မျောက်ကျွန်း

မောင်ဘလိုင်September 25, 20131min19310

တစ်ခုသော ကာလ၌ မဟာသမုဒ်ပြင် တစ်နေရာရှိ ကျွန်းစုများထဲမှ သာယာစိုပြည်ခြင်း

ကင်းဆိတ်သောကျွန်းတစ်ကျွန်းပေါ်တွင် မျောက်တို့သည် ငြိုငြင်စွာ အသက်မွေးကြရကုန်၏။

တစ်နေ့သောအခါတွင်မျောက်တစ်ကောင်သည် ကမ်းခြေတွင်လာတင်နေသော အုန်းသီးတစ်

လုံးကို ကောက်ယူလာခဲ့၍ အဘယ်အရာ ဖြစ်ဘိသနည်း ဟု စူးစမ်းဆင်ခြင်လျက်ရှိရာ အခြား

မျောက်တို့လည်း မြင်တွေ့ သည်ဖြစ်ရကား စုစုရုံးရုံး အုန်းအုန်းကျက်ကျက် နှင့် ဆူညံသောင်းသဲ

ပွဲတော်ကြီးကဲ့သို့ဖြစ်လာလေတော့ သတည်း။ မျောက်အကြီးကဲတို့လည်း မနေသာဘဲ သင်တို့

အဘယ်အကြောင်းရာကြောင့် ဤမျှ ဆူညံ ငြင်းခုန်နေ သနည်း ဟုမေးမြန်းရာ မျောက်တို့လည်း

မိမိတို့ထင်ရာ တောရမ်းမယ်ဘွဲ့ အကျယ်ချဲ့၍ တွေ့ကရာရှစ် သောင်း ကို အခိုးချောင်းချောင်း

ထွက်လုမတတ် အလုအယက် ဆိုကြကုန်လေ၏။ တစ်ကောင်သော မျောက်က –

“ကျွန်တော်မျိုးတို့သည် မျောက်ပြူးတစ်ကောင် ယူဆောင်လာခဲ့သော ဤ အရာဝတ္ထုနှင့် ပက်သက်

၍ ငြင်းခုန်နေကြခြင်း ဖြစ်ပါသည်”

ဟုဆိုလေ၏။ မျောက်အကြီးအကဲ တစ်ဦးက –

“၎င်း အရာသည် အဘယ်အရာ ဖြစ်ဘိသနည်း” မေးရာ ပထမမျောက်ကပင် ဆက်လက်၍

“ဤအရာကား ရေတွင်မျောလာသောကြောင့် ရေမျော ဟု ခေါ်ထိုက်ပေသည်” ဟုဆိုရာ အခြား

မျောက်တို့လည်း အဝီစိပွက်သကဲ့ သို့ ငြင်းခုန်သံများ တခဲနက် ပေါ်ထွက်လာလေသည်။
“ရေမျော တာ သူ့ဂျီးဒေါ်ကြီး”

“သူ့ဂျီးဒေါ်က ရေမျောတာမဟုတ်ဘူး..တစ်ခါတည်း နစ်သွားတာဟ”

“ရေမျော မဟုတ် အစိမ်းရောင် ရှိ၍ လုံးတုံးတုံးရှိသောကြောင့် စိမ်းလုံးတုံး ဟုခေါ်နိုင်သည်” ဟု

တစ်ကောင် သောမျောက်က ဆိုပြန်၏။ နောက်တစ်ကောင်က –

“စိမ်းလုံးတုံး မဟုတ်..ချွန်သော အတက်ရှိ၍ အသီးသဖွယ်ဖြစ်သောကြောင့် တက်ချွန်သီး ဟု

ဆိုသင့်၏။” နောက်တစ်ကောင်က တဖန် –

“တက်ချွန်သီး မဟုတ်တကား…ပထမဦးဆုံး တွေ့ရှိသော မျောက်ငပြူး ၏ အမည်ကိုစွဲ၍
ငပြူးလုံး ဆိုလျှင် သင့်လှ၏။”

“ငပြူးလုံးသည် မသင့်။ မည်သည့်အရာမှန်း ခွဲခြား၍ မသိဘဲ ရေတွင်မျောလာသောအရာဖြစ်ခြင်း

ကြောင့် ယူဖိုး ဟုခေါ်ထိုက်ကြောင်း မျောက်ကဝိတစ်ကောင်က ဆိုလေရာ အခြားမျောက်တို့က

ယူဖိုးဆိုသည်မှာ အသို့အဓိပ္ပါယ်ရှိသနည်းဟုမေးကြ၍ ထိုမျောက်ပဏ္ဍိက –

ယူဖိုး ဆိုသည်မှာ UFO( Unidentified Floating Object) ဟုခေါ်တွင်ကြောင်း ဆိုရာ ကျန်မျောက်တို့

လည်း အပြင်းအထန် ငြင်းဆန်ကြကုန်၏။ အချို့က X အိပ်ခ်စ် ဟုသာ ခေါ်သင့်သည်ဟု ဆိုသည်တွင်

ရေးရေးမျှ မမြင်ရဘဲ အခြားမျောက်များနောက်မှ မှန်းဆမျှော်ကြည့်သော မျောက်တို့လည်း ပါးစပ်ထဲ

တွေ့ရာဟစ်လေတော့သည်။
“၎င်း သည် သင်တို့ ထင်သောအရာ တစ်ခုမှမဟုတ် ..အိစံကွား တည်း” ဟု ကျယ်လောင်သောအသံဆိုး
ကြီးဖြင့် ဟစ်လေရာ အခြားမျောက်တို့လည်း မထော်မနန်း ရော်ရမ်းသော စကားဖြစ်သော်လည်း အား

ကျမခံ အပြန်ဟစ်ကြလေ၏။
“ဟဲ့ ..အိစံကွားက နင့်ဂျီးဒေါ် ယောက်ျား”

“ရှရွတ်ခန်းကွ”

“ဂျလုံးဗလုံးပါကွယ်”

“ဘွန်းဂျိမ်း ပါဟဲ့”

” လီဗြောင်ဟွန်း ဟာ..ကိုင်း”

“ပွေလီပြာတာ”

“မနောဒုက္ခ”

“ဘူဂျာလီ ကွဲ့နော်”

“စွပ်ပြားသီး ဟ” (၎င်း နောက်မှာ ဂျွတ်နွားဂျီး..ဘွတ်အားပီး ဆိုသော အသံများ လိုက်လာသေး၏။)

“ဂွီးဂေါ်”

“ဂျွတ်ပလုံ”

“အယ်ဒီဘာယော..”စသည်ဖြင့် အပြန်အလှန် ငြင်းခုန်သံများသည် ဘဝဂ်တိုင်အောင် သောင်းသောင်း

ညံလျက် ရှိပေသတည်း။
ထိုသို့ရှိစဉ်အခိုက် လွန်စွာအိုမင်းလှသော မျောက်အဖိုးအိုကြီးတစ်ကောင်သည် အခြားမျောက်များ

ကြားမှ တိုးထွက်လာ တဲ့၍ အုန်းသီးကို ကောက်ကာ ဩဇာပြည့်ဝသော အသံဖြင့် –
“သင်တို့ မှတ်ကြလော့..ဤအရာကား အုန်းသီး ဟု မည်ပေသတည်း” ဟု တစ်ခွန်းသောစကားကို

ပိုင်းခြားအမှန် ကောင်းစွာသိသည့်ဟန်ဖြင့် ဆိုလေရာ အခြားသောမျောက်တို့လည်း ငြိမ်သက်

သွား၍ ကျွန်းကြီးသည်ပင် တစပြင်ကဲ့သို့ ရုတ်ခြည်း တိတ်ဆိတ်သွားတော့၏။ မျောက်တို့လည်း

သူတို့မျက်မြင် ဤ အရာဝတ္ထုနှင့် အုန်းသီးဆိုသော အမည်နာမ ဆက်စပ်၍ မရနိုင်သောကြောင့်

တိတ်ဆိတ်သွားခြင်းဖြစ်လေသည်။ တစ်ကောင်သော မျောက်သည် အုန်းသီးကို မျောက်အဖိုးအို

လက်မှ ယူ၍ မျက်မှောင်ကျုတ်ကာ စဉ်းစားခန်းဝင်နေစဉ် နောက်မျောက်တစ်ကောင်က ဝင်လု

သည်။ ထို့နောက် မျောက်တို့သည် အုန်းသီးကို တစ်ကောင်လက်မှ တစ်ကောင် လုယက်ကြရာ

မျောက်တစ်ကောင်လက်ထဲ အရောက်၌ အုန်းသီးကို အထက်သို့ တအားမြှောက်ပစ်လိုက်သည်

တွင် အူ ကြောင်ကြောင်လုပ်နေသော မျောက်တစ်ကောင်၏ ကျောပေါ်သို့ အရှိန်ပြင်းစွာကျ

ရောက်သည် ဖြစ်ရကား အုန်း ဆို သော အသံကြီးသည် ကျယ်လောင်စွာထွက်ပေါ်လာလေ၏။

မချိမဆန့် နာကျင်သွားရှာသော မျောက်ကို ဝိုင်းအုံကြည့်နေကြစဉ် မျောက်တစ်ကောင်သည်

လက်ခုပ်လက်ဝါးတီးကာ –

“ဟား..မျောက်အဖိုးအို ပြောသည်မှာ အလွန်သင့်လှသည်..ဤအရာကား အုန်းသီးဆိုသော

အမည်နာမနှင့်ထိုက် လှပေသည်” ဟုဆိုရာ အခြားမျောက်တို့ကလည်း အသီးသီး ဆူညံစွာ

ထောက်ခံကြကုန်၏။
“ဟုတ်ပအေ..အုန်း ဆိုတဲ့ အသံကြီးဟာ နည်းတာကြီးမဟုတ်ဘူး..ငါဖြင့် တုန်တက်သွားတာပဲ”

“ညည်းက တုန်ရုံတင်ပါအေ..တို့များတော့ ကဆုန်ပေါက် မတတ်ပါဘဲ..”

“ငါ့ နားတစ်ဖက် ကန်းသွားပြီ မှတ်တာပဲဟ”

“ငါက မိုးပြိုပြီတောင် ထင်လိုက်တာ”

“ဒီအသံကြီး အင်မတန်ကျယ်လွန်းလို့ ဟိုးအထက်က သိကြားမင်းတောင် လန့်ခုန်တာ သူ့ခေါင်းက

ဦးထုပ်ကျွတ်ကျသွားတာတောင် ငါ ဖျတ်ခနဲ မြင်ရသေးတယ်”

“အမလေး…အဲဒီအသံကြောင့်..ငါ့မယ် လန့်သွားလိုက်တာ ငါ့လိပ်ပြာက ငါ့ကိုယ်ထဲက ထွက်ပြီး

ဟောဒီကျွန်းကြီး ကို ခုနစ်ပတ်တိတိ ပတ်ပြေးပြီးမှ ငါ့ကိုယ်ထဲပြန်ဝင်လာသဟဲ့..ဒါတောင်

အလန့်က မပြေချင်သေးဘူးရယ်..”

“အမြောက်သံကြီး ကျနေတာပဲနော်..”

“အနုမြူဗုံး ပေါက်တာ ဒီလိုနေမှာကွ”

“ဪ..အုန်းသီး..အုန်းသီး..”

ထိုသို့ရှိစဉ် မျောက်အကြီးအကဲတစ်ဦးသည် မျောက်အဖိုးအို အား အောက်ပါအတိုင်း လှမ်းမေး

လိုက်သည်။

“နို့..နေပါဦး..အဖိုးပြောတဲ့ အုန်းသီးပဲ ထားပါတော့..သူက ဘာသုံးလို့ရတုန်း..”

မျောက်အဖိုးအိုလည်း မွဲသီသော မျက်လုံးများကို ကျဉ်း၍ –

“ဤအသီးကား အသုံးကျယ်လှသည်…အရည်သည် ချိုမွှေး၍ ခွန်အားပြည့်စေ၏။ အကာ

မှာလည်း ချိုစိမ့်လှ၏.. အုန်းဆီအဖြစ် ချက်လို့ရသည်။အပေါ်အခွံမှာလည်း လွန်စွာအသုံး

တည့်လှသည်။ တံမြက်စည်းလုပ်လို့ရသည်။ ခြင်ဆေးခွေ လုပ်လို့ရသည်။ ကော်ဖီမှုန့်

လုပ်လို့ရသည်။ အခွံမာသည်လည်း ထိုနည်းလည်းကောင်း ခွက် စသည်ဖြင့် အသုံးပြုနိုင်သည်..။”

ထိုစကားကို အခြားမျောက်တို့ကြားလျှင် –

“တို့ကတော့ ဘောလုံးကန်မယ်”

“အံမယ်..တို့ကတော့ ဂဏန်းတွေကို အဲဒီ အုန်းသီးနဲ့ ပစ်ဖမ်းမှာ..”

“သားတို့က ဂေါ်လီရိုက်တဲ့ နေရာမှာ သုံးမှာ..”

“တို့ကတော့ အဲဒါကြီးဖက်ပြီး လှိုင်းစီးဦးမှာ..ငွှားငွှား..”

မျောက်တို့ ထုံးစံအတိုင်း တစ်ကောင်တစ်ပေါက် ဆူညံစွာဆိုကြပြန်လေရာ အကြီးအကဲတို့

မာန်မဲအော်ဟစ် သောအခါမှ အတန်ငြိမ်သက်သွားသော်လည်း တီးတိုးဆက်လက်ပြောဆို

သံများသည် ပျားပဒူအုံအနား ကပ်၍ နားထောင်ရဘိသကဲ့သို့ တဝီဝီ တဝူဝူ ဆူနေချေသေး

၏။ ထိုအခိုက် မျောက်တစ်ကောင်သည် မျောက်အုပ်ကြား မှ အပြင်းတိုးထွက်လာ၍ အုန်းသီး

ကို လက်ညှိုးထိုးကာ ထိုးထိုးထွန့်ထွန့်ဖြင့် ကခုန်တော့၏။ အခြားမျောက်များ လည်း အံ့အား

တကြီး ၎င်းကို ကြည့်ရှုလျက်ရှိစဉ် မျောက်အဖိုးအိုက –

“ဤမျောက်သူငယ်သည် အဘယ်ကြောင့် က ဘိသနည်း”  ဟုမေးလေ၏။

က သော မျောက်က ဝူးဝူးဝါးဝါး ဖြင့် ပြန်ပြောသောအခါ မည်သူမျှ နားလည်နိုင်ခြင်း မရှိချေ။

ထိုအခါ တစ်ကောင်သော မျောက်က ရှေ့သို့တိုးလာ၍ –

“သူပြောတဲ့ စကား ကျွန်တော်မျိုး နားလည်ပါတယ် အဖိုး..”

“ဒါဖြင့်..လင်းစမ်းပါဦး”

က သောမျောက်က ဝူးဝူး ဟုဆိုသောအခါ စကားပြန်မည့်မျောက်က တစ်ချက်ပေ၍

နားထောင်ကာ အောက်ပါအတိုင်း ဘာ သာပြန်လေတော့သည်။
“ဒီလိုပါ..မျောက်အကြီးကဲများ နဲ့ မျောက်အဖိုးခင်ဗျာ…သူက ဒီ အုန်းသီးဆိုသောအရာ

ကား နှယ်နှယ်ရရမဟုတ်ဘူးတဲ့… ယုဂန္ဓာတောင်ထိပ်မှာ ဂုမ္ဘာန် တစ်ထောင်စောင့်ရှောက်

တဲ့ နတ်ပန်းမဉ္ဇူ ရဲ့ ဥပါတဲ့ ခင်ဗျာ…”

“ဟယ်..ဟို အအ ကောင် ပြောတဲ့ ဝူးဝူး ဆိုတာ ဒီလောင်တောင်ပဲလား..။”

“ဟုတ်ပါတယ်..ကျွန်တော်မျိုး မယွင်းမချွတ် ဘာသာပြန်ခြင်း ဖြစ်ပါသည်..။”

“ဒါဖြင့်ရင် ဘယ့်နှယ်လုပ် ဒီကျွန်းရောက်လာသလဲ မေးပါဦး..”
အအ မျောက်က ဝူးဝူး ဟု ဆိုပြန်ရာ စကားပြန်မျောက်ကလည်း အောက်ပါအတိုင်း ဆက်လက်

၍ပြောလေ၏။

“အဲ..တစ်ရက်ကျတော့..အဲဒီ နတ်ပန်းဥဟာ ကြွေကျပြီး သတ္တရဘန် တောင်စဉ်ခုနစ်ထပ်က

စီးထွက်လာတဲ့ ရေအလျဉ်အတိုင်း မြစ်ကြီးငါးသွယ်..မြစ်ငယ်ငါးရာ..တို့ ပေါင်းဆုံရာဖြစ်တဲ့

မဟာသမုဒ္ဒရာထဲကို မျောပါလာ ပြီးတော့ ဟောဒီ ကျွန်တော်မျိုးတို့ရဲ့ ကျွန်းပေါ်ကို ရောက်

လာတာ ဖြစ်ပါသတဲ့..”

“အံ့ရောဟယ်..အံ့ရော အံ့ရော..”

“ဟုတ်ပ ဟုတ်ပ…အင်မတန် ဆန်းတယ်..”

“ထူးထွေသည့် အံ့ရာသော် ပဲ..”

“မင့်ဟာ ပိုလွန်းလှတယ်..”

“မပိုပါ ခင်ဗျာ..သူပြောတဲ့အတိုင်း ဆိုရခြင်းဖြစ်ပါတယ်..အဲအဲ..”

“ဟဲ့ ..နင့်အကောင် ဝူး ပြန်ပြီ…ဘာပြောတာတုန်း..”

“ဟုတ်ကဲ့..ဒီတစ်ခါ ဝူးတာက..အဲလေ…ပြောတာက ဒီလိုပါ..အဲဒီအုန်းသီးဟာ

အချိန်တန်လို့ရှိရင် ကွဲထွက်လာပြီးတော့ အထဲကနေ မျောက်မင်းသမီးလေး

တစ်ပါး မွေးဖွား လာလိမ့်မယ်တဲ့…အဲဒီမျောက်မင်းသမီးလေးနဲ့ ကျွန်တော့်ကို

..ဟောဒီက ကျွန်တော့်ကို (ရင်ဘတ်ကို ပုတ်လျက်) ပေးစားလိုက်ပါတဲ့..မျောက်

မင်းသမီးလေး နာမည်ကိုတော့ စတွေ့တဲ့မျောက်ကို အစွဲပြုလို မျောက်မျောက်ဦးပြူး

လို့ ခေါ်တွင်..”

စကားမဆုံးမီတွင် အအ မျောက်သည် စကားပြန်မျောက်၏ နာရင်းကို ပြင်းစွာတီးလေ၏။

အချို့မျောက်တို့ကလည်း –

“တန်တော့..နာမည် မကြိုက်လို့နဲ့တူတယ်..ဂွင်ရှာမျောက်ကျော် ဆိုရင် ကြိုက်မယ်ထင်ပ”

“ကောင်းပါဘူး..မျောက်ဝံရွှေရည် ဆိုရင်ကော ဘယ့်နှယ်လဲ”

“ဟုတ်လောက်ဘူး..သူနဲ့ မပေးစားလို နေမှာပေါ့” စသည်ဖြင့် ဆူညံစွာ ငြင်းခုန်ပြန်လေရာ

မျောက်အကြီးအကဲတို့က ဖျန်ဖြေမှ အသံနည်းငယ်စဲသွားသော်လည်း ပျားပဒူသံကား

ကျန်ရှိနေသေး၏။ မျောက်အဖိုးအိုက..

“မဟုတ်မဟတ်တွေ..လုပ်ဇာတ်ခင်းမနေပါနဲ့ကွယ်…တို့များကျွန်းဟာ ရှေးယခင်က

အင်မတန် သာယာခဲ့သကွဲ..အဲဒီအုန်းသီးဆိုတာ အုန်းပင်က သီးတာပေါ့…”

မျောက်တစ်ကောင်ကလည်း ဤအုန်းသီးကို ကိုးကွယ် ပူဇော်ကြကုန်အံ့ဟု အဆိုတင်သွင်းပြန်ရာ

၎င်းမျောက်၏ အဆိုကိုထောက်ခံ၍ ဒူးထောက် လက်အုပ်ချီသော မျောက်တို့လည်း မရှားပေ။

ထိုမျောက်ကပင် ခပ်တည်တည်နှင့် ဖြီးလုံးထုတ်သည်မှာ –

“ငါ့ အဘိုးရဲ့ အဖေရဲ့ ယောက်ဖရဲ့ ဦးလေးနှစ်ဝမ်းကွဲဟာ ဒီလိုဆိုခဲ့သကွဲ့..

တစ်နေ့ကျလို့ရှိရင် တို့ကျွန်းကို အထက် မဟာအဝီစိပြည်ကနေပြီးတော့

ဒုတ်သနသော နတ်မင်းကြီးဟာ ဟောဒီ အုန်းသီးကို ပေးသနားတော်မူ

လိမ့်မယ်တဲ့…ဒါကို တို့တွေက ပူဇော်မှုပြုကြလို့ရှိရင် တို့ကျွန်းဟာ ဟော

ဒီ မျောက်အဖိုးပြောသလို အရင်က သာယာစိုပြည် ခဲ့တဲ့အတိုင်း ပြန်ဖြစ်လာမတဲ့။”

” ဘိုးဘိုးအောင် ပေးတာလည်း ဖြစ်နိုင်တာပဲ”

“မဟုတ်ဘူး..ဒေးဗစ်ကော်ပါဖီး ပို့လိုက်တာ”

ထိုသို့ ငြင်းခုန်လျက်ရှိစဉ် မျောက်ကလေးများက အုန်းသီးကို ယူကာ ဆော့ကစားကြ

လေတော့သည်။ မျောက်ကလေးများ အုန်းသီးနှင့် ကမျင်းကြောထသည်ကို မရှုစိမ့်နှိုင်

သော မျောက်အကြီးအကဲတစ်ယောက်က ပြင်းထန်စွာ မာန်မဲလေတော့သည်။

“ဟဲ့ ..မိမဆုံးမ ဖမဆုံးမ အလေနတောလေးတွေ..နောက်တစ်ခါ အုန်းသီးနဲ့ဆော့ရင်

ပုဒ်မ ၆၀၀၀ဝ အရ ပင်လယ်ထဲကို ဆွဲလွှင့်ပစ်ပြီး ငါး လိပ် မကန်းစာ ကျွေးရမည်။” ဟု

ဆိုရာ အခြားသော မျောက်အကြီးအကဲတို့လည်း မည်သည့်အချိန်က ထုတ်လိုက်သည်

မသိသော အထက်ပါ ပုဒ်မ ၆၀၀၀ဝ အား ဦးဆုံး မျောက်အကြီးအကဲ ဆိုသည့်အတိုင်း

ညီညာဖျဖျ ဒေါမာန်ပါပါ ရွတ်ဆိုကြရာ လေးလံကျယ်လောင်သော အသံကြီးသည် တုန်ဟီး

ထွက် ပေါ်လာလေ၏။ အခြား မျောက်တို့လည်း ထိတ်လန့်ကြကုန်၏။ မျောက်သူငယ်လေး

များမှာမူ ပြင်းစွာကြောက်ရွံ့ခြင်းဖြစ်၍ ဟစ်အော် ငိုယိုကြလေသည်။

“ဟဲ့ ..သေချင်းဆိုးလေး ခုမှ ငိုမနေနဲ့ ..နင့်ပထွေးတွေက တကယ်လုပ်မှာ..”

“နောက် မဆော့ရဘူးနော်..သား”

“ပင်လယ်ထဲ ပစ်ချမတဲ့နော်..အမလေးလေး”

မျောက်အဖိုးအိုက တည်ငြိမ်အေးဆေးစွာဖြင့် –

“ကလေးတို့..မကြောက်ကြကုန်လင့်..နောင်သောအခါ သင်တို့

သည် အုန်းသီးများကို လိုတိုင်းရကြပေမည်..။ ပဝေရှေးက စည်ပင်

ခဲ့သလို တို့များကျွန်းကြီးလည်း ပြန်လည်စည်ပင် ရပေမည်။ သင်တို့

စည်းလုံးညီညွတ်ဖို့သာ လိုပေသည်။”

မျောက်တို့လည်း စည်းလုံးညီညာ အောင်ကြောင်းဖြာ ဟုဟစ်အော်ထောက်ခံကြရာ

နောက်တီးနောက်တောက် မျောက်တို့၏ အီးတုန်း ချီပါ မောင်ညောင်းတာ ဟူသော

အသံကိုလည်း တစ်ထောင့်တစ်နေရာမှ ကြားရပြန်သေး၏။ အသံများစဲသွားသော
အခါ မျောက်တစ်ကောင်မှ မျောက်အဖိုးအိုအား ကျွန်တော်မျိုးတို့ ကျွန်းသည် ပဝေရှေးက

စည်ပင်ခဲ့ပါလျက် ယခုအခါ အဘယ်ကြောင့် ဤသို့  ခြောက်ကပ်ဆိတ်သုဉ်း တောင်ကတုံး

သဖွယ် ဖြစ်သွားရသနည်း ဟု အမေးရှိလေ၏။ မျောက်အဖိုးအိုက အောက်ပါအတိုင်း အ

တိတ်ကိုဆောင်၍ ကျွန်းမျောက်များအား ပြောပြလေသတည်း။

“တို့များ ဘိုးဘေးတွေ လက်ထက်အခါက ဒီကျွန်းဟာ အင်မတန်ကို စိုပြည်စိမ်းလန်း

ခဲ့သကွဲ့…အုန်းပင်တွေတင်မကဘူး..အခြားသော သီးပင်စားပင်တွေနဲ့ ကျေးငှက်

သာရကာတွေပါ ရှိခဲ့တာပေါ့…အိမ်း..အခြားကျွန်းစုက ထိုးထွင်းတီထွင်ဉာဏ်ရှိတဲ့

မျောက်တွေဟာ အုန်းသီးရဲ့ အထွေထွေအသုံးချပုံကို လူတို့ဆီက နည်းယူခဲ့သတဲ့။

ဒီလိုနဲ့ အဲဒီကျွန်းစုက မျောက်တွေဟာ အုန်းသီး လိုအပ်ချက်အရ အခြားကျွန်းစု

တွေကို အုန်းသီးဖောင်နဲ့ လွှင့်လို့သွားရောက်ကြသတဲ့။ နောက်တော့ အခြား ကျွန်း

စုမျောက်တွေလည်း အုန်းသီးရဲ့ အသုံးကို သိသွားကြပြီးတော့ အကျွန်းကျွန်းကို

လှည့်လည်လို့ အုန်းသီး အရှာထွက်ခဲ့ကြတယ်။ အဲ..ဒီလိုနဲ့  အကြံတူချင်းတွေ

ရန်တွေဖြစ်ကြပေါ့။ ကျွန်းခံမျောက်တွေနဲ့ တကျွန်းသား မျောက်တွေဟာလည်း

အကြီးအကျယ် ရန်ပွဲကြီးတွေ ဆင်နွှဲလိုက်တာ စစ်ပွဲကြီးတွေလိုပဲတဲ့..”

“ဪ..အုန်းသီးကြောင့် ဖြစ်သော စစ်ပွဲများပေါ့ နော် အဖိုး”

“အေး…တစ်နေ့ကျတော့ တို့များကျွန်းကို အုန်းသီးအရှာထွက်တဲ့ တကျွန်းသား

မျောက်တွေ ရောက်လာတော့တာပေါ့ကွယ်..အဲဒီမျောက်တွေက အင်မတန်

ဉာဏ်များပြီး သန်စွမ်းထွားကြိုင်းလှ မျောက်ဝံကြီးတွေတဲ့ကွဲ့..တို့များကျွန်း

က မျောက်တွေကလည်း သင်းတို့ရမ်းပုံ ကြမ်းပုံ မခံနိုင်လွန်းလို့ နောက်ဆုံးပြန်ပြီး

တိုက်ခိုက်ကြသတဲ့…တို့ကျွန်းလည်း ဖွတ်ဖွတ်ကြေပြီး မျောက်ကြီးတွေလည်း

သူတို့ကျွန်းကို ပြန်သွားကြတဲ့…ဇာတ်လမ်းမပြီးသေးဘူးကွဲ့..အဲဒီမှာ အုန်းသီး

နဲ့ပတ်သက်ပြီး တို့ကျွန်းမျောက်အချင်းချင်း သဘောကွဲလွဲပြီး ဆော်ကြနှက်

ကြပြန်သတဲ့..ဒီမှာတင်ပဲ ဖွတ်ဖွတ်ကြေနေတဲ့ တို့ကျွန်းမှာ အုန်းပင်၊ အုန်းသီး

ဆိုတာ ဘယ်မှာမှ ရှာမရအောင် ဆိတ်သုဉ်းသွားတော့တာပါပဲကွယ်..အုန်းသီး

ကလေးကို အပင်ပေါက်အောင်စိုက်ဖို့ ဟာတောင် အချိန်ကိုးလ တစ်နှစ်ကြာတာ

ကိုးကွဲ့..။ကိုယ်က စိုက်..သူကဖျက်..သူကစိုက်..ကိုယ်ကသွားဖျက်နဲ့ သံသရာ

လည်လိုက်တာ အခု ငါ့မြေးများ မြင်တဲ့အတိုင်း မဟာသမုဒ္ဒရာအလယ်က ကန္တာရ

ကျွန်းကြီးလို ဖြစ်ခဲ့ရတော့ပဲ…”

“ရာဇဝင်ရိုင်းလှချည်လား ဗျာ”

“ဟား..တို့ကျွန်းကို ဖျက်စီးခဲ့တဲ့ တကျွန်းသား မျောက်အဆက်အနွယ်က ဟို

ကောင်ကြီး ဖြစ်မှာ..ဆော်ကွာ”

မျောက်တစ်ကောင်က ထွားကြိုင်းလှသော မျောက်မည်းတစ်ကောင်ကို လက်

ညှိုးထိုး၍ လှုံ့ဆော်လေ၏။

“ဟာ..မဟုတ်ပါဘူး…သူက ဦးနှောက်ထဲ အကျိတ်ပေါက်နေတာမို့လို့ ထွားနေတာကွ..”

“မင်းကို ဘယ်သူကပြောတုန်း..”

“SSC ကပြောတာပဲ”

“မဟုတ်တာကွာ..ဒီကောင့်ပါ တွယ်ဟေ့..ပုဆိန်ရိုး..”

“နင်က ထမိန်သူခိုး..”

“နင်ကမှ ကလိန် ဂျပိုး”

“ရော့..ဟာ သေစမ်း”

“ကဲဟာ..ဟောဒီမှာ အကိတ်ကြီး”

အဆင်ခြင်ကင်းမဲ့သော မျောက်တို့သည် မိမိတို့နှင့် အသွေးအရောင် ကွဲပြားသော မျောက်တို့ကို

အပြင်းအထန် ဆော်နှက်ကြကုန်၏။ တုတ်၊ ကျောက်ခဲ စသည်တို့ဖြင့် ပစ်ပေါက် ရိုက်နှက်ကြကုန်၏။

မျောက်ညို၊ မျောက်ဖြူ၊ မျောက်မည်း၊ မျောက်လွှဲကျော်၊ မျောက်လေပွေ၊ မျောက်ဖင်နီ၊ မျောက်ဖလောင်း

အစရှိသော မျောက်အမျိုးမျိုးတို့သည် တစ်ကောင်နှင့်တစ်ကောင်အငြိုးတကြီး သတ်ပုတ်ကြကုန်၏။

မျောက်အဖိုးအို တားသော်လည်း မရပေ။ ထိုအခါ မျောက်အဖိုးအိုက မျောက်အကြီးအကဲတို့ကို

ကြည့်၍ အကူအညီတောင်းလေသော် ၎င်းတို့သည် မသိဟန်ပြု၍ အချို့ကား ဟစ်အော်အားပေး

ခြင်းပင် ပြုကြလေကုန်၏။

“ဂိဇ္ဈဂုတ် ကွ”

“တာတီးဗိုး ကွ”

“ရှဒွတ်ခွမ်း ကွ”

“ဣတိပိသော တဲ့ဟေ့”

“ဆော်စမ်းပါဟယ်..ဂျူမုံ ရဲ့”

“သံဘရာဂျီး ကို ကြောက်ကြနော်..”

မျောက်အဖိုးအိုလည်း စက်ကွင်းလွတ်ရာ ခပ်လှမ်းလှမ်းမှ မသာယာသော မျက်နှာဖြင့် ကြည့်ရှုနေရလေ

တော့၏။ အတန်ကြာသော် မျောက်တို့လည်း နာကျင် ပင်ပန်း၍ ရန်ပွဲမှာ ရပ်စဲသွားလေသည်..။ နဖူးကွဲ

သောမျောက်၊ ဒူးပြဲသောမျောက်၊ အဆစ်လွဲသောမျောက်၊ ထိပ်ပေါက်သော မျောက်၊ လက်ကျိုးသော

မျောက်၊ သွားကျွတ် သော မျောက် စသည်ဖြင့် ဖူးရောင် စုတ်ကွဲ ကျိုးကြေ ကြရလေ၏။

မျောက်အဖိုးအိုက –

“သင်တို့သည် အချည်းနှီးသော အလုပ်ဖြင့် သင်တို့ကိုယ် သင်တို့ အကျိုးယုတ်စေခဲ့ပြီတည်း..

ပဝေရှေးကလည်း ဤသို အချင်းချင်း မသင့်တင့်သောကြောင့် အကျိုးမဲ့ ဖြစ်ခဲ့ရသည်။ သင်တို့ ငါ့

စကားကို သေချာစွာ နားမထောင်ဘဲ ထင်ရာစိုင်းကြ၏..ယခု သေချာ နားထောင်ကြလော့..

အသွေးအရောင် မည်သို့ကွဲသည်ဖြစ်စေ သင်တို့သည် မျောက်များသာဖြစ်သည်။ ဤ ကျွန်းကို

အမှီပြု၍ နေထိုင်ကြကုန်သော မျောက်တို့ဖြစ်ပေရာ သင်တို့ စည်းလုံးမှ ဤကျွန်းကို သာယာ

အောင် ဖန်တီးနိုင်မည် ဖြစ်သည်။ ယခု ရလာသော အုန်းသီး ကို သေချာ စိုက်ပျိုး၍ စောင့်

ရှောက်ကြရမည်..”

“မည်သို့ စိုက်ရမည်နည်း” ဟု မျောက်တို့က မေးသောအခါ မျောက်အဖိုးအိုက

“အုန်းသီး စိုက်ရသည်မှာ လွယ်ပေသည်..သို့သော် သင်တို့သည်

သည်းခံစောင့်ဆိုင်းကြရမည်..အပင်ပေါက်လာလျှင်လည်း ဂရုစိုက်

ရပေမည်..။ ဦးစွာ အုန်းသီး အပေါ်အခွံပွ များကို ခွာပစ်ရမည်။

အထဲတွင် အခွံမာ အလုံးကို တွေ့ရလိမ့်မည်။ ၎င်းကို မြေပေါ်တွင်အသာ

ချကြည့်ပါ..၎င်းလဲသည့် ပုံစံအတိုင်း မြေဆီကောင်းသော တစ်နေရာတွင်

တစ်ဝက်ခန့်မြှုပ်ထားရမည်။ အတန်အရိပ်ရှိသော နေရာဆိုလျှင် ပိုကောင်း

သည်။ ရေ ကို အမြဲတစေ မလောင်းရ..ပုပ်သွားတတ်သည်။ ခြံခတ်ထားလျှင်

ပိုကောင်းမည်။ အစောင့်အရှောက် အလှည့်ကျယူ၍ ကာကွယ်လော့။ ဖော်ကြည့်

ခြင်း၊ တူးဆွခြင်း မလုပ်ရ။ ဤသို့ ကိုးလခန့် ရှိပါမှ အပင်ညှောက်ကလေးထွက်

လာသည်ကို တွေ့ရလိမ့်မည်။ ၎င်း အပင်ပေါက်ကလေးကိုလည်း ရှေးနည်းတူ

စောင့်ရှောက်ပါမှ ငါးနှစ် ခြောက်နှစ်ခန့်ရှိသောအခါ အုန်းသီးများ သီးနိုင်သော

အုန်းပင်ကြီး ဖြစ်လာပေလိမ့်မည်။ ထိုအုန်းပင်ကြီးမှ သီးသော အသီးတို့ကို

ရှေးနည်းတူ စိုက်ပျိုးသွားရမည်။ ထိုအခါမှ တို့များ ဘိုးဘေးများ လက်

ထက်ကကဲ့သို စိုပြည် စည်ပင်သော ကျွန်းကြီးဖြစ်လာပေလိမ့်မည်တည်း။”

မျောက်အဖိုးအိုကား ပြောဆို၍ ပြီးသွားချေပြီ။ ဤ ကျွန်းမျောက်တို့သည်

အုန်းပင်ကို သေချာစွာ စိုက်ကြမည်လော။ စိုက်ပြီးသော် သေချာစွာ ဂရု

ထား ကြည့်ရှုကြမည်လော။ အပင်ဖြစ်ပြီးသော် ပွားစည်အောင် ထပ်မံစိုက်

ပျိုးကြလေမလား ဆိုသည်ကို မည်သူမျှ သိနိုင်ခြင်း မရှိပေ။ ယခုသော်ကား

အပင်ပျိုးမည့် အရိပ်အရောင်ကို ဤကျွန်းပေါ်တွင် ခပ်ရေးရေးမျှ တွေ့မြင်နေရ

လေသတည်း။

10 comments

  • Mr. MarGa

    September 25, 2013 at 7:47 pm

    အုန်းသီးတစ်လုံးက စတဲ့ ပြဿနာ
    ချာချာကို လည်ပါရောလားဗျာ

  • ဒါက အွန်လိုင်းပေါ်မှာရှိနေတဲ့လူတွေကိုပညာပေးချင်တဲ့ပို့စ်လို့ထင်မိပါတယ်။
    အထူးသဖြင့် ဖွဘုတ်ကြီးကမထော်မနန်းတွေ(ကိုယ်တိုင်တောင်ပါနေမလားမသိ :p)
    ကိုပေါ့
    💡

  • cobra

    September 25, 2013 at 9:23 pm

    အုန်းသီးတစ်လုံးကစတဲ့ပြသနာ
    စာဖတ်လိုက်တာ တကယ်မျောက်တွေကြားထဲရောက်သွားသလိုပဲ

  • kyeemite

    September 26, 2013 at 10:45 am

    ကျုပ်တို့တိုင်းပြည်ကြီး ရဲ့လက်ရှိအခြေနေကို ရည်ညွှန်းချင်ပုံရ၏။
    ကောင်းပါလေ့…မောင်ဘလှိုင်က ဒါမျိုးလည်းရသကိုး… 🙂

  • မောင်ဘလိူင်

    September 26, 2013 at 11:05 am

    ကိုယ့်လက်က ရေးလိုက်ရင် ပေါက်ပန်းဈေးချည်း
    ထွက်လို့ ကိုယ်ပိုင်ဖန်တီးတာ သိပ်မရေးဖြစ်တာ။
    ဖတ်ရှုအားပေးသူ အပေါင်းကို ကျေးဇူးတင်ပါတယ်ဗျာ..။

  • kai

    September 26, 2013 at 11:31 am

    အဲဒီလိုရေးရေးလေးမြင်ရတဲ့အချိန်မှာ.. မျောက်အဖိုးလတ်တစ်ကောင်က… ဒါတွေဒါတွေဟာ.. လူမှုလောကဓံတရားတွေ .. အပင်ပေါက်လာရင်.. ပွားလာတဲ့အုန်းသီးတွေကြောင့်လောဘ၊ ဒေါသ၊မာန်၊မာနတွေပိုဖြစ်ကြမယ်ကွယ်…။

    နောင်ရေးမျှော်ပြီး.. ဒီအုန်းသီးကို.. ဘာမှမလုပ်ကြနဲ့.. ရေထဲပြန်မျောလိုက်ကြ..
    ပြီးတော့ အသင်တို့လည်း.. လူမှုရေးတွေနဲ့.. လွတ်ကင်းရာရှာ.. နိဗ္ဗာန်ရည်စူး.. တောထွက်ကြ… ။ အခုလက်တွေဖြစ်နေတာတွေအာရုံပြုကြည့်ကြ.. မမြင်ကြဖူးလား… ဟု… “ထ”ဆိုလိုက်လေရာ.. မျောက်အိမ်ထောင်သည်။ မျောက်လူပျိုမျောက်အပျို ၂ဝရာခိုင်နှုန်းမျှ တို့သည်.. တောတောင်ရိပ်ခိုကာ ငြိမ်ငြိမ်ထိုင်ကြရန်.. တောထွက်..အဲ..အဲ.. တောဝင်ကြလေသတည်း…

    :mrgreen:

  • Wow

    September 26, 2013 at 4:43 pm

    မျောက်ဆိုတော့လဲ… အင်း.. မျောက်တွေဂိုးးးး :mrgreen:

  • Ma Ma

    September 27, 2013 at 3:41 pm

    လူဆိုတာ မျောက်ကဆင်းသက်တာလို့ ဆိုထားတော့ကာာာာာာာာာာာာာာာာာာ :mrgreen:
    ်ဒါ့ထက် သန်းကြွယ်သူဌေးမဖြစ်သေးဘူးနော်။ 🙂

Leave a Reply