အမေဆိုတာ အသက် ဘယ်လောက်ကြီးကြီး လိုအပ်ပါတယ်…

etoneJuly 21, 20101min1044

အမေ တကယ်ကို အိုစာသွားခဲ့ပါပြီ.. ကလေးငယ်တစ်ယောက်လို ချွဲနွဲ့တဲ့အထိ အိုစာသွားခဲ့ပါတယ်။ ဖုန်းဆက်တိုင်း မျှော်လင့်ချက်အပြည့်နဲ့ ကျွန်မကို အမေမေးတတ်တယ်။

“သမီး .. ဘယ်တော့ အိမ်ပြန်ခဲ့မလဲ?”

မိုင်ပေါင်းထောင်ကျော်ဝေးတဲ့အမေ့အိမ်ကို ကားသုံးဆင့်စီးပြီးမှ ရောက်တာကိုမဆိုထားနဲ့ အလုပ်တစ်ဘက်၊ ကလေးတစ်ဘက်နဲ့ အမေ့အိမ်ပြန်ဖို့ ကျွန်မအချိန်မပေးနိုင်ခဲ့ဘူး။ နားသိပ်မကောင်းတော့တဲ့အမေကို ကျွန်မအထပ်ထပ်ရှင်းပြခဲ့ပေမယ့် အမေက တောင့်တစွာနဲ့မေးတုန်းပါပဲ။

“သမီး … ဘယ်တော့ အိမ်ပြန်နိုင်မလဲဟင်?”

အထပ်ထပ်မေးတဲ့ အမေကို စိတ်မရှည်စွာနဲ့ ကျွန်မအော်မိခဲ့ရင် အမေက တအင်း..အင်း သဘောပေါက်ဟန်နဲ့ ဖုန်းကို အသာချလိုက်တတ်တယ်။ ဒါပေမယ့် ရက်သိပ်မကြာခင်မှာ အမေကဖုန်းဆက်ပြီး အဲဒီမေးခွန်းကိုပဲ ထပ်မေးတတ်ပြန်တယ်။ အလိုမကျတဲ့ ကလေးငယ်တစ်ယောက်လို မေးရင်လည်း အချည်းနှီးပဲဆိုတာသိပေမယ့် ထပ်သလဲလဲ မေးနေတဲ့ အမေကြောင့် ကျွန်မစိတ်တွေပျော့သွားပြီး သက်ပြင်းကို မသိမသာချမိတယ်။

ကျွန်မ မအော်မငေါက်မှန်းသိတော့ အမေက ဝမ်းသာအားရထပ်ပြောတယ်။

“ခြံနောက်က သလဲသီးတွေ အပွင့်ပွင့်နေပြီ၊ ဖရဲသီးတွေ မှည့်တော့မယ်၊ သမီး…. အမြန်ပြန်ခဲ့ပါ”

“အလုပ်တွေ ဒီလောက်ရှုပ်နေတာ အမေရာ.. ကျွန်မ ခွင့်ရနိုင်မှာမဟုတ်ဘူး”

“အမေ ကင်ဆာဖြစ်နေတယ်။ နှစ်ဝက်လောက်ပဲ အသက်ရှင်တော့မယ်လို့ ပြောလိုက်လေ”

အမေရဲ့အပြောကို ကျွန်မဝင်ဟန့်တော့ အမေက တစ်ခစ်..ခစ်နဲ့ သဘောကျရယ်မောနေခဲ့တယ်။ ငယ်ငယ်တုန်းက မိုးရွာ၊ လေကြီးလာတဲ့အချိန် ကျောင်းမတက်ချင်လို့ ဗိုက်နာချင်ဟန်ဆောင်တတ်တဲ့ ကျွန်မကို အမေက ဆူဆဲတတ်တယ်။ အခုတော့ အသက်ကြီး အိုမင်းသွားတဲ့အမေက ကျွန်မကို လိမ်ညာပြောဖို့ သင်ပေးနေခဲ့တယ်။

ကျွန်မနဲ့အမေကြားမှာ ဒီလိုမေးခွန်းတွေက ထပ်သလဲလဲဖြစ်နေခဲ့တယ်။ ဒီလိုမေးခွန်းကို ကျွန်မ မကြားရက်တော့လို့ နောက်လမှာ ပြန်ခဲ့ဖို့ပြောတော့ အမေခမျာ ဝမ်းသာလွန်းလို့ တံထွေးတောင်သီးခဲ့တယ်။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ အမြဲမပြီးပြတ်နိုင်တဲ့ အလုပ်တွေက အိမ်ပြန်ဖို့ထက် အရေးကြီးနေခဲ့လို့ နောက်ဆုံးမှာ ကျွန်မ အိမ်မပြန်နိုင်ဖြစ်ခဲ့တယ်။

ဖုန်းရဲ့ တစ်ခြားတစ်ဘက်မှာ အမေရဲ့ စကားသံတွေ တိတ်ဆိတ်နေခဲ့တယ်။

“အမေ… သမီးကို စိတ်ဆိုးနေတာလား?”

အားနာနာနဲ့ ကျွန်မကဆိုတော့ အမေက ပျာပျာသလဲ ပြန်ပြောတယ်။

“စိတ်မဆိုးပါဘူး သမီး.. အမေ စိတ်မဆိုးဘူး။ သမီးလုပ်စရာရှိတာလုပ်ပါ”

ရက်သိပ်မကြာဘဲ အမေ့ဆီက အရေးတကြီးဖုန်းလာပြန်တယ်။ စပျစ်သီးတွေ၊ သစ်တောသီးတွေမှည့်လို့ ကျွန်မကို အမြန်ပြန်လာစားဖို့ ပြောပါတယ်။ အဲဒီလိုအသီးတွေက ဘာမှမဟုတ်ကြောင်း၊ ဈေးတိုင်းမှာ ၅ကျပ် ၁ဝနဲ့ ဝယ်စားနိုင်ကြောင်း ကျွန်မပြောတော့ အမေက သိပ်ဘဝင်မကျဘူး။ ကျွန်မက အမေကို ချော့မော့ပြီး “မြို့ပေါ်က အသီးတွေမြေဩဇာများတယ်၊ ပိုးသတ်ဆေးများတယ်။ အမေ့အသီးလောက် မချိုဘူး” လို့ ပြောတော့ အမေက သဘောကျစွာ ရယ်မောပြန်တယ်။

စနေနေ့ ရုံးပိတ်ရက်မှာ နေအပူရှိန်က ပြင်းအားကောင်းနေခဲ့တယ်။ အိမ်ပြင်မထွက်ရဲလို့ အိမ်ထဲမှာ လေအေးစက်နဲ့ ကျွန်မနေခဲ့တယ်။ သမီးငယ်က ကိတ်မုန့်စားဖို့ အတင်းပူဆာတာလို့ အိမ်ပြင်ကို မထွက်မနေ ကျွန်မထွက်ခဲ့ရတယ်။ အပူငွေ့တွေ တရိပ်ရိပ်တက်နေတဲ့ လမ်းမထက်မှာ အမေရဲ့ နောက်ကျောအရိပ်ကို ကျွန်မတွေ့လိုက်မိတယ်။ ကြည့်ရတာ ကားပေါ်က အခုမှ အမေဆင်းလာတာဖြစ်မယ်။ လက်မှာ ဆွဲခြင်းတစ်လုံးအပြင် ကျောမှာ ခပ်လေးလေးအိတ်တစ်လုံးကို အမေလွယ်ပိုးထားတယ်။ လွယ်ပိုးထားတဲ့အရာတွေကို လူတွေတိုက်မိမှာစိုးလို့ထင်တယ်.. ခါးကိုကွေးညွှတ်ပြီး လမ်းပေါ်က လူတွေကို အမေကွေ့ရှောင်နေခဲ့တယ်။ လူတွေကြားထဲမှာ အမေလှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းက အားပါနေခဲ့တယ်။ ကျွန်မရဲ့ခေါ်သံကြောင့် အမေခေါင်းထောင်ပြီး လူအုပ်ကြားထဲမှာ ကျီးကန်းတောင်းမှောက်လိုက်ရှာတယ်။ ကျွန်မကိုတွေ့တော့ အမေက ရယ်ပြတယ်။ ဝမ်းသာလွန်းလို့ထင်တယ် အမေ့ဆီက ဘာသံမှထွက်မလာခဲ့ပါဘူး။

အိမ်ပြန်ရောက်တော့ အမေကပါသမျှ အရာတွေကို ဝမ်းသာအားရထုတ်ပေးတယ်။ အမေရဲ့ လက်ဖမိုးမှာ သွေးစွန်းနေတဲ့ ပလာစတာနဲ့ ဒဏ်ရာတစ်ချို့ကို ကျွန်မတွေ့လိုက်တယ်။ အမေက ကျွန်မကို ပြုံးပြပြီး “စား.. သမီး.. စား.. ဒါတွေအားလုံး အမေကိုယ်တိုင် ခူးခဲ့တာ”

ခရီးဝေးမသွားခဲ့ဖူးတဲ့အမေ ကျွန်မရဲ့စကားတစ်ခွန်းကြောင့် မိုင်ထောင်ပေါင်းများစွာကနေ ကျွန်မဆီအရောက် လာခဲ့တယ်။ အမေစီးခဲ့တာက ဈေးအချိုဆုံးနဲ့ လေအေးစက်မပါတဲ့ကား၊ ကြပ်ညှပ်နေတဲ့ ကားပေါ်မှာ စပျစ်သီး၊ သစ်တော်သီးတွေ မပွန်းမပဲ့ဖို့ အမေဘယ်လို ယူခဲ့သလဲ၊ ကားကို အမေဘယ်လိုစီးခဲ့တယ်၊ အသီးတွေကို ဘယ်လိုကာကွယ်ခဲ့တယ်ဆိုတာကို ကျွန်မ မတွေးရက်ခဲ့ဘူး။ ကျွန်မသိတာတစ်ခုက ကမာ္ဘပေါ်မှာ အမေရှိတဲ့နေရာတိုင်း ထူးဆန်းမှုတွေရှိနေတယ်ဆိုတာပါပဲ။

ကျွန်မနဲ့ (၃)ရက်ပဲ အမေနေခဲ့တယ်။ နေဝင်နေထွက် အလုပ်သွားတဲ့အပြင် သားသမီးတွေကို စောင့်ထိန်းရတဲ့ကျွန်မ ပင်ပန်းမှာ စိုးလို့ပါတဲ့… ကျွန်မကို သူဘာမှမကူညီနိုင်ခဲ့သလို မီးဖိုချောင်က ခေတ်မီအသုံးအဆောင်တွေ သူ့ကြောင့်ပျက်ဆီးမှာစိုးလို့ မကိုင်တွယ်ရဲခဲ့ဘူး။ ကျွန်မ မသိအောင် ကားလက်မှတ်ဝယ်ပြီး အမေ တိတ်တိတ်လေး ထွက်သွားခဲ့တယ်။

အိမ်ပြန်ပြီး တစ်ပတ်အကြာမှာ ကျွန်မကို အမေလွမ်းပြန်တယ်။ ကျွန်မကို အိမ်ပြန်ခဲ့ဖို့ အမေတောင်းဆိုပြန်တယ်။

“အမေ.. ခဏလောက်တော့ သည်းခံစောင့်နော်”

အမေ့ကိုနှစ်သိမ့်ပြီး နောက်တစ်ရက်မှာ အမေ့ညီမဆီက ဖုန်းရတယ်။

“သမီးအမေနေမကောင်းဘူး… အမြန်ပြန်ခဲ့ပါ”

အဒေါ်ရဲ့စကားက ကျွန်မကို ပျာယာခတ်သွားစေတယ်။ ငိုငိုယိုယိုနဲ့ ကားဂိတ်ပြေးပြီး နောက်ဆုံးထွက်တဲ့ကားနဲ့ အမေ့အိမ်ကို ကျွန်မပြန်ခဲ့တယ်။ လမ်းတစ်လျှောက်လုံး ကျွန်မဆုတောင်းမေတ္တာပို့သနေမိတယ်။

ဒီတစ်ခေါက်လည်း ကျွန်မကို အမေလိမ်ညာနေတာပါစေ၊ အမေနေကောင်းပါစေ…
တဗျစ်တောက်တောက် အမေပြောတဲ့စကားကို ကျွန်မ နားထောင်ချင်သေးတယ်
အမေချက်တဲ့ ဟင်းတွေအားလုံး ကျွန်မကုန်အောင်စားချင်သေးတယ်
အလုပ်က ခွင့်ယူပြီး အမေ့ဆီ ကျွန်မပြန်ခဲ့ချင်သေးတယ်

လူတွေဟာ အသက်(၈ဝ)အထိ အသက်ရှင်နေလည်း မိခင်ဆိုတာ လိုအပ်ကြောင်း အခုမှ ကျွန်မနားလည်ခဲ့တယ်။ ရွာဝမှာ ကားဆိုက်တော့ အမေက အပြေးလာကြိုတယ်။ အမေ့ကိုပြေးဖက်ပြီး ကျွန်မငိုမိ၊ ရယ်မိတယ်။

“အမေ ဘာပြောပြောကောင်းတယ်။ ဒါပေမယ့် ကိုယ့်ကိုယ် အသည်းအသန်ဖြစ်နေတယ်လို့တော့ မပြောပါနဲ့ အမေ”

ကျွန်မရဲ့ မကျေမနပ်စကားကို ကြားပေမယ့် အမေက ကျွန်မကိုပြုံးရယ်ပြီး ကြည့်နေခဲ့တယ်။

အိမ်ထဲဝင်လိုက် အိမ်ပြင်ထွက်လိုက်တဲ့ အမေကြည့်ရတာ မပင်ပန်းဘဲ ပျော်နေပုံရတယ်။ စားပွဲခုံပေါ် စားစရာတွေ တည်းခင်းပြီး ကျွန်မချီးကျူးတာကိုခံဖို့ အမေစောင့်နေခဲ့တယ်။

“ပဲက တူးသွားပြီ၊ ဖက်ထုပ်အခွံက ထူလွန်းတယ်၊ အသားက ငန်လိုက်တာ”

အားမနာတမ်း ကျွန်မဝေဖန်တော့ ပြုံးနေတဲ့အမေ့မျက်နှာက အားနာတဲ့ဘက်ကို ပြောင်းသွားပြီး မသိမသာနဲ့ ခေါင်းငုံ့နေခဲ့တယ်။ စိတ်ထဲကနေ ကျွန်မတိတ်တိတ်လေး ခိုးရယ်နေခဲ့မိတယ်။ သူချက်ထားတဲ့ အစားအစာတွေ စားကောင်းကြောင်း ချီးကျူးရင် ကျွန်မကို အဆမတန် အမေစားခိုင်းတော့မယ်ဆိုတာကို ကျွန်မသိနေတယ်။ ကျွန်မပြန်ချိန်မှာလည်း အများကြီး ထည့်ပေးလိုက်တော့မယ်ဆိုတာကို သိနေတယ်။

အမေအတွက် ကျွန်မချက်ပြုတ်ချိန်၊ သူနဲ့စကားစမြည်းပြောချိန်မှာ အမေက ကျွန်မကိုပဲ ငေးကြည့်နေတတ်တယ်။ သူ့အကြည့်တွေထဲမှာ ကရုဏာတွေ၊ ချစ်မေတ္တာတွေပါနေခဲ့တယ်။ ကျွန်မဘာပြောပြော ပါးစပ်လေးဟ၊ နားလေးစွင့်ပြီး အမေ ဂရုတစိုက်နားထောင်တယ်။ ကျွန်မအိပ်တဲ့အချိန်မှာတောင် ကုတင်ဘေးမှာထိုင်ပြီး ကျွန်မကို ပြုံးကြည့်နေခဲ့တယ်။

“သမီးကို အမေဒီလောက်ချစ်တာ.. ဘာဖြစ်လို့ သမီးနဲ့အတူ လိုက်မနေတာလဲ အမေ”

“မြို့ပေါ်မှာ တိုက်ကြီးတွေနဲ့ အမေ မနေတတ်ဘူး သမီးရယ်”

အမေ့အိမ်မှာ ရက်ကြာကြာမနေဘဲ အလျှင်စလို ကျွန်မပြန်မယ်လုပ်တော့ အမေက နောက်ထပ်တစ်ရက် ထပ်နေဖို့ လိုလိုလားလား တောင်းဆိုပါတယ်။ ရွာနဲ့မိုင်အတော်ဝေးတဲ့ နေရပ်ဆီကို လူလွတ်ပြီး ဈေးဝယ်ထားခိုင်းကြောင်း၊ ကျွန်မကြိုက်တတ်တဲ့ အစားအစာတွေ ကိုယ်တိုင်ချက်ကျွေးဖို့ အမေပြင်ဆင်ထားကြောင်း ပြောတယ်။ အဒေါ့်အိမ်ကနေ ကျွန်မပြန်လာတော့ အမေက စားစရာတွေ စားပွဲခုံအပြည့်နဲ့ ကျွန်မကိုစောင့်နေခဲ့တယ်။

စားပွဲပေါ်က ဟင်းတွေကိုကြည့်ပြီး ကျွန်မ တုန်လှုပ်မိတယ်။ ငါးဟင်းက ငါးကြေးခွံတွေ မပြောင်ဘူး။ ကြက်သားပေါ်မှာ အမွေးတွေ မစင်ဘူး။ မှိုဟင်းထဲမှာလည်း ဆံပင်မွေးတွေနဲ့ ဟင်းတိုင်းက မထိမတို့ရဲလောက်အောင်ပါပဲ။ နုပျိုစဉ်က အမေဟာ အသန့်အလွန်ကြိုက်သူပါ။ ခုတော့ အိုစာလွန်းလို့ အသန့်၊ မသန့်တောင် အမေ မခွဲခြားနိုင်တော့ဘူး။ ဟိုမွှေဒီမွှေနဲ့ ကျွန်မအားရပါးရ စားတာကိုမတွေ့တော့ အမေက မသိမသာသက်ပြင်းချတယ်။ နောက်ပြီး ကျွန်မကို ညကားနဲ့ ပြန်ဖို့ စီစဉ်ပေးခဲ့တယ်။

ညမှောင်နက်နက်မှာ အမေက ကျွန်မလက်ကိုတွဲပြီး တောလမ်း၊ ရွံ့လမ်းတွေမှာသွားရတာ ကျွန်မ ကျင့်သားမရမှာစိုးလို့ဆိုပြီး ကားပေါ်အထိလိုက်ပို့ခဲ့တယ်။ ကျွန်မကို ဟိုမှာ၊ ဒီမှာနဲ့ ကားထွက်ခါနီးမှ ကားပေါ်က အမေဆင်းတယ်။ ကားပေါ်က အမေအဆင်းမှာ တံခါးနဲ့အင်္ကျီချိတ်မိပြီး အမေ ဟပ်ထိုးလဲတယ်။ ကားပြတင်းပေါက်ကနေ သတိထားဖို့ လှမ်းအော်တဲ့ကျွန်မ အသံကို အမေမကြားခဲ့ဘူး။ တရွေ့ရွေ့ ထွက်သွားတဲ့ ကားနောက်အမေအပြေးလိုက်ရင်း “သမီး.. သမီးကို အမေစိတ်မဆိုးဘူး.. သမီးအလုပ်များနေတယ်ဆိုတာ အမေသိတယ်” လို့ အော်တယ်။

ဒီတစ်ခေါက် အမေအိမ်ကျွန်မပြန်ခဲ့တာကို အမေအားရကျေနပ်သွားပုံရတယ်။ ကျွန်မကို အိမ်ပြန်ခဲ့ဖို့ အမေထပ်မပြောခဲ့တော့ဘူး။ ဒါပေမယ့် အိမ်ကပျော်စရာသတင်းတွေပဲ ကျွန်မကို အမေပြောပြတတ်တယ်။

“အိမ်မှာ လိမ်မာတဲ့နွားလေးတစ်ကောင် ထပ်တိုးတယ်။ နောက်နှစ်နွေဦးရောက်ရင် ခြံထဲမှာ အမေပန်းအပြည့်စိုက်မယ်”

အမေ့စကားတွေက ကျွန်မရင်ကိုနွေးထွေးစေခဲ့တယ်။ နှစ်ကုန်ခါနီးမှာ အမေ့ညီမရဲ့ ဖုန်းကို ကျွန်မရခဲ့ပြန်တယ်။

“သမီးအမေနေမကောင်းဘူး… အမြန်ပြန်ခဲ့ပါ”

ဒီတစ်ခေါက်တော့ ကျွန်မ မယုံတော့ဘူး။ ရှေ့ရက်ကမှ အမေနဲ့ကျွန်မ ဖုန်းပြောခဲ့သေးတယ်။ သူနေကောင်းကြောင်း၊ သူ့ကိုစိတ်မပူဖို့ ပြောခဲ့သေးတယ်။ ဒါပေမယ့် အိမ်ပြန်ခဲ့ဖို့ အဒေါ်က ကျွန်မကို လောနေခဲ့လို့ အမေကြိုက်တတ်တဲ့ ကိတ်မုန့်ဝယ်ပြီး ယုံတစ်ဝက်၊ သံသယတစ်ဝက်နဲ့ ရွာကိုကျွန်မပြန်ခဲ့တယ်။ ရွာရောက်တော့ အဒေါ်က လည်ပင်းရှည်ကြီးနဲ့ ကျွန်မကိုမျှော်နေတယ်။ အမေလာကြိုတာကို မတွေ့တော့ မကောင်းတဲ့နိမိတ်က ကျွန်မရင်ထဲ ရုတ်တရက်တိုးဝင်လာခဲ့တယ်။

ကျွန်မကို အကြောင်းကြားချိန်တည်းက အမေမရှိတော့ကြောင်း၊ စိတ်ချလက်ချနဲ့ သူထွက်ခွာသွားကြောင်း အဒေါ်က ကျွန်မကို ပြောပြတယ်။ လွန်ခဲ့တဲ့နှစ်ဝက်က အမေမှာ ကင်ဆာရောဂါရှိကြောင်း စစ်ဆေးတွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကို အမေက ဘယ်သူ့ကိုမှ မပြောဘဲ ခါတိုင်းလို အလုပ်တွေလုပ်ရင်း ဘာမှမဖြစ်သလို နေခဲ့တယ်။ အရာအားလုံးကို အစဉ်တကျ စီစဉ်ဆောင်ရွက်ခဲ့တယ်။ အမေ့မှာ မျက်စိတိမ်စွဲနေကြောင်း၊ အရာဝတ္ထုတွေကို ကောင်းစွာမမြင်နိုင်ကြောင်း အဒေါ်က ကျွန်မကိုပြောပြပြန်တယ်။

အမေ့အတွက် ကိတ်မုန့်ကို ရင်ဝမှာထားပြီး ကျွန်မတင်းတင်းလေး ဖက်ထားမိတယ်။ ကျွန်မရင်တစ်ခုလုံး ဟာနေခဲ့တယ်။ အမေက သူ့အတွက် အသက်ရှင်ဖို့ရက်သိပ်မကျန်ကြောင်းသိလို့ ကျွန်မကို မကြာခဏ ဖုန်းဆက်ပြီး ပြန်ခိုင်းခဲ့ပုံရတယ်။ ကျွန်မကို မြင်ရဖို့၊ ကျွန်မနဲ့ စကားတွေပြောရဖို့အတွက် ကျွန်မကို အိမ်ပြန်ခိုင်းခဲ့တယ်။ ကျွန်မ မစားရဲ၊ ချေးများခဲ့တဲ့ မသန့်မရှင်း အမေရဲ့ ဟင်းတွေကလည်း အမေအမြင်တွေ မှုန်ဝါးခဲ့လို့ဖြစ်တယ်။ ကျွန်မကို ကားဂိတ်လိုက်ပို့ခဲ့တဲ့ညက အိမ်အပြန်လမ်းမှာ အမေချော်လဲခဲ့မလား? နမော်နမဲ့နိုင်လွန်းတဲ့ ကျွန်မ ဘယ်တော့မှ သိနိုင်ခဲ့တော့မှာ မဟုတ်ပါဘူး။

အမေ… လူ့ဘဝထဲကနေ နောက်ဆုံး ခွဲထွက်သွားမယ့်အချိန်မှာတောင် မီးခိုးခေါင်းတိုင်ဟောင်းမှာ (Petunia) ခေါင်းလောင်းနွှယ်ပန်းတွေ ပန်းပွင့်နေပြီဆိုတဲ့အကြောင်း ကျွန်မကို အားရဝမ်းသာပြောသွားခဲ့တယ်။ ကျွန်မငယ်ငယ်ကဝတ်ခဲ့တဲ့ ခရမ်းရောင်အင်္ကျီလို ပဲခင်းကပန်းတွေ ပွင့်နေတဲ့အကြောင်း ပြောသွားခဲ့တယ်။ အမေက အချစ်တွေ၊ နွေးထွေးမှုတွေကို ချန်ထားခဲ့ပြီး လူ့ဘဝထဲကနေ ဆိတ်ဆိတ်ငြိမ်ငြိမ် ထွက်သွားခဲ့ပါတယ်။

ဒီလောကမှာ ကျွန်မကို စိတ်မဆိုးတတ်တဲ့ တစ်ဦးတည်းသောသူဟာ အမေပါ…
ဒီလောကမှာ ကျွန်မအပြန်ကို အမြဲစောင့်ကြိုနေတတ်တဲ့ တစ်ဦးတည်းသောသူဟာ အမေပါ..
အမေရဲ့မေတ္တာ၊ အမေရဲ့ချစ်ခြင်းကြောင့် အမေ့ကိုဒီလောက်အကြာကြီး ကျွန်မစောင့်ခိုင်းရဲခဲ့တာပါ အမေ….

မူရင်းရေးသားသူ -劉繼榮 (Liu Ji Rong) 母親,我怎麼讓你等了那麼

နိုင်းနိုင်းစနေ ဘာသာပြန်သည်

4 comments

  • fatty

    July 21, 2010 at 6:01 am

    dear writer
    I encourage you to write like this short story with your own idea. I like this one.

  • thameecahw

    July 21, 2010 at 6:46 am

    အရမ်းကောင်းတဲ့ post လေးပါ။ ဖတ်ရင်းမျက်ရည်တောင်ကျမိပါတယ်။

  • Yin Nyine Nway

    July 21, 2010 at 6:51 am

    အရမ်းကောင်းတယ်နော်
    အမေနဲကဝေးနေလို့လားမသိဘူး
    အရမ်းကိုခံစားရတယ်
    သတိလည်းအရမ်းရလာတယ်
    ကျေးဇူးပါ…

  • kyarphyulay

    June 24, 2011 at 4:04 am

    အရမ်းကောင်းတာပဲ ဖတ်နေရင်းနဲ ့တောင် မျက်ရည်တွေသူ ့အလိုလိုကြမိတယ်….

Leave a Reply