ဘယ်အချိန်ထိလဲ
ကြာတော့လည်း ကြာခဲ့ပါပြီ။ ဒီပရုပ်လုံးလေး လည်ပတ်နေခဲ့တာ ။ ကိုယ်မမွေးခင်နှစ်တော်တော်ကြာ ကတည်းက ရပ်တည်လာခဲ့တာ။ စစချင်းတော့ အသေးစား လုပ်ငန်း နောက်တော့ အလတ်စားလုပ်ငန်း နောက်တော့ နောက်တော့ တန့်နေခဲ့တာ တော်တော်လေးတော့ ကြာနေပါပြီ။ ခုအချိန်မှာကတော့ ဆုပ်လည်း ဆူး စားလည်းရူး ။ ရှေ့တိုးရခက် နောက်ဆုတ်ရခက် ။ ဇော်ကန့်လန့် ဖြစ်နေခဲ့တာ ။
ခုရက်ပိုင်းများမှာတော့ တကယ့်ကိုပဲ ကသီကလင်နိုင်လာတော့သည်။ ဟင်း … ဆိုတဲ့သက်မ ကြီးတွေကိုလည်း အကြိမ်ကြိမ် ချနေခဲ့ရတာ ကြာပါပြီ။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက ဝင်လာမစဲ ချိုင်းနား မိတ် ထိုင်းမိတ် အော်ရဂျင်နယ် ပစ္စည်းတွေ ကြောင့်လည်း ရင်တမမ။ ဒီပစ္စည်းတွေကို ယှဉ်နိုင်ဖို့ ဆိုရင် ကိုယ့်ထုတ်ကုန်ကိုလည်း သူတို့လို ထုတ်နိုင်ဖို့ စက်ကောင်းတွေ လိုသည်။ နည်းပညာလိုသည်။ မလုပ်ရင် မဖြစ်တော့ဘူး ဆိုတာ မြင်လာတော့ ရှိတာလေး ကုပ်ကပ်စုပြီး တဖက်ကို မျက်စိပွင့်နားပွင့်အောင် သွားရသည်။ ဟိုဟိုဒီဒီ မေးမြန်းစုံစမ်းလာ ရကနေ အဆက်အသွယ်ကနေ တဆင့် သူတို့ပြောတဲ့ စက်ကို ဝယ်ရသည်။ အဲ့ဒီစက် ရောက်ဖို့ရာ လုပ်လိုက်ရတဲ့ ထောက်ခံစာတွေ ဟိုဟာတောင်း ဒီဟာတောင်း အတော်လေးကို လုံးပန်းခဲ့ရသည်။ နောက်ဆုံးမှာတော့ စက်စဝယ်ဖို့ ကနေ အိမ်ရောက်ဖို့ရာအထိ နှစ်ချီစောင့်ပြီး တနှစ်ပြည့်လုနီးပါးမှာ အောင်မြင်စွာနဲ့ ရောက်ရှိလာသည်။
စက်ရောက်တော့လည်း ချက်ချင်းလည်လို့ မရပါ။ အဲ့ဒီစက်ကို လည်နိုင်ဖို့ ကိုယ်ပိုင်ထရန်စဖော်မာလိုသည် ဆိုတော့ လျှောက်ရပြန်သည်။ ခြေသလုုံးဖက်မတတ် ပြောရသည် အောက်ကျို့ရသည်။ ပေးရကမ်းရသည်။ အဆင့်ဆင့်ဝင်ရသည်။ ဒါတောင် ကိုယ်က မဟုတ်မဟပ်လုပ်စားတာမဟုတ် ။ ဘောင်ထဲက လုပ်ငန်းတခု။ လတော်တော်ကြာစောင့်ပြီး မှ ထရန်စဖော်မာလေး ရခဲ့သည်။ စက်စ ဆင်တာကနေ ထရန်စဖော်မာ ထိုင်တာ ကြိုးဆွဲတာတွေနဲ့ ၆ လလောက်အချိန်ကုန်သွားသည်။ စက်ကတော့ မလည်ရသေး။
နောက်တော့ စက်ကို လည်ပတ်ဖို့ရာ အသင့်ဖြစ်လာသည်။ လည်ပြီး သိပ်မကြာ စက်လည်နေတုန်း မီးကို ဖျက်ဖျက်ချသည်။ ဘာဖြစ်လို့လဲ ဆိုတော့ ရေမလောင်းလို့ပါတဲ့။ အော်… တောင်းသူရှိရင်လည်း ပေးရမှာပေါ့။ ဘယ်တတ်မနိုင်မလဲ ။ ဒီလိုနဲ့ စက်လည်တဲ့ နေ့တိုင်း ရေလောင်းရသည်။ မလောင်းရင် ဖျက်ချတတ်သည်။ ဒီကြားထဲမှာ ကြုံရင် ကြုံသလို အခါအခွင့်သင့်တိုင်း လာလာညှစ်တတ်သေးသည်။
ဒီလိုနဲ့ မီးလည်း ရလို့ စက်လည်တော့ ပစ္စည်းကောင်းမရပါ။ နည်းလိုနေသည်။ ဟိုဘက်ကလည်း လူလည်တွေ စက်ကို ရောင်းသည် ။ နည်းပညာမပါ။ ကိုယ့်ဟာကိုယ် စမ်း ကိုယ့်ဟာကိုယ်ကြံ။ ဒီလိုနဲ့ ပစ္စည်းကို ကိုင်ပြီး ဓာတ်ခွဲခန်းပို့ရသည်။ ကောင်းတဲ့ ပစ္စည်းမှာ ဘာတွေပါလဲ ။ ပျက်တဲ့ထဲမှာ ဘာတွေ ပါနေတာလဲ။ အဆင့်ဆင့်ပို့ခဲ့ရသည်။ နောက်ဆုံးမှာ အဖြေထွက်တော့ ဓာတုပစ္စည်း တချို့ ထည့်ရမည် ။ အချိူးအစား မှန်မှ မီးမှန်မှ အပူချိန်မှန်မှ ဆိုတဲ့ ပြသာနာလေးတွေ ရှိသည်။ အဲ့ဒါတွေ ကို တိုင်းနိုင်တဲ့ စက်ကို ထပ်ဝယ်ရသည်။
ဖြစ်ချင်တော့ အဲ့ဒီစက်က စာတွေက သူတို့ ဘာသာစကားနဲ့ ။ ကွန်ပျုတာနဲ့ တွဲသုံးရသည်။ ဘာတွေမှန်းမသိ စစချင်း။ ဒီလိုနဲ့ အကုန် မန်နူရယ်တွေ အင်္ဂလိပ်လို ပြန်ရသည်။ တော်တော်လေး စောင့်ခဲ့ရသည်။ အဲ့ဒီစက်က ပြောရရင် ဆိုင်ရာနယ်ပယ်မှာ လုံးဝ အသစ်ဖြစ်နေသည်။ တော်တော်ကြီးမှ တော်တော်ကြီးကို ကြိုးစားခဲ့ရပါသည်။
ဒီလိုနဲ့ ပျက်လိုက် စမ်းလိုက်နဲ့ နှစ်ပေါက်လာသည်။ ဒီလို စမ်းသပ်ကာလမှာ မီးကို အလှည့်နဲ့ပေးတဲ့ အခါမျိုး ဆိုရင် ညဘက်ပေးတဲ့ မီးအလှည့်မှာ ညသန်းခေါင် ၂ နာရီလောက်မှာ လုပ်ရတဲ့နေ့တွေ အများကြီး ။ ဒီစက်တွေက မီးစက်မနိုင်ပါ။ မီးအားငြိမ်ဖို့ အရေးကြီးသည်။
စမ်းသပ်ဆဲ နှစ်တွေမှာ တဖက်ကလည်း မူလလက်ဟောင်းဂျပန်နည်းလေးနဲ့ ကျားကန်ထားရသည်။ ဆုံးရှုံးမှုတွေ ကုန်ကျစရိတ်တွေ နှစ်ချီလာတော့ တော်တော်လေး အထိနာလာသည်။ လက်လျှော့လုနီးပါးမှာ အမှားကိုတွေ့ပြီး အသက်ရှုပေါက်ရလာသည်။ ပြောရရင် ဟန်ပဲ ရှိပြီး အဆံမရှိတော့တာကြာနေပြီ။
နောက်တော့ အကြမ်းထုတ်တာ အဆင်ပြေတော့ အချောဘက်မှာ စက်ထပ်ဝယ်ရသည်။ ဒီစက်ကလည်း တော်တော်လေး ကောင်းသည်။သို့သော် မီးစက်နဲ့ မနိုင်။ မီးငြိမ်ဖို့က အသက်တမျှအရေးပါနေသည်။ အဲ့ဒီလောက် မီးစက်ဖိုးလည်း ဘယ်လိုမှ ထပ်ပြီး မဝယ်နိုင်တော့ မတတ်နိုင်တော့ပါ။ သူများနိုင်ငံတွေ ဘာလို့ ပစ္စည်းကောင်းတွေ ဈေးချိုသလဲ ဆိုတော့ စက်ကောင်းသည် ။ နည်းပညာကောင်းသည်။ လျှပ်စစ်မီး ကောင်းသည်။ မီးငြိမ်သည်။ စက်ကောင်းတော့ အလုပ်သမား သိပ်မလို။ လျှော့ချလို့ ချွေတာလို့ ရတဲ့နေရာတွေ အများကြီး။
စမိမှတော့ ဆိုပြီး ကြိတ်မှိတ်ဝယ်ခဲ့သည်။ ဒီလိုပဲ အခက်အခဲ မျိုးစုံကြားက ရောက်လာခဲ့သည်။
ထုံးစံအတိုင်း တော်တော်နဲ့လည်း မလည်နိုင်ပါ။ သူတို့ ကုန်စည်ပြပွဲဆိုတာတွေ ထပ်သွားပြီး စနည်းနာရသည်။ မျက်စိပွင့် နားပွင့်ဖို့ဆိုရင် သူတို့ ဆီကိုတော့ မကြာမကြာသွားပြီး ဘာတွေလုပ်နေသလဲတော့ ကြည့်နေမှ။ အထဲက အပြင်ကို မထွက်နိုင်ရင်တော့ တပန်းရှုံးပြီးသား။ ဒါတောင် အရှေ့က ထုတ်တဲ့စက်မို့ အနောက်က ထုတ်တဲ့ စက်ဆိုတာ မျှော်ကြည့်ရုံပဲ တတ်နိုင်သည်။ နည်းပညာရယ် စွမ်းအင်ရယ် ဆိုတာ လုပ်ငန်းတိုင်းတိုးတက်စေဖို့အတွက် အသက်တမျှအရေးပါသည်။
နောက်တခုက ဒီလုပ်ငန်းက ကုန်ကြမ်းလည်း အတော်လေး ဝယ်ရသည်။ တခါတခါဝယ်ရင် အင့်ခနဲ နင့်ခနဲ။ တခါတခါမှာ အလုပ်သမား စရိတ်ရယ် မိသားစုစရိတ်ရယ် ကာမိရုံ။ လက်ထဲမှာ ငွေမရှိတတ်ပါ။ လည်ပတ်နေတဲ့ လုပ်ငန်းပဲ ရှိသည်။ အများအမြင်မှာတော့ လုပ်ငန်းရှင်ဆိုတဲ့ အမြင်။ တကယ်က နာမည်ကြီး ထမင်းငတ်။ နည်းမျိူးစုံနဲ့ ကျားကန်ထားခဲ့ရတာလည်း ပန်းနေပါပြီ။
တခါတခါ ထမင်းစားရတာ မြိုတောင် မကျချင်။ ဒီခေတ်ထဲမှာ သမာအာဇီဝလုပ်ငန်းတခု နဖူးကချွေး ခြေမကျအောင် ရှာတာတောင် သူများတွေလို ကားကောင်းမစီးနိုင်ခဲ့ပါ။ လုပ်ငန်းသုံးကားနဲ့ ခပ်လတ်လတ် အိမ်စီးကား လေးသာ ရှိခဲ့သည်။ သူများတွေက ကားဘာလို့ မလဲသလဲ မေးရင် ပိုက်ဆံမရှိလို့ပေါ့လို့ ပြောရင် မယုံတတ်ကြ။ အော် … ခုတော့ လည်း ကားဈေးတွေ ကျလာပါပြီ။
ဒီလိုနဲ့ စက်တွေ အသားကျလို့ လည်နိုင်ပြီ ဆိုတဲ့အခါမှာ ကျတော့ မီးမပေးတော့ပါ။ အလှည့်နဲ့ ဖြစ်သွားသည်။ လာတဲ့အချိန်မှာ မီးကခဏခဏပြုတ်ကျသည်။ ဒီစက်တွေက ဒီလို
မီးကစားတာတွေ မခံနိုင်ပါ။ အင်မတန် ပြသာနာပေးသည်။ ပျက်လျှင်ပြင်တတ်တဲ့သူ ဒီမှာမရှိသေးပါ။ ပစ္စည်းလည်း မရှိသေး။ အကုန်ဟိုဘက်ကို မှာရသည်။ စရိတ်ကြီးသည်။
ဒီလို မီးမလာခြင်း မီးမငြိမ်ခြင်းရဲ့ အကျိုးဆက်ကတော့ စက်တွေ မလည်ပဲ ရပ်ထားရသည်။ ထုတ်ကုန်တွေလည်း အပျက်အစီးအလွန်များလာသည်။
အလုပ်သမားစရိတ်ဝန်ပိလာသည်။ မိတ်ပျက်လာသည်။ အလုပ်သမားစရိတ် နိုင်ဖို့ မဲတင်းထားရတော့ ကုန်ကြမ်းမဝယ်နိုင် ။ ရှိပြီးသား မိတ်ကို မထိန်းနိုင်ရင် လုပ်ငန်း ဆက်လက်ရပ်တည်ဖို့ ခက်လာသည်။ သူတို့က စောင့်မှာမဟုတ် ။ အလွယ်ရတဲ့ အပြင်ကသွင်းလာတာပဲ သုံးတော့မှာ။
လုပ်ငန်းက ရှေ့မတိုးနိုင် နောက်သို့သာ ဘက်ပြန်ဆုတ်လာရသည်။
အော်…မေ့လို့ ရေကတော့ ပုံမှန်လောင်းရဆဲ လောင်းနေဆဲပါ။ ပိုက်ဆံသာယူသည်။ ဘာလို့ဒီလိုဖြစ်လဲဆိုတော့ ဟိုဘက်က စက်က ဘာဖြစ်တယ် ပြင်နေတယ် ။ ရေခန်းနေလို့ စက်မလည်နိုင် စသဖြင့် အကြောင်းအရာက မျိုးစုံ။ ဒီလို လာလိုက်ပျက်လိုက်လုပ်လို့ ဝါယာလျှော့ကနေ မီးလောင်တာလည်း မြန်မာတပြည်လုံး ဈေးတွေ ကုန်သလောက်ရှိနေပြီ။
အချုပ်ပြောရရင်တော့ ပရုတ်လုံးတခု အသက်ရှင်ဖို့ ဒီခေတ်ထဲမှာ ကျားကုတ်ကျားခဲကြိုးပမ်းရသည်။ နည်းပညာအထောက်အပံ့ စွမ်းအင်အထောက်အပံ့ ဘာတခုမှမရှိ။ ကုန်ကြမ်းရှားပါးမှုကလည်း တမျိုး။ နောက် လည်မျိုကို အကြောင်းအရာမျိုးစုံနဲ့ လာလာညှစ်ပြီး ငွေတောင်းတတ်သေးသည်။ အခက်အခဲကလည်း ဗျောက်သောက်။
အလုပ်သမားတွေ ထိန်းရတာ နည်းမျိုးစုံနဲ့ ပညာပြတာတွေ။ အပြင်က ဝင်လာတဲ့ တန်ဖိုးနည်း အရည်အသွေးကောင်းပစ္စည်းတွေကိုလည်း ယှဉ်ပြိုင်ဖို့ ဆိုတာကလည်း တဖုံ။ လုပ်ရင်း ကိုင်ရင်း ဖုတ်လှိုက်ဖုတ်လှိုက် အသက်ငင်နေသည်။
မန္တလေး စက်မှုလောကကြီးလည်း ပူပြင်းလှတဲ့နွေနဲ့အတူ ခြောက်သွေ့ပြီး ကျွမ်းသွားဖို့ရာ သိပ်မလိုတော့ပါ။ ဒီပုံစံမျိုးနဲ့ ဆက်သွားလို့ကတော့ ဒီတသက် စက်မှုကဏ္ဍဖွံ့ဖြိုးဖို့ ဆိုတာ အိမ်မက်ထဲတောင် သိပ်မရေရာပါ။
ပရုတ်လုံး စက်မှုလုပ်ငန်းတွေ ရှင်သန်ဖို့လည်း မလွယ်ရေးချ လုံးဝမလွယ်ပါ။
ရန်ကုန်တမြို့ထဲ ၂၄ နာရီမီးပေးပြီး ကျန်တပြည်လုံး လှည့်မကြည့်တာကလည်း လုံးဝမဖြစ်သင့်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ စွမ်းအင်လုံလောက်အောင် မပေးနိုင်သရွေ့ကတော့ မွဲမြဲမွဲလျက်ရှိနေအုန်းမှာ။
လျှပ်စစ်တွေ ပိုလို့ ရောင်းစားနေရတယ်လို့ ပြောတဲ့ လူကြီးက ကျပ်ရောပြည့်ရဲ့လားမသိ။
မနှစ်ကလိုပဲ ဒီနှစ်နွေက ကျောကော့အောင်ပူသည်။ ရေတွေလည်း ခန်းသည်။ မနှစ်ကလိုပဲ EPC ကို ပုံမှန်ရေလောင်းပေးရသည်။ မနှစ်က ထက် လျှပ်စစ်မီး ပိုဆိုးလာသည်။ အရာရာ ဟာ အရင်အတိုင်းပါပဲ ။ ပိုဆိုးလာတာပဲ ရှိသည်။ ကောင်းလာတာ ဘာတခုမှ မန္တလေး စက်မှုလောကမှာ မရှိ။ စက်မှုလမ်းတွေလည်း ဆိုးမြဲ ဆိုးလျှက်။ ထုတ်ကုန်ထက် သွင်းကုန်ဘက်ကို လူတွေ အာရုံကျလာသည်။
ကိုယ့်မြို့ကို ပြန်သိမ်းနိုင်ဖို့လည်း သိပ်မလွယ်တော့ပါ။
ကိုယ့်ရပ်တည်မှုတောင် သိပ်မသေချာတော့။
ရင်းနှီးမြှုပ်နှံမှုတွေ လာလို့ ဒီမီး ဒီလမ်း ဒီပုံစံ ဒီနှုန်းတွေနဲ့ကတော့ … အင်း…….
လာအုန်းမယ်တဲ့ စတော့ဈေးကွက် …….အင်း………
ဒီအသံတွေ ကြားရင် ရီချင်သည်။ ရိုးရိုးမဟုတ် ဟားတိုက်ပြီးကို ရီချင်သည်။ သေချာတာကတော့ တိုင်းပြည်တခုမှာ အခြေခံအကျဆုံးစွမ်းအင် အလုံအလောက်မပေးနိုင်ပဲနဲ့ ဘယ်လိုမှ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ မဖြစ်နိုင်ပါ။
ကိုယ်လိုချင်တာဖြစ်ဖို့ ကိုယ်မသေခင်တောင် မြင်နိုင်ဖြစ်နိုင်ပါ့မလားမသိ။ တခါတခါ အလွန်အားငယ်သည်။ ၁ဝ နှစ်လား အနှစ် ၂ဝ လား ထပ်စောင့်ရဖို့ ။ သို့သော် နောက်လူတွေအတွက် ကိုယ်ကတော့ နိုင်သလောက်အသံပေးသွားမည်။ လောလောဆယ် ကိုယ်လုပ်နိုင်တာဒါလေးပဲ ရှိသည်။
ဆိုင်ရာနယ်ပယ်က အခြေခံ အလုပ်သမားလူတန်းစားအကြောင်းလည်း ရေးပြချင်သေးသည်။
82 comments
Sonny
May 18, 2012 at 10:14 pm
pooch ခင်ဗျာ..
လျှပ်စစ်မီးတောင်မှမနိုင်.
.ဥပဒေကမခိုင်မာသေး…
လာဘ်ပေးလာဘ်ယူကမပပျောက်…
ဆင်းရဲမွဲတေမှု့က ပျောက်ဖို့မပြောနဲ့ ဝေးပါသေး…
အင်း ဒီပုံနဲ့တော့…နိုင်ငံခြားရင်းနှီးမြုပ်နှံမှု. ဆိုတဲ့အိမ်မက်ရှင်သန်ပါ့မလား
ဟာ..ကွန်မင့် ရိုက်ရင်း…..မီးပျက်သွားပြီ……..ည ဆယ်နာရီခွဲ..တော်မ…
ချစ်ခြင်းအားဖြင့်..ကိုဆန်နီ
may thu
May 19, 2012 at 8:41 pm
မီးနေ့တိုင်းလာဖို့ ရေနေ့တိုင်းလောင်းရမလို့ပဲနော်
ကိုယ့်မှာရေမရှိရင်တော့ လမိုက်ညနေ့တိုင်းဖြစ်နေတော့မှာပဲနော်
Crystalline
May 21, 2012 at 4:02 pm
ma ma pooch ရယ် ကိုရီးယားလို …fighting လို့ပဲအားပေးပါရစေ..
တောင့်နိုင်သမျှတောင့်ထားပါ…မကြာတော့ပါဘူး….ရေးရေးလေးမြင်နေရသလိုပဲ
marblecommet
May 22, 2012 at 1:19 am
အဟီး
မမပု ပို့(စ်)ကို ဖတ်တော့ ဖတ်ပါရဲ့
မမန့်ဖြစ်ဘူး ………
………..
နောက်တစ်ခါ ပြန်ဖတ်ပြန်တော့
ကွန်မန့်လေးဒွေက
တပေါင်းလ လက်ပံတစ်ပင်လုံး
ရဲကနဲ နေအောင်ပွင့်ထားတဲ့အတိုင်းပဲ…..
ဟေး ဟေး …..
အဲလို မြင်မိတယ်ဗျာ….
……….
ဒါပေသိ ဒါပေသိ…..
ရဲစရာရှိတဲ့လူတွေကရဲကြပါစေ
လုပ်ကြစရာရှိတဲ့လူတွေက လုပ်ကြပေါ့နော်….
ခင်တဲ့
မောင်ကမ်း….
kai
May 22, 2012 at 3:24 am
တည့်တည့်ပဲမေးကြည့်မယ်..
သဘာဝကို.. သဘာဝအတိုင်းထားမှာရွေးမလား..
တနိုင်ငံလုံး.. နေ့စဉ်မီးလာတာကိုရွေးမလား… ?
The problem is choice!
နောက်တခု..
တကယ်ကောင်းတဲ့… အခွင့်အရေးတွေက.. ၂ခါမလာတတ်ပါ..။
Khin Latt
May 22, 2012 at 3:56 am
သူကြီးရယ်
တကယ်ကောင်းတဲ့ အခွင့်အရေး ဆိုတာ သူ့ထက်ကောင်း တာ နဲ့ မတွေ့ သေးတာကို ခေါ်တာပါ။ 😛
kai
May 22, 2012 at 6:22 am
အဲဒီအိုင်ဒီယာအတွေးအခေါ်ကြောင့်.. မြန်မာပြည်ထဲ.. ပျိုကြီးတွေများလာတာနေမှာ.. အရီးလတ်ရေ့..
စောင့်ရင်း… စောင့်ရင်း..
တိန်… ❗
Ch@vez
May 22, 2012 at 6:37 am
ဒဂယ်တော့ အပျိုဂျီး ဆိုဒါ ..ပြည်သူပိုင်
😀
Foreign Resident
May 22, 2012 at 8:12 am
” ဒဂယ်တော့ အပျိုဂျီး ဆိုဒါ ..ပြည်သူပိုင် ”
ဂီဂီ ၊ ဒဂယ် လား ။ ဒါဆိုရင်တော့ ၊ ဟီဟိ ။
pooch
May 23, 2012 at 12:33 pm
အမလေးတော် ပြောနေလိုက်ကြတာ
Single ?
No, i’m just in a relationship with freedom .. 😆
pooch
May 23, 2012 at 12:36 pm
ဒီမယ် သူကြီး သဘာဝကိုလည်း ဒီအတိုင်းထားမယ် ၂၄ နာရီမီးလည်းရရမယ်။ မဖြစ်သေးတာပဲ ရှိတယ် ။ မဖြစ်နိုင်ဘူး ဆိုတာ မရှိဘူး ။ 😆
ဒါနဲ့ အိမ်ထောင်ပြုတဲ့ သူတွေကို သူကြီးက အစိမ်း တသိန်းထုတ်ပေးမှာလား ပြော
Ch@vez
May 23, 2012 at 1:25 pm
ဟုတ်ကဲ့
မဖြစ်သေးတာပဲ ရှိပါတယ်..
သစ်ပင်အောက်မှာ ကိုယ်တုံးလုံးနဲ့ ဗိုက်ဆာနေပီး
ဖျောင်းတိုင်လေး ထွန်းရင်း ဆက် စောင့်ကြစို့ကွယ်…
အဲ့ ..ဖေ့စဘုတ် ဆြာတွေကတော့ ပြောတယ်
စွတ်လည်း မထွန်းနဲ့ဦးတဲ့…
ဟိုလူဂျီး တွေ့လို့ ဖယောင်းတွေ ပိုနေပါတယ်ဆိုပီး
ရောင်းစားပစ်လို့ ထွန်းစရာ မကျန်မှာ စိုးလို့တဲ့….
ကိုပေါက်(မန္တလေး)
May 22, 2012 at 8:43 am
သူကြီးရေ
အပြောင်းအလဲတစ်ခုခုလုပ်မယ် ဆိုတိုင်း သဘာဝပျက်မှာဆိုပြီ ငြင်းပယ်နေမယ်ဆိုတာကတော့ သိပ်ဟုတ်ဘူးလို့ထင်ပါတယ်။
နောင်လာမယ့် လူ ကောင်းစားဘို့လက်ရှိလူက အနာခံရမယ်လို့ထင်ပါတယ်။
Ch@vez
May 22, 2012 at 11:23 am
ဘယ်ပျောက်နေသလဲ ပိုစ့်ပိုင်ရှင်ရယ်…
မီးမလာလို့ လက်ပကျွတ် မသုံးနိုင်မယ့်အတူတူ
လမ်းပေါ် ဖျောင်းတိုင်များ တက်ထွန်းနေလို့ ..
နောက်ပိုင်း မန့်တာတွေ ပြန်မဖြေနိုင်တော့တာလားကွယ်…
စိုးတယ်.. စိုးမိတယ်.. စိုးထိတ်မိတော့တယ် ကွယ်…
😀