ရွာသူ ရွာသားတို့ ခင်ဗျားးးး

ဒီ လ အတွက် ကြားဖြတ်လေး တင်ဆက်ချင်တာကတော့ ခုတလော လူပြောသူပြော အရမ်းများနေတဲ့ စာရေးဆရာ အောင်ရင်ငြိမ်းရဲ့ အပြာဆန်ဆန် ဝတ္ထု တွေ အကြောင်း ပေါ့ဗျာ။
အဲဒီ ဆရာ ရေးတာ တစ်အုပ်မကတော့ဘူးဗျနော့။
ဟော့(ထ) ပုံ များတော့ စာကြမ်းပိုး တို့ တစ်ဖွဲ့လုံး အငြိမ်မနေရအောင် စုစည်းငြင်းခုန်ဖြစ်အောင် ကို စွမ်းပါပေတယ်ဗျာ။
အဲ။ သူ့ အယူအဆ ကိုယ့်အယူ အဆ တွေ မငြင်းခုန်ခင် စာအုပ်ရှာဖတ်ရ၊ သုံးသပ်ချက်တွေရှာဖတ်နဲ့ အတော် အလုပ်များလိုက်သေးဗျ။

ကဲ! ပထမဆုံး သုံးသတ်ချက်တွေ အရင်ပြောပြပါ့မယ်။ ပြီးမှ ကျနော်တို့ အယူအဆလေးတွေ ပြောကြတာပေါ့။

စာဖတ်သူတို့လည်း ပွင့်ပွင့်လင်းလင်း သူ့အမြင် ကိုယ့်အမြင် ဝင်ပြောလို့ရပါတယ်ဗျ။
စာအုပ်မဖတ်ရသေးလည်း အားမငယ်ပါနဲ့။ သုံးသပ်ချက်တွေဖတ်ပြီးရင် အနည်းနဲ့ အများ မှန်းနိုင်ပါလိမ့်မယ်။
ခင်ဗျားတို့ကြားပြီးကြရောပေါ့။ FB ပေါ်မှာလည်း အောင်ရင်ငြိမ်းကို ရှုတ်ချပြောဆိုသူတွေရဲ့ အသံတွေ ညံနေတယ်ခင်ဗျ။

အဓိက ဆွေးနွေးကြမှာက မြန်မာ စာပေလောကမှာ အပြာစာပေ ပေါ်ပေါက်လာပြီ။ အဲဒါကို ရင်ဆိုင်ဖို့ ဘာတွေ ပြင်ဆင်ထားသင့်ပါသလဲ…။ ဒါလောက်ပါ…။

ဆိုတော့ အောင်ရင်ငြိမ်းရဲ့ စာအုပ်တစ်အုပ်ဖြစ်တဲ့ “ဆိုက်ကိုးဆစ်တစ်ယောက်ရဲ့ နောက်ဆုံးအနုပညာ” ဆိုတဲ့ စာအုပ်ကို ဆရာဖြိုးထိန် ဝေဖန်ထားတဲ့ ဆောင်းပါးလေး ဖေါ်ပြပေးချင်ပါတယ်။
အဲဒါလေး အရင် ဖတ်ကြည့်ကြပါဗျာ။
ဒါလေးကတော့ ဆရာဖြိုးထိန်ရဲ့ သုံးသပ်ချက်လေးပါ။
ကျက်သရေ ယုတ်တဲ့ အပြာစာအုပ်တစ်အုပ် (ဖြိုးထိန် သုံးသပ်ချက်)
ဒီစာအုပ်က ဆွဲဆုတ် လွှင့်ပစ်ရမယ့် စာအုပ်ပါ။ ဒီစာအုပ်မှာ ကွန်မြူနစ်လူထွက်…လက်နက်ချ ကဗျာဆရာမ မအိ နဲ့ အပြာဝတ္ထုစာရေးဆရာ မိုးသက်ဟန်တို့က ညစ်ညမ်းစာပေကို အသစ်အဆန်းစာဖြစ်လေဟန် သူတော်ချင်းချင်း သတင်းလွေ့လွေ့ ခံတွင်းတွေ့စွာ အမှာစာရေးသား ထားကြပါတယ်။ အဲဒီ စာအုပ်ရှေ့မှာလည်း မသိမသာ အင်္ဂလိပ်စာနဲ့ Not For Conservative ဆိုပြီး စာဖတ်ပရိသတ်ကို စော်ကားထားပါတယ်။
ဝတ္ထုမည်ကာမတ္တ ဝတ္ထုက စကတည်းက ညစ်ညမ်းပါတယ်။ အောင်ရင်ငြိမ်းရဲ့ ယုတ်မာတဲ့၊ ရုန့်ရင်း ကြမ်းတမ်းတဲ့ အရေးအသားတွေက စာအုပ်တစ်အုပ်လုံး ပြည့်နှက်နေပါတယ်။
သူ့ရဲ့ ဖွင့်ဟ ဝန်ခံချက်၊ ညစ်တီးညစ်ပတ်တွေပါပဲ။ သူ့ရဲ့ လျှို့ဝှက်ချက် သုံးချက်နဲ့ အစပျိုးပါတယ်။
ပထမ လျှို့ဝှက်ချက်က မူလတန်းကျောင်းသားဘဝတုန်းက ပထမဆုံး ကိုယ်ခန္ဓာချင်း ထိတွေ့သာယာခဲ့ဖူးတဲ့ မိန်းကလေးရဲ့ အိမ်နာမည်က ပိုးဟပ်ဖြူတဲ့။ သူ့ထက် တစ်နှစ်ငယ်တဲ့ ညီမဝမ်းကွဲပါဆိုပြီး ဒါလောက်ပဲ ဖေါ်ပြထားပါတယ်။
လျှို့ဝှက်ချက် နံပါတ် ၂ ကတော့ နံပါတ် တစ်ထက် လျှို့ဝှက်မှု အဆင့်မြင့်တဲ့ အဝါရောင် လျှို့ဝှက်ချက်တဲ့။
ရှစ်လေးလုံး အရေးအခင်းဖြစ်လို့ စာသင်ကျောင်းတွေ ရက်အကန့်အသတ်မရှိ ပိတ်ထားတဲ့ ကာလမှာ ရည်းစားမဟုတ်တဲ့ မိန်းမတစ်ယောက်နဲ့ ပထမဆုံး အကြိမ် ညအိပ်ခဲ့ဖူးတယ်တဲ့။

အဲဒီညက အိပ်ရာထဲမှာ ပထမဆုံး တရားဝင်ပြောပြီး သူ့ပါးပြင်တွေ၊ နှုတ်ခမ်းတွေကို နမ်းခဲ့တယ်။
သူကလည်း ချစ်တယ်လို့ ပြန်ပြောပြီး အနမ်းတွေနဲ့ တုန့်ပြန်ခဲ့တယ်။ ပုစဉ်းရင်ကွဲသံတွေ တိတ်ဆိတ်ငြိမ်သက်တဲ့ ညအမှောင်၊ မိန်းမဝတ် အင်္ကျ ီကြယ်သီးတွေ၊ ဖြုတ်ရခက်တဲ့ ဇာဘော်လီချိတ်တွေ၊ သူ့အသက်ရှူသံနဲ့ ကျွန်တော့်အသက်ရှူသံရောထွေးလို့။ နူးညံ့နွေးထွေးတဲ့ ရင်သားတွေ၊ တစ်ညလုံး အသက်မရှူတမ်း နမ်းနေမိလို့ ချိုမြိန်မှုကနေ ခါးသက်သက်အရသာဆီ ပြောင်းသွားတဲ့ နှုတ်ခမ်းနဲ့ လျှာတွေ၊ လူနှစ်ယောက်လုံး ကိုယ်ခန္ဓာအပေါ်ပိုင်းဗလာ။
အပြန်အလှန် ပွေ့ဖက်ပွတ်သပ်နေမိတဲ့ လက်တွေ၊ရုပ်ရောနာမ်ရော အိပ်မက်ကမ္ဘာထဲ ရောက်နေသလို လှိုက်မော တိမ်းမူးနေတဲ့ အာရုံခံစားမှု
(စာ -၂၉၊ ၃၀)

အဲသလိုနဲ့ အဲဒီညက သူ့အတွင်းခံဘောင်းဘီပေါ် ရောက်နေပြီဖြစ်တဲ့ သူ့လက်တွေကို ပြန်ရုတ်ပြီး အဲဒီမိန်းမဆီကနေ ထွက်ပြေးလာခဲ့တယ်တဲ့။ ဒါပေမယ့် အသက် ၁၆ နှစ်အရွယ်မှာ လူပျိုရည်မပျက်အောင် စိတ်ထိန်းချုပ်ဆင်ခြင်နိုင်ခဲ့တဲ့ အောင်ရင်ငြိမ်းဟာ ၂၁ နှစ်အရွယ်အရောက်မှာတော့ သူ့ထက် ၈ နှစ်လောက်ပိုကြီးတဲ့၊ လိင် အတွေ့အကြုံရင့်ကျက်တဲ့ မိန်းမတစ်ယောက်နဲ့ ငြိစွန်းပြီး လူပျိုဘဝကို ပထမဆုံး စွန့်လွှတ်ခဲ့ရပါတော့တယ်တဲ့။
ဒီနေရာမှာ စာဖတ်သူများ သတိပြုမိမလား မသိဘူး။ သူများတွေ ရှစ်လေးလုံးအရေးတော်ပုံမှာ သေကြကြေကြ၊ ပြေးကြလွှားကြနဲ့ သေနတ်သံတွေကြားမှာ အသက်ပေးလှုပ်ရှားနေကြတဲ့ လူငယ်တွေကိုမြင်ယောင်မလာဘူးလား။ အောင်ရင်ငြိမ်းကတော့ တဏှာရေယဉ်ကျောမှာ မျောနေတဲ့ လူငယ်ဖြစ်တယ် ဆိုတာ။ ဘာကဗျာဆရာလဲ။ ဆန်းစစ်လို့ ရပြီနော်။
စာဖတ်ပရိသတ်ကို သူပေးတဲ့ အရေးအသားနဲ့ မက်ဆေ့ချ်ကလည်း စကတည်းက ယဉ်သကိုပဲ။ ဆက်ပြီးတော့ သူ့ရဲ့ တတိယ လျှို့ဝှက်ချက်…နောက်ဆုံးလျှို့ဝှက်ချက်ကတော့ လင်ရှိမယားနဲ့ ဖေါက်ပြားတဲ့ ကိစ္စပဲ။ ဩဂတ်စ်မိုး တဲ့။ ရှမ်းပြည်နယ်တောင်ပိုင်းက ခရိုင်မြို့တစ်မြို့ မှာနေတယ်။ သူ့ယောက်ျားက အရာရှိကြီး။ သမီးတစ်ယောက်၊ သားတစ်ယောက်ရှိတယ်။ အထက်တန်းစားအသိုင်းအဝိုင်းပေါ့။
အကြမ်းဖျင်းအားဖြင့် ဩဂတ်စ်မိုးနဲ့ သူ့ယောက်ျား အိမ်ထောင်ရေး အဆင်မပြေဘူး။ ခွဲအိပ်ကြတာ ဆယ်နှစ်ရှိပြီတဲ့။ ဒီလိုနဲ့ Facebook Account ထဲမှာ သူတို့ နှစ်ယောက်တွေ့ကြတယ်။ ဩဂတ်စ်မိုးက အောင်ရင်ငြိမ်းအကြောင်းကို
သူ့မောင်ဝမ်းကွဲ ပြောပြလို့ သိထားတယ်။
အောင်ရင်ငြိမ်းဟာ ကဗျာဆရာ။
ဘုရားမဲ့ဝါဒီ။
စာပေလောကမှာ လူမုန်းများသူ။
Facebook လိုင်းမှာ လူ့အဖွဲ့အစည်းတစ်ခုလုံးကို စိမ်ခေါ်ဆဲရေးနေတဲ့သူ။
အလွန်အကျွံ လွတ်လပ်ခွင့်ကို မြတ်နိုးတဲ့ Free Thinker ။
ဥပဒေစည်းကမ်းတွေကို မုန်းသူ။
အစဉ်အလာ မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းတွေကို ဆန့်ကျင်သူ။
နောက်ပြီးတော့ သူက မေတ္တာငတ်နေသူ။
ပျော်ရွှင်မှုပျောက်ဆုံးနေသူ။
ဒီတော့ ဩဂတ်စ်မိုးက မေတ္တာတွေ၊ လုံခြုံမှုတွေ ပေးမယ်ပေါ့။
အဲဒီလို စတင် ရင်းနှီး သိကျွမ်းသွားရာကနေ တစ်လအတွင်းမှာ ချစ်သူတွေ ဖြစ်သွားတယ်။
မကြာခဏ ဖုန်းနဲ့ စကားပြောကြတယ်။ ဩဂတ်စ်မိုးက အောင်ရင်ငြိမ်းကို ဖုန်းဝယ်ပေးတယ်။
ရံဖန်ရံခါ အသုံးအဆောင် ပစ္စည်းတွေ ပို့ပေးတယ်။ သူတို့ နှစ်ဦးရဲ့ တွေ့ဆုံမှုဟာ အချစ်စစ် အချစ်မှန်ပေါ့။
အောင်ရင်ငြိမ်း ရဲ့ သွေးသံရဲရဲ ဘဝဟာလည်း ခုတော့ သွေးတိတ်ပြီး ချမ်းမြေ့သာယာလာတယ်။ ဒီလိုနဲ့ သူတို့ရဲ့ အရှိန်က တက်လာတယ်။ ဖုန်းထဲမှာပဲ ညဘက် တိတ်တိတ် လိင်ဆက်ဆံကြတဲ့အထိ အတင့်ရဲလာတယ်။
အဲဒီအကြောင်း သူ့မောင်ဝမ်းကွဲသိသွားပြီး မိုးမီးလောင်တယ်။ ဒီအကြောင်းတွေကို ပြောပြီး သူတို့ဇာတ်လမ်းကိုရပ်ဖို့ ဩဂတ်စ်မိုးက ပြောတယ်။ အောင်ရင်ငြိမ်းကလည်း နောက်ဆုတ်ပေးရတယ် ဆိုပါတော့။
ဒီနေရာမှာ ဇာတ်လမ်းအစုတ်ပလုတ်ကို ခဏရပ်ပြီး မဟုတ်တရုတ် သူတို့နှစ်ဦး လုပ်ကြတဲ့ Mobile Sex အကြောင်းကို ထုတ်ပြပါရစေ။
အခု ကျွန်တော်တို့ Mobile Sex လုပ်တဲ့အကြောင်း ခင်ဗျားတို့ကို ပြောပြမယ်။ ပထမဆုံး ချစ်တဲ့ အကြောင်း၊
လိင်ဆန္ဒဖြစ်နေတဲ့အကြောင်း ပြောကြတယ်။ သူ့ဓါတ်ပုံ၊ ကိုယ့်ဓါတ်ပုံ အပြန်အလှန်မြင်ဖူး ထားကြပြီ။ စိတ်နှလုံးချင်းလည်း တစ်သားတည်းဖြစ်နေတဲ့ အတွက် တစ်ယောက်တစ်နေရာစီ ဝေးကွာနေပေမယ့် ကျွန်တော်တို့ တစ်ယောက်အနားမှာ
တစ်ယောက်ရှိသလို အာရုံထင်မြင်ခံစားကြတယ်။

“မသောကြာ အိပ်ခန်းထဲကို ကျွန်တော်ဝင်လာခဲ့မယ်နော်”
“အင်း…လာလေအောင်။ ကျွန်မဘေးနားမှာ အိပ်နော်။ ကျွန်မတို့ အတူတူအိပ်ကြမယ်”
“အိပ်ရာပေါ်မှာ ရင်ချင်းအပ်ပွေ့ဖက်ပြီး နှုတ်ခမ်းတွေ နမ်းကြမယ်နော်”
“အင်း…အကြာကြီးနမ်းမှာလား။ နှုတ်ခမ်းတွေ နမ်းပြီးရင်ရော”
“လည်ပင်းတွေ၊ ရင်သားတွေ ဆက်နမ်းမယ်လေ။ ပြီးတော့ ဗိုက်သားတွေ၊ ပေါင်တံတွေ၊ တင်ပါးတွေ”
“စိတ်တွေ အရမ်းလှုပ်ရှားလာတယ် အောင်ရယ်”
“အောင်လည်း စိတ်နိုးကြားနေတယ်”
“အင်း…အောင့်သဘောပဲ။ ကျွန်မတော့ ဘယ်လို ဖြစ်နေမှန်းမသိတော့ဘူး”
စိတ်တွေအရမ်းနိုးကြားရုန်းကြွလာပြီ ဆိုရင် ကျွန်တော်တို့ ပြောတဲ့ စကားလုံး အသုံးအနှုန်းတွေက ပိုမိုလွတ်လပ်လာတယ်။ လူနှစ်ယောက်ရဲ့ ကိုယ်ခန္ဓာနှစ်ခုက တစ်ယောက်တစ်နေရာစီ။ လက်တွေက တစ်ကိုယ်ရေ အာသာဖြေတော့မယ့် အနေအထားအတိုင်း။ စိတ်အာရုံထဲမှာက ကိုယ်ခန္ဓာချင်း ပူးကပ်ပွေ့ဖက်ပွတ်သပ်လို့။ လင်မယားနှစ်ယောက် အိပ်ရာထဲ အမှန်တကယ် အတူနေကြသလို ဟိုဘက်ဒီဘက် အပြန်အလှန်ဖုန်းနဲ့ ကျွန်တော်တို့ တပြိုင်နက် Masturbate လုပ်ကြတယ်။ နောက်ဆုံးမှာ ကျွန်တော်တို့ နှစ်ယောက်လုံး တစ်ပြိုင်တည်း အထွတ်အထိပ်ရောက်။ ရုပ်ပိုင်းနဲ့စိတ်ပိုင်း တင်းမာနေတဲ့ အကြောအခြင်တွေ အားလုံး
ပြေလျော့ကျေနပ်ပြီး Mobile Sex ကိစ္စ ပြီးဆုံးသွားကြတယ်။

(စာ – ၉၄၊ ၉၅)

အင်း…မောင်နဲ့နှမ သားနဲ့အမိ ဖတ်မိလို့ရှိရင် မကြားဝံ့မနာသာတွေ ချည်းပဲ။
ဘယ့်နှယ့်ဗျာ၊ ဖုန်းထဲမှာများ Intercourse လုပ်ကြတယ်လို့။ ဝတ္ထုအကြောင်း ဆက်ပြီးပြောရရင် သူတို့တွေ အဆက်အသွယ်ဖြတ်ထားကြတယ်။
မကြာခင်မှာ သေလောက်အောင်လွမ်းလို့ ပြန်တွေ့ကြတယ်။ ဩဂတ်စ်မိုး ရန်ကုန်ကိုလာတယ်။
အောင်ရင်ငြိမ်းကို ဖုန်းဆက်ခေါ်တယ်။ အဲဒီည အတူတူ အိပ်ကြတယ်။ ဒီတစ်ခါတော့ နဖူးတွေ့ဒူးတွေ့ပဲ။
ဒါပေမယ့် ဟိုအထိမရောက်ကြဘူးဆိုပဲ။ နောက်ဆုံးကောင်းခန်းရောက်ခါနီးမှာ ကိုယ့်ဟာကိုယ်ပဲ အာသာဖြေပြီးတော့
ပြီးလိုက်ကြသတဲ့။ အဲဒီမှာ လိင်စိတ်နိုးကြတဲ့ အရေးအသားတွေနဲ့ ယိုသူမရှက် မြင်သူရှက်မို့ မဖေါ်ပြတော့ပါဘူး။

ဒါပေမယ့် ကျွန်တော့်ဘက်က ခိုင်လုံတဲ့ အထောက်အထားပြရမှာမို့ စာမျက်နှာ (စာ – ၁၁ရ မှ စာ – ၁၂ရ အထိ) မှာ မီးကုန်ယမ်းကုန်ပါပဲ။ ဒီစာအုပ်ရဲ့ ညစ်ညမ်းမှုအထွတ်အထိပ်ပါပဲ။
အောင်ရင်ငြိမ်းဟာ မိန်းမတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို အမြဲဆာလောင်မွတ်သိပ်နေတဲ့ ကြောင်တစ်ကောင်။
အင်မတန်လိင်ကိစ္စမှာ လက်ယဉ်နေတဲ့ တဏှာရူးပဲဆိုတာ အပေါ်လွင်ဆုံး အခန်းပါပဲ။
ရှေ့မှာကတည်းက ဝတ္ထုမည်ကာမတ္တဝတ္ထုလို့ ပြောထားခဲ့တယ်။ တကယ်က လိင်ဝတ္ထု၊ အပြာဝတ္ထု၊ ညစ်ညမ်းဝတ္ထု ပါပဲ။ ဒါပေမယ့် ဝတ္ထုအကြောင်း ဆက်ပြောရမယ့် ဝတ္တရား ရှိတယ်။
ဆက်ရရင် ဒီလိုနဲ့ ဒီအကြောင်းတွေ သိသွားတဲ့ သူ့ယောက်ျား ဦးအေးချမ်း နဲ့ အောင်ရင်ငြိမ်းတို့ တွေ့ဆုံခန်း။ အဲဒီမှာလည်း အောင်ရင်ငြိမ်းက သူ့အယူအဆတွေ ပြော။ ဦးအေးချမ်းကလည်း မယားခိုးမှု နဲ့ စွဲလို့ရတယ်ပေါ့။ နောက်ဆုံးတော့ အတင်းချည်း ဇာတ်ကောင်နှစ်ကောင် ပြေငြိမ်းလိုက်တယ်ပေါ့။
နောက်ပိုင်းမှာ အောင်ရင်ငြိမ်းတစ်ယောက် ဩဂတ်စ်မိုး နဲ့ ဝေးရတာမို့ လေလွင့်နေတယ်ပေါ့။
ကာမကို ဆာလောင်တတ်တဲ့ အောင်ရင်ငြိမ်းဟာ မိန်းမတွေနဲ့ ကင်းကွာပြီး မနေနိုင်တော့လို့ ကျန်တဲ့မိန်းမတွေနဲ့ အချစ်မပါပဲ လိင်ဆက်ဆံမှုတွေ လုပ်တဲ့အကြောင်းဆက်ရေးပြထားတယ်။
ဒီလိုနဲ့ သူသေခါနီးမှာ ဩဂတ်စ်မိုး ရောက်လာတာနဲ့ ဇာတ်သိမ်းထားပါတယ်။
နောက်ထပ် အရေးကြီးတဲ့ အချက်ကို ဖေါ်ပြစရာရှိပါတယ်။ အဲဒါကတော့ အောင်ရင်ငြိမ်းရဲ့ ဘာသာရေး စော်ကားမှုပဲ။ အင်မတန်မိုက်ရိုင်းတဲ့ အရေးအသားဖြစ်တယ်။
မြန်မာတစ်မျိုးသားလုံးကို စော်ကားတယ်။ ဒါကြောင့် ဒီလူဟာ မျိုးမစစ်လို့ ပြောရမယ်။

ဖတ်ကြည့်ပါ။ စာမျက်နှာ (၅၆) မှာပါတဲ့ လက်မောင်းမှာ Love and Sex ဆေးမင်ကြောင်နဲ့ နတ်ဆိုးစေတမန် ကိုးကွယ်မှု ဆိုတဲ့ ကဗျာ။ သူ့ကဗျာရဲ့ အောင်တန်းကျပုံကို ကောက်နုတ်ဖေါ်ပြလိုက်ပါတယ်။
“ရူးသွပ်နေတဲ့ ချစ်သူနှစ်ယောက်
We are 1 outsiders
လူ့အဖွဲ့အစည်းကို ဆန့်ကျင်၊
လူမှုကျင့်ဝတ်တွေဆုတ်ဖြဲ
အတိတ်ကို ပြန်မတွေးနဲ့၊
ပစ္စည်းမှာ ဒဏ်ရာတွေရှိတာ
ခဏမေ့ထား
မင်းနှုတ်ခမ်းတွေ
ခြောက်သွေ့နေရင်လည်း
နမ်းမှာပဲ
မင်းရင်သားတွေ ပျော့ပြဲနေလည်း
ဆွဲမှာပဲ
လူ့အဖြစ်ဟာ ပေါ့ပေါ့လေး၊
အလေးချိန်မရှိ၊ အနှစ်သာရမရှိ
ငရဲကို ဂရုမစိုက်နဲ့
God is Gay.
God is dead with HIV.
အခု အဲဒီငရဲကိုငြင်းဆန်၊
နတ်ဆိုးစေတန် ကိုးကွယ်စို့။

 

အဲဒီမှာ အထူးပြောချင်တာက “ဘုရားဟာ ဂေး၊ ဘုရားသခင်ဟာ HIV အေအိုင်ဒီအက်စ် နဲ့သေပြီဆိုတာတွေဟာ တော်တော့်ကို လူစိတ်ပျောက်ပြီး ရေးတဲ့ ချေးထုပ်ခနောင်းတောင် တန်ဘိုးမရှိတဲ့ ကဗျာပဲ။ အဲ…ကဗျာလို့ ဆိုရမှာတောင် သနတယ်။ ဒါ့အပြင် တချို့အခန်းတွေမှာ ဘာသာရေးတိုက်ခိုက်ချက် ပေါက်ပန်းဈေး အတွေးအခေါ်တွေက နှလုံးနာစရာ ကောင်းလှတယ်။
အောင်ရင်ငြိမ်းဟာ မိစ္ဆာဒိဌိပဲ။ ကဗျာမာရ်နတ်ပဲ။ စာပေဓမ္မ န္တရာယ်ပဲ။ သူက ဒီစာအုပ်နဲ့ သူအမြီးပြတ်တာကို လိုက်ပြပြီး ငါ့လို အမြီးဖြတ်ပါလားလို့ ပြောနေတဲ့ တိရာစ္ဆာန်ပဲ။ မြန်မာတင်မက ကမ္ဘာ့နိုင်ငံတချို့ကပါ အနှိုင်းမဲ့ ဗုဒ္ဓလို့ ယုံကြည်ကိုးကွယ်ဆည်းကပ်နေတဲ့ ဘာသာရေး ကိုင်းရှိုင်းမှုကိုပါ ငါနဲ့ကိုင်တုပ်တဲ့ အမျိုးယုတ်ပဲ။
မင်းဟာ ကဗျာဆရာမဟုတ်ဘူး။ ကဗျာရူး၊ စာရူး၊ တဏှာရူးပဲ။ မင်းလို စုန်းပြူး တစ်ကောင်ရှိနေတော့ ငါတို့ကဗျာဆရာတွေ နာမည်ပျက်တယ်။ အသရေယုတ်တဲ့ မင်းစာအုပ်ကို လက်ညောင်းခံရေးနေရတာ
ရေးချင်လို့ ရေးနေတာမဟုတ်ဘူး။ မင်းတို့လို တာဝန်မဲ့ အရေးအသားတွေကို သတိပေးဖို့ တာဝန်ရှိလို့ဟေ့။
ဒီအတိုင်းဆို စာပေလောက အတွက် ရင်မောလှတယ်။
ဖြိုးထိန်

+++++++++++++++++++++++

ကဲ။ စာအုပ်မသိခင် ဝေဖန်ချက်ဖတ်ရတာနဲ့တင် ကို မျက်လုံးပြူးစရာဖြစ်နေတယ်ဗျာ။

 

အဲ နောက်တစ်ခုက သူ့ရဲ့ “ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာ” စာအုပ်နဲ့ ပိတ်သက်လို့ စည်သူအောင်မြင့်ရဲ့ ဧရာဝတီသီတင်းမှာ ရေးထားတဲ့ သုံးသပ်ချက်လေး ပြပါမယ်။

++++++++++++++++++++++++++++++

 

အောင်ရင်ငြိမ်း အပြာဝတ္ထု ရေးသလား (စည်သူအောင်မြင် ရဲ့ အတွေးအရေး)
ပြီးခဲ့တဲ့ ရက်ပိုင်းက ဝတ္တုသစ် တအုပ်ထွက်ပြီး ဆိုင်တွေပေါ် ရောက်ပါတယ်။ ရေးသူက အောင်ရင်ငြိမ်း၊ ဝတ္တုနာမည်က “ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာ” တဲ့။ စာအုပ် မျက်နှာဖုံး အပေါ်ဘက်မှာတော့ NC 18 ဆိုပြီးလည်း ဖော်ပြထားပါတယ်။ ၁၈ နှစ်အောက် မဖတ်ရ ဆိုတာမျိုးပေါ့။ ဒီ NC 18 ဆိုတဲ့ အသုံးအနှုန်းလေးကိုတော့ ဒီဂျစ်တယ် ဓာတ်ပြားစနစ်တွေ မပေါ်ခင် အရင် ဗီဒီယို ခွေငှားတဲ့ ခေတ်က အပြာကားတွေ (တရားမဝင် လိင်ဆက်ဆံမှု ခွေတွေ) ကို ခေါ်ဝေါ်ခဲ့ဖူးပါတယ်။ နောက်စာလုံးတလုံးက Not For Conservatives ပါတဲ့၊ အယူအဆ အဟောင်းသမားတွေအတွက် မဟုတ်ဘူးပေါ့ဗျာ။ အင်း … အမှာစာ ရေးပေးသူတွေကလည်း နှယ်နှယ်ရရတွေ မဟုတ်ပါဘူး။ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး နဲ့ နိုင်ငံတကာ ရေးရာတွေကို ဘာသာပြန်လေ့ရှိတဲ့ စာရေးဆရာ “မင်းခက်ရဲ” နဲ့ စာရေးဆရာ “မလေး” ပါ။ ဒီ စာအုပ်အကြောင်း ဘာလို့ ပြောပြချင်တာလဲ။ စာအုပ်ဝေဖန်ရေး ရေးမလို့လား။ စာအုပ် ကြော်ငြာ လုပ်မလို့လား။ မဟုတ်ပါဘူး။ စာနယ်ဇင်း လွတ်လပ်ခွင့် ရလာတဲ့ သက်တန်း ၂ နှစ်တာ ကာလအတွင်း ရေးသားဖော်ပြလာမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမလို့ပါ။ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်နဲ့ လူ့အဖွဲ့အစည်း အဆက်အစပ်အကြောင်း ဆွေးနွေးမလို့ပါ။ အပြာ (အပြာဆန်ဆန်မဟုတ်) ဒါမှမဟုတ် ညစ်ညမ်းတယ်လို့ လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ ရုပ်ပုံတွေ၊ စာသားတွေကို ပုံနှိပ်ထုတ်ဝေခွင့် ပြုသင့်နေပြီလား စတာတွေ ဆွေးနွေးသွားဖို့ပါ။

ဝတ္တုဆိုတော့ ဒြပ်မဲ့ ဝတ္တုတော့ မဟုတ်ပါဘူး။ ဇာတ်ကောင် ရှိသလို ဇာတ်လမ်းလည်း ရှိပါတယ်။ ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်က ရိုမန်းဘော့ထ် လို့ခေါ်တဲ့ လူတပိုင်း စက်တပိုင်း လူ၊ သူ့ ပတ်ဝန်းကျင်ကတော့ သူ့ကို လူအဖြစ်ပဲ သတ်မှတ်ထားတဲ့ သဘော။ မိန်းမရဖူးတယ်၊ ကလေးရဖူးပြီး ကွဲနေတဲ့သူ၊ မိန်းမတွေ တစ်ယောက်ပြီး တစ်ယောက်နဲ့ လိုက်လံ အိပ်စက် လိင် ဆက်ဆံနေတဲ့သူ။ အဲဒီအထဲမှာ ရိုးရိုး အမျိုးသမီးတွေ ပါသလို ၁ရ နှစ်အရွယ်၊ အရွယ်မရောက်သေးသူလည်း ပါ၊ အသက်ကြီးကြီး ယောက်ျား နဲ့ ကလေးတွေ ရထားတဲ့ အိမ်ထောင်သည် အမျိုးသမီးနဲ့လည်း အိပ်ရဲ့။ အဲ… အိပ်တဲ့အခန်း၊ ဆောရီး သူကတော့ လိင်ဆက်ဆံတဲ့ အခန်းလို့ပဲ ရှင်းရှင်းခေါ်တယ်။ အဲဒီအခန်းတွေကို အသေအချာ ရေးပြထားလေရဲ့။ နောက်ပြီး ကာမပိုင်ရှိတဲ့ မိန်းမနဲ့ တိတ်တဆိတ် လိင်ဆက်ဆံကြတာဟာ အမှားကျူးလွန်တာ မဟုတ်ဘူးဆိုတာမျိုးလည်း အသေအချာ တရားဟောထားလေရဲ့။ နောက်ဆုံး နိဂုံးကျမှသာ တန်ဘိုးအဟောင်းတွေ အတွေးအခေါ် အဟောင်းတွေ ပြိုကျပြီး တန်ဘိုးသစ် အတွေးအမြင်သစ်တွေ ပြောင်းလဲမှုတွေကို မြင်တွေ့ရမယ် ဘာညာ သာရကာ နိဂုံးချုပ်ထားလေရဲ့။

ဒီနေရာမှာ ဝတ္တုကို တန်ဆာဆင်ထားတဲ့ ရိုမန်းဘော့ထ် ရဲ့ လိင်ဆက်ဆံပုံအကြောင်း ဖော်ပြထားတာတွေကို ထုတ်နှုတ် ကိုးကားရင် ကောင်းမလား မကောင်းဘူးလား စဉ်းစားရပါတယ်။ အစောဆုံး ဖေ့ဘုတ် စာမျက်နှာတင်သူ တယောက်ကတော့ မျက်နှာဖုံး နှစ်ခုကိုပဲ တင်ပြီး ဝေဖန်ပါတယ်။ အတွင်းက စာသားတွေ ဖော်ပြရင် သူ့ဝေါ ညစ်ညမ်းမှာ စိုးလို့တဲ့။ ဒါပေမယ့် ဝေဖန်ဆွေးနွေးသူတွေကလည်း မနည်းပါဘူး။ ဆွေးနွေးကြပါတယ်။ အမေရိကား ရောက်နေတဲ့ ဒါရိုက်တာ ချိုတူးဇော် တို့တောင် ပါလိုက်သေးရဲ့။ ခက်တာက သူတို့တွေက ဒီ ဝတ္တုထဲမှာ ဘယ်လို ရေးသားဖော်ပြထားမှန်း မသိကြဘူး။ ကျွန်တော်ကတော့ အသက် ၅ဝ အရွယ်ရှိပြီ။ ကျနော့်တသက် တရားဝင် ပုံနှိပ်ဖော်ပြတဲ့ စာအုပ်စာတန်းတွေမှာ တကြိမ်မှ မတွေ့ဘူးတဲ့ အရေးအသားတွေ ဖော်ပြထားတယ်ဆိုတာ သိစေချင်တဲ့အတွက် ဘာပဲပြောပြော နမူနာ တချို့ ထုတ်နှုတ်ဖော်ပြပါမယ်။

“ သူ့ပေါင်နှစ်ဖက်ကြားထဲ ခေါင်းဝင်ပြီး ပစ္စည်းကို လျှာနဲ့ နမ်းဖို့ ဟန်ပြင်လိုက်တော့ ဘာမှမလုပ်ရသေးပဲ အရည်တွေ စိုရွှဲနေတာ တွေ့ရတယ်၊ သူ လိင်စိတ် နိုးကြားပြင်းထန်နေတဲ့ သဘောပါပဲ။ လျှာနဲ့ စ နမ်းလိုက်တဲ့ အချိန်မှာ သူ့ကိုယ်လုံးလေး တစ်ချက် တွန့်သွားပြီး အနမ်းခံရတဲ့ အရသာကို ခါးကော့ ခံစားနေပါတယ်။”

“ သူ့ရင်သားနှစ်ဖက်ကို လက်နဲ့ ဆုတ်ကိုင်ပြီး ကျွန်တော့်ပစ္စည်းကို သူ့ပစ္စည်းထဲ ထိုးသွင်းလိုက်တဲ့ အချိန်မှာ သူ့ပေါင်တံ နှစ်ဖက်ကားလို့ ကျွန်တော့လက်တွေကို ဆုပ်ကိုင်ထားပါတယ်။” (စာ- ၃၈)

“ အိပ်ယာပေါ်က ခေါင်းထောင်ထ၊ လက်ချောင်းတွေနဲ့ ကျွန်တော့်ပါးနှစ်ဖက်ကို ကိုင်ပြီး ကိုယ်ခန္ဓာကို သူ့ဆီ အတင်းဆွဲယူနေတယ်။ ကျွန်တော့်ပစ္စည်းကို ကြည့်လိုက်တော့ ငနဲက အကြောပြိုင်းပြိုင်းထ ထောင်မတ်လို့၊ ဒူးထောင်ကားထားတဲ့ သူ့ပေါင်တံ နှစ်ဖက်ကို အလိုက်သင့် တွန်းတင်ပြီး သူ့ပစ္စည်းထဲ ကျွန်တော့်ပစ္စည်း ထိုးသွင်းဖို့ ဟန်ပြင်လိုက်တယ်။” (စာ- ၆၃)

“ သူက လိင်မဆက်ဆံဖြစ်တာ ၄ နှစ်ကျော် ကြာမြင့်နေလို့ ထင်ပါရဲ့။ သူ့ပစ္စည်းက တကယ့် ဆယ်ကျော်သက် အပျိုစင်လို ပြန်ဖြစ်နေပြီး ကျွန်တော့်ပစ္စည်းက သူ့အထဲမှာ ပြည့်ကျပ် ညှပ်နေတယ်လို့ ထင်မိတယ်။ သူကလည်း ဘဝမှာ မေ့လျော့ထားရတဲ့ လိင်အရသာကို အပြည့်အဝ ခံစားလို့။” (စာ- ၁၃၇)

 

အင်း … တော်လောက်ပြီထင်တယ်။ စာအုပ်ထဲမှာ ဒီထက် ပိုများပါတယ်။ အမယ် … အဲလို စာသားတွေကို ဒေါက်တာချက်ကြီး ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ဇာတ်လမ်းတွေလို သာမာန်ကာလျှံကာ ထည့်သွင်းထားတာမျိုးတော့ မဟုတ်ပါဘူး။ ဘာထရန် ရပ်ဆဲလ်၊ ဆီမွန်ဒီဗူးဗွား၊ အိုရှိုး၊ မိုက်ကယ်ဖူကိုး စတဲ့ ကမ္ဘာ့ ဒိတ်ဒိတ်ကြဲ ဒဿန ပညာရှင်တွေရဲ့ ဘာသာပြန် စာလုံး စာပိုဒ်တွေနဲ့ တအုပ်လုံး မွန်းမံ ချယ်မှုန်းထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ စစ်အာဏာရှင်တွေလက်အောက် နှစ်ပေါင်း ၆ဝ နီးပါး နေခဲ့ရပါတယ်။ လွတ်လပ်မှု မှန်သမျှ နင်းခြေ ခံခဲ့ရပါတယ်။ အခု အစိုးရသစ် သက်တန်း ၃ နှစ်တာ ကာလ အတွင်းမှာလည်း လူ့အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေး မရကြသေးပါဘူး။ အာဏာအရပ်ရပ်ကို စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေက မြဲမြဲမြံမြံ ချုပ်ကိုင်ထားမြဲ ရှိပါသေးတယ်။ ဒီကြားထဲ ပြီးခဲ့တဲ့ ၂ နှစ်ကမှ စာနယ်ဇင်း လွတ်လပ်ခွင့် ရလာတာပါ။ စာနယ်ဇင်း လွတ်လပ်ခွင့် ရလာတာနဲ့ အမျှ အရေးအသား ပေါင်းစုံ ပေါ်ထွက်လာခဲ့တာမှာ အခု ဖော်ပြပါ ဝတ္တုကလည်း တအုပ် အပါအဝင်ပါ။

ကောင်းပါပြီ။ ဒါဟာ အနုပညာနဲ့ ဖော်ကျူးတဲ့ ဝတ္တု တစ်ပုဒ်လား။ လိင်ကိစ္စ ဆိုတာကတော့ တကယ့် လူ့ဘဝ ထဲမှာ ရှိနေလေတော့ ဒါကို တနည်းနည်းနဲ့ ရေးသား ဖော်ပြကြတာပါပဲ။ နိုင်ငံတကာမှာ ရှိခဲ့သလို မြန်မာ ဝတ္တုတွေမှာလည်း ရှိခဲ့တာပါပဲ။ စာရေးဆရာကြီး သိန်းဖေမြင့်ရဲ့ အရှေ့က နေဝန်းထွက်သည့်ပမာ လို ဂန္ထဝင်မြောက် အထင်ကရ ဝတ္တုကြီးမှာလည်း ပါတာပါပဲ။ ဒါပေမယ့် ဒီလို ဖော်ပြတာမျိုးတော့ မဟုတ်ပါဘူး။ ဆုံးပါးသွားပြီဖြစ်တဲ့ စာရေးဆရာကြီး နတ်နွယ်ကလည်း “တံခွန်တိုင်မောင်နှမများ” ရာဇဝင် ဝတ္တုမှာလည်း ဒီလို ဇာတ်ဝင်ခန်း ပါတာပါပဲ။ ဒါပေမယ့် “ ဇီးဖြူသီး စကောထဲ လှိမ့်သလို၊ လမ်းကြမ်းကြမ်းမှာ လှည်းစီးရသလို” ဆိုတာမျိုးလောက်ပဲ ရေးခဲ့ပါတယ်။ ဒါတောင် ညစ်ညမ်းတယ် ဆိုပြီး အပြင်းအထန် ဝေဖန်လို့ ဆရာနတ်နွယ် စိတ်ဆိုးခဲ့ပါသေးတယ်။ ပြင်သစ်မှာလည်း “လေဒီချက်တာလီရဲ့ ချစ်သူ” မှာလည်း အဲလို အခန်းမျိုး ပါတာပါပဲ။ အဲဒီအတွက် ကာလတခု ပိတ်ပင်တာတောင် ခံခဲ့ရပါတယ်။ ဒါပေမယ့် အခု ဝတ္တုမှာ ရေးသလိုမျိုး မဟုတ်ပါဘူး။

အဲတော့ ဒီစာအုပ်ကို ဘယ်ခြင်းတောင်းထဲ ထည့်ရမှာပါလဲ။ အနုပညာနဲ့ ဖန်တီးတဲ့ ဝတ္တုစာရင်းထဲ ထည့်ရင်တော့ တကယ့် ရသဝတ္တုရေးဆရာတွေ လက်ခံကြမှာ မဟုတ်ပါဘူး။ အဘိဓမ္မာ စာအုပ်ထဲ ထည့်ရလောက်အောင်လဲ ဘာ အသစ်မှ မတွေ့ရပါဘူး။ ဆေးပညာ စာ အုပ်ထဲလည်း ထည့်လို့ မရပါဘူး။ ပြောရရင် နိုင်ငံမှာ မုဒိန်းမှု ဖြစ်ပွားမှုနှုန်း မြင့်တက်နေချိန်၊ အဲဒီအထဲကမှ လူမဆန်တဲ့ သက်ငယ် မုဒိန်း အမှုတွေက ရာခိုင်နှုန်း အချိုးအစား အများကြီး ပါဝင်နေချိန် ပြည်သူတွေ ပူပန်သောက ရောက်နေချိန် ဒီ ဝတ္တု ထုတ်ဝေလာတာပါ။

ဒီလို ညစ်ညမ်းတာမျိုးတွေ ဖေ့ဘုတ်လို၊ အင်တာနက် ဝက်ဘ် ဆိုက်လိုမျိုးတွေမှာ လွယ်လွယ်ကူကူ ရှာဖတ်နိုင်တာပဲ။ ဓာတ်ပြားတွေလည်း အောလပုံ ဝယ်လို့ ရနိုင်တာပဲ မဟုတ်ဘူးလား။ ဘာများ ထိန်းချုပ်ချင်သလဲ မေးခွန်းမေးနိုင်ပါတယ်။ ဟုတ်ပါတယ်။ ညစ်ညမ်းမှုတွေဟာ သူ့နေရာနဲ့ သူ ရှိနေကြပါတယ်။ ဒါပေမယ့် ဘယ်တိုင်းပြည်မှာမှ အိမ်ဦးခန်း ထားလေ့မရှိပါဘူး။ လွတ်လပ်စွာ ရေးသားခွင့် လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို လုံးဝ မပိတ်ပင်လိုပါဘူး။ လွတ်လပ်စွာ ရေးသားပါ။ ပြီးရင် လွတ်လပ်စွာ ဝေဖန်တာကိုလည်း ခံယူရပါမယ်။ ဒီနေရာမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကြောင့် အမုန်းတရားတွေပွားပြီး လူမျိုးတုန်း သတ်ကြ ဖြတ်ကြတဲ့ အဖြစ်မျိုး ရောက်သွားမှာမျိုးကို ဝေဖန် တားဆီးရမှာ ဖြစ်သလို လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ ကျင့်ဝတ်တန်ဘိုး ပျက်စီးအောင်၊ ရာဇဝတ်မှု ကျူးလွန်မှုကို အားပေးသလို ဖြစ်လာမှာမျိုးတွေကိုတော့ ဝေဖန်ရပါမယ်။ လိုအပ်ရင် တားဆီးရပါမယ်။

အရေးကြီးဆုံး အချက်က ဒီနိုင်ငံဟာ အရင် စစ်အာဏာရှင်တွေက ဖျက်ဆီးထားခဲ့လို့၊ ပညာရေးဟာ ဟိုးချောက်ထဲအထိ နိမ့်ကျ နေတဲ့ နိုင်ငံတနိုင်ငံပါ။ အဲလို အခြေအနေအောက်က ပြည်သူတွေကို ဘာလွတ်လပ်မှု၊ ညာလွတ်လပ်မှု ဆိုပြီး ခုလို ဝတ္တုတစ်အုပ် ထည့်ပေးတာကတော့ မသင့်တော်ပါဘူး။ စာအုပ်ရောင်းကောင်းချင်လို့၊ ညှို့မဂ္ဂဇင်းတုန်းကလို ငွေကြေး အမြတ်အစွန်းရချင်လို့ ဆိုရင်တော့ ခင်ဗျားတို့ သဘောပါပဲ။

ညစ်ညမ်းတဲ့ အကြောင်းပြောလို့ ညစ်ညမ်းတဲ့ အပြာကားတကား နဲ့ပဲ နိဂုံးချုပ်ပါမယ်။ နိုင်ငံခြား အပြာ ဗီဒီယို ဇတ်ကား တစ်ခုပါ။ ဇတ်လမ်းအစမှာ လူတစ်ယောက်ဟာ အမျိုးသမီး နှစ်ယောက်ကို မြေတိုက်ထဲ ဖမ်းခေါ်လာပါတယ်။ နောက် … အဲဒီ မြေတိုက်ထဲမှာ ချုပ်နှောင်ထားပြီး အမျိုးမျိုး ပြုကျင့်ပါတယ်။ တကားလုံး အဲဒီ အခန်းပါပဲ။ ဇာတ်လမ်းပြီးခါနီးမှာ ရဲက မြေတိုက်ထဲ ထိုးဖောက်ဝင်ရောက်ပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းပါတယ်။ ပြီးတော့ စာတန်းထိုးပါတယ်။ ရာဇဝတ်ဘေး ပြေးမလွတ် တဲ့။ အခု အောင်ရင်ငြိမ်းရဲ့ ဝတ္တုဟာလည်း အဲဒီ ဗီဒီယို ဇာတ်ကားလို ဖြစ်လေမလားပဲ။ ကျနော် ကွန်ဆာဗေးတစ် မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီ ဝတ္တုကို အဲလိုပဲ မြင်ပါတယ်။ ဟော … ပြောရင်းဆိုရင်း ဒီဆောင်းပါးတောင် ညစ်ညမ်းဆောင်းပါး ဖြစ်မှန်းမသိ ဖြစ်သွားလေပြီလား မပြောတတ်တော့ပါဘူး။

(စည်သူအောင်မြင့်သည် ရန်ကုန် အခြေစိုက် သတင်းစာဆရာ တဦးဖြစ်သည်။ လတ်တလော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အဖြစ်အပျက်များ အပေါ် ဝေဖန် သုံးသပ်ချက် ဆောင်းပါးများကို သတင်းစာ၊ ဂျာနယ်များတွင် ရေးသားလျက် ရှိသည်။)

+++++++++++++++++

ကိုင်းးး၊ အဲဒါတွေသာဖတ်ကြည့်။ ဒါတောင် ဖွဘုတ်ပေါ်မှာ ဟိုလူက နည်းနည်းပြော ဒီ လူကနည်းနည်းပြောနဲ့ သူတို့ အချင်းချင်း ဖိုက်ကြတာတွေ မပါနိုင်တော့ဘူးးး

ဒါရိုက်တာ ချိုတူးဇော် ပြောထားတာလေးတော့ ဆွဲထည့်ချင်သားဗျ။

“မကြိုက်ရင် မဖတ်နဲ့ပေါ့. . .”

ကျနော့်ကွန်မန့်တွေမှာ အမြဲ ဒီလိုရေးသင့်တယ်၊ ဒီလို မရေးသင့်ဘူး လာလာ မန့်သမျှ လူတွေကို ကျနော်က “မကြိုက်ရင် မဖတ်နဲ့ပေါ့” လို့ ပြန်ပြောတာ၊ “ဘု တော” တာ မဟုတ်ဘူး။ ခင်ဗျားတို့ရဲ့ ပိတ်ဆို့နေတဲ့ မဆလမှိုင်းကြီးတွေကို ဖွင့်ပေးတာ။ ရွေးချယ်ပိုင်ခွင့်ဆိုတာ လွတ်လပ်မှု ရှိမှ ရတယ်။

ခင်ဗျားတို့ အသိဉာဏ်က လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် ဆိုတဲ့ ဒီမိုကရေစီယဉ်ကျေးမှု ကို မမီ ရင်တော့ အာဏာရှင်က ပြုံးပြုံးကြိီး ခင်ဗျားတို့ တုံးမှု ကို အသုံးချသွားပါလိမ့်မယ်။

သူ့စာ ကို မကြိုက်ရင် မဖတ်နဲ့။
မကောင်းကြောင်း၊ အဆင့်အတန်းမရှိကြောင်း၊ မြင်တယ် ထင်တယ် ဆိုရင်လဲ လွတ်လပ်စွာ ချက်နဲ့၊ လက်နဲ့ ဝေဖန်၊
အဲဒီလို စာ ကို ရေးရမလား လို့ ရှုတ်ချ ကန့်ကွက်ဆန္ဒပြချင်သပ ဆိုလဲ ပြ၊
တစုံတခု တသင်းတဖွဲ့ကို ထိခိုက်ပုတ်ခတ်၊ အကျိုးစီးပွားပျက်စီးစေတယ် လို့ ဥပဒေကြောင်း အရ ခိုင်လုံရင် ဥပဒေနဲ့ တရားစွဲဆို လို့ ရသေးတယ်။
အဲဒါတွေအားလုံးက ခင်ဗျား ရဲ့ လွတ်လပ်ခွင့်။

ဒါပေမဲ့
သူ့ရဲ့ လွတ်လပ်စွာရေးသားထုတ်ဝေခွင့်ကိုတော့ ချုပ်ချယ် ကန့်သတ်ဖို့ မကြိုးစားပါနဲ့။
အဲဒါ ဒီမိုကရေစီယဉ်ကျေးမှု ပါပဲ။

ချိုတူးဇော်

တချိန်က အမေရိကန် USIS က ထုတ်ခဲ့တဲ့ “ခြံစည်းရိုးအတွင်းက လူ” ကို ပြန်ထုတ်ဝေ၊
လူတွေကြား ပြန်ပြန့်နှံ့အောင် နီးစပ်သူတို့ အားထုတ်ကြစေချင်တယ်။ အဲဒီ စာအုပ်က ဒီမိုကရေစီယဉ်ကျေးမှု ကို အတော်လေး ကို လူတိုင်း နားလည်လွယ်အောင် ဥပမာကောင်းလေးတွေနဲ့
ဖေါ်ပြထားတာပါ။

++++++++

“ယင်ကောင်လား
ပျား လား.. .”

ယင်ကောင်တွေက အညှိီ ကို ရှာတယ်
ပျားတွေက ပန်းရနံ့နောက်ကို လိုက်တယ်. . .

ယင်ကောင်တွေက ရောဂါဘယ ကိုပဲ ပေးတယ်။
ပျားတွေက ချိုမြိန်သော ဆေးဘက်ဝင်သော ပျားရည်ကို ထုတ်လုပ်တယ်။

သင့်ဘဝ ယင်ကောင် အဖြစ်မခံပါနဲ့။
ပျား ဖြစ်အောင် သာ ကြိုးစားပါ။

သွားပုပ်လေလွင့်မှာ သာယာပြီး၊ အတင်းအဖျင်းနဲ့ အချိန်ကုန်၊ အညှီအဟောက်ကိုပဲ
စိတ်ဝင်စားရင် သင်ဟာ ယင်ကောင် ဘဝ နဲ့ ပြီးသွားလိမ့်မယ်။ ရောဂါတွေနဲ့ တူတဲ့ အကုသိုလ်
တွေ ကိုသာ လူ့လောက မှာ သင်ဖြန့်ဝေနေတယ်။

ပျားတွေလို မွှေးရနံ့သင်းရာ ပန်းတွေနဲ့ တူတဲ့ ကောင်းမှုကုသိုလ်နဲ့ ပညာဗဟုသုတတိုးပွားရာမှာဘဲ ကျက်စားပါ။
အဲဒီ ပညာဗဟုသုတတွေကို ဆောင်ကြဉ်းပြီး၊ ပျားရည်နဲ့ တူတဲ့ ကုသိုလ်အလုပ်တွေ၊
ကောင်းမြတ်သော အလုပ်တွေ ကိုသာ လောက အတွက် ဖြန့်ဝေပါ။

လူပြောများတဲ့ လိင်ဆက်ဆံမှုတွေကို အသေးစိတ်နီးပါး ရေးဖွဲ့ထားတဲ့
စာရေးဆရာတယောက်ရဲ့ စာအုပ်ဟာ အညှီ ဆိုပါတော့၊ ယင်ကောင်တို့ အညှီ မှာ အုံဖွဲ့ တဝီဝီ နဲ့ အချိန်ကုန်သလို အကုန်မခံပါနဲ့။

ကျနော့်ကို ညီမငယ် တဦး တမျက်နှာစ နှစ်မျက်နှာစ ပို့ပေးလို့ ဖတ်ရ၊ ဒါဟာ ကျနော်ဖတ်ချင်တဲ့ စာအုပ်မျိုး မဟုတ်တဲ့အတွက် ဖတ်ရန် အားထုတ်စရာ မရှိ၊ ဖတ်လဲ မဖတ်လို။ ရေးတာကတော့သူသန်ရာ သူ ရေးတာ၊ သူ့လွတ်လပ်ခွင့်။
မဖတ်တာက ကိုယ့်အဆင့်အတန်း။ (ကိုယ်က နိ်မ့်တာလဲ ဖြစ်နိုင်ပါသကို)

ကျနော့်မှာ ဟောဒီ အင်တာနက်ပေါ်က ဖတ်စရာတွေ မှ အများကြီး။
သန်ရာ သန်ရာ ရေးသူတို့ထံမှ သန်ရာ သန်ရာ ဖတ်ပါလေ။

သင်္ကန်းမှ အားမနာ ထိုသော စာအုပ်ကို ဖတ်ပြီး၊ ဝေဖန်ဆွေးနွေးနေသော ရဟန်းပျို တို့၊
ဆင်ခြင် ရှက်ရွံ့စေ။

ကိုယ့်အလုပ်ကိုယ်လုပ်
တကုပ်ကုပ်။
ပျား သာ ဖြစ်စေ၊
ယင်ကောင် တွေ ထဲ
မပါလေ နှင့်။

ချိုတူးဇော်

++++++++++++++

ကဲ။ ဒီနောက်ကတော့ ကျနော်တို့ စာကြမ်းပိုး အဖွဲ့ရဲ့ ထင်မြင်ချက်လေးတွေနဲ့ အဆုံးသတ်ချင်ပါတယ်။

စာကြမ်းပိုး (၁) –
ဆိုတော့ ကျွန်တော်တို့ ဦးတည်ဆွေးနွေးကြတာက အောင်ရင်ငြိမ်း တစ်ယောက်တည်းကို ရည်ရွယ်တာမျိုးမဟုတ်ပဲ မြန်မာစာပေလောကမှာ ဒီလိုအပြာစာပေပေါ်ပေါက်လာပြီ ဆိုတာ အသိအမှတ်ပြုပြီး ဘယ်လို ပြင်ဆင်သင့်တယ် ဆိုတဲ့ အတွေးမျိုးတွေပေါ့…။ အဲဒါ က အဓိက ရည်ရွယ်ချက်ပါ။ အောင်ရင်ငြိမ်းနောက်မှာထပ်ထွက်လာမယ့် အပြာဝတ္ထုတွေက တန်းစီနေကြပါပြီ။ တိုးတက်မှုနဲ့ အတူ ကပ်ပါလာတတ်တဲ့ ဆုတ်ယုတ်မှု တစ်ခုလို့ ကျွန်တော်က ယူဆပါတယ်။ ဆုတ်ယုတ်မှု မလိုချင်ရင် တိုးတက်မှုကိုလည်း မမက်ကြနဲ့ပေါ့ဗျာ။ စာပေစိစစ်ရေးမရှိတော့တဲ့ အချိန်မှာ ချက်ခြင်းဆိုသလိုပဲ လိင်ပညာပေးမဂ္ဂဇင်း တစ်အုပ် ပေါ်ထွက်လာခဲ့တာ မှတ်မိပါသေးတယ်။ နောက်…ဘယ်လို ကိုင်တွယ်လိုက်သလဲမသိ…။ အဲဒီမဂ္ဂဇင်း ထပ်ထွက်မလာတော့ပါဘူး။ အခု အောင်ရင်ငြိမ်း ရဲ့ အပြာဆန်ဆန် ဝတ္ထု။ ပထမတစ်အုပ်ထွက်ခဲ့ပြီးပြီ။ ဆရာဖြိုးထိန်တို့လည်း ဝေဖန်ဆွေးနွေးခဲ့ကြပြီးပြီ။ အခု နောက်တစ်အုပ် ထပ်ထွက်လာတော့မှ အသံတွေ ပိုကျယ်လာတာခင်ဗျ။ ကျွန်တော့်အထင်ပြောရရင် ဒါမျိုး ဝတ္ထုတွေ ထပ်ထွက်လာပါလိမ့်ဦးမယ်။ ဒါ ဆူနာမီ နဲ့ တူတဲ့ လှိုင်းကြီးတွေပါ။ ဆိုတော့ ဆူနာမီလို လှိုင်းတွေကို ရင်ဆိုင်အံတု ဖို့ ကျွန်တော်တို့ ပြင်ဆင်ကြရမှာပါ။ အခုက စာပေစိစစ်ရေး ရုတ်တရက်ပျောက်သွားတဲ့ အချိန်မှာ အပြာစာပေ ဆူနာမီကြီးက ကျွန်တော်တို့ ကလေးတွေကို ပြင်ဆင်ချိန်မပေးပဲ ဖုံးလွှမ်းသွားတဲ့ သဘောပါ။ ပြင်ဆင်ချိန် လုံးဝမရှိလိုက်တဲ့ သဘောပါ။ ဆိုတော့ ကျွန်တော်တို့ ကလေးတွေကို ပညာပေးရပါတော့မယ်။ နောက် စာအုပ်တွေမှာ Rating သတ်မှတ်တာတွေ ထင်ထင်ရှားရှားလုပ်ဖို့လိုပါမယ်။ မုဒိမ်းမှု ပေါများလှတဲ့ အချိန်မျိုးမှာ ဒီလို အပြာဝတ္ထုတွေကို စာအုပ်အငှားဆိုင်တွေ မှာ ပေါ်ပေါ်ထင်ထင် တင်ငှားနေကြတာမျိုးကို ကျွန်တော် အလိုမရှိပါဘူး။ အငှားဆိုင်တွေပေါ်တင်တာကိုလည်း ကန့်သတ်ထားသင့်ပါတယ်။ စီးတီးမတ်လို ဆိုင်မျိုးတွေကရော ဒီလိုစာအုပ်တွေကို ဂုဏ်ယူဝင့်ကြွားစွာ တင်ရောင်းကြမယ် မထင်မိပါဘူး။ အရင်ကလည်း မြန်မာ အပြာစာအုပ်တွေ ရှိခဲ့တာပါပဲ။ အွန်လိုင်းမှာလည်း အလွယ်တကူ ဒေါင်းလုဒ်ဆွဲ ဖတ်နိုင်နေတာပါပဲ။ ဒါပေမယ့် အခုပေါ်လာတဲ့ အချစ်ဝတ္ထုပုံဖမ်းထားတဲ့ အပြာရောင်စာပေ ကိစ္စကို ရင်ဆိုင်ဖို့ကျတော့ ကျွန်တော်တို့ ကြိုတင်ပြင်ဆင်မှု မရှိပဲ ရင်မဆိုင်သင့်ပါဘူး။ ဘာတွေ ပြင်ဆင်ကြမလဲ။ ဆွေးနွေးကြတာပေါ့…။

စာကြမ်းပိုး (၂) –
ခက်တော့ ခက်သားကလားးး
သုံးသပ်ချက်မျိုးစုံကို အရင်ဖတ်မိတာဗျ။ စာအုပ်က နောက်မှ။
ကျနော့ တယောက်တည်း အမြင်ပြောရရင်တော့
အရင် ခိုးကြောင်ခိုးဝှက် ဖတ်ခဲ့ရတဲ့ စာအုပ် ပေါ်တင်ဖြစ်လာတယ် ဆိုတာ တစ်ချက်။
အဲဒီလို စာအုပ်ကို တရားဝင်ခွင့်ပြုရလောက်အောင် ဘာတွေဖြစ်သွားပြီလည်း ဆိုတာ တစ်ချက် ။
(သူတို့ အကြောင်းဖော်တဲ့ စာအုပ်က လွဲရင် ခွင့်ပြုလိုက်ပြီလားတော့ မသိ။ဘာလို့ ဆို ဒီ မနက်ပဲ ကိုမိုးဇေငြိမ်းရဲ့ “ဘာလဲဟဲ့ စွမ်းအားရှင် စာအုပ်ကို ခေါ်မေးပြီး ထုတ်ဝေခွင့် ပိတ်ထားတယ် ကြားတယ်ဗျ)
နောက်တော့ ဒီ စာအုပ်ကို တရားဝင်ပေးဖတ်နိုင်ရလောက်အောင် ကျနော်တို့ နိုင်ငံက ၁၈ နှစ် အထက်တွေ အတွေးအခေါ်တွေ ရင့်ကျက်နေပြီလား ဆိုတာ တစ်ချက်။
နောက်ပြီး ငါးပွက်ရာ ငါးစာချတတ်တဲ့ ကျနော်တို့ နိုင်ငံ အသိုင်းအဝိုင်းအရ ဒီ စာအုပ်ပေါက်ပြီးရင် ဒါမျိုးတွေ နောက်က အများကြီးလိုက်မှာဆိုတာ တစ်ချက်။
နောက်ပြီး ပညာပေး အမည်ခံပြီး ဒါမျိုး များများထွက်လာရင် ဆေးကျောင်းမှာ သင်တဲ့ အနတ်တမီ ဘာသာကြီးနောက်ကောက်ကျဖို့ရှိတယ်ဗျ။
ဟားဟားဟားးး
အဲဒီ ယေဘူယျ အချက်တွေနဲ့ပြောရရင်ကျနော်က တော့ သဘောမကျဘူးဗျာ။

စာကြမ်းပိုး (၃) –
၁ ။ လိင်ကိစ္စကို ပျစ်ပျစ်နှစ်နှစ်ရေးပြထားတဲ့ စာအုပ်တွေကို ဖတ်တဲ့လူတစ်စု ရှိနေတာတော့ ဟုတ်ပါတယ်။
ဒါပေမယ့် အဲဒီလူတစ်စုကို ”စာဖတ်သူ”ဆိုတဲ့ အထွေထွေ
စာဖတ်ပရိတ်သတ်ကြီး စာရင်းထဲ မသွင်းသင့်ပါဘူးလို့ ယူဆပါတယ်။
မောင်နှင့်နှမ/သားနဲ့အမိ အတူဖတ်လို့ . . . မသင့်တော်တဲ့ စာမျိုးကိုမှ ဖတ်ချင်လှပါရဲ့ဆိုသူတွေအတွက်စာပေအနုပညာသမားစာရင်းထဲမဝင်တဲ့ ဘာညာစာအုပ် (အပြာစာအုပ်) ရေးသူတွေ ရှိတာလည်း ဟုတ်ပါတယ်။
အဲ့ဒီ ညစ်ညမ်းစွာ ရေးသူ/ညစ်ညမ်းစွာဖတ်သူတွေဟာ တိုးတိုးတိတ်တိတ် ညစ်ညမ်းစွာရှိနေကြတာ ကြာပါပြီ။
ဖတ်တဲ့သူတွေလည်း ဖတ်ကြ ။ ရေး ထုတ် ရောင်းသူတွေလည်း ရောင်းကြနဲ့ပေါ့ ။
ဒီအခြေအနေဟာ ဒီနိုင်ငံမှာ ပေါ်တင် အနေအထားနဲ့ မရှိခဲ့ပါဘူး။
စာဖတ်သူစာရင်း/ရသ&သုတ စာပေချစ်သူစာရင်းထဲ မသွင်းထိုက်တဲ့ ညစ်ညမ်းစာပေဖတ်သူတွေဖတ်ဖို့လောက်နဲ့. . . လိင်အသားပေးစာအုပ်တစ်အုပ်ကို တရားဝင်ထုတ်ဝေလိုက်တာဟာ
ကျန်တဲ့ အထွေထွေစာချစ်သူ စာဖတ်ပရိတ်သတ်ကြီးကို စော်ကားရာတောင် ရောက်သလားလို့ ။
( မဖတ်ချင်သူ မဖတ်နဲ့ပေါ့လို့ လွယ်လွယ် ဆိုရင် ရပေမယ့် ဒီလိုစာအုပ်မျိုးကို စာပေလောကရဲ့ စာအုပ်စင်ပေါ်မှာ မြင်နေရတာကိုက ”စာပေရွာ” နာ ပါတယ် ။ )

၂။ ဒီစာအုပ်ဟာ ရသ/သုတချစ်သော စာချစ်သူ / တကယ့်စာဖတ်သူတွေအတွက် နှစ်သက်မြတ်နိုးစရာမဟုတ်ဘူးလို့ . . .ကျနော်တို့ကတော့. . .ယူဆပါတယ်။
ဒီလို စာအုပ်မျိုးဟာ ညစ်ညမ်းစာဖတ်သူတွေအတွက်သာ အားရကျေနပ်လောက်တဲ့ စာအုပ်မျိုးမို့ ပန်းဆိုးတန်းမှာ ခိုးကြောင်ခိုးဝှက်ရောင်းတဲ့ ဘာညာစာအုပ်အပါး ခပ်ပေါပေါလေးတစ်အုပ်လို့ပဲ သဘောထားပါတယ် ။
ဒါကြောင့် ဒီလိုစာမျိုးကို ရေးသူကိုလည်း (ဒီစာအုပ်အတွက်) စာပေအနုပညာသမားစာရင်း မသွင်းနိုင်ပါဘူး ။
ညစ်ညမ်းစာပေရေးသားသူ/ ညစ်ညမ်းစာရေးသူအဖြစ် အသိအမှတ်ပြုရုံပါပဲ။

၃။ ဒီလို လိင်စိတ်နိုးကြွစေသော စာမျိုးကို ဖတ်လိုက်သူ(စာဖတ်သူ)ဟာ ဒီစာအုပ်ထဲက ဘာများ ယူလို့ရလိုက်မလဲ။
လင်ရှိမယားတစ်ယောက် နဲ့ အခြားယောကျာ်းတစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ ဖောက်ပြန်မှု / အိမ်ထောင်ရေးသစ္စာမဲ့မှုကို ပြုကောင်း/လုပ်ကောင်းသယောင်ယောင် အယူအဆမျိုးကို. . . မြင်ရဖတ်ရလို့ ဘာများ ရလိုက်မလဲ။
ဖတ်တဲ့သူဟာ စာအုပ်ထဲက စာသားတွေရဲ့ အဓိပ္ပာယ်ဖော်ဆောင်ချက်အရ လိင်စိတ်တွေ နိုးကြွလာမယ်။
ဖတ်ရတာ တမျိုးအရသာ ရှိနေမယ်။ ရပ်ကွက်ထဲကလူတွေပြောသလိုပြောရရင် ဖီးလ်တက်လာမယ်ပေါ့ဗျာ ။
ဒါက အပေါ်ယံသဘောပါ။ ဖတ်လိုက်လို့ ဖီးလ်တက်လာစေရုံလောက်နဲ့တော့ ရသမြောက်တယ်လို့ မသတ်မှတ်နိုင်ပါဘူး ။
ဒါ ရသပါလို့သတ်မှတ်ရင်လည်း အဆင့်အတန်းမရှိတဲ့ ရသတစ်ခုခုပဲ ဖြစ်မယ် ။
တကယ်လို့ ဒီလိုရေးတာကို ဒီလူတွေ ဖတ်ပြီး ဒီလိုဖီးလ်တက်သွားပါတယ်ဆိုတဲ့အချက်ကို . . . စာပေကပေးတဲ့ ရသစာရင်းထဲ ထည့်ရင် ထည့်တဲ့သူဟာ. . . . ရသအနုပညာကိုစော်ကားတဲ့လူလို့ ကျနော် ယူဆတယ်။

၄ ။ ဒီလိုစာကို ဖတ်လို့ အကျိုး ရလဒ်ဘာတွေ ရှိမလဲ ။
”တကယ့်စာဖတ်သူတွေ” ကတော့ စာအုပ်ထဲကနေ ယူသင့်တာယူ ချန်သင့်တာချန်ပြီး အမှားအမှန်ခွဲခြားလိုက်လိမ့်မယ်။
ဒီစာအုပ်ဟာ သမိုင်းမှာ ရိုင်းတဲ့စာပဲလို့. . .သတ်မှတ်နိုင်လိမ့်မယ် ။
——————
ရသစာပေကို လေ့လာလိုက်စားစပြုတဲ့ လူငယ်စာဖတ်ပရိတ်သတ်(စာဖတ်သက် နုငယ်သူလူငယ်များ) အတွက်တော့ . . . ဒီစာအုပ်ကို ဖတ်ပြီး အတုယူမှားနိုင်တယ်။
ဒီစာအုပ်ထဲက အရသာကို ညစ်ညမ်းပါလားလို့ မဝေဖန်နိုင်ခင် ကောင်းလှချည်လားလို့. . .စွဲလမ်းသွားနိုင်တယ် ။ စာဖတ်သက် နုငယ်သူ လူငယ်စာဖတ်ပရိတ်သတ်တွေအတွက်တော့ ဒီစာအုပ်ဟာ အဆိပ်တစ်ခွက်ပါ ။
—————————
စာရင်းထဲ သွင်းမထားတဲ့ ညစ်ညမ်းစာကိုမှ ဖတ်ချင်သူတစ်စု / စိတ်ဆန္ဒနောက်ကို အသိဉာဏ်နဲ့ အမှားအမှန် လိုက် မခွဲခြားနိုင်ပဲ ရွေးချယ်ဖတ်ရှုနေသူတစ်စုအတွက်တော့ ဒီစာအုပ်ဟာ အဆာပြေ ရေတစ်ခွက်ပေါ့လေ။

၅ ။ ဒီလိုစာအုပ်မျိုးကို ဒီလိုနိုင်ငံမှာ ဒီလိုတရားဝင် ရေးသားခွင့် / ထုတ်ဝေခွင့် / ရောင်းချခွင့် ပြုလိုက်တာဟာ ဘယ်နည်းနဲ့မှ မကောင်းပါဘူး။
ရေးသူရေးဖတ်သူဖတ် . . .ဒါပေမယ့် အသိအမှတ်ပြုပြီး စာပေ”တန်း”ပေါ် ပစ်မတင်သင့်ဘူး။ စာပေစင်မြင့်ပေါ်မှာ နေရာမပေးသင့်ဘူး ။ ဒီလိုစာသားမျိုးတွေနဲ့ ဒီလိုစာအုပ်မျိုးကို စာပေအိမ်ဦးခန်းပေါ် တင်မထားသင့်ပါဘူး။
(သူ့ဘာသာသူ ညစ်ညမ်းတဲ့ချောင်ကြိုချောင်ကြားမှာသာ ထားသင့်တယ်။ ချောင်ကြိုချောင်ကြားကြိုက်သူတွေ ညစ်ညမ်းစွာ ကြိုက်ပါစေ။ ပေါ်တင်တော့ မကြိုက်စေသင့်ပါဘူး။ )
”စာပေစင်မြင့်”မှာ မြင်သင့်တာမြင်ရအောင် ကြဉ်သင့်တာ ကြဉ်ရအောင် တာဝန်ရှိသူက တာဝန်ရှိသည့်အလျောက် ဆောင်ရွက်ပေးဖို့ လိုပါသေးတယ်။
ဒါမှ ကျနော်တို့ တို့ချစ်တဲ့ . . .”စာပေရွာ ” မနာမှာပါ။

စာကြမ်းပိုး (၄) –
ကျနော် ကတော့ –
ဒီကိစ္စဟာ စာပေကို ခုတုံးလုပ်ပြီး ဘော်ချက်တာလို့မြင်တာပဲဗျာ….
အပြာစာပေကို ၁၈နှစ်အထက်မှဖတ်ရန်ဆိုပြီး rating လုပ်တော့ရော ၁၈ နှစ်အထက်တွေဖတ်ရင် အကျိုးရှိမှာမို့လို့လား …..လို့ တဖက်လှည့်နဲ့ စဉ်းစားကြည့်မိပါတယ်။ ၁၈ နှစ်အောက်တွေမဖတ်အောင်ရော ဘယ်လိုထိန်းချုပ်လို့ ရမှာလဲ … ပေါ့ဗျာ…။
ဘယ်နိုင်မှာ ဘယ်လို ဘာတွေလုပ်တယ်ဆိုတာတော့ ကျနော်တို့ မသိပါဘူး….
ကျနော် သိတာကတော့ ဒီနိုင်ငံမှာ အဲဒါမျိုးတွေအတွက် အသင့်မဖြစ်သေးပါဘူး…. အဲဒါမျိုးတွေရဲ့ ဆိုးကျိုးကို ထိန်းချုပ်နိုင်ခြင်းမရှိသေးပါဘူး…..
ဒါမျိုးတွေကို ထိထိရောက်ရောက်မတားဆီးလို့ လူငယ်တွေမှာ ထိခိုက်မှု့တစ်စုံတစ်ရာဖြစ်ခဲ့ရင် သမိုင်းတရားခံဟာ အဲဒီအပြာစာပေတွေရေးသားထုတ်ဝေဖြန့်ချီသူတွေနဲ့ အားပေးအားမြှောက်ပြုသူတွေသာ ဖြစ်ကြပါလိမ့်မယ်။
ပြီးတော့ – အဲဒါမျိုးတွေ မဆင်မခြင် မစောင့်မထိန်း လျှောက်ရေးလို့ စာပေစိစစ်ရေးဆိုတဲ့ လက်မည်းကြီး တစ်ကျော့ပြန်လာခဲ့ရင်ဖြင့် ကိုယ်ကျိုးမနည်းပေဘူးလားဗျာ…။

+++++++
ကဲ။ စာဖတ်သူ အမြင်လေးတွေလည်း သိချင်ပါသေးတယ်။

About စာ ကြမ်းပိုး

စာ ကြမ်းပိုး has written 11 post in this Website..