1500နဲ့ 528 အချစ်ဆိုတာ ဘာလဲ။

mr.dark bloodAugust 6, 20107min3526

လူတွေ ပြောပြောနေကြတဲ့ ၁၅၀ဝအချစ်၊၅၂၈အချစ်လို့ ပြောပြောနေကြတာ၊ရေးရေးနေကြတာ

မြင်နေကြားနေရပါတယ်။တချို့က သိပေမယ့် တချို့ကတော့ မသိကြပါဘူး။

သိတဲ့သူတစ်ချို့ကျတော့လည်း အကျယ်ကို ဖော်ပြခြင်း မရှိကြပါဘူး။

ဒါကြောင့် အကျယ်ကို သိရအောင် ဖော်ပြလိုက်ရပါတယ်။

၅၂၈အချစ်ဆိုတာ ဘာလဲ
အနောဓိသပုဂ္ဂိုလ်(မရည်ညွှန်းအပ်သော) (၅)ယောက်၊ဩဓိသပုဂိ္ဂုလ်(ရည်ညွှန်းအပ်သော) (၇)ယောက် တို့ကို ပေါင်းတော့ ၁၂ ရတယ်။အဲဒီ့ ၁၂ ကိုမေတ္တာ(၄)ပါးနဲ့ ထပ်မြှောက်တော့ မူရင်းမေတ္တာ ၄၈ပါး ရတယ်။အဲဒါ့ကို အရပ်(၁၀)မျက်နှာနဲ့ထပ်မြှောက်တော့ ၄၈ဝ ရတယ်။အဲဒါ့ကို မူရင်း မေတ္တာ ၄၈ပါးနဲ့ထပ်ပေါင်းတော့ ၅၂၈ မေတ္တာအပေါင်းရတယ်။ဒါကို ၅၂၈ အချစ်လို့ ခေါ်ဆိုနေကြတာဖြစ်တယ်။

အနောဓိသပုဂ္ဂိုလ်(မရည်ညွှန်းအပ်သော) (၅)ယောက်ဆိုတာ

သဗ္ဗေသတ္တာ(အာရုံငါးပါးကို တပ်မက်တဲ့သတ္တဝါ)၊

သဗ္ဗေပါဏာ(ထွက် သက်ဝင်သက်ရှိတဲ့သတ္တဝါ)၊

သဗ္ဗေဘူတာ(ကံကိလေသာတို့မှ ဖြစ်ကုန်သော သတ္တဝါ)၊

သဗ္ဗေပုဂ္ဂလာ(ငရဲနှင့်နိဗ္ဗာန်သို့သွားတတ်သောပုဂ္ဂိုလ်)၊

သဗ္ဗေအတ္တဘာဝပရိယာပန္နာ(ခန္ဓာအတ္တဘောရှိတဲ့သတ္တဝါ)တို့ပဲ ဖြစ်တယ်။

ဩဓိသပုဂိ္ဂုလ်(ရည်ညွှန်းအပ်သော) (၇)ယောက်ဆိုတာ

သဗ္ဗေဣတိ္ထယော(ခပ်သိမ်းကုန်သောမိန်းမတို့အား၎င်း)၊

သဗ္ဗောပုရိသာ(ခပ်သိမ်းကုန်သောယောက်ကျားတို့အား၎င်း)၊

သဗ္ဗေအရိယာ(ခပ်သိမ်းကုန်သောအရိယာပုဂ္ဂိုလ်တို့အား၎င်း)၊

သဗ္ဗောအနရိယာ(ခပ်သိမ်းကုန်သောပုထုဇဉ်တို့အား၎င်း)၊

သဗ္ဗောဒေဝါ(ခပ်သိမ်းကုန်သောနတ်တို့အား၎င်း)၊

သဗ္ဗောမနုဿာ(ခပ်သိမ်းကုန်သောလူတို့အား၎င်း)

သဗ္ဗောဝိနိပါတိကာ(ခပ် သိမ်းကုန်သော ဝိနိပါတိကအသူရာတို့အား၎င်း)ကို ရည်ညွှန်းတာ ဖြစ်တယ်။

မေတ္တာလေးပါးကို အဝေရာဒိကမေတ္တာ(၄)ပါးလို့လည်း ခေါ်တယ်။ယင်းတို့မှာ

အဝေရာ ဟောန္တု(ရန်မရှိသည်ဖြစ်ပါစေသတည်း)၊

အဗျာပဇ္ဇာ ဟောန္တု(စိုးရိမ်မှုမရှိကြသည် ဖြစ်ပါစေသတည်း)၊

အနီဃာ ဟောန္တု(ဆင်းရဲခြင်း မရှိကြသည်ဖြစ်ပါစေသတည်း)၊

သုခီ အတ္တာနံ ပရိဟရန္တု(မိမိကိုယ်ကို ချမ်းသာမှုရအောင် ဆောင်ရွက်နြိုင်ကြပါစေသတည်း)

တို့ ဖြစ်ပါတယ်။ဒီလောက်ဆို ၅၂၈ရှစ် မေတ္တာနဲ့ပတ်သတ်ပြီး အကျယ်သိလောက်ပြီ ထင်ပါတယ်။

၁၅၀ဝအချစ်ဆိုတာ ဘာလဲ
ကောင်လေးတွေ၊ကောင်မလေးတွေ ပါးစပ်ဖျားမှာ မချတမ်းပြောနေကြတဲ့ ၁၅၀ဝအချစ်ဆိုတာ ဘာကိုပြောပါသလဲ။ကျွန်တော် နည်းနည်းရှင်းပြချင်တယ်။ကိုယ်ပြောတဲ့ စကားရဲ့ အနက်အဓိပ္ပါယ်ကိုသိစေချင်တယ်။

အမှန်တကယ်တော့ ၁၅၀ဝအချစ်ဆိုတာ..

၁။သဗ္ဗစိတ္တသာဓာရဏ စေတသိက်     ရ ပါး

၂။ပကိဏ်းစေတသိက်    ၆ ပါး

၃။ပါပဇာတိစေတသိက်    ၁၄ ပါး

၄။သောဘဏစေတိသိက်    ၂ဝ ပါး

၅။ဝီရတီစေတသိက်        ၃  ပါး

၆။အပ္ပမညာစေတသိက်    ၂ ပါး

စတဲ့ စေတသိက် ၅၂ပါးကို နာမ်တရား တပါးနဲ့ ပေါင်းတော့ ၅၃ ရတယ်။

အဲဒီ့ရတဲ့ ၅၃ ကို နာမ်တေပညာငါးဆယ်သုံးပါး လို့ ခေါ်တယ်။

အဲဒါ့ကို နိပ္ဖန္နရုပ်(ခေါ်)ဇာတိရုပ် ၁၈ ပါးနဲ့ ထပ်ပေါင်းတယ်။အဲဒီ့ထပ်ပေါင်းလို့ရလာတဲ့ ၇၁ ပါးကို

တေဘုမ္မကသင်္ခါရတရားလို့ ခေါ်တယ်။

အဲဒါကို လက္ခဏာတရား ၄ ပါးနဲ့ ထပ်ပေါင်းတော့ ၇၅ ပါး ရတယ်။

ပြီးရင် အဲဒါကို အဇ္ဈတ္တ(အတွင်း)၊ဗဟိဒ္ဓ(အပြင်)သန္တာန်နှစ်ပါး နဲ့ မြှောက်လိုက်တော့ ၁၅ဝ ရလာတယ်။

အဲဒါကိုမှ ကိလေသာ ၁ဝပါးနဲ့ထပ်မြှောက်လိုက်တော့ ကိလေသာတရားပေါင်း ၁၅၀၀ ဆိုတာ ထွက်လာတယ်။

အဲဒါကို အလွယ်မှတ်ချင်တယ်ဆိုရင်တော့  နာမ်-နိ-လက်-ခံ။ဒွိသဏ္ဍာန်နှင့်မြှောက်၊ပြီးသော် ကိဆယ်ပါးနှင့်ပြန်ရောသော်

ရလာ ၁၅၀ဝ ဆိုပြီး အလွယ်မှတ်ထားနိုင်ပါတယ်။

အကျယ်ကတော့…သဗ္ဗစိတ္တသာဓာရဏ ဆိုတာ စိတ်အားလုံးနဲ့ဆက်ဆံတာကို ပြောတာ ဖြစ်ပါတယ်။

သဗ္ဗစိတ္တသာဓာရဏ စေတသိက် ရ ပါးကတော့

ဖဿ၊

ဝေဒနာ၊

သညာ၊

စေတနာ၊

ဧကဂ္ဂတာ၊

ဇီဝိတိန္ဒြေ၊

မနသိကာရ တို့ ဖြစ်ပါတယ်။

ပကိဏ်း ဆိုတာ စိတ်အားလုံးနဲ့မဟုတ်ဘဲ တစ်ချို့စိတ်များနှင့်သာ ဆက်စပ်သော်ကြောင့် ပကိဏ်းလို့ ခေါ်တာ ဖြစ်ပါတယ်။ပကိဏ်း ၆ ပါးကတော့

ဝိတတ်၊

ဝိစာရ၊

အဓိမောက္ခ၊

ဝီရိယ၊

ပီတိ၊

ဆန္ဒ တို့ဖြစ်ပြီး အဲဒီ့နှစ်ခုပေါင်းကိုတော့ အညသမာန်းစေတသိက် ၁၃ပါးလို့ ခေါ်ပါတယ်။ဒါကြောင့် ဒီနှစ်ခုဟာ အကောင်းရော၊အဆိုးရောနှစ်မျိုးလုံးနဲ့ ယှဉ်တွဲနေတာကြောင့် အညသမာန်းလို့ ခေါ်တာ ဖြစ်ပါတယ်။အဲဒီ့မှာမှ ဖဿမှာ ၆ပါး၊ဝေဒနာက ၆မျိုး၊သညာက ၆မျိုးနဲ့ ထပ်ခွဲထားတာတွေရှိပါသေးတယ်။

ပါပဇာတိစေတသိက်    ၁၄ ပါးကိုတော့ အကုသိုလ်စေတသိက်လို့လည်း ခေါ်ပါတယ်။ဘာဖြစ်လို့ အဲဒီ့လိုခေါ်ရသလည်းဆိုရင် အကုသိုလ်စိတ်ဖြစ်ပေါ်စေအောင် လှုံဆော်ပေးလို့ အကုသိုလ်စေတသိက်တွေလို့ ခေါ်တာဖြစ်ပါတယ်။ဘာတွေလည်းဆိုတော့

မောဟ၊

အဟိရိက (ကာယဒုစရိုက်မှ မရှက်ခြင်း)၊

အနောတ္တပ္ပ(ကာယဒုစရိုက်မှ မလန့်ခြင်း)၊

ဥဒ္ခစ္စ(စိတ်၏ မငြိမ်သက်ခြင်း၊ပြန့်လွင့်ခြင်း)၊

ဒိဋ္ဌိ(မှားသော ရှု့မြင်ခြင်း၊နှလုံး သွင်းခြင်း)၊

မာန၊ဒေါသ၊ဣဿာ(သူတစ်ပါးချမ်းသာတာကို မနာလိုခြင်း)၊

မစ္ဆရိယ(မိမိစည်းစိမ်ကို လျှို့ဝှက်ခြင်း၊ဝန်တိုခြင်း)၊

ကုက္ကုစ္စ(လုပ်ခဲ့တဲ့ ဒုစရိုက်၊မလုပ် လိုက်ရတဲ့ သုစရိုက်တို့ကို ပြန်ပြောင်းတွေးပြီး စိုးရိမ်ပူပန်ခြင်း၊နောင်တရခြင်း)၊

ထိန(စိတ်လေးလံထိုင်းမှိုင်းခြင်း)၊

မိဒ္ခ(စေတသိက်၏ မတည်တံ့ မခိုင်မြဲခြင်း)၊

ဝိစိကိစ္ဆာ(ဒွိဟဖြစ်ခြင်း၊ယုံမှားသံသယဖြစ်နေခြင်း)တို့ပဲ ဖြစ်ပါတယ်။

သောဘဏစေတိသိက် ၂ဝ ပါး၊ဝီရတီစေတသိက် ၃  ပါး၊အပ္ပမညာစေတသိက် ၂ ပါးတို့အားလုံးပေါင်းကို ကလျာဏဇာတိ စေတသိက်လို့ ခေါ်တယ်။သောဘနစိတ်အားလုံးနဲ့ဆိုင်တာမို့ သောဘနသာဓာဂရဏလို့ ခေါ်တယ်။ဘာတွေလည်းဆိုတော့

သဒ္ဓါ(ဘုရားစတဲ့ ကောင်းမှုကုသိုလ်ပေါ်မှာ စိတ်ကိုထားခြင်း)၊

သတိ(ကောင်းမှုကုသိုလ်အာရုံတွေအပေါ်မှာ အောက်မေ့သတိရစေခြင်း)၊

ဟိရီ(ကာယဒုစရိုက်မှ ရှက်ခြင်း)၊

ဩတ္တပ္ပ(ကာယဒုစရိုက်မှ လန့်ခြင်း)၊

အလောဘ၊

အဒေါသ၊

အမောဟ၊

တတြမဇ္ဈတ္တတာ(အလယ်အလတ်သဘောထားမှု)၊

ကာယ ပဿဒိ္ဓ(ကိုယ်၏ငြိမ်းအေးမှု)၊

စိတ္တပဿဒိ္ဓ(စိတ်၏ငြိမ်းအေးမှု)၊

ကာယလဟုတာ(ကိုယ်၏ ပေ့ါပါးမှု)၊

စိတ္တလဟုတာ(စိတ်ပေါ့ပါးမှု)၊

ကာယမုဒုတာ (ကိုယ်နူးညံမှု)၊

စိတ္တမုဒုတာ(စိတ်နူးညံ့မှု)၊

ကာယကမ္မညတာ(ကိုယ်အမှု၌ ခိုင်ခံမှု)၊

စိတ္တကမ္မညတာ(စိတ်အမှု၌ ခိုင်ခံမှု)၊

ကာယပါဂုညတာ (ကိုယ်ကျွမ်းကျင်မှု)၊

စိတ္တပါဂုညတာ(စိတ်ကျွမ်ကျင်မှု)၊

ကာယု ဇုကတာ(ကိုယ်ဖြောင့်မတ်မှု)၊

စိတ္တဇုကတာ(စိတ်ဖြောင့်မတ်မှု) တို့ပဲ ဖြစ်တယ်။အဲဒီ့၂ဝကို ကလျာဏဇာတိစေတသိက်လို့လည်း ခေါ်တယ်။

(အဲဒီ့မှာ ဟီရိနှင့်ဩတ္တပတရားအကျယ်ကို ကျွန်တော်ရေးထားတဲ့ ယခင်ပို့စ်တွေမှာ ဖတ်ရှု့နိုင်ပါတယ်။)

ဝိရတီဆိုတာ စောင့်ဆည်းခြင်း၊ရှောင်ကြဉ်ခြင်းသဘောကို ပြောတာ ဖြစ်တယ်။ဝိရတီ ၃ပါးက

သမ္မာဝါစာ(ဝစီဒုစရိုက်လေးပါးမှ ရှောင်ကြဉ်ခြင်း)၊

သမ္မာကမ္မန္တာ(ကာယဒုစရိုက်သုံးပါးမှ ရှောင်ကြဉ်ခြင်း)၊

သမ္မာ အာဇီဝ(ဝစီဒုစရိုက်၄ပါး၊ကာယဒုစရိုက်၃ပါးမှ ရှောင်ကြဉ်ခြင်း)တို့ပဲ ဖြစ်တယ်။)

ဘယ်သတ္တဝါရယ်လို့ အမည်သတ်မှတ်ချက် မရှိတဲ့အထိ ကျယ်ပြန့်တာမို့ အပ္ပမညာ လို့ ခေါ်တယ်။ဘာတွေလည်းဆိုတော့ ကရုဏာ(ဆင်းရဲတဲ့သူတွေကိုမြင်က သနားခြင်း)၊

မုဒိတာ(ချမ်းသာသောသူများကို မြင်က ဝမ်းမြောက်ခြင်း)တို့ပဲ ဖြစ်တယ်။

ဗြဟ္မစိုရ်တရား(၄) ပါးကိုလည်း အပ္ပမညာလို့လည်း ခေါ်တယ်။

အဲဒါတွေကို နာမ်တရားတစ်ခုနဲ့ပေါင်းပြီး  နိပ္ဖန္နရုပ်(ခေါ်)ဇာတိရုပ် ၁၈ ပါးနဲ့ထပ်ပေါင်းတယ်။

အဲဒီ့ဇာတိရုပ် ၁၈ ပါးကတော့

မဟာဘုတ်(၄)ပါး၊

ဝတ္တုရုပ်(၆)ပါး၊

ဂေါစရရုပ်(၄)ပါး၊

ဘာဝရုပ်(၂)ပါး၊

ဇီဝိတ(အသက်)ရုပ်-၁ပါး၊

အာဟာရ(အစာ)ရုပ်-၁ပါးတို့ပဲ ဖြစ်တယ်။

မဟာဘုတ်(၄)ပါးကတော့

ပထဝီ(မြေဓာတ်)၊

အာပေါ(ရေဓာတ်)၊

ဝါယော(လေဓာတ်)၊

တေဇော(မီးဓာတ်)တို့ပဲ ဖြစ်တယ်။

ဝတ္တုရုပ်(၆) ပါးကတော့

စက္ခု၊

သောတ၊

ဃာန(နှာခေါင်း)၊

ဇိဝှာ(လျှာ)၊

ကာယ(ကိုယ်)၊

ဟဒယ(နှလုံး)တို့ပဲ ဖြစ်တယ်။

ဂေါစရရုပ်(၄)ပါးကတော့

ရူပ(အဆင်း)၊

သဒ္ဒ(အသံ)၊

ဂန္ဓ(အနံ့)၊

ရသ(အရသာ)တို့ပဲ ဖြစ်တယ်။

ဘာဝရုပ်(၂)ပါးကတော့ ဣတိ္ထဘာဝရုပ်(မိန်းမ၏အသွင်၊ပုံသဏ္ဌာန်)

ပုမ္ဘာဝရုပ်(ယောက်ကျားရဲ့အသွင်၊ပုံသဏ္ဌာန်)တို့ပဲဖြစ်တယ်။

လက္ခဏာရုပ်တရား(၄)ပါးကတော့

ဥပစယ(ရုပ်တို့၏ ဖြစ်ပေါ်ခြင်း)၊

သန္တတိ(ရုပ်တို့ရဲ့ဖြစ်စဉ်)၊

ဇရတာ(ရုပ်တို့ရဲ့ အိုမင်းရင့်ရော်ခြင်း)၊

အနိစ္စတာ(ရုပ်တို့ရဲ့ချုပ်ငြိမ်းခြင်း)တို့ပဲ ဖြစ်တယ်။

ကိလေသာ(၁၀)ပါးကတော့

လောဘ၊

ဒေါသ၊

မောဟ၊

မာန၊

ဒိဋ္ဌိ၊

ဝိစိကိစ္ဆာ၊

ထိန၊

ဥဒ္စစ္စ၊

အဟိရိက၊

အနောတ္တပ္ပ တို့ပဲ ဖြစ်ကြတယ်။

ဒီလောက်ဆို အကျယ်သိလောက်ပြီထင်ပါရဲ့။အကျယ်ကို ပြီးဆုံးအောင် ဖတ်တဲ့သူ ရှားမယ်ထင်ပါတယ်။

ရေးတဲ့သူတောင် လက်ညောင်းတာဆိုတော့…။ဖတ်တဲ့သူလည်း သေချာပေါက် မျက်စိညောင်းမယ်ဆိုတာ

လက်ခတ်မလွဲသေချာပါတယ်။ဒါပေမယ့် မြန်မာဖြစ်ပြီး ကိုယ်ပြောတဲ့မြန်မာစကားရဲ့ အနက်အဓိပါယ်ကို

အတိအကျသိချင်လို့ပါ။နောက်ထပ်ဝန်ခံချက်တစ်ခုက စာဖတ်သူကို ဗုဒစာပေနဲ့ရင်းနှီးစေချင်လို့ ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်

သွေးနက်

6 comments

  • Good Idea

    August 7, 2010 at 4:16 am

    ခုလိုသေသေချာချာရှင်းပြပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ….နောက်လဲအဲဒီလိုစာမျိုးကိုဖတ်ချင်ပါသေးတယ်…..

  • yawai

    August 7, 2010 at 7:17 am

    ကျွန်တော်ကူးလိုက်တယ်ဗျို့

  • Nay Kha

    August 11, 2010 at 1:52 pm

    အော် တကယ်တော့……. ကျေးဇူးပါပဲဗျာ…………..
    လူတိုင်းလူတိုင်း သုံးနေကြပြီး မသိတဲ့ စကားလုံးတွေ အများကြီးဗျ………..
    အဲဒီထဲက နှစ်ခုကို အခုလို အပင်ပန်းခံပြီး ရှင်းပြပေးတာ…..ကျေးဇူးပါပဲ……….

  • Smile

    August 12, 2010 at 7:29 am

    အင်း မျက်စိတော့ တော်တော်ညောင်းသွားတယ် —
    တော်ပါပေတယ် ကိုသွေးနက် ။ တကယ်ကို မသိခဲ့တဲ့ စကားလုံးတွေပါ ။ ကျေးဇူးပါပဲ။ ဆက်လက်အားပေး ဖတ်ရှု့နေပါဦးမယ်။

    စမို်င်းလေး 🙂

  • Juemyit

    August 12, 2010 at 9:57 am

    ပြောပြပေးတာ တော်တော်ကောင်းပါတယ်…ကျေးဇူးပါပဲ။ မျက်စိညောင်းပေမယ့် အစကနေ အဆုံးထိကို သေသေချာချာ ဖတ်လိုက်ပါတယ်…

  • mr.dark blood

    August 13, 2010 at 12:52 am

    အင်း…

    နောက်ဆို ဒီထက် မျက်စိနောက်အုန်းမယ်။
    း)

Leave a Reply