နောက်ဆုံးအနမ်း

SoeLinJuly 8, 20101min1903

ဆောင်းပါးရှင် – မောင်ရဲဘော် ( ပြည်တွင်းမှ တပ်မတော် အရာရှိ တစ်ဦး )

နောက်ဆုံး အနမ်းဆိုသည်မှာ ခွဲခါနီးတွင် ပေးသော မြတ်နိုးမှု သင်္ကေတ ဖြစ်သည်။
ချစ်ခင်သူ တစ်ဦးက အခြားသော ချစ်မြတ်နိုးရသူ တစ်ဦးကို အမြဲအမှတ်တရ
ရှိနေမည့် အကြောင်း ၊ ခွဲခွါပြီး၍ ပြန်ဆုံတွေ့ ကြသည့်တိုင် မြတ်နိုး
ချစ်ခင်မှု ပျက်ပြယ်မည် မဟုတ်ကြောင်း သိစေခြင်းငှာ အနမ်းလေးတွေ ပေးကြသည်။

ကျနော်သည်နေ့ ကျနော်ချစ်သော သားလေးကို နှုတ်ဆက် အနမ်းတစ်ပွင့်
ပေးထားရအုံးမည်။ ဘာပြစ်မှု ကျူးလွန်မှန်း ကိုယ့်ကိုယ်ကိုပင် မသိလိုက်ရဘဲ
လူမသိ သူမသိ အဖမ်းအဆီးခံနေရသော သတင်းများ မကြာခဏ ကြားနေရသောကြောင့်
ကျနော်သည်လည်း မနက်ဖြန် အတွက် မရေရာနိုင်ပါ။

ကျနော်သည် ချစ်မြတ်နိုးရပါသော သားငယ်အား အနမ်းပေးတိုင်း ဒီတစ်ကြိမ်ဟာ
နောက်ဆုံးလားဟု အမြဲ တွေးနေမိလေ့ရှိသည်။ ကျနော် ဒီညလည်း ချစ်သော
သားငယ်အား အနမ်းချွေပါအုံးမည်။ နောက်ဆုံး မဖြစ်ပါစေနှင့်ဟုလည်း ဆုတောင်း
ပါအုံးမည်။

ဘာကြောင့်ဆိုလျှင် ………
ဤစာသည် လွတ်လပ်ခွင့် ရခိုက် နောက်ဆုံးရေးသောစာ
ဖြစ်ချင်ဖြစ်နိုင်သောကြောင့်ပင် ………..

ယနေ့သည် (၆၂) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ မြန်မာပြည်တွင်း
ရန်ကုန်မြို့မှ ကျနော်တို့ လူနေမှု စနစ်အတွင်း အာဇာနည်နေ့နှင့် ပတ်သက်သော
အထိမ်းအမှတ်၊ သတိတရ ကျင်းပသော အခမ်းအနား၊ ၊အဆင်အယင် ဘာတစ်ခုမှ မရှိပါ။
ယနေ့ ထုတ်သော မြန်မာ့သတင်းစာများကိုလည်း သေချာအာရုံစိုက်ပြီး ဖတ်ရှုသည်။
အာဇာနည် ဆိုသော စကားလုံး တစ်လုံးကို အယ်ဒီတာ အာဘော်တွင် ဖတ်ရသည်။
အာဇာနည်များ နယ်ချဲ့ လက်ချက်ကြောင့် ဇူလိုင်၁၉ တွင် ကျဆုံးခဲ့ရသည် ဆိုသော
တစ်ကြောင်းသာ တွေ့သည်။

ရန်ကုန်တွင်း အိမ်ခြေနေရာ အနှံ့ မောင်းနှင်သွားလာနေသော ယာဉ်အများစုကို
သေချာလိုက်ကြည့်မိသည်။ တိုင်တဝက် လွှင့်ထူထားသော အလံ ဟူ၍ မတွေ့မိပါ။
ကျင်းပသော အခမ်းအနားများလည်း မရှိပါ။

ကျနော်တို့ အသက်ရှင်နေသော ခေတ်သည် ဘယ်လို ခေတ်ကြီးမှန်းမသိ၊ တွေးလေ
ခေါင်းရှုပ်လေဖြစ်သည်။ ကမ္ဘာ့နိုင်ငံတကာတို့တွင် သူတို့ တိုင်းပြည်ကို
ထူထောင်ခဲ့သော ခေါင်းဆောင်ကြီးများ အတွက်၊ တိုင်းပြည် အတွက် ပေးဆပ်ခဲ့သော
သူရဲကောင်း၊ လူစွမ်းကောင်းများ အတွက် တခမ်းတနား တလေးတစား အလေးထား ကာ
အမှတ်တရပွဲများ၊ အခင်းအကျင်းများ၊ ဂုဏ်ပုဒ် သတိရအောက်မေ့ခြင်းများဖြင့်
ဂုဏ်ပြု ကြမြဲဖြစ်သည်။ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်း အမွေပေးမြဲဖြစ်သည်။
မျိုးဆက်သစ်များကို ထိုခမ်းနားကြီးကျယ်ခဲ့သော အာဇာနည်
ခေါင်းဆောင်ကြီးများကဲ့သို့ မွန်မြတ်ရဲရင့်သည့် စိတ်ထားများ ပိုင်ရှင်
ဖြစ်လာအောင် သွန်သင် ပဲ့ပြင်ကြစမြဲဖြစ်သည်။

ကျနော်တို့ မြန်မာနိုင်ငံမှာတော့ ယနေ့ အာဇာနည်နေ့သည် ဘာလိုလိုမှန်း မသိ၊
ခြောက်ကပ်သော ကြောက်လန့်စိုးထိတ်ဖွယ်သော၊ အပြင်ထွက်ရန်ပင် မဝံ့သူ များသော
နေ့တစ်နေ့ဖြစ်နေပေသည်။
ကျနော်တို့ လူငယ်များအတွက် မြန်မာတိုင်းရင်းသားများအတွက် လွန်စွာ ဝမ်းနည်း ဖွယ်ပင်။

ယနေ့ မြန်မာနိုင်ငံ ရန်ကုန်မြို့ အခြေအနေကို ပြောပြချင်သည်။

နှစ်တိုင်း နှစ်တိုင်း ဤအချိန် ဤနေ့ရက်သို့ ရောက်တိုင်း
မိုးဖွဲဖွဲရွာလေ့ရှိခဲ့သည် ဆိုသည့်အပြင် သမိုင်းအရ ဗိုလ်ချုပ်တို့
လုပ်ကြံခံရသည့် ၁၉၄ရ ခု၊ ဇူလိုင် (၁၉) ရက် ကလည်း မိုးဖွဲဖွဲရွာနေကြောင်း
သိခဲ့ရသည်။

ယနေ့လည်း မိုးအုံ့နေသည်။ မကြာမီ ရွာတော့မည်။ ယနေ့ ဇူလိုင်လ (၁၉) ရက် တွင်
မနက်ခင်း ကတည်းက အုံ့မှိုင်းနေသည်။ ရွာတော့မည့်ဟန် ပြင်နေသည်။

ရန်ကုန်သားများကတော့ မဖြစ်မနေ အပြင်ထွက်ကြရသူများသည် အုံ့နေသော
မိုးသားများအောက် ပျားပန်း ခတ်မျှ သွားလာ တိုးဝှေ့နေတုန်းပင် ဖြစ်သည်။

သို့ပေမင့် ခါတိုင်းထက်တော့ ထူးခြားနေသယောင် ရှိသည်။ မြို့ထဲသွားသော
သို့မဟုတ် ပြန်လာသော လူတို့ မျက်ဝန်းသည် တစုံတခုကို စိုးထိတ်နေကြဟန်
တွေ့ရသည်။ မကြာခင် ဘာဖြစ်မည်၊ ဘယ်လိုမျိုးတွေ ပေါ်လာမည် ဘာမှ မသေချာ၊
အချို့ကလည်း ဒီနေ့ ဘာနေ့မှန်းတောင် သိကြသည့်ပုံမပေါ်။ မြန်မာနိုင်ငံသား
အများစုသည် ကြောက်ရွံ ့ခြင်းနှင့်စိုးရွံ့ခြင်း ဖိစီးခြင်းအောက်မှာ
နှစ်ပေါင်းများစွာ နေလာခဲ့၍လား မသိ။ လူတိုင်း နီးပါးသည် အရာရာကို မရဲမဝံ့
မျက်ဝန်းများဖြင့်သာ ကြည့်တတ်သည်က ကျနော် ဂရုပြုမိသည်။

ယနေ့ ကျနော် အာဇာနည် ဗိမာန်သို့ သွားရောက်အလေးပြုရန် သံဓိဌာန် ချထား၍
မနက်စောစောကပင် အာဇာနည် ဗိမာန် ရှိရာဆီသို့ ထွက်ခဲ့သည်။

လမ်းတလျောက်တွင် တွေ့ရသည်က ဝမ်းနည်းကြောင်း အထိမ်းအမှတ်ဖြင့် တိုင်ဝက်
လွှင့်ထူထားသော အလံငယ်များ မဟုတ်ကြောင်း ပြောခဲ့ပြီးလေပြီ။ ဒါဆို
လမ်းတလျှောက် ဘာတွေ့ရသလဲ ပြောပြပါဦးမည်။

လမ်းဆုံ လမ်းခွ နေရာများ၊ အချက်အခြာကျသော နေရာများတွင် ချထားသော
ရဲလက်နက်ကိုင်များ၊ စွမ်းအားရှင် ဟု ခေါ်သည့် အခပေး ကြေးစား လူမိုက်
အုပ်စုများ ကိုသာ နေရာအနှံ့တွင် လမ်းသွားလမ်းလာ လူထုအား စောင့်ကြည့်
နေသည်ကို တွေ့ရှိရပေသည်။ လွန်စွာ ဝမ်းနည်းရပါသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက် သော နိုင်ငံ့ ခေါင်းဆောင်များနှင့်
ပတ်သက်သော အရိပ်၊ အငွေ့အသက် အပြင်အဆင် ဘာတစ်ခုမှ မမြင်ရ မကြားရပါ။

ရွှေဂုံတိုင် မီးပွိုင့်နား မရောက်ခင် ကမ္ဘောဇဘဏ်နံဘေး ဗုဒ္ဓသာသနာပြု
အဖွဲ့ချုပ် အထဲမှာ ရဲကားများ၊ အရှေ့တွင် အဆင့်သင့် ရပ်ထားသော
ရဲကားတန်းများကို စတွေ့ရသည်။ ကားများပေါ်တွင် လက်နက်ကိုင်
ရဲတပ်ဖွဲ့အင်အားများ အပြည့်နှင့် ဖြစ်သည်။

ကျနော့် ရင်ထဲ အလွန်မှ ဝမ်းနည်းမိသည်။

ဒါလား အာဇာနည်နေ့။

နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုး နိုင်ငံသားတွေ အထွတ်အမြတ် ထားရမယ့်
ကျဆုံး လေပြီးသော နိုင်ငံ့ခေါင်းဆောင် အာဇာနည်ကြီးများကို အောက်မေ့ သတိရ
တမ်းတမှု အထိမ်းအမှတ်အဖြစ် လွမ်းဆွတ်သတိရ ကြရမည့် အာဇာနည်နေ့… ဟုတ်ရဲ့လား
ဟုတောင် ထင်မိသည်။

ဘတ်စ်ကားပေါ်တွင်တွေ့ရသည့် အဘွားအို တစ်ဦးအား ကျနော် ထိုင်ခုံနေရာ
ဖယ်ပေးလိုက်သည်။ သူသည် ကျနော်နှင့် အတူ နေရာတစ်နေရာသို့ သွားမည့်သူမှန်း
ကျနော်သိလိုက်၍လည်း ဖြစ်သည်။ အသက် အရွယ်ကြီးရင့်နေသော သူ့အား
ခရီးသည်များအကြား မတ်တပ် မစီးစေလိုသောကြောင့်လည်း ဖြစ်သည်။

အဘွားအိုသည် ပင်နီ ရင်စေ့အင်္ကျီကို ဝတ်ထားပြီး ဘယ်ဘက် ရင်အုံတွင်
ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံငယ်ပါ သော ရင်ထိုးကို ထိုးထားသည်။
သူ့မျက်ဝန်းများသည် စူးရှသည်။ ငြိမ်းချမ်းသည်။ ကျနော် အဘွားအိုကို
တလေးတစားပင် ပြုံးပြခဲ့သည်။ သူသည် ကျနော်တို့ မျိုးဆက်သစ်
လူငယ်များထက်စာလျင် နိုင်ငံအပေါ် တာဝန်ကျေသူ တစ်ဦးဖြစ်သောကြောင့်
ကျနော်တို့ လေးစားရမည့်သူဖြစ်သည်။ ကားသည် ကျပ်ညပ်သည် ထိအောင်တော့
ခရီးသည်မများပါ။

သူနှင့် ကျနော် အုတ်လမ်း မှတ်တိုင်တွင် အတူတူ ဆင်းကြသည်။ ကားပေါ်မှ
ဆင်းလာသူ အများစုမှာ ပင်နီ ဝတ်သောသူ မဝတ်သောသူ အမျိုးမျိုး အစုံစုံပင်
ဖြစ်သော်လည်း အားလုံးနီးပါးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရှိရာဆီ
ဦးတည်ကာ သွားနေကြသည်။ ကျနော်သည် မည်သည့် နိုင်ငံရေးအဖွဲ့အစည်းဝင်မျှ
မဟုတ်ပါ။ သို့သော် ယနေ့ကဲ့သို့ တစ်နိုင်ငံလုံး အထွတ်အမြတ်ထားရမည့်
နေ့ထူးနေ့မြတ် အခမ်းအနားကိုတော့ တက်ရောက်ချင် ဆင်နွဲချင်သည်။

သို့သော် မြို့အနှံ့ဘယ်နေရာမှာမှ မကျင်းပကြ။ သို့အတွက် အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးစီး ကျင်းပရာသို့ သွားရာလူအုပ်နှင့်
ရောနှောပြီး ကျနော် ကြားချင်သော ဗိုလ်ချုပ်မိန့်ခွန်းများကို သွားနား
ထောင်သည်။ ကျနော်အလေးပြုချင်သော ဗိုလ်ချုပ်ကို တလေးတစား
သွားအလေးပြုခြင်းဖြစ်သည်။

ဆောင်းဘောက်စ်များမှ လွင့်ပျံ့နေသော ဗိုလ်ချုပ်ပြောကြားခဲ့သည့်
မိန့်ခွန်းများ အထဲတွင် နားထဲ အစွဲဆုံးမှာ လူထု စည်းလုံးညီညွတ်မှု မရှိဘူး
ဆိုလျှင် ဘယ်ပါတီ ဘယ်အစိုးရတက်တက် ဟိုလူ့မျက်နှာချိုသွေးရ ၊ ဒီလူ့
မျက်နှာချိုသွေးရ ဖာသယ်လို နိုင်ငံဖြစ်နေမှာဘဲ ဆိုသည် မိန့်ခွန်းဖြစ်သည်။
မိန့်ခွန်းများ အဆုံး ဆယ်နာရီ သုံးဆယ့် ခွန် မိနစ်တွင် အသံရှည်
ဥဩသံဖြင့် အားလုံး ငြိမ်သက် အလေးပြုရန် တန်းစီသော အခိုက်တွင် လမ်းတဖက်မှ
လူများ ရုတ်ရုတ်သဲသဲ ပြေးလာပြီး ဓါတ်ပုံများ ဗွီဒီယိုများ ရိုက်ယူကြသည်။

သူတို့သည် ထောင်ချီသော လူထုကြီး တရိုတသေ ဦးညွတ်နေချိန်တွင် သူတို့
အလေးမပြုကြ ။ ဥဩသံ ဆွဲနေချိန်တွင်ပင် ထိုင်ရာမထ ကြည့်နေသူများ
ရှိကြောင်း ကျနော်ခေါင်းမော့အပြီး လှမ်းကြည့်လိုက်ချိန် တွေ့လိုက်ရသည်။
သူတို့သည် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့သော တပ်မတော်ခေါင်းဆောင်များ၏
အုပ်ချုပ် ကွပ်ကဲမှုဖြင့် ဤနေရာသို့ လာရောက်သတင်းယူကြသော
စုံစမ်းထောက်လှမ်းရေး အဖွဲ့ဝင်များဖြစ် ကြသည်။

သူတို့သည်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များ အသက်ပေး၍ တိုက်ယူ
ပေးခဲ့သောကြောင့် လွတ်လပ်ရေး ရခဲ့သည့် မြန်မာနိုင်ငံတွင် မွေးဖွါးလာသော
မြန်မာနိုင်ငံသားများ ဖြစ်ကြသည်။ သူတို့သည် သူတို့ကျေးဇူးရှင်ကို လေးစား
ရိုသေသမှု ပြုရန် မသိသူများပေလော။ လေးစားမှု မပြုရဲစေရန် ကန့်သတ်
ထားခံရသောကြောင့် ပေလော။ သူတို့သမိုင်းကို သူတို့သာ ရေးခြင်း
ဖြစ်ပေလိမ့်မည်။

ကျနော်တို့ လူငယ်များကတော့ အစိုးရဘက်သား ဝန်ထမ်းများ နိုင်ငံရေး ပါတီဝင်
ပြည်သူများ အားလုံး ညီညီညွှတ်ညွတ် စည်းစည်းလုံးလုံးပဲ ရှိတာမြင်ချင်သည်။
စည်းစည်းလုံးလုံး မရှိလျင်ဖြင့် စောစောကတင် ကြားခဲ့ရသော မိန့်ခွန်းထဲကလို
ဖါသည်နိုင်ငံ ဖြစ်နေမည် ဆိုသည်ကို ယုံကြည်သည်။

အလေးပြုပြီးသော အခါ ကျနော်တစ်ဦးတည်း အာဇာနည် ဗိမာန်ရှိရာဆီဘက်
ထွက်ခဲ့သည်။ ဆုံးဖြတ်ချက် ချပြီး ခိုင်မာစေရမည်။ ကိုယ်လုပ်မည် ဆိုသော
အလုပ် ဖြစ်အောင် လုပ်ရပေမည်။

သွေးဆေးကန်ဘက် အထွက် လင့်ခ်လမ်း မှတ်တိုင် ကွေ့နားအရောက် အာဇာနည်
ဗိမာန်ဆီ သွားရာလမ်းတွင် တန်းစီရပ်ထားသော ရဲကားအစီး အတော်များများ
တွေ့လိုက်ရပြီး လူသူ အလွန်ရှင်းနေသည်ကို စိတ်မကောင်း ဖွယ် တွေ့လိုက်ရသည်။

ရဲလက်နက်ကိုင်အဖွဲ့များက သေနတ် အသင့်ဖြင့် လမ်းဘေးဝဲယာတွင် ရှိနေကြသလို
စာသင်ကျောင်းကြီး ဝင်းအတွင်းတွင်လည်း ဒိုင်နာကားများ ရပ်ထားပြီး ကားပေါ်
ကားနံဘေးတွင် အဆင်သင့် အနေအထားရှိသော အရပ်ဝတ်နှင့် လူများစွာတို့က
အပြင်ကို စောင့်ကြည့်နေသည်။ စွမ်းအားရှင် အမည်ခံ လူများစွာတို့သည်
ထုံထိုင်းငေးမောသော အကြည့်များဖြင့် အပြင်ကို ကြည့်နေကြသည်။
သူတို့မျက်ဝန်းများသည် အရှိကို အရှိအတိုင်း မြင်ကြပုံမပေါ်ပါ။
အသိဉာဏ်မဲ့သော မျက်ဝန်းသေကြီးများနှင့် နှုတ်ဆွံ့သော ပုံစံက အများသားပင်။
စိတ်မကောင်း ဖြစ်ရပြန်သည်။

သူတို့သည်လည်း အာဇာနည်နေ့ ဥဩဆွဲခြင်းကို ကြားခိုက် အလေးပြုချင်သူများ
ပါကောင်းပါပေမည်။ သို့သော် သူတို့ကို ကြီးကြပ်သော
ခေါင်းဆောင်အမိန့်အတိုင်း ဒီနေရာ နေဆို နေကြရသူများသာ ဖြစ်ပေလိမ့်မည်။

အော် စနစ် …. စနစ်…. ကျနော် အပြစ်မတင်ပါ။ စနစ်ဆိုသည်ကို ကျနော်တို့
ဖန်တီးနိုင်ပါသည်။

သို့သော် စည်းလုံး ညီညွတ်ဖို့ ရိုးဖြောင့်ဖို့ တိုင်းပြည်ကို
တကယ်ချစ်မြတ်နိုးဖို့တော့ လိုပေလိမ့်မည်။

အာဇာနည် ဗိမာန်အနား ကျနော် ရဲရဲတိုးသွားပါသည်။ အချိန်သည် ဆယ်နာရီ
ငါးဆယ်ခန့်ရှိပါပြီ။ အထဲဝင်ဖို့ စာရင်းပေးသည်မှာ ကျနော် တစ်ဦးတည်းသာ
ဖြစ်နေသည်။ အနားတွင် ဘယ်သူမှ မရှိ။ ခြောက်ကပ် တိတ်ဆိတ်လွန်းသည်။
နိုင်ငံတော် အခမ်းအနားကြီးတစ်ခုရှိရာဆီ လာနေရသည်နှင့် မတူပါပေ။

သံဆူးကြိုးများ ကာရံထားသည့် အတားအဆီးနား မရောက်ခင်ကပင် ရဲတပ်သားများ
ခြံရံစောင့်ကြပ်နေသော အုပ်စုမှ ဒုရဲမှူးနှစ်ပွင့်နှင့် လူက ဘယ်သွားမလဲ ဟု
ကျွန်တော့်ကို လှမ်းမေးပါသည်။ အာဇာနည် ဗိမာန်ဆီ ဦးတည်လှမ်းလာသည့်
ကျနော့်ကို သိသိချည်းဖြင့် ဘယ်သွားမလဲဟု မေးသောအခါ ပထမ ဘာပြောရမှန်း
မစဉ်းစားမိ။

အာဇာနည်ဗိမာန်ကို အလေးပြုသွားမလို့ပါဟု ပြန်ဖြေလိုက်သည်။ ကျနော်သည်
လက်နက်ကိုင်မှန်သမျှ ကြောက်ကျင့်ရနေသည့် အရပ်သား မဟုတ်။ ဝတ်စုံမသေမသပ်
ကွမ်းတရဲရဲဖြင့် လျော့ရဲသော လက်နက်ကိုင် တပ်ဖွဲ့ဝင်များ စည်းကမ်းအားနည်း
နေကြပုံပင် ကျနော် မြင်လိုက်သေးသည်။

မျက်နှာခပ်တည်တည်ဖြင့် ထိတ်လန့်ခြင်းမဲ့စွာ ဖြေလို်က်သောအခါ “
ဟိုအပေါက်လေးက သွားပါ” ဟု လက်ညိုး ညွန်လိုက်ရာ သံဆူးကြိုးတား
ဂိတ်ကလေးရှိရာဆီ ကျနော် ခေါင်းမော့ရင်ကော့ပြီး ဝင်သွားတော့ သည်။

ကျနော် ဤနေရာသို့လာခြင်းမှာ နိုင်ငံဘဏ္ဍာခိုးရန်မဟုတ်။ မတရားမှု ကျူးလွန်ရန်
မဟုတ်။ နိုင်ငံ့ ခေါင်းဆောင်ကြီးများ၏ စံထားလေးစားအပ်သော ဂုဏ်ဒြပ်များကို
လာရောက် အလေးပြု ဦးညွတ်ခြင်း သာဖြစ်သည်။ ကျနော်ရဲဝံ့စွာ ဝင်သွားခဲ့သည်။

ရဲများ အရပ်ဝတ်နှင့် လူများက ကျနော့်ကို ဝိုင်းဝန်း ပြူးကြည့်ကြသည်။
နာမည်၊ နေရပ်၊ မှတ်ပုံတင်၊ အသက်၊ အဖအမည် စုံနေအောင် ရေးသားမေးမြန်းသည်။
မှတ်တမ်း စာအုပ်ကြီးထဲ ရေးသွင်းသည်။

ကျနော်စစ်သား မလိမ်မညာပါ။ ဝင်ခွင့်ပြုမည် မပြုမည် မသေချာသောကြောင့် နာမည်
အရင်းပင် ပြောလိုက်ပါသည်။ အနာဂတ်၏ အောင်စစ်သည်ဟု ခံယူထားခဲ့သော ကျနော်
မလိမ်မညာချင်ပါ။ နိုင်ငံကြီး ယနေ့လို ဆင်းရဲချွတ်ချုံကျနေခြင်းမှာ
အမှန်မပြော ကတိမတည် ပြည်သူ့အပေါ် သစ္စာမစောင့်သည့်
ခေါင်းဆောင်တချို့ကြောင့် ဖြစ်သည်ဟု ကျနော် သုံးသပ်ပါသည်။ ထို့ကြောင့်
လိမ်ညာခြင်းကို ကျွန်တော် မကြိုက်။

ရဲတပ်သားလေးများအား ကျနော့် နာမည်နှင့် ကိုယ်ပိုင်နံပတ်ကို
ပြောလိုက်သည်နှင့် အံ့ဩသော အကြည့်ဖြင့် ဝိုင်းကြည့်ပါသည်။ ပြီးတော့
ပြုံးပြပါသည်။ ကျနော်ကလည်း ပြန်ပြုံးပြလိုက်ပါသည်။ စောစောက တင်းမာသော
သူတို့ ဟန်ပန်တို့ လျော့ရဲသွားသည်။ တစ်ဦးက ယခုဝင်ရောက်လာသော လူစာရင်းကို
လမ်းလျောက် စကား ပြောစက်ဖြင့် ရွတ်ဖတ်ပြီး သတင်းပို့နေသည်။

တာလပတ်များ ကာရံထားသော အခန်းကျဉ်းလေးထဲ ကျနော့်ကို ခေါ်သွားသည်။ တာဝန်
အရပါ ခင်ဗျားဟု ရဲတပ်သားလေးက ပြောပြီး ကိုယ်ပေါ်ရှာဖွေစမ်းသပ်သည့်အခါ
ကျနော်က ပြုံးပြလို်က်သည်။ ပြီးတော့ သူတို့ကို မှာပါသည်။
တာဝန်ဆိုတာတွေထက် ပြည်သူနှင့် နိုင်ငံ့အကျိုးကို အမြဲရှေးရှုထမ်းဆောင်တဲ့
ဝန်ထမ်းကောင်းတွေ ဖြစ်ပါစေ ဆိုသောအခါ သူတို့ မဝံ့မရဲ ပြုံးပါသည်။

ကျနော်ပြောသည်ကို သူတို့ နားလည်ပါသည်။ ထိုမှ တဖန် အရပ်ဝတ်နှင့် ရဲတပ်သား
တစ်ဦးက ကျနော်နှင့် ကပ်လျှက် လျောက်လိုက်ပါပြီး အဝင်ဂိတ်ဝဆီ
လိုက်ပို့ပါသည်။ သူ့ကို ကျနော်မေးကြည့်ပါသည်။ လစာနှင့် နေထိုင်မှု
အဆင်ပြေပါရဲ့လားဟု မေးကြည့်လိုက်သောအခါ အဆင်မပြေပါဘူးဗျာ ဟု
ပြန်ဖြေရှာပါသည်။ ဒါဆို ဘယ့်နှယ်လုပ်မလဲဟု ကျနော် မေးငေါ့ပြလိုက်သောအခါ “
မချစ်လည်း အောင့်နမ်း နေရအုန်းမှာပေါ့ ဗိုလ်ကြီးရာ” ဟု ပြန်ဖြေတော့သည်။

သူ့လို မချစ်လည်း အောင့်နမ်းခဲ့ရသူထဲတွင် ကျနော်လည်း ပါခဲ့ဖူးပါသည်။
အောင့်နမ်း နေရုံဖြင့်တော့ မိမိတို့ အနာဂတ် လူမွှေးပြောင်လာဖွယ်
မရှိသောကြောင့် ထွက်လာခဲ့ခြင်းဖြစ်သည်ဟု သူ့ကိုပြောခဲ့ပြီး ဗိမာန်တွင်း
ဝင်ရောက်သည့်ဂိတ်ရှိရာဆီ ကျနော် တစ်ဦးတည်း ဝင်ခဲ့ပါတော့သည်။

အလေးပြုရန် နေရာဆီသို့ အဝင်တွင် နှစ်ကြ်ိမ်မျှ ထပ်မံစစ်မေး ခံရပြီးနောက်
ရောက်ရှိခဲ့ပါသည်။ ရှင်းလင်းနေသော အဝင်လမ်း တလျောက် ကျနော် တစ်ယောက်တည်း
ဝင်ခဲ့ပါသည်။ လမ်းဘေး တလျောက် တွင်လည်း မီးသတ်များ ရဲတပ်ဖွဲ့ဝင်များက
တန်းစီပြီး ဝိုင်းဝန်းကြည့်ရှုနေပါသည်။ ကင်မရာသမားများ ရုပ်မြင်သံကြား
ရိုက်ကူးသူတို့ကလည်း ဝိုင်းဝန်းရိုက်ကူးကြသည်။ လာသူရှား၍လော။ လာသည့်သူ
မှန်သမျှ မှတ်တမ်းတင် ထားလို၍လော။

ကျနော်တစ်ယောက်တည်း ရင်ကော့ ခေါင်းမော့၍ ဝင်သွားပါသည်။ ထီးထီးကြီးရှိသော
ဗိမာန် အနီရောင်ကြီးကို လှမ်းမြင်နေရပါပြီ။ ကျနော့် ရင်ထဲ ဝမ်းနည်း ဟာတာ
သလိုကြီးဖြစ်မိသည်။ အပြစ်မလုံသလို ခံစားရသည်။ အာဇာနည် ခေါင်းဆောင်တို့
တိုင်းပြည်ပေါ် တာဝန်ကျေ ခဲ့ပါလျက် ကျနော်တို့ခေတ်မှ တာဝန် မကျေသလို
ခံစားရသည်။

ဘာပဲပြောပြော ဒီအထဲကို ဒီနေ့ ဝင်လာနိုင်ဖို့ အတော်အားခဲ ကြိုးပမ်း
ခဲ့ရသည်ကို တင်ပြ ခဲ့ပြီးသော အထက် စာတို့အရ သိပေလိမ့်မည်။

ကျနော် ခေါင်းမော့ ရင်ကော့ပြီး တစ်ဦးထဲ ဝင်ရောက်ကာ တစ်ဦးတည်း အလေးပြု
ခဲ့သော်ငြား ကျနော့် အနောက်တွင် ကျနော့် နံဘေးတွင် ကျနော့်နည်းတူ အာဇာနည်
ပုဂ္ဂိုလ်ကြီး များအား အလေး အမြတ် ပြုချင်ပါလျှက် လာရောက်နိုင်ခြင်း
မရှိသော လာရောက် နိုင်ခွင့် မရှိသော မျိုးချစ်စစ်သားများ၊ မျိုးချစ်
နိုင်ငံ သားပြည်သူ ပြည်သားများတို့၏ စိတ်ဝိဉာဉ်များ အတူတူ ကပ်ပါလာသည်ဟုသာ
ခံယူပြီး အားလုံးကိုယ်စား အာဇာနည် ဂူဗိမာန်အား နက်ရှိုင်းရိုးသားသော
ဂုဏ်ပြုခြင်း မျိုးဖြင့် အလေးပြုခဲ့ပါသည်။

ဤသို့ နိုင်ငံနှင့်ချီ မေ့ပျောက်ဖယ်ရှားဖို့ ကြိုးစားခြင်း ခံနေရသော
အာဇာနည်ကြီးတို့အား အလေးပြုခြင်းကြောင့် ရလာနိုင်သော ရလာဒ်ကား
အမြင့်ဆုံးအဖြစ် အကြောင်း အမျိုးမျိုးပြကာ ပုဒ်မ အမျိုးမျိုးတပ်
အဖမ်းခံရခြင်းနှင့် အနိမ့်ဆုံး လက်ရှိ မိမိရပ်တည်နေသော ဘဝ ၊ စည်းစိမ်၊
စီးပွားလုပ်ငန်း ၊ ထိခိုက်ခံရခြင်းမျိုးများ ဖြစ်လာနိုင် သည်ကို
ကျွန်တော်သိပါသည်။

သို့သော်လည်း ဤသို့ နစ်နာဆုံးရှုံးမှု ဖြစ်လာနိုင်သည်ကို သိသောကြောင့်
ကျနော်တို့ အလေးမပြုပဲ နေရမည် လော။

ထို့ကြောင့် နိဒါန်းတွင် ဖေါ်ပြခဲ့ပြီးသည့်အတိုင်း ကျွန်တော့် သားလေးအား
မြတ်နိုးစွာ မြေတောင်မြှောက် စောင့်ရှောက်ရင်း အနမ်းလေးတွေ ပေးပါဦးမည်။
နောက်ဆုံး အနမ်း မဖြစ်ပါစေနှင့် ဟုလည်း ဆုတောင်းကာ လုပ်စရာ ရှိသည်များ
ဆက်လုပ် နေပါအုံးမည်။

ဘာပဲဖြစ်ဖြစ် ဤနေ့ ဤအခါမျိုး နောက်နှစ်တွင် ကြုံဆုံရသောအခါ ယနေ့ လက်ရှိ
အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်များရော မြန်မာ့တပ်မတော်
ခေါင်းဆောင်များ သာမက ဗိုလ်ချုုပ်ကို မြတ်နိုးသူ စစ်သား ပြည်သူ လူထု
အားလုံးပါ တစုတဝေးတည်း ဤဗိမာန်တွင် ရိုသေစွာ အလေးပြုနိုင်ကြပါစေဟု
ဆုတောင်းမိ ပါတော့သည်။

forward mail တစ်ခုမှပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည် ။

အာဇာနည်နေ့ကို တန်ဖိုးထားနိုင်ကြပါစေ …

3 comments

  • yannaingech

    July 8, 2010 at 5:35 am

    ဒီစာကိုဖတ်နေရင်း အာဇာနည်နေ့ဆိုတာ ဟိုးအဝေးကြီးမှာ ကျန်ခဲ့တာလိုလို၊ နောင်အတော်ကြီးကြာမှရောက်လာတော့မှာလိုလို…စိတ်ထဲဇဝေဇဝါနဲ့။ အသေအချာပြန်စဉ်းစားလိုက်တော့မှ ဒီလ (၁၉) ရက်နေ့ပါ လား။ အမည်မဖေါ်နိုင်တဲ့ဝမ်းနည်းမှုမျိုး ခံစားလိုက်ရတယ်။ ကျွန်တော်အပါအဝင် လူအတော်များများ မေ့နေကြပါတယ်…

  • etone

    July 8, 2010 at 6:27 am

    အာဇာနည်နေ့ကို ကျေးဇူးကန်းပြီးမေ့ချင်ယောင်ဆောင်နေတဲ့လူတွေလည်းရှိသေးတယ် ။ကမာ္ဘကြီးလည်နေသလိုပဲ အလှည့်ဆိုတာကျလာပါလိမ့်မယ် ။

  • naung

    July 8, 2010 at 9:31 am

    19 ဇူလိုင်မမေ့နိုင်တဲ့။
    မေ့တဲ့လူတွေ လည်းရှိမှာပေါ့လေ။

Leave a Reply