၂၀၃၅ ရဲ့ ဝမ်းတွင်းစုန်း
သည်ရပ်ကွက်ထဲမှာ ဘကြီးအောင်ကို မသိသူမရှိသလောက်ဘဲ……။ ဘကြီးအောင်ဆိုတာကလည်း… ဒီမြို့နယ်လေးမှာပဲ မွေးခဲ့တာဆိုတော့…. လူဟောင်း၊လူသစ်အကုန်သိနေတာပေါ့…..။ ဘကြီးမှမဟုတ်ပါဘူး..။ ဘကြီးအောင်တို့ အဖေ၊ အမေ၊ အဖိုးတို့ကတည်းက သည်မြို့နယ်လေးမှာနေခဲ့တာကိုး….။ တောင်ဥက္ကလာ ဆိုတဲ့ သည်မြို့နယ်လေးကလည်း….အရင်တုန်းက ခုလိုဘယ်ဟုတ်မလဲ….။ မြို့သစ်ဆိုတဲ့အတိုင်း ဖုန်တထောင်း…ဖုတ်တထောင်းထောင်းနဲ့ အိမ်လေးတွေ ဟိုတစ်ကွက် ဒီတစ်ကွက်ပဲ ရှိသေးဆဲပေါ့….။ အဲသည်ကတည်းက ဘကြီးအောင်တို့ အဖိုးတွေက သားသမီးတွေနဲ့ မြို့သစ်ကလေးမှာ နေလာခဲ့ကြာတာ လေ။ ဘကြီးအောင်ကြီးလာတဲ့အထိပဲ… ။ ကျောင်းပိတ်ရက်တွေ ၊ လသာတဲ့ညဘက်တွေဆို…. ဘကြီးအောင်ရဲ့ အိမ်ခြံဝန်းလေးထဲမှာ ကလေးတွေမှ တပြုံကြီး….။ ဗဟုသုတ ပုံတိုပတ်စလေးတွေ ပြောတတ်တဲ့ ဘကြီးအောင်နားမှာ ကလေးတွေ ဝိုင်းနေတာပေါ့…။ မိုးအကုန် ဆောင်းအကူး မြောက်ပြန်လေအေးအေးတိုက် နေတဲ့….ညနေခင်းတစ်ခုမှာ…. ဘကြီးအောင် အရင်ကအကြောင်းတွေတောင် ပြန်စဉ်းစားမိနေသေးတယ်…..။
ကြာခဲ့ပါပြီဆိုတော့လည်း….. ဘကြီးအောင်တော့ အမှတ်ရနေတုန်း……။ (၈၈)ဆိုတဲ့ ခုနှစ်ကြီးတစ်ခုက အဖြစ်အပျက်တွေပေါ့……။ အဲသည်ခုနှစ်ကြီးကို ဖြတ်သန်းခဲ့တဲ့သူတွေလည်း ဘယ်မေ့မလဲ..။ ဘကြီးအောင်လည်း ခုထိအမှတ်ရတုန်းပဲ…။ ခုခေတ်ကလေးတွေကိုတောင် ဒီအဖြစ်တွေကို ဘကြီးအောင် မပြောပြရသေးဘူး…..။ ပြန်ပြောရင်တောင် မယုံရင်….ပုံပြင်မှတ်လို့…ဆိုပြီး ဘကြီးအောင်ပြောရဦးမှာ….။ ရောက်နေတဲ့ခေတ်ကာလကြီးကလည်း အိုင်တီခေတ်တဲ့….. စာအုပ်တွေဖတ်တော့လည်း ဘကြီးအောင်တော့ နားလည်ပါတယ်….။ တစ်ခါတစ်ခါ….. သူတို့ပြောတဲ့စကားတွေ အမီလိုက်နေရတုန်းမဟုတ်လား….။ ပြက္ခဒိန်က သက္ကရာဇ်ကိုကြည့်လိုက်တော့လည်း (၂၀၃၅)ခုနှစ်တောင် ရောက်လို့နေပြီ…..။ (၈၈)ခုနှစ်တုန်းက အဖြစ်အပျက်တွေက ဘကြီးအောင်အတွေးတွေကို နောက်ပြန်ဆွဲနေတုန်း………။
******************************************************
အဲသည်တုန်းက ဘကြီးအသက်ရှိလှ (၁၄) (၁၅)ပေါ့……။ လှုပ်လှုပ်ခါခါ..ဖြစ်နေတဲ့ နိုင်ငံကြီးမှာ ဘကြီးအောင်တို့က (၈)တန်းကျောင်းသား….။ အရေးခင်း….အရေးခင်း…. အို… ရှုပ်ယှက်ပွေလိမ်နေတဲ့ လူတွေ.. ဘကြီးအောင်တို့ ကျောင်းသင်ခန်းစာကိုတောင် ဖြောင့်ဖြောင့်မသင်ရပါဘူး….။ ဟိုနေရာ… ခေါင်းဖြတ်….. ဒီနေရာခေါင်းဖြတ်…. သတ်ဖြတ်တာတွေစုံနေတာပါပဲ….။ တစ်ရက်တော့…. ဘကြီးအောင်တို့ ကျောင်းကို ကားကြီးနဲ့ကျောင်းသားတွေ လာခေါ်ပါရော…။ ဘကြီးအောင်လည်း…ဘုမသိဘမသိနဲ့.. ပါသွားရော… ကျောင်းသားကြီးတွေခေါင်းဆောင်တဲ့ ဆန္ဒပြပွဲလို့တော့ ဘကြီးအောင်ကြားတာပဲ…။ မြို့ထဲမှာ ပစ်ကြခတ်ကြပေါ့…။ ဒီလိုနဲ့ ဘကြီးအောင်တို့ကျောင်းသားတွေလည်း လူစုတွေကွဲရော..။ ဘကြီးအောင်တော့ အနီးနားက ဘုန်းကြီးကျောင်းတစ်ကျောင်းကိုပြေးဝင်ရတော့တယ်….။ ဘကြီးအောင်က ကလေးလည်းဖြစ် ကျောင်းသားဆိုတော့… ကားနဲ့အိမ်ကိုပြန်လိုက်ပို့ပေးပါတယ်..။ ကျောင်းသားမဟုတ်ပါဘူး…. အိမ်ပြန်ချင်တဲ့ သူတွေ ဘကြီးအောင်တို့ ကားပေါ်ပြေးလိုက်ကြတာ….။ ဦးလေးကြီးတစ်ယောက်ဆို.. ကားဘေးက ခိုလိုက်ရင်း သေနတ်မှန်ပြီး ပြုတ်ကျကျန်ခဲ့ပါလေရော..။ သူကိုင်ထားတဲ့ ထမင်းထုပ်လေးတစ်ထုပ်ပဲ ကားပေါ်ရောက်လာတယ်။ ဘယ်တော့မှ မေ့လို့မရတဲ့ အမှတ်တရတွေပေါ့…။
အစားအစာတွေကိုလည်း ဘကြီးအောင်တို့မစားရဲ…. အဆိပ်ခတ်ထားတယ်ပြောကြပြော…နဲ့…။ သမုဒ္ဒရာဝမ်းတစ်ထွာဆိုတော့…. ထမင်းငတ်လို့လည်းမဖြစ်… ဘကြီးအောင်တို့အမေက သကြားမုန့်ဖက်ထုပ် တွေထုပ်ပေး…. ဘကြီးအောင်အစ်မက ဗန်းတစ်ဗန်းနဲ့ ရပ်ကွက်လှည့်ပတ်ရောင်း….။ တစ်ပတ်ပဲ ပတ်ရတယ် သကြားမုန့်ဖက်ထုပ်ဗန်းပြောင်တလင်းခါရော…။ မျက်နှာသိတွေ လုပ်ရောင်းတော့ ဝယ်စားရဲတာပေါ့…။ တွေးရင်း… တွေးရင်း..တောင် ဘကြီးအောင်သက်ပြင်းတွေချမိတယ်…။ ခုတော့နိုင်ငံကြီးက သူမဟုတ်သလိုပဲ…။ အဲ… အဲသည်ခေတ်တုန်းက.. ဘကြီးအောင်တို့ ရပ်ကွက်ထဲမှာ ထူးဆန်းတဲ့အဖြစ်အပျက် တစ်ခုဖြစ်ပျက်သွားတာတော့အမှန်ပဲ…။ နာနာဘာဝတို့…. စုန်းတို့ဆိုတာတို့ကိုတော့ ဘကြီးအောင် ယုံတယ်လည်းမဟုတ်…. မယုံဘူးလို့လဲမဟုတ်ပါဘူး…။ ဒါပေမယ့် အဲသည်ကိစ္စကတော့ တော်တော်လေး… ထူးဆန်းနေတာတော့အမှန်ပဲ….။ ဘကြီးအောင်တို့…. ဈေးကြီးနားက လမ်းကလည်း နာမည်ကြီးလေ… လူတွေသတ်ဖြတ်ထားတာတွေနဲ့…. သရဲခြောက်တယ်ဆိုတာတို့တွေ ဘာတို့တွေပေါ့..။ အခုက သရဲလည်းမဟုတ်…. ဘကြီးအောင်တော့ ဝေခွဲမရဖြစ်နေတုန်း….။
ဘကြီးအောင်တို့လမ်းရဲ့ တစ်ဖက်လမ်း..မှာ မအေးစိန်ဆိုတဲ့ အပျိုကြီးနေတယ်လေ…။ အဲသည်တုန်းက အပျိုကြီးခမျာ ကျန်းမာရေးမကောင်းရှာဘူး….။ ခေတ်ကာလကြီးမကောင်းတော့လည်း မအေးစိန်ကတော့ ရပ်ကွက်ထဲမှာရှိတဲ့ ဗမာဆေးဆရာနဲ့ပဲ ကုရှာတယ်…။ မအေးစိန် ဖြစ်ပုံကလည်း ခပ်ဆန်းဆန်းရယ်…။ မအေးစိန်ရဲ့ ဝမ်းဗိုက်ကြီးက တဖြည်းဖြည်းဖောင်းလာတာလေ..။ ဝမ်းဗိုက်ကို ဖိဖိလိုက်ရင် မာမာကြီးပဲ ဖြစ်ဖြစ်နေတာပေါ့…။ ဗမာဆေးဆရာလည်း ကုကုနေလိုက်တာ…. နောက်ဆုံး အပျိုကြီးရဲ့… ရောဂါက မသက်သာဘူးဖြစ်လာတယ်….။ နောက်ဆုံး ဗမာဆေးဆရာလည်း ဘာစိတ်ကူး ပေါက်တယ် မသိပါဘူး။ မအေးစိန်ကို ဆေးမတိုက်တော့ဘူး…။ မအေးစိန်အိမ်ကိုနေ့တိုင်းလာလာပြီး မအေးစိန်ဗိုက်ကို ပွတ်ပွတ်ပြီး… ဘုရားစာရွတ်ရွတ်ပေးသွားတယ်….။ တစ်ရက်တော့….. ညနေ နေဝင်ရီသေရော်အချိန်မှာ… မအေးစိန်အိမ်ထဲကနေ…. မီးလုံးလိုလို မီးစုန်းစုန်းလိုလို ဝါဝါအလုံးကြီး ထွက်သွားတာ ရပ်ကွက်ထဲကလူတွေ မြင်လိုက်ရတယ်…။ အဲသည်နေ့ကစပြီး မအေးစိန်ရောဂါလည်း ပျောက်သွားတော့တယ်…..။ အဲသည်တုန်းက တော့ ဘကြီးအောင်တို့လည်း သိပ်နားမလည်ပါဘူး….။ အမေကတော့.. ဝမ်းတွင်းစုန်းလို့ပြောတာပဲ…။
**************************************************
ခုလိုခေတ်ကြီးထဲမှာ အဲသည်အဖြစ်အပျက်တွေသာ ပြောနေရင် ယုံတောင်ယုံပါ့မလား ဘကြီးအောင် တော့ မဝေခွဲတတ်ဘူး….။ (၈၈)ကိုလွန်မြောက်တဲ့ ကာလတွေအချိန်တုန်းကပေါ့…. အဲသည်တုန်းက ဘကြီးအောင်အဖေလည်း မဆုံးပါသေးဘူး…။ ဘကြီးအောင်တို့အဖေရဲ့ အလုပ်ကလည်း ကောင်းနေတဲ့ အချိန်လေးပေါ့…..။ ရုတ်တရက် ဘကြီးအောင်အဖေ မကျန်းမမာဖြစ်ပါလေရော….။ အမေလည်း ဆေးတွေကု ဆရာဝန်တွေပြနဲ့…… ယောက်ယက်ခတ်နေတာပါပဲ…။ တစ်ရက်တော့…. အဲသည်တုန်းက အမေက လူတစ်ယောက်ဆီသွားတယ်….။ ဂမုကွေ့ဆိုတဲ့နေရာက ကုလားနတ်ဝင်ပြီးပြောတဲ့ မိန်းမတစ်ယောက်ဆီပဲ…။ ခုလိုခေတ်ကြီးနဲ့တော့ မယုံနိုင်စရာပါပဲ….။ အဖြစ်အပျက်တွေကလည်း…. ရှိနေတော့…ဘကြီးအောင်လည်း ယုံရတာပါပဲ….။
တစ်ရက်တော့ အမေနဲ့ဘကြီးအောင်တို့ အဲသည် ကုလားနတ်ဝင်သည်ဆီသွားကြရော..။ ဘကြီး အောင်အမေကတော့ ဘကြီးအောင်ကိုပဲ အဖော်လုပ်ပြီးခေါ်သွားတာပေါ့…..။ ဟိုရောက်တော့… ဘကြီးအောင် တို့ရှေ့မှာ မိန်းမတစ်ယောက်ရောက်နေတယ်….။ ကုလားနတ်ဝင်သည်ကလည်း….. မိန်းမပဲ… ပထမတော့ မိန်းမလိုဝတ်စားထားတာပေါ့..။ ပြီးတော့ယောက်ျားလိုဝတ်စားပြီး ကွမ်းတွေစားပြီး အမွှေးတိုင်တွေထွန်းပြီး တိုင်တည်လိုက်ရော…. သူမထိုင်မယ့်နေရာမှာ ထိုင်ပြီး… စကားစပြောတော့တာပဲ….။ သူမရှေ့ကမိန်းမကို အစားအသောက်နဲ့ အပင်းထည့်ထားတယ်ပေါ့….။ အဲသည်မိန်းမကို အနီးနားကဈေးမှာ သစ်သီးကိုးမျိုး ဝယ်ခိုင်းလိုက်တယ်….။ ခဏပါပဲ…. သစ်သီးကိုးမျိုးနဲ့ ရောက်လာရော….. သစ်သီးတွေကို သူမကိုပဲ အခွံနွာခိုင်း လှီးခိုင်းပေါ့… ကိုယ်တိုင်ပဲလုပ်ခိုင်းတယ်…။ အားလုံးပြီးရော…. သစ်သီးကိုမျိုးကို တစ်ခုချင်းစီ စားခိုင်တော့တယ်။ သစ်သီးကိုမျိုးမပြည့်ပါဘူး….. အပင်းမိထားတဲ့မိန်းမအန်ပါလေရော….။ အန်ထားတဲ့ သစ်သီးတွေမှာ တစ်ခုခုတွေ့မလား ရှာခိုင်းလိုက်တယ်….။ ကြေးလိပ်သေးသေးလေးတစ်ခုနဲ့ ဆံပင်တွေပါလာ ပါရော….။ ဘကြီးအောင်တို့ တော်တော်လေးအံ့ဩသွားတယ်….။ အမေကတော့ ဘကြီးအောင်ကိုပြောနေတယ်။ စုန်း…. စုန်းပြုစားထားတာဆိုပဲ… ဘကြီးအောင်က ဘာလို့လဲမေးတော့…။ မကျေနပ်လို့ မနာလိုလို့ဆိုပဲ…။
ဒီလိုနဲက အမေ့အလှည့်ရောက်လာတော့။ အမေကခင်ပွန်းအတွက် ကိုယ်စားလာတာဆိုတော့…။ ကုလားနတ်ဝင်သည်က အမေ့ကို “လူသေရင်သေ..မသေရင်စီးပွားကျ လုပ်ထားတာ” လို့ပဲပြောတယ်..။ နောက်တော့ အမေ့ကိုအမွှေးတိုင်နဲ့ ကွမ်းယာတွေပေးပြီး အိမ်ကဘုရားစင်မှာထွန်းဖို့ပြောတယ်…။ ပြီးရင် ခေါင်းရင်က မြေတစ်ဆုပ်…ခြေရင်းကမြေတစ်ဆုပ်ကို အိတ်နဲ့ထုတ်…. သုံးရက်မြောက်နေ့ကျရင် လာခဲ့ဖို့ ပြောလိုက်တယ်..။ အမေလည်း ကုလားနတ်ဝင်သည်ပြောတဲ့အတိုင်းလုပ် သုံးရက်မြောက်နေ့မှာ ဘကြီး အောင်နဲ့အတူ ကုလားနတ်ဝင်သည်ဆီကို ပြန်သွားခဲ့တာပေါ့….။ ရောက်ရောက်ချင်း ဇလုံတစ်ခုပေးတယ်.. ယူလာတဲ့မြေကြီးထုပ်နှစ်ထုပ်ကို ဇလုံထဲရော နောက်ပြီးတော့နှယ် ဘာတွေ့လဲရှာကြည့်တဲ့…။ ဘကြီးအောင် နဲ့အမေတို့နှစ်ယောက်သား ရှာကြတာပေါ့.. (၁၀)မိနစ်ကျော်ကျော်လောက်တော့ ရှာလိုက်ရတယ်…..။ လက်မရဲ့ လက်သည်းခွံလောက်ပဲရှိမယ်…. ကြေးပြားလေးကို အီကြာကွေးလေးလို လိပ်ထားတဲ့ အလိပ်ကလေး။ ချက်ချင်းပဲ အမေက ဖြည်ကြည့်လိုက်တယ်။ အထဲမှာတော့ အမေရောဘကြီးအောင်ရော နားမလည်တဲ့ အင်းကွက်အချို့ရယ် တွေ့ရတယ်။ အမေနဲ့ဘကြီးအောင်နားလည်တာက အရိုးခေါင်းပုံလေးပဲ။ ဒီလိုနဲ့…ကုလားနတ်ဝင်သည်ကို အင်းလိပ်ကိုပြ…။ ကုလားနတ်ဝင်သည်ကလည်း ဒီလိုလုပ်တဲ့မိန်းမနာမည် ကိုတော့ ပြဿနာဖြစ်မှာစိုးလို့ မပြောပြတော့ဘူးတဲ့။ သိချင်ရင် အိမ်ရှေ့ကိုမျက်နှာမူပြီး လက်ယာဘက်မှာရှိတဲ့ အိမ်က မိန်းမတစ်ယောက်လို့ပဲပြောလိုက်တယ်…။ ဘကြီးအောင်ရာ အမေပါအံဩလို့ ပါးစပ်အဟောင်းသားပဲ…. ဘကြီးအောင်တို့အိမ်ရဲ့ လက်ယာဘက်မှာ အိမ်တစ်လုံးပဲ ရှိတာမို့လို့လေ။ ဘကြီးအောင်တို့အိမ်က လမ်းထောင့်ရဲ့အိမ်ပြီးရင် နောက်တစ်အိမ်မို့လို့ပဲ…။
ပြီးတော့သံပုရာသီးလေးလုံးအမေ့ကိုပေးလိုက်တယ်။ သံပုရာသီးတစ်လုံးစီကို နေအိမ်ရဲ့ အိမ်တိုင်မကြီးတွေရဲ့ ခေါင်မှာရိုက်ထားဖို့ပြောလိုက်တယ်။ သံပုရာသီးလေးလုံးကလည်း လေးလပဲခံမယ်..။ လေးလပြည့်ရင် ပြန်လာခဲ့ပါလို့ အမေ့ကိုပြောလိုက်တယ်။ အမေလည်းရောက်ရောက်ချင်း သံပုရားသီးတွေကို အိမ်တိုင်မကြီးရဲက ခေါင်တွေမှာလို်ကရိုက်ထားတော့တာပါပဲ…။ ဒီလိုနဲ့ အဖေလည်း ကျန်းမာရေးက ပြန်ကောင်းလာပြန်တယ်..။ လေးလပြည့်ပြီးနောက်တစ်ရက်ပေါ့….. ဘကြီးအောင်အမေလည်း ကုလားနတ်ဝင်သည်ဆီသွားရမယ်…။ သံပုရားသီးတွေလေးလပြည့်ပြီလို့ ဘကြီးအောင်ကိုတောင် ပြေနေသေးတယ်..။ အဲသည်နေ့ပြီးနောက်နေ့ပဲ… ဘကြီးအောင်ရဲ့အဖေ ရုတ်တရက် ဦးနှောက်သွေးကြောပြတ်ပြီး ဆုံးပါလေရော..။ တိုက်ဆိုင်တာတွေလည်းပါမှာပေါ့…. အံ့ဩစရာတော့အကောင်း သား။ ဒီလိုမျိုး ပြုစားတတ်တဲ့ အောက်လမ်းနဲ့လုပ်တတ်တဲ့ လူတွေကို စုန်းလို့ခေါ်တယ်တဲ့ အမေကတော့ ဘကြီးအောင်ကို တတွတ်တွတ်ပြောရှာတယ်…။ အချို့ ဝမ်းတွင်းစုန်းပါတဲ့သူတွေဆိုလည်း သူတို့လုပ်ချင်တာနဲ့ ဖြစ်တာဆိုပဲ…။ အဲသည်လိုမျိုးလူတွေဟာ အဲလိုအတတ်တွေနဲ့ လူတစ်ယောက်ကို လုပ်ထားရင်လည်း နောက်ဘဝ လူပြန်မဖြစ်ဘူးတဲ့…။ ဘာလို့များလုပ်ကြပါလိမ့်နော်… ဘကြီးအောင်ခုထိတွေးမရဘူး။
************************************************
ခုခေတ်များဆိုရင် ဒါတွေပြောလို့တောင်ယုံမှာမဟုတ်ဘူး….။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရပြီးကတည်းက တိုးတက်လာလိုက်တာ….။ ခုဘကြီးအောင်တို့ ရပ်ကွက်ထဲမှာတောင် ပျဉ်ထောင်အိမ်လို့ လက်ညှိုးထိုးပြစရာ..ဘကြီးအောင်နေတဲ့အိမ်ပဲရှိတယ်..။ အကုန်လုံးက လုံးချင်းတိုက်တွေ ကန်ထရိုက်တိုက် တွေဖြစ်နေပြီလေ…။ အရင်မြို့သစ်ဆိုတဲ့ တောင်ဥက္ကလာဆိုတာကလည်း ခုတော့ အချက်အချာကျတဲ့ နေရာ တစ်ခုဖြစ်နေပြီ…။ မြေဈေးတွေကလည်း ကောင်းလိုက်တာလွန်ပါရော…။ ဘကြီးအောင်နေတဲ့ မြေကွက်လေး ကိုတော့ ဈေးကောင်းပေးပြီးလာဝယ်ကြပါတယ်…။ ဒါပေမယ့် မြေကြီးကိုချစ်တဲ့ ဘကြီးအောင်ကတော့ မိုးပေါ်ကို မတက်နိုင်ဘူး…။ အသက်ကြီးမှ လှောင်ပိတ်နေတဲ့ တိုက်ခန်းတွေနဲ့မနေချင်ပါဘူး…။ ခုဆိုမြန်မာနိုင်ငံ ကြီးကလည်း အရင်လိုမဟုတ်တော့ဘူး…..။ အရမ်းကိုတိုးတက်နေတဲ့ ခေတ်ကာလကြီးကိုရောက်နေတာ ပညာရေး၊ စီးပွားရေးတွေများ အတားအဆီးမရှိပွင့်လင်းလို့….။ ဘကြီးအောင်တို့ခေတ်တုန်းက ပိတ်လှောင်ခဲ့တာတွေ ပြောပြရင် ယုံပါ့မလားတောင်မသိဘူး…။ စုန်း ၊ ဝမ်းတွင်းစုန်းတို့လည်း ရှိမယ်တောင် ဘကြီးအောင်မထင်ပါဘူး….။
စုန်းတို့ ၊ ဝမ်းတွင်းစုန်းတို့မရှိတော့ပေမယ့်….။ လူတွေအားလုံးမှာ ဝမ်းထဲမှာ တမင်သက်သက် စုန်းစုန်းမြုပ်ထားတဲ့ ခံစားချက်တွေ ၊ အရာတွေ ရှိဦးမယ်လို့ထင်တာပဲ…။ စုန်းမဟုတ်ပေမယ့် စုန်းစုန်းမြုပ်နေတဲ့ လူ့အပြုအမူတွေလေ။ ဘကြီးအောင်ပြောရမယ်ဆိုရင် (၂၀၃၅)ဝမ်းတွင်းစုန်းတွေပေါ့….။ ခေတ်ကြီးကသာ တိုးတက်လာတာပါ လူတွေရဲ့ လူ့အမူအကျင့်တွေက တိုးတက်မလာဘူးလေ။ တစ်ရက်တော့…. ဘကြီးအောင် မြို့ထဲကိုသွားတယ် အသက်ကြီးတော့လည်း ဖြည်းဖြည်း..ဖြည်းဖြည်းပေါ့…။ မြို့ထဲလမ်းမကြီးလမ်းအကူးမှာ… လူငယ်တစ်ယောက် ဘကြီးအောင်ပုခုံးကိုဝင်တိုက်သွားလိုက်တာ…. တောင်းပန်ပါတယ်ဆိုတဲ့ စကားလုံးတောင် ဘကြီးအောင်မကြားရတော့ဘူး…။ ဘကြီးအောင်တို့ ခေတ်တုန်းနဲ့များကွာပါ့….။ တိုးတက်လာတာနဲ့အမျှ မွန်းကြပ်မှုတွေအများအပြားပဲ။ ဘောင်းဘီကြပ်ကြပ်… အကျီ င်္ ကြပ်ကြပ်တွေကအစပေါ့…။ ခုခေတ်ကလေးတွေ ရဲ့အတွင်းမှာ စုန်းစုန်းမြုပ်နေတဲ့ မွန်းကြပ်မှုတွေရှိမှာပဲဆိုတာ ဘကြီးအောင်တပ်အပ်သိနေတယ်…။ ဘကြီးအောင် ကလေးတုန်းကဆို လမ်းမထွက် ….. ညအခါ…လသာသာ…ကစားမလား…နားမလား… မြန်မာစာသင်ပုန်းကြီးဖတ်စာထဲမှာတောင် ပါသေးတယ်။ ခုတော့များ လသာပေမယ့် ကစားလို့လည်းမရတော့ဘူး…..။ ကစားချင်ရင် စူပါမားကတ်တွေက အဲယားကွန်းကစားကွင်း ကျဉ်းကျဉ်း ကြပ်ကြပ်ထဲမှာပဲ ဆော့ရတော့တယ်…။
မွန်းကြပ်တဲ့ဝမ်းတွင်းစုန်းတွေလိုပဲ… (၂၀၃၅)စုန်းပြူးတွေလည်း ရှိသေးတယ်..။ ဘကြီးအောင်တော့ သစ်ပင်တွေကိုချစ်တယ်…။ ဘကြီးအောင်ရဲ့ တစ်ခုတည်းသော မြေကွက်ကလေးနဲ့ အိမ်ရှေ့မှာ အပင်ကိုစုံနေ အောင်စိုက်ထားတယ်…။ ဘကြီးအောင်ခြံချင်းကပ်ရပ်မှာ နေတဲ့သူတွေကတော့ တိုက်တွေကြီးပါပဲ..။ တခါတရံ ဘကြီးအောင်သစ်ပင်တွေကြောင့် အမှိုက်ရှုပ်တယ်လို့တောင် ဘကြီးအောင်ပြောခံရသေးတယ်။ ဘကြီးအောင် စဉ်းစားမိသေးတယ်…။ ဒီသစ်ပင်တွေကြောင့် သူတို့တွေအသက်ရှင်နေကြတာမသိဘူးလား…..။ လွန်ခဲ့တဲ့ နှစ်(၂၀)လောက်တုန်းက ဘကြီးအောင်အရမ်းနှစ်သက်ခဲ့တဲ့ စာရေးဆရာမ (ဂျူး) စာအုပ်ထဲမှာတောင် သစ်ပင်တွေကို တင်စားထားသေးတာပဲ…။ ဘာတဲ့…. ဘကြီးအောင်တောင် တော်တော်စဉ်းစားရတယ်…. “သစ်ပင်တွေဟာ ကမ္ဘာကြီးရဲ့အဆုတ်တွေပဲ” ဆိုတာ…။ သူတို့တွေမသိကြဘူးထင်တယ်…..။ ရွှေရှိမှ၊ ငွေရှိမှ၊ ကျော်ကြားမှုရှိမှ လူ့ဘဝကိုပြည့်စုံတယ်၊ လူရာတယ်ဆိုတဲ့ “စုန်း”လေးတွေ ရှိသရွေ့တော့ ဒီခေတ်ကြီး တိုးတက်တယ်လို့ မခေါ်သေးပါဘူး…။
***********************************************
နာရီကိုကြည့်လိုက်တော့ ညနေ(၆)နာရီထိုးနေပြီ…။ ဘကြီးအောင်ပြောတာတွေကို နားထောင် ကလေးတွေတောင် လာတော့မယ်…။ ဒီနေ့တော့ ဘကြီးအောင်တို့ငယ်ငယ်တုန်းက ကစားခဲ့တဲ့ ထုပ်စီးတိုးတမ်း ၊ ခိုးတွန်းတမ်း ၊ ရွှေစွန်ညို ၊ စာကလေး….စာကလေး ၊ စိန်ပြေးတမ်း ၊ ကျောက်ရုပ် ကျောက်ဖျက်၊ ရုပ်ရှင်ဖွက်တမ်း ကစားနည်းတွေအကြောင်းပြောပြရဦး..။ ကလေးတွေတော့ မျက်လုံးလဲ့လဲ့ ကလေးတွေနဲ့ နားထောင်နေမှာ ဘကြီးအောင်မြင်ယောင်သေးတယ်…။ တစ်နေ့နေ့တော့ ဘကြီးအောင်လည်း အားတဲ့နေ့မှာ ဒီခေတ်ကလေးတွေ လွတ်လွတ်လပ်လပ်ဆော့ကစားတတ်အောင်၊ မြန်မာကစားနည်းလေးတွေကိုမေ့မသွားအောင်၊ မြန်မာဆိုတဲ့စုန်းကလေးတွေ ပျောက်မသွားအောင် ဘကြီးအောင် သင်ပေးရဦးမယ်။
******************************************************
စူးရှ(အောင်မိုးသူ)
(၆)နာရီ (၂၈)မိနစ်
၃၀.၁၁.၂၀၁၁
8 comments
shwe kyi
August 20, 2012 at 4:51 pm
စူးရှ(ခ)ကိုအောင်မိုးသူ ကောင်းပါ၏။
ဝမ်းတွင်းစုန်းဆိုတာတော့ကြားဖူးပါတယ်။ မကြုံဖူးပါ။ စိတ်ဝင်စားစရာတော့ကောင်းပါတယ်။
ပေးချင်တဲ့ မက်ဆေ့ချ်လေးကိုလည်းမြင်မိပါကြောင်း။
may flowers
August 20, 2012 at 5:41 pm
၈၈က ၁၄ ၊ ၁၅ နှစ် ဆို ခုမှ ၄ဝ လောက်ပေါ့ ဘကြီးအောင် လို့တောင်ခေါ်နေပြီလား အသက် ၅ဝ
လောက်ဆိုရင် အဖိုးခေါ်ရမှာပေါ့နော်………..နောက်တာပါ…အားပေးသွားပါတယ် ကိုစူးရှရေ။
aung moethu
August 21, 2012 at 9:58 am
၈၈ (၁၄) နှစ် ၂၀၃၅ မှာဆိုရင်တော့ ဘယ်လောက်လဲဆိုတာ တွက်မိမှာပါခင်ဗျ….. ၂၀၃၅-၁၉၈၈ = ၄ရ ….
၁၄ + ၄ရ = ၆၁ ဗျ…
မောင်ပေ
August 20, 2012 at 7:33 pm
ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ ဘကြီးအောင် ညာတယ် ဆိုသလို ပါပဲလား
padonmar
August 20, 2012 at 8:21 pm
အားပေးပါတယ် ဘကြီးအောင်၊ညာတော့ မညာနဲ့နော်။
ကျမက နည်းနည်းဒူလို့ ၂၀၃၅့ ဆိုတာ ဘာကို ဆိုလိုတာပါလိမ့်။
aung moethu
August 21, 2012 at 10:01 am
၂၀၃၅ ဆိုတာ သက္ကရာဇ် ၂၀၃၅ခုနှစ်ကို ပြောတာပါဗျ….
Novy
August 21, 2012 at 11:59 am
ဘကြီးအောင်ရေ.
စုန်းဆိုတာကို ယုံတယ် ကိုယ်တိုင်လည်း သူတို့ပြုစားတာကို ခံခဲ့ရဘူးတယ်
နောက်ကြုံမှပဲရေးတော့မယ်
အခုတောင် လူတွေ ကိုယ်ချင်စာတရားခေါင်းပါပြီး
ကိုယ့်တဘို့ထဲ ကြည့်နေတာ ( မနိုလဲ ပါတယ် ;-p)
၂၀၃၅ ဆိုရင်တော့ သံသရာ တစ်ပတ်လည်ပြီ
ကောင်းလာမှာလား ပိုဆိုးသွားမှာလားဆိုတာ
ဩကာသလောကပိတ်ကားကြီးပေါ်မှာ ဆက်ကြည့်ရမှာပဲ
ကြောင်လေး
August 23, 2012 at 2:07 pm
“ဘကြီးအောင်တို့ငယ်ငယ်တုန်းက ကစားခဲ့တဲ့ ——————-ကစားနည်းတွေအကြောင်းပြောပြရဦး..။”
လူတွေ ဟာအဝေးကြီးမှာနေ နေကြပေမဲ့ စိတ်ကူးတွေ အကြံတွေ တူနေတတ်ကြတယ်။ တိုက်ဆိုင်ကြတယ်။
ကိုယ်ကရေးဖို့စိတ်ကူးနေတုန်း ရွာထဲမှာအဲဒီအကြောင်းတစ်ယောက်ယောက်က ချရေးလိုက်တာမျိုးမကြာခဏ ကြုံဖူးတယ်။ရွာသူားများလည်း ကြုံဖူးကြမှာပါ၊ ကွန်မန့်မှာ အဲလိုမျိုးပြောတာလည်းကြားဖူးတယ်။ အံ့ဩစရာ……
ကျနော်တွေးထားတဲ့ဇတ်လမ်းကတော့တစ်ခုခြင်းအသေးစိတ်မဟုတ်ပါဘူး။ ဘကြီးအောင် ကတစ်ခုခြင်းရဲ့ကစားနည်းတွေ ရေးပြပေးရင်တော့ ကောင်းတာပေါ့။……..