အိမ်

ကြောင်လေးJuly 25, 20121min50515

အိမ်

ဝသန္တရာသီ မိုးဥတုရဲ့ ဇူလိုင်လ။ ဧရာဝတီတိုင်းဒေသ မြစ်ဝကျွန်းပေါ် အရပ်ဆိုတော့ကာ မိုးကရွာပြီဆိုရင် သဲသဲမဲမဲ ရက်ဆက်ရွာလေ့ ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်သုံးရက် ကမနားမနေရွာထားခဲ့ပြီမို့ ဒီနေ့တော့ မိုးက သူ့ရဲ့တပတ်စာလက်ကျန်မိုးရေတွေကို ရွာလိုက် ရပ်လိုက်နဲ့ နားနားပြီးတော့ရွာနေပါတယ်။ ခုဏလေးတင် သဲသဲမဲမဲ တချီရွာချလိုက်အပြီး အခုလည်း တဖွဲဖွဲတစိမ့်စိမ့်ရွာနေတုန်းပါပဲ။

ကြောင်လေးတစ်ယောက် နေ့လည်စာ စားပြီးလို့ မိုးအေးအေးလေးမှာစာအုပ်လေးတစ်အုပ်ဖတ်ရင်း ထမင်းလုံးစီနေတုန်း ဟိုးအိမ်ရှေ့ခြံဝက   အော်ခေါ်သံတစ်ခုကိုကြားလိုက်ရပါတယ်။

“ကြွက်နီရေ……ဟေးကြွက်နီ……

“ကြွက်နီတို့ ….မိစာတို့ မရှိကြဘူးလား……ခြံတံခါးလေးဘာလေး လာဖွင့်ပေးကြပါဦးဟ……”

အော်သံကြားလု့ိ စာအုပ်ကလေးဘေးချ၊ ဗိုက်တင်းလို့ ဖြေလျော့ထားတဲ့ပုဆိုးလေး ကဗျာကယာ ပြန်စီးရင်း အိမ်ရှေ့ကို ထွက်ကြည့်လိုက်တော့မိုးဖွဲဖွဲမှာ ထီးကောက်ကြီးဆောင်းရင်းခြံဝမှာရပ်နေတဲ့ ရွာကဘကြီးခွေးညိုကိုတွေ့လိုက်ရပါတယ်။

“ဟာ….ဘကြီးခွေးညို !! မြို့ကို ဘယ်တုန်းကရောက်နေသလဲ…..

ခဏလေး ဘကြီးရေ့ လာပြီလာပြီ …..”

ပြောရင်း နံရံမှာမှီပြီးထောင်ထားတဲ့ အရိုးနဲ့ထီးကိုင်းနှစ်ချောင်းကြိုးနေတဲ့ထီးစုတ်ကိုဆွဲဖွင့်လိုက်ပြီး အိမ်ရှေ့ကိုလှမ်းထွက်လိုက်ပါတယ်။ အရေးထဲ ထီးချက်(ဂျက်) ကမရှိတော့ ထီးကပြန်ပိတ်သွားလို့ အနားက ဒုတ်ချောင်းတစ်ချောင်းကိုကောက်ထိုးနေရပါသေးတယ်။

“ဟ….မြန်မြန်လာပါကွ   ကြွက်နီရ ၊ငါ့မှာမိုးတောထဲက လျှောက်လာရတာ အခုလည်းမိုးထဲရပ်စောင့်နေရတုန်း……..”

“လာပါပြီ ဘကြီးခွေးညိုရာ……ကြွက်နီ…ကြွက်နီ နဲ့ အကျယ်ကြီးအော်မနေပါနဲ့ဗျာ၊ဒုက္ခပါပဲ…..”

“ကြွက်နီမို့လို့ကြွက်နီခေါ်တာ ဘာဖြစ်သတုန်းကွ၊ ဘာလို့ ဒုက္ခရမှာလဲ…..”

“မဟုတ်ဘူး  ဘကြီးရ အဲဒီကြွက်နီ ဆိုတဲ့နာမည် မကြိုက်လို့ ဒီမှာ နာမည်ပြောင်းပြီး လာနေ နေတာ၊ဘကြီးလာဖွတာနဲ့ ရှုပ်ကုန်ပါပြီဗျာ…..”

တံခါးကိုဖွင့်ပေးလိုက်ရင်း အသံခပ်အုပ်အုပ်လေးနဲ့ ပြောလိုက်ရပါတယ်။

“ဟေ! ဘယ်လိုပြောင်းထားတာတုန်းကွ၊လုပ်စမ်းပါဦး….”

“ကြောင်လေး…တဲ့ ဘကြီးရဲ့ ကြောင်လေး…..ကြောင်လေး”

“ဟာကွာ၊    မင်းမလဲ ကြွက်ကနေ ကြောင်ဖြစ်သွားတာ ဘာထူးလို့လဲဟ၊   တိရ စ ္ဆာန်က တိရ စ ္ဆာန်ပါပဲကွာ…… ငါတို့တောမှာ ဒီလိုပဲနာမည်မှည့်ကြခေါ်ကြတာဘာဖြစ်သတုန်း… ငါ့နာမည်ပဲကြည့် ခွေးညိုလေးတဲ့…..ဘယ်လောက်ချစ်စရာကောင်းလဲ၊ အခုမှ အသက်ကြီးလို့ လေးပြုတ်သွားတာကွ……..”

“ဟုတ်ပါပြီဘကြီးရယ် လာလာ ဒီဘက်ကနင်းဘကြီး ၊ ဟိုဘက်ကိုသိပ်မနင်းနဲ့ အခြေအနေမကောင်းဘူး၊ ကျွံကျသွားလိမ့်မယ်……..”

“ဟေ…ငါတောကနေ ကြားတာက    မင့်တို့ အိမ် ပြင်နေပြီ တော်တော်ကောင်းနေပြီဆိုကွ ကောင်ရ…. ခုဟာက ဖိနပ်ချွတ် တောင် ကြမ်းစုံအောင်မရှိပါလားကွ၊ စုတ်ပြတ်သတ်နေတာပဲ _ခွီးတဲ့မှပဲ”

“ဟာ……အဲဒါတွေမပြင်နိုင်သေးပါဘူးဘကြီးရာ၊လာပါ ထန်းလျက်လေး စားရင်း အကြမ်းလေးသောက်ရင်းစကားအေးအေးဆေးဆေး ပြောကြရအောင်ပါ….”

“မိန်းမရေ ဘကြီးခွေးညိုလာတယ်ဟေ့၊ထန်းလျက်နဲ့ အကြမ်းအိုးယူခဲ့ပါဟေ့၊ အဲဒါမလုပ်ခင် အိပ်ခန်းထဲက သင်ဖျူးဖျာတစ်ချပ်အရင်ယူခဲ့ပါကွာ….”

“လာပြီတော်ရေ့ လာပြီ……..”

အိမ်နောက်ဖေးမှာ စားပြီးအိုးခွက်ပန်းကန်တွေဆေးကြောနေတဲ့၊ရှုမညီးတဲ့ ချစ်ဇနီးကိုလှမ်းအော်လိုက်တယ်ဆိုရင်ပဲ ကြိုးကြာသံ စင်ဒီသံ (အဲလေ) ကြိုးကြာသံကရဝိတ်သံနဲ့ ပြန်ထူးရင်း သမင်မလေးလိုလျှင်မြန်တဲ့ ဟန်လေးနဲ့ အိပ်ခန်းထဲက သင်ဖျုးဖျာလေးယူလာပြီး ခင်းပေးရင်း ဘကြီးကိုနှုတ်ဆက်လိုက်တယ်……

“ဘကြီးခွေးညို ကျန်းကျန်းမာမာပဲနော်၊ ရွာက အရီးလတ်တို့အရီးကြာညိုတို့၊ ဂျီးဒေါ်ပုတို့ ဂျီးတော်ဝေတို့အမအေးတို့ အညာသူတို့   နေထိုင်ကောင်းကြရဲ့လား…..”

ကောင်းပကွာ….ကောင်းပ ရွာကညည့်သူငယ်ချင်းမိခိုင်တို့၊မအိတို့ဖြူမတို့ မိပန်တို့ကလည်းညည်းကိုသတိရကြောင်း     ပြောလိုက်ကြသေးတယ်…..   ငါ့တူမကြီးမိစာတစ်ယောက်က၊လှလာတဲ့အပြင် ဝလည်း ဝလာတယ်နော် ဟေး ဟေး”

“ဟုတ်တယ် ဘကြီးရေ …အဲဒါ ဘကြီးတူရဲ့လက်ချက်ပေါ့၊ဟီး  ဟီး… ထိုင်ဦးဘကြီးရေ နောက်ဖေးမှာ အကြမ်းအိုးနဲ့ ထန်းလျက်သွားယူလိုက်ဦးမယ်……”

ဘကြီးလည်း ဂွက်ထော်ခင်းပေးတဲ့သင်ဖျူးဖျာပေါ်ထိုင်လိုက်ရင်းက

“ဟ…ဟေ့ကောင်မင်း ဖျာက ရေစိုကွက်တွေနဲ့ပါလားကွ၊ ဘာလဲ မင်းကလေး တွေ သေးပေါက်ထားတဲ့အကွက်ကိုရေဆေးထားတာလား”

“ဟာ…….ဘယ်ကသာဘကြီးကလဲ၊ကျနော့ ကလေးတွေက ကြီးနေပါပြီ၊ဆီးလွတ်၊ဝမ်းလွတ် ဖြစ်နေပါပြီအဘရဲ့… အဲဒါက မိုးယိုလို့စိုနေတာပါ…”

“ဟေ…..ဒါနဲ့ မင်းအိမ်အမိုးကပြင်ပြီးပြီဆိုကွ၊ဒီအိမ်ရှေ့ခန်းမှာတော့မယိုပါလားကွ၊ကောင်းနေတာပဲ။ ဟိုတလောကပဲ မင်းအဖေက မင်းကို ငွေလှမ်းပို့ပေးသေးဆို……”

“ဟီးဟီး….. အဲဒီငွေက ဘကြီးတူမ ပါတိတ်ဝမ်းဆက်တဆင်ဆာနဲ့၊ အကြီးမအတွက် လက်ပတ်နာရီရယ်၊ အငယ်ကောင်အတွက် ဂိမ်းစက်ရယ် နဲနဲဖဲ့ဝယ်ပေးလိုက်ရတယ်လေ……အိမ်အမိုးပြင်တယ်ဆိုတာလဲ စုတ်ပြတ်သတ်နေတဲ့ခေါင်ချုပ်ကိုသာ   ပြင်လိုက်တာဘကြီးရဲ့ ခေါင်မိုးတွေက သိပ်မပြင်ရသေးဘူး၊ လူမြင်ကွင်းဖြစ်တဲ့ အိမ်ရှေ့အမိုးကို တော့ခေါင်ချုပ်လို့ပိုတဲ့ဓနိပျစ်နဲ့              ဟိုနဲနဲ ဒီနဲနဲ လိုက် အစားထိုးထားတာ၊တချို့နေရာတွေကိုတော့ ဈေးထဲက အင်ဖက်လေးတွေနဲ့ ထိုးပြီးဖာထားရတယ်လေ၊ ဘကြီးသေချာမော့ကြည့်လိုက်ပါလား။အိမ်အတွင်းနဲ့နောက်ဖေးမှာတော့ ဒီလိုပဲ အင်ဖက်အစုတ်လေးနဲ့ဖာတဲ့နေရာဖာ၊ ကလေးတွေရဲ့ဗလာစာအုပ် အဖုံးနဲ့ဖာတဲ့နေရာဖာရတာပေါ့…… အဲဒါတွေက ကြံ့ခိုင်မှုမရှိတော့ ခဏလေးနဲ့  ပြန်ပေါက် ၊ပြန်ယိုတာပေါ့ဘကြီးရာ…..  ထန်းလျက်လေးစားအကြမ်းလေးသောက်လိုက်ပါဦး….”

“သောက်ပါတယ်ကွာ…….မိုးကလည်းအေး အကြမ်းရေကလည်းသောက်ဆိုတော့ အပေါ့အပါးတောင်သွားချင်လာပြီ ငါ့ကိုနောက်ဖေးလိုက်ပို့ပါဦးဟ…..”

အော် …ဟုတ်ကဲ့ဘကြီး လာလာ……..မိုးတော့ဆည်းသွားပြီ ထီးယူစရာမလိုတော့ပါဘူး………”

ကျနော်လည်း ဘကြီးကိုနောက်ဖေးပို့ပြီး အိမ်ရှေ့ကနေထိုင်စောင့်နေလိုက်ပါတယ်။ ခဏကြာတော့ဘကြီးလည်းပြန်လာထိုင်ပြီး……

“ဟေ့ မောင်ကြွက်နီရ မင့် အိမ်မကြီးခြေရင်းထောင့်က လဲနိမ့်နေပါလားကွ၊နောက်ဖေးကလည်း ပျဉ်တွေကျိုးတဲ့နေရာကကျိုး ခွက်တဲ့နေရာကခွက်နဲ့ ဘယ်လိုဖြစ်တာတုန်းဟ၊ အဲဒါတွေ မပြင်တော့ဘူးလားကွ……”

“ကျနော်လည်းနဲနဲချင်းတော့ပြင်နေတာပဲဘကြီးရာ မိုးမလုံတော့ပျဉ်တွေ ဆင့်တန်းတွေ ဆွေးကုန်တာပေါ့။ ကျနော်ဟိုလကဆင့်တန်းနှစ်ချောင်းလဲထုတ်လိုက်သေးတယ်။ အဲဒီတန်းက ကောင်းတော့ ဘေးတန်းကထပ်ကျိုးပြီးပြန်ခွက်တယ်။ လဲထားတဲ့ဆင့်တန်းလဲ အခုပြန်အက်လာပြီ…စိတ်ညစ်တယ်၊     ကျနော်တော့ မကောင်းတဲ့ပျဉ်တွေခွာထုတ်၊ အဲဒီဆင့်တန်းတွေ ဖြစ်နိုင်ရင် အကုန်ဖြုတ်ထုတ်ပစ်လိုက်ချင်တယ်၊ နောင်တတ်နိုင်ရင်လဲ အကုန်အသစ်လဲပစ်လိုက်ချင်တယ်ဗျာ…….”

“အော်……ကြွက်နီရယ်…အဲဒါမင်းမှားတာပေါ့ကွ”

“ဟင်……ဘာဖြစ်လို့လဲဘကြီး”

“မင်းက မင်းနဲ့ အနီးကပ်ရှိနေတဲ့ပျဉ်နဲ့ ဆင့်တန်းရဲ့အပစ်လောက်ကိုပဲသိပြီးမဲနေတာကိုးကွ၊ အဲဒီဆင့်တန်းတွေက တပေခြားလောက် အများကြီးထည့်ထားတာ၊ အဲဒါတွေအကုန်ဖယ်လိုက်ရင် မင်း ပျဉ်တွေ အကုန်ကျိုးကုန်မှာပေါ့၊ အဲဒါတွေအကုန်လုံးတပြိုင်တည်း လဲပစ်မယ်ဆိုတာလည်း  မဖြစ်သင့်တဲ့အလုပ်ပဲ၊ နောက်ပြီး အဲလို လဲစရာလဲမလိုဖူးလေကွာ၊ မိုးမလုံလို့ လုံးဝဆွေးသွားတဲ့တန်းကို ဖယ်ထုတ်ရမှာဖြစ်ပေမဲ့ တချို့တန်းတွေကဖယ်ထုတ်စရာမလိုပါဘူး၊   ဘေးတန်းတွေမကောင်းတော့ခွက်လာတဲ့ဒဏ်ကိုမခံနိုင်ပဲ အက်လာတဲ့တန်းတွေရှိမယ်၊ အစားပြန်ထိုးတဲ့တန်းတွေလည်းဘေးတန်းတွေအက်ပြီးခွက်နေရင်တော့သူလည်း အက်လာမှာပဲ၊ သူ့အောက်က အဓိကကျတာကိုပြင်ပြီးအဲဒီတန်းတွေကို နဲနဲပိုးထားလိုက်ရင်ရပါတယ်၊ နောက်ပြီး အဲဒီတန်းတွေကို သစ်ဘယ်ဆိုဒ် တွေသုံးထားလဲ”

” ၃×၂ ပါ    ဘကြီး”

“သုံးနှစ် ကိုထောင်ပြီးသုံးထားရင် အဲဒီတန်းမကောင်းလို့ခွက်ရင်နိမ့်ရင် သုံးလက်မပဲ ခွက်ရနိမ့်ရမှာပေါ့၊ အခုခွက်နေနိမ့်နေတာက သုံးလက်မကရဲ့လား”

“မကဘူးဘကြီး…… တော်တော်ကိုနိမ့်နေတာ”

“အေး…..အဲလိုဘာကြောင့်ဖြစ်ရသလဲ၊ အဲဒီဆင့်တန်းတွေဘာကြောင့်ကျိုးရသလဲ၊ခွက်ရသလဲဆိုတဲ့အဖြေကိုရှာလေကွာ……..၊ အဲဒီဆင့်တန်းတွေအောက်မှာဘာရှိလဲကွ”

“ယက်မ ရှိပါတယ်ဘကြီး”

“အဲဒီယက်မတွေဆွေးလို့ကျိုးနေရင်၊ခွက်နေရင်ဒီလိုပဲဖြစ်မှာပဲကွ ၊အဲဒီယက်မတွေကို ဘယ်မှာကပ်ရိုက်ထားသလဲ၊ပြီးတော့သူ့အောက်မှာ ဘာရှိသလဲ”

“အိမ်တိုင်တွေမှာကပ်ရိုက်ထားပါတယ်၊ နောက်ပြီး အောက်မှာဒေါက်တိုင် အတိုတွေရှိပါတယ်။

အဲဒါပဲကွ ….ဆင့်တွေကျိုးတာ၊အိမ်တွေနိမ့်နေတာ ယက်မတွေ ခွက်နေလို့ကွ၊ ယက်မတွေခွက်နေတာ အိမ်ရဲ့တိုင်တွေမကောင်းလို့ကွ၊ယက်မထိပ်တွေ မိုးထိပြီးဆွေးနေရင်ဖြစ်ဖြစ်၊ယက်မကပ်ထားတဲ့တိုင်နေရာက ဆွေးနေလို့ သံမဆွဲတော့ရင်ဖြစ်ဖြစ်၊ တိုင်ခြေပြတ်နေရင်ဖြစ်ဖြစ်ဒီလိုပဲဖြစ်မှာပဲ………

“ဟုတ်ကဲ့ပါ ဘကြီး”

“အဓိကခြေခံကျတာကတော့ တိုင်တွေပဲ၊အိမ်ရဲ့မဏ္ဍိုုင်ဖြစ်တဲ့ အဲဒီတိုင်တွေမကောင်းရင် အမိုးလဲမကောင်းနိုင်ဘူး အကာလဲမကောင်းနိုင်ဘူး၊ အခင်းလဲကောင်းမှာမဟုတ်ဘူး၊ အဲဒီမဏ္ဍိုုင်တွေကိုကူပေးနေတဲ့ ယက်မအောက်ကထောက်တိုင်တွေ မကောင်းရင်ကြမ်းခင်းလဲကောင်းနိုင်မှာမဟုတ်ဘူး”

“အဲဒီတော့ ကျနော်က ဘယ်လိုလုပ်ရမလဲ ဘကြီး ”

” အခြေခံကျတဲ့အိမ်တိုင်တွေကို အရင် ပြင်ဖို့ ကျိုးစားပေါ့ကွ၊ လဲထုတ်သင့်တိုင်လဲထုတ်၊ အောက်ခြေဖြတ်ဆက်သင့်တဲ့တိုင်ဖြတ်ဆက်၊ ဖားတုံး၊ငါးတုံး ခံသင့်နေရာခံ၊ အလယ်ထောက်တိုင်တွေ သံပြုတ်ပြီးယိုင်နေတာတွေ ပြန်တည့်၊သံပြန်စွဲ၊ လုံးဝသုံမရတဲ့ဟာတွေလဲပစ်လိုက်ရင် ယက်မတွေလည်း ပြန်တောင့်လာလိမ့်မယ်၊ အဲလို ယက်မတောင့်နေလို့ကတော့ ဆင့်တန်းတွေ ဟာဘာမှကို ပြင်စရာလိုမှာမဟုတ်ဘူး၊ လှည့်ကြည့်စရာတောင်လိုမှာမဟုတ်ဘူး၊ ပိုးစားလို့ ၊မိုးဆွေးလို့ သိသိသာသာ မကောင်းတဲ့ကောင်တွေ ရှင်းရှင်းကြီးပေါ်လာလိမ့်မယ်၊ အဲဒီအခါကြရင်ဖြုတ်ပြီး ထင်းမီးသာစိုက်ပလိုက်တော့…………. နောက်ပြီးအပေါ်ကအမိုးကိုလည်းလုံအောင်လုပ်ရလိမ့်မယ်၊ မိုးမလုံလို့ ရေစိုရင်တော့ အောက်မှာ မဆွေးသင့်ပဲဆွေး မကျိုးသင့်ပဲကျိုးတာတွေ ဖြစ်လာမှာပဲ”

“အဲဒါတွေ တပြိုင်တည်းလုပ်လို့လွယ်ပါ့မလားဘကြီး၊ကျနော်တစ်ယောက်တည်းလဲမနိုင်ဘူးထင်တယ်”

“တဆင့်ခြင်း တဖြည်းဖြည်းချင်းတလှည့်စီလုပ်ပေါ့ကွာ၊တစ်ယောက်တည်းမနိုင်လဲ အများအကူအညီနဲ့။အားနဲ့ဝိုင်းလုပ်ကြပေါ့။  ဒါပေမဲ့…….. ဘယ်ဟာကိုအရင်လုပ်သင့်သလဲဆိုတာတော့မှန်မှန်ကန်ကန်သိဖို့လိုတာပေါ့၊ ပိုပြီးအဓိကကျပြီးမကောင်းတဲ့ဟာကိုအရင် ဖယ်ထုတ်ပေါ့ကွ၊ မင်းလုပ်သလို အရေးမပါတဲ့ဟာတွေ ဖယ်ထုတ်နေလို့ကတော့ ဆုံးမှာကိုမဟုတ်ဘူး၊ မင်းအိမ်သာ တိုင်ခြေပြတ်ပြီးဘုံးဘုံးလဲသွားလိမ့်မယ်…….”

“ဟုတ်ကဲ့ပါ ဘကြီး ၊ကျွန်တော် သဘောပေါက်သွားပါပြီ………”

“ကဲကဲ မိုးလည်း ဆည်းပြီ ၊ညနေတောင်စောင်းတော့မယ်၊ ငါလည်းပြန်လိုက်ဦးမယ်ကွာ….ဂွက်ထော်ရေသွားမဟေ့……အားရင် ရွာကိုလည်းလာလည်ကြဦးလေ……….”

“ဟုတ်ကဲ့ ၊ဟတ်ကဲ့…”

ကျနော်တို့ လင်မယားသံပြိုင်နှုတ်ဆက်ရင်း ၊ ဘကြီးခွေးညိုကို ခြံဝထိလိုက်ပို့လိုက်ပါသည်။

(ငယ်ငယ်ကနေခဲ့ရတဲ့ ဓနိမိုး၊ထရံကာအိမ်လေးကို သတိယလို့ရေးလိုက်ပါသည်။)

အားလုံးကို

ခင်မင်လေးစားစွာဖြင့်

ကြောင်လေး။

15 comments

  • မောင်ပေ

    July 25, 2012 at 8:43 pm

    လက်သမားမလိုတဲ့ ကိုကြောင်လေး ရဲ ့အိမ်ဆောင်ပုံက မိုက်တယ်ဗျား

  • သန်းထွဋ်ဦး

    July 25, 2012 at 8:57 pm

    ရိုးသား၊ရိုးစင်းတဲ့ တောသားဘဝကို ပျော်ပါ၏။
    မြို ့သားမလုပ်ချင်ပါ

  • ကြောင်လေး

    July 25, 2012 at 9:45 pm

    ကွန်မကောင်းလို့မတက်သေးဘူးထင်ပြီး ထပ်တင်လိုက်မိပြီ၊
    ဖျက်ပေးပါဦးသဂျီးခင်ဗျာ။
    အရင်ဆုံးဖတ်ရှုအားပေးသူ ကိုပေနဲ့ ကိုနာဂကိုကျေးဇူးပါ၊

  • pooch

    July 25, 2012 at 10:32 pm

    ဘကြီးစိန်နဲ့ အမေစု ပေါင်းပြီး ဆောက်မဲ့ ပြုပြင်မဲ့အိမ်လေးကို အိမ်သူအိမ်သားအားလုံး ဝိုင်းပြီး ကူမယ်ဆိုရင် ရာသီဥတုဒဏ်ခံနိုင်မဲ့ အခြေခိုင်မဲ့ အိမ်လေးတလုံး ဖြစ်လာမယ်လို့ ထင်ရတာပါပဲရှင်။

    • Moe Z

      July 26, 2012 at 11:58 am

      အုတ်သယ် ခဲသယ်လောက်တော့ ဖြစ်ပါတယ် မမပူးချ်ရေ
      တတ်နိုင်တဲ့ဘက်က ကူဖို့အဆင်သင့်ပါရှင့်…

      • Solid_Sn@ke

        July 26, 2012 at 12:21 pm

        ဘိလပ်မြေဗန်းလေးရွက်တဲ့..
        မဆလာဒေဝီလေးပေါ့ကွယ်..
        ခုခိခုခိ..

  • စိန်ဗိုက်ဗိုက်

    July 26, 2012 at 11:43 am

    ရှော့ခ် ရှိဒယ်..
    အနေအထိုင် ဆင်ခြင်မှ
    ညှင်း..ညှင်း..ညှင်း..
    🙂

    အရေးအသားလေး ကြိုက်သဗျ

  • ခပ်မိုက်မိုက် ကောင်မလေး

    July 26, 2012 at 12:07 pm

    ဇာတ်လမ်းလေးက မိုက်တယ်ဗျ…
    ရေးထားတာ တော်တယ်…။

  • ကိုရင်စည်သူ

    July 26, 2012 at 12:26 pm

    ရွာထဲမှာ ကြောင်မျိုးနွယ်စုတွေက တစ်ယောက်မှ
    ခေသူတွေမဟုတ်ကြဘူး။ အကြီးကြီးကနေ အသေးလေးအထိ
    ဆရာတွေချည်းပါလား။
    ကြောင်မျိုးနွယ်စုများအား ထာဝရလေးစားပါတယ်… ဘိုကြီး…

  • Solid_Sn@ke

    July 26, 2012 at 12:36 pm

    ဒီပိုစ့်ကို အလွန်အင်မတန်ကြိုက်နှစ်သက်ပြီးသကာလ…
    ဟိုအူးလေးတွေ လုပ်မယ့်အထဲ ထည့်ရွေးဖို့ ..ဘုတ်မာခ့် လိုက်ပါတယ်..
    နောက်ရက်တွေ အတွက် အသစ်တက်လတ္တံ့သော ပိုစ့်တွေ ရှိဦးမှာမို့
    ယတိပြတ်တော့ မဆုံးဖြတ်ရသေးပါဝူးခင်ဗျား …
    အခြား ဘုတ်မာ့ခ်၁-၂ခုလည်း ရှိနေကြောင်းပါ …

    (ဇဂါးမစပ် ..ကိုယ်ရွေးတာ ထုတ်ပြောကြေးလား မပြောကြေးလား)
    ပြောပြပေးကြပါဦးဗျို့…

    ပိုစ့်ပါ အကြောင်းအရာ နဲ့ပတ်သတ်ပီးတော့တော့ နောက်မှ ပြန်လာခဲ့ပါမယ်ဗျို့…
    ခုတော့ လက်မထောင်ပီး ဒက်ဂလောက်ပီ…

    ဟိုင်းရော …ဟိုင်းရော …
    :mrgreen:

    • Solid_Sn@ke

      July 26, 2012 at 12:37 pm

      အဲ …ဇဂါးအတင်းစပ် ..ထိပ်ဆုံးအချောင်းက ကျုပ်အချောင်းနော…
      (လက်မအစိမ်းပြောပါတယ်..)
      😀

  • Gipsy

    July 26, 2012 at 1:03 pm

    ကိုကြောင်ရဲ့ အိမ်သူက ဂွက်ထော် တဲ့လား ..
    ဒို့ရွာလေးက ဂွက်ဂွက်တော့ မဟုတ်ပါဘူးနော်…
    အမလေးဗြန့် .. ရှော့ခ် .ရှော့် …။

  • mamanoyar

    July 26, 2012 at 1:09 pm

    ကြွက်နီရေ ကြွက်နီရေ ……………. ဟေးးးးးးးးး ကြွက်နီ
    အင်းးး မောလိုက်တာနော်
    အားပေးသွားပါတယ်

  • မိုးတိမ်

    July 26, 2012 at 2:27 pm

    အရေးကြီးဆုံး ကိစ္စကို အရင်ဆုံးလုပ်သင့်ပါတယ်။
    ဖတ်ကြည့်ရင်း အတွေးပါးပါးလေးဝင်သွားပါ၏။
    ဖြည်းဖြည်းချင်းစီပြင်ကြရင် ကောင်းမွန်ခိုင်ခံ့တဲ့ အိမ်လေးက ပေါ်ပေါက်လာမှာပါဗျာ။

  • shwe kyi

    July 26, 2012 at 3:21 pm

    2 ချောင်းမြောက်လက်မနဲ့ဂုဏ်ပြုပါတယ်ကြောင်လေးရှင့်။
    လက်ရှိအခြေအနေတွေကိုထင်ဟပ်ပြသွားတာကောင်းမွန်လှပါတယ်။ အရေးအသားပါကောင်းတော့ ကွင်းကွင်းကွက်ကွက်ကိုပေါ်လွင်စေပါတယ်။ အိမ်ပြိုရင်အားလုံးအတွက်မကောင်းတာမို့ဝိုင်းဝန်းကြပါစို့..။

Leave a Reply