အော်သံပေးတဲ့ အရိုးခေါင်း – အပိုင်း(၃)

မောင်ဘလိုင်September 26, 20161min2374

ငါက သိပ်ကြောက်တတ်တဲ့လူမျိုးတော့ မဟုတ်ဘူးကွ။ သရဲခြောက်လှပါတယ်ဆိုတဲ့ သင်္ဘောတွေ လည်း လိုက်ခဲ့ဖူးပါရဲ့။ ဆိုးဆိုးဝါးဝါးတွေလည်း တွေ့ခဲ့ဖူးတာပဲ။ တစ်ခုမှ ခေါင်းထဲ..စိတ်ထဲ စွဲမကျန်ရစ်ပါဘူးကွာ။ ဒီဟာကတော့ ခေါင်းထဲကကို ထုတ်လို့မရတာဟေ့။

အဲဒါကြီး လွှင့်မပစ်ဘူးလား..။ ဟား..မရဘူးကွ။ အဲဒါက သူ့နေရာမှာပဲ သူနေချင်တာ။ သူ့တို့အိပ်ခန်းထဲ က ဗီရိုထဲမှာပဲ နေချင်တာ။ တခြား ဘယ်နေရာမှာမှ မပျော်လို့ထင်တာပဲ။ ဘယ်လိုသိရမလဲကွ..ငါ စမ်းကြည့်ဖူး တာကိုး။ မင်းနှယ်..ငါ မလုပ်ကြည့်ခဲ့ဖူးဘူးလို့ ထင်နေတာလား။ သူ့နေရာမှာ သူဆိုရင်တော့ အော်သံပေးယုံ လောက် ပဲ။ အဲ..တခြားသွားထားကြည့်..။ အိမ်ထဲမှာပဲနော်..နေရာရွှေ့ကြည့်။ အိမ်ထဲမှာ ဘယ်သူမှ ၂၄နာရီ ပြည့်အောင် မနေရဲဘူး။ အိမ်အကူတွေပါ ပြေးကုန်လို့ နှစ်ပတ်လောက် ဒုက္ခတွေ့ရသေး။ ရွာထဲကလူတွေများ နေဝင်တာနဲ့ အိမ်ရှေ့ကတောင် ဖြတ်မလျှောက်တော့ဘူး။ ရောင်းဖို့၊ ငှားဖို့လား.. တော်ပါကွာ။ အဘွားကြီး တစ်ယောက်က ဘာပြောလဲဆိုတော့ ငါအဲဒီမှာ ဆက်နေ နေရင် ကြာကြာခံလိမ့်မယ် မထင်ဘူးတဲ့။

ငါက ကြောက်တာတော့ မကြောက်ဘူး။ အာရုံနောက်တာကွာ။ ဟုတ်တယ်လေ..အသံပဲပေးတာ။ ပြူး ပြူးပြဲပြဲကြီးနဲ့ ဘွားကနဲ ပေါ်လာတာမျိုးတော့ မဟုတ်ဘူးလေ။ အေးကွာ…ငါ့စိတ်အစွဲအလမ်းကြောင့် ဖြစ်မှာပဲ လို့ တစ်ခါတစ်လေ တွေးမိတာပဲ။ ဒီအရိုးခေါင်းဆိုတာလည်း လူထက်က လေ့လာစူးစမ်းချင်လို့ တစ်နေရာရာက ရှာလာတာလည်း ဖြစ်ချင် ဖြစ်မှာပါ။ အဲဒီခေါင်းခွံထဲက ဂလောက် ဂလောက် မြည်သံကလည်း ကျောက်စရစ် လုံးလေးတွေ၊ ရွှံ့လုံးလေးတွေ ဝင်နေတာ ဖြစ်မှာပေါ့။ နော်..ဟုတ်ဖူးလား။ ဟာ..ငါ အဲဒါဘာလေးတွေလဲတော့ ထုတ်မကြည့်ဖူး ဘူးကွ။ ခဲလုံးလေးတွေဖြစ်နေရင် ငါတော့ သွားပြီ။ မနှင်းရည်လေး သေတာ ငါ့ကြောင့်လို့ သေ ချာသလောက် ဖြစ်သွားမှာ။ အဲဒီတော့ ငါ မသိချင်ဘူး။ ငါ့စိတ်ထဲ ထင်နေတာတွေ တစ်ခုမှ မမှန်ဘူးဆိုလည်း ဒီအိမ်က ငါထွက်သွားသင့်တယ်လို့တော့ တွေးမိတယ်။ အေး..ငါ့မှာ ကွဲကွဲပြားပြား သိလည်း သိချင်၊ မသိလည်း မသိရဲ။ ထင်သလို ဟုတ်ခဲ့ရင်လည်း တစ်သက်လုံး စိတ်ဆင်းရဲရဦးမယ်။ မဟုတ်ခဲ့ရင်တော့ တစ်မျိုးပေါ့။

သူတို့ အိပ်ခန်းက တစ်အိမ်လုံးမှာ အကောင်းဆုံးအခန်းဆိုတော့ ငါလည်း သွားအိပ်တာပေါ့။ ခုတော့ မအိပ်တော့ပါဘူး။ အဲဒီ ဦးခေါင်းခွံက အဲဒီအခန်းထဲက ဗီရိုထဲမှာ ရှိတာလေ။

ဟေ..မြစ်ထဲ သွားလွှင့်မပစ်ဘူးလား။ ဟုတ်လား။ နေဦး ..မင်း အဲဒါကို အလကား အာရုံနောက်တဲ့ အရှုပ်ထုပ် တွေ ဘာတွေတော့ နာမည် မတပ်လေနဲ့။ မကြိုက်ဘူးကွ။ သိလား။ ငါမကြိုက်တာ မဟုတ်ဘူး။

(အဘိုးကြီး၏ မျက်လုံးမှာ သူ့ဘေးဘက်ရှိ ထိုင်ခုံအလွတ်တစ်လုံးပေါ်သို့ ဖျတ်ခနဲ ကြည့်လိုက်သည်ကို မြင်မိ သဖြင့် ကျွန်ုပ်လည်း လိုက်ကြည့်ရာ လေးထောင့်ပုံး ဆန်ဆန် အရာတစ်ခုကို တွေ့မိသဖြင့် ကြက်သီးဖြန်းခနဲ ထသွားသည်။)

ဟေ့..သူငယ်..ဘယ်လိုဖြစ်လဲ..မျက်နှာတောင် ဖြူဖျော့ဖျော့ ဖြစ်သွားပါလား။ ဘီယာမသောက်နဲ့ဦး။ ဒီမှာ ဝီစကီလေး နည်းနည်းချလိုက်။ ဟုတ်လား။ မဲခေါင် ပါကွ။ ဒီဆိုင်မှာတော့ ဒါအကောင်းဆုံး ရှိတာပဲ။ ရမ် တော့ မသောက်ဘူးကွ။ ငါ့မှာ ဒူလာ ရှိလို့။ ကဲကဲ..နည်းနည်း ချလိုက်။ အပြင်မှာလည်း လေနဲ့မိုးက ကောင်း တုန်း။ ချလိုက် ..နွေးသွားတာပေါ့။

ကဲကဲ..မှတ်ထားနော်။ နောက်တစ်ခါ အဲဒီလို ဘာညာ နာမည်တပ်မခေါ်လေနဲ့။ ဟို သနားစရာ ကလေး မ ကြားသွားရင် မကောင်းဘူး။ သရဲ…ဟာ..လုပ်ပြန်ပြီ..။ မင်း လက်ထဲ သေသေချာချာကိုင်ပြီး နေ့လည်ကြောင် တောင်မှာ စေ့စေ့ကြည့်လို့ရတဲ့ဟာကို သရဲလို့ ခေါ်မလား။ လှုပ်ကြည့်ရင် ဂလောက် ဂလောက်လို့ အထဲက မြည်သေးတာ။ အေး..အဲဒါအပြင် နောက်ထပ်မြည်တာ..အို..ကြားရသေးတာ ရှိသေးသပေါ့။ သံသယမရှိနဲ့။

စကားပြန်ကောက်ရရင် သူတို့ဆုံးပြီး အဲဒီအိမ်ငါရောက်တာနဲ့ အပေါ်ထပ်က သူတို့အိပ်ခန်းမှာ အိပ်ဖို့ လုပ်တာပေါ့။ အကောင်းဆုံးအခန်းလည်းဖြစ်၊ ဇိမ်လည်းကျ ဆိုတော့လေ။ ခုတော့ မအိပ်တော့ဘူး။ လက်လျှော့ လိုက်ပြီ။ သူတို့အခန်းက ကုတင်က နှစ်ယောက်အိပ်ကုတင်ကြီးကွ။ မနှင်းရည်ဆုံးတာလည်း အဲဒီကုတင်ပေါ်ပဲ။ ကုတင်ခေါင်းရင်း ဘယ်ဘက်မှာ နံရံထဲမြှုပ်ထားတဲ့ ဗီရိုလိုဟာ ရှိသကွ။ အဲဒီထဲမှာ ဦးခေါင်းခွံကို ကထ္ထူဘူးခွံနဲ့ ထည့်ထားတာပဲ။ အဲဒီအခန်းမှာ နှစ်ပတ်လောက်တော့ ငါအိပ်သေးသကွ။ ခုတော့ လှေကားရင်းက လူနာကြည့် တဲ့ အခန်းဘေးကပ်ရပ် လူထက်အိပ်တဲ့ အခန်းလေးထဲ ပြောင်းအိပ်နေတာ။

ငါဆိုတဲ့ကောင်ကလည်း အိပ်လိုက်ရင် တစ်ရေးပဲ ဆိုတာမျိုး။ တစ်နေ့ ၈ နာရီတော့ အပြည့်အိပ်တာပဲ။ ကိုယ့်တစ်ယောက်ထဲဆို ၁၁နာရီဆိုအိပ်ယာဝင်။ မနက် ရ နာရီမှထ။ မိတ်ဆွေ အပေါင်းအသင်းများ ရှိရင်တော့ ၁၂နာရီလောက်မှ အိပ်ယာဝင်တယ်။ မနက်တော့ ၈ နာရီထပေါ့။ အေး..အဲဒီအခန်းထဲလည်း အိပ်ရော မနက် ၃ နာရီကျော်လောက်ဆို အိပ်မရတော့ဘူး။ နိုးနိုးနေရော။ နာရီကြည့်လိုက် အမြဲတမ်း ၃နာရီ ၁ရမိနစ်။ ဒီလို ခနခန ဆိုတော့ ငါလည်း စဉ်းစားကြည့်တယ်။ အဲဒီအချိန်က မနှင်းရည် ဆုံးတဲ့အချိန်များ ဖြစ်ရော့သလား ဆိုပြီးလေ။

အသံလား။ အေး..ဘယ်လိုပြောရမလဲ..ကြားရတယ် ဆိုတာမျိုးလည်း မဟုတ်ဘူးကွ။ ငါ တတ်နိုင်သ လောက်တော့ ရှင်းပြမယ်။ လက်ဦးစတာက ညည်းသံလိုလိုတစ်ချက်ပေါ်လာပြီးတော့ အသက်ရှုသံပြင်းပြင်း ထွက်လာရော။ ပုံမှန်ဆို ဒီအသံလောက်က ငါ့ကို ဘယ်လိုလုပ် နိုးစေမှာတုန်း။ သဘာဝအသံတွေ၊ ကြားနေကျ အသံတွေကို တော်တော့်လူကို နိုးသွားအောင် ဘယ်တတ်နိုင်မလဲ။ ငါဆို ပင်လယ်ထဲသွားနေရတာ။ သင်္ဘော ပေါ်မှာ လှိုင်းသံ၊ လေသံ၊ စက်ခုတ်သံ၊ ဘာညာတွေ ဒီလောက်ဆူနေတာ နိုးပါလား။ ဒါပေမဲ့ အခန်းထဲက စားပွဲ အံဆွဲထဲ ထည့်ထားတဲ့ ခဲတံလေးက ပုံမှန်မဟုတ်ပဲ ဂျိုးဂျိုးဂျောက်ဂျောက် ထမြည်လို့ကတော့ နိုးပြီပဲ။ အေး..အဲဒီ လိုပဲ..။ ခေါင်းရင်း ဗီရိုထဲ အသံက …တိုးတိုးလေး။ ဒါပေမဲ့ ငါ ချက်ခြင်းကို နိုးတော့တာပဲ။

လက်ဦး စတယ်လို့ ငါပြောခဲ့တယ်နော်။ ငါ့ဟာငါပဲ သိတယ်ကွာ။ ရှင်းပြဖို့တော့ အခက်သားလားပဲ။ နှုတ်ခမ်းစေ့ပြီး သွားကြားထဲကနေ လေကို ဆွဲစုပ်လိုက်တဲ့အသံမျိုး။ အဝတ်စလေးကို လေတိုးသလောက် တိုး တိုးလေးရယ်။ အဲဒါမကြားခင်ကလေး ကြားရတော့မယ်ဆိုတဲ့ မသိစိတ်က ခံစားမှုလေးက ဘယ်လိုပြောရမလဲ..။ မင်းတို့ ဆိုင်ကယ်စီးမယ်၊ လှေလှော်မယ်ဆိုပါစို့။ တက်ကိုင်တဲ့လက်၊ လက်ကိုင်ကို ထိန်းတဲ့လက်ကို လာမတိုး ဘူးလား။ ဘာဖြစ်တော့ မဟဲ့ဆိုတာမျိုးလေ။ မဖြစ်ခင်လေးမှာ မင်းသိလိုက်တာမျိုး။ ဆက်သွယ်မှု တစ်ခုခုရှိကို ရှိတယ်လေ။ အဲဒါမျိုး။

အေး..အဲဒီဗီရိုထဲကနေ အဲဒါမျိုး ခံစားချက်ကို စ ပေးတာ။ နောက်တော့ ရှင်းရှင်းကြီးကို ကြားရပါရော။ ဘာမှ ကြားစရာလည်း မရှိဘဲနဲ့လေ။ အဲဒီတော့ လက်ဦး ငါ့ကို နိုးအောင်လုပ်တာ ငါ့ခေါင်းထဲက အသံပေါ့။ နောက် ကြားတဲ့အသံကတော့ ဗလုံးဗထွေးဆိုပေမဲ့ သေသေချာချာကို ကြားရတာ။ လိုင်းသိပ်မကောင်းတဲ့ တယ်လီဖုန်းထဲက အသံမျိုးကွာ..အဲဒီ ပုံးထဲက ထွက်လာတာ..။ သေချာတာပေါ့ကွာ။ အဲဒီအသံက ငါ့ခေါင်းရင်း ဗီရိုထဲက ကတ္ထူပုံးထဲက လာတယ်ဆိုတာ။ ဟာ..ကြက်သီးလည်း မထဘူး၊ ကျောလည်း မစိမ့်ပါဘူး။ အသံထွက် စရာ အကြောင်းမရှိတဲ့ဟာက ထွက်လာပြီး နိုးသွားလို့ စိတ်ပေါက်ပေါက် ဖြစ်တာတစ်ခုပဲ။ လေတိုးလို့များလား ဘာလား ဆိုပြီး မီးထွန်းကြည့်တယ်။ အဲဒါလည်း မဟုတ်ပြန်ဘူး။ နာရီကြည့်လိုက်တော့ ၃နာရီ ၁ရ မိနစ်ဗျား။ ဒါနဲ့ ငါလည်း တစ်ဘက်စောင်းပြီး ညာဘက်နားကို ဖိပြီး အိပ်တယ်။ ဘယ်ဘက်နားက မကြားတော့ဘူးကွ။ ငယ်ငယ်တုန်းက ရေငုပ်တဲ့ ဒဏ်ပေါ့ကွာ။ အဲ..တစ်ခုကောင်းတာက ခပ်ဆူဆူရှိလို့ အိပ်မရရင် ညာဘက်စောင်း အိပ်။ အေးဆေး။

အဲဒါ ပထမဆုံးညပဲ။ နောက်ညတွေလည်း ဖြစ်တာပဲ။ ညတိုင်းချည်းတော့မဖြစ်ပေမဲ့ ဖြစ်လိုက်ရင်လည်း အချိန်က ၃နာရီ၁၇။ ကွက်တိ။ ညတိုင်းမဖြစ်တာလည်း ငါ့ ကောင်းတဲ့ နားကိုဖိအိပ်မိလို့ ဖြစ်မှာပေါ့။ နံရံက ဗီရို ကိုလည်း သေချာပြင်လိုက်သေးတယ်။ လေတွေ ဘာတွေလည်း မဝင်အောင်ပေါ့။ ပိုးမွှားတွေကြောင့်လား။ အင်း မဖြစ်တော့ မဖြစ်နိုင်ဘူး။ မနှင်းရည်က အဲဒီထဲကို ဂွမ်းကပ်တို့၊ စောင်တို့ ထည့်တာ ဖြစ်မယ်။ ပရုပ်နံ့၊ ထင်းရှုးဆီ နံ့တွေ တထောင်းထောင်းနဲ့ကွ။

နှစ်ပတ်လောက်နေတော့ ငါလည်း တော်တော် အာရုံနောက်လာရော။ အသံကြောင့်ပေါ့။ အဲဒီ ဦးခေါင်း ခွံ အခန်းပြင် ထုတ်ထားရ ကောင်းမလား စဉ်းစားသေးတယ်ကွ။ ဒါပေမဲ့ တွေးကြည့်ပြန်တော့လည်း ဒီလိုလုပ် တာ ရူးကြောင်ကြောင် မနိုင်ဘူးလား။ ဒါလောက်နဲ့များ ငါ အလျှော့ပေးရမလားပေါ့။ ဒီလိုတွေးတာ။ အေး..အသံ ကလည်း ပိုပိုကျယ်လာသလိုပဲ။ ကန်းနေတဲ့ ငါ့နားထဲတောင် ဝင်လာတာကွာ။ တစ်ညတော့ အဲဒီလိုဖြစ်ရော။ ကောင်းကောင်းကြီးကို နိုးနေတာ။ ကောင်းနေတဲ့ နားကလည်း ခေါင်းအုံးနဲ့ကပ်ပြီး ဖိထားလျက်ကြီး။ ဥဩဆွဲသံ တောင် မကြားနိုင်လောက်တဲ့ အနေအထားကွာ။ ဒါပေမဲ့ ငါကြားပြီး နိုးလာတော့ ဒေါသတော်တော်ထွက်သွား တာပေါ့။ မကြောက်ဘူးကွ။ ဒေါသနဲ့ ကြောက်တာ တစ်ခါတစ်လေတော့ သိပ်ဝေးဝေးကြီး မဟုတ်ပါဘူးကွာ။ အဲဒါနဲ့ မီးထထွန်း။ ဗီရိုဖွင့်ပြီး ကတ္ထူပုံးကို ဆွဲယူ။ နောက်ပြီးတော့ ပြတင်းပေါက်ကနေ အားကုန်လွှဲပြီး လွှင့်ပစ် ထည့်လိုက်တယ်။

အဲဒီမှာ ဆံပင်တွေ ထောင်တက်ကုန်တာပဲ။ လေထဲမှာ ဟီးးးးး ခနဲအော်ပြီး ထွက်သွားတာများ အမြောက်ကျည် အနားက ကပ်ဖြတ်သွားတဲ့ အတိုင်းပဲ။ လမ်း ဟိုဘက် ကျော်ကျသွားတယ် ထင်တာပဲ။ အဲဒီညက မှောင်လွန်းတော့ မြင်တော့ မမြင်ရဘူး။ ဒါပေမဲ့ လမ်းဟိုဘက် ကျသွားမယ်ဆိုတာ သေချာတယ်။ ပြတင်းပေါက်က အိမ်တံခါးမကြီး အပေါ်ဘက်လောက်ကျမယ်။ ဆိုတော့ ခြံစည်းရိုးနဲ့က ဆယ့်ငါးပေလောက် ဝေးမှာပေါ့။ တစ်ခါ လမ်းကလည်း ဆယ့်လေးငါးပေလောက် ရှိတာ။ လမ်း အဲဒီဘက်တော့ ချုံခရိုးတန်းလေး ရှိသကွ။

ငါလည်း အိပ်မပျော်တော့ဘူး။ အဲဒါ လွှင့်ပစ်ပြီး နာရီဝက်သာသာလောက်ရှိတော့ အပြင်ကနေ စူးခနဲ အာခေါင်ခြစ် အော်လိုက်တဲ့ အသံမျိုး ကြားလိုက်ရရော။ တော်တော်ဆိုးတယ်။ တော်တော် စိတ်ပျက်စရာကြီး။ စိတ်ထဲ ထင်တာလား ဘာလားတော့ မသိဘူး။ အသံက တစ်ခါထက် တစ်ခါ ပိုပိုကျယ်လာပြီး၊ ပိုပို နီးလာသလို မျိုးပဲ။ ထထိုင်ပြီး ဆေးလိပ်တစ်လိပ်ဖွာတယ်။ အခန်းထဲ ခေါက်တုန့် ခေါက်ပြန်လျှောက်တယ်။ စာအုပ်တစ်အုပ် ယူဖတ်ကြည့်တယ်။ ဘယ်လိုမှ အာရုံလွှဲလို့မရဘူးဟေ့။ စောက်ကျိုးနည်းအသံက အခေါင်းထဲက ထွက်လာတဲ့ အလောင်းကောင်တောင် ပြန်ဝင်ပြေးလောက်တယ်။

အရုဏ်မတက်ခင်လောက်မှာ အိမ်ရှေ့တံခါးကို လာခေါက်တဲ့အသံကြားရောကွ။ ဒီအသံကတော့ ရှင်း ရှင်းကြီး။ အဲဒါနဲ့ ပြတင်းပေါက်ကနေ ကြည့်တော့ တံခါးဝကို လှမ်းမမြင်ရဘူး။ အပေါ်က အမိုးလေး လုပ်ထား တော့လေ။ တစ်ယောက်ယောက် အရေးပေါ်ဖြစ်လို့ ဆရာဝန် လာပင့်တယ် မှတ်တာပဲ။ လူထက် သေတာ မသိ သေးလို့ လာပင့်တာ ဖြစ်မှာ။ လူတစ်ယောက် တံခါးလာခေါက်ပဟ ဆိုပြီး ကြောက်တာတွေ လျော့သွား တာပဲ။

တံခါးခေါက်သံ ထပ်ထွက်လာတော့ ငါလည်း ဘယ်သူတုန်း ဘာညာ လှမ်းအော်မေးတော့လည်း မဖြေ ဘူး။ အပေါ်ကကြည့်တော့လည်း မမြင်ရနဲ့။ နောက် ဆက်တိုက် တဒုန်းဒုန်းနဲ့ ခေါက်တော့ ဆရာဝန်မရှိတော့ ဘူးလို့ လှမ်းအော်လိုက်တယ်။ မရဘူးဟေ့။ ခေါက်တုန်း။ စောက်ကျိုးနည်း နားပင်းနေတဲ့ တောသား အဘိုးကြီး တစ်ယောက်ယောက် ဖြစ်မှာ။ အဲဒါနဲ့ ဖယောင်းတိုင်ကိုင်ပြီး အောက်ကိုဆင်းရရော။ စိတ်ထဲ ဒီအချိန်ကြီး ဘယ် နားပင်း နားထိုင်းက လာခေါက်နေသလဲ ကြည့်ဦးမဟဲ့ ဆိုပြီးလေ။ ဟို အော်သံတောင် မေ့တေ့တေ့ဖြစ်သွား တယ်။ အောက်ထပ်ရောက်တော့ ဧည့်ခန်းထဲက စားပွဲပေါ် ဖယောင်းတိုင်ကို တင်တယ်။ တံခါးဖွင့်လို့ လေတိုက် ရင် ငြိမ်းသွားမှာ စိုးလို့။ မင်းတုပ်ကို ဖြုတ်နေတဲ့အချိန် လှိုဏ်သံပေါက်နေတဲ့ ခပ်ဆန်းဆန်းအသံတစ်ခု ကြားရ တယ်။ ကျယ်ကျယ်တော့ မဟုတ်ဘူး။ ငါလည်း ဘယ်လိုလူများ တွေ့ရမလဲဆိုပြီး တံခါးကိုဆွဲဖွင့်လိုက်တယ်။

တလွဲဟေ့။ ဘယ်သူမှကို မရှိတာ။ လူတစ်ယောက်တော့ သေချာပေါက်တွေ့ရမယ်လို့ စိတ်ထဲ သေချာ နေတာကို။ ငါလည်း တံခါးဝကနေ ဟိုကြည့် သည်ကြည့်လုပ်နေတုန်း စည်းရိုးတံခါးကနေ အိမ်တံခါးအထိ ခင်း ထားတဲ့ ကျောက်ပြားလမ်းပေါ်ဖြတ်ပြီး တစ်ခုခုလိမ့်လာတာတွေ့လိုက်တယ်။ ငါ့ခြေထောက်နားကျတော့ ရပ် သွားရော။

ဆတ်ခနဲ နောက်တစ်လှမ်း ဆုတ်လိုက်တယ်။ ငုံ့မကြည့်ခင်မှာပဲ ဘာလဲဆိုတာ ငါသိသွားတယ်။ ယုံချင် မှယုံ။ ဒီလောက် အားကုန်လွှဲပစ်လိုက်တာကို။ မနက်စောစောသွားကြည့်လိုက်တော့ ကတ္ထူပုံးက ချုံတန်းပေါ် တင်နေတာ တွေ့တာပဲ။

ေဩာ်..ပစ်လိုက်တဲ့ အချိန်မှာ အဖုံးပွင့်ပြီး ခေါင်းခွံက ကျကျန်ခဲ့မယ်ပေါ့။ မင်း ပြောတာ ဖြစ်နိုင်မလား။ ဒီလို ကတ္ထူပုံးလေးထဲ ဘာမှမပါဘဲ အလွတ်ကြီး ပေသုံးလေးဆယ် ရောက်အောင် ဘယ်သူပစ်နိုင်မှာတုန်းဟ။

ငါလည်း တံခါးပြန်ပိတ်။ အဲဒီဟာကို ဂရုတစိုက်နဲ့ ကုန်းကောက်ပြီး စားပွဲပေါ်တင်ထားလိုက်တယ်။ ငါ လုပ်နေတဲ့ပုံစံက စက်ရုပ်ဆန်ဆန်ပဲ။ ဘာညာခေါင်းထဲ မတွေးပဲ အဲဒီလို အလိုအလျောက်လုပ်နေတာ။ ငါ့နှယ် ကွာ..။ တစ်ယောက်ယောက်တော့ တွေ့မှာပဲဆိုပြီး တံခါးဖွင့်လိုက်တာ။ အဲဒါက လိမ့်ဝင်လာပြီး ငါ့ခြေထောက် နား ရပ်သွားတာများ…ငုံ့ကြည့်လိုက်တော့ ဟောင်းလောင်းပေါက် မျက်လုံးနှစ်ဖက်က ငါ့ပြန်ကြည့်လို့။ ကျိန်ဆဲ နေသလား မှတ်ရတယ်။ ဖယောင်းတိုင်မီးနဲ့ အဲဒီမျက်လုံးဟောက်ပက်တွေ ကြည့်ရတာ တစ်မျိုးကြီးပဲ။ စိတ်ထဲ မျက်စိ ဖွင့်လိုက် ပိတ်လိုက်လုပ်ပြနေသလိုလို။ အဲဒီမှာ ဖယောင်းတိုင်မီးက ဟုပ်ခနဲငြိမ်းသွားရော။ လေတိုးတာ လည်း မဟုတ်၊ ဘာမဟုတ်နဲ့။ စောက်ရေးထဲ မီးခြစ်ကလည်း ဆယ့်နှစ်ခါလောက်ခြစ်မှ မီးတောက်တယ်။ အင်း.. ဖယောင်းတိုင် ပြန်ထွန်းတာ။

ဖယောင်းတိုင် ပြန်ထွန်းပြီးတော့ ဘာကြောင့်မှန်းမသိဘူး ဗြုန်းခနဲ ထိုင်ချမိတယ်။ အရမ်း ကြောက်သွား လို့ ဖြစ်ချင်ဖြစ်မယ်။ မရှက်ပါဘူးကွာ။ ကြောက်ရင် ကြောက်တယ် ဝန်ခံတာပဲ။ ကြောက်နေတဲ့အချိန် ရှက်တယ် ဆိုတာ တွေးတောင် တွေးမိမှာ မဟုတ်ဘူး။ အေး..အဲဒါက အိမ်ပြန်ရောက်လာတယ်။ အပေါ်ထပ် အခန်းထဲက ဗီရိုထဲမှာ ပြန်နေချင်တယ်။ ဒီလိုဖြစ်နိုင်တယ်လို့တွေးပြီး အဲဒါကို စိုက်ကြည့်မိရော။ ခဏပဲ။ တစ်ကိုယ်လုံး အေး စက်လာတာနဲ့ အသာကောက်မပြီး အပေါ်ထပ်အခန်းထဲက ဗီရိုထဲသွားထည့်ပေးလိုက်ရတယ်။ မနက်ကျမှ ဟို ကတ္ထူပုံးကို သွားပြန်ရှာပြီး ထည့်ပေးမယ်နော်လို့တောင် ကတိပေးလိုက်သေးသကွ။

အဲဒီအခန်းထဲမှာ မိုးစင်စင်လင်းတဲ့အထိ နေသေးလား…ဟုတ်လား။ အေး..နေသေးတယ်ကွ။ မီးတော့ ထွန်းထားတာပေါ့။ အကြောက်ပြေအောင် ဆေးလိပ်ဖွာလိုက်၊ စာဖတ်လိုက် လုပ်နေရတာပေါ့ကွာ။ ငါ့ကို သူရဲ ဘောကြောင်တယ်လို့တော့ မထင်ပါနဲ့ကွာ။ မင်းစဉ်းစားကြည့်လေ.. အကြောက်လွန်ပြီး သေသွားဖို့တောင် ကောင်းတာ။ ငါ သိပ်မကြောက်တတ်ဘူးဆိုပေမဲ့ အင်မတန်ရဲတဲ့လူမျိုးတော့ မဟုတ်ဘူးကွ။ ငါ့လခွီး…လမ်း ဟိုဘက်ရောက်အောင် လွှင့်ပစ်လိုက်တာကို သူ့ဟာသူ ပြန်ရောက်လာပြီး တံခါးခေါက်၊ ဝင်ဖို့လုပ်တဲ့ဟာကွာ။

4 comments

  • Foolish Girl

    September 26, 2016 at 4:28 pm

    စိတ်ဝင်စားဖို့ကောင်းတယ် ဒါပေမယ့် ဖတ်လည်းပြီးရော သံပုရာရည်သောက်လိုက်ရတယ်
    ခေါင်းမူးတွားလို့ ဟီးးးးးး

  • ဇီဇီခင်ဇော်

    September 27, 2016 at 11:38 am

    ငမ့်။
    ဖတ်ရင်းကျောထဲက စိမ့်လာဘီ။

    :a:

Leave a Reply