၄ဝ ကျော် ကျွန်မရဲ့ အသည်းကွဲတမ်းချင်း
ငယ်ကအချစ် အနှစ်တစ်ရာ မမေ့သာတဲ့။ ငယ်ကကျွမ်းတဲ့ ငယ်ကျွမ်းဆွေတွေနဲ့ လမ်းခွဲခဲ့ရတိုင်း ကွဲချင်ချင် ဖြစ်နေခဲ့တဲ့ ကျွန်မအသည်းက ခုများတော့ ဟက်တက်ကွဲသွားခဲ့ပြီလား မသိ။ လူမှန်းသိတတ်စကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့ရတဲ့ ဒီအနံ့ဒီအရသာတွေကို အရိုးသားဆုံး တွယ်တာခဲ့ရပါတယ်ဆိုရင် လောကကြီးက ကျွန်မ အမှားလို့ပြောမယ်မထင်ဘူး။
နောက်ဆုံးပိတ် အသည်းဟက်တက်ကွဲသွားခဲ့တာ တစ်ပတ်လောက်ပဲရှိဦးမယ်လေ။ ဖြစ်ပုံက မန်းဂေဇက်ကို ဝင်ဖတ်နေရင်း နာမည်ခေါ်ရခက်တဲ့သူတစ်ယောက်က ငပိငံပြာရည်အကြောင်း တင်လာတယ်။ သူ့ရဲ့ပို့စ်အရ ငပိကို ပုလဲဓာတ်မြေဩဇာနဲ့ ငါးမြန်မြန်ပုပ်အောင်လုပ်ကြောင်း၊ ပြီးတော့ ငံပြာရည်ချက်ပုံအကြောင်း တင်လာတယ်။ ငံပြာရည်ချက်ပုံကတော့ ကျွန်မသိပြီးသားကိစ္စမို့ မထူးဆန်းပေမယ့် ငယ်ကျွမ်းဆွေ ငပိအကြောင်းကိုတော့ မယုံချင်ဘူး။ ဒါနဲ့ အဲဒါကို ပရင့်ထုတ်ပြီး နောက်တစ်နေ့မနက်မှာ ကျွန်မရဲ့အိမ်ဦးနတ်ကြီးကို စာရွက် ပေးပြီး ဈေးထဲကငပိဆိုင်တွေကို သွားမေးခိုင်းလိုက်တယ်လေ။ သူကပြောတယ် ”ဟုတ်ရင်တောင် ဘယ်သူက ဝန်ခံမှာလဲ” တဲ့။ ကျွန်မလည်း ဒီလိုပဲထင်ပေမယ့် မဟုတ်ပါဘူးလို့ အငြင်းခံရတာလေးကို လိုချင်နေမိတယ်။ မဟုတ်ပါဘူး ဆိုတဲ့စကားက အလိမ်အညာဖြစ်နေရင်တောင် အားရပါးရယုံပစ်လိုက်ဖို့အသင့်။
အိမ်ဦးနတ်ကြီး ပြန်လာတော့ မထင်တဲ့ကိစ္စ သိရတော့တာပါပဲ။ အားလုံးက ရယ်ကျဲကျဲနဲ့ဝန်ခံလိုက်ကြတယ် တဲ့။ ပုံမှန်အတိုင်း ငပိလုပ်ရင် ငပိနပ်ဖို့ နှစ်လနီးပါးစောင့်ရတော့ လက်တွေ့မှာ ဘယ်သူမှဒါမျိုး မလုပ်နိုင်ဘူး။ ဓာတ်မြေဩဇာထည့်လိုက်ရင်တော့ တစ်ပတ်ပဲကြာသတဲ့။ အဲဒီတော့မှ သတိထားမိတယ်။ ကျွန်မဝယ်စားနေတဲ့ ငပိတွေက ပေါ့လွန်းလို့ ဆားထည့်ပြီးကျိုနေရတာကိုလေ။ ဆားပါတော့ပါတယ်။ ဒါပေမယ့် ပါသင့်သလောက် တော့မဟုတ်ဘူး။ ဒီလိုနဲ့ ကိုယ်တိုင်လည်း ငပိမလုပ်တတ်တော့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ရပါပြီ။ တစ်သက်လုံး စားလာတဲ့ ငပိကို ဘယ်သူခွဲခွဲဒို့မကွဲလို့ ခေါင်းမာစွာဖက်တွယ်ထားချင်ပေမယ့် ခုတော့လည်း အသည်းကွဲဇာတ် လမ်းလေးကိုပဲ နွှဲဖို့ဖြစ်လာခဲ့ပြီ။
လမ်းပေါ်ကို ငပိနံ့မွှေးမွှေးလေး ဝေ့လာတတ်တဲ့အခါ ကျွန်မအူတကြုတ်ကြုတ် ဖြစ်လာတတ်တယ်။ အဲဒီငပိရည်နံ့လေးကို လိုက်ပြီးရှုနေမိတယ်။ အချိုမှုန့်မသုံးစွဲရေးအကြောင်း ဟိုတုန်းက တော်တော်လေးပွက်ထခဲ့ဖူးတာ ပြန်အမှတ်ရမိသေးတော့တယ်။ ဟင်းချက်တာ အချိုမှုန့်သုံးမှဖြစ်မှာလား၊ ဒါဆို ဘိုးဘွားတွေခေတ်တုန်းက ဘယ်လိုသုံးခဲ့လဲ၊ ငပိငံပြာရည်နဲ့ပဲ သန်မာထွားကျိုင်းခဲ့ကြတာ မဟုတ်လားလို့ ဖတ်ခဲ့ရဖူးတာတွေ၊ ကြားခဲ့ရဖူးတာတွေ၊ ကိုယ်တိုင်ကလည်း ဒီအချက်ကို အပြည့်အဝထောက်ခံခဲ့ပြီး ကိုယ်တိုင်ကျင့်သုံးခဲ့တာတွေ။ ခုများမှာ အချိုမှုန့်ကိုပဲ မချစ်သော်လည်း အောင့်ကာနမ်းရတော့မလား။ ဟင်းခွက်တိုင်းအတွက် အဆင်မပြေလှတဲ့ အသားမှုန့်ကိုပဲ စိတ်တိုင်းမကျစွာ သုံးစွဲရတော့မလား။ ငပိရည်ကြိုခပ်ထားတဲ့ ငါးသလောက်ဆီပြန်ဟင်းလေးကို တစ်သက်စာခွဲခွာရတော့မလား။
အသည်းကွဲဒဏ်ရာတွေအကြောင်း အစီအစဉ်ချပြလိုက်ချင်တယ်။ မျှစ်အကြောင်း ဂဃဏန သိလိုက်ရတဲ့အချိန်မှာပေါ့။ အစောတုန်းကတော့ မျှစ်ဝါမျှစ်နီတွေဟာ ဆေးဆိုးထားမှန်းသိတော့ မစားခဲ့ဘူး။ နောက်တော့ ဆိုးဆေးကိစ္စ အသံကျယ်လာပြီး ခုဆိုရင် မျှစ်တွေဟာ အရင်ကလိုနီရဲ၊ ဝါထိန်မနေတော့ဘူး။ ဝါဖျော့ဖျော့လေးပဲ ကျန်တော့တာလေ။ ဒါနဲ့ မျှစ်ကို ပုဇွန်လေးနဲ့ကြော်စားလိုက်၊ ချဉ်ပေါင်ဟင်းလေးချက်စားလိုက်နဲ့ နတ်သုဒ္ဓါပေါ့ရှင်။ ဈေးထဲကမျှစ်ရောင်းတဲ့ ကောင်မလေးက အိမ်မှာအဝင်အထွက်ရှိလာတယ်။ စကားစပ်ပြီးမေးကြည့်တော့မှ သိရတာက မျှစ်ရဲ့ပင်ကိုအရောင်က အဖြူရောင်တစ်မျိုးပဲဖြစ်ပြီး ဘယ်နည်းနဲ့မဆို ဆေးဆိုးရတဲ့အကြောင်း၊ ဆေးမဆိုးရင် မည်းသွားတတ်လို့ ရောင်းတဲ့လူ အရှုံးပေါ်မှာဖြစ်တဲ့အကြောင်း၊ မျှစ်ချဉ်ကိုတောင် အဖြူရောင်ဆေးဆိုးထား ရကြောင်း၊ ဝါဖျော့ဖျော့မျှစ်တွေဟာလည်း ဆေးလျှော့ပြီးဆိုးထားတာဖြစ်ပေမယ့် သုံးတဲ့ဆေးကတော့ စားသုံးကုန်အတွက် သုံးရတဲ့ဆိုးဆေးမဟုတ်ဘဲ အဝတ်အထည်ဆိုးဆေးသာဖြစ်ကြောင်း သိလိုက်ရပါတော့တယ်။
နောက်ထပ် အသည်းကွဲဖြစ်ရပ်လေးကတော့ ပဲနီလေး ပဲဝါလေး ကိစ္စမှာပါ။ ဟိုအရင်က ပဲဝါလေးတွေဟာ ဝါ ရော်ရော်လေးရယ်။ ပဲနီလေးနဲ့ ဈေးကခေါက်ချိုးလောက်ကွာတယ်။ ပဲနီလေးတွေဟာ ရေစိမ်လိုက်ရင် ရေတွေ နီရဲသွားတော့ ဆေးဆိုးထားမှန်း တန်းသိတယ်လေ။ ဆိုးဆေးကိစ္စညံလာပြီးနောက်ပိုင်းမှာ ပဲနီလေးနဲ့ ပဲဝါလေး ဈေးအတူတူဖြစ်သွားတယ်။ ဒါပေမယ့် ပဲဝါလေးကိုရေစိမ်လိုက်တဲ့အခါ ဟိုအရင်ကတော့ ဘာမှမဖြစ်ဘဲ အခုမှ ရေတွေဝါထိန်သွားပါလေရော။ ရေမစိမ်ဘဲ ဒီအတိုင်းကြည့်ရင်တောင် ပဲဝါလေးတွေဟာ ဝါပြောင်နေတယ်။ ပဲနီလေးနဲ့ ပဲဝါလေးဟာ ပဲတစ်မျိုးတည်းလား။ အပင်တူသလား မတူဘူးလား သေချာမသိပေမယ့် နှစ်မျိုးလုံးဟာ ဆေးဆိုးထားတယ်လို့ ကျွန်မထင်ပါတယ်။ အကြိုက်ဆုံးဟင်းအတွဲတစ်မျိုးဖြစ်တဲ့ ပဲနီလေးဟင်းချိုနဲ့ ငရံ့ခြောက် ဖုတ်ဆီစမ်းကိုလည်း ဒီတင်ဒီမျှ လမ်းခွဲလိုက်ရပြန်ပါပြီ။
စားချင့်စရာ နီနီရဲရဲ ငရံ့ခြောက်ကြီးတွေဟာ ယမ်းစိမ်းအားကိုးနဲ့လုပ်ထားတာဖြစ်ကြောင်း အားလုံးအသိပါပဲရှင်။ ဒီ့ထက်ဆိုးတာက ယင်သတ်ဆေးပါဖြန်းထားတယ်လို့ သိရပါတယ်။ တစိမ့်စိမ့်စွဲမက်ခဲ့ရတဲ့ ပဲပြားလေးဇာတ်လမ်း ကတော့ ကြာခဲ့ပါပြီ။ အရင်တုန်းက ပဲပြားဆိုတာ အခုဝယ်အခုချက်ချင်းကြော်စားရတာ။ နောက်တစ်နေ့ ထား လို့မရဘူး။ ပျော့ပြီးကြေသွားတယ်လေ။ အခုပဲပြားတွေက ပိုကြာကြာခံတယ်။ ဒါဟာ ဖော်မယ်ဒီဟိုက်ဆေး ထည့်ထားတယ်လို့သတင်းကြားတော့ ပဲပြားရောင်းတဲ့ကောင်မလေးကို ကျွန်မစေ့စေ့ကြည့်ပြီး မေးချလိုက်တယ်။ ဆေးပါသလားလို့။ ကောင်မလေး မျက်နှာပျက်သွားတယ်။ သူမသိဘူးတဲ့။ ကျွန်မသိလိုက်ပါပြီ။ ဈေးသည်တွေ အားလုံးဟာ မသိလို့လုပ်ကြတာ မဟုတ်ဘူး။ သိသိနဲ့ကို လုပ်နေကြတာပါပဲ။
ပြီးတော့ တို့စရာချဉ်ဖတ်။ ကတက်ချဉ်၊ တမာချဉ်၊ မုံလာချဉ်၊ သရက်ချဉ် စတာတွေကို ဆိုးဆေးထည့်စရာ မလိုဘဲ ဘာဖြစ်လို့ ဆိုးဆေးထည့်ကြသလဲ။ မလိုအပ်ဘဲ အရောင်အသွေးလှဖို့၊ ကြာကြာခံဖို့အတွက်နဲ့ ဒီလိုလုပ်တာ စားသုံးသူတွေဘက်က ပေးဆပ်ရမယ့်အတိုင်းအတာကို မသိလို့ဆိုတာ လုံးဝမဟုတ်ပါဘူး။ ဈေးသည်တွေ အကုန်သိတယ်။ ဘာဖြစ်လို့ဒီလိုလုပ်သလဲဆိုတော့ လုပ်လို့ရလို့လုပ်တယ်။ ဒီတော့လည်း တစ်ကိုယ်တော်ပဲ ဖြစ်ပစေဦး၊ ကျွန်မကတော့ လမ်းခွဲပါတယ်။
အထက်ကပြောခဲ့တဲ့ အချစ်တော်လေးတွေ မပါဘဲ ထမင်းစားလို့မရဘူးလားဆိုတော့ ရပါတယ်လို့ပဲဖြေရမယ်။ ဒါပေမယ့် လူတစ်ယောက်ရဲ့ ရွေးချယ်ပိုင်ခွင့် သိပ်နည်းသွားပြီ။ ကြီးကြီးကျယ်ကျယ်ပြောရရင် လူ့အခွင့်အရေး ဆုံးရှုံးတယ်လို့ ပြောလည်းရပါတယ်။ ဆိုခဲ့သလိုပဲ မြန်မာပြည်မှာ လူလာဖြစ်လို့ ဒီလိုအစာတွေနဲ့ ငယ်ကျွမ်းဆွေဖြစ်ခဲ့ရတာ၊ ရိုးရာအစားအသောက်တွေအပေါ် မက်မက်စက်စက်ဖြစ်လာခဲ့တာ လောကကြီးက ကျွန်မကို မှားတယ်လို့ပြောမှာမဟုတ်ပါဘူး။ နေ့လည်နေ့ခင်း အဆာပြေအကြော်ကလေးတောင် ဝယ်မစားရဲတော့တဲ့ဘဝ ရောက်နေတာ ဆီဒယ်အိုးထဲကို ရေသန့်ဘူးထည့်လိုက်တာ ကိုယ်တိုင်မျက်စိနဲ့မြင်ခဲ့ရလို့ပါရှင်။ ခေတ်ပေါ်အစား အစာတွေ များမြောင်လှပေမယ့် ရေရှည်မှာ လျှာကမတောင်းဆိုဘူး။ ငပိရည်ကြိုလေးကို ငြုပ်သီးလှော်မှုန့်လေး ခပ်ပြီး တို့စရာအစုံအလင်နဲ့ မြိုင်မြိုင်ဆိုင်ဆိုင်စားရတဲ့ မြန်မာထမင်းပွဲကိုပဲ လျှာရင်းမြက်မြက်လွေးလိုက်ချင်တယ်။
ကျွန်မ ဈေးသွားရင် ဈေးထဲမှာတလည်လည်နဲ့ သင်္ဘောမာလိန်မှူးကြီးက သင်္ဘောကိုကျောက်ဆောင်တွေနဲ့ လွတ်အောင်ပဲ့ကိုင်သွားသလို ကျွန်မလည်း လူသတ်သမားပေါများလှတဲ့ ဈေးသည်တွေအကြား သူတို့ရဲ့ အန္တရာယ် မကင်းတဲ့ ဆွဲဆောင်မှုတွေကို ကျော်လွှားနိုင်အောင်၊ ရသာတဏှာကိုဖြတ်ပြီး ဘေးကင်းတဲ့ဟင်းချက်စရာ ဝယ် နိုင်အောင် ကြိုးစားရတယ်။ ဈေးအပြန်ဆိုရင် ဖျာပုံက အဖွားအိမ်ကြီးရဲ့ စားဖိုဆောင်ကို မျက်စိထဲမြင်ယောင် လာတယ်။ မီးဖိုခန်းနဲ့ကပ်လျက် စားဖိုဆောင်ရဲ့နံရံပေါ်မှာ ပြောင်တောက်နေတဲ့ စဉ့်အိုးတွေ အကြီးအသေး စီစီရီရီရှိနေခဲ့တဲ့မြင်ကွင်း။ အဲဒီအိုးတွေထဲမှာ ငပိအမျိုးမျိုး၊ ကြံမဆိုင်ကအစ ချဉ်ဖတ်အမျိုးမျိုး၊ ငါးခြောက်တွေ။ ခေတ်လူနေမှုစနစ်ပြောင်းလာတော့ ဒါတွေကို ကျွန်မတို့ ကိုယ်တိုင်ကိုယ်ကျမလုပ်နိုင်တော့ဘူး။ လုပ်လေ့လည်း မရှိကြသလို အချိန်ရယ် နေရာရယ် မပေးနိုင်ကြတော့ဘူး။ ဝင်ငွေနည်းမိသားစုတွေက များတာကြောင့် ငါ့ဝမ်းပူဆာ မနေသာဘဲ ရှိတဲ့ငွေလေးနဲ့ ရတာလေးကိုဝယ်ကြရသလို ကျန်းမာရေးအသိနည်းကြတာလည်း ပါပါတယ်။ ဒီလိုနဲ့ ဈေးထဲမှာ လူသတ်သမားများလာတယ်။ သက်ဆိုင်ရာက ဘာမှမလုပ်တော့ဘူးလားလို့ မမေးပါနဲ့။ အသက်ဆိုင်ဆုံးက ဈေးဝယ်နေတဲ့သူတွေပဲလေ။ ဝယ်တဲ့လူရှိရင် ရောင်းတဲ့လူလည်းရှိနေမယ်လို့ ကျွန်မလူပြိန်း တွေးပဲတွေးတတ်ပါတယ်။
ဈေးအပြန်မှာဆိုရင် မူလတန်းကျောင်းကို ဖြတ်လာခဲ့ရတယ်။ ကျောင်းဝင်းထဲ ပျားပန်းခတ်နေတဲ့ ကလေးတွေ၊ ကလေးအမေတွေ။ ထမင်းစားချိန်အမီ ကလေးအမေတွေ အိမ်ပြန်ပြီး အူရားဖားရားချက်ကြပြုတ်ကြရတော့မယ်။ သူတို့ကော ဘာတွေများချက်မှာပါလိမ့်။ မူလတန်းကျောင်းကိုကျော်လာရင်တော့ အိမ်ရောက်အောင် ဖြတ်လမ်းက နေလာခဲ့တယ်။ တိတ်ဆိတ်ငြိမ်သက်နေတဲ့ ဘုန်းကြီးကျောင်းဝင်းကြီးထဲကနေ ဖြတ်ပြီးပြန်လာတဲ့အခါမှာ ဘုရား ရိပ်တရားရိပ်ကြောင့်လားမသိ၊ ငြိမ်းအေးသလိုရှိနေတယ်။ လုပ်နိုင်ကိုင်နိုင်အရွယ်ကောင်း ကိုရင်လေး ကိုရင်ကြီး တွေ ကျောင်းကြီးထဲမှာ ငြိမ်ငြိမ်ကလေးထိုင်ပြီး တစ်ခုခုကို အာရုံစူးစိုက်ထားကြတယ်။ လက်အုပ်ချီမထားတော့ ဘုရားဝတ်ပြုနေတာ မဖြစ်နိုင်ဘူး။ ဒါဆို တရားနာနေတာများလား။ ကျောင်းကြီးအတွင်းကို မြင်ရအောင် အသာကဲပြီးကြည့်လိုက်တော့ ဪ … တီဗွီကြည့်နေကြတာကိုး။ ဒီလိုနဲ့ပဲ ကြွပ်ကြွပ်အိတ်လေးဆွဲပြီး ကျောင်းဝင်းကြီးကိုဖြတ်လို့ တနေ့နေ့တော့ ငပိကိုယ်တိုင်သိပ်မယ်၊ ချဉ်ဖတ်ကိုယ်တိုင်လုပ်မယ်လို့ အားခဲရင်း ဈေးကနေ ကျွန်မ ပြန်လာခဲ့ရတဲ့ အသည်းကွဲနေ့တွေ ဘယ်လောက်တောင်များခဲ့ပြီလဲဆိုတာ … ။
113 comments
padonmar
July 12, 2012 at 7:29 pm
လေးစားပါတယ်ပြုံးရေ။အရေးရောအတွေးရော ကောင်းလွန်းလို့
၁၂ ခုမြောက်လက်မထောင်ခဲ့ပါတယ်။
Print ထုတ်ပြီးလည်း ဖြန့်ဝေလိုက်ပါမယ်။
အပေါ်မှာ အလင်းဆက်တု့ိ၊ကြောင်လေးတို့ပြောထားသလို သတင်းစာ၊ဂျာနယ်၊မဂ္ဂဇင်းတွေထဲလည်း ထည့်ပေးစေချင်ပါတယ်။မနောဖြူလေးရဲ့“ စီးချင်အုံးဟဲ့အထူးကား”လို လူထုရင်ဖွင့်သံတွေ အခု သတင်းစာမှာ ထည့်ပေးနေတာ တွေ့ရပါတယ်။ထည့်ဖြစ်အောင်ထည့်ပါနော်။
…………………………..
ဖတ်ပြီး အသည်းလည်းကွဲသွားပါတယ်။
ပဲပြားလေးတွေက သက်သတ်လည်းလွတ်၊ပရိုတင်းလည်းရ ဆိုပြီး ခဏခဏ ဝယ်စားနေတာ ခုတော့ ဖော်မလင် ပါတယ်ဆိုတော့ စိတ်ကိုညစ်သွားတာပါဘဲ။
မျှစ်ကတော့ အရောင်ရှောင်ဝယ်တာကြာပြီ။မရရင် မဝယ်ဘူး။
ဒါပေမယ့် အဖြူရောင်လည်း ဆေးဆိုးတာဘဲဆိုတော့ ဒီကမ္ဘာပေါ်မှာ ပြေးစရာမြေမရှိတော့ပြီ။
ပုဇွန်တွေဆိုလည်း လတ်တယ်ထင်အောင် မဲနယ်ဆိုးတယ်။ ငါးရံ့အူတွေ မြန်မြန်မပုပ်အောင် ပုလဲမြေဩဇာ ထည့်ကြတယ်။ပုဇွန်ချဉ်ဆို ပန်းရောင်ဆေးထည့်တယ်။ဖြူဖပ်ဖြူရော်ဆို လူတွေက မဝယ်လို့တဲ့။
ငှက်ပျောသီး သရက်သီးတွေ မြန်မြန်ဝင်းအောင် ဆေးတို့ကြတယ်။
ရောင်းသူကလည်း အန္တရာယ်ကြီးမှန်းမသိ၊စားသူကလည်း နားမလည်တော့ အရောင်လေးလှမှ ဝယ်ကြတယ်။
ဒါတွေကို အထိရောက်ဆုံးပညာပေးနိုင်တာ အိမ်ရှင်မတော်တော်များများမလွတ်တဲ့ ရုပ်မြင်သံကြားပါ။
အရင်က မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ ဆီလျှော့စားဖို့ ပညာပေးတဲ့ (ဖိုးဲဖြူနဲ့ ခင်စိုးပိုင် သရုပ်ဆောင်တဲ့)? တကယ်ချစ်လို့(အဲဒီနာမည်လို့ထင်ပါတယ်)လို ဇာတ်လမ်းမျိုးတွေ ရိုက်ပြီး နေ့စဉ်(နေ့စဉ်)ပြပေးရပါမယ်။
အခုတော့ “TV ကို ကိုရီးယားကားစောင့်၏” လို့ သင်္ကြန်စာရေးရမလိုဖြစ်နေပြီ။
King of Secrets (Bo Min)
July 12, 2012 at 7:43 pm
အော်၊ အသက်ကြီးပေမဲ့ မပျက်စီးသေးဘူး ထင်ပါတယ်
မောင်ပေ
July 12, 2012 at 8:20 pm
King of Secrets (Bo Min)
“““ ပို ့စ်ကို သေချာဖတ်ပြီးမှ မန် ့ပါခင်ဗျား ”””
မန်းတလေးဂေဇက်မှာ ပေါပေါလောလောစာတွေ ရှိတယ်ဆိုပေမယ့်
ပို ့စ်တိုင်းကို အဲဒီလို မထင်ပါနဲ ့နော
antimoe
July 12, 2012 at 8:37 pm
ဆရာမရဲ့ …..ပရိတ်သတ်ပါ။
1997ခုနှစ်က တောင်ပိုင်းနမ့်ဆန်ကို လက်ဖက်သုတေသနနဲ့ ရောက်ဖြစ်တယ်။
မြို့က……တောင်ပေါ်မှာတည်ထားတာ။
တောင်ပေါ်က နံမည်ကြီး လက်ဖက်ဒိုင်က စီးကျလာတဲ့ စိမ်းဖန့်ဖန့် ….လက္ဘက်ရည်ဟာ တစ်လမ်းတည်းသော ရွာလမ်းမတလျောက် စီးကျနေတာ…..
မိုးတွေ ဘယ်လောက်ရွာရွာ …….စင်အောင် မလုပ်နိုင်ဘူး။
အဲဒီဒိုင်က လက္ဘက်ကို မန္တလေးကို မဖြန့်မှီ……ဆေးဆိုးတဲ့ အရည်တွေပေါ့။
ဆေးဆိုးတဲ့အတွက်….ဒိုင်ကလည်း…..တနှစ်ကို….သိန်းပေါင်းများစွာ….ကုန်နေရတယ်…လို့…ပြောပါတယ်။ တု့ိမြန်မာတွေ…..လက်ဖက်ဆို…စိမ်းမှ….ဝါမှ….ဝယ်ကြတာမှတ်လား….။
ဒါတွေ…မဝယ်တဲ့တနေ့မှာ….သူတို့လည်း….အကုသိုလ်မဖြစ်၊ ပြည်သူတွေအတွက်လည်းကောင်းမှာပါလို့…ငြီးတွားတာ…….ကြားခဲ့ရပါတယ်။ လွန်ခဲ့သော….နှစ်များစွာကတည်းကပါ။
လက်ဖက်……ဖက်ဖူးစိမ်းမှ။
ငပိ……မရမ်းရောင်မှ။
ပုဇွန်ခြောက်……လိမ္မော်ရောင်မှ။
ငရံ့ခြောက်……အနီရောင်မှ။
ဆတ်သားခြောက်……ကြက်သွေးရောင်။
ပဲခြမ်းကြော်……..အစိမ်းရောင်။
ငရုတ်မှုန့်……..အနီရောင်။
ဆနွန်းမှုန့်……….အဝါရောင်။
ပဲကြီးလှော်…….အဝါရောင်။
………ရောင်မှ။
တလောက ဆိုးဆေးတွေသုံးထားတဲ့ စားသောက်ကုန်ပစ္စည်း..အမည်တွေကို..ကြေငြာတာတွေ့ပါတယ်။
ပြင်နေတာတွေ….ရှိနေပါတယ်။
သို့သော်လည်းပဲ……
နေပြည်တော်ကအဓိကတာဝန်ရှိ..ဝန်ထမ်းများတောင်…..ပျဉ်းမနားမျှစ်ချဉ်…လက်ဆောင်ပေးတတ်ကြတယ်။ ဒီလောက်…လူတွေဝယ်နိုင်လောက်အောင်…..မျှစ်ချဉ်ကို…..မြန်မြန်ချဉ်အောင်….
ဘာတွေ..ထည့်နေတာပါလိမ့်လို့…..စဉ်းစားနေမိတယ်။ အနီးဆုံးရန်သူကို….အရင်သတိပြုစို့။
မျှစ်ပြုတ်နီအောင်….ပြုတ်နေတုန်း…..ကျွန်းရွက်ထည့်ရပါတယ်။ ဒီအတိုင်းပြုတ်ရင်တော့…ဝါပါတယ်။
ကျွန်းရွက်ကတော့….ဆိုးဈေးထက်…..ဈေးပေါတော့….သုံးသင့်ပါတယ်။
TVအစီအစဉ်မှာ….ဟင်းချက်ပြိုင်ပွဲတွေမှာ…မြန်မာအစားအစာတွေ….အပြီုင်အဆိုင်..ချက်ပြုတ်နေကြတယ်။
ဒါတွေနဲ့….မညီညွတ်ရင်……အဲဒီသူဟာ…ဘယ်လောက်ပဲအရသာရှိအောင်ချက်ချက်…..ပြုတ်ပါတယ်။
၁) ဆီများမှ
၂) အရောင်လှမှ (ဆနွန်း၊ အရောင်တင်အသားကုန်သုံးပါမှ။)
၃) ငံပြာရည်….ငပိ….အနံ့ပါမှ။
၄) ကြွပ်ကြွပ်ရွရွမှ။
၅) အသားဟင်းတွေ…..ဆားလေးမှ။
၆) ဆီကျက်သပ်ချက်မှ။
ဒိုင်တွေရဲ့…မှတ်ချက်တွေပါ။
အသား၊ ကြက်သွန်၊ ဆီ၊ ဆားနယ်ပြီး pressure cookerနဲ့ ၂ဝမိနစ်ကြာချက်တဲ့ဟင်းကလည်း စားလို့ကောင်းပါတယ်လို့သာပြောရင်း။
ပြင်ရမှာက…တို့တစ်တွေရဲ့….လျှာအကျင့်ကိုပါ။
ပြင်ရမှာက…တို့တစ်တွေရဲ့….မျက်စိအကျင့်ကိုပါ။
နွေဦး
July 12, 2012 at 8:45 pm
တသဘောထဲ..သဘောတူပါတယ်..။
ကျွန်တော်တို့မြန်မာတွေ လျှာမှာ စွဲနေတဲ့ အကျင့်ကို ပြင်ရမှာပါ ။
ကောင်းသီဟ ဇော်
August 28, 2012 at 1:24 pm
ဟုတ်ပါတယ် antimoeရေ။ဒါကြောင့်မြန်မာတွေ အရပ်အမောင်းအစ အသက်အရွယ် အသားအရေ အကုန်ဆုတ်ယုတ်လာတယ်ထင်ပါ့။
နွေဦး
July 12, 2012 at 8:54 pm
ကျေးဇူးတင်ပါတယ်ခင်ဗျား
ကျန်းမာရေးအတွက် ကျွန်တော်တို့တတွေ ချစ်ရက်နဲ့ ခွဲကြရတာတွေများလှပါပြီ ။
တကယ်တော့ကျွန်တော်တို့ရဲ့ အလွန်နှစ်သက်တဲ့ ရိုးရာ စားသောက်ဖွယ်ရာတွေကို
လောဘသားတွေရဲ့ ရက်စက်တဲ့လုပ်ရပ်တွေကြောင့်
“မတတ်သာ ခပ်ခွါခွါ နေကြ….”ဆိုတဲ့သီချင်းထဲကလို..
လောဘသားတွေ ကုန်ဆုံးတဲ့အထိ
“ခွဲခွါခြင်းဖြင့် တသက်လုံး မနေလိုတယ်…”
လို့ ကြွေးကြော်နေလိုက်အုံးမယ်နော်..
မစ္စတာ တောက်တဲ့
July 12, 2012 at 8:58 pm
အမရေ ..
ပြောရပါဦးမယ် ..
ဒီပို့စ် ဖတ်အပြီးမှာ
ကျနော် အားခဲထားလိုက်တာ တစ်ခုရှိသဗျ ..
အဲဒါကတော့ အခါအခွင့်သင့်ရင်
အမဆီကနေ အထက်ကလို အရေးအသားမျိုးကို
သင်ယူမယ်လို့ အားခဲထားတာ ပါပဲခင်ဗျာ ..
အဲ့ဒီအခါ သင်ပေးမယ် မဟုတ်လားဗျာ …
လက်မလေးထောင်ပြီး အားပေးသွားပါတယ် ခင်ဗျာ ..
ခင်မင်၊ လေးစားစွာဖြင့်
အံစာတုံး
ဝင့်ပြုံးမြင့်
July 12, 2012 at 10:53 pm
ပြုံးအနေနဲ့ အင်တာနက်ဆိုင်ကို မသွားနိုင်တော့ အိမ်မှာပဲ မီးလာတဲ့အထိစောင့်ပြီး သုံးတဲ့အခါ တက်လာတဲ့ ကွန်မင့်တွေကို အလျင်မီအောင် မဖြေပေးနိုင်တာ အားနာပါတယ်ရှင်။ မူလပို့စ်ထက်တောင် ကွန်မင့်တွေက ပိုစုံလင်နေသေးတော့ ကွန်မင့်ဝင်ပေးတဲ့သူတွေ အားလုံးကို ကျေးဇူးသိပ်တင်မိပါတယ်။ သူကြီးပြောသလိုပဲ။ မီဒီယာနဲ့ ဖိထားနိုင်ဖို့ တစ်တပ်တစ်အားကြီး ဖြစ်နေကြတယ်နော်။
ဘဖောရေ – အကြော်တွေက ရေသန့်ဗူးထည့်တာ ရိုးတောင်နေပါပြီ။ ဆိုင်တိုင်းလုပ်ပါတယ်။ ပုံမှန်အတိုင်းကြော်ရင် ၁နာရီမခံဘူး၊ ပျော့သွားတော့ ဒီနည်းနဲ့ဆိုရင် မပျော့တော့ဘူး။ ကြွပ်ရွပြီး စားလို့ အင်မတန်ကောင်းပါတယ်။ ကြာကြာထားဖို့လိုတဲ့ မုန့်ဟင်းခါးထဲထည့်တဲ့ ပဲကပ်ကြော်က အဆိုးဆုံးပါ။
အခု သတင်း သိုးသိုးသန့်သန့်ထွက်နေတာက အီကြာကွေး။ လူအများစားတဲ့အစာ မို့ သတိထားသင့်ပါတယ်။ ဆိုင်တိုင်း လုပ်မလုပ် မသေချာသေးပါဘူး။ အီကြာကွေးပွအောင် ထည့်တဲ့ဆေးအမည်နဲ့ လုပ်ပုံကို သေသေချာချာသိတဲ့လူ က တင်သင့်ပါတယ်နော်။
အခု ကိစ္စမှာ ပြဿနာကို တင်ပြရုံပဲ တတ်နိုင်သလိုဖြစ်နေပါတယ်။ ဖြေရှင်းနည်း ကျတော့ အကြံမပေးတတ်တော့ဘူး။ တကယ်အရေးကြီးတာ ဖြေရှင်းနည်း (solution) ပါ။ အစားအသောက် မသမာမှုနဲ့ ဥပဒေတွေထုတ်ပြီး ဖမ်းဆီးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါဆို ထောင်ဘယ်ဆန့်တော့မလဲ။
ဆိုးဆေးကိစ္စမှာ ဆိုးဆေးအရောင်းအဝယ်ကို အစိုးရက ထိန်းချုပ်မယ်ဆိုရင် ဖြစ်နိုင်ချေရှိပါ့မလား။ အဝတ်အထည်လုပ်ငန်းအပါအဝင် ဆိုးဆေးသုံးဖို့လိုအပ်တဲ့လုပ်ငန်းတွေကိုပဲ ဆိုးဆေးရောင်းမယ်။ လုပ်ငန်းလိုင်စင်ပြမှ ဝယ်လို့ရမယ် အဲဒီလိုမျိုး လုပ်လို့ ရသလားမသိဘူး။ ဒါဆိုရင် လုပ်ငန်းလိုင်စင်ပြပြီး ဝယ်လို့ရတဲ့သူတွေက အများကြီးဝယ်ပြီး ပြန်ရောင်းမှာပေါ့နော်။ အနည်းဆုံးတော့ ဈေးတက်သွားလည်း ခပ်ကောင်းကောင်းပဲ။ ဆိုးဆေးရဲ့ဈေးနှုန်းကို မတရားမြှင့်တင်လိုက်လို့ ရရင်ကောင်းမယ်။ ပြုံးပြောတာ ခလေးအတွေးများဖြစ်နေမလား မသိဘူး။
Foreign Resident
July 13, 2012 at 5:52 pm
” ဖြေရှင်းနည်း ကျတော့ အကြံမပေးတတ်တော့ဘူး ”
ဆရာမရယ် တကယ့်တကယ်ကျတော့ ၊
အဲဒါတွေ အားလုံးရဲ့ အကြောင်းခံက ဆင်းရဲမှုပါပဲကွယ် ။
ချမ်းသာရင်တော့ ရွေးချယ်စရာတွေများလာပြီး ၊
ကောင်းတာကိုပဲ ရွေးလာနိုင်တာပေါ့ ။
မြန်မာနိုင်ငံမှာကတော့ ဘယ်ကိစ္စမဆို ၊
ခြေခြေမြစ်မြစ် ထဲထဲဝင်ဝင် ဆက်လိုက်လိုက်ရင် ၊
ဒီ ဆင်းရဲမှု နှင့် အစိုးရမှာပဲ လမ်းကဆုံးဆုံးသွားတာပါ ။
စေတနာမှန်တဲ့ ခေါင်းဆောင်တွေ ၊
အဂတိကင်းစင်တဲ့ ဝန်ထမ်းတွေ ၊
နိုင်ငံတကာ အဆင့်မှီတဲ့ ပညာတတ်တွေ ၊ လုပ်ငန်းရှင်တွေ ၊
ရိုးသား ကြိုးစားမယ့် ပြည်သူတွေ ၊
ပေါင်းစည်းနိုင်တဲ့ တစ်နေ့မှာတော့ ၊
ကျနော်တို့ တိုင်းပြည်ကြီး ဆင်းရဲတွင်းက လွတ်ကောင်းပါရဲ့ ။
pooch
July 13, 2012 at 10:51 pm
ဟုတ်ပါတယ် ဆက်လိုက်ရင် ဆင်းရဲမှုနဲ့ အစိုးရမှာပဲ လမ်းဆုံးသွားတာပါ.
ဒါကြောင့်မို့ ဒီလို ပြောနေရတာကို အလွန်ပဲ ဝမ်းနည်းရပါတယ်။
စေတနာမှန်တဲ့ ခေါင်းဆောင်တွေ ၊
အဂတိကင်းစင်တဲ့ ဝန်ထမ်းတွေ ၊
နိုင်ငံတကာ အဆင့်မှီတဲ့ ပညာတတ်တွေ ၊ လုပ်ငန်းရှင်တွေ ၊
ရိုးသား ကြိုးစားမယ့် ပြည်သူတွေ ၊
ပေါင်းစည်းနိုင်တဲ့ တစ်နေ့မှာတော့ ၊
ကျနော်တို့ တိုင်းပြည်ကြီး ဆင်းရဲတွင်းက လွတ်ကောင်းပါရဲ့ ။
ဆိုတာ အမှန်ပဲမို့ အားလုံးဝိုင်းပြီး သွားကြရအောင်ပါလို့
လူတိုင်း ကိုယ်နိုင်ရာ ကိုယ်နိုင်တဲ့ ဘက်ကနေစကြရအောင်ပါ။
ဆရာမရေ ၁၉ ချောင်းမြောက် လက်မလေး ထောင်ပေးခဲ့ပါတယ်နော်။ အရေးအသားကို အလွန်ပဲ အားကျလှပါတယ်။
kai
July 14, 2012 at 12:07 am
အဘဖောရယ်..
လက်ဖက်ပွဲရုံတွေ.. ဆေးလိပ်ရုံတွေ.. ငပိထုတ်သူတွေ.. တိုင်းရင်းဆေးထုတ်သူတွေ.. အဲဒီ.. ပေါက်တပ်ကရတွေ.. စနစ်တကျလုပ်နေတဲ့.. စီးပွားရေးသမားတွေ.. ဝင်ငွေလေးလည်း မေးကြည့်ပါဦး..
အဲဒီ. အစိုးရဆိုတဲ့.. လူကြီးတွေရောပေါ့..
သူတို့ခမျာ.. ဆင်းရဲသလားမမေးနဲ့..
ယူအက်စ်မှာ လာလာပြီးကို အိမ်ဝယ်.. သားသမီးတွေကျောင်းထား.. လုပ်ထားကြတာ..
ဆိုတော့..
ကျိန်စာပါ..
ခံစားနေရသူ.. စားသုံးသူတွေက.. လူထုကြီးအများစုက..
အရင်ဘဝက မကောင်းတာတွေလုပ်ခဲ့လို့ အခုလိုဖြစ်နေတာ.. နောင်ဘဝကျမှ..ကောင်းကောင်းတွေဖြစ်.. ကောင်းလာအောင်… လှူမဟဲ့ဆိုပြီး.. ရှိတဲ့နားကပ်ကလေးပေါင်.. ငရဲနဲ့ခြောက်ဘုံနဲ့မြှောက်တတ်တဲ့.. ပွဲစားတွေသွားလှူပေးနေသ၍… ကျိန်စာက.. လွတ်မယ်မဟုတ်..
Foreign Resident
July 14, 2012 at 5:07 am
ဟုတ်သေးဘူး သူကြီးရဲ့ ။
ကျနော်ဆိုလိုချင်တာက ၊
” ဆင်းရဲလို့ ထုတ်လုပ်သူက မဟုတ်တာလုပ်တယ် ” လို့ မဆိုလိုဘူး ။
” ပြည်သူပြည်သား လူများစုကြီးက ဆင်းရဲပြီး
Purchasing Power မရှိတဲ့အတွက်
ကောင်းတာတွေကို ရွေး ဝယ်မစားနိုင်တာ ”
” အစိုးရမှာလည်း ဆင်းရဲလို့ ဘတ်ဂျက်မပိုလျှံလို့ ၊
ကိုယ့် ပြည်သူပြည်သားတွေကို
လုံလောက်တဲ့ အကာအကွယ် မပေးနိုင်တာ ”
အဲဒါကို ဆိုလိုတာပါဗျာ ။
ဥပမာပေးရရင် အများစုကြီးကသာ ချမ်းသာရင် ၊
မ aye.kk ရဲ့ အမေ ထုတ်လုပ်တဲ့ ၊
၃ နှစ်ခံ လောက်မတက်တဲ့ ငါးဇင်ရိုင်း ငပိ ကိုပဲ ၊
တမင် ဈေးကြီးပေးပြီး ဝယ်စားကြမှာပေါ့ ။
( Ref ; ငဇင်ရိုင်းငါး ( ရေချိုငပိ ) – aye.kk )
the best
July 14, 2012 at 10:24 am
ဆရာမရေ..
ဒီကိစ္စက တစ်တိုင်းပြည် အရေး၊ပြည်သူတွေနဲ ့နေ ့စဉ်ရင်ဆိုင်နေရတဲ့အရေး၊အသက်နဲ ့ရင်းပြီးနေ ့ရက်တွေကို ကျော်ဖြတ်နေရတဲ့အရေးဖြစ်တာကြောင့် မျက်ကွယ်ပြုထားလို ့မရတဲ့ ပြဿနာတစ်ခုလို ့သတ်မှတ်ရမှာပါ။
အရေးယူဆောင်ရွက်မပေးရင် နောင်ဖြစ်လာမဲ့ ဆိုးကျိုးတွေအတွက်
သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ တာဝန်သာဖြစ်ပါတယ်။
လတ်လောမဖြေရှင်းပေးနိုင်သေးရင် ပညာပေးနဲ ့တားဆီးရေးကို
လူထုလူတန်းစားအလွှာအသီးသီးကို အမြန်ဆုံးပြန် ့နှံ ့အောင် ဆောင်ရွက်ရပါတော့မယ်။
ထုတ်လုပ်သူတိုင်းလည်း အန္တရယ်ဖြစ်စေနိုင်တယ်ဆိုတာ သိချင်မှလည်းသိမှာပါ။
သိရဲ့သားနဲ ့လုပ်နေသူလည်းရှိမှာပါ။
ရောင်းချသူတွေလည်း ဒီလိုပါပဲ။
သိသိနဲ ့ရောင်းနေရတာရယ်၊မသိပဲနဲ ့ရောင်းနေရတာတွေရှိပါတယ်။
အများစုဖြစ်တဲ့စားသုံးသူတွေတောင် အခုမှသိပြီး ထိတ်လှန် ့မိတာပါ။
ဒါတောင်မသိသေးတဲ့ သူတွေအများကြီးကျန်နေသေးတယ်။
စားသုံးသူတိုင်းဟာ ထုတ်လုပ်သူ၊ရောင်းချသူတွေ မဟုတ်ပေမဲ့၊
ထုတ်လုပ်သူ၊ရောင်းချသူတွေ တိုင်းဟာ စားသုံးသူဖြစ်ကြပါတယ်။
ပထမဆုံး အရေးတကြီးလုပ်သင့်တာက
(၁)ထုတ်လုပ်သူတွေထပ်မထုတ်အောင်။
(၂)ရောင်းချသူတွေထပ်မရောင်းအောင်။
(၃)စားသုံးသူတွေထပ်မစားအောင်။
လူထုအား၊မီဒီယံအား၊အာဏာပိုင်အားတွေအသုံးချပြီးနေ ့စဉ် သတင်းစာတွေ၊ရုပ်သံတွေမှာ စဉ်ဆက်မပြတ်ပညာပေးရင် အကောင်းဆုံးလို ့ထင်မိတယ်။
ဆရာမအနေနဲ ့ မူလပို့စ်အပြင် ကွန်မင့်တွေ၊ထပ်ကိုးကားစရာတွေစုစည်းပြီး၊ဓါတ်ပုံတွေနဲ ့အတူ ဆောင်းပါးတစ်ပုဒ်လောက်ရေးပေးစေလိုပါတယ်။
ကျေးဇူးတင်ပါတယ်။
ကိုပေါက်(မန္တလေး)
July 12, 2012 at 11:20 pm
ဒီလိုအရောအနှောကိစ္စကို ကျနော်လဲရေးဘူးပါတယ်။
မြန်မာတွေက ဘယ်လောက်ထိ ဆေးဆိုးတာဝါသနာပါလဲဆိုရင် ဘုရားပန်းကိုတောင်အရောင်ဆိုးကြပါတယ်။
ကောင်းကြသေးရဲ့လားအရပ်ကတို့ရေလိုသာ အော်လိုက်ချင်ပါ၏။
blackchaw
July 12, 2012 at 11:52 pm
ဆရာမရေ။
ဒီပို့စ်ကို မနက်ကတည်းက ဖတ်ပြီး
ရေးတတ်လိုက်တာရယ်လို့ ဖတ်နေရင်း တွေးမိလိုက်ပါတယ်။
ကွန်းမန့်ပေးဖို့ ရွာထဲကို ဘယ်လိုမှ ဝင်လို့ မရခဲ့ပဲ
အခုတောင် လက်လျှော့ခါနီးလေးမှ ဝင်လို့ရသွားလို့ မန့် နေတာပါ။
ညနေက မြေနီကုန်းက မြန်မာထမင်းဆိုင်တစ်ဆိုင်မှာ ထမင်းစားကြတော့
မဒမ်ဘလက် က မျှစ်ဝါဝါ လေး ကို ငါးပိရည် နဲ့ တို့မြှုတ်စားနေရင်း
ဆရာမရဲ့ ဒီပို့စ်လေးအကြောင်းပြန်ပြောပြနေပါတယ်။
ငါးပိရည်ကြိုက်တဲ့လူဆိုတော့ ငါးပိရည်ကိုလည်း မစားပဲ မနေနိုင်၊
စားရတာလည်း စိတ်ကမသန့်၊
အော် ကျွန်တော်တို့ မြန်မာတွေ
ကြိုက်လို့ကတော့
အန္တရာယ် ရှိတယ်ပြောလည်း စားမှာပဲ စားမှာပဲ
ငါ့ကိုလာမတားနဲ့ လို့ ပြောပြီး စားနေကြဦးမှာပဲ ဗျာ။
လက်မထောင်ဖို့ ခက်နေလို့ လေးစားပါတယ် ဆိုတာလေး
ပြောသွားပါတယ် ဗျာ။
စိန်ဗိုက်ဗိုက်
July 14, 2012 at 12:34 am
ဒီကိစ္စ …
လက်မ မထောင်လို ့ မရဘူး
ထောင်ကိုထောင်ရမှာ..
ကျုပ်ဆို…
အန်တီပြုံးဆောင်းပါးဖတ်ပြီး ငပိရည် လယ်ဒီမိတ်ကို စားကိုမစားတော့ဘူး..
အန္တရာယ်ရှိမှန်းသိရင် ဘာပဲဖစ်ဖစ် ရှောင်ကိုရှောင်ရမယ်…
ညှင်း.ညှင်း..ညှင်း… 😀
ဂလု…ဂလု..
မောင်သုည
July 13, 2012 at 12:47 am
ကျမ်းမာရေးရူတောင့်မှ လှလှပပလေးတင်ပြပေးတဲ့ ပို့စ်ပိုင်ရှင်အား လှလှပပလေးလက်မထောင်လိုက်ပါတယ်ဗျာ…
မန်းဂေဇက် အရောင်တွေတောက်ပစေတဲ့ အခုလို ပိုစ့်မျိုးတွေများများရေးနိုင်ကြပါစေလို့…
အားပေးလိုက်ပါ၏…
လေးစားခင်းမင်တတ်သော…
အညတရ(မောင်သုည)
ster
July 13, 2012 at 2:34 pm
ဟုတ်ပါတယ်ဗျို.၊
ဒီလို post တွေ တင်ပေးတာ စာဖတ်သူတွေအဖို. တော်တော်အကျိုးရှိပါတယ်၊
ကိုယ်.အတွေ.အကြုံကို အရေးအသားကောင်းကောင်းနဲ. ရေးပြနိုင်တာ အားကျမိပါတယ်။
သကြားလုုံးကြော်
July 13, 2012 at 3:48 am
တရုုတ်ပြည်က ပလတ်စတစ်ကြက်ဥအတုုတွေ ဆန်အတုုတွေ အကြောင်းဖတ်ရတုုန်းက မယုုံနိုုင်ပေမဲ့ ကိုုယ်နဲ့ဝေးသေးလိုု့ ဪ အလွန်ဆင်းရဲတဲ့ တရုုတ်ပြည်က ဈေးသည်တွေခမျာ ဝမ်းတစ်ရေးအတွက် ရှာရှာကြံကြံ မကြံကောင်းမစီရာ လုုပ်ကြရတယ်လိုု့။
အခုုတော့ ကိုုယ်နဲ့နီးရုုံမကလိုု့ မြေဩဇာတွေဗိုုက်ထဲရောက်နေတာနဲ့ ဆီထဲ ပလတ်စတစ် ထည့်ကြော်ရတာနဲ့ ဖတ်ရတော့ မြန်မာပြည်မှာလည်း ဉာဏ်ကြီးရှင်တွေ မနည်းပါလား။ ဒီလိုု ရှာရှာဖွေဖွေ နည်းပညာတွေ ဘယ်လိုုရှာဖွေတွေ့ ရှိပါလိမ့် ဆိုုတာသိချင်ပါဘိ။ ကြုံတဲ့သူများ အင်တာဗျူးပေးကြပါ။
ဆေးမဆိုုးလိုု့မရတဲ့ မျှှစ်လိုုအစာတွေအတွက် စားလိုု့ဘေးမဖြစ်တဲ့ စားစရာဆေးဆိုုးတွေ သုုံးလိုု့မရဘူးလား။ အဝတ်ဆေးဆိုုးထက်ဈေးပိုုကြီးလိုု့ မသုုံးကြတာလား။ ကိတ်မုုန့်တွေ ဘာတွေ အရောင်ရှိတဲ့ မုုန့်တော်တော်များများမှာ သုုံးတဲ့ အစာဆေးဆိုုး တွေကရော။
ဈေးသည်တွေက သူတိုု့ အတွက် အမြတ်ကျန်အောင်ရှာဖွေ လုုပ်ကြတယ်။ ဒီလိုုမှမလုုပ်ရင် ဒီဈေးနဲ့ ကိုုက်အောင်ဘယ်ရောင်းနိုုင်ပါ့မလဲ။ ဒါကြောင့် အော်ဂန်းနစ် အစာတွေက ဈေးအများကြီး ပိုုကြီးတာပေါ့။ သန့်သန့်ရှင်းရှင်းမှစားချင်တဲ့ စားသုုံးသူတွေကရော တကယ်သန့်ရှင်းတဲ့ အစာတွေရဖို့ကိုု ဈေးဘယ်လောက်ပိုုပေးဖိုု့ စိတ်ကူးထားလဲ။ ဆေးမဆိုုးတော့တဲ့ မျှစ်တွေ ငါးပိတွေ ပဲတွေက သားငါးဈေးထက် အဆပေါင်းများစွာပိုုဈေးကြီးသွားရင်ရော သန့်ပေမဲ့ ဝယ်စားကြဦးမှာလား။ မတန်ဘူးဆိုုပြီးမဝယ်ရင် ဈေးသည်တွေက ရောင်းရအောင်လိုု့ ဈေးလျှော့ရောင်းနိုုင်မဲ့ မသန့်တဲ့ နည်းတွေဆီပြန်ရောက်သွားကြမှာပဲ။ ဈေးသည်ရော ဈေးဝယ်ရော ကြီးကြပ်သူတွေရော အားလုုံး ပြင်မှရမယ် ထင်ပါတယ်။
အမေရိကားမှာ ဖွတ်ပြီးသား ဆန်ဖြူဖြူ လွလွချောချောထက် တဝက်တပျက်ပဲ ဖွတ်ထားတဲ့ ဆန်လုုံးညို (Brown rice) ကကျန်းမာရေးနဲ့ ပိုုညီညွတ်တယ်ဆိုုလိုု့ processing cost ပိုုနည်းတဲ့ ဆန်လုုံးညို က ဈေးပိုုမကြီးသင့်ပဲ ပိုုဈေးကြီးနေတယ်လိုု့ ပြောတယ်။ အသားဈေးထက် ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်တွေက ဈေးပိုုကြီးတာကိုု ပိုုပေးပြီးဝယ်တဲ့သူတွေရှိလို့ လည်း အော်ဂန်းနစ်ရောင်းတဲ့သူတွေရှိတာပါ။
လူတွေ ပိုုပိုု သတိထားမိလာပြီး အော်ဂန်းနစ် အော်ဂန်းနစ် ရွတ်လာကြတဲ့ အခါ အော်ဂန်းနစ် အတုုအယောင်တွေ ကိုုဈေးအများကြီး ပိုုပေးပြီး ဝယ်စားကြရမှာ မြင်ယောင်ပါသေးရဲ့။
kai
July 13, 2012 at 5:40 am
စနစ်ကြောင့်မဟုတ်… စနစ်ကြောင့်မဟုတ်…
=
စကားအတင်းစပ်..
ယူအက်စ်မှာ.. ဘရောင်းရိုက်စ်က.. ဆန်ဖြူတွေထက်ဈေးကြီးတာဟုတ်ပါတယ်..
ဒါပေမယ့်.. ဘရောင်းရိုက်စ် ဆိုတာက.. တဝက်တပျက်ပဲ ဖွတ်ထားတဲ့ ဆန်လုုံးညို လို့မထင်ပါဘူး..
သူ့သဘာဝကိုက.. ဆန်လုံးညိုဖြစ်နေတာလို့.. ထင်ပါကြောင်း..
ကြိုက်သလောက်ဖွတ်.. ဆန်လုံးညိုပဲဖြစ်နေပါကြောင်း..
ပိုသိသူများ ဖြေစေလိုကြောင်း..
သကြားလုုံးကြော်
July 14, 2012 at 12:19 am
သဂျီးရှင့်
ဘရောင်းရိုုက်က ရိတ်ပြီးတဲ့ စပါးရဲ့ အပေါ်ဆုုံး စပါးခွံတစ်ထပ်ထဲကိုု ချွတ်ထားတာပါ။ အဲဒါကိုုမှအထပ်ထပ် ဖွတ်ရင်း ချွတ်ရင်း ဆန်ဇြူဖြစ်သွားပါတယ်။
တချို့ ဘရောင်းရိုုက်တွေက ပိုုဝိုုင်းပြီး ယိုုးဒယားဆန်လိုု ရှည်ရှည်ဆင်းဆင်း မနေတာက ဆန်အမျိုုးအစားချင်းမတူလိုု့ပါ။ ဘယ်ဆန်အမျိုးအစားကိုုမဆိုု အခွံတလွှာပဲ ချွတ်ထားတာကိုု ဘရောင်းရိုုက်လိုု့ ခေါ်ပါတယ်။ ဗမာ ပေါ်ဆန်းမွှေးဖြစ်ဖြစ်၊ ယိုုးဒယားဆန်ဖြစ်ဖြစ် ၊ Rose rice လုုံးလုုံး ဖြစ်ဖြစ် ၊ ဂျပန်ဆန်စီးစီးဖြစ်ဖြစ် ၊ ကောက်ညှင်းဆန်ဖြစ်ဖြစ် အားလုုံး ကိုု ဘရောင်းရိုုက် အဖြစ်စားလိုု့ရပါတယ်။
ဘရောင်းရိုုက်ကိုု whole grain rice လိုု့ လဲခေါ်ပါတယ်။ သဂျီးတိုု့ အမေရိကားကလူတွေ စားတဲ့ whole grain ပေါင်မုုန့် ကတော့ ဘရောင်းရိုုက်လိုုပဲ တဝက်တပျက်ပဲဖွတ်ထားတဲ့ ဂျုံစေ့ ကလုုပ်ထားတာပါ။
ဘရောင်းရိုုက်တွေ ဈေးပိုုကြီးရတဲ့ အကြောင်းရင်းက အဲဒီ vitamin B တွေကြွယ်ဝတဲ့ bran and germ layers တွေက ကြာကြာအထားမခံလိုု့ပါ။ ဆန်ဖြူမှာတော့ ဒီ layer တွေချွတ်လိုုက်တာကြောင့် ပိုုအထားခံတာကြောင့် ဈေးပိုုသက်သာပါသည်။
source1: ဘယ်တော့မှမမှားတဲ့ ကျမအဖေ။ (အဲ ဆန်လုုပ်ဖူးတဲ့ ကျမအဖေဆိုုရင် creditability ပိုုရှိမယ်ထင်တယ်။)
source2+: google မှ ဟိုုဖတ်ဒီဖတ်
P chogyi
July 17, 2012 at 4:18 pm
ဆန်လုံးညို ဈေးကြီးပေးပြီးကြိုက်တဲ့
အမေရိကန်ကသူတွေကို ဘယ်လိုပြောရမလဲမသိဘူး
ကျွန်တော်တို့ဆီမှာ ဆန်လုံးညို(လုံးတီးဆန်က)
——— ထဲမှာပဲကျွေးတာ။
MaMa
July 17, 2012 at 10:08 pm
အဲဒါလည်း ပြောချင်နေတာ။
ပြောရကောင်းမလား မပြောရကောင်းမလား စဉ်းစားနေတာနဲ့။
ဂုဏ်ယူစရာပြောရရင်တော့…….
ဆရာမပြုံးရဲ့ အခုပိုစ့်က လက်မ ၂ရ ချောင်းနဲ့ စံချိန်သစ် တင်လိုက်နိုင်ပါတယ်။
(အရင်က ပိုစ့်တစ်ခုမှာ လက်မအများကြီး ရဖူးပေမယ့် ရွာသူားတွေချည်းပဲ ပေးတဲ့လက်မထဲမှာတော့ ဒီပိုစ့်က အများဆုံးပါပဲ။)
zarzarhtwe
July 13, 2012 at 4:25 am
ဆရာမရှင့် ကောင်းပါ၏ လက်မတချောင်းထောင်ခဲ့ပါတယ်ပြောယုံနှင့်မလုံလောက်ပါ။လူအများသိသင့်/ရှောင်သင့်တဲ့ ဗဟုသုတရစေသော ပို့စ်ပါရှင့်။ဒီမှာတော့ ထိုင်းနဲ့ဗီယက်နမ်ကနေ ငါးပိ/ရေ၊ငါးပြာရည်၊ပုဇွန်ခြောက်၊မျှစ် တခြား ဗမာတွေအကြိုက် အခြေခံစားကုန်တွေဝင်ပါတယ်။ဒီပစ္စည်းတွေရောဘယ်လောက်စိတ်ချရလည်းမသိပါ။လက်သုတ်စုံကြိုက်တဲ့ကျမကတော့ ပဲမှုန့်အကျက်နဲ့ ငရုတ်အလှော်မှုန့်ကိုကိုယ်တိုင်ပဲလုပ်စားတယ်။ပဲကြော်ဆိုလည်း ဆန်မှုန့်အစိမ်း(ဆော်တာနည်းပါတယ်)ကို ရေတညသိပ် စိမ်ပြီးနောက်နေ့ကြော် ပြီးရင် လေလုံတဲ့ပုံးထဲ သိမ်းထားရင် အနည်းဆုံး ၆နာရီ ခံပါတယ်အမရေ ကျမလက်တွေ့ပါ။ဒီထက်အသဲကွဲခြင်း ကင်းဝေးပါစေနော်။
ကြောင်ကြီး
July 13, 2012 at 10:38 am
ပရိုအရေးအသားဆိုတာ ဒါမျိုးကိုခေါ်တာဗျို့…။ ရွာထဲမှာ အများစုက ဆီမီးပရိုနဲ့ အမေးချားအဆင့်ပဲ ရှိဂျသေးတယ်။
ပေါ်တင်ပြောဒယ်ကွာ မကျေနပ်လဲသေဂျ…။ ပို့စ်ပရိုကြောင်ကြီး… 👿
Nyein Nyein
July 13, 2012 at 12:53 pm
အစားအသောက်ဆိုရင် အရောင်လေးကောင်းမှ စားတတ်တဲ့လူတွေတော့ ဒုက္ခပါပဲနော်။ အခုလိုပြောပြတဲ့အတွက် ကျေးဇူးတင်တယ်။ လေးလည်းလေးစားပါတယ် ဆရာမရယ်။ ဆရာမပြောတဲ့အထဲမှာ ငြိမ်းမသိသေးတာတွေတော်တော်ပါတယ်။ အိမ်ရောက်ရင် မေမေ့ကိုပြောပြရဦးမှာ။ ငြိမ်းတို့ဘေးအိမ်က အန်တီကြီးတွေက တောကဆိုတော့ ငါးပိကိုယ်တိုင်သိပ်ကြတယ်လေ။ သူတို့က အိမ်မှာစားဖို့ ငါးပိအမြဲပေးတာဆိုတော့ ငါးပိနဲ့တော့ လမ်းမခွဲရသေးဘူး။
same kyaw
July 13, 2012 at 1:11 pm
အရမ်းကောင်းတြဲ့ပီး လူတိုင်းသိသင့်ပါတယ်။ကျေးဇူးတင်ပါတယ်။ဒီလိုလူသားလားလုံးအကျိုးရှိတဲ့အတွက်တန်ဘိုးရှိပါတယ်။။
may flowers
July 13, 2012 at 5:57 pm
ဆရာမရေ..ငါးပိအရမ်းကြိုက်တဲ့ ကျွန်မလည်း ခုတော့ဒီအသည်းကွဲ တမ်းခြင်းလေးကိုဖတ်ပြီး
တကယ်ပဲ အသည်းကွဲသွားပါတယ်။
မိုက်ကယ်ဂျော်နီအောင်ပု
July 14, 2012 at 12:55 am
ဒဂဓဲတော် အံ့ရောအံ့ရော
တော်တော်ဟုတ်တဲ့အဒေါ်ဂျီး
လင်မယားကွဲတယ်မှတ်ပါတယ်အေ
လက်စသတ်တော့ ငပိအကြောင်းပြောနေဒါဂိုးးးးးး
ကျုပ်ဖြင့် ရင်တွေပန်းတွေ အကုန်တုန်သွားဒါဘဲ
ကြံကြံဖန်ဖန်
တတ်
တတ် နိုင်ပါ့
ညလေး
July 14, 2012 at 4:53 pm
အဟင့်ဟင့်…..ဂယ်တဲ.နော်……
ညလေးတို.လည်း..အသည်းကွဲရုံပဲပေါ့……..
ရှမ်းမလေးဆိုပေမယ့်………ငပိရည်အသေကြိုက်တဲ……ညလေးကို
အိမ်ကလူတွေဝိုင်းပြောကြာတာရှိတယ်……ဗမာမုဆိုးမ ဝင်စားတာတဲ….
အဟင့်ဟင့်ခုတော့….ကွဲပြီပေါ့နော်
နေဝန်းနီ
July 14, 2012 at 9:56 pm
အသည်းကွဲ နေရတာတော့ နေ့တိုင်းပဲဗျို့……… ပြောမကုန်နိုင်တော့ဘူး
ဝင့်ပြုံးမြင့်
July 14, 2012 at 11:47 pm
ဘဖောပြောတာ မှန်ပါတယ်နော်။ အများစုက စူပါမားကက်ကို မသွားနိုင်ပါဘူး။ ဒီမန်းဂေဇက်ရဲ့ ပြဿနာကတော့ တခြားမဟုတ်ဘူး။ ရွာထဲမှာ ဆင်းရဲသားမရှိဘူးဖြစ်နေတယ်။ အလုပ်လက်မဲ့ ရှိနိုင်ပေမယ့် မိဘကျွေးထားနိုင်တာမျိုး။ အနည်းဆုံးတော့ ၁ဝတန်းအောင်ထားပြီးသားတွေ ရှိတယ်။ ဒီထဲဝင်ပြောနေတဲ့လူတွေက ပညာတတ်၊ ငွေရှိတွေချည်းပဲ။ တကယ့်အခြေခံလူတန်းစား ရွာထဲမှာ မရှိနိုင်လောက်ဘူး။ တကယ်တော့ ဒီကိစ္စက အားလုံးသိပြီးသားတွေပါ။ ငပိထဲ ဓာတ်မြေဩဇာထည့်တာကို ပြောတာပါ။ သိသိနဲ့ ဝယ်စားကြတာပါ။ ဒီမန်းဂေဇက်ကလူတွေပဲ သူဌေးများနေလို့ မသိကြတာပါ။ ပြုံးလည်း ရန်ကုန်ကနေ အခုလို နယ်မြို့လေးကို ရောက်လာလို့ သိတာပါ။ အခု ကွင်းဆင်းပြီး လိုက်မေးကြည့်တော့ အားလုံးက သိကြတယ်။ ကိုယ်ပဲ ငအူ ဖြစ်နေတာ။ ငပိဒိုင်မှာ ရာဝင်အိုုး (စဉ့်အိုးအကြီးဆုံး) ၁ဝလုံးလောက်ပဲရှိတယ်လို့ပြောပါတယ်။ တစ်ရက်ကို တစ်လုံးဖောက်ပြီး ဖောက်သယ်ပေးပါတယ်။ ဈေးထဲရောင်းနေတဲ့ကောင်မလေးတွေက ငပိကို ကိုယ်တိုင်နှပ်တာ မဟုတ်ပါဘူး။ ဒိုင်ကနေ ယူရောင်းတာပါ။ ဒိုင်က ဈေးထဲက ရောင်းမကုန်တဲ့ ငါးအကြေ တွေနဲ့ အသားခြစ်ပြီးသား ကျန်တဲ့ငါးအရေခွံ (အများဆုံးက ငဖယ်၊ ငဖယ်အောင်း) တွေကို ဈေးပေါပေါဝယ်ပြီး တစ်ပတ်နဲ့ပြီးအောင် သိပ်ပေးလိုက်တာပါ။ ငပိကို ပုံမှန်သိပ်ရင် အနည်းဆုံး တစ်လခွဲကြာမယ်။ တစ်နေ့ တစ်အိုးဖောက်ပေးရင် ဒိုင်မှာ အနည်းဆုံး ရာဝင်အိုး အလုံး ၄၅လုံး ရှိရမှာပေါ့။ အဲဒီငပိကို တစ်ရာဘိုး၊ ငါးဆယ်ဘိုး ဝယ်လို့ရပါတယ်။
တောကလာတဲ့ တကယ့်ငပိကျတော့ တစ်ဆယ်သား ၆၀ဝ လောက်ရှိပါတယ်။ အဲဒါကျတော့ အများစု ဝယ်မစားနိုင်ဘူး။ ပြီးတော့ ငံလည်းငံတယ်။ ဒါကြောင့် ဘဖော ပြောတာ မှန်ပါတယ်လို့ ပြောတာပါရှင်။ သိသိနဲ့ပဲ ငွေကြေးအရ ဝယ်စားကြတာပါ။
Foreign Resident
July 15, 2012 at 3:10 am
” ဒီ မန်းဂေဇက်ရဲ့ ပြဿနာကတော့ တခြားမဟုတ်ဘူး။
ရွာထဲမှာ ဆင်းရဲသား မရှိဘူး ဖြစ်နေတယ်။
ဒီထဲ ဝင်ပြောနေတဲ့လူတွေက ပညာတတ် ၊ ငွေရှိတွေချည်းပဲ။ ”
မှန်ပါ့ ဆရာမ ရေ ။ အဘ လဲ သတိထားမိတယ် ။
အဲဒီ အားနည်းချက် တကယ်ရှိတယ် ။
အဲဒီ့ ပြဿနာ ဘယ်လို ရှင်းရပါ့ ။
ဆင်းရဲသား တွေကို နေ့စားနှင့် ငှားပြီး ၊
လာရေးခိုင်းရမလို ဖြစ်နေတယ် ။ :p
ဂန္ဒာရီဆြာအုပ်
July 15, 2012 at 1:45 am
အရမ်းကောင်းပါတယ် လက်မရော ဖြေမပါ ထောင်သွား ကြောင်းပါ.. စားလို့ရနိုင်တဲ့ အစားအစာ တွေ အတွက်လဲ ပို့စ်တစ်ခု တင်ပေးစေချင်ပါတယ်..
Green Rose
July 15, 2012 at 10:13 am
Green Rose အရင်တုန်းက ငါးပိငံပြာရည် လုံးဝမစားပါဘူးဆိုတဲ့သူ တစ်ယောက်ကို ဒီလောက်ကောင်းတဲ့အရသာ မသိလေခြင်းလို့ သနားနေတာ.. ခုတော့ … ခုတော့.. အင်း.. ရှောင်နိုင်ဖို့တော့ မလွယ်ဘူး.. လျှာအလိုလိုက်ပြီး စားလာတဲ့ကာလတွေက နည်းမှမနည်းပဲ။ ဒါပေမယ့် Green Rose တို့ စားသုံးသူတွေ သပိတ်မှောက်မှ ဒီကိစ္စတွေက လျော့နည်းသွားမှာ။.. အဲဒီ့တော့ မစားဘူး.. မစားဘူး .. (အမလေး ပြောနေရင်းတောင် ချစ်သူကို အဆက်ဖြတ်မယ်လို့ပြောရသလို ရင်ထဲမှာ ခံစားရတယ်) အမရေ.. Green Rose လည်း အမနဲ့ထပ်တူ အသည်းကွဲပြီထင်ပါတယ်။
အလင်းဆက်
July 15, 2012 at 8:50 pm
ရှိပါတယ်..ချာမ ရယ် .။ သားက..ဆင်းရဲသားပါ ။
ahnyartamar
July 15, 2012 at 9:10 pm
ဖတ်မယ်ဆိုပြီး upload လုပ်လိုက်၊ တစ်ပိုင်းဖတ်လိုက်၊ ကွန်ကအောက်လိုက်နဲ့ သံသရာလည်နေတာ ဒီနေ့မှ အစ၊ အဆုံး ဖတ်နိုင်တော့တယ်။
ခေါင်းစဉ်ကြောင့် ဖတ်ဖို့ စိတ်ဝင်စားမိတာပါလို့ အရင်ဝင်ခံပါရစေ။
ဖတ်လည်းကြည့်ရော ကျတော်တို့ နေ့စဉ်အမှုမဲ့၊ အမှတ်မဲ့ ကျော်ဖြတ်ပြီး အရသာရှိရှိ၊ မြိန်ရေ၊ ယှက်ရေ စားသုံးနေတဲ့ အရာတွေဟာ အန္တရာယ်များလှပါလားဆိုတာ စိုးရိမ်စွာ သိရပါတယ်။
ဖြည်းဖြည်းခြင်းတော့ ဆင်ချင်ပြီးပြောင်းရတော့မှာပဲ။ အသဲကွဲရအုံးမှာပါ။
ဖိုးထောင်
July 15, 2012 at 11:16 pm
ငပိရည်လေး ကန်စွန်းရွက်လေးနဲ့ နေ့တိုင်းလွေးနေရတဲ့ ဘဝ ဒီလိုဆို ဘာမှကို စားစရာမရှိတော့ပါဘူး တော်ပြီိ ဆန်ပြုတ်ပဲပြုတ်သောက်တော့မယ်
MaMa
July 15, 2012 at 11:25 pm
လုပ်ငန်းရှင်တွေဘက်က ပြောချင်ပါတယ်။
မျှစ်ဆေးဆိုးတာ၊ ငပိဆေးဆိုးတာဆိုတာ စားသုံးသူတွေရဲ့ တောင်းဆိုချက်ကြောင့်ပါ။
စားသုံးသူတွေဘက်က အရောင်လှမှ ဝယ်ချင်ကြတာ ထုံးစံဖြစ်နေပြီဆိုတော့…
လုပ်ငန်းရှင်ကလည်း ဈေးကွက်မှာ ကိုယ့်ပစ္စည်းရောင်းကောင်းအောင် အမြင်လှအောင် ဆေးဆိုးကြရပါတော့တယ်။
ဆေးဆိုးတဲ့နေရာမှာလည်း အစားအစာမှာ ဆိုးတဲ့ဆေးက ဈေးပိုကြီးတာအပြင် …
အရောင်တောက်ပမှု၊ တာရှည်ခံမှုမှာ အားနည်းလေတော့ ဈေးကွက်မှာ မျက်နှာပန်းလှရလေအောင်……..
ချည်ဆိုးဆေးတွေ ဆိုးရပါတော့တယ်။
စားသုံးသူတွေဘက်က အသိတရားရှိပြီး အရောင်ဆိုးရင် မဝယ်ကြ၊ မကြိုက်ကြဘူးဆိုရင် …
လုပ်ငန်းရှင်ဘက်ကလည်း သူ့ကုန်ပစ္စည်း ရောင်းရအောင် စားသုံးသူအကြိုက် ဆေးဆိုးကြမှာ မဟုတ်တော့ပါဘူး။
ခုနောက်ပိုင်း ငါးပိဆိုင်တွေမှာ ဆေးမဆိုးတဲ့ ငါးပိ ဝယ်ယူနိုင်ကြပါပြီ။
နောက်တစ်ခုအနေနဲ့ ငါးခြောက်တွေမှာ ယမ်းစိမ်းသုံးတာကတော့ ရှေးရိုးအစဉ်အလာ ဖြစ်နေပါပြီ။
ဟိုးးး ယခင်ကတည်းက သုံးစွဲလာတာမို့ ယမ်းစိမ်းထည့်တဲ့ပမာဏဟာ
ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်လောက်မယ်လို့ မထင်မိပါ။ (အထင်- ခရက်ဒစ်တူ ဘပု) [:D]
ယခင်က မိုးတွင်းမှာ ငါးခြောက်မလှမ်းကြပါဘူး။
မိုးတွင်းမို့ နေမရရင် ငါးခြောက်မှာ ယင်နားပြီး ယင်ဥလေးတွေက လောက်ဖြစ်လို့ ငါးခြောက်မဖြစ်ပဲ ပုပ်သွားတတ်ပါတယ်။
ခုနောက်ပိုင်းမှာတော့ တရုတ်ပြည်က ဝင်လာတဲ့ ယင်သေဆေးတွေကို သုံးကြပါတယ်။
သိသလောက်ကတော့ အလွန်အကျွံ မသုံးကြပါ။
နောက်သိသလောက်ပြောရရင်-
လောက်သေဆေးဟာ ကျောရိုးမဲ့တွေကိုပဲ သေစေနိုင်တယ်လို့ ပါပြီး
ကျောရိုးရှိသတ္တဝါ (လူ) တွေအတွက် အန္တရာယ် မရှိဘူးလို့ ဆိုထားပါတယ်။
(လောက်သေဆေးမှာ ရေးထားတာကို ပြောပြတာသာ ဖြစ်ပါတယ်။)
ရီစရာပြောရရင်-
လောက်သေဆေးဟာ ကျောရိုးရှိတွေ မသေဘူးလို့ ရောင်းတဲ့သူက ပြောတော့…
တောက ဆေးလာဝယ်တဲ့သူက သောက်ပြပါလားတဲ့။
[:))]
kai
July 16, 2012 at 2:45 am
အဲဒါကြောင့်.. လူတွေလူတွေ..လူတွေကြောင့်ပါလို့ပြောနေရတာပေါ့…
စားသုံးသူလူထုက..စားသောက်ဖွယ်ရာတွေမှာ.. ဆေးဆိုးထားတာသံသယဖြစ်ဖွယ်ဆိုရင်.. မဝယ်ပဲနေပါလား..မသုံးစွဲပဲနေပါလား..
နေယုံ.. ရှောင်ယုံတင်မဟုတ်.. နောင်ထပ်မလုပ်ဖြစ်အောင်..
ဈေးသည်ကို.. ဆေးမဆိုးထားဘူးအာမခံတာလေးပဲ.. ရောင်းပေးပါတိုက်တွန်းပါလား..
ဆေးဆိုးထားတာတွေ.. ထားသူတွေအကြောင်း..ကို.. သိရင်သိတာတွေ.. မီဒီယာတွေပြော.. တိုင်ကြား..စားသုံးသူလူထုချင်း.. ပြန့်ပွားအောင်လုပ်ပေးကြပါလား…
ဘယ်လုပ်ငန်းရှင်မှ..စီးပွားရေးသမားမှ.. လူမဝယ်တာ.. အရှုံးခံ.. လုပ်ရောင်းမယ်မထင်ပါ..
ဆေးဆိုးထားတာမှ.. ရောင်းကောင်းနေရင်.. ဆေးဆိုးရောင်းမှာဖြစ်ပါတယ်..
သူတို့မှာလည်း.. အပြိုင်အဆိုင်ကြားမှာ.. ထိုးထွက်ဖေါက်ထွက်..ရှင်သန်နိုင်အောင်လုပ်ကြရတာပါ..
ဆိုတော့…
အဲဒီလိုနဲ့.. လူထုက.. ခေတ်စနစ်နဲ့အကိုက်ညီဆုံးကို… လုပ်ယူ..ညှိယူရတာဖြစ်ပါတယ်..
အစိုးရကိုချည်း.. စနစ်ကိုချည်း.. လွှဲချနေရတာမဟုတ်..
လူထုကြီးက.. ကိုယ်တိုင်ကိုယ်က.. စနစ်..အစိုးရကို.. ဖန်တီးမွေးယူခိုင်းစားသူတွေဆိုတာ.. မေ့နေကြတာလေ..
ပြောရဦးမယ်..(ထုံးစံအတိုင်း)
..နှစ် ၁၀၀ဝ ကျိန်စာ..
ထိုထိုအရာတို့ဖြစ်ရခြင်းမှာ.. စနစ်.. စနစ်ကြောင့်မဟုတ်..
ကြောင်ကြီး
July 16, 2012 at 5:27 am
ရောင်းသူနဲ့ ဝယ်သူ တဦးကိုတဦး အပြစ်တင်တာ ထုံးစံပါ။ ဒါတွေမဖြစ်အောင် လွတ်လပ်တဲ့ စားသုံးသူများအသင်း၊ မီဒီယာ၊ အစိုးရ (ဥပမာ – အက်ဖ်ဒီအေ) ရှိရတယ်။ အဲဒီဈေးကွက် ခြေတံလက်တံများ ကျန်းမာသန်စွမ်းဖို့ မှန်ကန်တိကျတဲ့ စနစ်လိုတယ်။ စနစ်မှန်ရင် ဆိုင်ရာလူ့အဖွဲ့အစည်းမှာ အရိုးစွဲသွားပြီး အမူအကျင့်ဖြစ်လာတာပဲ။ လူတွေကို လုပ်ကြပါ လုပ်ကြပါ စည်းရုံးပြောဆိုတာ စနစ်တခုတည်ဆောက်ခြင်းရဲ့ တစိတ်တပိုင်းဖြစ်တယ်။ သူ့ချည်းသက်သက် မအောင်မြင် စကောင်းဗူး။ မျိုးချစ်စိတ်ဓာတ်ကိုပဲ အခြေခံခံ၊ ဝါဒရေးရာကိုပဲ ဗဟိုပြုပြု သမိုင်းမှာ အောင်မြင်ခဲ့တာ မရှိပါ။ ဆိုရှယ်လစ် စနစ်ကျဆုံးခဲ့တာ၊ မြန်မာ့သမိုင်းမှာ မွန်သူဌေးကြီးဦးနာအောက် အင်္ဂလိပ်ကုမ္မဏီကို စီးပွားရှုံးခဲ့တာ သင်ခန်းစာယူနိုင်တယ်။ ငါးပိကိစ္စမှာလည်း လူတွေကို စည်းရုံးဖို့ဆိုတာ အတော်မလွယ်တဲ့ကိစ္စဖြစ်တယ်။ ပညာပေးဂျေးဆို ကဏ္ဍတိုင်းမှာ ဖြစ်နေတာ။
အသိပညာပေးသလို သတ်မှတ်ထားတဲ့ အစားအစာ စည်းမျဉ်းဥပဒေ လိုက်နာအောင် ထိန်းကျောင်းကွပ်ကဲတဲ့ အဖွဲ့အစည်းအပေါ်မှာလည်း မူတည်တယ်။ အဲဒီအဖွဲ့အစည်းကို လူတွေလေးစားအောင်၊ သူတို့ကိုယ်တိုင်လည်း လာဘ်မစားအောင်၊ အလုပ်လုပ်အောင်ကြတော့ စကားလုံးတွေနဲ့တင် မပီးဘူး၊ စနစ်လိုတယ်။ ဒါကြောင့် ဒေါ်စုက တရားဥပဒေစိုးမိုးရေးလို့ ပြောနေတာ။ လူတွေ သောက်သုံးမကျလို့ဖြစ်ပါတယ် မပြောဘူး…။ ပြောလိုက်မယ် သေချာနားထောင်…သောက်သုံးမကျတဲ့လူတွေ အသုံးကျအောင်လုပ်တာ စနစ်၊ သောက်သုံးကျတဲ့လူတွေ သုံးမရအောင်လုပ်တာ စနစ်…. ကမာ္ဘဂျီးမှာ လူရယ်လို့ဖြစ်လာတာ လူကစနစ်ကိုထွင်လို့မဟုတ်ဘူး၊ လုပ်ရင်းကိုင်ရင်းနဲ့ စနစ်ရဲ့အကျိုးရှိပုံကိုသိပြီး အသုံးချခဲ့ ဝါ သူနောက်လိုက်ခဲ့ဂျလို့ တဦးချင်းကနေ အစုအဖွဲ့ အဲဒီကနေ အသိုင်းအဝန်း အဲဒီကမှ မြို့ပြနိုင်ငံဂျီးများ ထွန်းကားလာတာ။ သိပ္ပံပညာဆိုလည်း ဒီအတိုင်းပဲ။ လူကထွင်တယ်ထင်ရင် သဂျီးလောက် မိုက်တဲ့သူ ဤကမာ္ဘတွင်မရှိ။ သူဟာနဲ့သူ အစီစဉ်တကျ ရှိထားတဲ့ လောကဓာတ် အသွားအလာကို ထုတ်ဖော်တွေရှိ စပ်ဟပ်အသုံးချတတ်သွားတာ။ လူက စိတ်ကူးပေါက်ပီး ထွင်တာမဟုတ်ဘူး။ ဗုဒ္ဓဝါဒ အခြေခံသဘောလည်း ဒီအတိုင်းဗဲ။ နဂိုရှိပြီးသား ဓမ္မကို ဖော်ထုတ်ပြီး အယူမှားတွေကနေ လောကကို အလင်းဆောင်ခဲ့တာ။ အဲဒီအတွက် စနစ်ဆိုတာလိုလို့ ပညတ်တွေ ထားခဲ့ရတယ်။ အထင်ရှားဆုံးပြောပါဆို ရဟန်းအတွက် ဝိနည်း လူအတွက် သီလ ဖြစ်တယ်။ တရားကျင့်သူများအတွက်ဆိုလည်း ယေဘူယျအားဖြင့် ဖြည့်ဆည်းရမည့် သီလ၊ သမာဓိ၊ ပညာ မဂ္ဂင်ရှစ်ပါးရှိတယ်။ အဲဒါ စနစ်မဟုတ်လို့ဘာလည်း မိုးပြားဇိမ်ရုပ်ပစ်စုတ်ပံမွတ်စလင်ကူမြူနစ်စီအိုင်အေသဂျီးရဲ့…… 😡
aye.kk
July 16, 2012 at 5:54 am
စာရေးသူဆရာမရော…
ကွန်မန်းပေးသူတွေအားလုံးကိုရော…
ကျမအနေနဲ ့ကျေးဇူးတင်ရှိသွားမိရပါတယ်။
ဒီpostလေးကိုဖတ်ရတာ….
အင်မတန်ဗဟုသုတတိုးပွားရရှိသွားပါတယ်။
လူတွေမှာအရေးကြီးဆုံးလိုအပ်နေတာက….
မေတ္တာ…..။
မေတ္တာ…..။
မေတ္တာ…..။
လူတွေ,လူတွေ,အားလုံး…..
မေတ္တာများများထားရှိနိုင်ကြဘို ့သာအဓိကလိုအပ်တယ်လို ့
ကျမအနေနဲ ့ထင်မြင်မိပါတယ်…။
မတ္တာများများသာထားရှိနိုင်ကြမယ်ဆိုရင်…
အသည်းကွဲတမ်းချင်းတွေလည်းဖြစ်မလာနိုင်တော့ကြပါဘူး….။
aye.kk
July 16, 2012 at 5:55 am
စာရေးသူဆရာမရော…
ကွန်မန်းပေးသူတွေအားလုံးကိုရော…
ကျမအနေနဲ ့ကျေးဇူးတင်ရှိသွားမိရပါတယ်။
ဒီpostလေးကိုဖတ်ရတာ….
အင်မတန်ဗဟုသုတတိုးပွားရရှိသွားပါတယ်။
လူတွေမှာအရေးကြီးဆုံးလိုအပ်နေတာက….
မေတ္တာ…..။
မေတ္တာ…..။
မေတ္တာ…..။
လူတွေ,လူတွေ,အားလုံး…..
မေတ္တာများများထားရှိနိုင်ကြဘို ့သာအဓိကလိုအပ်တယ်လို ့
ကျမအနေနဲ ့ထင်မြင်မိပါတယ်…။
မတ္တာများများသာထားရှိနိုင်ကြမယ်ဆိုရင်…
အသည်းကွဲတမ်းချင်းတွေလည်းဖြစ်မလာနိုင်ကြတော့ပါဘူး။။။
candle .
July 16, 2012 at 4:19 pm
I must be learn how to create ” nge kwan swe ” I will make by my self.
thank you sister
Inz@ghi
July 17, 2012 at 1:32 am
ဗျို့ အန်တီပြုံး …
ကျုပ်ကို မမဂီ လို့ ခေါ်လို့ မကျေနပ်ဝူးလို့ ထိပ်ဆုံးပြောပါရစေဗျ…
(ဘယ်ငတိ လက်ထောက်ချတယ်မသိ …ဟွန့်…)
ဘိတ်ဆုံး ပြောချင်တာကတော့ … သာ့ဒ်ပါတီ ကိစ္စပါပဲ …(ပိုစ့်နဲ့ပါတ်သတ်လို့ ..)
ကိုယ်ကျိုးမဖက် အိမ်ထောင်ရှင် မ အဖွဲ့ တို့ …
စားသုံးသူ အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ တို့ …
ဒါမျိုးတွေ ပေါ်ထွန်းလာဖို့ ဖိအားပေးတဲ့ အကြောင်းအချက်တွေပဲ မှတ်ပါတယ်..
အဲ…
ခေတ် စနစ်အရလည်း ခုလို အသင်းအဖွဲ့တွေ ပေါ်ထွန်းလာဖို့ အခြေအနေပေးနေပြီ မဟုတ်လားဗျာ…
ကိုယ်ကျင့်တရား ကို အခြေခံမယ် …အများအကျိုးကို မျှော်မှန်းချက်ထားမယ် …
နည်းပညာရဲ့ အကူအညီယူပြီး teamwork နဲ့သာ ဟန်ချက်ညီ လှုပ်ရှားနိုင်မယ်ဆိုရင် …
အနှီ လူသတ်သမားတွေ … ကို ထိန်းချုပ်နိုင်မယ် ယူဆပါကြောင်း …
ကျနော်တို့ ဟန်ချက်ညီ ကြိုးစားကြဖို့ လိုပါကြောင်း …
ရေးလိုက်ပါတယ်ဗျာ .. ပြန်လာခဲ့ပါဦးမယ်ဗျာ ….
အိုဘယ့်.. ချစ်လှစွာသော မြန်မာပြည်..
(ဟိုလူဒွေလို ..အမိ မြန်မာပြည် အဖ မြန်မာပြည် လို့ မရေးရက်ဘူးဗျ…. တခါတခါ ..အမိအဖ ထက် ပိုချစ်ပီး
တခါတခါ ….သောက်ညင်ကပ်ချက်က နိုင်းလောက်ရှိလျက် ..ကင်းလည်းမကင်းနိုင် မေ့လည်း မမေ့နိုင်
မစဉ်းစားဘဲလည်း မနေနိုင်တော့ ..) ဟုတ်ကဲ့ …ရေးကြည့်ပါ့မယ်..
အိုဘယ့် ..အိသဒ္ဒါမိုး ..
အဲ့လေ. .အိုဘယ့် ရည်းစားဦး မြန်မာပြည်..
padonmar
August 14, 2012 at 6:56 pm
ဒေါက်ဒေါက်ဒေါက်
ပြုံးရေ
ဖိတ်စာပို့ပါတယ်(စာပို့သမားမအားလို့ နောက်ကျတာခွင့်လွှတ်ပါ)
http://myanmargazette.net/143974
http://myanmargazette.net/143981
aung moethu
August 20, 2012 at 1:31 pm
ဒီထဲကို ခုမှဝင်တာဆိုတော့ … ဒီပို့စ်လေးကို ခုမှဖတ်မိတယ် အရမ်းကို သဘောကျရတဲ့ ပို့စ်လေးပါ အစ်မရေ။ ချီးကျူးပါတယ်။
ကိုသင်း
August 22, 2012 at 12:32 pm
ယောက်ျားလေးများဖတ်ရန်-
၁။လက်ဖက်ရည် အသည်းကွဲ
၂။ကွမ်းယာ အသည်းကွဲ
၃။အရက် အသည်းကွဲ
၄။ဘိယာ အသည်းကွဲ
၅။KTV အသည်းကွဲ
၆။မာဆတ် အသည်းကွဲ
၇။ဆေးလိပ် အသည်းကွဲ
လောက၌ ဖေါ်ပြပါ ဤ ၇-မျိ ုးကို အသည်း
ကွဲနိုင်သောယောက်ျားသည် အံ့ဘွယ် အထူးရှိပေသည်
ထိုအနှိ ယောက်ျားတို့၌ ကျွန်ုပ်တို ့၏ ရွာသားများ
ဖြစ်သော အဘဖော၊ကိုနက်ချော၊ကိုဂိ၊ကိုဗိုက်၊ကိုပေ၊
နှင့် ကိုကြောင်ကြိး၊ဝ၊လေး တို ့ ပါသည်ဟု အကျွန်ုမှတ်
ယူမိပါကြောင်း………..။
PS -ချစ်လို ့ပါ
kotun winlatt
August 22, 2012 at 1:08 pm
ပြည်သူတွေရဲ့ ဆင်းရဲမွဲတေမှုက အဓိကကျတယ်လို့ ထင်မြင်မိပါတယ်…
နောက်ပီး ကျန်းမာရေးဗဟုသုတနည်းတာလည်းပါတယ်…
ပြည်သူတွေဆင်းရဲတော့ ဈေးကြီးတာကို ဝယ်မစားနိုင်..ဒီတော့ ဈေးပေါ့ပီး ရိုးရာအစားအစာဖြစ်တဲ့
ငပိ(ငါးပိ) ငံပြာရည် အတို့အမြုပ်တို့ နှင့် နှစ်ပါးသွားနေကြရတာပေါ့ခင်ည..
ဒီတော့ သွေးတိုးရောဂါကစပြီးတော့…………
အင်းးးးးးးးးး
ထုတ်လုပ်သူလူတန်းစားတွေလည်း အကျိုးအမြတ်ပဲ ကြည့်ပီးထုတ်တာကို ရပ်သင့်ပါပြီဗျာ…။
hmee
August 23, 2012 at 10:36 pm
ဖတ်လို့ကောင်းလိုက်တာ။ အစကနေ အဆုံးထိ စာဖတ်သူကို ဆွဲခေါ်သွားတ
်ယ်။
ဇွဲမာန်(အင်းဝ)
August 26, 2012 at 11:39 pm
အသဲကွဲတဲ့နေ့တွေက ဒါ အစပဲရှိပါသေးတယ်
ဒီထက်မက အသဲမကွဲမိအောင်ကြိုးစားရအောင်
တော်တော်လေးကိုကောင်းတဲ့ပိုစ့်လေးပါ…လေးစားမိပါတယ်.။
သုရှင်
August 27, 2012 at 12:36 pm
တိပါဘူး …တားက… အတည်းကွဲဒယ် ချိုရို ့ ဘာညားရဲလို့….
ကြိုက်ပါတယ်ဗျာ
Phaung Phaung
August 27, 2012 at 2:57 pm
အမလေး….ဒီအသည်းခွဲတမ်းချင်းကြောင့် ဘာမှကိုစားစရာမရှိတော့ဘူးနော်…
စိမ်းစိမ်းစိုစိုလေးတွေကျတော့လည်း ပိုးသတ်ဆေးလွတ်မယ်မထင်ဘူး..
တကယ့်ကိုကြောက်စရာကောင်းနေတော့တာပဲ………….. ဟူးးးးးးးးး
အန်တီ့အရေးအသားလေးကလည်း အရမ်းကိုကောင်းပါတယ်….
ဂျာနယ်တွေ/ရုပ်သံတွေကနေ ဒီကိစ္စတွေကို
ကျယ်ကျယ်ပြန့်ပြန့်လေးပညာပေးနိုင်ရင်ကောင်းမယ်နော်..
ဒါမှ ရောင်းသူတွေလည်းဆင်ခြင်/စားသုံးသူတွေလည်း အလှမမက်တော့ပဲ သဘာဝကိုခုံမင်လာတော့မှာပေါ့
နော်………..။
kai
February 14, 2013 at 2:39 pm
မန်းဂဇက်စာပေဆုရဲ့.. ဆုရစာမူုများထဲက.. အယ်ဒီတာချုပ်ရွေးချယ်မှုတပုဒ်အနေနဲ့..ဒီစာကို… ဒီလ.. မန်းဂဇက်သတင်းစာမှာ ပုံနှိပ်ဖေါ်ပြဖို့.. ရွေးလို်က်ပါတယ်ခင်ဗျ…
အဲဒါ.. စာမူခ ၁၅ဒေါ်လာ နောက်ဆုပေးပွဲမှာ.. ချီးမြှင့်မယ်ဖြစ်ကြောင်း.. ပြောရင်း… :harr:
Mr. MarGa
February 14, 2013 at 9:15 pm
သဂျီး သဂျီး
စည်းကမ်းထဲမှာ ဖတ်မိတာ ဒေါ်လှ ၂ဝ အထက်ဆို
ဖတ်မိလို့ ပြောပြတာနော်
padonmar
February 14, 2013 at 9:18 pm
Congratulations!!!!!!!!!!!
nozomi
February 14, 2013 at 11:58 pm
ဝမ်းသာပါ၏
ဂုဏ်ယူပါ၏
များများရေးဘို ့တောင်းဆိုပါ၏