက ဦးနှောက်မသုံးချင်ကြဘူး။ ဆရာ ဆိုတဲ့လူက ဒီလိုဆိုပြီး ပြောလိုက်ရင် ဟုတ်သလိုမှန် သလို ထင်ကြတယ်။ ကြီးကြီးကျယ်ကျယ် ပြောရင် အထင်ကြီးကြတယ်။ ပြောသမျှကို မျက်စိမှိတ်ပြီး ဇွတ်ယုံတာ။ ဗုဒ္ဓဝါဒ မဟုတ်ဘူး။ ဗုဒ္ဓက ဝေဖန်ပိုင်း ခြား စဉ်းစားဖို့ကို တိုက်တွန်းခဲ့တယ်။ ဘယ်သူပြော ပြော ချက်ချင်းမယုံကြဖို့ ဆုံးမတယ်။ သူဟောတဲ့ တရားတွေကိုတောင် ချက်ချင်း မယုံကြဖို့ပြောတယ်။ လေ့လာကြည့်၊ စူးစမ်းကြည့်၊ လက်တွေ့လိုက်နာ ကျင့်သုံးကြည့်ပြီးမှ ယုံကြည်ကြဖို့၊ ဆက်လုပ်ကြဖို့ ဟောကြားခဲ့တယ်။ဂမ္ဘီရစာပေဆိုတာ လူတွေရဲ့ အသိဉာဏ်တိုး ပွားလာအောင် ဖြည့်ဆည်းပေးတဲ့စာပေ။ ပယောဂ ဆရာဆိုတာလည်း လူတွေရဲ့ဒုက္ခကို ကယ်တင်နိုင် တဲ့ပုဂ္ဂိုလ်မွန်မြတ်တဲ့အလုပ်၊ သရဲပူးတယ်၊ နတ်ကိုင် တယ်ဆိုပြီး ခြိမ်းခြောက်နှိပ်စက်လာရင် အဲ့ဒါဆရာ အစစ်မဟုတ်ဘူး။ လူသေအောင်လုပ်တာ အထက် လမ်းပညာမှာ မရှိဘူး။ သေမယ့်သူ မသေအောင် ကယ်တင်နိုင်မှသာ အထက်လမ်းဆရာအစစ် ဖြစ် တယ်။
Matha Gyi
December 14, 2017 at 6:35 pm
ကျနော်လဲရွှေရင်ကျော်ဣစ္ဆာသယမဟိဒ္ဒိစေဂိုဏ်းဝင်ဆရာပညာ၉ဆင့်ယူထားတဲ့သူတယောက်ပါ။ကျနော်တို့ဂိုဏ်းအဖွဲတွေမှာပယောဂကုသတဲ့အချိန်ငေါက်ငန်းတာလောက်ပဲရှိပါတယ်။ရိုက်နှက်ခြင်းလုံးဝလုံးဝမရှိပါဘူး။အာဏာစက်နဲ့ပဲကုတာပါ။ကာယကံရှင်ကတောင်းဆိုမှသာဝေဒနာသည်ရဲ့ကိုယ်ထဲဝင်ပူးပြီးပြောခိုင်းတာလောက်ပဲရှိပါတယ်။ဉာဏ်ပညာသုံးပြီးစဉ်းစားချင့်ချိန်နိုင်ကြပါစေ။နောက်ဆုံးတခုဆွေးနွေးပရစေပရောဂဆိုတာမရှိဘူးမထင်လေနဲ့ ခုလိုခေတ်ဆိုးခေတ်ယုတ်ထဲမှာဆရာယောင်တွေပေါသလို ပရလောကသားတွေနှောက်ယှက်လို့သေကြေပျက်စီးကြတာလဲဒုနဲ့ဒေးပါပဲ။