Allergy
လွန်ခဲ့တဲ့ နှစ်ပတ်လောက်က မနက်ခင်းတခုမှာ အိပ်ရာကစောစောစီးစီးနိုးလာခဲ့ပါတယ်။ အမေရယ် ဦးကြီးရယ် အဒေါ်ရယ်တို့ကို အိမ်ကိုဆွမ်းခံကြွလေ့ရှိတဲ့ ထိုင်ကိုယ်တော်ဆီက သီလပေးသံတောင် ကြားနေရပါသေးတယ်။
မင်္ဂလာရှိတဲ့ မနက်ခင်းတခု လို့မှတ်ယူပြီး ကိုယ်လည်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ ပဲ လုပ်စရာရှိတာ လုပ်ပြီး အောက်ထပ်ဆင်းလာခဲ့ပါတယ်။ ဝါတွင်းဥပုသ်နေ့ဆို အလုပ်ပိတ်ရက်လည်းဖြစ် လူကြီးတွေ လည်း ဥပုသ်စောင့်တာမို့ အိမ်က လိုအပ်တာထက် ပိုပြီး တိတ်ဆိတ်နေလေ့ရှိပါတယ်။
ဒီလိုနေ့မျိုးမှာဆို တခါတရံ မီးဖိုချောင်ထဲ ကိုယ်စိတ်ပါတာကို ညီမတတွေ လုပ်စားတတ်ပါတယ်။ ဒီနေ့တော ညီမတွေလည်း မရှိတာမို့ တယောက်ထဲ cup cake လုပ်စားမယ်ဆိုပြီး ခေါက်ဆွဲစားပြီးတာနဲ့ စပြင်ပါတော့တယ်။
ကိုယ်က လုပ်နေကျလည်း မဟုတ် သင်တန်းတက်ဖူးတဲ့ ညီမလည်းအိမ်မှာ မရှိတာမို့ စမ်းတဝါးဝါးနဲ့ စာအုပ်ကြည့်လုပ်ပါတယ်။ တယောက်ထဲပဲ စားရမယ်ဆိုပြီး ဂျုံပမာဏကို နည်းနည်းပဲ သုံးလိုက်မိပါတယ်။ ဒါပေမဲ့ ထည့်ရမဲ့ ဗေကင်တို့ နုဆေးတို့ ဆော်ဒါမှုန့်တို့ ဗီနီလာ မှုန့်တို့ ကိုတော့ ပမာဏမလျော့မိလိုက်ပါဘူး။
ဒီလိုနဲ့ cup cake က ဆေးနည်းနည်းများသွားပြီး ဖောင်းကားပြီး မလှမပဖြစ်သွားပါတယ်။ အရသာကလည်း တမျိုး ဖြစ်နေပါတယ်။ ဒါပေမဲ့ အချိုပေါ့နေတာပဲ ဆိုပြီး ကိတ်ခွက် တခုလောက်တော့ မြည်းရင်းစားမိသွားပါတယ်။ ခဏနေတော့ ဘဏ်ခဏသွားလိုက်ပါသေးတယ်။
နေ့လယ်ဘက်ရောက်တော့ နယ်ကရောက်နေတဲ့ သူငယ်ချင်းက မန်းလေးဆင်းပြီး ဆေးခန်းလာပြတာမို့ သူက ရောက်တုန်းရောက်ခိုက် သူငယ်ချင်းတွေကို ထမင်းကျွေးမယ်ဆိုတာနဲ့ ကျမလည်း နေ့လည်စာ သွားစားဖြစ်ပါတယ်။အဲ့ဒီစားပွဲမှာ သူငယ်ချင်းက ငါးအပါအဝင် ကြက်သား ဝက်သားတရုတ်ဟင်းပွဲတွေ ဆိုပေမဲ့ အမဲသားစားချင်လို့ ဆိုပြီး မှာထားခဲ့ပါတယ်။
အမဲသားကို အချိုချက်ထားတာပါ။ ကျမတို့ တအိမ်လုံး အမဲသား စားလေ့မရှိ မစားဖြစ်ကြတာဆိုတော မစားဖြစ်တာ ဆယ့်ငါးနှစ်နီးပါးလောက်တော့ ရှိပါပြီ။ သူငယ်ချင်းက နင်မစားဘူး မလား ဆိုတော့ ရ တယ် တခါတလေပဲ စားမယ် ဆိုပြီး စားမိပါတယ်။
ပြန်လာတော့ ညီမတွေပြန်ရောက်လာတာမို့ လိုအပ်တာတွေ ဝယ်ဖို့ ဈေးပတ်ကြပါသေးတယ်။ ညနေဘက် မိုးချုပ်အိမ်ပြန်ရောက်တော့ ဝက်သားကြော်တခွက်ပဲ ရှိတာမို့ အရွက်စားချင်တယ် ဆိုပြီး ရေခဲသေတ္တာထဲ ဖောက်လက်စ ကျန်နေသေးတဲ့ ဟော့ပေါ့တွေ ဘာတွေ ချက်ရင် သုံးတဲ့ ဟင်းငရုတ်အနှစ်ရယ် အရွက်တွေရယ် လက်စကျန်တဲ့ ငပိထောင်းနည်းနည်းရယ် ထည့်ပြီး ချဉ်စပ်ချက်စားကြပါတယ်။(နောက်မှ သိတာက အဲ့ဒီအနှစ်က ရက်လွန်နေခဲ့တာပါ)
ဒီအထိလည်း ပြသာနာမရှိသေးပါဘူး။ ညဖက်ရောက်တော့မှ ပြသာနာက စလာပါတယ်။ လက်တွေ ထူပြီး အန်းလာပါတယ်။ လည်ပင်းတဝိုုက်မှာစယားလာပါတယ်။ မိတ်ဖုလို နီရဲနေတဲ့ အဖုတွေ စဖြစ်လာပါတယ်။ ဂုတ်နားလေးမှာ ပိုဆိုးပါတယ်။ နောက်တော့ ကျော၊ လက် တကိုယ်လုံးဖြစ်လာပါတယ်။
စစဖြစ်ဖြစ်ချင်း တခါမှ မဖြစ်ဖူးတာမို့ နည်းနည်းတော့ လန့်ပါတယ်။ မိုးကလည်း တော်တော်ချူပ်နေပါပြီ။ မိသားစု ဆရာဝန်မဆီဖုန်းဆက်တော့ အလာဂျစ်ဖြစ်တာ စီထရင်းသောက်ထားလိုက်။ မကုတ်နဲ့ ။ မသက်သာရင် မနက်မှ လာခဲ့ဆိုတာနဲ့ ဆေးသောက်ပြီး အိပ်လိုက်ပါတယ်။ ဆေးရှိန်နဲ့မို့ အိပ်တော့ပျော်သွားပါတယ်။
မနက်လည်း မိုးလင်းရော မျက်နှာက ယောင်ကိုင်းပြီး မျက်လုံးတွေ လည်း မို့အစ်နေပါတယ်။ လက်ချောင်းတွေဆိုတာလည်း ယောင်ပြီး တင်းနေပါတယ်။ တကိုယ်လုံးလည်း ထူအန်းပြီး အပ်ချစရာမရှိအောင် မိတ်ဖု နီရဲနေတာကြီးတွေ အပြည့်နဲ့ပါ။ လည်ချောင်းတွေက နာပြီး တကိုယ်လုံးကလည်း တရှိန်ရှိန်နဲ့ပါ။ နှုတ်ခမ်းတွေလည်း ထူပြီး အန်းနေပါတယ်။ အဖျားတွေလည်း တက်နေပါပြီ။ တကိုယ်လုံးလည်း ဓာတ်လိုက်သလို ဆစ်ခနဲ ဆစ်ခနဲဖြစ်လိုက်နဲ့ပါ။
မှန်ကြည့်ပြီးတော့ လန့်သွားလိုက်တာမှ ပြောမပြတတ်အောင်ပါ။ ဒီလိုနဲ့ ဆရာဝန်မဆီသွားတော့ တနေ့တာစားခဲ့သမျှ ဖြစ်ကြောင်းကုန်ုစင်ပြောပြပြီး ဆေး ၂ လုံးထိုုးပေးပါတော့တယ်။
အဲ့ဒီနေ့က နေ့ခင်း အပူချိန်လည်း ပြင်းတာမို့ အပြင်မှာလုံးဝ မနေနိုင်ပါဘူး။ အပ်နဲ့ထိုးသလို ခံစားရပြီး တဆစ်ဆစ်နဲ့ပါ။ အခန်းထဲမှာပဲ အောင်းနေခဲ့ရပါတယ်။ ဆန်ပြုတ်ပလိန်းကို ပဲ ခပ်ပစ်ပစ်သောက်ရပါတယ်။
ညဖက်ရောက်တော့ ဆေးသောက်နေတဲ့ကြားက အဖျားတွေတက်တက်လာပါတယ်။ ချမ်းပြီးတုန်တောင်နေပါတယ်။ တကိုယ်လုံး ထူပြီး အန်းတာက မလျော့သွားသေးပါဘူး။ တဆစ်ဆစ်နဲ့ပါပဲ။ကုတ်ချင်စိတ်ကို မနည်းထိန်းထားရပါတယ်။
မနက်ရောက်တော့ အဖျားက ကျသွားပါတယ်။ မိတ်ဖုတွေက ပိုနီပိုရဲပြီး ပိုထူလာသလို ပိုအန်းလာသလိုခံစားရပါတယ်။ မျက်နှာအယောင်လျော့သွားပါတယ်။ လည်ချောင်းနာတာသက်သာလာပါတယ်။
ရေချိုးရင် ဆပ်ပြာမသုံးပဲ ဒီအတိုင်းပဲ ရေချည်း ချိုးပါတယ်။ ဒုတိယနေ့မှာလည်း ဆေး ၂ လုံးထိုးပြီး လိမ်ဆေးပါပေးပါတယ်။ ညဖက်ရောက်ရင် အဖျားတက်နေတုန်းပါပဲ။ မိတ်အဖုတွေလည်း လျော့မသွားပါဘူး။ မိတ်ဖုတွေ အပေါ်မှာ ပြည်တောင် တည်လာပါသေးတယ်။ အဖုတွေက ဆက်နေတာမို့ အဝါရောင် ပြည်ပြင်ကြီးလိုဖြစ်လာပါတယ်။ ကြက်သီးထစရာကောင်းပါတယ်။
တတိယနေ့မှာလည်း ဆေးနှစ်လုံး ထပ် ထိုးရပါတယ်။ သွေးပေါင်တွေကလည်း ကျနေပါတယ်။ ညဖက်ရောက်တော့လည်း ဆေးထိုးဆေးသောက်ပါရက်နဲ့ အဖျားကတက်လာပါသေးတယ်။
သိပ်မထူးခြားပါဘူး။ ကျမခံစားနေရတုန်းပါပဲ။
စတုထ္ထနေ့မှာဆေး ၂ လုံးအပြင်လက်အကြောထဲပါ ဆေး ၁ လုံးထိုးရပါတယ်။ ၉ လုံးမြောက်ပါ။သွေးပေါင်တွေလည်း ကျနေပါသေးတယ်။
၅ရက်မြောက်မနက်ခင်းမှာတော့ မျက်နှာအယောင်ကျပြီး နဂိုအတိုင်းပြန်ဖြစ်သွားပါတယ်။ လည်ချောင်းနာတာအရှင်းပျောက်သွားပါတယ်။ အဖုတွေထပ်မထွက်တော့ပါဘူး။ တကိုယ်လုံးမှာပြည်ဖုတွေလို ဖြစ်နေတဲ့ ဟာတွေအားလုံး ခြောက်သွားပါတယ်။ ကျမက ကုတ်မိရင် ပိုးဝင်ပြီး တနာက ၂ နာဖြစ်လာမှာကို ဆိုးလို့ ထိတောင် မထိခဲ့ပါဘူး။
တကိုယ်လုံးမှာ မျက်နှာတခုပဲ အဖုမပေါက်ပဲ ယောင်ခဲ့တာမို့ အသားအရေကောင်းနေတာဆိုလို့ မျက်နှာတခုပဲ ကံကောင်းထောက်မစွာ ကျန်နေခဲ့ပါတယ်။ မျက်နှာအောက် လည်ပင်းကစလို့ တကိုယ်လုံး အပ်ချစရာမရှိအောင် ပေါက်ခဲ့တာပါ။
ဆရာဝန်မက စီဗစ်ရယ် ကိုယ်ခံအားကိုချပေးတဲ့ စတီးရွိုက် ဆေးရယ် စီထရင်းရယ် ဆက်အွန်ပါတယ်။ ဆေးထိုးကတော့ ရပ်သွားပါပြီ။ အရင်ရက်တွေက ညဖက်ဆို အိပ်ဆေးပါ ထည့်အွန်ပေးပါတယ်။
နောက်ပိုင်း လက်တွေ အယောင်ကျသွားပြီး အရေခွံတွေစကွဲပါတယ်။ အံ့ဩစရာတော့ ကောင်းပါတယ်။ လက်ကအရေခွံတွေက သူ့အလိုလို မာပြီးကျွတ်ပြီး ကွဲကုန်ုတာပါ။ ဆပ်ပြာလုံးဝ ထိလို့မရပါဘူး။ ရေထိပြီးတာနဲ့ သူက ပိုမာပြီး ကျွတ်ပြီး ကွဲပြီး ကွာကျလာပါတယ်။ တခုခုကို ကိုင်ဖို့ သိပ်အဆင်မပြေပါဘူး။ ကွဲတာသွေးတောင် ဆို့လာပါတယ်။
ပြည်တည်တာကနေ ခြောက်သွားတဲ့ အဖုတွေဟာ လုံးဝချပ်သွားပြီး တကိုယ်လုံးမှာရှိတဲ့ အရေပြားက အဖတ်လိုက် ကွာကျလာပါတယ်။ ခွာကြည့်လိုက်ရင် တိပ်ကို ကပ်ထားတာကနေ ဆွဲခွာသလို ဗျိဗျိနဲ့တောင် အသံထွက်ပါတယ်။ အပေါ်ယံအလွှာတွေ မာနေတာပါ။
ကွာသွားတဲ့အောက်က ပေါ်လာတဲ့အရေပြားကို မြင်တော့မှ ဟင်ချနိုင်ပါတယ်။ မဟုတ်ရင် ကျမတော့ အရေပြားရောဂါသည်လိုဖြစ်တော့မှာပဲ ဆိုပြီး စိတ္တဇဖြစ်နေတာပါ။ အစာလည်း မစားနိုင်ပါဘူး။
ညီမတွေနဲ့ စားကြတာချင်းအတူတူ ကျမတယောက်ထဲ ကွက်ဖြစ်တာပါ။ ကျမက ကိတ်လုပ်တဲ့ အခါထည့်တဲ့အမှုန့်တွေဟာ ကျန်းမာရေးအတွက် မကောင်းတာမို့ အများကြီး မသုံးသင့်ဘူးဆိုတာတော့ သိထားပါတယ်။ သတိမထားလိုက်မိပဲ ဖြစ်သွားတာပါ။
နောက်မစားတာကြာပြီဖြစ်တဲ့ အမဲသားကို စားမိတယ်။ ဒိတ်လွန်နေတဲ့ ဟင်းချက်ငရုတ်အနှစ်ကို သုံးမိတယ် ။ ငပိစားမိတယ်။ တရားခံဘယ်သူမှန်းမသိပေမဲ့ ဆရာဝန်မက ပင်လယ်စာလို့ အသေအချာပြောပါတယ်။
ကျမကငပိတသက်လုံးစားလာပြီး ဘာဆို ဘာမှ မဖြစ်ခဲ့သူမို့ သူပြောတာကို လက်မခံချင်ပါဘူး။
ဒီလိုနဲ့ တပတ်ကျော်လာတဲ့အခါ ထမင်းကို ကြက်ဥကြော်နဲ့ စစားပါတယ်။ အဲ့နေ့က အိမ်မှာ သီးစုံဟင်းရည်ချက်တာမို့ ကျမက သုံးဇွန်းလောက်မြည်းမိလိုက်ပါတယ်။ ဖြစ်ချင်တော့ ငါးနဲ့ချက်တာတဲ့။ သောက်ပြီးမှ သိတယ်။
ဘာဖြစ်သလဲ ဆိုတော့ ဟုတ်ကဲ့ သောက်လိုက်တာနဲ့မတန်အောင် ကွာပြီးသားနုနေတဲ့ အရေပြားပေါ်မှာ မိတ်ဖုနီတာရဲ အကြီးကြီးတွေ ချက်ချင်းထွက်လာပါတယ်။ ခံရပိုခက်ပါတယ်။ ဒါတောင်ဆေးတွေ ဆက်အွန်နေတုန်းပါ။
အတော်ပြန်ခံလိုက်ရတာမို့ တသက်လုံး စွဲလမ်းနှစ်ခြိုက်လာတဲ့ ငပိ၊ ငါးခြောက်၊
ပင်လယ်စာ ကျမ တဘဝစာ တသက်စာ နှုတ်ဆက်လိုက်ရပြီဆိုတဲ့ အမှန်တရားကို လက်ခံလိုက်ရပါတယ်။
သိပ်တော့ မကျေနပ်သေးပါဘူး ။ စိတ်ချရတဲ့ တနေရာမှာ ဆေးစစ်ပြီး သွေးပါစစ်ဖို့ စိတ်ကူးထားပါတယ်။
လောလောဆယ်တော့ အချစ်ဆုံးကို ကျောခိုင်းထားလိုက်ပါအုန်းမယ်။
ဒီနေ့အထိအရေပြားတွေ ကွာနေတာမကုန်သေးပါဘူး။ ကွာပြီး အသေးစားလေးတွေ ထပ်ထပ်ကွာနေတုန်းပါ။
နောက်တကိုယ်လုံး ချွေးလုံးဝမထွက်နိုင်သေးပါဘူး။ အရေပြားတွေက ပြန်ပြီး မကောင်းနိုင်သေးတာလားတော့မသိပါဘူး။ ပူလို့ ချွေးထွက်ရင် မျက်နှာ တပြင်လုံးပဲ ချွဲနစ်နေအောင်ထွက်ပါတော့တယ်။ ဒီနေ့မှ လည်ပင်းက နည်းနည်းချွေးထွက်နိုင်ပါတယ်။
ကျန်တဲ့ တကိုယ်လုံးက လုံးဝမထွက်နိုင်ပဲ နေပူထဲထွက်မိရင် တကိုယ်လုံးပူလာပါတယ်။ ခံရခက်ပါတယ်။ ဆူးစူးနေသလိုမျိုးပါ။ ဆစ်ကနဲ ဆစ်ကနဲ။
အလူးအလဲခံနေရတဲ့ ရက်တွေမှာ ကံကံ၏အကျိုးတို့ ဝဋ်ကြွေးဆိုတာတွေကို တွေးနေမိပါတယ်။ ဖြစ်ချိန်တန်လာတော့လည်း ကြံဖန်ပြီးကို ဖြစ်လာရပါတယ်။ တသက်လုံးစားလာပြီး ခုမှ ဖြစ်ရလေခြင်းဆိုပြီး မခံချိမခံသာလည်း ဖြစ်မိတယ်။ဘုရားကုကုတဲ့အနေနဲ့ ပရိတ်ကြီး ၁၁ သုတ်လည်း ရွတ်ပေးနေခဲ့ပါတယ်။
ကျမက ဘယ်ဘဝမှာ ဘယ်သူ့ကို ဘယ်လိုပြုမူမိခဲ့တယ် မသိပါဘူး။ ခုဘဝမှာ လုပ်မိတာဆိုလို့ အမေက သွေးတိုးသမားမို့ ငပိ၊ ငါးခြောက်စားတဲ့အခါ ဟန့်မိတာမျိုးတော့ ရှိပါတယ်။
အားလုံးစားဖြစ်တဲ့အထဲမှာ ကိုယ်ပဲ ဖြစ်တယ်ဆိုတော့ ဝဋ်ကြွေးပါလာတယ်လို့ပဲ တွေးပါတယ်။ဒီအတောအတွင်း ဘုရားရှိခိုးရင်လည်း ဝဋ်နာ ကံနာမဟုတ်ပဲ အာဂန္တုနာဆိုရင် အရှင်းပျောက်ပါရစေလို့ ဆုတောင်းမိပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်အစားမတော်တလုတ်ဆိုတဲ့သဘောကိုတော့ ကောင်းကောင်းကြီးကို မှတ်သွားပါပြီ။ ကိုယ်က အာပူလျှာပူ ၊ မုန့်ဟင်းခါး၊ ငါးဖယ်သုတ် ၊ ငါးမျိုးစုံ ၊အချဉ်ပေါင်းသုတ်ကို အလွန်နှစ်ခြိုက်သူမို့ ခုလိုဖြစ်တော့ အတော်စိတ်ဆင်းရဲသွားပါတယ်။ ဖြေမဆည်နိုင်အောင်ပါရှေ့ရက်တွေက။
ပုံမှန်ဆိုရင်လည်း အသားထက် ငါးကို အစားများနေကြမို့ ရှေ့လျှောက်ဘဝကြီးဟာ အချစ်ဆုံးတွေကိုကျောခိုင်းထားရမှာမို့ အလွန်ခြောက်သွေ့ပြီး လွမ်းစရာကောင်းနေတော့မှာပါ။
စကားမစပ်ပါ ရွာကိုဝင်တော့လည်း မသောက်ရတာကြာပြီဖြစ်တဲ့ ချိုပေါ့ကျကိုလည်း လွမ်းမိပါတယ်။ ကိုဘလက်အားရင် ရွာကို ပြန်လာအားဖြည့်ပါအုန်းလို့။
55 comments
အရီးခင်လတ်
September 13, 2012 at 4:21 am
Pooch ရေ
တဆင့်ကြားထားပေမဲ့ ဂဇက် ကို မန်ဘာဖြစ်တဲ့ အချိန်ကစပြီး မိတ်ပျက်၊ ဆွေပျက်၊ အလာပသလာပ လူမှုဝတ္တရားတွေပျက် မို့
သမီး ဆီကို သီးသန့်စာရေး အားပေးမယ် ဆိုပြီး စိတ်ကတကယ် ရှိပြီး လက်မပါခဲ့တာ ကို အရင်တောင်းပန်ပါတယ်။
ဆေးပညာ က ဝလုံးတန်းတောင် မသိလေတော့ ဘာမှ အကြံမပေးတာက ပိုကောင်းမယ်ထင်ရဲ့။
အစ်မပဒုမ္မာ ဆီက ရှောင်ရန်၊ ဆောင်ရန် တွေရပြီးဖြစ်မယ်လို့ လဲ သေချာပေါက်မှန်းပါတယ်။
အရီးကတော့ ငပိ နဲ့ ဝေးရင်း ဝေးရင်း မစားဖြစ်တော့တာ ဆယ်စုနှစ် မက ရှိခဲ့ပြီ။
မကြိုက်လို့ ဘယ်ဟုတ်မလဲ။
ကြိုက်သမှသိပ်ကြိုက်ပေါ့။
ငပိလေး မီးဖုတ်၊ ဆီဆမ်း ထမင်းပူပူလေး နဲ့ စားလိုက်လို့က အသားဟင်းတောင်ဘယ်လိုပါ့မလဲ။
ဒါပေမဲ့ အနံ့ ကို ကြောက်စိတ် က များခဲ့ချိန်မှာ ပြတ်သွားတော့တာပါဘဲ။
အိမ်ပြန်ရင်တောင် မစားဖြစ်တော့ဘူး။
ဒီတော့ သမီးရေ …
“ဝဋ်ကြွေးပါလာတယ်” ဆိုတာ နဲ့ (သူကြီး ဝါးလုံးကွဲရီမှာ ဖြစ်ပေမဲ့ ) ပြီးခဲ့ ဖြစ်လာခဲ့တာအတွက် စိတ်ဖြေဆေး ဆိုပြီး တွေးလဲ မမှားပါဘူး လို့ ထင်ပါတယ်။
ကိုယ်ပြန်ပြင်လို့ မှ မရနိုင်တော့တာ။
ဒါပေမဲ့
တွေ့၊ ဆုံ၊ ကြုံ၊ ကွဲ လို့ သဘောထားပြီး အစားတစ်လုတ် အတွက် အလာဂျစ် ကို ထပ် ထပ်ပြီး ခေါ်မနေပါနဲ့ လို့ဘဲ တိုက်တွန်း လိုက်ပါတယ် သမီးရေ။
အနာရောဂါများ မကြာခင် မှာ လုံးဝကင်းစင် ပျောက်ကင်း ပါစေ လို့ လဲ ဆုတောင်းလိုက်ပါတယ်။
ချစ်တဲ့
အရီး 🙂
pooch
September 13, 2012 at 12:16 pm
အရီးရေ ဦးပါဆီက စာရတဲ့အချိန် အိပ်ရာထဲက နလံထစမှာ အားနာနာနဲ့ ငြင်းရတာမို့ ကိုယ့်အခြေနေလေးကိုလည်း ဆင်ခြေအနေနဲ့ထည့်ရေးလိုက်တာပါ။ လူကြီးတွေကိုမှ အားမနာ ကိုယ်က ငြင်းမိခဲ့တာမို့ အနော့်ကိုလည်း ခွင့်လွှတ်ကြပါနော်။
ဒါတောင်ဦးပါက စည်းကမ်းချက်ကို တွဲပို့ပါသေးတယ်။
ဒေါ်ဒေါ်ကလည်း စာရေးမေး မမကလည်းစာရေးနဲ့ လူကြီးတွေကိုတောင် အားနာယူရပါတယ်။
ီ
ခုစိတ်လျှော့ထားပါတယ် အရီး။ ကျန်းမာမှ လုပ်ချင်တာလုပ်လို့ ရမှာမို့ ကိုယ့်ကိုယ်ကို ဆုံးမထားပါတယ်။
ခု အနော့်ရဲ့ daily routine ကို ပုံမှန် ပြန်လည်ပတ်နေပါပြီ။
ဒီရက် စာပြန်ရေးမယ် စိတ်ကူးထားပါတယ်။ ရွာကိုချစ်တယ်ဆိုပြီး စာမရေးပိုစ့်မတင်ရကောင်းလားဆိုပြီး ပြစ်တင်ကြိမ်းမောင်းစွဲချက်တင်ခံရလို့ပါ။ ကွန်းမန့်မှန်မှန်ရေးနေတာကိုကြတော့ မသိချင်ယောင်ဆောင်ပြီး ပြသာနာရှာသွားလို့ပါ။ ဒင်းအလှည့်လည်း တွေ့ပါအုန်းမယ် ။ 👿
Htoo thin
September 13, 2012 at 5:32 am
ကျွန်တော်အတွေါအကြုံအရ ပြောရရင်တော့ ခင်တဲ့ မိသားစုထဲက အငယ်ဆုံး၉တန်းကောင်လေးက ပုဇွတ်နဲ့ မတည်ဘူးလေ စားပြီးတိုင်း ယားတာ အသက်ရှူပါကျပ်တတ်တာ သူအမေက အေကရစ်မြစ်ကိုဆောင်ဆောင်ထားတယ် သူအမေကိုတိုင်ကလဲ အီလာဂျီရှိနေတာကို သူသားလေး အဲဒီလို ဖြစ်လာရင် အေကရစ်မြစ်ကို သွေးပြီး တိုက်လိုက်တာနဲ့ အံ့ပြီး သက်သာသွားတာတွေရပါတယ်..။ သွေးကြတယ်လိုလဲပြောပါတယ် ဒါပေမဲ့ ဆရာဝင်နဲ့ဘဲတိုင်ပင်သင့်တယ်လို့ထင်ပါတယ်နော် ခင်မင်စွာဖြင့်
pooch
September 13, 2012 at 12:21 pm
ဟုတ်ကဲ့ပါ ကိုထူးသင်ရေ ကျမဒီအေကရာဇ်အမြစ်အကြောင်းလေး တိုင်းရင်းဆေး ဆရာမ သူငယ်ချင်းအသိရှိတာမို့ မေးကြည့်ပါ့မယ်။ ကျေးဇူးပါ။ တကယ်ဆောင်သင့်ရင် ဆောင်ထားရအောင်လို့ပါ။ အင်္ဂလိပ်ဆေးမှ မဟုတ်ပါဘူး ။ တိုင်းရင်းဆေးလည်း အစွမ်းထက်တာမို့ လျှော့တွက်လို့ မရပါဘူး။
စကားမစပ်ပါရှင် လိုဂိုက ကိုငှက်ကြီးရဲ့ ပုံလေးကို အလွန်သဘောကျကြောင်းပါ။ ကျမလည်း ထူးအိမ်သင် ခရေဇီတယောက်ပါ။ သူဆုံးတော့ အလွန်ဝမ်းနည်းနှမြောခဲ့ပါတယ်။ သူ့လိုနောက်တယောက်ကျမတို့ မတွေ့နိုင်တော့ပါဘူး။
padonmar
September 13, 2012 at 6:59 am
မယ်ပုရေ
သနားပါတယ်။ငယ်ကျွမ်းဆွေနဲ့ကွဲပြီ။
ဒါမှ အသည်းကွဲတမ်းချင်းပါပဲ။
ရှောင်မှလည်းဖြစ်တော့မယ်။
တစ်ခါမတည့်ရင် နောင်လည်းထပ်ဖြစ်တတ်ပါတယ်။
နောက်ပြီး steroid ကို tail off လုပ်ဖြတ်ရပါတယ်။
အဲဒီလို မသုံးခဲ့ရင် နောက်ဖြစ်တဲ့အခါ dose တွေ ပိုပိုသောက်လာရပါလိမ့်မယ်။
steroid side effect တွေကလည်း အများသားမို့ ကိုယ့်ကိုကိုယ် ငပိမစားတဲ့ တိုင်းပြည်မှာမွေးတယ်လို့သာ သဘောထားလိုက်ပါတော့။
မယ်ပုဖြစ်တာ sulphur allergy ဖြစ်တဲ့ Steven-Johnson Syndrome နဲ့တောင်ဆင်သလိုပဲ။
ဂျူးရဲ့ နံရံရဲ့ အခြားတစ်ဖက်မှာက မင်းသမီးဖြစ်တာရော ပြန်ဖတ်ကြည့်နော်။
ဒဿ ဖွတ်ကျား
September 13, 2012 at 7:08 am
အန်ကယ် ဒုံ ရေ…
ကျနော် အတိအကျ ..အဲ့လို ဖြစ်ဖူးတယ်ခည..
ဆာလဖာ အလာဂျီလေ..
ကံကောင်းလို့ ..တိုက်ပ်ဖိုး ဟိုက်ပါဆန်ဇစ်တစ်ဗတီ နဲ့ ကြွတော့မလို့…
နေမကောင်းလို့ ဆာလဖာ ပါတဲ့ အန်တီဘိုင်အိုးတစ် သောက်ရင်း
တကိုယ်လုံး နီရဲလာပီး အပိန့်တေ ွထွက်တာဗျ..
သေမယ်ဆို သေချင်ဇယာ နေ့ဘက်ဆေးတွေ ညနေဆေးတွေ ကို
စာမေးပွဲအတွက် စာကျက်နေလို့ .. အိပ်ငိုက်မှာစိုးလို့ မသောက်ဖြစ်ဘဲ ..ညဆေး ကျမှ
စသောက်လိုက်တာ .. ၁၀-၁၁နာရီလောက်ကြီး နီနီရဲရဲ ဖြစ်လာတော့တာရယ်…
(ဟိုတယောက်တော့ .. ဆာလဖာ ကျွေးပီး လာသတ်တော့မှာပဲ..)
ကန်မီကယ် ဆာလဖာတော့ ..ခုနေ ပြန်စားရင် သေမလားပဲ…
အော်ဂန်းနစ် ဆာလဖာတော့ … ကျင့်ယူလို့ရသွားပြီ ပြောရမလားဗျာ…
အရင်က ဆာရှိမိ စားရင် ..နည်းနည်းယားချင်ချင် … ဘာမီတွန်လောက်နဲ့ ကိစ္စပြတ်ရဲ့…
၆လလောက် ကျင့်လိုက်တာ နောက်ပိုင်းတော့ .. ဘာမှ မဖြစ်တော့ဘူးဗျို့…
ရေပူစမ်းက ဆာလဖာ လည်း အိုကေသွားပြီ..
အဲ …ဆာလဖာ ဆေးတော့ ရှောက်ထားတာ ၅-၆ နှစ် ရှိပါပြီ…
😆
ကံကောင်းတယ် … ဘီဘီမှာ ဆာလဖာ မပါတာ…
😀
pooch
September 13, 2012 at 12:27 pm
ဟုတ်ကဲ့ပါ ဒေါ်ဒေါ် အဲ့ဒီစာအုပ်လေး ဖတ်ဖူးပေမဲ့ အမှတ်တမဲ့ပဲ ။ ပြန်ရှာဖတ်ကြည့်လိုက်ပါ့မယ်။
အရီးခင်လတ်
September 13, 2012 at 4:39 pm
Pooch လေး
အစ်မပဒုမ္မာ ပြောတဲ့ ဂျူး ရဲ့ နံရံရဲ့ အခြားတစ်ဖက်မှာ pdf ဖိုင် ရှိတယ်။
ပို့ပေးရမလား။ 🙂
pooch
September 13, 2012 at 4:46 pm
ပို့ပေးပါ အရီး ကျေးဇူးကမာ္ဘပါ။
ူlove you so much 😀
ဒဿ ဖွတ်ကျား
September 13, 2012 at 7:00 am
အင်း ….
ကြားကြားချင်း …
ရွာက ဘကြီးဘုန်းကြီးတော့ သည်လိုနဲ့ပဲ သွားတာပဲ ဆိုပြီး
နောက်လိုက်မိတာ .. စတီးရွိုက်တောင် အွန်ရတယ် ဆိုတာကြားပြီး သကာလ
စိတ်ထိခိယက်မိသေးရဲ့ …။
(ဂလိုပဲ ပြန်ပင့်ပေးရတာပ…)
နောက်တာပါ ..
အတည်ပြောပါ့မယ်… ပင်လယ်စာ က အဓိက ပြဿနာ ဆိုရင်တောင်
တခုလေး ကွဲကွဲပြားပြား ပိုသိရင် ပိုကောင်းမယ် လို့ မြင်မိပါရဲ့..
အဲ့ဒါကတော့ ..ပင်လယ်စာမှာ ပါတတ်တဲ့ ဓါတ်တမျိုးမျိုးနဲ့ မတဲ့တာလား…
(ဥပမာ ဆာလဖာ)
ပင်လယ်စာတွေရဲ့ ပရိုတင်းပုံစံတွေ နဲ့ မတည့်တာလား ဆိုတာလေးပါ …
အဲ့ဒါ ကွဲကွဲပြားပြားသိရရင် ပို ကောင်းလိမ့်မယ်ဗျို့..။
ကျုပ်တုန်းကတော့ လူခေါင်းလောက်ရှိတဲ့ ရေပူရေအေး စီးကြောင်းတွေမှာသာ
နေလေ့ရှိတဲ့ (ဖမ်းရခက်တဲ့) .. မုန်တိုင်းရှိလို့သာ ကျွန်းဝင်ခိုတုန်း ဖမ်းမိတဲ့
ဂဏန်းလက်မ စားပီး ..ဖြစ်တာ ပါပဲ…။
အလာဂျီ ဆိုလို့ပါ.. ကုသနည်းတွေ အပ္ပဒိတ် ဖြစ်သွားလို့လားတော့မသိဘူး
ပိုတက်ဆီယမ် ပါမန်းဂနိတ်နဲ့ ဖန်ဆေးတာ မတွေ့ရဘူးနော..။
ကျုပ်တုန်းကတော့ အနှီ မိတ်ဖုလို အဖုတွေကိုဖန်ဆေးခဲ့ရဖူးတယ်။
ဟိုတလောက ကိုသာ ထင်ရဲ့ ရေးတဲ့ စားသုံးသူ အဖွဲ့အစည်းတွေ ပေါ်ပေါက်လာတော့မယ်
ဆိုတာလေး နဲ့ ချိတ်ဆက်တွေးမိရင်တော့ .. အနည်းဆုံး ထုတ်လုပ်ရောင်းချတဲ့
အစားအစာ တခုခု ကို ပါဝင်တဲ့ အင်ဂရီးဒီးယန့်တွေကို စနစ်တကျ ဖော်ပြရတဲ့
စနစ်ကလေး က စစေချင်တာပါပဲ …။ (ဆေးဆိုးတယ် ၊ ပိတ်တယ် ၊ ဒဏ်တပ်တယ် ၊ ပြန်ရောင်းတယ်)
ဆိုတာတွေက မစ ပဲ ပေါ့ဗျာ ..။ ကိုယ်ထုတ်တဲ့ ထုတ်ကုန် ဘယ်လောက် ကယ်လိုရီ ဘယ်လောက် ဖက်
နဲ့ ဘာတွေ ဘယ်လောက် ဂရမ်(မီလီဂရမ်) ပါတယ် ဆိုတာ စနစ်တကျ မြင်သာအောင် ဗူးခွံ
စသည်မှာ ရေးရတဲ့ စနစ်ပေါ့ …။ ဒါမှသာ ဝယ်သူက ကိုယ်နဲ့ ကိုက်မကိုက် တည့်မတည့်
ရွေးချယ် ဝယ်ယူနိုင်မှာကိုး …။ စားသုံးသူအဖွဲ့ကတော့ … သူရေးတာနဲ့ သူထုတ်တာ မှန်ကန်
ပြည့်စုံသလား ..တချိန်လုံး စောင့်ကြည့် အကဲဖြတ်သွားရမယ့် အလုပ်ကို လုပ်ပေါ့ ..။ မမှန်တာရှိရင်
သက်သေသက်ကာရနဲ့ ကျန်းမာရေးဌာနကို တင် …။ သည်လိုမျိုး စနစ်ကျ သွားစေချင်ရဲ့ဗျာ…
သိပ်တော့ စိတ်ဓါတ်မကျပါနဲ့ …. အစာမှားလို့.. အလာဂျီ ထတယ် ။ အထက်လန်အောက်လျော
ဖြစ်တယ်ဆိုတာ … အသိ အာပျိုရီးတွေမှာ အတော်လေး ကွန်မွန်းဖြစ်တဲ့ ..(ဖြစ်လေ့ဖြစ်ထရှိတဲ့)
ကိစ္စရပ် တခုပေမို့ … (ဟီဟိ…)
ပြင်းပြင်းပြပြ မတွေးစေချင်ဘူး …။
လို့လည်း .. မတွေးစေချင်ပါဘူးကွယ်….။
မြွေဆိပ်တောင် နည်းနည်းစီ ထိုးသွင်းပြီး ပြီးအောင် ကျင့်ယူလို့ရသေးတာ မဟုတ်လား နော..
(ကြပ်ပေးတာမဟုတ်ပါ..)
နောက်တာ .. အတည်..
အာဟိ…
ဒက်ဂလောက် .. ဒက်ဂလောက်
pooch
September 13, 2012 at 12:41 pm
ဘာအခုမှ စိတ်ထိခယက်နေသလဲ ရစရာမရှိ ပြောဆိုနေပြီး 👿
ညည်းနဲ့မတည့်တာ ဆာလဖာလား သေချာမှတ်ထားအုန်းမှ
အပြောအဆိုလေးလည်း ဆင်ခြင်ပေါ့ ဟုတ်လား
ဖန်ရေလား ဆေးတာပေါ့အေ ဘယ်နေလိမ့်မလဲ နောက်ရက်တွေမှာ ဆေးတာတောင် မဟုတ်ဘူး ချိုးရေထဲ ထည့်ပြီးကို စိမ်ပြီး လောင်းချိုးခဲ့တာ။ အဲ့ဒါကြောင့် ယားတာသက်သာခဲ့တာ။
ကိုသာပြောတဲ့ စားသုံးသူအဖွဲ့ဆိုတာ မန်းလေးပါရောက်လာရင် အဖွဲ့ဝင်အဖြစ် ဝင်ဖို့တောင် စိတ်ကူးထားတယ်။
စိတ်မလျှော့ပါဘူး။ လောလောဆယ် ကျောခိုင်းထားတာပါ။ တနေ့ ဖြစ်ချင်တာကို ဖြစ်အောင် လုပ်ယူအုန်းမှာ။ 😀
တညင်သား
September 13, 2012 at 8:03 am
အန်တီပု တော်တော်နောက်တာပဲ ထီလာဂျစ် ဒဂုံဂျစ် မန္တလာဂျစ် တိုပဲ ကြားဘူးတာကို အလာဂျစ် ဆိုတော့ ဘူးသီးတောင် က ဂျစ်ကားတောင် ထုတ်လုပ်နေပြီးလားပေါ့….:P
pooch
September 13, 2012 at 12:46 pm
တိုင်းရေးပြည်ရေး မကောင်းရတဲ့အထဲ မနောက်ပါနဲ့ တညင်သားရယ် 😀
မတွေ့တာတောင် ကြာပေါ့။ အစစအရာရာ အဆင်ပြေလို့ နေကောင်းကျန်းမာပါစေ။
အားတဲ့အခါ ခရီးလေး ဘာလေးသွားပြီး စာလေးပုံလေး တင်ပါအုန်း။
Moe Z
September 13, 2012 at 8:37 am
မမပူးချ်ရေ စိတ်မကောင်းလိုက်တာ တော်တော်ခံလိုက်ရမှာနော် 🙁
မိုးစက်လည်း allergy ရှိတယ် .. ထူးထူးဆန်းဆန်းပါပဲ ဒန့်ဒလွန်သီးနဲ့မတည့်တာ
ငယ်ငယ်ကတည်းစားနေကျပေမယ့် ၉တန်းကျောင်းသူလောက်မှာ စပြီးမတည့်တော့ဘူး
ပထမဆုံးစဖြစ်တော့ ဘာကြောင့်မှန်းမသိဘူး မေမေကသူအသစ်စိုက်ထားတဲ့ လီလီပန်းတစ်မျိုးကြောင့်လို့ထင်တာ
ဒုတိယအကြိမ်မှသိတယ် ဒန့်ဒလွန်သီးကြောင့်ဆိုတာ
စားလိုက်ရင်သွေးထဲကကိုလှိုက်ပြီး ယားလာတာ တစ်ကိုယ်လုံးအပိန့်တွေထွက်ပြီးနီရဲလာတယ်
မျက်နှာတွေအန်းပြီး မျက်လုံးတွေအစ်လာတယ်
စီထရင်းသောက်လိုက်ရင်တော့ သက်သာတယ် နာရီဝက်၊ တစ်နာရီလောက် အိပ်ပျော်သွားပြီးရင် မျက်နှာပဲနည်းနည်းအန်းကျန်ခဲ့ပြီး အပိန့်တွေအကုန်ပျောက်သွားတယ်
အဲဒီနောက်ပိုင်း လုံးဝမစားတော့တာအခုထိဆိုတော့ အလာ့ဂျစ်လည်း ထပ်မဖြစ်တော့ဘူး
အပြင်မှာစားရင်လည်း အချဉ်ဟင်းဆိုလုံးဝမထိတော့တာ အဲဒီအသီးပါမပါမသေချာလို့
တစ်ခုတော်သေးတာက သိပ်ကြိုက်တဲ့အစားအစာမဟုတ်လို့ပဲ
မမပူးချ်ကတော့ စားစရာတွေနည်းသွားတော့မှာပဲ
အရေပြားတွေကွာကုန်တာဆိုတော့ မမရေ လိုးရှင်းတွေသုံးမယ်ဆိုရင် ဘေဘီလိုးရှင်းလေးတွေလိုပျော့ပျော့လေးတွေပဲသုံးဦးနော် …
pooch
September 13, 2012 at 12:49 pm
မိုးစက်ရေ အင်တာနက်ထဲ ပြူးပြဲရှာတော့ သံလွင်ဆီဟာ အကောင်းဆုံး ဆိုလို့ သံလွင်ဆီပဲ လိမ်းပါတယ်။ တကယ်သက်သာတာပါ။ အသားအရေ ပြန်ကောင်းပြန်စိုလာပါတယ်။ အရေခွံတွေလည်း ပျော့သွားပါတယ်။
လောလောဆယ် သံလွင်ဆီ တမျိုးပဲသုံးနေပါတယ်။
မိုးစက်လည်း အလာဂျစ် ရှိတယ်လား ။ ဘဝတူတွေပဲ 🙁
kyeemite
September 13, 2012 at 9:18 am
တော်တော်ခံစားလိုက်ရတာပဲ..စိတ်မကောင်းပါဘူးဗျာ…
စကားမစပ်ပါ ရွာကိုဝင်တော့လည်း မသောက်ရတာကြာပြီဖြစ်တဲ့ ချိုပေါ့ကျကိုလည်း လွမ်းမိပါတယ်။ ကိုဘလက်အားရင် ရွာကို ပြန်လာအားဖြည့်ပါအုန်းလို့။
ကိုဘလက်ကိုအဆက်အသွယ်ရတိုင်း ကျုပ်လဲတိုက်တွန်းနေပါဂျောင်း..
ခုသောကြာနေ့တော့ ခရီးရှည်တစ်ခုထွက်အုံးမည်ဟုကြားထားပါဂျောင်း..
ဒီတခေါက်ခရီးမှပြန်လာရင်တော့…ရွာပြန်ဝင်ပြီးရေးလိမ့်မည်ဟုမျှော်လင့်ပါဂျောင်း..
အန်တီပု လည်းနေကောင်းကျန်းမာပြီး အလာဂျစ် ထပ်မဖြစ်စေရန်ဆုတောင်းပေးပါဂျောင်းးး
ခင်တဲ့..
ကြိုက်မီး။
pooch
September 13, 2012 at 12:59 pm
ဦးမိုက်ရေ အဲ့ဒီ လူကြီးကိုပြောလိုက်စမ်းပါ သူများတွေကိုကျတော့ ရွာကို မချစ်ဖူူးလား မေးပြီး ခုလိုလုပ်နေတာကရော ချစ်ရာရောက်ရဲ့လားလို့ပါ။ အမြန်ပြန်လာပါလို့။
Hnin Hnin
September 13, 2012 at 9:32 am
ဟယ်..ကြောက်စရာနော်..မpoochရယ်..သနားပါတယ်။ တော်တော်ခံလိုက်ရမှာပဲ။
အဲလောက်ကြီးလား allergic ဆိုတာ။
ဟိုသူရာရည်ဆန်ဆန်တွေသောက်မိတာ အဲလိုဖြစ်ခဲ့ရင်ဆိုပြီး ကျောတောင်ချမ်းသွားတယ်။
ကိုယ့်ကိုဒုက္ခပေးတဲ့အစားအစာတွေ အရီးပြောသလိုပဲ လှည့်ကိုမကြည့်ပါနဲ့တော့။
မစားဘူးလို့စိတ်ဖြတ်နိုင်ရင် စားဖို့တောင်မေ့သွားတော့တာ နှင်းနှင်းကိုယ်တွေ့မို့ပါ။
pooch
September 13, 2012 at 1:00 pm
နှင်းနှင်းရေ ကျမလည်း ပြောမယုံ ကြုံဖူးမှ သိတာပါပဲ
weiwei
September 13, 2012 at 9:35 am
အလာဂျစ်ကတော့ ကျွန်မရဲ့ နေ့စဉ်ကြုံတွေ့ရတဲ့ရောဂါပဲ … စီထရင်းကို နေ့တိုင်း (တစ်ရက်မပျက်)သောက်ခဲ့ရတာ ၁၅ နှစ်တောင်ရှိနေပြီ … ဘာကြောင့်ဖြစ်တယ်ဆိုတဲ့အကြောင်းရင်းကိုရှာကြည့်တော့ အကြောင်းအရာအများကြီးကြောင့်ဖြစ်နေတာ တွေ့ရတယ် … အဓိကက cool allergic ဖြစ်တာမို့ အေးတဲ့အစားအစာ (ရေခဲပါတာမှန်သမျှ) အကုန်ရှောင်ရတယ် … ရာသီဥတု အပူအေးကို အတတ်နိုင်ဆုံးညှိပြီးနေရတယ် … အဝတ်အစား (ပိတ်စ) ကို သတိထားပြီး ဝတ်ရတယ် … ဆီများများနဲ့ကြော်ထားတဲ့အကြော်တွေ စားလို့မရဘူး … မိုးရာသီမှာ မှိုတတ်တာမို့ အဲဒီမှိုကလဲ အလာဂျစ်ပဲ … ညစ်ပတ်တယ်လို့ စိတ်ထဲကထင်လိုက်တာနဲ့လဲ အလာဂျစ် … ဗမာဟင်းချက်ရင်ထွက်တဲ့အနံ့ကို ရှူမိရင်လဲ အလာဂျစ် … အလုပ်လုပ်ရင်း အဆင်မပြေလို့ စိတ်ညစ်လိုက်ရင်လဲ အလာဂျစ် …
အလာဂျစ်ဖြစ်လာရင် အာခေါင်အတွင်းပိုင်းမှာ အဖုအပိန့်ထွက်ပြီး ယားတာမို့လို့ အရမ်းကိုခံရခက်တယ် … ဖြစ်ပြီလို့သိလိုက်တာနဲ့ ချက်ခြင်း စိတ်ကိုလျော့ပြီး စိတ်ငြိမ်အောင်အရင်လုပ်ပြီး အာရုံပြောင်းရတယ် … အာရုံမပြောင်းနိုင်တဲ့ အနေအထားဆိုရင်တော့ အာခေါင်ကနေ နှာခေါင်း၊ မျက်စိ၊ နားအထိ ကူးစက်လာပြီး နောက်ဆုံး အဖျားတက်ပြီးမှပဲ ပြီးတော့တယ် …
ပင်လယ်စာ မတည့်တာတစ်ခုနဲ့တော့ စိတ်ဓါတ်မကျပါနဲ့ မယ်ပုရေ …
ဘယ်ဓါတ်နဲ့မတည့်တာလဲလို့ သေချာစစ်ဆေးပြီးရင် ကိုယ့်ဟာကိုယ် ငပိလုပ်ပြီး စားလို့ရချင်ရမှာပါ …
ကျွန်မလို ရာသီဥတုနဲ့ အလာဂျစ်ကတော့ weather ပြင်တတ်တဲ့သူ ပေါ်လာမှပဲ ပျောက်တော့မယ် ထင်ပါကြောင်း …. 😛
pooch
September 13, 2012 at 1:04 pm
အော် မဝေလည်း ဆင်ခြင်ရတာတွေ မနည်းဘူးပဲ ။ ဟင်းအနံ့က ကျမလည်း ရှုမိရင် ဖြစ်တယ် မအီမသာ။ ဘဝတူတွေ အများကြီးပဲ ။ ကျမတောင် နည်းနည်းအားတက် သွားပြီ။ 😀
surmi
September 13, 2012 at 10:13 am
မန်းဂဇက်မှာ အလာဂျစ်တွေ စုထားသလားထင်ရတယ်
ဟဲဟဲ ကျုပ်လဲ အလာဂျစ် ။
နောက်ဝင်မဲ ့မန်ဘာတွေကို အလာဂျစ်မရှိရင် တင်းပြည် ့
အသင်းဝင်မဟုတ်လို ့ ပြောရမလိုဖြစ်နေပြီ ။
ဘာပဲဖြစ်ဖြစ် ဒီလောက် ဆိုးဆိုးဝါးဝါး ခံရတာတောင်
ရွာထဲဖောက်အောင်လာတဲ ့ သံယောဇဉ်ကိုလေးစားမိတယ်
ကျနော်လည်း ပင်လယ်စာမတဲ ့တာပါ ။ ချောင်းသာ
ရောက်ရင်တော ့ ဆေးသောက်ပြီး စားတာပဲ ။
pooch
September 13, 2012 at 1:08 pm
အခန်းအောင်းနေရတာမို့လက်တွေတင်းပြီး ယောင်နေတာကို ကီးဘုတ်ရအောင် နှိပ်ပြီး ရွာလည်သလို စာအုပ်တွေလည်း ဖတ်နေခဲ့ရပါတယ် ကိုဆာမိရယ်။ အာရုံပြောင်းအောင်လို့ပါ။
Sonny
September 13, 2012 at 10:36 am
Hi Pooch
ငဆန်နီအမြင်တော့
ဗိုုက်ထဲဝင်သွားတဲ့အစားအစာဆိုတာပြန်ထုတ်လို့မရဘူး(လွယ်လွယ်နဲ့)
ပြောပြီးသားစကားပြန်သိမ်းလို့မရသလိုပဲ( တောင်းပန်တာကလွဲလို့)
အစားသောက်ဆိုတာဆင်ခြင်လေ လူ့ခန္တာအတွက် အကျိုးရှိလေပဲ
ငဆန်နီလည်းတရားသာဟောတတ်တာ ကိုယ်ကိုတိုင်ကတော့ ကိုယ်ဟောတဲ့တရားနဲ့ ဆန့်ကျင်တာများတယ်
တွေကရ အကုန်စားမိတယ်
ချစ်ခြင်းအားဖြင့်..ကိုဆန်နီ….
pooch
September 13, 2012 at 1:11 pm
ဟုတ်ကဲ့ပါ ကိုဆန်နီ ရှေ့လျှောက်ဆင်ခြင်ပါ့မယ် 😀
ဦးဦးပါလေရာ
September 13, 2012 at 10:47 am
အလာဂျစ် ဆိုတာ
ဖြစ်ဖူးမှပဲသိတာ…
ကျုပ်ကတော့ ထိပ်တန်းဝါရင့် အလာဂျီ သမားပဲ
ကျုပ်ထင်တာ ကျုပ်လဲဘာနဲ့မှ သိပ်တည့်ပုံမရဘူး…
တချို့အနံ့တွေနဲ့မတည့်ဘူး
တချို့ ပန်းတွေနဲ့မတည့်ဘူး
တချိုု့ အစားအစာတွေနဲ့မတည့်ဘူး
တချို့ အဝတ်အစားတွေနဲ့မတည့်ဘူး
တချို့ လူသုံးပစ္စည်းတွေနဲ့မတည့်ဘူး
လူဖြစ်အရှုံးဆုံးကတော့
အယ်ကိုဟောနဲ့
လုံးဝ လုံးဝ တစက်ကလေးမှမတည့်ဘူး…. 🙁 🙁
pooch
September 13, 2012 at 1:15 pm
ဦးပါရဲ့ ဝါဆိုထမင်းတော့ လွဲပြီ ထင်ရဲ့ 🙁
amatmin
September 13, 2012 at 10:48 am
ဒေါ်ပုချ်ရေ…
ကျနော်လည်း အလာဂျစ် ဒဏ်ခံရဖူးသကိုးဗျ..
ငယ်ငယ်က ပင်လယ်စာအပါ.ပုစွန်စိမ်း.ခြောက်ဘာမှစားမရဘူး..
ရာသီဥတု ပူလွန်း အေးလွန်းရင်လည်းမရဘူး.
ဘာမီတွန်ကို. ၅ နှစ်လောက်ဆက်တိုက် နေ့တိုင်းနီးပါးသောက်ခဲ့ရတယ်..
ဖန်ရေဆေးတာ..အင်ဖက် ပြုတ်ရည်နဲ့ ရေချိုးတာ..ဘုရားကုစတာတွေ အစုံလုပ်ခဲ့ရတယ်.
နောက်အရွယ်ရောက်လာတော့ ဘီယာသောက်ရင်လည်း အလာဂျစ်ထ လာတယ်.
နောက်ဆုံးတော့ အပေါ်မှာ ကိုဂီပြောထားတဲ့နည်းလမ်းအတိုင်းပဲ..
မတည့်တာတွေကို ပိုပိုစား.သောက်လုပ်လိုက်တာ နောက်ဆုံးအလာဂျစ်ထွက်ပြေးပီး..
နောက်ပိုင်းမှာ.ဘာစားစား ဘာသောက်သောက်.ဘာဆိုဘာမှ မဖြစ်တော့ပါကြောင်း.. 🙂
ဒါပေမဲ့ ၂နှစ်မှာ တခါလောက်တော့ သတိရရင် ပြန်ဖြစ်တတ်သေးပ ဗျာ.. 😀
pooch
September 13, 2012 at 1:21 pm
ကိုအမတ်ရေ ဘဝတူတွေ များတာမို့ အားတက်လာပါကြောင်း ။
ကျမလည်း မသေခင်တော့ စားချင်တာ ပြန်စားရအောင် အလာဂျစ်ဆိုတဲ့ အကောင်ကြီး ထွက်ပြေးအောင် နည်းလမ်းရှာပါအုန်းမယ်။ 😀
စိန်ဗိုက်ဗိုက်
September 13, 2012 at 11:15 am
အစားအစာတွေ လတ်လတ် ဆတ်ဆတ် မဟုတ်ပဲ စားမိလို ့လား..
အစားစုံသွားလို ့လား..
မလတ်ဆတ်ရင် မစားတာအကောင်းဆုံး ထင်တယ်နောာ..
pooch
September 13, 2012 at 1:23 pm
ဟုတ်တာပေါ့ ဗိုက်ဗိုက်ရယ် မလတ်ဆတ်တာတွေပါသွားတာလည်း ပါမှာပါ။ အစားမတော်တလုပ်လေ 🙁
Crystalline
September 13, 2012 at 11:48 am
မပုချ်အကြောင်းဖတ်လိုက်ရတာစိတ်တောင်မကောင်းဘူး. မျက်နှာအသားတွေဘာမှမဖြစ်တာတော်သေးတယ်နော်. အစားသောင်းကျန်းတဲ့ကျမလည်း ဆင်ခြင်မှဖြစ်တော့မယ်. .. ဒါနဲ့စကားမစပ် ခွာလိုက်တဲ့အရေခွံဟောင်းတွေမသိမ်းထားဖူးလား ဦးကြောင်ကြီး လိုချင်ရင်မှာ ရှာရာပိုဗာအတွက်ပေါင်ဒါမှုန့်လုပ်ပေးဖို့ရအောင်လေ. 🙂
pooch
September 13, 2012 at 1:28 pm
ခရစ်(စ)ရေ မြွေအရေခွံလဲသလို အဖတ်တွေပါ။ ဦးကြောင်က အဲ့ဒီအရေခွံတွေနဲ့ အလာဂျစ်ဖြစ်မှ ကြောင်အမှုရွာလာပတ်နေပါအုန်းမယ် ။ ကြောက်ပါရဲ့ 😆
Shwe Ei
September 13, 2012 at 12:36 pm
ငပိနဲ့မတဲ့ဘူးကြားလို့ စိတ်မကောင်းဝူး အမပုရေ။ နေ့တိုင်းစားဖြစ်တဲ့ မပါမဖြစ် အင်ဂရီးဒီးယန့် မို့ ဆရာဝန်ကို သေချာအောင်မေးစေချင်ကြောင်း။
ခင်တဲ့
မရွှေအိ
pooch
September 13, 2012 at 1:30 pm
ရွှေအိရေ ကျမလည်း သေချာလေး ပြန်စစ်ဖို့ စိတ်ကူးထားပါတယ်။
TTNU
September 13, 2012 at 1:10 pm
မမယ်ပုချ်ရေ…
ဂဇက်ကြီးနေကောင်းသွားပြီမို့ ပြန်လာနှိုင်ပါပြီ။
ဒီတော့မှ မယ်မင်း ဘဝ ဖြစ်စဉ် အသေးစိတ်သိရပေသကိုး။
အလားဂျစ်ခ် ဖြစ်ပြီး အသားတွေ အက်ကွဲကုန်တယ်ဆိုလို့
တော်ပါသေးရဲ့ အသည်းတွေ အက်ကွဲ မသွားတာလို့ ကြင်ကြင်နာနာ
တွေးပေးနေမိပါတယ်။ 😀
I also do have allergic, you know.
I am allergic to slow connection. 😈
ှု
pooch
September 13, 2012 at 1:31 pm
me too my beloved teacher…. 😀
မောင်ပေ
September 13, 2012 at 1:14 pm
အလာဂျစ်
ဆရာညစ်
အသာချစ်
မပါလစ်
ဗလာဖြစ်
( အဲဒါ တစ်သွေးလဲတာလို ့ခေါ်ကြောင်း ၊ ရှေးအမည်မသိ ဆေးကျမ်းဟောင်းကြီး တစ်စောင်ထဲမှာ ဖတ်ခဲ့ဖူးပါအိ ၊ အမြန်ဆုံး ပျောက်ကင်းလိုပါက ဂွေးလယားသီးမှုန် ့ကို ကြေညှက်နေအောင်ထောင်းပြီး ၊ နေအစောင်းမှာ ဖေသောင်းအား ပေးလိုက်ပါ )
pooch
September 13, 2012 at 1:33 pm
အဲ့ဒီအမှုန့်တော့ ညည်းတို့ လင်မယားပဲ ဆောင်ထားတော့ 👿
ကျုပ်ကတော့ မလိုဘူး။
ကိုခင်ခ
September 13, 2012 at 1:28 pm
Pooch ရေ ဖတ်ပြီးတော့ စိတ်မကောင်းဘူးဗျာ။
အလာဂျစ်ဆိုတာဘာလို့ဖြစ်တာလဲ ဖြစ်ရင်ဘယ်လိုအစားတွေစားရမလဲလို့ တွေးမိရင်း အဲဒီရောဂါအကြောင်းစိတ်ဝင်စားသွားပြီ မန်းရောက်ရင် စာအုပ်ဆိုင်တွေဆီမွှေလိုက်အုံးမယ်။
တွေ့ခဲ့လို့ဖတ်ပြီးရင်တော့ မျှဝေတဲ့ပိုစ့်လေးတင်မယ်ဗျာ။
လောလောဆယ်ဆယ် သတိရတာကတာ့ အခုလိုအခြေအနေမှာ ကစီဓာတ်များတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို သိပ်မစားသင့်ပါ၊ ကီဝီသီး၊ လိမ္မော်သီးနဲ့ စပျစ်သီးတို့ကိုတော့ စားလို့ရတယ်လို့ စာအုပ်တစ်ခုမှာဖတ်မိတယ်။ ဒါကြောင့်သီးစုံချဉ်ဟင်းသောက်မိတဲ့အခါမှာ မိတ်ဖုနီတာရဲတွေပြန်ထွက်တာပါ၊ ငါးကြောင့်ပဲမဟုတ်ပါ ဟင်းရွက်များခုချိန်ရှောင့် သင့်ပါတယ်။
ဆေးအခေါ်တွေရေးဖို့မမှတ်မိလိုပါ။ စာအုပ်လည်း အိမ်မှာမို့လေ။
pooch
September 13, 2012 at 1:37 pm
ကိုခင်ခရေ ဒီလိုလေး သိရတော့ ကိုယ့်ရဲ့ဖြစ်ကြောင်း ဇစ်မြစ်ကို ပိုသိလာပါတယ်။ နည်းနည်းအားတက်လာပါတယ်။ အဆင်ပြေရင် ရေးတင်ပေးပါနော်။ ကျေးဇူးအထူးတင်ပါတယ်။
ခုလောလောဆယ် စပျစ်သီးကို အခွံရော အစေ့ရော ဝါးစားပေးနေပါတယ်။ သံပုရာရည်လည်း သောက်ပေးနေပါတယ် တနေ့တခွက် မှန်မှန်။
ဗီတာမင် စီကိုလည်း စားပေးနေပါတယ်။
ဒုတ်ထိုး
September 13, 2012 at 1:49 pm
ဖျား း ဖျား လန့်ပအေ ၊
အလာဂျစ်ဆိုလို့ လန့်တွားတာဘဲ ၊
ခုရက်ပိုင်း တိန် ဟေ့ ကြားမိတာနဲ့ လန့်လန့်နေတတ်တယ် ၊
ကြည့်ကျက် လုပ်ပါအေ့ ။
pooch
September 13, 2012 at 2:01 pm
ဟုတ်ကဲ့ပါ ကိုဒုတ်ထိုး ခေါင်းစဉ်ပြင်လိုက်ပါ့မယ်။ သတိပေးတဲ့အတွက် ကျေးဇူးပါ။
ဝင့်ပြုံးမြင့်
September 13, 2012 at 2:50 pm
မယ်ပုရေ
ဂီဂီပြောသလို မြွေဆိပ် နည်းနည်းချင်းစီ ထိုးသွင်းတဲ့နည်းလမ်းမျိုး သွားမစမ်းနဲ့နော်။ မရဘူး။ ကိစ္စများသွားလိမ့်မယ်။ အစ်မလည်း မြက်ရွက်နဲ့မတည့်ဘူး။ ခြေထောက်မှာ အပိန်းတွေထတယ်။ ဒီတော့ မြက်ရွက်နဲ့ယဉ်အောင်ကျင့်ယူတော့ ပထမ ဟုတ်သလိုလိုပဲ။ နောက် ၂နှစ်အကြာမှာ ဒုံရင်းကဒုံရင်းပဲ။ မြက်ရွက်နဲ့ ထိတာနဲ့ အပိန်းထတာပဲ။ ၂နှစ်လောက်ကြာရင် ဒုံရင်းပြန်ဖြစ်သွားတာပဲ။
pooch
September 13, 2012 at 3:01 pm
ဟုတ်ကဲ့ပါ မပြုံး သတိထားပါ့မယ်။ ပြောတိုင်းမလုပ်ပါဘူး။ ကြည့်ရတာ အလာဂျစ်က လူတိုင်း တမျိုးမဟုတ် တမျိုးတော့ ရှိကြတာပဲ နော်။ ဆန်းပါ့။
Historic@l_Crime
September 13, 2012 at 3:36 pm
အစ်မPooch;
ပို့စ်ဖတ်ပြီး အချက်(၄)ချက်တွေ့ပါတယ်။
(၁)Cup cake
(၂)အမဲသား
(၃) ဟော့ပေါ့တွေ ဘာတွေ ချက်ရင် သုံးတဲ့ ဟင်းငရုတ်အနှစ်(မာလအဆီ သဘောမျိုး)
(၄)ငပိ
ပြန်ရှင်းရရင်
– အဓိကပြဿနာက ငပိနဲ့ အမဲသား လို့ယူဆလို့ရတယ်(သူက ဖြည်းဖြည်းခြင်းသွေးကို ပြောင်းတတ်လို့ပါ)
– လက်ငင်းပြဿနာကတော့ ဟော့ပေါ့တွေ ဘာတွေ ချက်ရင် သုံးတဲ့ ဟင်းငရုတ်အနှစ်ကြောင့် နာရီပိုင်း အတွင်း Allergy
ဖြစ်တာပေါ့ (သူ့ထဲမှာ ငရုတ်ကောင်းတမျိုးပါတယ်)
– နောက်တချက်က (အမဲသား စားလေ့မရှိ မစားဖြစ်ကြတာဆိုတော မစားဖြစ်တာ ဆယ့်ငါးနှစ်နီးပါးလောက်တော့ ရှိပါပြီ)
အဲ့ဒါကြောင့်လည်း ပါပါတယ်။
– နောက်ဆုံးတချက်ကတော့ အမျိုးသမီးတွေ လစဉ်ကိစ္စ နီး/ဝေး/ပြီး အဲ့ဒိထဲက ၂ခုကြောင့်ပေါ့။ ( )+အမဲသား+ဒိတ်အောက်
မာလဆီအနှစ်+၁၅နှစ်လို့ ဆိုခြင်းဖြစ်ပါတယ်။
– ဖြစ်ဖြစ်ခြင်း သွေးဖောက်ပြီး စစ်ဆေးမှု လုပ်သင့်ပါတယ်( ပုံမှန် ပြန်ဖြစ်ချိန် ဘာမှ မပေါ်တော့ပါ )
– လေးဘက်နာပိုး ရှိရင်လည်း မသင့်တော်ပါဘူး။
ဒီအချက်တွေကြောင့် ဖြစ်လာတယ်လို့ ယူဆပါတယ်။ တိုက်ဆိုင်တာကြောင့်ပါ။ အဲ့ဒါကို အစွဲကြီး ထားနေရင်တော့ စိတ်ပိုင်း
ဆိုင်ရာပါ ထိခိုက်လာနိူင်ပါတယ်။
အဲ့နေ့က အိမ်မှာ သီးစုံဟင်းရည်ချက်တာမို့ ကျမက သုံးဇွန်းလောက်မြည်းမိလိုက်ပါတယ်။ ဖြစ်ချင်တော့ ငါးနဲ့ချက်တာတဲ့။ သောက်ပြီးမှ သိတယ်။ဘာဖြစ်သလဲ ဆိုတော့ ဟုတ်ကဲ့ သောက်လိုက်တာနဲ့မတန်အောင် ကွာပြီးသားနုနေတဲ့ အရေပြားပေါ်မှာ မိတ်ဖုနီတာရဲ အကြီးကြီးတွေ ချက်ချင်းထွက်လာပါတယ်။ ခံရပိုခက်ပါတယ်။ ဒါတောင်ဆေးတွေ ဆက်အွန်နေတုန်းပါ။အတော် ပြန်ခံလိုက်ရတာမို့ တသက်လုံး စွဲလမ်းနှစ်ခြိုက်လာတဲ့ ငပိ၊ ငါးခြောက်၊ပင်လယ်စာ ကျမ တဘဝစာ တသက်စာ နှုတ်ဆက်လိုက် ရပြီဆိုတဲ့ အမှန်တရားကို လက်ခံလိုက်ရပါတယ်။
– အထက်က အယူအဆကြီး မှားနေတယ်လို့ ခံစားမိပါတယ် ဆေးအွန်နေတုန်းမှာ ဘာစားစား( အထူးသဖြင့် အရောင်မပါသော
အစားအစာ၊ ငရုတ်၊ အချဉ်ဓာတ် စတာတွေ ရှောင်နေရအုံးမှာပါ) ပြန်ဖြစ်နိူင်ခြေ ရှိပါတယ်။
– အစွဲ မထားစေချင်ပါဘူး နောက်တချိန် အဲ့အတိုင်း ပြန်စားရင်တောင် ဖြစ်နိူင်ခြေ ရာခိုင်နှုန်း နည်းပါတယ် ခင်ဗျ။
– နောက်ဆုံး တချက်အနေနဲ့ လူ ၁၀၀ဝမှာ ၁ယောက် Allergy ဖြစ်လို့ ငါးရှောင်ရတယ် ဆိုတာ အလွန်လွဲမှားတဲ့ အယူအဆလို့
ပြောချင်ပါတယ်။
pooch
September 13, 2012 at 3:44 pm
ကျမရဲ့ စိတ်အစွဲကို လာဖြည်ပေးလို့ အလွန်ကျေးဇူးတင်ကြောင်းပါ။ ကျမလည်း သတိမထားလိုက်မိဘူး။ ခုချိန်သွေးစစ်ရင် ရသေးလားမသိဘူး။ ဆရာဝန်မနဲ့ တိုင်ပင်ပြီး အဆင်ပြေရင် ဒီနေ့ပဲ သွားစစ်လိုက်ပါ့မယ်။
ဒါနဲ့ အရောင်မပါတဲ့ အစားအစာဆိုတာ ဘယ်လိုမျိုးလဲ မသိဘူး နည်းနည်းလောက်ပြောပေးပါ့လား။
Historic@l_Crime
September 13, 2012 at 3:57 pm
မှားရေးမိတာပါ 🙁
အရောင်ပါသော အစားအစာလို့ ပြောချင်တာပါ ။ ဆီပြန်ဟင်းတွေ ၊ အနှစ်ဖြစ်အောင် ချက်ထားတာတွေကို ပြောတာပါဗျ။
နေ့လည်စာကို ဖြစ်နိူင်ရင် ထမင်းပူပူလေးကို ဆီအနည်းငယ်မျှ ဆမ်းပီး ( သခွါးသီး၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ ရေနွေးလေး ဖျောပီး) စားပေးပါ။ ကြက်ဥ အကာပြုတ်/ကြော် စားလို့ရပါတယ်။
ညနေစာကိုတော့ ထမင်းနဲ့ ရေနွေးကြမ်း(လက်ဖက်ခြောက် ခပ်ပီး) စားနိူင်ရင် စားပေးပါ။
သွေးကတော့ ဖြစ်ဖြစ်ခြင်း စစ်တာ ပိုပြီး အကျိုးရှိပါတယ်( အဓိကက လူကိုထက် အစာကို စစ်တဲ့ သဘောပေါ့)
nozomi
September 13, 2012 at 4:23 pm
အခုတစ်လော ရွာထဲက ရွာသူချောတွေရဲ့ ကြော်ငြာတွေ တွေ့နေရတယ်
မဝေက သူ့ရဲ့အချစ်ဦးအကြောင်းပြောသွားတယ်
အခု ဒေါ်ပုက ” လောလောဆယ်တော့ အချစ်ဆုံးကို ကျောခိုင်းထားလိုက်ပါအုန်းမယ် ” တဲ့
အချစ်ဆုံးဆိုရင်တော့ ကျောမခိုင်းပါနဲ့ အဆင်ပြေအောင် အပေါ်က ပြောတဲ့ နည်းတွေနဲ့ ညှိယူကြည့်ပေါ့
အစားမတော် တစ်လုပ်တဲ့ သတိတော့ ထားပေါ့
ကျွန်တော်လဲ မတည့်တဲ့ ဆေး တစ်ခု သောက်လိုက်မိရင် နုတ်ခမ်းအောက်မှာ အနာလေး ဖြစ်လာရော
ပထမဆုံးရွာသူားတွေနဲ့တွေ့တဲ့ပွဲတောင် အမေးခံရသေး
အခုလဲ စဖြစ်ဖြစ်ချင်း သတိထားမိလိုက်လို့ ရပ်တာနဲ့ သက်သာသွားတာ
စာတွေ ပြန်ရေးတော့မယ်ဆိုတော့ ရွာသူားအားလုံးရဲ့ ကိုယ်စား ကျေးဇူးတင်ကြောင်း
စောင့်ဖတ်နေမဲ့ အကြောင်း ပြောချင်ပါရဲ့
pooch
September 13, 2012 at 4:33 pm
ကိုနိုဇိုမိ ဟိုလူကြီးကို ဂုတ်ကနေပဲ ဆွဲဆွဲ ကရိန်းနဲ့ပဲ မမ ရတဲ့နည်း ဖြစ်တဲ့နည်းနဲ့ ရွာကို ပြန်ခေါ်ခဲ့ပါ။ 😀
ဒီလိုလုပ်လို့ ရကောင်းလားလို့ မေးလိုက်စမ်းပါ။
MaMa
September 14, 2012 at 7:09 am
မယ်ပုရေ-
မကျန်းမာတဲ့အချိန်ကျမှ ကျန်းမာတဲ့ တန်ဖိုးကို ပိုနားလည်ရတယ်။
အသက်ကို ဉာဏ်စောင့်လို့ ဆိုတယ် မဟုတ်လား။
မတည့်တာတွေ ရှောင်ဖို့ခက်ခဲပေမယ့် ဖြစ်လာတဲ့အခါ ခံစားရတဲ့ ဒါဏ်ကို စဉ်းစားပြီး ကြိုးစားပါ။။
ကိုယ်တိုင်လည်း ကိုသာပြောတဲ့ စားသုံးသူအဖွဲ့ဆိုတာကို အမြန်ဆုံးဖွဲ့ဖြစ်ပြီး မှန်ကန်မျှတစွာ လှုပ်ရှားနိုင်ပါစေလို့ ဆုတောင်းပါတယ်။
ဆင်းရဲမွဲတေမှုကြောင့်လား လူအများရဲ့ မသိနားမလည်မှုကြောင့်လားတော့ မသိဘူး။
စားသောက်ကုန်တွေကို ကျန်းမာရေးနဲ့ညီညွတ်အောင် ထုတ်လုပ်ရမယ်ဆိုတာကို နီးစပ်ရာ အသိပညာပေးဖို့ ကြိုးစားပေမယ့် အရာမရောက်ဘူး။
အမိန့်အာဏာနဲ့ လုပ်တဲ့အခါကျတော့လည်း အကျိုးရှိဖို့ထက် မသမာမှုတွေထပ်တိုးတာပဲ အဖတ်တင်မှာလည်း စိုးရိမ်မိပါတယ်။
စားသောက်ကုန်ထုတ်လုပ်သူတွေကို ကျန်းမာရေးအသိပညာပေးပြီး စံချိန်စံညွှန်းတွေ သတ်မှတ်စစ်ဆေးပြီး နည်းလမ်းတကျ ထိန်းကျောင်းနိုင်ကြရင် ကောင်းမယ်။
အမိန့်အာဏာထုတ်တာ၊ ဥပဒေအရအရေးယူတာတွေထက်
စားသုံးသူကိုရော၊ ထုတ်လုပ်သူတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးပြီး စည်းရုံးလုပ်ဆောင်တာက အချိန်အတိုင်းအတာတစ်ခုပေးဖို့လိုပေမယ့် ရေရှည်အကျိုးရှိထိရောက်မယ့် နည်းလမ်းလို့ ထင်ပါတယ်။
ပြောရမယ်ဆို ပျော့သောပါဝါနဲ့ အောင်မြင်အောင် ကြိုးစားတာကို အားပေးချင်ပါတယ်။ 🙂
pooch
September 14, 2012 at 4:15 pm
မှန်ပါတယ် မမ။ ပျော့သောပါဝါလေး သုံးလို့ အသိပညာပေးပြီး စည်းရုံးမှာ ရေရှည်မှာအောင်မြင်နိုင်မယ်လို့ ထင်ပါတယ်။
မမပြောသလို အသက်ကို ဉာဏ်စောင့်တာမို့ ဆင်ခြင်နိုင်အောင် ကြိုးစားပါ့မယ်။
etone
September 14, 2012 at 4:53 pm
အစ်မပုချ်ရေ တော်သေးတာ ဒီထက်ပိုပြီးဆိုးဆိုးရွားရွား မခံရပေလို့ပဲ … ။
အလက်ဂျီထလျှင် ချက်ချင်းမကျတတ်ဘူး ၊ သုံးလေးရက်လောက် ပျော်ပျော်စံမြန်းပြီးမှ ပြန်ကြွသွာတာ … ကိုယ်က စိတ်မရှည်ပဲ ကုတ်မိမယ် ဖဲ့မိမယ်ဆိုလျှင် ၊ တစ်နာက နှစ်နာ ထပ်ဖြစ်ရတော့မယ် ။ အစ်မစိတ်ရှည်နိုင်ပေလို့ပဲ တော်ပါသေးတယ် ။
နောက်ပြီး အဖျားပါတက်တော့ ၊ လူလည်း အတော်လေး ခံလိုက်ရမှာပဲနော် … ။ အရေခွံလဲနေတဲ့ အချိန် ဘယ်လောက် စိုးရိမ်စိတ်များလိုက်မလဲ …. ကိုယ်ချင်းစာပါတယ် အစ်မရေ ။
ညီမက စီးဖုစားလျှင် ဖြစ်လေ့ဖြစ်ထရှိတယ် ၊ မျက်နှာက အရင်စဖြစ်တာ ၊ ယားလျှင် ကုတ်မိဖဲ့မိတာပဲ .. ။ နောက်ပိုင်း ပွဲတွေလန်းတွေရှိလို့ … မဖြစ်မနေစားတော့မယ်ဆို ၊ ဆေးကြိုသောက်ထားတာမျိုး ၊ နည်းနည်းလေးဟန်ပြလောက်ပဲ စားတာမျိုးလောက်ပဲ လုပ်တော့တယ် …. ။ ပြီးခဲ့တဲ့ နှစ်ထဲမှာ အလူးလဲ နှစ်ခါ တိတိဖြစ်ခဲ့ဖူးလို့ပါ … ။
pooch
September 14, 2012 at 7:13 pm
ဘဝတူတွေ အတော်များတာပဲ တုန်ရေ။ ညီမလည်း ဂရုစိုက်အုန်းနော်။ ပြောမဲ့သာ ပြောရတယ် သူက အားကိုးအားထားပြုရမဲ့ ဂရုစိုက်ပေးမဲ့သူက အနားမှာ အဆင်သင့် ။ 🙂
ကြောင်ကြီး
September 15, 2012 at 8:52 am
ပုရှ်ဂလေး ယားနေသေးရင်ပြောနော် ဦးကြောင်က အခြစ်ကျွမ်းတယ်…။
ပုရှ်ဂလေးကိုခြစ်တယ်…ပုရှ်ညီမလေးကိုလည်းခြစ်တယ်…ပုရှ်သူငယ်ချင်းကိုလည်းခြစ်တယ်…။ ခွီးဂရား……….