ဖျက်ဆီးခံရသောမြန်မာတို့၏စိတ်

kogyi mindMay 18, 20141min80243

“မြန်မာတွေလေ..သိတဲ့အတိုင်းပဲ”

“မြန်မာပီပီ သိတ်ယုတ်တာပဲကွာ”

“မြန်မာစိတ်လေ..မြန်မာစိတ်..သိပ်မနာလိုစိတ်ကြီးတာ”

“ဒီမယ်..ကိုယ့်လူ၊ မင်းအလုပ်မှာ မြန်မာနှစ်ယောက်ရှိရင်နှစ်ဂိုဏ်းကွဲပြီးသားပဲ”

 

 

အဆိုပါစကားများကို မြန်မာများ၏ နူတ်မှ မြိန်ရည်ယှက်ရည်ပြောဆိုနေကြခြင်းဖြစ်ပါသည်။

တနေ့သ၌ကိစ္စတစ်ခုဆောင်ရွက်ရန်အပြင်သို့သွားစဉ် ဘေးနားမှာ မြန်မာနှစ်ယောက်က မြန်မာမကောင်းကြောင်း ပယ်ပယ်နယ်နယ်ပြောနေသည်ကို ကြားရခြင်းဖြစ်ပါသည်။

ထိုကဲ့သို့အယူအဆရှိသည့်စကားများကို ကျွန်ုပ်အနေဖြင့်မကြာခဏလည်းကြားဘူးနေပါသည်။

မြန်မာများကို မြန်မာများကိုယ်တိုင် အထင်မကြီးတော့တာလား ဟုတွေးမိသည့်အခိုက် စိတ်ထဲတွင် လေးလံနောက်ကျိသွားပါတော့သည်။

ထို့ကြောင့်အောက်ပါအတိုင်းဆင်ခြင်သုံးသပ်လိုက်မှ စိတ်အနည်းငယ်ရွှင်လန်းလာပါတော့သည်။

 

ကျွန်ုပ်၏ယူဆချက်နှင့်တွေးတော့မှုသည် အသင်စာရှုသူတို့နှင့်သဘောထားချင်းတိုက်ဆိုင်ချင်မှ တိုက်ဆိုင်ပါလိမ့်မည်။ သို့သော်အကြောင်းကြောင့်အကျိုးဖြစ်ရသည်။ အကျိုးကိုလိုသော် အကြောင်းတရားကိုပြင်ရမည် ဟူသည့် သီအိုရီအရ ယခုတွေးမိသည့်အချက်အလက်များသည် ဖတ်မိသည့်သူများအဖို့ တစုံတရာအကျိုးရှိလိမ့်မည်ဟု ယူဆပါကြောင်း။

 

ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်၊ ကိုလိုနီ၊ စစ်အာဏာရှင်ခေတ်မှ ယခုခေတ်ပြောင်းစပူပူနွေးနွေးအထိ ကျော်ဖြတ်လာရသောမြန်မာနိုင်ငံသည်ရင့်ကျက်မှုမျိုးစုံဖြင့် ထုသားပေသားကျခဲ့ပြီးဖြစ်ပါသည်။

ယဉ်ကျေးပါသည်ဟူသော လူဖြူတွေ၏ မဟာအင်အားကြီးနိုင်ငံဖြစ်သည့် အမေရိကန်ပြည်ထောင်စုသည်ပင် 1776 ခုနှစ်ခန့်မှနိုင်ငံအဖြစ်မှတ်ပုံတင်နိုင်သောကြောင့် သက်တမ်းအားဖြင့် နှစ်ပေါင်း 200 ကျော်ခန့်သာရှိပါသေးသည်။ ယဉ်ကျေးမှုအမွေအနှစ်ဆိုသည်မှာ ဝေလားဝေး။ Tibeto_Burman ခေါ်ပျူနိုင်ငံအဖြစ် ခရစ်မပေါ်မီ ၂ ရာစုမှစတင်ခဲ့သည့် အရှေ့တောင်အာရှတွင် ဒုတိယ၊  ကမ္ဘာပေါ်တွင် ၄ဝမြောက်အကြီးဆုံးဖြစ်သောမြန်မာနိုင်ငံ၏ ဣန္ဒြေရင့်ကျက်မှုနှင့်စာလျှင် ကမ္ဘာ့မျက်နှာဖုံးထိုနိုင်ငံကြီး၏ အတွေ့အကြုံကို မြန်မာဘက်မှနေ၍ဘီအေတန်းမှ ပရိုင်မာရီကလေးငယ်အားငုံကြည့်ရသကဲ့သို့ ဖြစ်ချိမ့်မည်။

 

(ကိုယ်ပိုင်ယဉ်ကျေးမှုအစဉ်အလာဟူ၍ကျွန်ုပ်အနေဖြင့် မသုံးလိုပါ။ သမိုင်းမတင်မီခေတ်ကတည်းက လူမျိုးစုံ၏အမူအကျင့်ဓလေ့စရိုက်များကို သူ့ကိုယ်ယူ၊ ကိုယ့်သူယူလုပ်ခဲ့သဖြင့် အထူးအထွေ ထင်ရှားပြရန်အကြောင်းမရှိပဲ အစဉ်အလာအတွေ့အကြုံသာလျှင်တကယ်တမ်းအားဖြင့် အလေးအနက်ထားစရာအကြောင်းဖြစ်သည်ဟု ယူဆပါသည်။)

 

မြန်မာနိုင်ငံသည် တနိုင်ငံလုံးအတိုင်းအတာ၏ 89% ရှိသောဗုဒ္ဓဘာသာဝင်အရေအတွက်နှင့် သံဃာတော် ၄ သိန်းခန့်ရှိသည့်အတွက် ကမ္ဘာ၏ ဗုဒ္ဓဘာသာနောက်ဆုံးခံတပ်နိုင်ငံအဖြစ်လည်း ထင်ရှားကျော်စောပါသည်။ သည်းခံခြင်းတရား၊ ဂရုဏာနှင့်ဗြဟ္မာစိုရ်အကြောင်းသင်ကြားလိုက်နာရသည့်ဗုဒ္ဓဘာသာဝင်အရေအတွက်ထိုမျှလောက်များပြားသည့် နိုင်ငံအနေဖြင့် မည်သည့်နည်းနှင့်မျှ စိတ်ဓါတ်အဆင့်အတန်းနိမ့်ရန်အကြောင်းမရှိချေ။

 

အတွေ့အကြုံနှင့်သမိုင်းအစဉ်အလာကြီးသော ဗုဒ္ဓဘာသာနိုင်ငံအနေဖြင့် မိမိလူမျိုးအချင်းချင်းကတောင် မြန်မာဟုပြောရမည်ရှက်သည်မှာ

ဘယ်အတွက်အကြောင့်နည်း၊

တရားခံသည်မည်သူနည်း၊

ဘယ်အတွက်ကြောင့်နည်း။

(ယခုအချိန်မှစတင်ပြီး တနိုင်ငံလုံးအားကိုယ်စားပြူသည့်အနေဖြင့် မြန်မာလူမျိုးများဟုသာ သုံးနှုန်းတော့မည်ဖြစ်ပါသည်။)

 

ရောင့်ရဲခြင်းနှင့် သည်းခံခြင်းတရားသည်မြန်မာလူမျိုးတို့အဖို့ တကူးတကလေ့ကျင့်စရာမလိုသည့်အမူအကျင့်ဖြစ်သည်။ စပါးကျီတစ်လုံး၊ နွားတစ်ယှဉ်း၊ လယ်တစ်ကွက်လောက် ရှိရုံဖြင့် မိမိဘဝကိုကျေကျနပ်နပ်နှစ်သိမ့်နိုင်ကြသူများဖြစ်ပါသည်။ ဆယ်နှစ်ရာသီပတ်လုံးနှင့် စပ်သမျှ ပွဲတော်များအား ပြည့်ပြည့်စုံစုံဆင်ယဉ်ကျင်းပခဲ့သည့် လူပျော်ကြီးများနေထိုင်ရာ နိုင်ငံလည်းဖြစ်ပါသည်။

ဟိုးအရင်ကတည်းက စာရိတ္တအရာတွင် မြန်မာနိုင်ငံအားစံပြုရသည့်အထောက်အထားများလည်းရှိခဲ့ပါသည်။ ဇရပ်ပေါ်တွင် ခရီးသွားများနားနေစားသုံးနိုင်ရန် ရေအိုး၊ ဆန်ဆီမှအစ ငါးပိအဆုံးထားပေးသည့် ဒါနရှင်များသည် မြန်မာနိုင်ငံတွင်သာရှိခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ဘုန်းတော်ကြီးကျောင်းများသည် ခရီးသွားများနှင့် ဒုက္ခသည်များအတွက်အခမဲ့တည်းခိုရာ၊ ခိုလှုံရာဋ္ဌာနများဖြစ်ခဲ့ပါသည်။ ကြီးသူကိုရိုသေ၊ ငယ်သူကိုသနား၊ ရွယ်တူကိုချစ်ခင်သည့် ဆက်ဆံရေးများသည် ပင်ကိုဓလေ့စရိုက်များဖြစ်ခဲ့ပါသည်။

 

နောက်ပိုင်း 1885 မှ 1948 အထိအင်္ဂလိပ်ကိုလိုနီဖြစ်ခဲ့ချိန်မှ စတင်ပြီးမြန်မာတို့သည်ခါးသီးသောအပြောင်းအလဲများဖြင့်စတင်တွေ့ကြုံခဲ့ရပါသည်။

 

(ဤနေရာတွင် ကျွန်ုပ်၏ယူဆချက်အရ စပိန်၊ ပြင်သစ်၊ ပေါ်တူဂီအစရှိသည့်နိုင်ငံတို့သည် သူတို့၏ ကိုလိုနီနိုင်ငံများအား ရက်စက်စွာ နှိပ်ကွက်ပုံများကို ဖတ်ရှုလေ့လာရသည့်နောက်ပိုင်းတွင် အင်္ဂလိပ်ကိုလိုနီဖြစ်ရသည်က အပုံကြီးသာသေးသည်ဟုယူဆမိပါသည်။ အင်္ဂလိပ်ဖြစ်နေ၍သာ မြန်မာနိုင်ငံသည် ထိုမျှလောက်မြန်မြန်လွတ်လပ်ရေးကို ဂုဏ်သိက္ခာရှိရှိရခဲ့ခြင်းဖြစ်သည်ဟုလည်း တွေးမိပါသေးသည်။ တခြားပြင်သစ်စသော နိုင်ငံများ၏ ကိုလိုနီဖြစ်ခဲ့ပါက လွတ်လပ်ရေးရရန် ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့်တခြားနည်းလမ်းကို သုံးရလိမ့်မည်ဟုထင်သည်။ )

ထိုအချိန်မှစတင်ပြီး ကျွန်နှင့်သခင်ဟူသောဆက်ဆံရေးတရပ်ပေါ်ပေါက်လာခဲ့သည်။ အစွဲအလမ်းကြီးမားလှသည့်မြန်မာများကို အုပ်ချုပ်ရန်အတွက် အင်္ဂလိပ်များက အဆင့်အတန်းခွဲခြားသည့်စနစ်ကိုထိရောက်စွာ စတင်ကျင့်သုံးခဲ့လေသည်။ ထိုအချိန်မှစတင်ပြီး ဖိနှိပ်သူမြန်မာနှင့် အဖိနှိပ်ခံမြန်မာဟုကွဲပြားလာခဲ့သည်။ အင်္ဂလိပ်တို့ကား အရှင်သခင်နေရာတွင် အခိုင်အမာနေရာယူပြီးဖြစ်သည်။ သစ္စာဖောက်၊ အသားထဲမှလောက်ထွက်ဟူသောစကားများသည် အမျိုးသားရေးစည်းလုံးမှုတွင်အက်ကြောင်းထင်လာခဲ့သည်။ ပစ္စည်းမဲ့နှင့်အရင်းရှင်၊ ဖိနှိပ်သူနှင့်ဖိနှိပ်ခံ၊ အာဏာရှင်နှင့်အာဏာမဲ့၊ အခွင့်ထူးခံနှင့်အခွင့်အရေးမဲ့ စသည့်ဝေါဟာရများတွင်ကျယ်လာခဲ့သည်။ အိမ်ကြက်ချင်းအိုးမည်းသုတ်ပြီး

ခွပ်ခိုင်းသည့် ဗြိတိသျ တို့၏ဗျူဟာသည် မြန်မာနိုင်ငံတွင် အထူးအောင်မြင်ခဲ့သည်။ ထိုအချိန်မှစတင်ပြီး မြန်မာတို့၏ယဉ်ကျေးမှုထဲတွင် လူတန်းစားခွဲခြားမှု

သည် အခြေအနေကိုကိုယ်စားမပြုတော့ပဲ မိမိအားနှိမ်သည် (ဝါ) မိမိရသင့်သည်ကိုယူလိမ့်မည်ဟူသောအသွင်ကိုဆောင်လာပြီး ထိုကဲ့သို့လုပ်မည်ဟုထင်ရသူမှန်သမျှကို နာကြည်းလာခဲ့သည်။

 

နောက်ပိုင်းဂျပန်ခေတ်တလျှောက်လုံးတွင် မြန်မာတို့၏ ကောင်းမြတ်သော စိတ်ဓါတ်၊ နူးညံ့သိမ်မွေ့သောစိတ်ဓါတ်နှင့်ကိုယ်ချင်းစာတရားတို့သည် ဖက်ဆစ်တို့၏ စစ်ဖိနပ်အောက်တွင် ဆန့်ကျင်ဘက်အသွင်ဖြင့် ခက်ထန်မာကြောလာခဲ့သည်။  ခေတ်ကာလ၏ သင်ကြားပေးမှုကြောင့်  မိမိအသက်နှင့် အိုးအိမ်စည်းစိမ်ကို စောင့်ရှောက်ရန်မှာ တော်ရုံလိမ္မာပါးနပ်မှုဖြင့် မဖြစ်နိုင်ပဲ မိမိ၏ မိသားစုဝမ်းဝဖို့အတွက် ဒုစရိုက်မှုများကို ကျူးလွန်မှဖြစ်တော့မည့်အခြေအနေများကို ထိုခေတ်ဆိုးများမှ မွေးဖွားပေးလိုက်ကြသည်။ လွတ်လပ်ရေးရပြီးသည့်အချိန်မှ စတင်ပြီး ရောင်စုံသူပုန်သောင်းကျန်းမှုများကြောင့်လည်း ပြည်သူများသည် ကိုးကွယ်ရာမရှိဖြစ်ကာ ကိုယ့်ကိုယ်ကို စောင့်ရှောက်ပြီးသာ ကြံ့ကြံ့ခံခဲ့ကြသည်။ ကိုယ့်စည်းကိုယ် ဓါးဆွဲပြီးစောင့်ကြရတော့သည်။ ကိုယ့်တရားနှင့်ကိုယ်စီရင်ရတော့သည်။ နောက်ပိုင်းရန်ကုန်အစိုးရဟု လှောင်ပြောင်သရော်ခံရသည်အထိ မြန်မာနိုင်ငံ၏ အကျည်းတန်ပြည်တွင်းစစ်မီးသည် တနိုင်ငံလုံးဟုန်းဟုန်းတောက်တော့သည်။

ဗိုလ်နေဝင်းမှ အစပြုပြီး ဗိုလ်သန်းရွှေအထိ အရည်အချင်းမဲ့သော လူမိုက်ဆန်သည့် အာဏာရူးများမှာ မဟာဗျူဟာ၊ နည်းဗျူဟာများချမှတ်ပြီး မြန်မာနိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေးမှန်သမျှကို နှစ်ပေါင်းလေးဆယ်ကျော် ရည်ရွယ်ချက်ရှိရှိ စနစ်တကျ တလွှာချင်း  ဖျက်ဆီးပစ်လေတော့သည်။

 

ရေအစ၊ မီးအဆုံး တာဝန်မဲ့စွာလျစ်လျူရှုထားမှုကြောင့် အစာမဝသည့် ခွေးနာ၊ ကြောင်နာများသဖွယ် ရေတစ်ပေါက်၊ မီးတပွင့်အတွက် အိမ်နီးချင်းများလည်း ရန်ဖြစ်ကုန်ရလေပြီ။ လူလတ်တန်းစားပျောက်ကွယ်သွားပြီး ဆင်းရဲသားနှင့်လူချမ်းသာ၊ အခွင့်အထူးခံနှင့်အခွင့်အရေးမဲ့ဟုသာကျန်တော့သည်။

 

ပြည်သူအများစု၏ စိတ်ထဲတွင် လူသားတို့၏စား၊ ဝတ်၊ နေရေးမတောင့်မတပြည့်စုံမှုသည် အုပ်ချုပ်သူ လူတစ်စုနှင့်အသိုင်းအဝိုင်းအတွက်သာဖြစ်ပြီး ပြိုင်ဆိုင်ရန်၊ မနာလိုရန်စိတ်မဝင်စားတော့ပေ။

 

သူတို့က အဆင့်မြင့်သည့် VIP တွေပဲ၊ ရပေမပေါ့ ဟုအားမတန်မာန်လျော့ကာ အရေးမလုပ်ပဲ လျစ်လျူရှုထားကြတော့သည်။ မိမိတို့ဘဝနှင့်တူသည်ဟု မထင်တော့။

 

(ထိုကဲ့သို့ထင်အောင်လည်း စစ်အစိုးရမှ ပညာရေးကိုနှိမ့်ချကာ ကမ္ဘာနှင့်အဆက်ဖြတ်ပြီး ဝါဒဖြန့် Brain Wash လုပ်ထားကြသည်။)

 

မိမိတို့ဘဝတူချင်းကောင်းစားတောက်ပြောင်ပြီး ထိုလူတန်စားကဲ့သို့နေလာလျှင် (အမယ်.ဒင်းတို့က ငါတို့ဝန်းကျင်မှာနေပြီးငါတို့လိုမနေနိုင်ရအောင် ဘာမို့လို့တုန်း) ဟုမလိုတမာငြိုငြင်လာကြသည်။

 

ဆိုလိုသည်မှာ စကြာဝဠာတံတိုင်းတွင် ကုတ်ခြစ်နေရသည့် အသူရကာယ်ဘုံသားများလို မိမိဘဝတူချင်း ဇာတ်တူသားစားရန် ကြိုးစားသလို ပြိုင်ဆိုင်မှုနှင့် မနာလိုမရှုစိမ့်များလာခဲ့သည်။

ထိုလူတန်းစားနှစ်ရပ်၏  အာဃာတသည်  ကိမ်မီးအုံးသကဲ့သို့တငွေ့ငွေ့တောက်လောင်လာခဲ့သည်။  ပြင်းထန်ပြီးဆိုးရွားယုတ်မာလှသော

ပညာသားမပါသည့် ရက်စက်ကြမ်းကြုတ်မှုသည် အုပ်ချုပ်ရေးဟုသာ သမုတ်ထားရတော့သည်။ ထိုအုပ်ချုပ်ရေးသည်သာ ပြည်သူ့များအား ခေါင်းမထောင်နိုင်အောင်လုပ်သည့် လက်သည်အစစ်ဖြစ်သည်။

 

စင်စစ် တောဝင်သွားသော အိမ်မွေးတိရိစ္တာန်ကြောင်ကလေးသည် ရိုင်းသွားသကဲ့သို့ မြန်မာများ၏ စိတ်နေစိတ်ထားများသည် ကျော်ဖြတ်ခဲ့ရသော် ခေတ်ဆိုးများ၏ ဒါဏ်ကြောင့် စိတ်ညစ်၊ စိတ်ယုတ်များကိန်းအောင်းလာခြင်းသာဖြစ်သည်။ အရိုင်းစိတ်ကို တောက သင်သကဲ့သို့ တကိုယ်ကောင်းဆန်မှုကို စစ်အာဏာရှင်စနစ်က သင်ကြားပေးခဲ့သည်။

 

ကိုယ်မယူရင်သူယူလိမ့်မယ်၊ ကိုယ်မသတ်ရင် သူက ကိုယ့်ကိုသတ်လိမ့်မယ်၊ ရွာထဲလူစိမ်းဝင်လာရင် စောင့်ကြည့်၊ ဧည့်စာရင်းကိုတင်းကြပ်၊ ပူးဝင်ပြီးအမာခံသတင်းပေးလုပ်၊ ပြည်သူထဲမှာ အသွင်ယူစောင့်ကြည့် အစရှိသည့်လုပ်ထုံးများကြောင့် ပြည်သူများကြား အချင်းချင်းအပေါ်တွင် မင်္သကာစိတ်များအဆမတန်ကြီးထွားလာကြသည်။ ခဲမှန်ဖူးသောစာသူငယ်လို ရိပ်ကနဲမြင်တိုင်း တဖျပ်ဖျပ်လန့်နေရတော့သည်။ မည်သူသည်ငါ့အားဒုက္ခပေးမည်နည်း၊ ချောက်တွန်းလိမ့်မည်နည်းဟု စိုးရိမ်မှုကြောင့် မြန်မာအချင်းချင်းဆက်ဆံရေးတွင် နွေးထွေးမှုများ ခန်းခြောက်လာရတော့သည်။

 

ဒီကြားထဲဆင်းရဲမွဲတေမှုသည်ကပ်ဆိုးသဖွယ် ပြည်သူများကြားတွင်ပျံ့နှံ့လာသည်။ အူမ မတောင့်သောကြောင့် သီလလည်းမမြဲနိုင်တော့။ အမြဲတစေဆာလောင်နေသောဗိုက်ကြောင့် စိတ်လက်များလည်းမရှည်နိုင်ကြတော့။ အခွင့်အရေးမဲ့ပြည်သူများ၏ စိတ်သည် Inferiority Complex ခေါ် သိမ်ငယ်နိမ့်ကျပြီး မိမိကိုယ်ကိုယ် အထင်မကြီးသည့်စိတ်ရောဂါများ စွဲကပ်လာကြသည်။ ဆင်းရဲသားမာနဖြင့် တော်ရုံတန်ရုံအသေးအဖွဲကို အတိုင်းအဆမရှိတုန့်ပြန်လာကြတော့သည်။

ကျောက်ဆောင်၊ ကျောက်သားတောင်မှ အထည်မရှိသည့်ရေက တိုက်စားပါက ကြာလျှင်ညက်ညက်ကြေရသေးသည်မဟုတ်လော။ အစဉ်အလာကြီးမားပြီး မိမိအားနှိပ်စက်ခဲ့သည့် အင်္ဂလိပ်၊ ဂျပန်သုံ့ပန်းစစ်သားများအပေါ်တွင်တောင် ကျွေးမွေးစောင့်ရှောက်ခဲ့သည့်အတွက် ထိုသူများတောင် မျက်ရည်ဖြိုင်ဖြိုင်ကျလောက်အောင်ခံစားခဲ့ရသည့် ဖြူစင်သည့်စိတ်ဓါတ်များသည့် ယုတ်မာသည့်စစ်အာဏာရှင်၏ အောက်တန်းကျသော စစ်ဆင်ရေးဆန်ဆန်အုပ်ချုပ်မှုကြောင့် ပျက်ဆီးနေရသည်မှာ တကယ်တော့မဆန်းလှပေ။

တကယ်တမ်းပြောရလျှင် ထိုစနစ်ဆိုးများများကြောင့် မြန်မာများသည် ဘီလူးစင်စစ်ဖြစ်ရန်သာအကြောင်းရှိတော့ပြီး ယခုလောက်အထိ ခံသာနေသည်မှာ ဗုဒ္ဓမြတ်စွာဘုရား၏အဆုံးအမကြောင့်သာ မူရင်းဖြူသည့်စိတ်ကလေး ကျန်အောင် တောင့်ခံနိုင်ခြင်းဖြစ်တော့သည်။

 

ကျောကွဲအောင်ရိုက်ပြီးမှ မတတ်သာ၍ပြန်ချော့သူလို လက်ရှိအစိုးရကလည်း အောင့်သက်သက်၊ အချော့ခံရသောပြည်သူတို့ကလည်း မကျေမချမ်း။

ဘယ်လိုပင်ခေတ်ပြောင်း၊ စနစ်ပြောင်းသည်ပဲပြောပြော ထိုသူ၊ ထိုမူတို့ လိုက်လျောညီထွေဖြစ်စေရန်၊ အာဃာတများစခန်းသိမ်းစေရန် မျိုးဆက်တစ်ဆက်တော့အနည်းဆုံးရင်းနှိးမြုပ်နှံမှသာ တကယ့်မြန်မာလူမျိုးအစစ်များ၏ မြန်မာနိုင်ငံကို ပြန်ရတော့မည်ဟု ထင်မိပေတော့သည်။

43 comments

  • Mr. MarGa

    May 18, 2014 at 1:23 pm

    ဪ…
    ကိုလိုနီခေတ်က စပြီး အဆက်ဆက် ဆိုးသထက် ဆိုးလာသလို ဆိုတော့လည်း
    ဒီစိတ်ဓာတ်တွေ ပျက်သွားတာ မဆန်းပါဘု
    မျိုးဆက် တစ်ဆက် အနည်းဆုံး ရင်းနှီးရမှာတော့ ဟုတ်တယ်ဗျ
    ဒါပေမင့် ဒီစနစ်၊ ဒီခေတ်မှာ မျိုးဆက်သစ်တွေလဲ အဖျက်ခံနေရတုန်း ဆိုတော့
    ရွှေပြည်တော် မျှော်တိုင်းဝေး လို့ပဲ ပြောရလေဦးမလား မသိပါဘူးဗျာ

    စကားမစပ် category က copy/paste ဖြစ်နေတယ်ဗျ ရှေ့မျက်နှာမှာ မပေါ်ဘူး အဲဒါ မော့များ ကူကြပါဦး

    ပို့စ် တင်နည်းကို ဘေးက How to Write a Post မှာ ဖတ်နိုင်ကြောင်းပါဗျာ

  • ကေဇီ

    May 18, 2014 at 1:23 pm

    အကိုကြီးမိုင်းရှင့်။
    နောက်တစ်ခါ ပို့(စ) တင်ရင် ကက်တဂိုရီ ရွေးပါရှင့်။
    နို့မို့ အရှေ့စာမျက်နှာမှာ မပေါ်ပါဘူးးး။
    🙂

    မျိုးဆက် တစ်ဆက်တော့ က မယ် မထင်ဘူးရှင့်။
    တခြားသူတွေ ဆက်ဆွဲပါလိမ့်မယ်။ :mrgreenn:

    ကေဇီ က လာနှုတ်ဆက်တာပါ။

    ကြိုဆိုပါတယ်ရှင့်။

  • alinsett (gazette)

    May 18, 2014 at 2:41 pm

    အတွေးအခေါ်ကောင်းသော
    အရေးအဖော်ကောင်းသော ကိုဂျီးမိုင်းရေ
    ပထမဆုံးပိုစ့်ကစပြီး ကြိုဆိုလိုက်ပါတယ်နော်
    ဆက်ရေးမှာတွေ
    ဆွေးနွေးမှာတွေကို ဆက်လက် ဖတ်ရှုဖို့အသင့်ပါ

    🙂

  • ကိုကြီးမိုင်းရဲ့ဒီပို့စ်ကအရမ်းတန်ဘိုးရှိပါတယ်
    ကျမကိုယ်တိုင် အထင်လွဲနေမိတဲ့ကိုယ့်လူမျိုးတွေရဲ့စိတ်ကို
    အခုမှပြန်သုံးသပ်မိလောက်အောင်ကလောင်စွမ်းထက်လှပါတယ်ရှင်

  • က ဲ ရွာသား အသစ် တစ် ယောက် တော့ တိုး လာ ပြီ ဗျို့။

    အခု က စ ပြင ်မယ် ဆို ရင် တောင်

    ကျ နော် တို့ မြေ း ရဲ့ မြေ း လောက် မှာ

    ကောင်း လောက် ပါ ရဲ့ လို ့ တွေး မိ ပါ ရဲ့။

  • kai

    May 18, 2014 at 5:10 pm

    .. Brainstorming လုပ်လို့ကောင်းမယ့်ပို့စ်ပဲ..။
    အခု မနက်၃နာရီ ၄၀..
    ခဏအိပ်ဦးမယ်..။
    .. ပြန်လာမယ်ဗျ..။ လောလောဆယ်.. စတစ်ကီထားတယ်..။ :mrgreen:

    • ကေဇီ

      May 18, 2014 at 6:29 pm

      ငြင်းရတော့မယ်………..
      သူများကို ဂလိထိုးရတော့မယ် ………….ဆို လေသံကိုက ပျော်ရွှင်လို့………..။

      ဂလိ သဂျီးးး (စီဒီ တူ ဦး အေးလွင်ဦး)

      :mrgreen:

  • Wow

    May 18, 2014 at 7:08 pm

    ဒါပေသိ အူးသန်းရွှေဂျီးကလဲ ရေမရောတဲ့ မြန်မာစစ်စစ်နော် စနစ်တကျ ဖွဲ့စည်းပုံနဲ့ အာဏာသိမ်းခဲ့တာများ 🙁

  • Ma Ma

    May 18, 2014 at 7:55 pm

    ကလောင်စွမ်းထက်တဲ့ ကိုကြီးမိုင်းကို ကြိုဆိုပါတယ်။
    🙂

  • အရီးခင်

    May 18, 2014 at 8:19 pm

    မြန်မာပြည် ကိုလိုနီဘဝ မတိုင်ခင်ကထဲ က မြန်မာမင်း တွေ အာဏာရူး လွန်းလို့
    အချင်းချင်းလှည့်ပြီး ဦး သူ သတ်စတမ်း ကစားပွဲ လေးတွေ၊
    မိဖုရားတွေ ဆိုတာတင်မက ကိုယ်လုပ်တော် ဆိုတာတွေကိုပါ အများကြီး ဆိုတဲ့ ပုံပြင်တွေကြားမှာ
    ကျွန်မ အများကြီး စဉ်းစားခဲ့ဖူးတယ်။

    အင်မတန် ရှေးကျလှတဲ့ အောက်စ်ဖို့ က လောကဓာတ်ပညာကျောင်းကြီးကို
    ၁၁ရာစု (1096 ) လောက်မှစပြီး သင်ကြားနေချိန် မြန်မာပြည်မှာ အဲဒီအချိန် ဘာတွေများ ဖြစ်နေ၊ လုပ်နေခဲ့လဲ ဆိုတာ သိချင်ခဲ့တယ်။
    အောက်စ်ဖို့ လောကဓာတ်ပညာကျောင်းကြီး စာစသင်တဲ့ နှစ် 1096 က မြန်မာပြည်မှာ အနော်ရထာမင်းပြီးလို့ ကျန်စစ်သားမင်း လက်ထက် လို့ သိမိပါတယ်။
    အဲဒီအချိန် အမေရိက နိုင်ငံ ဆိုတာမဖြစ်သေး။
    United States of America ဆိုတာ 1492 မှာ (၁၅ ရာစု) ကိုလန်ဘတ်စ် ကတွေ့ နောက်ပိုင်း အင်္ဂလိပ် ကိုလိုနီဖြစ် ဇူလိုင် ၄ရက် 1776 (၁၈ရာစု) မှာ လွတ်လပ်ရေးရ။
    အခုမှာတော့ ကမ္ဘာ့ ထိပ်ဆုံးနိုင်ငံဘဲ။
    1492 ခု ဆိုတာ မြန်မာပြည်မှာ အင်းဝခေတ် – မင်းခေါင်(၂) အုပ်စိုးချိန်
    1776 ခုနှစ်မှာက ကုန်းဘောင်ခေတ် – စဉ့်ကူမင်း လက်ထက်
    အမေရိက နိုင်ငံ ရဲ့ စတန်းဖို့ ကျောင်းတည်ထောင်တဲ့ 1891 မှာတော့ သီပေါမင်း ပါတော်မူပြီး မြန်မာပြည် အင်္ဂလိပ်လက်အောက် အချိန်ပါ။

    အဲဒီ အနောက်တိုင်း နိုင်ငံ တွေ ထက်တောင် စောတည် ခဲ့တဲ့ မြန်မာပြည်က အခုလဲ နောက်ကျနေဆဲ။
    ကျွန်မ ထင်တာနော်။ အမှန်လို့မပြောဘူး။
    အာရှတိုက်သား တွေရဲ့ DNA ဗီဇ မျိုးစေ့ ထဲမှာ Creationလုပ် တီထွင်ထိုးဖောက် နိုင်တဲ့ စွမ်းအား ပါမလာဘူးလားမသိ။
    တရုတ် ကိုကြည့်ပါလား။
    အရန်းချမ်းသာအောင် စီးပွါးရေးလုပ်နိုင်တယ်။
    ဒါပေမဲ့ ကမ္ဘာကို လွှမ်းနိုင်တဲ့ တီထွင်နိုင်မှု နည်းပညာတွေ ထွက်မလာဘူး။
    နည်းပညာဆိုင်ရာတိုးတက်အောင် develop စဉ်းစား လုပ်နေနိုင်တာ အနောက်တိုင်း လူဖြူ တွေ အများစု ဖြစ်နေဆဲ ဆိုတာငြင်းမရဘူး။
    တရုတ်ဖြစ်ဆိုတာ သူတို့ ထုတ်တာတွေကို တုပြီး လုပ်ထားတာတွေ မဟုတ်လား။
    တူအောင်လုပ်နိုင်တယ်။
    ဒါပေမဲ့ သူ့ဟာသူ လမ်းမဖောက်တတ်သလိုဘဲ။

    ဒီတော့ မြန်မာလူမျိုး (ကျွန်မလဲ မြန်မာ အစစ်ပါ) တွေရဲ့ DNA ဗီဇ ထဲမှာလဲ Risk ယူပြီး တစ်ခုခု ကို အသစ်ထွင် လမ်းဖောက်ဖို့ထက် ရှိပြီးနေရာမှာ အသာလေးရေစီး နဲ့ မျှော လိုက်ချင်စိတ် ပိုများ နေသလားလို့ပါ။
    ဒါပေမဲ့ မြန်မာတွေထဲမှာလဲ လမ်းရိုးအတိုင်း မဟုတ်ဘဲ သေမြေကြီး ရှင်ရွှေထီး လမ်းသစ်ဖောက်ရဲ၊ ဖောက်ခဲ့ ကြိုးစားခဲ့ အောင်မြင်ခဲ့ သူတွေလဲ ရှိတော့
    အားလုံးကို သိမ်းကြုံးရမ်းပြီးတော့ မပြောလိုပါဘူး။

    ဒါကတော့ကျွန်မ အထင်ပေါ့။ :-))))))

  • lu lu

    May 18, 2014 at 9:49 pm

    မြန်မာ ပြည်မှာနေတဲ့တိုင်းရင်းသား ဖြစ်နေတာတောင်
    မြန်မာဆို အ ကောင်း ဘယ်တော့မှမ ပြောဘူး
    အဲ့ဒါ ဘယ်သူမှားတာလဲ
    အ ရေးအသားကောင်းတဲ့ ကိုကြီးမှိုုင်း ကို
    ဝမ်းသာစွာကြိုဆိုပါတယ်
    :mrgreen:

  • padonmar

    May 18, 2014 at 10:06 pm

    ပထမဆုံးပြောချင်တာကတော့ စာကောင်းဖတ်ချင်သော ရွာသူတဦးအနေနဲ့ လှိုက်လှိုက်လဲလဲ ကြိုဆိုပါတယ်။
    အားလပ်ရင် အားလပ်သလို ပြန်လည်ဆွေးနွေးပေးမယ်လို့လည်း မျှော်လင့်ပါတယ်။
    သူကြီးကြိမ်လုံးကတော့ ဒီလိုပါ။(10. မိမိတင်သည့်စာကို စာမူရှင်(တင်သူ)မှ တာဝန်ယူရမည်ဖြစ်ပြီး အယ်ဒီတာ၊ အဒ်မင်တို့မှ တာဝန်ယူလိမ့်မည်မဟုတ်ပါ။
    – စာမူရှင်သည် မိမိစာအပေါ်ကော်မန့်ပေးသူများအား ဦးဆောင်ဆွေးနွေးသူဖြစ်ရမည်)
    ဒါပေမယ့် ကျမတို့လည်း ပို့စ်တင်ပြီးမှ မအားရင်တော့ ပြန်မဆွေးနွေးပေးနိုင်တာတွေ ရှိပါတယ်။
    (ကိုးနတ်ရှင် မျက်နှာသာမရတဲ့ အရပ်က လူတွေကိုး)
    ………..
    ပို့စ်ပေါ် ကျမအမြင်ကို ဆွေးနွေးရရင်
    (၁)သွေးခွဲအုပ်ချုပ်သွားတဲ့ အင်္ဂလိပ်ကြောင့်ထက်
    သွေးဖျက်အုပ်ချုပ်သွားတဲ့/အုပ်ချုပ်နေတဲ့ စစ်အစိုးရ
    ကြောင့် မြန်မာတွေ ညံ့လာတယ် လို့ပြောချင်တယ်။
    (၂)ဒါ့အပြင် မြန်မာပြည်နေသူတွေအများစုမှာ ့ အပျင်းဓာတ်ခံရှိနေတယ်။
    ရန်ကုန်ဘဆွေရဲ့ မြန်မာပြည်သားဟာ စစ်အစိုးရ မတိုင်မီလေးက ရေးတဲ့စာ(၁၉၆၆ မှာ ပထမအကြိမ်ထုတ်ဝေ)လို့ ကျမသိထားတယ်။
    အဲဒီထဲမှာ တရုတ်မြန်မာစစ်ဖြစ်တဲ့ (ကျမစိတ်ထင် ပုဂံမင်းလက်ထက်ထင်တယ်)အချိန်ကို သရုပ်ဖော်မှာကတည်းက မြန်မာတွေ သဘောကောင်းသလောက် ပျင်းတယ်၊တယောက်နဲ့တယောက် မနာလိုတတ်တယ်၊စသဖြင့် ရေးခဲ့တာပဲ။
    ဒါလည်း မြန်မာတွေမှမဟုတ်၊
    အပူပိုင်းဒေသနေသူတွေဟာ စားဝတ်နေရေးသိပ်မပူရလို့ အအေးပိုင်းဒေသကလူတွေထက် ပျင်းတတ်တယ်လို့ဖတ်ဖူးပါတယ်။
    (၃)ဗီဇ x ပတ်ဝန်းကျင်= ကိုယ်ရည်ကိုယ်သွေး လို့မြင်ပါတယ်။
    (၄)စစ်အစိုးရလက်ထက် ကိုယ်ကျင့်တရားတွေ ပျက်လာတာ ပတ်ဝန်းကျင်ဆိုးပါ။
    (၅)မွေးကတည်းက/ကိုယ့်မိဘတွေသွေးထဲပါလာတာကိုက ဗီဇပါ။
    ငှက်ပျောသီးယူရင် ရေပက်ခံရတဲ့ မျောက်တွေကြောင့်
    နောက်ရောက်လာတဲ့ မျောက်အဆက်ဆက် ငှက်ပျောသီး မယူရဲတော့တာ ဗီဇရွေ့လျောတာတာပဲ။
    (၆)ဗီဇကိုရော၊ပတ်ဝန်းကျင်ကိုရော ပြောင်းဖို့ တကယ်ပြောင်းချင်တဲ့စိတ် awareness အဓိကလိုတယ်လို့ မြင်ပါတယ်။
    (၇)လူတဦးချင်းအနေနဲ့တော့ ကိုယ့်ဗီဇကိုယ်ပြောင်းဖို့ လိုပါတယ်။
    ပတ်ဝန်းကျင်ဟာ ကိုယ်ပြောင်းရင် နောက်ကလိုက်ပြောင်းလာပါလိမ့်မယ်။
    (၈)အချုပ်ပြောရရင် စနစ်ကိုပဲ အပြစ်မတင်စေလိုပါ။
    (သူကြီး လက်သုံးစကားကတော့
    စနစ်ကြောင့်မဟုတ်၊စနစ်ကြောင့်မဟုတ်…တဲ့)

    • အရီးခင်

      May 18, 2014 at 10:13 pm

      ဟုတ်တယ် အစ်မဒုံ ရေ။
      ဗီဇတင်မက ၊ ပါတ်ဝန်းကျင် လဲ အရေးကြီးသေးတာ။

      • hmee

        May 19, 2014 at 1:49 pm

        အမ​ရေ ကျွန်​မ ဖတ်​ဖူးတာ​တော့ ဗီဇက ၅၀၊ ပတ်​ဝန်​းကျင်​က ၅ဝတဲ့။

  • ဦးကြောင်ကြီး

    May 19, 2014 at 12:27 am

    ဏှာရိုးမဓါးမြန်တျန့်ဒွေ…

  • naywoon ni

    May 19, 2014 at 3:46 am

    အူး​ကြောင်​ဂျီးလဲ မြန်​တျန်​့ပဲ အဲ့​လော့ အူး၄ ကိုလည်​း အူး၄ ​ပျောသလိုပဲ ။

    ဗီဇ ဆိုတာက မိခင်​ဆီက အများဆုံး ကူးဆက်​လာတာတဲ့ဗျ ။ ကျွန်​​တော်​​ပြောတာမဟုတ်​ဘူး ။ ရန်​ကုန်​ဘ​ဆွေရဲ့ ချစ်​ဇနီးသို့ ဆိုတဲ့စာအုပ်​ထဲမှာ ပါတာ ။ ဗီဇ​ကောင်​းရင်​ ပတ်​ဝန်​းကျင်​ ဘယ်​​လောက်​ဆိုးဆိုး လိုက်​မဆိုးတတ်​ကြဖူး ။ ဗီဇမ​ကောင်​းရင်​လဲ ပတ်​ဝန်​းကျင်​ဘယ်​​လောက်​​ကောင်​း​ကောင်​း တယ်​မဟန်​ချင်​ဘူး ။ အဲ့​တော့ ပတ်​ဝန်​းကျင်​ကိုချည်​့ ပြင်​လို့လဲ မရနိုင်​ဘူး ။ ဗီဇ ​ပေါက်​ပွားရာ မိခင်​​လောင်​း​တွေက အနည်​းဆုံး အထက်​တန်​​လောက်​ ​အောင်​သင်​့တယ်​ ။ ​ပြောချင်​တာက မြန်​မာအမျိုးသမီး​တွေရဲ ပညာ​ရေးကို ဂရု တစ်​စိုက်​ တိုးတက်​​အောင်​ ပြုပြင်​​ပေးဖို့လိုတယ်​ ။ ခုလက်​ရှိ က​လေး​တွေကို ထိန်​း​ကျောင်​း​နေတဲ့ ပုံစံ ကိုလဲ ပြင်​​ပေးရမယ်​ ။ က​လေး ထိန်​းနည်​းသင်​တန်​း​တွေပါ ​ပေးသင်​့ရင်​​ပေးရမှာပဲ ။ ခုကတည်​းက စမယ်​ဆိုရင်​ အဲ့ က​လေး​တွေ လူလား​မြောက်​မဲ့ အချိန်​နဲ့ ​ပြောင်​းလဲ ထားတဲ့ ပတ်​ဝန်​းကျင်​​ကောင်​းနဲ့ ကွက်​တိပဲ ။ ​နောက်​ထပ်​ နှစ်​နှစ်​ဆယ်​​လောက်​​တော့ ​စောင်​့ရမှာပဲ ။ ခုကတည်​းက စမှ​နော်​ ။ အမျိုးသား ပညာ​ရေးနဲ့ တန်​းတူ အမ​ျိုးသမီး ပညာ​ရေး ကို မြှင်​့တင်​​ပေးဖို့လိုတယ်​ ။

  • အိမ်လွမ်းသူ

    May 19, 2014 at 9:24 am

    စာရေးကောင်းတဲ့ သူ တစ်ယောက်တိုးလာတဲ့ အတွက် အနော်တို့လို အဖတ်သမားတွေမှ ကြိုဆိုပါတယ်။ Welcome Kogyi Mind !!!! let me share this post in Facebook.

  • kyeemite

    May 19, 2014 at 10:07 am

    အတွေးအခေါ်ကောင်းသော
    အရေးအသားကောင်းသော Kogyi Mind ကိုလှိုက်လှဲစွာကြိုဆိုပါတယ်…
    ရှက်တတ်ရင် သေလို့ရတယ် @kai ပို့စ်ရေးသူ ကိုလည်းကျေးဇူးတင်မိပါတယ်…

    မြန်မာတွေ အခုလိုဘဝရောက်သွားတာ ကိုကြီးမှိုင်းပြောတဲ့ ထဲက..

    ဗိုလ်နေဝင်းမှ အစပြုပြီး ဗိုလ်သန်းရွှေအထိ အရည်အချင်းမဲ့သော လူမိုက်ဆန်သည့် အာဏာရူးများမှာ မဟာဗျူဟာ၊ နည်းဗျူဟာများချမှတ်ပြီး မြန်မာနိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေးမှန်သမျှကို နှစ်ပေါင်းလေးဆယ်ကျော် ရည်ရွယ်ချက်ရှိရှိ စနစ်တကျ တလွှာချင်း ဖျက်ဆီးပစ်လေတော့သည်။

    အဲ့ဒီအချက်က အဓိကအကျဆုံးလို့ဆိုချင်ပါတယ်….
    အခုထိလည်း အရပ်ဝတ်ပြောင်းဝတ်ထားတာကလွဲလို့
    စိတ်ဓါတ်နဲ့အပြုအမူ အပြောအဆို၊ လုပ်ရပ်တွေက ဗိုလ်နေဝင်းတို့ ဗိုလ်သန်းရွှေ တို့အတိုင်းပဲရှိပါသေးတယ်
    ဘာသာရေးနဲ့ နိုင်ငံရေး ရောထွေးနေအောင်လုပ်တာလည်း သူတို့ လူမိုက်ကြီးတွေပါပဲ… 👿

  • kogyi mind

    May 19, 2014 at 10:18 am

    ဆွေးနွေးတဲ့သူတိုင်းကို ကျေးဇူးတင်ပါတယ်.. ဒီပို့စ်ကိုတင်ရတဲ့ ရည်ရွယ်ချက်က မီမီ ရဲ့ကဗျာကြောင့်လို့ပြောရရင်မမှားပါဘူး.. သူက မြန်မာတွေကို ဒီလောက်အထိချိုးချိုးနှိမ်နှိမ် (ဘဝင်မမြင့်ပါနဲ့ ပို့စ်မှာ) ပြောရလားဆိုပြီး ခြေပထားလေတော့ ကိုကြီးမိုင်းဟာ မြန်မာတွေကိုအထင်သေးတဲ့သူမဟုတ်ပါဘူး..တတ်နိုင်သလောက် နားလည်ဖို့ ကြိုးစားနေတဲ့သူဖြစ်ကြောင်း အသိပေးလိုရင်းပေါ့လေ.. ထားပါတော့.. ကိုလိုနီခေတ်မတို်င်က မြန်မာတွေရဲ့ စိတ်နေစိတ်ထားကို အကဲခတ်နိုင်ဖို့ စာအုပ်တွေလည်းရှားလှပါတယ်.. ရွှေတောင်သီဟသူရဲ့ ရတနာ့ကြေးမုံလို၊ အီနောင်နန်းတွင်းဇာတ်တော်ကြီးတို့လိုနဲ့ ပြီးရတာပါ..
    ဗီယက်နမ်ဟာ ပြင်သစ်ကိုလိုနီအောက်ကိုကျနေခဲ့တဲ့ အဖြစ်အပျက်ကိုရေးတဲ့ ဆိုင်ဂုံ (1862–1945: French Vietnam) ဆိုတဲ့စာအုပ်မှာ ဆိုရင် အနောက်တိုင်းသားတွေ ဗီယက်နမ်တွေ ပျင်းရိထိုင်းမှိုင်းကြတာ အပူပိုင်းဒေသရာသီဥတုကြောင့်လို့ ယူဆတာကလည်း စိတ်ဝင်စားစရာပါ..နည်းနည်းလှုပ်မိတာနဲ့ ပင်ပန်းနွမ်းနယ်လွယ်တဲ့ အပူပိုင်းဒေသက လူတွေဟာ အအေးပိုင်းဒေသက လူတွေထက် ထိန၊ မိဒ္ဓ (ပျင်းရိ၊ ထိုင်းမှိုင်း) ပိုများမယ်ထင်တယ်.. ပျမ်းမျှခြင်းအားဖြင့် တိုးတက်သမျှနိုင်ငံတိုင်းဟာ အအေးပိုင်းဒေသတွေချည်းဖြစ်နေတာဟာလည်း စဉ်းစားစရာပါ..ပြီးတော့ ဉာဏ်ရည်ဉာဏ်သွေးတိုးတက်မှုအတွက်ပြောပလောက်အောင် အထောက်အကူမပြုပဲ ကယ်လိုရီများတဲ့ ဆန် ကိုသာအဓိကစားတဲ့ သက်ရောက်မှုကိုလည်း ထည့်စဉ်းစားရပါမယ်.. နောက်တစ်ခုက ဆင်းရဲမွဲတေမှုပါ.. ဆာလောင်နေတဲ့ဗိုက်တစ်လုံးရှိနေရင် ၁ + ၁ တောင် အဖြေရအောင်ထုတ်ဖို့ မစဉ်းစားချင်ဘူးမဟုတ်လား.. စဉ်းစားမိတာပြောရရင်.. ကံ ကလည်းနည်းနည်းဆိုးတာ ပါမယ်ထင်ပါရဲ့..ကျေးဇူးတင်ပါတယ်.

    • kai

      May 19, 2014 at 11:52 am

      ဆန်ကိစ္စကိုတော့ ငြင်းချင်မိတယ်ဗျာ..။
      ဂျပန်ကဆန်ကိုအဓိကစားသူဖြစ်တာကိုး..။ ဂျပန်တီဗီမှာ ကြည့်ဖူးတာကတော့ ဂျပန်ဟာဆန်အဓိကစားသမို့ ချေဖျက်ရတဲ့အလုပ်ပိုပြီး အူကအနောက်နိုင်ငံသားတွေထက်ပိုရှည်သတဲ့..။
      အဲဒါကြောင့် ဂျပန်အပါအဝင်ဆန်စားသူတွေက (အူတွေနေရာအတွက်) ခါးရှည်သတဲ့၊ လူ့အချိုးအစားညှိမှုအရ ခါးရှည်ရင်ပေါင်တံတိုသတဲ့၊
      အဲဒါကြောင့် ပေါင်တိုခါးရှည်တွေမြင်လျှင် ဂျပန်တွေလို့မှတ်… ဆိုပါတယ်။( ဟုတ်မဟုတ်.. စစ်ကြည့်ကြ) :mrgreen:

      နောက်တခုက… ကမ္ဘာ့သာသာကြီးတွေအားလုံးလိုလိုက.. အအေးပိုင်းဒေသတွေ(အခုတိုးတက်နေတဲ့နိုင်ငံရှိရာဒေသတွေ) ဆီက…ဆိုတာထက်.. အာရှကထွက်တာများတယ်ပြောလို့ရလို့ပါ..။
      အနွေးပိုင်းဒေသတွေဆိုပါတော့..။ဟိန္ဒူက..အိနိ္ဒယ၊ ဂျူးက..အီဂျစ်ဒေသ၊ ဗုဒ္ဓက.. နီပေါနဲ့အိနိ္ဒယနယ်စပ်၊ ကွန်ဖြူးရှပ်က စိနပြည်၊ ဂျီးဇက်ခရိုက်စ်က.. ဂျေရုစလင်(အစ္စရေး၊ပါလက်စတိုင်း)၊ မိုဟာမက်က..မဒီနာ၊မက္ကာမြို့(ဆော်ဒီ)။


      ဘာပဲပြောပြော.. အအေးပိုင်းဒေသနိုင်ငံသားတွေက.. တိုးတက်တာတော့ မြေပုံအရလည်း ဟုတ်နေတာမို့.. အချက်အလက်အရကောက်ရရင်.. အေးရင်တိုးတက်တယ်ဆိုတာမှန်သဗျ၊
      ကိုယ်တိုင်လည်း အအေးနိုင်ငံတွေနေဖူး၊ နေနေတာမို့ အေးရင်များ.. ယက်တောင်လေးခတ်၊ခြေကလေးဆင်း၊ကျောကလေးခင်း ငြိမ်နေလို့မရဘူးဆိုတာ သိဖူးတယ်။
      အရိုးစိမ့်အောင်အေးရင်များ စောင်ခြုံထဲမှာငြိမ်နေလို့ကိုမရ.. အနည်းဆုံးတော့ မီးဖိုဖို့ထင်းမီး၊ဂက်စ်ဖိုးလေးထွက်ရှာရတော့သကိုး..။
      အလုပ်ဟူသမျှ.. သူဌေးဖြစ်သဗျ..။ :mrgreen:

      • pooch

        May 19, 2014 at 5:00 pm

        နောက်တခုက ဘယ်ဘက်ဦးနှောက် အသုံးပြုတာများတာနဲ့ ညာဘက်ဦးနှောက် အသုံးပြုတာ များတာနဲ့လည်း ဆိုင်တယ်။ ဟိုတခါ မိုးသီးဇွန်က ဒဲ့ဆော်သွားဖူးတယ်လေ ။ အလွတ်ကျက်တာဆိုလား ဘာဆိုလား။ :mrgreen:

        အကျယ်တွေးရမယ်ဆိုရင် ဘယ်ဦးနှောက်က ဘာသာစကား၊ အရေးအသား၊ ဖတ်တာ ၊မှတ်တာ ၊နားထောင်တာ ၊ခွဲခြမ်းစိတ်ဖြာတာ ၊ အစီအစဉ်တကျ စီစဉ်တာမျိုးတွေကို သုံးတာ ။

        ညာဦးနှောက်က တီထွင်ဖန်တီးမှု၊ ဆန်းသစ်ပြောင်းလဲမှု၊အိုင်ဒီယာ ၊ပုံရိပ်၊ အရောင်တွေ၊ ရှုထောင့်တွေကို ခွဲခြမ်းစိတ်ဖြာတာ ၊ အနုပညာဖန်တီးမှုတွေ၊ စိတ်ခံစားမှု ၊ Day Dreaming ခေါ်တဲ့ မဖြစ်နိုင်တဲ့ အိမ်မက်တွေ လျှောက်မက်တာ လေထဲ တိုက်အိမ်ဆောက်တာ ဥပမာ လပေါ်တက်တာတို့ ဂြိုလ်တွေတွေ့ပါတယ်တို့
        အဲ့လိုတွေ သုံးတာ ။

        အတိအကျပြောရရင် မြန်မာ့ပညာရေးက ဘယ်ဦးနှောက်ကို ဦးစားပေးတာ အရှင်းဆုံး ပြောရရင် တခြမ်းပဲ သုံးတာ။ အဲ့လို တခြမ်းပဲ သုံးတဲ့ လူဆို ထိန်းချုပ်ရ လွယ်တယ်။ လိုသလို တို့ပေးတာနဲ့ သူတို့ဖြစ်စေချင်တဲ့ အတိုင်း လိုက်သွားတတ်တယ်။

        အနောက်ပညာရေးက ညာဦးနှောက်ကို ဦးစားပေးသုံးပြီး ဘယ်ကို လှမ်းချိတ်တာ။ စာဖတ်နှုန်းတွေနဲ့လည်း ဆိုင်တယ် ဒါက ပိုကျယ်လို့ မပြောတော့ဘူး။ ဒါကြောင့်မိ်ု့ ကမာ္ဘကျော်တဲ့ အနုပညာရှင် တွေ သိပံ္ပပညာရှင်တွေ အတွေးခေါ်ပညာရှင် တွေ စွန့်ဦးတီထွင်သူတွေ အားလုံးဟာ အများစု အနောက်ကပဲ ထွက်ပါတယ်။

        ဘယ်ကိုပဲ သုံးရင်လည်း အစွန်းရောက်တယ် ညာကိုပဲ သုံးရင်လည်း ဗရမ်းဗတာဖြစ်တယ်။ နှစ်ဖက်ညှိုသုံးနိုင်လေ အကျိုးများလေပဲ။

        ဆိုတော့ လိုရင်းပြောရရင် အစကထဲက မှားခဲ့ပြီး ဆွဲချခဲ့တာပါ။ ပညာရေးစနစ်တခုလုံး မြေလှန်နိုင်ရင် လွတ်နိုင်မဲ့ လမ်းစ ရှိပါတယ်။ ဒါကြောင့်မို့အမေစုက ပညာရေးကို ပြုုပြင်ပြောင်းလဲ ရမယ်လို့ ပြောတာပါ။

        ပြောင်းလဲနိုင် မလဲနိုင် ဒီခေတ်လူတွေရဲ့ ကိုယ်ရည်ကိုယ်သွေး စိတ်ဓာတ်အဆင့်အတန်းတွေက စကားပြောပါလိမ့်မယ်။ မျှော်နေတဲ့ 2015 က အဆုံးဖြတ်ပေးပါလိမ့်မယ်။

        ဒီတခါလွဲရင် အဖတ်ဆည်လို့ ရချင်မှ ရပါလိမ့်မယ်။

        • ဝင့်ပြုံးမြင့်

          May 20, 2014 at 12:46 am

          မမယ်ပု ပြောတာ ရာနှုန်းပြည့် ထောက်ခံပါတယ်။
          (ပညာရေးစနစ်တခုလုံး မြေလှန်နိုင်ရင် လွတ်နိုင်မဲ့ လမ်းစ ရှိပါတယ်။ ) အဲဒါကို အပြည့်အဝ ထောက်ခံပါတယ်။ မယ်ပုဟာ ပညာရေးအကြောင်း သိပ်သိတဲ့ ဆရာသမားတစ်ယောက်ဆိုတာ သေချာသွားပြီ။ (မြှောက်တာ မဟုတ်ရပါ)

      • Choo

        June 30, 2014 at 3:58 pm

        သဂျီးမင်းရဲ့ ဒီအပိုဒ်လေး ကြိုက်သဗျ 😀

  • တိမ်မည်း

    May 19, 2014 at 11:13 am

    ကြိုဆိုပါတယ်… အကိုရေ….

    မြန်မာနဲ ့ပတ်သက်ပီး ပြင်ဖို ့လိုတာတွေတော့ အထူး မပြောလို ပါကြောင်း…. (ကိုယ့်အကြောင်း ကို သိတယ်လေ…. ဟီး :D)

    ကိုယ့်ကိုယ်ကိုပဲ ပြင်ဖို ့ကြိုးစားနေပါကြောင်း……

  • TNA

    May 19, 2014 at 3:39 pm

    သူမျာပြောတာတွေစောင့်ဖတ်ရင်းဗဟုသုတယူပါမည့်အကြောင်း

  • pazflor

    May 19, 2014 at 7:06 pm

    “ထိုအချိန်မှစတင်ပြီး ကျွန်နှင့်သခင်ဟူသောဆက်ဆံရေးတရပ်ပေါ်ပေါက်လာခဲ့သည်။ အစွဲအလမ်းကြီးမားလှသည့်မြန်မာများကို အုပ်ချုပ်ရန်အတွက် အင်္ဂလိပ်များက အဆင့်အတန်းခွဲခြားသည့်စနစ်ကိုထိရောက်စွာ စတင်ကျင့်သုံးခဲ့လေသည်။ ထိုအချိန်မှစတင်ပြီး ဖိနှိပ်သူမြန်မာနှင့် အဖိနှိပ်ခံမြန်မာဟုကွဲပြားလာခဲ့သည်။ အင်္ဂလိပ်တို့ကား အရှင်သခင်နေရာတွင် အခိုင်အမာနေရာယူပြီးဖြစ်သည်။ သစ္စာဖောက်၊ အသားထဲမှလောက်ထွက်ဟူသောစကားများသည် အမျိုးသားရေးစည်းလုံးမှုတွင်အက်ကြောင်းထင်လာခဲ့သည်။ ပစ္စည်းမဲ့နှင့်အရင်းရှင်၊ ဖိနှိပ်သူနှင့်ဖိနှိပ်ခံ၊ အာဏာရှင်နှင့်အာဏာမဲ့၊ အခွင့်ထူးခံနှင့်အခွင့်အရေးမဲ့ စသည့်ဝေါဟာရများတွင်ကျယ်လာခဲ့သည်။ အိမ်ကြက်ချင်းအိုးမည်းသုတ်ပြီး
    ခွပ်ခိုင်းသည့် ဗြိတိသျ တို့၏ဗျူဟာသည် မြန်မာနိုင်ငံတွင် အထူးအောင်မြင်ခဲ့သည်။” ………. အဲ့တာတော့ ဟုတ်သေးဘူးထင်တယ်ဗျ။ သခင်၊ ကျွန် ဆိုတဲ့ ဆက်ဆံရေးက မြန်မာဘုရင်တွေ လက်ထက်ထဲက ရှိပြီးသား။ ဖတ်စာအုပ်တွေ မြန်မာ ရုပ်မြင်သံကြားတို့က တော့ အင်္ဂလိပ်တွေ မြေပြန့်၊ တောင်ပေါ်ခွဲခြား အုပ်ချုပ်တယ် ပြောတယ်။ ဒါပေမဲ့ ဘယ်လို လုပ်သလည်း ဆိုတာတော့ ကျနော်လည်း သဘောမပေါက်ဘူး။ အပြင်က စာတွေဖတ်ရတာတော့ အင်္ဂလိပ်ခေတ်မှာ မြန်မာပြည်သူတွေ ပိုနေလို့ကောင်းလာတယ်ပြောကြတယ်။ အမှူ့ ဖြစ်တယ်ဘာတယ်ဆိုရင်တောင် သေချာစွဲထားတဲ့ ဥပဒေမျိုးနဲ့ တရားရင်ဆိုင် ဆုံးဖြတ်ပိုင်ခွင့် ရှိလာတယ်။ ဘုရင်ခေတ်ကလို သေဆိုသေ၊ ရှင်ဆိုရှင်တာမျိုး မဟုတ်တော့ဘူး။

    • kogyi mind

      May 22, 2014 at 2:09 pm

      အလုပ်လုပ်ရတာချင်းအတူတူ အိမ်ရှင်မရဲ့စိတ်နဲ့ အိမ်အကူစိတ်ဓါတ်ကွာတာကို သတိပြုပါ..မြန်မာဘုရင်ခေတ်က ကျွန်နဲ့ အင်္ဂလိပ်ခေတ်ကကျွန် ဘယ်လိုကွာလည်းဆိုတော့..

  • pazflor

    May 19, 2014 at 7:18 pm

    နောက်အဲ့ခေတ်က မြန်မာသူဌေး၊ တိုင်းရင်းသားသူဌေးတွေ၊ ကုလား သူဌေးတွေ အစသဖြင့် သူဟာနဲ့ သူ လုပ်တတ်ကိုင်တတ်သလောက် ချမ်းသာကြတယ်ဆိုဘဲ။ မြန်မာ သမိုင်းကို ပြန်ကြည့်ရင် ဖတ်စာအုပ်ထဲမှာ ဘယ်သူဌေးအကြောင်းပါဘူးသလည်း။ ပြောကြတာတော့ လူတစ်ယောက်နည်းနည်းချမ်းသာလာပြီဆို ဘုရင်က သူ့ကို ပုန်ကန်မဲ့သူ အဖြစ် မြင်တတ်ပြီး ဘုရင်ဘဏ္ဍာ အဖြစ်သိမ်းပစ်တတ်ကြတယ်ဆိုဘဲ။ ကိုယ်ကြိုးစားလုပ်ကိုင် ရင်း ရတဲ့ စည်းစိမ်ဥစ္စာကို စည်းကမ်းဥပဒေမရှိဘဲ မတရားသိမ်းယူနိုင်ခွင့် ရှိနေမှတော့ ဘယ်သူက ရိုးရိုးသားသားနဲ့ ကြိုးစားအလုပ် လုပ်ချင်တော့မလည်း ။အခုခေတ်ထိလည်း အဲ့လို ဖြစ်နေတုန်းဘဲ။ ၈တန်းထိ သင်ခဲ့ရတဲ့ မြန်မာသမိုင်းကိုု ပြန်ကြည့်တော့လည်း ခုနှစ်သက္ကရာဇ်တွေနဲ့ ဘုရင်တွေ စစ်တိုက်တာကလွဲလို့ ကျန်တဲ့ လူမှူ ့အမြင်၊ စီးပွားရေးအမြင်သင်ခဲ့ရတာမျိုး လည်း မရှိတော့ သိပ်လည်း မသုံးသပ်တတ်ပါဘူးဗျာ။ ရှိသေးတယ် အင်္ဂလိပ်ခေတ်က ဆို အစိုးရဆန့်ကျင်ရေးလုပ်တဲ့ နိုင်ငံရေးသမားတွေတောင် မြန်မာအချင်းချင်း နှိပ်ကွပ်သလို အလုပ်မခံရဘူးဗျ….(မြို့ မေတ္တာတော့ အပို့ ခံရတော့မယ်ထင်တယ် :kwi: )

  • မောင်မိုဘိုင်(သလ္လာဝတီ)

    May 20, 2014 at 3:25 am

    kogyi mind မင်္ဂလာပါ ခဗျ… လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါ၏….
    ဖုန်းကဒ်နဲ့ အင်တာနတ်သုံးရတာ လိုင်းကနည်းနည်းညံ့ပြီး ငွေကျတော့ ၅၀၀၀/ ၁၀၀၀ဝ ဖြည့်ထားတာ
    ကြာကြာမသုံးလိုက်ရပဲကုန်တတ်တဲ့ သဘောတရားတွေပြည့်လျှမ်းနေတဲ့ ကျွန်ုပ်တို့ရဲ့ ဌာနေမှာ
    လိုင်းမကောင်းတာကို သည်းခံခြင်းဖြင့်၎င်း / ငွေကုန်တာကို ထမင်းတနပ် လျော့စားခြင်းဖြင့်၎င်း ကျနော်
    အင်တာနတ်သုံးတာ ယခုလို ပို့စ်+ကွန်းမန်း စသဖြင့် ကျနော်အတွက်
    တန်ဖိုးရှိလှသည်/ဗဟုသုတဖြစ်စေလှသည်/သိသင့်သိထိုက်လှသည် ဟူသောအကြောင်းအရာများကို
    လေ့လာရှာဖွေချင်လို့ပါ။
    ——————–
    ပို့စ်ထဲမှာပါတဲ့ ဒါလေးတွေနဲ့
    ဗိုလ်နေဝင်းမှ အစပြုပြီး ဗိုလ်သန်းရွှေအထိ အရည်အချင်းမဲ့သော လူမိုက်ဆန်သည့် အာဏာရူးများမှာ မဟာဗျူဟာ၊ နည်းဗျူဟာများချမှတ်ပြီး မြန်မာနိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေးမှန်သမျှကို နှစ်ပေါင်းလေးဆယ်ကျော် ရည်ရွယ်ချက်ရှိရှိ စနစ်တကျ တလွှာချင်း ဖျက်ဆီးပစ်လေတော့သည်။
    ——————–
    Pooch ပြောတဲ့ ဒါလေးတွေကိုတော့ အထူးနှစ်သက်မိတယ်ဗျာ…
    အတိအကျပြောရရင် မြန်မာ့ပညာရေးက ဘယ်ဦးနှောက်ကို ဦးစားပေးတာ အရှင်းဆုံး ပြောရရင် တခြမ်းပဲ သုံးတာ။ အဲ့လို တခြမ်းပဲ သုံးတဲ့ လူဆို ထိန်းချုပ်ရ လွယ်တယ်။ လိုသလို တို့ပေးတာနဲ့ သူတို့ဖြစ်စေချင်တဲ့ အတိုင်း လိုက်သွားတတ်တယ်။
    အခြားဆြာသမားတွေ ဆွေးနွေးထားတဲ့ ကွန်မန်းတွေအကုန်လုံးကိုလည်း နှစ်သက်မိကြောင်း
    ပြောချင်ပါတယ်….

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 20, 2014 at 1:37 pm

    . ဗိုလ်နေဝင်းမှ အစပြုပြီး ဗိုလ်သန်းရွှေအထိ အရည်အချင်းမဲ့သော လူမိုက်ဆန်သည့်
    . အာဏာရူးများမှာ မဟာဗျူဟာ၊ နည်းဗျူဟာများချမှတ်ပြီး မြန်မာနိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊
    .ပညာရေးမှန်သမျှကို နှစ်ပေါင်းလေးဆယ်ကျော် ရည်ရွယ်ချက်ရှိရှိ စနစ်တကျ တလွှာချင်း ဖျက်ဆီးပစ်လေတော့သည်။
    ………………….
    . တခြားဟာတော့မသိဘူး
    . ကိုယ်တွေကိုဆော်ထားတာသားစဉ်မြေးဆက်တောင်ပြောလို့ရနိုင်တော့မယ်
    . သူ့ကို အသုံးမကျဘူး အရည်ချင်းမရှိဘူး ဆိုပြီးသွားပြောတော့ နည်းနည်းလေးများလွဲမနေဘူးလား
    . သူတို့ကိုတော်တယ်လို့မြှောက်ပင့်ပြောခိုင်းနေတာမဟုတ်ဘူး
    . ကိုယ် သူ့လိုနေရာရောက်အောင်မလုပ်နိုင်သေးတာလေးမြင်ယောင်ကျိဘို့ဘါ
    . ကျုပ်ကတော့ ခင်ဗျားကိုဘုန်းကြီးဝတ်စေခြင်တယ် တတ်နိုင်ရင်သီလသမာဓိအပြည့်နဲ့နေပေါ့
    . ဒါမှ ကျုပ်ကမြင်းကျောထပြီးတိုင်း ခင်ဗျားလို သီလသမာဓိရှိတဲ့ဘုန်းဘုန်းကို ဖင်ကုန်းပြီးရှိခိုးမယ်
    . ခင်ဗျားလို ဘုန်းဘုန်းကိုရှိခိုးပြီး ကျုပ်ရဲ့အပြစ်တွေကိုဖျောက်မယ်
    . လက်ရှိမှာလည်းအတော်များများဒီလိုဘဲလုပ်နေကြတာဘဲမဟုတ်လား
    . ဘါရယ်တော့ဟုတ်ပါဘူး ဘယ်သူမှ မကလန်သေးလို့ ဝင်ပြီးပါရမီဖြည့်ပေးတာပါ

  • အားရတယ်ဗျို. ပို.စ်ပိုင်ရှင်ရေ….
    ကျွန်တော်တို.တော့ third လား fourth ဂျန်နရေးရှင်းလားတော့မသိပါဘူး… ရှေ.စီနီယာတွေ ကြောက်တော့ လိုက်ကြောက်ရင်းးးးး မျက်လုံးလေးကလည်ကလည်နဲ. နားမလည်ပါးမလည် မြန်မာနိုင်သားဘဝဖြတ်သန်းလာရတာ.. အသက်တောင် ၃ဝ နားကပ်လာပြီဗျ……..
    အစ်ကိုတို.ပြောတဲ့အတိုင်း ကျွန်တော်တို.ပြောချင်ပေမယ့်….
    ပညာရေး… ဘာမှန်းမသိလိုက်..
    စီးပွားရေး.. မငတ်ရုံတမယ်..
    ကျန်းမာရေး.. ကိုယ်ဟာကိုယ်စောင့်ရှောက်…. အဲလိုနဲ. ဘဝအာမခံချက်မရှိပဲ ဖြတ်သန်းလာရတာ…. အရိုးစွဲနေပါပြီဗျာ…
    အခုတော့ ဘာမှ ပြောစရာစကားမရှိပါဘူး.. (ပြောချင်စိတ်လဲမရှိ)… ဆွေးနွေးနေတဲ့သူတွေကိုပဲ စောင့်ဖတ်တော့မယ်ဗျာ….

    စိတ်ဓာတ်မခိုင်တဲ့
    ရွှေတိုက်

  • black chaw

    May 22, 2014 at 11:00 am

    ကိုကြီးမိုင်း ရဲ့ အတွေးနဲ့ အရေးကို
    သဘောကျပါကြောင်း…။
    :mrgreen:

  • Paing Lay

    May 22, 2014 at 3:02 pm

    ကံစမ်းမဲတွေကို မျက်စိစုံမှိတ်ပြီး ကိုယ့်ဘဝကိုယ် အားရကျေနပ်ရမယ့် ကာလကနေ ဘယ်တော့များမှ လွတ်မလဲနော်? 🙁

  • padonmar

    May 25, 2014 at 12:36 am

    FB က စာကောင်းလေးဟာ ဒီပို့စ်+ကွန်မန့်တွေနဲ့ ပတ်သက်တယ်ထင်လို့ share ပေးပါတယ်။

    ခရက်ဒစ်-Kyi Cin Thant

    အတွေ့အကြုံ ၊ ကျွမ်းကျင်မှု ၊ နှင့် ဉာဏ်ရည်ဉာဏ်သွေး

    ကျွန်မ အသက် ၂၈ နှစ်အထိ မြန်မာပြည်မှာ နေခဲ့ပါတယ်။ သချင်္ာနှင့်အင်္ဂလိပ်စာကို သူငယ်တန်းကတည်းက သင်ခဲ့ရပြီး အင်္ဂလိပ်လိုရေးထားတဲ့ ပြဌာန်းစာအုပ်များကို အသုံးပြု၍ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးပညာမဟာဘွဲ့ကို ၂၀၀၆ ခုနှစ်မှာ ရရှိခဲ့ပါတယ်။ အင်္ဂလိပ်လိုရေးထားတဲ့ ဝတ္ထုတချို့ ဖတ်ဖူးခဲ့တဲ့၊ အင်္ဂလိပ်စကားပြော ရုပ်ရှင်ဇာတ်ကား တော်တော်များများကြည့်ဖူးခဲ့တဲ့ကျွန်မ ၂၈နှစ်အတွင်း နိုင်ငံခြားသားတယောက်တလေနဲ့မှ အင်္ဂလိပ်လိုစကားမပြောဖူးခဲ့ပါ။ အလွန်တရာ ပြည့်စုံလှသောမိသားစုမှ မွေးဖွားခဲ့ခြင်းမဟုတ်သော၊ အလွန်တရာဉာဏ်ရည်မြင့်မားသူတစ်ဦးလည်း မဟုတ်သော ကျွန်မကို မြန်မာပြည်၏ သာမန်လူတန်းစား (Average population) ကို ကိုယ်စားပြုနိုင်သူတစ်ဦးအဖြစ် ဦးစွာမှတ်ယူပြီး ကျွန်မဘဝ၏ပညာရေးနှင့်ဆက်နွယ်သော အတွေ့အကြုံအချို့ကို မျှဝေလိုပါတယ်။ ပညာရေးအကြောင်းပြောမယ်ဆိုတော့ ကျွန်မ ဆရာ ဆရာမတွေအကြောင်းပြောရတော့မှာ ဖြစ်ပါတယ်။ ဤနေရာမှာ ကျွန်မ ဆရာသမားများကို ကျေးဇူးကန်းစော်ကားလိုစိတ်များ မရှိဘဲ (တစ်ဦးတစ်ယောက်ကိုမျှ တိုက်ခိုက်လိုခြင်းမရှိပါ)၊ ကျွန်မ ကြီးပြင်းသင်ယူခဲ့ရတဲ့ ပညာရေးစနစ်ကြီးတစ်ခုကြောင်းကို ဆွေးနွေးလိုရင်းက အဓိကဖြစ်ကြောင်း ဦးစွာပြောကြားလိုပါတယ်။

    မူလတန်းနှင့်အလယ်တန်းမှာ သင်္ချာ၊အင်္ဂလိပ်စာ မညံ့ခဲ့သောကျွန်မ (အမှတ်၁၀ဝပေးရင် ၉ဝပတ်ဝန်းကျင်ရလေ့ရှိခဲ့ပါတယ်) အထက်တန်း (၉တန်း ၁ဝတန်း) အရောက်မှာ အင်္ဂလိပ်စာ၊ သင်္ချာ အမှတ်တွေ နည်း, နည်းလာခဲ့ပါတယ်။ အမှတ်နည်းသွားခဲ့ခြင်းဟာ စိတ်ဝင်စားမှုလျော့နည်းလာခဲ့ခြင်းကြောင့်ဖြစ်ပြီး စိတ်ဝင်စားမှု ဘာကြောင့်လျော့နည်းခဲ့ရသလဲဆိုတာကိုတော့ နောင်၁၅နှစ်ခန့်ကြာသောအခါကျမှ ကျွန်မ နားလည်စပြုခဲ့ပါတယ်။ ကျွန်မတို့ အလယ်တန်း အထက်တန်း သင်္ချာများကိုသင်ယူခဲ့စဉ်က အတန်းထဲတွင် ဆရာမများက သီအိုရီ နှင့်ပုံသေနည်း များကို ရှင်းပြပြီး လေ့ကျင့်ခန်းပုစာ္ဆများတွက်ခိုင်းခဲ့ကြပါတယ်။ ဘယ်ပုစာ္ဆလာရင် ဘယ်ဖော်မြူလာနဲ့တွက် အဖြေဘယ်လိုထွက်ဆိုတာကို ကျွန်မသိပြီးနောက်မှာ ဘာကြောင့် ဒီဖော်မြူလာ ဖြစ်ပေါ်လာရသလဲ၊ ဘယ်နေရာမှာ ဒီသင်္ချာတွေကို သုံးမှာလဲ ဆိုတဲ့ မေးခွန်းတွေက ကျွန်မခေါင်းထဲကို စီကာစဉ်ကာရောက်ရှိလာကြပါတယ်။ အပေါင်း အနှုတ် အမြှောက် အစား တွေကို ဈေးဝယ်ရာမှာသုံးနိုင်တယ်၊ တြိဂံ စတုဂံတွေကို အိမ်ဆောက်ရာမှာသုံးနိုင်တယ်လို့ အကြမ်းဖျဉ်းပဲသိရာမှ အဆင့်ပိုမြင့်တဲ့ သင်္ချာတွေကို ဘယ်နေရာမှာသုံးမလဲလို့ သိချင်လာတဲ့အခါ ဆရာမတစ်ယောက်ကို မဝံ့မရဲနဲ့ သွားမေးခဲ့ဖူးပါတယ်။ “သိပ်မတွေးနဲ့ ဂေါက်သွားမယ်” ဆိုတဲ့အဖြေကို ကျွန်မရခဲ့ပါတယ်။ နောက်ပိုင်း အတန်းထဲမှာ အတန်းဖော်တွေ သင်္ချာတစ်ပုဒ် အဖြေထွက်ဖို့ အပြိုင်အဆိုင်တွက်နေတဲ့အခါတိုင်း ကျွန်မကတော့ ဘာကြောင့်ငါတို့ ဒါကိုလုပ်နေကြတာလဲ(why)၊ လက်တွေ့ဘဝထဲမှာ ဒါကို ဘယ်လိုသုံးမှာလဲ(application) ဆိုတာတွေကို တွေးရင်း ကျွန်မရဲ့သင်္ချာအတန်းတွေ ကုန်ဆုံးခဲ့သလို ကျွန်မရဲ့အမှတ်တွေကလည်း အောက်ဖက်ကို ထိုးဆင်းနေခဲ့ပါတယ်။

    ကျွန်မတို့ အင်္ဂလိပ်စာ သင်ယူခဲ့တဲ့ နည်းလမ်း မှန် မမှန် ဆိုတာကိုလည်း မြန်မာနိုင်ငံရဲ့အပြင်ကို ထွက်တော့မှပဲ ကျွန်မသုံးသပ်နိုင်ခဲ့ပါတယ်။ ကျွန်မရရှိခဲ့တဲ့ အင်္ဂလိပ်စာသင်ကြားရေးက သဒ္ဒါ(grammar)ကို အထူးပြုပါတယ်။ ဝါကျတည်ဆောက်မှုကို တစ်နှစ်ပတ်လုံးကုန်အောင်သင်ပေမယ့် တည်ဆောက်တတ်တဲ့ဝါကျတွေနဲ့ ကိုယ်တင်ပြပြောဆိုချင်တဲ့ အကြောင်းအရာတစ်ခုကို သူများနားလည်အောင် ရေးသားပြောဆိုတတ်ဖို့သင်ကြားမှုအပိုင်းမှာ အတော်အားနည်းကြတယ်လို့ ကျွန်မမြင်ပါတယ်။ ၉တန်း ၁ဝတန်းလောက်မှာ ဝတ္ထုရေးချင်စိတ်တွေ ပြင်းပြခဲ့တဲ့ကျွန်မဟာ အင်္ဂလိပ်စာ စာစီစာကုံးတွေကို ဘယ်အထူးထုတ်ကိုမှအားမကိုးဘဲ ကိုယ့်အတွေးတွေကိုရှေ့တန်းတင်ပြီးရေးသားဖို့ အလွန်တက်ကြွခဲ့ပါတယ်။ ဆရာမကဖတ်ရှုအမှတ်ပေးထားတဲ့ ကျွန်မရဲ့အိမ်စာစာစီစာကုံးစာရွက်လေးကို ပြန်ရခဲ့တဲ့နေ့တနေ့ကို ကျွန်မ မမေ့နိုင်ခဲ့ပါ။ တတ်သမျှ အင်္ဂလိပ်သဒ္ဒါလေးတွေနဲ့ စီကုံးထားတဲ့ ကျွန်မစာရွက်ကလေးဟာ မှင်နီတွေနဲ့ရှုပ်ရှက်ခက်နေခဲ့ပြီး ရတဲ့အမှတ်ကလည်းနည်းနည်းလေးမှ တကယ့်နည်းနည်းလေးပါ။ အတန်းဖော်သူငယ်ချင်းစာရွက်က အလွန်မှသပ်ရပ်လှပပြီး သူက အမှတ်ပြည့်နီးနီးရခဲ့ပါတယ်။ “နင်ဘယ်လိုရေးခဲ့သလဲ” လို့ သူငယ်ချင်းကိုမေးကြည့်တော့ အထူးထုတ်ထဲကစာစီစာကုံးကို မှီငြမ်းရေးသားခဲ့တယ် လို့ ရိုးသားစွာပင် သူကရှင်းပြခဲ့ပါတယ်။ သူ့ရဲ့မှီငြမ်းနိုင်တဲ့ အရည်အချင်းကို အသိအမှတ်ပြုခဲ့သလို ကျွန်မရဲ့ ကိုယ်ပိုင်အားထုတ်မှုလေးကိုလည်း သူ့လောက်နီးနီး အသိအမှတ်မပြုသင့်ပါသလားရှင်။ မှားနေတဲ့အရေးအသားတွေကို ထောက်ပြရင်း “သမီးမှာ ကိုယ်ပိုင်တွေးနိုင်တဲ့ အရည်အချင်းတစ်ခုရှိနေတယ် ဆက်ကြိုးစားပါ ဆရာမ အကူအညီပေးနေမယ်” လို့ ပြောတဲ့ဆရာမနဲ့တွေ့ခဲ့မယ်ဆိုရင် ကျွန်မလျှောက်လှမ်းခဲ့တဲ့ ပညာရေးခရီးဟာ အခုထက် အဆပေါင်းများစွာ ချောမွေ့ခဲ့မယ်ဆိုတာ ကျွန်မ အသေအချာပြောရဲပါတယ်။

    သတ္တဗေဒအဓိကနဲ့ဘွဲ့ရထားတဲ့ဆရာမရဲ့အင်္ဂလိပ်စာအတန်း၊ သမိုင်းအဓိကနဲ့ကျောင်းပြီးထားတဲ့ဆရာမရဲ့ မြန်မာစာအတန်း နှင့် အလားတူစာသင်ခန်းများမှာ စိတ်တွေကို အစိုးမရနိုင်ခဲ့ဘဲ အတွေးများနဲ့မျောလွင့်နေခဲ့တဲ့ ကျွန်မဟာ ၁ဝတန်းစာမေးပွဲကို ဝိဇ္ဖာဂုဏ်ထူး သိပံ္ပဂုဏ်ထူး ၂ခုနဲ့ ယောင်တောင်ပေါင်တောင် အောင်လာခဲ့ပါတယ်။ အတန်းဖော် သူငယ်ချင်းတစ်ယောက်က ဆေးတက္ကသိုလ်ရောက်၊ နောက်တစ်ယောက်က စက်မှုတက္ကသိုလ်ကို ရောက်ခဲ့တဲ့အချိန်မှာ ကျွန်မက စီးပွားရေးတက္ကသိုလ်ကို မရောက်ချင်ဘဲရောက်ရှိသွားခဲ့ပါတယ်။ ၁ဝတန်းအထိ အတန်းရဲ့ထိပ်ဆုံးနားမှာ အမြဲရှိခဲ့တဲ့အတွက် ဆေးတက္ကသိုလ်ကိုရောက်နိုင်တယ်လို့ထင်ကြေးရှိခဲ့ကြတဲ့ ကျွန်မ မိသားစုနှင့်ပတ်ဝန်းကျင်က ကျွန်မကို အထင်သေးသွားခဲ့ကြပါပြီ။ ဆေးတက္ကသို်လ်နှင့်စက်မှုတက္ကသို်လ်တွေကိုမှ မရောက်ရင် ဘာမှအသုံးမကျတော့သလို အယူအဆရှိခဲ့တဲ့ ရှိနေဆဲဖြစ်တဲ့ ကျွန်မတ်ို့ မြန်မာနိုင်ငံကြီးမှာ ကျွန်မလမ်းပျောက်ခဲ့ပါပြီ။ စီးပွားရေးတက္ကသိုလ် ပထမနှစ်နှင့်ဒုတိယနှစ်မှာလည်း စာသင်ချိန်တွေကို အတွေးတွေနဲ့သာ ကုန်ဆုံးခဲ့ပြီး ကိုယ့်ကိုယ်ကိုလည်း မကျေမနပ်တွေဖြစ်နေခဲ့ပါတယ်။ ကျွန်မဘဝအခြေအနေကို ဂရပ်မျဉ်းနဲ့ပြနိုင်မယ်ဆိုရင် အဲဒီအချိန်အခါကို အောက်ကိုထိုးဆင်းနေတဲ့ မျဉ်းတစ်ကြောင်းနဲ့ ဥပမာပြလို့ရနိုင်မယ်ထင်ပါတယ်။

    ချောက်ရဲ့အောက်ဆုံးကြမ်းပြင်ကိုထိသွားပြီးချိန်မှာ ဆက်နိမ့်ဆင်းသွားစရာဘာမှမရှိတော့တဲ့အတွက် အပေါ်ပြန်တက်ဖို့ကြိုးစားရန်ဆိုတဲ့ ရွေးချယ်မှုတစ်ခုသာ ကျန်တော့တဲ့အချိန်ဟာ တတိယနှစ်ကိုစတက်တဲ့နေ့ ဖြစ်မယ်ထင်ပါတယ်။ ဒုတိယနှစ်အမှတ်စာရင်းအရ ခွဲခြားထားတဲ့ အထူးပြုတန်းများတက်ခွင့်စာရင်း ထွက်လာခဲ့တဲ့အချိန်မှာ ဝါဏဇ္ဖဂုဏ်ထူးတန်း၊ စာရင်းအင်းဂုဏ်ထူးတန်း၊ နှင့် ဘောဂဗေဒဂုဏ်ထူးတန်း ဆိုတဲ့ အမြင့်ဆုံး၃တန်းကိုတက်ဖို့ အမှတ်မမှီခဲ့တဲ့ကျွန်မနာမည်ဟာ ဝါဏဇ္ဖရိုးရိုးတန်းတက်ခွင့်ရသူများစာရင်းမှာ ပါလာခဲ့ပါတယ်။ ပထမဦးဆုံးသွားတက်မိတဲ့အတန်းက စာရင်းကိုင်ပညာ ဘာသာရပ်ပါ။ ကျွန်မ အပျင်းဆုံး ဘာသာရပ်ဆိုပါတော့။ ဆရာမတွက်ပြနေတဲ့ ပုစာ္ဆတစ်ပုဒ်ကို “Debit” “Credit” လို့ တစ်တန်းလုံးက ကျောင်းသူတွေ တညီတညာတည်းအော်နေကြစဉ် သူတို့က ဒါတွေသိပြီး ငါက ဘာကြောင့်မသိရတာပါလိမ့် ဆိုတဲ့အတွေးတွေနဲ့ အားငယ်စွာ အတန်းချိန်ကိုကုန်ဆုံးခဲ့ပါတယ်။ (မှတ်ချက် … ကျောင်း၃နှစ်ခွဲပိတ်ချိန်အတွင်း ပြင်ပ စာရင်းကိုင်သင်တန်းများတက်ထားခဲ့ကြတာ နောက်မှသိရပါတယ်။) ထမင်းစားနားချိန် စားသောက်ဆိုင်တန်းဘက်လျှောက်လာတဲ့အခါ အနိမ့်ဆုံးအတန်းလို့ အများကဆိုတဲ့ ဘောဂဗေဒ (Economics) အတန်းကိုရောက်သွားတဲ့ သူငယ်ချင်း၂ယောက်နဲ့ သွားတွေ့ပါတယ်။ ဝါဏဇ္ဖ (Commerce)နဲ့ စာရင်းအင်း (Statistics) က တခြားသူငယ်ချင်းတွေပါရောက်လာပြီး စားသောက်ဆိုင်မှာဝိုင်းဖွဲ့ကာ ကိုယ့်မေဂျာသူ့မေဂျာအကြောင်း ပြောကြပါလေတော့တယ်။ အီကိုတန်းမှ သူငယ်ချင်းရဲ့ ဦးဆောင်ပြောကြားမှုတွေက ကျွန်မရဲ့ ထုံထိုင်းနေတဲ့စိတ်တွေကို လှုပ်ခါနှိုးလိုက်ပါတယ်။ “ဆရာဦးခင်မောင်ညို ပြောတာတွေ အရမ်းနားထောင်ကောင်းတယ်သိလား၊ နိုင်ငံရေးတွေလည်းပါတယ်”။ “တကယ်လား ငါလာနားထောင်ကြည့်လို့ရမလားဟင်” လို့ ကျွန်မကမေးတော့ သူ့မျက်လုံးတွေက အရောင်တောက်သွားပြီး “အိုး ကြည်စင်ရယ် ဘာလို့မရရမှာလဲ” လို့ သူက ဝမ်းသာအားရ ဖိတ်ခေါ်ခဲ့ပါတယ်။ အီကိုတန်းမှာ တစ်တန်းသွားနားထောင်ပြီးချိန်မှာပဲ ဘောဂဗေဒဆိုတဲ့ ဘာသာရပ်ထဲမှာ ကျွန်မသိချင်တာတွေ အများကြီးမှ အများကြီးရှိနေပါလားဆိုတာ အံ့ဩတကြီးနဲ့ သိလိုက်ရပါတယ်။ တိုင်းပြည်ဝင်ငွေ၊ အလုပ်လက်မဲ့ အခြေအနေ၊ ငွေကြေးဖောင်းပွမှု၊ ပြည်ပငွေပေးငွေယူရှင်းတမ်း၊ စီးပွားရေးမူဝါဒ။ အိုး … ကျွန်မဖတ်ခဲ့တဲ့ စာတွေထဲက နားမလည်ခဲ့တဲ့ အကြောင်းအရာတွေကို အခုနားလည်ဖို့ အခွင့်အရေးရတော့မှာပေါ့။ စိတ်တူကိုယ်တူ အချစ်ဆုံး သူငယ်ချင်းတစ်ယောက်က သူလည်း အီကို ကို အလွန်ပြောင်းချင်ကြောင်း ရင်ဖွင့်လာပါတယ်။ အေးဒါဆို နောက်နေ့မနက် နင်နဲ့ငါ ရုံးခန်းရှေ့မှာ ဆုံကြမယ်နော်၊ အတူတူပြောင်းကြစို့လို့ သဘောတူညီခဲ့ကြပါတယ်။

    အိမ်ရောက်လို့အမေ့ကို ပြောပြတဲ့အခါ အမေက မျက်စိမျက်နှာပျက်ပျက်နဲ့ မပြောင်းဖို့တားပါတယ်။ “ဘွဲ့ရပြီးပြီးချင်း အလုပ်ရမယ့်မေဂျာကို ရရဲ့သားနဲ့ ဘာကြောင့်တခြားဟာကို ယူချင်ရတာလဲ၊ အမေတစ်ယောက်တည်း မုဆိုးမဘဝနဲ့ရုန်းကန်နေရတာ မစဉ်းစားဘူး၊ ကိုယ်စိတ်ချမ်းသာတာပဲ ကိုယ်လုပ်တတ်တာ ညည်းလည်းညည်းအဖေအတိုင်းပဲ” လို့ အမေက ဆူပူခဲ့ပါတယ်။ နောက်တနေ့မှာ အမေပြောသလိုအလွန်တရာခေါင်းမာလှတဲ့ကျွန်မဟာ ချိန်းဆိုထားတဲ့အတိုင်း ကျောင်းသားရေးရာဌာနရှေ့မှာ သူငယ်ချင်းကိုစောင့်နေခဲ့ပါတယ်။ သူက ရောက်မလာခဲ့ပါ။ အတန်းချိန်အရမ်းနီးလာတော့ ကျွန်မဖာသာ ဘာသာရပ်ပြောင်းရွှေ့ခြင်းစာစောင်ကိုတင်ခဲ့ပြီး အီကိုအတန်းထဲမှာ သွားထိုင်နေခဲ့ပါတယ်။ သူနဲ့တွေ့ဖြစ်တဲ့အခါ သူက စိတ်မကောင်းစွာရှင်းပြခဲ့တာက “ဆောရီးပါ ကြည်စင်ရယ် ငါ့အဖေက သဘောမတူဘူး CPA ရအောင်လုပ်ရမယ်လို့ပြောတယ် ငါမပြောင်းတော့ဘူးနော်” တဲ့။ သမီးအလိမ္မာသူငယ်ချင်းနဲ့မတူခဲ့တဲ့ ကျွန်မကို ကျွန်မအမေက စိတ်ဆိုးပြီး ၃ရက်လောက် စကားမပြောဘဲနေခဲ့ပါတယ်။ “အမေ့ရဲ့ခံစားချက်ကို နားလည်ပေမယ့် ကျွန်မဘဝကလည်း သေရေးရှင်ရေးတမျှအရေးကြီးနေတဲ့ အကွေ့တကွေ့ဖြစ်ခဲ့လို့ပါ အမေရယ်” လို့ စိတ်ထဲကတောင်းပန်နေခဲ့မိပါတယ်။ “လုံးဝမပြောင်းရဘူး” ဆိုတဲ့ တချက်လွှတ်အမိန့်ပေးစနစ်ကို မသုံးခဲ့ဘဲ ၃ရက်ပဲ စိတ်ဆိုးခဲ့တဲ့အမေ့ကို အခုထိ ကျေးဇူးတင်နေဆဲပါရှင်။

    တတိယနှစ်မှစပြီး မဟာဘွဲ့ရသည်အထိ စီးပွားရေးတက္ကသိုလ်အရိပ်မှာ ပျော်ရွှင်စွာ ပညာသင်ယူခဲ့ပါတယ်။ ကျွန်မရဲ့ “Why do we learn this?” နဲ့ “Where do we apply this?” ဆိုတဲ့မေးခွန်းတွေကို ပြေလည်အောင် မရှင်းပြနိုင်ခဲ့တဲ့ ဆရာ ဆရာမ အချို့နဲ့တွေ့ဆုံသင်ယူခဲ့ရတာကလွဲလို့ Economics ကို ချစ်မိသွားအောင် သင်ပေးနိုင်ခဲ့တဲ့ ဆရာ ဆရာမ များကို အမြဲအားကျလေးစားနေခဲ့ပါတယ်။ ဒီစီးပွားရေးတက္ကသိုလ်ကြီးမှာပဲ ဆရာမလုပ်ရင်း ဘဝကို မြှုပ်နှံတော့မယ်လို့ စိတ်ဆုံးဖြတ်ထားခဲ့ပါတယ်။ မဟာတန်းပထမနှစ်ကိုတက်နေစဉ်အတွင်း ကျွန်မဘဝရဲ့နောက်ထပ် အချိုးအကွေ့တစ်ခုနှင့်ထပ်ပြီး ဆုံတွေ့ရပြန်ပါတယ်။ အစိုးရဝန်ထမ်းများအဖြစ် ကျွန်မတို့မိဘများ တာဝန်ထမ်းဆောင်ရာ ဒေသမှာ ကျွန်မနှင့် အတူကြီးပြင်းခဲ့သူ (ယခုကျွန်မခင်ပွန်း) က ကျွန်မကို ချစ်ခွင့်ပန်ခဲ့ခြင်း နှင့် နိုင်ငံခြားတက္ကသိုလ်တစ်ခုမှ စီးပွားရေးပါမောက္ခဆရာမကြီးတစ်ယောက်ရဲ့ ဟောပြောပွဲကိုတက်ရောက်ခဲ့ခြင်းတို့မှ ကျွန်မဆီကို မဖြေနိုင်တဲ့မေးခွန်းအသစ်တွေ ရောက်ရှိလာခဲ့သလို ကျွန်မလျှောက်လှမ်းနေတဲ့ခရီးကို ပြန်လည်သုံးသပ်စေဖို့ အတွေးသစ်တွေကိုလည်း ဖြစ်စေခဲ့ပါတယ်။

    ထိုင်းနိုင်ငံမှာအလုပ်လုပ်နေတဲ့ သူ့ကို လက်ထပ်လိုက်ရင် သူ့နောက်ကိုလိုက်ရတော့မယ်၊ စီးပွားရေးတက္ကသိုလ်ကြီးမှာ တနေ့ ဆရာမလုပ်မယ်ဆိုပြီးလျှောက်နေတဲ့ လမ်းကိုရပ်တန့်ပစ်လိုက်ရမယ်။

    တဖက်ကလည်း နိုင်ငံခြားသူဆရာမကြီးရဲ့ဟောပြောမှုအပြီး မေးခွန်းမေးရန်ဖိတ်ခေါ်ခဲ့စဉ် ပရိတ်သတ်ဆီက ဘာမေးခွန်းမှထွက်မလာခဲ့တဲ့အဖြစ်ကို ထပ်ခါတလဲလဲပြန်သတိရနေခဲ့မိတယ်။ သူပြောသမျှနားလည်ပေမယ့် မေးခွန်းပြန်မထုတ်တတ်ခဲ့တဲ့ မဟာတန်းကျောင်းသူကျောင်းသားများထဲမှကျွန်မဟာ “ငါ ဆရာမဖြစ်လာတဲ့ တနေ့မှာ ဒီတရုတ်လူမျိုးဆရာမကြီးလို အင်္ဂလိပ်စကားကိုရေလည်ပတ်လည်ပြောနိုင်ပါ့မလား၊ ဒီဆရာမကြီးလို သုတေသနစာတမ်းတွေ ရေးနိုင်ပါ့မလား” ဆိုတဲ့မေးခွန်းများစွာနဲ့ ကိုယ့်ရောက်နေတဲ့နေရာနဲ့ပတ်ဝန်းကျင်ကို အထပ်ထပ်အခါခါ သုံးသပ်နေခဲ့မိပါတယ်။ ကျူရှင်ပြမှမိသားစုစားဝတ်နေရေးပြေလည်မှာဖြစ်လို့ ကျူရှင်နောက်ကို ပြေးလိုက်နေရတဲ့ ဆရာမမျိုးမဖြစ်အောင် ကျွန်မ ဘယ်အချိန်ထိတောင့်ခံထားနိုင်မလဲ။ ဘာကိုဆုံးဖြတ်ရမှန်းမသိဖြစ်နေခိုက်မှာ အနှစ်နှစ်အကာကာလက စောင့်မျှော်ခဲ့ရတဲ့ ဆရာမဖြစ်ဖို့ စာမေးပွဲကြီးက ရောက်ရှိလာခဲ့ပါတယ်။ ကျွန်မချစ်သူကို ကျွန်မအိမ်မက်တွေအကြောင်း ပွင့်ပွင့်လင်းလင်းပြောပြခဲ့တဲ့အခါ ကျွန်မဖြစ်ချင်တာတွေအားလုံးဖြစ်ရမယ်လို့ကတိမပေးနိုင်ပေမယ့် ရောက်ချင်တဲ့နေရာကိုသွားဖို့လမ်းကတစ်ခုတည်းရှိတာမဟုတ်ပါဘူး၊ အတတ်နိုင်ဆုံးကြိုးစားပြီးကူညီပါ့မယ် လို့ သူကဆိုခဲ့ပါတယ်။ လူတွေ့စာမေးပွဲကိုသွားမဖြေခဲ့တော့ဘဲ မဟာတန်းစာမေးပွဲများအပြီးမှာ သူ့မျက်နှာ တရွာထင်ပြီး ကျွန်မ ဘန်ကောက်ကို လိုက်လာခဲ့ပါတော့တယ်။

    ဖောင်ဖျက်ခဲ့တဲ့ ကျွန်မကို ကျွန်မအမေနှင့်တကွချစ်သူငယ်ချင်းများက စိုးရိမ်ပူပန်နေခဲ့ကြပေမယ့် ခံစားချက်ကို ရှေ့တန်းတင်လွန်းလှတဲ့ကလေးသာသာကျွန်မကို ပညာလှလှပေးဖို့ ဘန်ကောက်မြို့ကြီးကတော့ လှောင်ရယ်တဲ့အပြုံးလေးနဲ့ စောင့်ကြိုနေခဲ့ပါတယ်။ ရောက်ပြီးနောက်တနေ့မှာပဲ ကျွန်မအတွက်ဖိနပ်ဝယ်ဖို့် ကုန်တိုက်တစ်ခုကို သွားခဲ့ကြပါတယ်။ မြန်မာပြည်မှာကတည်းက ဖိနပ်နံပါတ်ကြီးကြီးနဲ့မှတော်တဲ့ ကျွန်မခြေထောက်ဟာ ထိုင်းအမျိုးသမီးလေးတွေအတွက် စံပြုထုတ်လုပ်ထားတဲ့ ဖိနပ်အများစုနဲ့ ဘယ်လိုမှမတော်ခဲ့ပါဘူး။ ဖိနပ်တွေကို စိတ်ရှည်ရှည်နဲ့ တစ်ခုပြီးတစ်ခုထုတ်စီးခွင့်ပြုခဲ့တဲ့ အရောင်းစာရေးမလေးမျက်နှာက အနည်းငယ်ညိုလာခဲ့တဲ့အချိန်မှာ ကျွန်မလည်း ကိုယ့်ကို်ယ်ကို စိတ်သိပ်မရှည်တော့ပါဘူး။ အဲဒီအချိန်မှာ သူက အင်္ဂလိပ်လို တစုံတရာကို ရှင်းပြပါတယ်။ ကျွန်မ ပါးစပ်မှ “ဒီဖိနပ်က သေးနေတယ်” လို့ မြန်မာလို လွှတ်ကနဲထွက်သွားပါတယ်။ ဗုဒ္ဓေါ …. ကျွန်မ အင်္ဂလိပ်လို ဘယ်လိုပြော ရမယ်ဆိုတာသိနေရဲ့သားနဲ့ ဘာကြောင့် မြန်မာလိုပြောမိသွားတာလဲ။ အရောင်းစာရေးမလေးက ကျွန်မကို အထင်သေးတဲ့မျက်လုံးများနဲ့ကြည့်လိုက်ပြီး ဒါအကုန်ပဲ လို့ အင်္ဂလိပ်လို ပြောလိုက်ပါတယ်။ ဝါကျမမှန်တဲ့ ထိုင်းသံဝဲဝဲ သူ့အင်္ဂလိပ်စာကို စိတ်ထဲက ပြန်ပြင်ပေးနေမိခဲ့တဲ့ ကျွန်မပါးစပ်က “small” ဆိုတဲ့ အလွန်တရာ လွယ်ကူလှတဲ့စကားလေး တစ်လုံးတောင် ထွက်မလာခဲ့ပါဘူး။

    သွားပြီ။ “culture shock” လို့ခေါ်တဲ့ ပတ်ဝန်းကျင်အသစ်မှာရတဲ့ ပြဿနာနဲ့ ကျွန်မ စတွေ့ပါပြီ။ အသက် ၂၈နှစ်ကျော်မှ နိုင်ငံခြားသားတစ်ယောက်နဲ့ အင်္ဂလိပ်စကား စ ပြောဖူးခဲ့တဲ့ကျွန်မ စာမေးပွဲကျပါပြီ။ ထို့နောက်ပိုင်းမှာလည်း ကျွန်မခင်ပွန်းရုံးက ညစာစားပွဲတွေမှာ ဘာစကားမှထွက်မလာဘဲပြုံးပြုံးလေးနဲ့ထိုင်နေခဲ့တဲ့ကျွန်မကို သူ့လုပ်ဖော်ကိုင်ဖက်တွေက ကြိတ်ရယ်ကြပါတယ်။ “ထွန်းထွန်းမိန်းမ ပြုံးတာအလွန်တော်တယ်” လို့ မနေနိုင်တဲ့ တစ်ယောက်က ယဉ်ယဉ်ကျေးကျေးလေးလှောင်ပြောင်ခဲ့ပါတယ်။ “မြန်မာပြည်မှာ ဘာတွေတတ်ခဲ့တတ်ခဲ့ နိုင်ငံခြား အတွေ့အကြုံ (exposure) ရှိဖို့လိုတယ်” ဆိုတဲ့ ကျွန်မလေးစားချစ်ခင်ရတဲ့ဆရာမကြီးတစ်ယောက်ရဲ့ စကားကို ပြန်ကြားယောင်နေခဲ့မိပါတယ်။

    ကျွန်မရဲ့ အူကြောင်ကြားဖြစ်နေတဲ့အခြေအနေကို သည်းမခံနိုင်တော့တဲ့ကျွန်မခင်ပွန်းသည်က အင်္ဂလိပ်စကားပြော သင်တန်းတစ်ခုမှာ လိုက်အပ်ပေးခဲ့ပါတယ်။ ရေးဖြေဝင်ခွင့် စာမေးပွဲ ဖြေအပြီးမှာ အဆင့်၁၅ဆင့်ရှိတဲ့အနက် အဆင့် ၁၁ ကနေ စတက်ရမယ်လို့အဖြေထွက်ပါတယ်။ ရှက်လည်းရှက်ပါတယ်၊ မရှက်လည်းမရှက်ပါဘူး ဆိုသလိုပါပဲ ကျွန်မရဲ့အတန်းဖော်တွေက ထိုင်း အထက်တန်းကျောင်းနဲ့ တက္ကသိုလ်ပထမနှစ်နဲ့ဒုတိယနှစ်က ကလေးတွေပါ။ ကျွန်မနဲ့ရွယ်တူက ၃-၄ယောက်ထဲပါ။ ပညာရှာပမာသူဖုန်းစား ဆိုတဲ့ စာဆိုကို စိတ်ထဲမှာထားပြီး အင်္ဂလိပ်စကားပြော လေ့ကျင့်မှုကို စတင်ခဲ့ပါတယ်။ အဆင့်၁၅အပြီးမှာ ကျွန်မလူရှေ့မှာ စကားပြောရဲလာခဲ့ပါတယ်။ “ချစ်လေးဖာသာ ဘာတွေဘယ်လောက်တတ်တတ် ကိုယ်သိတာတွေ သူများကိုမပြောပြနိုင်ရင် အ, အနဲ့ အတူတူပဲ၊ စကားပြောတဲ့အခါ လူတွေကို အထင်လည်းအရမ်းမကြီးနဲ့ အထင်လည်းအရမ်းမသေးနဲ့၊ အဲ့ဒီလိုဖြစ်နေရင် ဘာစကားမှထွက်မလာတော့ဘူုး” လို့ ကျွန်မကို သူက သင်ပေးခဲ့ပါတယ်။ IELTS စာမေးပွဲကို ဖြေအပြီးမှာ အင်္ဂလိပ်စကားပြော ညံ့တယ်လို့ ကိုယ့်ကိုယ်ကို ထင်ခဲ့တဲ့ ကျွန်မရဲ့ Speaking အမှတ်က အခြားReading, Writing, နဲ့ Listening အမှတ်တွေနဲ့ အတူတူပဲရခဲ့ပါတယ်။ အူကြောင်ကြောင်ဖြစ်ခဲ့ခြင်းအတွက် တံခါးပိတ်ထားခဲ့တဲ့ကျွန်မတို့နိုင်ငံကြီးကိုပဲအပြစ်တင်ရမလား၊ လူရှေ့ထွက်ပြီး အင်္ဂလိပ်လို ရဲရဲဝံ့ဝံ့ပြောနိုင်ဖို့ အခွင့်အရေး မရနိုင်ခဲ့တဲ့ ကိုယ့်ဘဝကိုပဲ အပြစ်တင်ရမလား ကျွန်မ မသိပါ။

    ၂၀၀ရခုနှစ်အတွင်း Assumption University (Abac)မှာ ကျွန်မခင်ပွန်းသည် ဆရာဖြစ်လာခဲ့ပြီးမကြာခင် မြန်မာဆရာမကြီးတစ်ယောက်နဲ့ ကျွန်မစကားပြောဖြစ်တဲ့အခါ ဒီတက္ကသိုလ်မှာပဲ ဆရာမအလုပ်လျှောက်ကြည့်ဖို့ သူကအကြံပေးလာခဲ့ပါတယ်။ လိုအပ်တဲ့စာရွက်စာတမ်းတွေကို ဆရာမကြီးမိသားစု အကူအညီနဲ့ သက်ဆိုင်ရာကို တင်ခဲ့ပါတယ်။ သရုပ်ပြသင်ကြားမှုကို လေ့ကျင့်ထားပါဆိုတဲ့ ဆရာမကြီး အကြံပေးချက်အရ PowerPoint လေးပြင်လိုက် လေ့ကျင့်လိုက်နဲ့ စောင့်နေခဲ့တာ ၁လနီးပါးအကြာမှာ အားနာတဲ့မျက်နှာနဲ့ဆရာမကြီးဟာ ကျွန်မတို့အိမ်ကလေးကို ရောက်လာခဲ့ပါတယ်။ မြန်မာပြည်ကရခဲ့တဲ့ဘွဲ့တွေနဲ့မို့လို့ ဒီကျောင်းကမစဉ်းစားပါလို့ သက်ဆိုင်ရာက အကြောင်းပြန်ခဲ့ပါတယ်တဲ့။ တခြားအလုပ်တွေလျှောက်ကြည့်ပါအုံးလို့ အားပေးစကားပြောပြီး ဆရာမကြီး ပြန်သွားခဲ့ပါတယ်။

    ပထမဆုံးဖြစ်ပေါ်လာတဲ့ ဝမ်းနည်းမှုက ကျွန်မကိုယ်တိုင်အတွက်ပါ။ ကျွန်မ ဒီဘွဲ့၂ခုကို ပြီးစလွယ်ရလာခဲ့တာ မဟုတ်ရပါဘူး၊ တကယ့်ကို စိတ်ရောကိုယ်ပါ အချိန်အကြာကြီးမြှုုပ်နှံပြီးမှ ရခဲ့တာပါ။ ဒုတိယဝမ်းနည်းမှုက ကျွန်မချစ်တဲ့ စီးပွားရေးတက္ကသိုလ်ကြီးနဲ့ ဆရာ ဆရာမတွေအတွက်ပါ။ တတိယဝမ်းနည်းမှုကတော့ ကျွန်မတို့မြန်မာနိုင်ငံကြီးရဲ့ ပြည်သူပြည်သားတစ်ယောက်အနေနဲ့ပါ။ ၁၉၈၈ နောက်ပိုင်းဘွဲ့ရတဲ့ မြန်မာပြည်ကပညာတတ်တွေကို နိုင်ငံတကာက အသိအမှတ်မပြုပါတဲ့၊ မြန်မာပြည်မှာ နိုင်ငံတကာ အသိအမှတ်ပြုခြင်းခံရတဲ့ တက္ကသိုလ်ကျောင်းအရေအတွက်က သုည ဖြစ်ပါတယ်တဲ့။

    ဘဝရဲ့အခက်အခဲတွေကို ဥခွံထဲက ဖောက်ထွက်ခဲ့ရတဲ့ ကြက်ကလေးငှက်ကလေးတွေရဲ့ အဖြစ်နဲ့ နှိုင်းစာမယ်ဆိုရင် ကျွန်မတို့မြန်မာလူမျိုးများဟာ အားအင်ချိနဲ့တဲ့ ကြက်ကလေးငှက်ကလေးများနဲ့တူပြီး၊ ဥခွံတွေကတော့ အခြားလူမျိုးများဖောက်ထွက်ခဲ့ရတဲ့ အခွံများထက် အဆပေါင်းများစွာမာကျောထူထပ်နေလေမလားလို့ ကျွန်မတွေးမိပါတယ်။

    ၂၀၀၉ခုနှစ် စက်တင်ဘာလမှာ ၁ဝလပဲရှိသေးတဲ့သမီးလေးနှင်းနှင်းကို ကျွန်မခင်ပွန်းနဲ့ထားခဲ့ပြီး ကျွန်မတို့မြန်မာလူမျိုးများမညံ့ကြဘူးဆိုတာကို သက်သေပြဖိုု့အတွက် (အလွန်တရာလေကြီးသူလို့ ကျွန်မကို ထင်နိုင်ပါတယ်) ဂျပန်နိုင်ငံ IUJ (International University of Japan) ကို ကျွန်မထွက်ခွါလာခဲ့ပါတယ်။ ပထမဆုံးဖြေရတဲ့ Midterm စာမေးပွဲက မေးခွန်းအလွန်ခက်တယ်လို့ နာမည်ကြီးတဲ့ ဂျပန်ပါမောက္ခ ဆရာ မီရာမိုတိုရဲ့ Microeconomics စာမေးပွဲပါ။ စာမေးပွဲအစ မိနစ် ၂ဝ အတွင်း ကျွန်မ ဘာဖြေရမှန်း ကို မသိခဲ့ပါ။ မလှမ်းမကမ်းက ဗီယက်နမ်မလေးက ဂဏန်းပေါင်းစက်ကို တဒေါက်ဒေါက်နှိပ်ရင်း အားတက်သရောဖြေနေချိန်မှာ ကျွန်မလက်မှာ ချွေးစေးတွေ ပြန်နေခဲ့ပါတယ်။
    Mathematics for Economics အတန်းထဲမှာ အဆင့်မြင့်သချင်္ာနဲ့ ဘောဂဗေဒ ဘယ်လိုပေါင်းထုပ်ကြသလဲဆိုတဲ့ ကျွန်မ နားမလည်နိုင်ခဲ့တဲ့ why နဲ့ application ကိစ္စတွေကို ဆရာကရှင်းပြခဲ့စဉ်မှာ ကျွန်မက အသဲအသန်လိုက်မှတ်နေပေမယ့် ဘေးခုံမှာထိုင်နေခဲ့တဲ့ ကျွန်မထက်၈နှစ်လောက်ငယ်တဲ့ အိန္ဒိယမှကျောင်းသားတစ်ယောက်က စာအုပ်ထဲမှာ ဘာမှလိုက်မရေးဘဲ ဆရာကျောက်သင်ပုန်းပေါ်မှာ တွက်ပြနေတဲ့ပုစာ္ဆကို ပါးစပ်နဲ့ လိုက်တွက်ပြီးအဖြေထွက်နှင့်နေပါပြီ။ Midterm သင်္ချာစာမေးပွဲမှာ ၁၀ဝ ဖိုးထဲက ၈ဝ ရအောင် ကျွန်မအကြိတ်အနယ်ဖြေခဲ့ရပေမယ့် စာမေးပွဲခန်းကအထွက်မှာ ဒီစာမေးပွဲကအလွန်ပျင်းစရာကောင်းတယ် ဒီ့ထက်စိန်ခေါ်မှုတွေပါတဲ့မေးခွန်းမျိုးထုတ်ပါလို့ ပါမောက္ခကို သွားပြောမယ်ဆိုတဲ့ အမှတ်ပြည့်ရခဲ့တဲ့ ဗီယက်နမ်မလေးရဲ့စကားကို တဆင့်ကြားသိခဲ့ရပါတယ်။ Economics ရဲ့ အခြေခံသဘောတရားတွေကို စိတ်ဝင်စားမှုနဲ့အမျှနားလည်ခဲ့ပေမယ့် ကျွန်မနားလည်တွေ့ရှိထားတဲ့ အကြောင်းအရာတစ်ခုကို အဆင့်မြင့်သင်္ချာကိုသုံးပြီးသက်သေပြုရှင်းပြနိုင်ဖို့က ကျွန်မအတွက် အခက်ခဲဆုံးအဆင့်ဖြစ်ခဲ့ပါတယ်။

    ကျွန်မစိတ်တွေကို ဆွဲကိုင်လှုပ်ခဲ့တဲ့ အဖြစ်တစ်ခုရှိခဲ့ပါသေးတယ်။ ကျောင်းသားများအပေါ် စေတနာလည်းမထား အလုပ်မှာလည်း ဘာအားစိုက်ထုတ်မှုမှမရှိခဲ့တဲ့ ဆရာမတချို့ရဲ့လုပ်ရပ်ကြောင့် နိုင်ငံခြားကျောင်းလျှောက်လေတိုင်း မလှမပဖြစ်နေခဲ့တဲ့ မြန်မာပြည်မှအမှတ်စာရင်းကိုရရှိထားသူ၊ ပြောရေးဆိုခွင့်ဘာမှမရှိခဲ့သူ ကျွန်မဟာ သင်ကြားသူဆရာနဲ့ဘာသာရပ်အပေါ်အကဲဖြတ်အမှတ်ပေးခြင်း (Instructor and Course Evaluation) စနစ်ကို ပထမဦးဆုံးအကြိမ်ကျင့်သုံးခွင့်ရရှိခဲ့တဲ့ IUJမှာ “သင့်ဆရာက သင်တို့အားမေးခွန်းမေးရန် အခွင့်အရေးပေးပါသလား၊ သူဟာ ဒီဘာသာရပ်ကိုသင်ဖို့ လိုအပ်တဲ့ဗဟုသုတများနဲ့ ပြည့်စုံသူဖြစ်တယ်လို့ သင် သဘောတူပါသလား၊ သူ့အား သင့်အနေနှင့် ဘယ်လိုအကြံများပေးလိုပါသလဲ” စတဲ့ မေးခွန်းများကို ဖြေခဲ့ရစဉ် ရှင်းပြခြင်းငှာမတတ်သာတဲ့ ခံစားချက်များနဲ့ ရင်ဘတ်ထဲမှာ လှိုင်းထနေခဲ့ပါတယ်။

    ပထမဆုံးterm ရဲ့ final စာမေးပွဲများအပြီးမှာ ကျွန်မတို့ပထမနှစ်တွေကို ဒုတိယနှစ်ကျောင်းသားများမှ ကြိုဆိုပွဲလုပ်ပေးခဲ့ပါတယ်။ မီးပွင့်မတတ်သုံးခဲ့ရတဲ့ကျွန်မခေါင်းကိုထူဖို့ ဘာအင်အားမှ မကျန်တော့တဲ့အတွက် အခန်းမီးကို ပိတ်ပြီး အိပ်ရာထဲမှာလှဲလှောင်းနေခဲ့ပါတယ်။ နောက်တနေ့မနက်မှာ သူငယ်ချင်းများက နှင်းထဲမှာ ဓာတ်ပုံရိုက်ဖို့ လာခေါ်တဲ့အတွက်လိုက်သွားခဲ့ပြီး အခန်းပြန်အရောက်၊ ကွန်ပြူတာထဲမှ ကိုယ်ပုံကို ကိုယ်မြင်လိုက်ရတဲ့အခါ ထိတ်လန့်သွားခဲ့ပါတယ်။ လွန်ခဲ့တဲ့၄လ IUJ ရောက်ခါစက ရိုက်ထားခဲ့တဲ့ပုံထဲကနဲ့မတူ အသက်၁ဝနှစ်လောက်ကြီးတဲ့ လူစိမ်းတစ်ယောက်ကို တွေ့လိုက်ရလို့ပါပဲ။

    စာကြည့်တာများလာတိုင်း ခဏရပ်ပြီး ကျွန်မအခန်းစာကြည့်စားပွဲကနေ နှင်းတွေကျထားတဲ့ တောင်တန်းကြီးကို တခါတရံ ကျွန်မငေးမောမိတတ်ပါတယ်။ လှမ်းမြင်နေရတဲ့ ကားရပ်နားဝန်းဆီကို နိုင်ငံခြားသားကျောင်းသားများ ကားလာယူပြီး ဟိုဟိုဒီဒီ သွားကြတာကို ရာသီဥတုကောင်းတဲ့နေ့တိုင်းလိုလို ကျွန်မမြင်ခဲ့ရပါတယ်။ သူတို့ စာတွေပြီးသွားကြချိန်မှာ ကျွန်မ ဘာကြောင့် မပြီးသေးတာလဲ၊ ကျွန်မ စာကြည့်ချိန်ရဲ့ တဝက်လောက်ပဲ ရှိမယ့် သူတို့စာကြည့်ချိန်တွေနဲ့ ကျွန်မ လိုက်လို့မမှီအောင် သူတို့ ဘယ်လိုများစာတွေကြည့်လိုက်ကြသလဲ။ ကျွန်မရှေ့မှာ အင်ဒိုနီးရှားက စာအတော်ဆုံး ကျောင်းသား၂ယောက်၊ အိန္ဒိယက တစ်ယောက်၊ ဗီယက်နမ်က တစ်ယောက်၊ ကမော္ဘဒီးယားက တစ်ယောက်၊ ဘင်္ဂလားဒေ့ရှ်က ၂ယောက်၊ နဲ့ နီပေါက တစ်ယောက်ရှိနေခဲ့ပါတယ် (နိုင်ငံအားလုံးနီးနီး ဆိုပါတော့)။

    သူတို့ကိုလိုက်လို့မမှီရခြင်း အဓိကအကြောင်းအရင်းက အတွေ့အကြုံ (Exposure)နဲ့ ကျွမ်းကျင်မှု (Skills) တွေ ကွာခြားခြင်းကြောင့်ဆိုတာကို တဖြည်းဖြည်းနဲ့ကျွန်မနားလည်လာခဲ့ပါတယ်။ ညံ့ဖျင်းတဲ့ပညာရေးစနစ်အောက်မှာ ကျွန်မတို့ဟာ skills တွေ အလွန်နည်းပါးခဲ့ပါပြီ။ အင်္ဂလိပ်စာ သင်္ချာ ကျွမ်းကျင်မှု၊ မေးခွန်းထုတ်တတ်မှု၊ ဆွေးနွေးငြင်းခုံတတ်မှု၊ ဆက်စပ်တွေးခေါ်နိုင်မှု၊ အိုး …….. အများကြီးမှ အများကြီး ပြတ်ကျန်ခဲ့ပါပြီ။ မြန်မာပြည်ရဲ့ ပညာရေးကို နိုင်ငံတကာကအသိအမှတ်မပြုဘူးဆိုတာကို ကျွန်မ လက်မခံချင်ဘဲလက်ခံရတော့မယ်။ နောက်ခံပညာရေးစနစ်သာ တူခဲ့ရင် ကျွန်မ သူတို့နဲ့ အပြိုင်ရင်ဘောင်မတန်းနိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲနော်။ အခုတော့ ယုန်နဲ့လိပ် အပြေးပြိုင်သလို ဖြစ်နေခဲ့ပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကို နိုင်ငံတကာပညာရေးစနစ်နဲ့ ထိတွေ့ခွင့်ရစေခဲ့တဲ့ ကျွန်မကို အသိအမှတ်ပြုခဲ့သူ၊ အကူအညီပေးခဲ့သူ၊ နှင့် လျစ်လျူရှု့ခဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်။

    ဂျပန်မှ ဖွံဖြိုးတိုးတက်မှုဆိုင်ရာမဟာဘွဲ့ကိုရရှိခဲ့အပြီး ဘန်ကောက်ပြန်အရောက်မှာ Abac မှာပဲ ဆရာမအလုပ်လျှောက်လွှာကို တင်ခဲ့ရပါတယ်။ ကိုယ်ကို အသိအမှတ်မပြုခဲ့တဲ့လူတွေဆီကို ကျွန်မ ပြန်မသွားချင်ခဲ့တာ အမှန်ပါ။ မျက်နှာအမူအရာနှင့်တမျိုး စကားများနှင့်တဖုံ မြန်မာလူမျိုးဖြစ်သည့်အတွက် အထင်သေးကြောင်း ပြသပြောဆိုတတ်တဲ့ လူများက ဒီလို International ပတ်ဝန်းကျင်တက္ကသိုလ်ကျောင်းကြီးတစ်ခုမှာလည်း ဒုနဲ့ဒေးပါပဲ။ သို့ပေမယ့် ဆရာတော်ဦးဇောတိက ရေးတဲ့ “ဘဝဆိုတဲ့ကျောင်း” စာအုပ်သေးသေးလေးထဲက မမေ့နိုင်စရာ လိုက်နာစရာ ဘဝအတွက်ခံယူချက်ကလေးတစ်ခုကို သတိရနေမိခဲ့တယ်။ “ဘဝဆိုတဲ့ကျောင်းမှာ သင်ခန်းစာတစ်ခုကို မကျေညက်ခဲ့ရင် နောက်ထပ် အဲ့ဒီသင်ခန်းစာကိုပဲထပ်ခါတလဲလဲပြန်တွေ့ရလိမ့်မယ်၊ အဲ့ဒီနေရာကို အောင်မြင်စွာ ဖြတ်ကျော်ပြီးခဲ့ပြီဆိုရင်တော့ စာမေးပွဲထပ်ဖြေစရာမလိုတော့ဘူး” တဲ့လေ။ ကျွန်မတို့မညံ့ကြောင်း သူတို့ကိုသက်သေပြရအုံးမယ် (ကြီးကျယ်ပြန်ပြီ)။ Exposure နဲ့ Skills အသင့်အတင့်ရှိခဲ့ပြီဖြစ်ပေမယ့် တင်းပြည့်ကျပ်ပြည့် တိန်တိန်မြည်အရည်အချင်းတွေနဲ့ မဟုတ်သေးတဲ့ကျွန်မအတွက် ဒီတက္ကသိုလ်ကြီးမှာ ဆရာမအဖြစ်ရပ်တည်နိုင်ဖို့က ကျွန်မဘဝမှာ ဘယ်သူကမှမတိုက်ခိုင်းခဲ့တဲ့ နောက်ထပ်တိုက်ပွဲတစ်ခုပေါ့။

    ပထမဦးဆုံးစာသင်နှစ်ဟာ ကျွန်မဘဝရဲ့ အခက်ခဲဆုံးအချိန်တွေထဲက တစ်ခုလို့ဆိုရင် မမှားပါဘူး။ ကျောင်းသားတွေရှေ့ရပ်ပြီး ၁နာရီခွဲစာ Lecture ကို အမှားမယွင်းမရှိ အင်္ဂလိပ်လိုပြောတတ်ဖို့က ကျွန်မအတွက် ပထမဦးဆုံးသော အတားအဆီးကြီးဖြစ်ခဲ့ပါတယ်။ အင်္ဂလိပ်စကားပြောတိုင်းပြည်များမှလာသော ကျောင်းသားများရှေ့မှာ ကျွန်မလျှာကလည်း ခဏခဏ ခလုတ်တိုက်ခဲ့ပါတယ်။ သူတို့ဖာသာ တိုးတိုးစကားပြောပြီးရယ်တာတွေ့ရင် ကျွန်မကို ရယ်တာများလားလို့ တွေးပြီး အိပ်မပျော်ဖြစ်ပြန်ပါလေရော။ စာသင်ချိန်များကို လေ့ကျင့်ရေးကွင်းများအဖြစ်မှတ်ယူပြီး (သင့်မသင့် ကျွန်မ မသိပါ) နောက်အတန်းမှာ ငါ ဒီထက်ကောင်းအောင် ပြောနိုင်လာမယ်၊ နောက် စာသင်နှစ်ဝက်မှာ၊ နောက်နှစ်မှာ ငါ ဒီထက် အများကြီးတိုးတက်လာမယ်လို့ ကိုယ့်ကိုယ်ကို အားတင်းရင်းဖြတ်ကျော်ခဲ့ရပါတယ်။ ကျွန်မက လူရှေ့ထွက်စကားပြောခြင်း အရည်အချင်း (Public Speaking Skill) ကို သွေးနေစဉ်မှာ ကျွန်မနဲ့အတူ အလုပ်ဝင်တဲ့ ကျွန်မထက် အသက်၁ဝနှစ် ငယ်တဲ့ထိုင်းဆရာမလေးက မျက်နှာလေးချီပြီး ကျောင်းသားတွေကို ဘယ်လိုကိုင်တွယ်ရမလဲ ဆိုတဲ့ skill ကို စတင်လေ့ကျင့်နိုင်ခဲ့ပါပြီ။ ကျွန်မ ကျောင်းသားတွေရှေ့မှာ စကားပြော အိုကေ လာတဲ့အချိန် ကျောင်းသားတွေကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတဲ့ကိစ္စနဲ့ လုံးချာလည်လိုက်နေစဉ်မှာ သူက ပါရဂူသင်တန်းတက်ရန် လိုအပ်တဲ့စာမေးပွဲများကို ဖြေဆိုပြီးဖြစ်နှင့်ပါပြီ။ ပုံပျက်စပြုလာတဲ့ကျွန်မကိုယ်ခန္ဓာကို ပြုပြင်ထိန်းသိမ်းရန် အလွန်ကျော့ရှင်းလှတဲ့ သူက လမ်းညွှန်ပြသခဲ့ပါတယ်။ အတန်းထဲက top နေရာတွေကို ယူထားနိုင်ခဲ့တဲ့အပြင် အားကစား၊ဂီတ စတဲ့ Extra Curriculum Activities တွေကိုပါလုပ်ပြနိုင်ခဲ့တဲ့ IUJ က အတန်းဖော်တွေကို အားကျခဲ့ရတဲ့ကျွန်မ အလုပ်လုပ်ရင်း ဘဝအခြေအနေကိုပါ ဟန်ချက်ညီအောင် ထိန်းထားနိုင်တဲ့ ထိုင်းဆရာမ ငယ်ငယ်လေးကို ပါးစပ်အဟောင်းသားနဲ့ အလေးပြုခဲ့ရပါတယ်။

    ထိုင်းလူမျိုးတွေဟာ မြန်မာလူမျိုးတွေလောက် ဉာဏ်ရည်ဉာဏ်သွေး (Intelligence) မမြင့်မားဘူးလို့ မြန်မာအများစုက ပြောကြပါတယ်။ ကျွန်မ အနည်းငယ်မျှသာ လက်ခံလိုပါတယ်။ ကျွန်မ လေ့လာဖတ်ရှု့မှုအရ Intelligence ဆိုတာ မွေးရာပါက ၅ဝ ရာခိုင်နှုန်းပဲပါလာတာလို့ သိပံ္ပပညာရှင်အများစုက ဆိုပါတယ်။ ကျန်တဲ့ ၅ဝ ရာခိုင်နှုန်းကို လူတစ်ဦးမွေးဖွားကြီးပြင်းရာ ပတ်ဝန်းကျင်က ပြုပြင်လိုက်ပါတယ်တဲ့။ ဟုတ်ပါတယ်။ ကျွန်မနဲ့ မွေးရာပါ Intelligence အဆင့် တူညီတယ်လို့ဆိုနိုင်တဲ့ နိုင်ငံခြားသား (အာရှနိုင်ငံသားပဲဆိုကြပါစို့) တစ်ယောက်နဲ့ စာပြိုင်ရင် ကျွန်မရှုံးပါတယ်၊ ရှုံးခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ကျွန်မထက် Exposure နဲ့ Skills တွေ အများကြီးသာနေလို့ပါ။ ကျွန်မလက်ရှိသင်ကြားနေတဲ့ ရိုးရိုးအီကိုတန်းရဲ့ သင်ရိုးညွှန်းတမ်း၊ သင်ကြားမှုစနစ်နှင့် အထောက်အကူပြုပစ္စည်းများက ကျွန်မရခဲ့တဲ့ မြန်မာပြည်က မဟာဘွဲ့ရဲ့သင်ရိုးညွှန်းတမ်း၊ သင်ကြားမှုစနစ်နှင့် အထောက်အကူပြုပစ္စည်းများထက် သာတယ်လို့(ကျွန်မ မျက်စိကို မှိတ်ပြီး) ပြောပါရစေ။ ဒီလို ကျွန်မတို့နိုင်ငံက “တော်” ဆိုတဲ့ လူတစ်ယောက်ဟာ အခြားအာရှနိုင်ငံများမှ “သင့်” ဆိုသော လူတစ်ယောက်နဲ့ သူတင်ကိုယ်တင်ဖြစ်ဖို့ လျှာတစ်တောင်လောက်ထွက်အောင် ပြေးလိုက်နေရပြီး ကျွန်မတို့ နိုင်ငံက “သင့်” ဆိုသောလူတွေဟာ သူများနိုင်ငံတွေမှာ “ညံ့” ဆိုသောလူတွေလုပ်တဲ့ အလုပ်တွေကို အောက်ကျခံပြီး သွားလုပ်နေရတာတွေကို သုံးသပ်မိမယ်ဆိုရင် ကျွန်မတို့မြန်မာပြည်ရဲ့ရှေ့အနာဂတ်ကို တွေးကြည့်နိုင်ကြပါပြီ။

    တိုင်းပြည်များ ဖွံဖြိုးတိုးတက်အောင် ဘယ်လိုလုပ်ကြသလဲဆိုတဲ့ International Development ဘာသာရပ်နဲ့ မဟာဘွဲ့ရထားတဲ့ကျွန်မ၊ တိုင်းပြည်များ၏ရေရှည်စီးပွားရေးတိုး

  • Tint Lwin

    December 12, 2014 at 2:27 pm

    buddish ရဲ့ဝါဒက The law of cause and effect
    Newton ရဲ့သီအိုရီနဲ့ ကိုက်‌ညီပါတယ်‌
    အ‌ကြောင်းရှိရင် အကျိုးရှိရမံ့သဘော
    ခွေးမကိုက်ပဲနဲ့ ခွေးကိုက်ဒဏ်ရာမရနိုင်ဆိုတဲ့သဘော
    ဒီ case က အကြောင်းနဲအကျိုးက တစ်ခုစီပဲရှိတာ ( ပြောချင်တာကသိပ်မရှုပ်ဘူးဆိုတဲ့သဘော )
    အခု CASE က အကြောင်းတရားတွေအများကြီးရှိလို့ အကျိုးတရားတွေအများ
    ကြီးရှိတာ
    DNA ကြောင့်လား CULTURE ကြောင့်လား
    DNA ဆိုတာမျိုးရိုးဘီဇ
    ( အဖေ ဆီးချိုဖြစ်လို့ သားဆီးချိုဖြစ်တာ နောက် အရိုးဖွဲ့စည်းပုံ အရပ်
    ပိုလီရို )
    CULTURE ဆိုတာ ဓလေ့ ထုံးတမ်း
    ( အစားအသောက်နှင့် စားပုံစားနည်း eg. ဆန် ပြောင်း ဂျုံ အာလူး
    နို့ ပောင်မုန့် အဲတာကို ကင်စားတာလား ပြုတ်စားတာလား ဖုတ် ကြော်
    ဘယ်လိုပုံစံစားသလဲ လက်နဲလား ဇွန်းနဲ့လား ကျန်းမာရေး brain အာရုံကြော
    အထောက်အကူပြုရဲ့လား)
    (ဝတ်မှု နှင့် အဝတ်အထည် သွားရလာရတာလွယ်ကူရဲ့လား
    ကျန်းမာရေးနှင့်ကိုက်ညီရဲ့လား ရသီဥတု သက်သောင့်သက်သာရှိရဲ့လား)
    (အနေအထိုင် တိုက် ပျင် သွပ် သကငကယ် ဂူ ကျန်းမာရေးနှင့်ကိုက်ညီရဲ့လား
    တခြား caseတွေနဲ့ ကိုက်ညီမှုရှိမရှိ)
    (နေစဉ် အကျင့် ဆေးလိပ် အရက် ကွမ်း နှစ်လုံးထိုး သုံးလုံးထိုး စာဖတ်
    ဆွေးနွေး အိပ် ဘိလယက် ဂျင် ရေကူး စဉ်းစား လုပ်လေ့လုပ်ထရှိတာအကုန်)
    (ပတ်ဝန်းကျင် ရဲ့အလေ့အထ ပြောဆိုဆက်ဆံပုံ တွေးခေါ်ပုံ အမူအကျင့်
    ပြသနာပေါ်အမြင် ချဉ်းကပ် ပုံချဉ်းကပ်နည်း တန်ဖိုးထားသည့်ပုံစံ)
    အင်မတန်မှ ကျယ်ဝန်းလှပါသည်။
    တံငါနားနီတံငါ မုတ်ဆိုးနားနီးမုဆိုး ဆိုသည်မှာလဲဓလေ့ထုံးတန်းပါပဲ
    ကိုးကွယ်ယုံကြည်မှု သည် dna ကြောင့်ဟုမဆိုနိုင်
    ကျောင်းတုံးကသူငယ်ချင်းတွေ ဆိုက်ကားသမားထဲရောက်သွားရင်
    ဆိုက်ကားသမား စရိုက် (culture)
    ရဲထဲရောက်သွားရင် ရဲစရိုက်
    ငါးသည်ထဲရောက်သွားရင် ငါးသည်မစရိုက်
    ဝန်ထမ်းမဖြစ်ခင်က လဒ် မစားတတ်ဘူး အရှေ့ကလူစားလိုမစားရင်
    ကိုယ်ပဲအကျင်ခံရမှာ
    ရောမရောက်ရင်ရောမလိုကျင့်ရမှာ မကျင့်ရင် ပထမဆုံးကိုဘဲဒုခရောက်
    မှာ
    အစိုးရတင်မဟုတ်ဘူး
    ပုကလိကထဲမှာလည်းလတစားနေကြတာ အောက်ဆိုက်တွေထုပ်တာ
    မြန်မာနိုင်ငံထဲကလူတွေ တခြားနိုင်ငံရောက်သွားကြည့်
    အဲဒီစရိုက်အတိုင်းနေလိုရလား
    အမှိုက်ပစ် အချိန်ဖြုန်း ကွမ်းတံတွေးထွေး အဂတိလိုက် မရဘူး
    တနည်းအားဖြင့် အကျင့်စရိုက်ပါပဲ
    တအိမ်နှင့် တအိမ်
    တမျို့နှင့်တမြို့ မတူသလိုပေါ
    ရှေ့ဆောင်နွားလားဖြောင်ဖြောင့်သွားကနောက်နွားတသိုက်
    ဖြောင့်ဖြောင့်လိုက် တယ် ဆိုတာလဲ
    dna ကိုရည်ညွှန်းချင်းမဟုတပါ
    culture ကိုရည်ညွှန်းခြင်းဖြစ်ပါသည်
    ကျျေးညီနောင် ပုံပြင် ကိုပဲကြည့်
    DNA အတူတူပဲ Culture ကွာသွားတာလေ
    japan နိုင်ငံဆိုရင် အစားအသောက် (culture )ကိုပြောင်းလိုက်တာ
    သူတို့ရဲ အရပ် DNA တောင်ပြောင်းသွားတပဲ
    ဒါကြောင် culture က အေြာင်းတရားဟုယူဆမိပါကြောင်း
    တင်ပြအပ်ပါသည်
    ကျေးဇူး စာရှုသူအပေါင်း

    • kai

      December 12, 2014 at 3:46 pm

      ကျုပ်ကတော့… စနစ်ကြောင့်မဟုတ်ဖူးလို့.. အမြဲပြောတယ်..။
      မြန်မာတွေ.. သက်ဦးဆံပိုင်..။ ကိုလိုနီကျွန်။ ဖက်စစ်အောက်..။ ဒီမိုကရေစီ၊ ဆိုရှယ်လစ်၊ တချို့နယ်တွေ ကွန်မြူနစ်..။ စစ်အာဏာရှင်.. ။ အခု (ထားပါတော့) ဒီမိုကရေစီ စနစ်တော်တော့်ကို များများအောက်နေဖူးတာပဲ..။
      မဟာမြန်မာရွေ့ပြောင်းမှု (၁၉၈၈- ၂၀၀၈)ကာလမှာ.. မြန်မာတွေ ကမ္ဘာအနှံ့ရောက်.. စနစ်အမျိုးမျိုးအောက်နေကြ…။
      အဲဒီအခါမယ်.. တခြားကမ္ဘာ့လူမျိုးခြားတွေနဲ့.. တွဲနေနိုင်တဲ့.. ဥရောပ.. ယူအက်စ်လိုနိုင်ငံမှာကျ.. မြန်မာ့စရိုက်က.. ယှဉ်ကြည့်လို့ရသမို့.. တန်းမြင်သာထင်သာလာတယ်..။
      ကမ္ဘာ့အကောင်းဆုံး.. ဒီမိုကရေစီစနစ်ရှင် ယူအက်စ်အုပ်ချုပ်ရေးနဲ့ စနစ်အောက်မှာလည်း.. မြန်မာက.. မြန်မာပါပဲ..။

      အဲဒီ.. မြန်မာတွေထဲမှာမှ.. ဗုဒ္ဓဘာသာမဟုတ်တဲ့ တခြားဘာသာကိုးကွယ်သူတွေ.. အေးသီစ်းတွေက.. ထူးထူးခြားခြား.. ဖေါက်ထွက်လာတဲ့..ရာခိုင်နှုန်းအများစုကိုတွေ့ရတယ်..။

      ဒီတော့….။
      တိုက်ရိုက်ကောက်ချက်ချမိတော့တာပဲ…
      စနစ်ကြောင့်မဟုတ်…။ ဘာသာရေးကြောင့်… ရယ်… လို့..။ :k:

      မှတ်ချက်။ ။ Culture ယဉ်ကျေးမှုဓလေ့ထုံးတမ်းဆိုတာလည်း.. ဘာသာရေးနွယ်ပြီးဖြစ်တာပါပဲ..။
      ပြင်ချင်ရင်အဖြေရှိပါတယ်..။ ဘာသာရေးဆီထဲမှာသာ.. တွန်းပြီးပြောင်းပြန်လှန်ပြင်သွားရယ်လို့..။
      ဆိုတော့.. ဗုဒ္ဓဘာသာကနေ.. အိုင်ဒတတီပျောက်.. ဘာသာပြောင်းကြရမလားဖြစ်မယ်..။
      မဟုတ်ပါဘူး..။ တကယ့်ဗုဒ္ဓအဆုံးအမတွေသာ လေ့လာပြီးေ.. အစစ်အအမှန်တွေဖေါ်ထုတ်ကြည့်ပါလို့…။ အနီးလေး.. အနီးလေး…။
      ဟိန္ဒူဘာသာသာသနာလွှမ်းမိုးမှုကိုသာ.. ခွာလိုက်..။ခွာလိုက်…။

  • Tint Lwin

    December 13, 2014 at 7:27 am

    အနောက်တိုင်းနဲ culture မတူတာလေး
    * breakfast နွားနို့ အဟာရရှိတာစား
    * အားရင်စာဖတ် (တောင်တက်ရင်းလည်းဖတ် ရထာစီးရင်းလည်းဖတ်)
    // မြန်မာနိုင်ငံကလူ ၁ဝ ယောက်မှာဘယ်နှယောက်နှုန်းဖတ်တယ်)
    * လေ့လာရေးခရီးထွက်တယ် မှတ်တမ်းပြုလုပ်တယ် record.
    discovery. research
    * ဗိုက်စာရင်စားတယ် လဖက်ရည်ဆိုင်ထိုင်ပြီးအချိန်မဖြုန်းဘူး
    * အလုပ် အချိန် ငွေ လေးစား
    * လက်လှမ်းမှီသမျှလေ့လာတယ်
    * created idea ရဖို့အတွက် စဉ်းစား တွေးခေါ်
    analysis လုပ်တယ် အဖြေထုပ်တယ်
    စာမဖတ်ဘဲဒီကိစက ဘယ်လိုမှလုပ်မရဘူး သူတို့
    diacovery ရော research တွေရောလုပ်ထားတာလေ
    အဲဒီမှာတင် decision မတူတော့ဘူး လူတစ်ယောက်ချင်း
    ဆီကွာသွားတာ
    အဲတော့ ယူဆချက်တွေလည်းမတူတော့ဘူး
    တန်ဖိုးထားတာလည်းမတူတော့ဘူး
    အလုပ်လုပ်တာလည်းမတူတော့ဘူး

    • kai

      December 13, 2014 at 10:08 am

      ဆိုတော့…
      မြန်မာတွေပညာရေး တိုးတက်အောင်ပြင်ရ..လုပ်ရမယ်ပေါ့…

      အဟမ်း..
      သောက်စရာနွားနို့မရှိ..။ နွားနို့ကိုထုတ်ပေးမယ့် နွားမွေးမြုူရေးကို.. ဘာသာရေးအရအားမပေး..
      နွားအသားအပါအဝင်.. ကလေးသူငယ်တွေ ဦးနှောက်ကောင်းစေမယ့်.. ခန္ဓာဖွံ့ဖြိုးစေမယ့်.. သားကြီးငါးကြီးတွေ.. သတ်ဖို့စားဖို့အားမပေး…။
      အသဲတွေ..နာနေတာလေ..နာနေတာ…။ :i:

      သတိပင်မပေါ် ၊ ကျေးဇူးကို မမျှော်……..
      စိတ်အချော် တိမ်းပါး ၊ မိတ်မတော် စိမ်းကားလျက်
      ဒို ့အသား ဒို ့အသဲ ၊ဒို ့အဆီ ရွှဲရွှဲကို
      ထမင်းပွဲ အလယ် ၊ အနင့်သားတယ် ပြီးလျှင်
      ရယ်ကာနှင့်ပြုံးကာ ၊ အရသာ ခံစား၍
      လင်မယားတတွေ ၊ မြုံ့ကြသည့် အနေမှာ
      မြဲနိုင်ပေ့ သူတို ့ကိုယ် ၊ မျိုရက်ပေ့ သူ ့ခံတွင်း
      ဒို့ . လုပ်သည့် ထမင်းကို ၊ဒို ့ဟင်းလျာ အသားနှင့်
      စားကြသည့် ဖြစ်နဲကို ၊ ဒို ့အသဲနာလိုက်ကဲ့……

      ဦးနှောက်အဆင့်ရည်မမှီမှတော့.. စာတွေဘယ်လောက်သင်သင်.. ပလုံပလုံပေါ့..။
      486 CPU နဲ့.. Windows 8 Run လို့မှမရတာ…။

      ထပ်ပြောရင်..
      ဘုန်းကြီးကျောင်းပညာရေးလာမယ်….။
      ရှေးမြန်မာတွေရဲ့..စာပေးသင်ကြားရေးက ဘုူန်းကြီးကျောင်းတွေပဲ..။
      အဲဒီကနေ.. သင်ပုန်းကြီးတတ်လာတာမှာ.. ဒီခေတ်အထိ.. ဒီအစဉ်အလာသွားစွဲနေတုံး…။
      နှစ် ၁၀ဝ လောက်နောက်ကျနေတယ်..။

      အခုကစ..အသည်းအသန်ပြင်..
      လက်ဆယ်ချောင်းနဲ့.. ၁ခါ.. ၃ခါ.. ၅ခါ… :k:

  • uncle gyi

    December 13, 2014 at 11:31 pm

    ဘုန်းကြီးကျောင်းပညာရေးကလိုအပ်ချက်အရအစားထိုးတာမျိုးပဲဖြစ်သင့်ပါတယ်
    ဘုန်းကြီးကျောင်းပညာရေးကိုမရှိမဖြစ်အမြဲအသုံးပြုုုအဆင့်မြှင့်အသုံးပြုနေတာမျိုးမဖြစ်သင့်ပါဖူး
    အခုနိုင်ငံတော်ကပညာရေးရံပုံငွေတွေတိုးမြှင့်ချပေးနေတာ
    နိုင်ငံတော်ကျောင်းတွေအတွက်ပဲဖြစ်သင့်ပါတယ်
    ဒါပေမဲ့ဘုန်းကြီးကျောင်းတွေကိုလည်းချပေးနေတာ
    ဘုန်ကြီးတွေဘုန်းကြီးအလုပ်မလုပ်ပဲလူအလုပ်ကိုပိုပြီးလုပ်ခု်ိင်းနေသလိုဖြစ်နေပါတယ်
    အမှန်ကတိုးမြင့်လာတဲ့ရံပုံငွေတွေနဲ့အဆောက်အဦးအသစ်တွေ
    ကျောင်းအသစ်တွေဆောက်ပြီးဘုန်းတော်ကြီးတွေကိုဘုန်းကြီး
    အလုပ်ပြန်လုပ်နိုင်အောင်ကူညီသင့်ပါတယ်
    မြန်မာနိုင်ငံရဲ့ပညာရေးတကယ်တိုးတက်အောင်ဘုန်းကြီကျောင်းပညာရေးနဲံ့သွားလို့မရပါ

  • Tint Lwin

    December 14, 2014 at 4:21 pm

    culture ဆိုတဲ့သဘောက ဘာသာရေးနဲ့ တိုက်ရိုက်မပတ်သက်ပါဘူး
    buddish ဘာသာဝင်တွေ buddish ရဲ့အဆုံးအမအတိုင်း ဘယ်နှယောက်
    % လိုက်နာနိုင်လို့လဲ
    ငါးပါးသီလပဲထိန်းကြည့်
    ဝန်းထမ်းဖြစ်ပြီဆိုတာနဲ့
    ညာ ရတယ် ခိုးရတယ်
    MAN အများစုက ညရောက်ရင် ဘီယာ အရက် ဆိုင်ရောက်တယ်
    BUDDISH မှာလည်း ဂိုင်းတွေအများကြီးပဲ
    ခရက်ယန်မှာလည်း ဂိုင်းတွေအများကြီး
    အစလန်မှာလည်း ဂိုင်းတွေအများြီကီး
    ဟိန်ဒူမှာလည်း ဂိုင်းတေအများကြီးရှိတာ

    ညနေတိုင်းအရက်သောက်နေကျလူက ညနေတိုင်းပုံမှန်သောက်ချင်တယ်
    ဆေးလိပ်သောက်နျေလူက ဆေးလိပ်သောက်ချင်တယ်
    ကွမ်းစားနေကျလူက ကွမ်းစားချင်တယ်
    night club တက်နေကျလူက ညရောက်ရင် night club တက်ချင်တဲ့
    သဘော
    လဘက်ရည်ဆိုင်ထိုင်နေကျလူက လဘက်ရည်ဆိုင်ထိုင်ချင်တဲ့သဘော
    ၂လုံး ၃လုံးတွက်နေကျလူက နှလုံး ၃ လုံးတွက်ချင်တဲ့သဘော
    လတ်စားနေကျလူက လတ်စားချင်တဲ့ သဘော
    ခိုးချင် ဝှက် ချင်တဲ့သူကခိုးချင် ဝှက်ချင်တယ်
    ခိုးနေကျ ကို
    ရန်ဖြစ်နေကျ လူတွေက ထက်ကနဲဆို ရန်ဖြစ်ချင်တယ်
    ဒေါသနဲဖြေရှင်းတာပဲ တွေ့ဘူး မြင်ဘူးတာကို
    လိမ်ညာစားလေ့ရှိသူကလိမ်ညာစားချင်တယ်
    ခြောက်စား ဟောက်စားလေ့ရှိသူက ခြောက်စား ဟောက်စားခြင်တယ်
    အကြွေးယူးပြီး မပေးချင်တဲ့သူက အကြွေးယူပြီးမပေးချင်ဘူး

    လုပ်လေ့လုပ်ထရှိတာ
    တွေးလေ့တွေးထရှိတာ
    ပြောလေ့ပြောထ
    စားလေ့စားထ
    နေလေ့နေထ
    သွားလေ့သွားထ
    သောက်လေ့သောက်ထ

    ချုပ်ပြောရရင် အလေ့အထကို ဆိုလိုချင်တဲ့သဘော အဲဒါ Culture
    ဆရာရေ့

    english စကားလုံး ၁လုံးကို ဘာသာစာလုံးအများကြီးပြန်နေရတာ
    က ကို
    တယောက်နဲ့ တယောက်အမြင်မတူဘူး
    တနည်းအားဖြင့် culture မတူဘူး
    မှောင်တယ် ဆိုတာနဲ့ မိုက်တယ်ဆိုတာ လိုပဲ ပေါ့ကွယ်
    စဉ်းစားဖို့ လမ်းစဖွင့်ပေးရုံပါ
    ကျေးဇူး စာရှုသူ

  • CharTooLan

    December 15, 2014 at 2:15 pm

    ဂျာအေးကိုသူ့အမေရိုက်နေလား
    မုန့်လုံးကို စက္ကူကပ်နေတာလား
    တခုခုတော့တခုခုပဲ

    • kai

      December 16, 2014 at 6:17 am

      ချာတူးပြောမှ.. ရှင်းကနဲ့ပဲ…။

      ဆိုတော့… :k:
      =
      “ဂျာအေး၊ ဂျာအေး၊ ဂျာအေး ဂျာအေးကို သူ့အမေရိုက် မှောင်မိုက်မှာငို ကိုလူပျိုထရံပေါက်က ခြေထောက်ကိုဆွဲ တွဲလွဲ တွဲလွဲနေပါအုံး မိုးတောင်ကချုန်း၊ မုန့်လုံး မုန့်လုံးကို စက္ကူကပ် ကြာကလပ်နဲ့ဆွမ်းတော်တင် ပလ္လင်ပေါ်ကမြောက်ကလေး ဆင်းတယ်လို့ပြေး ဂျာအေး ဂျာအေး၊ ဂျာအေး ဂျအေးကို သူ့အမေရိုက် …..

  • Tint Lwin

    December 19, 2014 at 7:28 am

    ကျွန်တော်က တောင်ဒဂုံမှာ
    ကျွန်တော်ရဲ့အမရဲ့ အိမ် ဆောက်တဲ့ဆိုက်ထဲရောက်နေတယ်ဗျ
    ဆိုက်ထဲမှာ ကန်ထရိုက်နဲ့ သူ့အလုပသမားတွေလည်းရှိတယ်ဗျ
    ညပိုင်းပါအလုပ်လုပြ်ကတာဆိုတော့
    ခေါင်းရင်းအိမ်က လူကြီးကိုခေါ်ပြီး ကန်ထရိုက်
    နဲ့အတူသွားပြီးဧည့်စာရင်းသွားတိုင်ကြတာပေါ့
    ပထမဆုံး ၁ဝအိမ်ခေါင်းဆီသွားရတယ်ဗျ
    ၁ဝအိမ်ခေါင်းကလည်း စတိုင် တခွဲသားနဲ့ဗျ
    သူက ထိုင်ခုံပေါ်က ကျွန်တော်တို့ ၃ ယောက်က
    ထိုင်ခုံအောက်ကဗျ တံဆိပ်တုံးလေးဘာလေးထုပေါ့ဗျာ
    ပြီးတော့ ထပြန်တော့ ပါလာတဲ့ ဦးလေးကြီး
    က လဖ႓က်ရည်ဖိုးလေးဘာလေး ပေလိုက်ပါဦး
    ဆိုတော့ ကန်ထရိုက်က ၃၀၀ဝ ကျပ် ၁ဝအိမ်ခေါင်းကိုပေးလိုက်တယ်ဗျ
    ၁ဝအိမ်ခေါင်းကလည်းလက်ခံပြီးတော့ ရပ်ကွက်ရုံးကိုသွားလိုက်ပါလို့ပြောပါတယ်
    ရပ်ကွက်ရုံးရောက်တော့ စားပွဲတစ်လုံးကို လူတစ်ယောက်စီနဲ့ထိုင်နေတယ်ဗျ
    ဥကဌ လို့ယူဆရတဲ့ လူဆီ သွားကြတော့ ဂရမ်တေဘာတွေညာတွေတောင်း
    ပြီးရစ်ပါတယ်
    ကျွန်တော်တို့နဲ့အတူပါလာတဲ့ ဦးလေးက ဝင်ညှိတော့မှပြေလည်သွားပါတယ်
    အဲဒီမှာလည်း ၃၀၀ဝကျပ် အဆင်ပြေကြေး ကန်ထရိုက်ကပေးလိုက်ပါတယ်
    ဒါ ညကဖြစ်သွားတဲ့ ကိစ္စ လေးပါ
    မြန်မာနိုင်ငံရှိ ရုံးတိုင်းရုံးတိုင်း လုပ်လေ့လုပထရှိသည့် အလေ့အကျင်
    ဖြစ်သောကြောင့်
    နာမည် လိပ်စာအတိအကျမညွှန်းဆိုတောပါ
    ကျေးဇူးတင်ပါသည်စာရှုသူ

Leave a Reply