မြန်မာ့ထိုးကွင်းမင်ကြောင် ဆေးမင်ကြောင်စုတ်ထိုးခြင်းနဲ့ ဆက်စပ်ဗဟုသုတများ

kaiSeptember 19, 202310min9120

ရှေးရိုးရာမြန်မာမှုဓလေ့မှင်ကြောင်စုတ်ထိုးခြင်းဆိုတာဘယ်အချိန်ကစတင်လာတာလဲဆိုတော့ပုဂံခေတ်ကလို့အနီးကပ်ဆုံးပြောရမယ် ၊ အဲဒီကစတင်ပြီး ပုဂံပင်းယအင်းဝကုန်းဘောင်မှယနေ့ခေတ်အထိတိုင်အောင်ပျောက်ပျက်မသွားပဲဆက်လက်တည်ရှိနေတာကိုတွေ့ရတယ်။

အကျဉ်းချုပ်ပြောရမယ်ဆိုရင်

(၁)အလှအပနဲ့ပတ်သက်တဲ့ပန်းချီဆေးမင်ကြောင်စုတ်ထိုးခြင်း(၂) အထက်လမ်းနဲ့ပတ်သက်တဲ့ဆေး မင်ကြောင်စုတ်ထိုးခြင်း

(၃) အောက်လမ်းနဲ့ပတ်သက်တဲ့ဆေး မင်ကြောင်စုတ်ထိုးခြင်း

အဲဒီလိုအုပ်စု (၃) စုခွဲခြားလို့ရတယ် ( ၁ ) အလှအပနဲ့ပတ်သက်ပြီး(က)နံရံဆေးရေးပန်းချီများ ( ခ )ပေရွက် ထန်းရွက် ဝါးချပ် သစ်သားပြားပိတ်စတို့ပေါ်မှာရေးဆွဲခြင်း (ခန္ဓာကိုယ်အရေပြားပေါ်မှာအလှအပအဖြစ်ရေးဆွဲခြင်း လို့အကြမ်းအားဖြင့်ခွဲခြားသိရှိနိုင်တယ်) ( ၂ ) အထက်လမ်း အထက်ဂိုဏ်းနဲ့ပတ်သက်ပြီးဆေးမင်စုတ်ထိုးခြင်းဆိုတာကိုလဲလေ့လာကြည့်ရင်

( က ) အထက်ဆေးသုံးပါးဖြစ်တဲ့

ဘုရားလေးဆူဆေး ဘုရားငါးဆူဆေး

နှစ်ကျိပ်ရှစ်ဆူဘုရားဆေး ရှင်သီဝလိဆေး

ရှင်ဥပဂုတ္တဆေး သာသနာငါးထောင်ဆေး

ရသေ့လေးပါးဆေး ဝိဇ္ဇာလေးပါးဆေး

အန္တိမဆေးရိုးကြီး သိကြားနတ်ဗြဟ္မာဆေးနတ်မင်းကြီးလေးပါးဆေး သရသွတီ ( သူရသ၁တီ)ဆေးဒေဝိခုနှစ်ပါးဒေဝီကိုးပါး ဒေဝီဆယ့်နှစ်ပါးဆေး တွေကိုပေါင်းစပ်ဖော်ကျူးရတဲ့ဗိန္ဓောဆေးအချို့နဲ့ရောစပ်ပြီးသက်ဆိုင်ရာဂါထာတွေမန္တန်တွေရွတ်ဆိုသိဒ္ဓိတင်ပြီးဆေးမင်စုတ်ထိုးကြတယ်။ တခါအထက်ဆေးမှာပဲထပ်ပြီးခွဲထွက်လာတာကအလယ်ဆေးဆိုတာပါပဲ အဲဒီအလယ်ဆေးဆိုတာက ၂ မျိုးပေါ့( ၁ ) ကာယသိဒ္ဓိကိုယ်လုံကိုယ်ကာဆေး ( ၂ ) ပီယဆေးပေါ့ (၁)ကာယသိဒ္ဓိ ကိုယ်လုံကိုယ်ကာဆေးက ( ကိုယ်ခံဆေး )ဆိုတာကပေါရိသာဒဆေး အာဠာဝကဆေး အပါးသုံးဆယ်ဆေး အပါးတစ်ရာဆေး မြောက်ဘက်ရှင်မဆေး အနောက်ဘက်ရှင်မဆေး စတာတွေနဲ့အမည်အမျိုးမျိုးရှိတယ်။ အဲ့ဒီကာယသိဒ္ဓိဆေးကိုအမျိုးအစား ၆ မျိုးနဲ့ထပ်ပြီးခွဲထားပါသေးတယ်

(၁)အမြုတေ ( အမတေ ) ပေါင်း(၂)အစွယ်မျိုးစုံပေါင်း ( စွယ်ပေါင်း )(၃)ဆေးရိုးကြီး ၆ ပါ(၄)ဂမ္ဘီရဆေးရိုးကြီး

(၅)အန္တိမဆေးရိုးကြီး ( သြဒိန္န ဆေးရိုးကြီး )(၆)ငါးမည်ရဆေးရိုးကြီးတို့ပဲဖြစ်တယ်။

( ခ ) ပီယသိဒ္ဓိဆိုတာက သူတစ်ပါးကမိမိကိုချစ်ခင်နှစ်သက်လာစေတဲ့ဆေးပဲ အဲဒီဆေးတွေကိုလဲအနှစ်ချုပ် လိုက်ရင်(၅)မျိုးခွဲခြားလို့

ရပြန်တယ်(၁) ပန်းပေါင်းစုံစုပေါင်းတဲ့ ( ပန်ပေါင်း)(၂) ဂမုန်းပေါင်းစုံစုပေါင်းထားတဲ့(ဂမုန်းပေါင်း(၃) မဟာမြိုင်အချစ်တော်ဆေး(၄) စူဠာမုဏိအချစ်တော်ဆေး(၅) သမားအချစ်တော်ဆေးတို့ပဲဖြစ်တယ်။

အဲဒီပီယဆေးဖေါ်စပ်ရာမှာ နတ်မှော်ဆေးတွေလဲပါဝင်တယ် ဥပမာ

သူရသွတီဆေးဖေါ်စပ်ရင် သက်ဆိုင်ရာ အင်းဆေးစမတွေပါဝင်တယ်သူရသွတီဂါထာစုတ်ရတယ် ပေါ့။မျက်နှာပွင့်ဆေး သူချစ်ဆေဖေါ်စပ်ပြီးလူ့ခန္ဓာကိုယ်အရေပြားမှာစုတ်နဲ့ ဆေးမင်ကြောင်ထိုးတော့တာပဲ။

အောက်လမ်းဆေးမင်ကြောင်အကြောင်းပြောပြဦးမယ်တကယ်သိလာတဲ့အခါတော်တော်ဆိုးရွားယုတ်ညံ့ပါလားဆိုတာ

တွေ့ရပါလိမ့်မယ်အမျိုးတို့ ပု ံ ၃ ပုံနမူနာရေးဆွဲပြီးတင်ပြလိုက်တယ် ထူးခြားတာကလူအများသိကြပြောကြရေပန်းစားနေတာက( ဝက်ကုန်း ) ဆိုတာပဲ (ငှက်ကုန်း)ဆိုတာပိုအစွမ်းထက်တယ်ဆိုတာကိုပညာရှင်တွေကလျှို့ဝှက်ထားတယ်ဆိုတာပုံနဲ့တကွယှဉ်တွဲပြထားတယ် ဗဟုသုတပေါ့

အမျိုးတို့ဗဟုသုတတိုးပွားကြပါစေ

ဦးရာဇာ ( နဝင်းရောင်ခြည် )

15 – 6 – 2021

မင်္ဂလာပါအမျိုးတို့ဒီနေ့ဆက်ပြီးပြောပြချင်တာကအခုလိုဂမ္ဘီရလောကီပညာနယ်ပယ်မှာအင်းစမပညာအပြင်ဆက်နွယ်နေတဲ့သိသင့်သိထိုက်သိထားရမယ့်ဗဟုသုတတွေအများကြီးလေ့လာထားရမှာမို့မိမိအနေနဲ့မလွဲမသွေဗဟုသုတပြည့်စုံနေဖို့တော့လိုတယ်။

အင်းစမပညာရှင်ဖြစ်ဖို့ဆိုတာ ဆက်စပ်နေတဲ့အထက်ဆေး ခုလတ်ဆေး အောက်ဆေးဆိုတာခွဲခြားသိထားဖို့လိုမယ်။ နောက်ပြီးဆေးတော်ဆိုတာဘာလဲဘယ်လိုတွေနဲ့ဖေါ်စပ်ဆေးကြူးထားတာလဲသိဖို့လိုပြန်တယ်။နောက်ပြီးဆေးတော်နဲ့မင်ကြောင်ထိုးတဲ့ဓလေ့အစဉ်အလာတွေကိုလဲသိထားရမှာဖြစ်တယ်။မိမိကအင်းစမပညာတွေတတ်သိကျွမ်းကျင်တယ်ထာဦး တပည့်တစ်ယောက်ကသိလိုတဲ့အတွက်မေးလာတယ်ဆိုပါစို့ကိုယ်ကနကန်းတစ်လုံးမသိလေ့လာမှုမရှိရင်ပြောမပြတတ်ဘူးဆိုရင် စွယ်စုံပေါက်ဆရာဖြစ်မှာမဟုတ်ဘူး။

ဒါကြောင့်အင်းစမပညာနဲ့ယှဉ်တွဲနေတဲ့

အထက်ဆေးခုလတ်ဆေး အောက်ဆေးဆိုတာဘာလို့သိကိုသိထားရမယ်။

အဲဒါကြောင့်အမျိုးတို့ပညာလိုက်စားနေကြတဲ့အခါဗဟုသုတရစေချင်လွန်းလို့နေ့စဉ်ရက်ဆက်တင်ပေးနေတာကိုသဘောပေါက်လေ့လာကြဖို့ပဲဖြစ်တယ်။

ကဲ ဒါဆိုမနေ့ကအပိုင်းဆက်ပြောမယ် အောက်လမ်းဆေးမင်ကြောင် အကြောင်း အောက်လမ်းဆေးဖေါ်စပ်ရာမှာတော့ အင်မတန်ယုတ်ညံ့တာတွေပါဝင်တယ်။

ဗဟုသုတအနေနဲ့ပြောပြမယ်

ကိုယ်ဝန်ဆောင်မိန်းမ မီးမဖွားနိုင်ပဲ ( အစိမ်းသေ)ရဲ့ဆံပင် မီးဖွားတဲ့အခါသွန်လာတဲ့သွေး ဆွဲကြိုးချသေသူရဲ့ခန္ဓကိုယ်ကထွက်လာတဲ့အရေ လျှောမွေးသေ လူခြောက် နတ်ဝင်သည်ပန်သောပန်း

နတ်ဝင်သည်နတ်ပူးစဉ်ကိုင်တဲ့လက်ကိုင်ပန်း ပြည့်တန်ဆာမပန်တဲ့ပန်း အသုဘအလောင်းမှာပန်တဲ့ပန်း အမျိုးသမီးတွေလစဉ်ဓမ္မတာလာတဲ့ရာသီသွေး အပျိဖေါ်ဝင်စ ရာသီသွေး အရူးမရဲ့ရာသီသွေး ကဲတော်လောက်ပြီ ၊ ဆိုလိုတာကအဲဒီလိုယုတ်ညံ့အောက်တန်းကျတဲ့အရာတွေကိုပါဝင်ရောစပ်ထားတဲ့အောက်ဆေးတွေပေါ့။ဒီလိုဆိုရင်မင်ကြောင်စုတ်ထိုး စုတ်ပေါက်တဲ့အခါမှာရော ကိုယ်မှာ ခါးမှာ ရင်ဘတ်မှာ ပေါင်မှာ တင်ပါးမှာ ခြေသလုံးမှာ ခြေဖမိုးမှာ အင်္ဂါစပ်ဆီးခုံမှာယောင်္ကျား မိန်းမတွေဆေးမင်ကြောင်တွေထိုးထားကြတယ် ဒါကိုကြည့်ရင်မိစ္ဆာအောက်လမ်းဆေးမင်ကြောင်တွေပေါ့။ တစ်ချို့ဆိုစုန်း တွေ ကဝေတွေမှာအလွန်အပြစ်ကြီးတဲ့ပုံတွေပါထိုးနှံထားတာကိုယ်တွေ့တွေ့ဘူးတယ် ပုဏ္ဏကမျက်စောင်း ဘုရားပုံ ဂုဏ်တော်တွေ ဂါထာမန္တရားတွေ စမလေးလုံး ကြီးလေး ကြီတွေကို ခြေသလုံး ခြေဖမိုးမှာထိုးထားကြတယ် တစ်ဘဝစံတွေပေါ့။ ပုဂံ ပင်းယ အင်းဝ ရတနာပုံကုန်းဘောင်ခေတ်ကစပြီးဒီနေ့မျက်မှောက်ကာလထိတိုင်အောင် ရိုးရာဓလေ့အစဉ်အလာပဲဖြစ်ဖြစ် အလှအပအနေနဲ့ပဲဖြစ်ဖြစ်ယုကြည်မှုကြောင့်ပဲဖြစ်ဖြစ်အခုပြောပြတဲ့ဆေးမင်ကြောင်ဓလေ့ဟာဆက်လက်တည်ရှိနေဆဲဖြစ်တယ်။မြန်မာနိုင်ငံမှာထင်ရှားခေတ်စားဘူးတဲ့အကြောင်းတစ်ခုပြောပြရမယ်ဆိုရင် အင်္ဂလိပ်မျက်နှာဖြူတွေကိုတော်လှန်ပုန်ကန်ခဲ့တဲ့ဆရာစံကသူ့ရဲ့တော်လှန်ရေးတပ်သားတွေကို အုပ်စုခွဲ သတ်မှတ်ဖို့ ဂဠုန် ( က ) ဂဠုန် (တပ်ဖွဲ့ဝင်ဆိုပြီးဆေးမင်ကြောင်စုတ်ထိုးပြီးသတ်မှတ်ထားခဲ့တယ်ဆိုတာပါပဲ နောက်နေ့မြန်မာလူမျိုးတိုင်းရင်းသားတွေဆေးမင်ကြောင်စုတ်ထိုးကြတာတွေ

နဲ့ပတ်သက်ပြီးဗဟုသုတတွေကျန်နေသေးလို့ကျမ်းကုန်အထိစုံစေ့အောင်တတ်နိုင်သလောက်ပြေပြရဦးမယ်။ တကယ်အပြည့်အစုံဆိုရင်တော့စာအုပ်ရိုက်မယ်ဆိုရင်တစ်အုပ်စာလောက်များရှိမလားပဲ ဒါပေမယ့် အဓိကအနေနဲ့ဗဟုသုတရဖို့ပါပဲ။

ဆေးမင်ကြောင်စုတ်ထိုးတယ်ဆိုတာကာယကံရှင်ရဲ့ယုံကြည်စွဲလန်းမှု ဝါသနာပါမှု အပေါ်မှာမူတည်တယ်။

ဆေးမင်ကြောင်စုတ်ထိုးတာကို မြန်မာ့ဆိုရိုးစကားတောင်ရှိသေး ( အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည် စုတ်ထိုး ဤသုံးမျိုး ချက်မပိုင်လျှင် နောင်ပြင်ရန်ခက်သည့်အမျိုး ) လို့တောင်ရှိတယ်။

ကဲ ဆေးမင်စုတ်ထိုး ( ၆ ) မျိုးမှု ကိုအကြမ်းအားဖြင့်သတ်မှတ်လေ့လာကြည့်ရအောင် ၁ ဦးခေါင်းတွင်ထိုးခြင်း

၂ မျက်နှာတွင်ထိုးခြင်း( ပါးရဲ ခေါ် ပါမည်း ) ထိုးခြင်း ၃ ခါးအထက်ပိုင်း ( ရင်ဘတ် နှင့် ကျောပြင် ) ပေါ်ထိုးနှံခြင်း ၄ ခါးအောက်ပိုင်းထိုး နံခြင်း ၅ ပေါင် ဒူး ခြေသလုံး ခြေဖမိုးမှာထိုးနှံခြင်း ၆ လက်မောင်း လက်ဖျံ ပုခုံးစွန်း လက်ဖမိုး လက်ချောင်း လက်ခွကြားမှာထိုးနှံခြင်း စတာတွေဖြစ်တယ်။ များသောအားဖြင့် မျက်နှာမှာထိုးတဲ့သူတွေကတော့တိုင်းရင်းသူတွေများတယ် ကယား ကရင် ချင်း ဓနု မွန် တောင်ရိုး ယော တို့ဟာ ရိုးရာဓလေ့အနေနဲ့ဆေးမင်ထိုးတတ်ကြတယ်။ အဲဒါကို ( ပါးရဲထိုး ) ပါးမည်းထိုးထားတယ်လို့ပြောစမှတ်ရှိကြတယ်။

ဒူး ပေါင်တွေမှာထိုးကွင်မင်ကြောင်ထိုးတဲ့ဓလေ့ကတော့မြန်မာရခိုင်ရှမ်းအမျိုးသားတွေထိုးတတ်ကြတယ်။ထိုးကွင်းရှိမှယောင်္ကျားပီသတယ်လို့ဂုဏ်ယူတတ်ကြတယ် ထိုးကွင်းထိုးတာဟာပေါင်အရင်းကနေ ဒူးခေါင်းအုပ်အထိအလှအပအကွက်တွေနဲ့ထိုးထါးတာပေါ့။အဲဒီလိုစုတ်ထိုးတဲ့နေရာမှာလဲ ၂ ခွစုတ် ၃ ခွစုတ် ၄ ခွစုတ် ၈ ခွစုတ်၁၅ခွစုတ်အထိရှိတယ်။အဲဒီစုတ်ကြီးတွေကထိုးကွင်းထိုးတဲ့အခါအသုံးပြုကြတာပါ။ များသောအားဖြင့်တော့ဆေးပေါက်တဲ့အခါမှာ၂ခွစုတ်ပဲဆရာတွေအသုံများကြတာပေါ့။ ရတနာပုံခေတ်က

ရေးထိုးထားခဲ့တဲ့ ကျောက်စာတစ်ချပ်မှာ ခုလိုဆေးမင်ကြောင်စုတ်ထိုးတာနဲ့ပတ်သက်ပြီးတွေ့ရှိမှတ်သားခဲ့ရတယ်

( ကျောပြင် ရင်ဘတ် လက်ရုံးနဲ့ နဖူး ဆံစပ်ပါမကျန် နောက်ပြည့်အဆောင် မင်ကြောင်ဘီလူး ဂဠုန်နဂါး နယားကြောင် ကျား အိမ်မြှောင် ကြံဆောင် လောကနတ် မပြတ်အရွယ်စုံ ဥုံဗောဓိ မမဝိရောဟိရာ ၁၂၃၄၅၆၇ လှံကြီး လှံငယ်ဓါးကြီးဓါးငယ် ထိုးလျှင်ခွေ ခုတ်လျှင်ကျိုး တန်ခိုးရှိဆောင် ဆေးမင်ကြောင်ထိုး ~ ~ ~ ~ ~ ~ ) လို့ကမ္ဗျည်းကျောက်စာတင်ခဲ့ကြတယ်

အမျိုးတို့ဗဟုသုတတိုးပွါးကြပါစေ

( ဆက်ရန်ရှိသေး )

ဦးရာဇာ ( နဝင်းရောင်ခြည် )

17 – 6 – 2021 ဒီနေ့အတွက်ဗဟုသုတရစရာဆေးတော်ကြီးတွေကြူးတဲ့ဖေါ်စပ်တဲ့နေရာမှာ ပါဝင်ပေါင်းစပ်ရတဲ့ ပစ္စည်းအခေါ် အဝေါ်တွေအကြောင်းတစေ့တစေါင်းလေ့လာထားဖို့ဗဟုသုတအနေနဲ့တင်ပေးလိုက်တယ်ဗျား။

ဥပမာ အထက်ဆေးတွေဖြစ်တဲ့

သာသနာငါးထောင်ဆေးတော်

ဘုရားလေးဆူဆေးတော်

ဘုရားငါးဆူဆေးတော်

နတ်မင်းကြီးလေးပါးဆေးတော်

ဝိဇ္ဇာလေးပါးဆေးတော်

ပယောဂစက်ဖြတ်ဆေး

ပယောဂတန်ပြန်ဆေး

သူရသွတီဆေး

ဒေဝီဆေး အစရှိတဲ့ဆေးတွေမှာ သက်ဆိုင်ရာအင်းစမစီရင် ပြာပြုပြီး အဲဒီအင်းစမပြာတွေနဲ့ ပါဝင်ပေါင်းစပ်ဖေါ်ကြူးရတဲ့အထောက်အကူပြုပစ္စည်းတွေကိုသိဖို့လိုပြန်ရော ၊ တစ်ခါ ကျမ်းတွေ ပေစာတွေမှာတော့တိုက်ရိုက်မဟုတ်ပဲ စကားဝှက်ဆန်ဆန် အမည်နာမတွေနဲ့ရေးထားပြန်တော့မသိရင်ခက်တော့တာပေါ့။

ဒါကြောင့်ဆိုင်ရာဆိုင်ရာမှာအသုံးပြုနိုင်ရအောင် အမျိုးတို့လေ့လာသိရှိထားဖို့တင်ပေးလိုက်ပါတယ်

၁ သမိုင်းပေါင်း မြေကြီးတွင်ကပ်၍ပေါက်နေသောအပင်ငယ်များတွင် ဖွဲ့နေသော ပင့်ကူအိမ်အမြှေးအမျှင်များ ( သ ) ပျားစွဲသစ်ပင်နှင့် အခြားသောအနီးကပ်သစ်ပင်နှင့်ဆက်နွယ်နေသောပင့်ကူအိမ်အမြှေးများ

၂ သည်းခြေပေါင်း ကျား ဆိတ် မျောက် သင်းခွေချပ် ကြောင်နက်သည်းခြေ သပိတ်လွယ်ငှက် မိချောင်း နွားနက်မှာကိုက်တွယ်နေသောမွှား သစ်ပင်ခွကြားတွင်နေသောဖား ကျီးကန်း ဠင်းတပနီ ဗျိုင်း တို့၏သည်းခြေများ

၃ သီဟရာဇာ( ဆေးမင်းလေးပါး ) ဘုမ္မိရာဇာ ဧကရာဇာ ( ဧကရာဇ် ) ရာဇဝင် သီဟရာဇာ အပင်တို့၏အမြစ်များ

၄ မဟာဆီသုံးပါး လူဆီ ကျားဆီ မျောက်ဆီ

၅ မဟာနု လူနို့ရည်

၆ ဆေးရိုးကြီးခုနှစ်ပါး မင်းပေါင်း ဂမုန်းပေါင်း ပျံပေါင်း သိုက်ပေါင်း သမိုင်းပေါင်း ကြိတ်ပေါင်း ပန်းပေါင်း

၇ မဟာရှင်ခုနှစ်ပါး ခုနှစ်ရက်သားသမီးမိခင်တို့၏နို့ရည်

၈ မဟာစိမ်းခုနှစ်ပါး ခုနှစ်ရက်သားသမီးတို့၏လက်မောင်းသွေး

၉ မဟာတံဇဉ်း ကျွဲမည်း၏အသည်း

၁၀ ဂေါရာဇဉ်း နွား၏အသည်းတွင်တည်သောကျောက်

၁၁ မင်းသွေး ၁၀၀၀ အမျိုးသားများဆေးမင်ကြောင်စုတ်ထိုးရာမှ ထွက်သောသွေးကိုသုတ်ယူသောအဝတ်

၁၂ စွယ်ပေါင်း ဆင်မာန်စွယ် ဝံ မာန်စွယ် ကြောင်စွယ် ဝက်မာန်စွယ်

၁၃ ပျံပေါင်း ရှားပျံ ကျုတ်ပျံ ရှဉ့်မတက်ပျံ ငှက်ပျောပျံ ဇောင်းလျားပျံ မိုးနှံပျံ မြစ်ပျံဂမုန်း

၁၄ ကြီးပေါင် း( ကျည်းပေါင်း ) ကုက္ကိုကြီးပေါင်း သရက်ကြီးပေါင်း မကျည်းကြီးပေါင်းပိတောက်ကြီးပေါင်း

၁၅ ရွက်ပေါင်း ကြခတ်ဝါးရွက် သရက်ရွက် ဇလတ်နီရွက် သစ်ပင်ခွကြားတွင်ပေါက်နေသောညောင်ပင်၏အရွက်နု ဗုံလုံရွက်

၁၆ မြစ်လေးစင်း ကြက်ဆူရိုးနီမြစ် အုန်းမြစ် ထန်းမြစ် သူငယ်စာငှက်ပြောမြစ်

၁၇ မဟာဂမုန်း ဂမုန်းမြစ်ပျံ ဂမုန်းကြက်သွေး ဂမုန်းနက် ဂမုန်းနီ

၁၈ ဆေးလေးပါး ဆေးဒါန်း ကန့် ဒုတ္ထာ ဖုံးမသိမ်

၁၉ ဂမုန်းပေါင်း မြစ်ပြန်ဂမုန်း လဝန်းဂမုန်း ဂမုန်းနီ ဂမုန်းနက် ဂမုန်းဖြူ နနွင်းနက်ဂမုန်း ဂမုန်းကြက်သွေး ဂမုန်းပြသ၁ဒ် ဂမုန်းလိပ်မတွား ဖားဂမုန်း

၂၀ ဆေးသုံးပါး ဆေးကမြင်း ဆေးပုလဲ ဆေးသူယောင်

၂၁ အဆီကြီးငါးပါး ( ပထဝီဆီ ) မြက်မြေဇာဥ ( အာပေါဆီ ) ရေညှိ ( ဒေဝေါဆီ )ခေါ် ( အာကာသဆီ ) မိုးကြိုးသွား ( ဘုမ္မိဆီ ) ခြသံ / မိူ ( ရုက္ခဆီ ) သစ်ပင်အတွင်းမှရသောကျောက်

အမျိုးတို့ ဖတ်ရင်းနဲ့ပျင်သွားလောက်ပြီထင်တယ် မိမိကအင်းစမပညာလိုက်စားရင်းတတ်မြောက်လာတယ်ထားဦးဆက်နွယ်နေတဲ့ အတတ်ပညာအသိပညာ ဗဟုသုတတွေကြွယ်ဝသိရှိထားဖို့တော့လိုမယ် တစ်ချိန်မှာ ကိုယ်တပည့်တစ်ယောက်ယောက်ကများမေးလာခဲ့ရင် အီး အဲ ဒါကဟိုလို ဒီလိုလေ ဘာလား ညာလားယောင်ဝါးဝါးဖြစ်နေရင်ခက်ရချည့်သေး။

ဒါကြောင့် အမျိုးတို့ဗဟုသုတစွယ်စုံပေါက်အောင်စေတနာထါးတင်ပြပနေခြင်းသာဖြစ်ပါတယ်ဗျား

အမျိုးအဆွေတို့ ပညာဗဟုသုတများတိုးပွားကြွယ်ဝကြပါစေ

ဦးရာဇာ ( နဝင်းရောင်ခြည် )

18 – 6 – 2021

မင်္ဂလာပါအမျိုးတို့

ကျန်ခဲ့တဲ့ ဆေးဖက်ဝင်ဆေးပစ္စည်းအချို့ကိုထပ်ဖြည့်ပေးလိုက်တယ်

၂၂ နံ့သာငါးပါး နံ့သာဖြူ နံ့သာနီ ကရမက် အကျော် စန္ဒကူး ( သစ်မွှေး) တောင်တန်ကတိုး

၂၃ သိုက်ပေါင်း ကျီးသိုက် ဗျိုင်းသိုက် စာသိုက် ချိုးသိုက် ဠင်းတသိုက်

၂၄ ပန်းပေါင်း မဟာဂီရိနတ်ပန်း မင်းညီနောင်နတ်ပန်း မင်းဝေသူနတ်ပန်း သိကြားမင်းပန်း ( သိကြားမင်းရုပ်တုမှာဆင်လှူထါးသောပန်း )လက်ပံနီပန်း

၂၅ ကြိတ်ပေါင်း သပြေကြိတ် သရက်ကြိတ် ဆီး ( ဇီး ) ကြိတ် မကျည်းကြိတ် အုန္နဲကြိတ် သဖန်းကြိတ် ကုက္ကိုကြိတ် တို့ဖြစ်ကြတယ် ။

ဒါလေးတွေလဲ မှတ်ဖို့သိဖို့လိုတယ် တစ်ခါတုန်းက ဆရာမတစ်ယောက်ဟာသူ့တပည့်တွေကိုပြောတာကြာဖူးတယ် တပည့်က ဆရာမ စာအုပ်တစ်အုပ်မှာသမိုင်းပေါင်း သိုက်ပေါင်းဆိုတာဖတ်ရတယ် အဲဒါဘာကိုပြောတာလဲပေါ့

အော် ဒါလား သမိုင်းပေါင်းဆိုတာခေတ်အဆက်ဆက်ပေါ့ဘုရင်အကြောင်းတွေ ခေတ်အကြောင်းတွေ ဗြိတိသျှခေတ် ဂျပန်ခေတ်အကြောင်းတွေကိုရေးထားတာ သမိုင်းပေါင်းပေါ့ သိုက်ပေါင်းဆိုတာကလဲများသားလား ရှမ်းသိုက် ကရင်သိုက် မွန်သိုက် ကုလားသိုက် တွေအကြောင်းစုပေါင်းလိုက်ရင် အဲဒါသိုက်ပေါင်းပေါ့တပည့်ရဲ့ လို့ပြောဟောနေတာကိုယ်တွေ့ကြားဖူးခဲ့ရလို အဲဒီလိုမျိုးကိုယ့်အမျိုးတွေမဖြစ်စေရဘူး မှတ်သားလေ့လာထားကြပါစို့

Credit-ဦးရာဇာ ( နဝင်းရောင်ခြည် )

ဆေးမင်ကြောင်သည် လူ့ခန္ဓာကိုယ် အရေပြားပေါ်တွင် သေရာပါသည့်တိုင် စွဲစွဲမြဲမြဲ ထင်နေစေရန် စုတ် ၊ ဆူးချွန် အစရှိသည့် ကိရိယာများဖြင့် ဆေးရောင်သွင်းကာ ရုပ်ပုံများ၊ အမှတ်အသားများ၊ စာလုံးများနှင့် ပန်းကနုတ်များကို အလှအပ အလို့ငှာ ထိုးခြင်းဖြစ်သည်။

ယနေ့ခေတ် လူငယ်များသည် ဆေးမင်ကြောင်ကို မိမိတို့၏ ခန္ဓာကိုယ်တွင် နှစ်ခြိုက်စွာ ဆေးခြယ်လာကြသည်ကို တွေ့ရှိနေရသည်။ ကျား၊ မ မရွေး အလှအပအဖြစ် မိမိကိုယ်တွင် ရေးထိုးလာကြသည်။ ဆေးမင်ကြောင်ထိုးခြင်းသည် မြန်မာ့ အနုပညာလောကတွင် ၂၀၀၀ ပြည့်လွန်နှစ်များမှ စတင်၍ ခေတ်စားလာသည်။

ဆေးမင်ကြောင်ထိုးကြရာတွင်

အထိမ်းအမှတ်အဖြစ် ထိုးနှံခြင်း၊

အလှအပအဖြစ် ထိုးနှံခြင်း၊

စွဲလမ်းမှုကို အခြေခံ၍ အဆောင်အဖြစ် ထိုးနှံခြင်း၊

ရိုးရာဓလေ့အရ ထိုးနှံခြင်းတို့ ဖြစ်ကြသည်။

ဆေးမင်ကြောင်ထိုးခြင်းကို ပေါ်လီနေးရှင်းလူမျိုးများက စတင်ခဲ့ပြီး ၎င်းလူမျိုး၏ ဘာသာစကား Ta Tau မှ အင်္ဂလိပ်လို Tattoo သို့ ပြောင်းလဲ ဆင်းသက်လာခြင်း ဖြစ်သည်။ ဆေးမင်ကြောင်ကို အစောဆုံး တွေ့ရှိရသည့် သက်သေ အထောက်အထားမှာ ဆိုက်ဘေးရီးယားရှိ ရေခဲပြင်မှ တူးဖော်ရရှိသော ဆေးမင်ကြောင်ရုပ်ပါ ရုပ်အလောင်းဖြစ်သည်။

၎င်းရုပ်အလောင်းသည် ဘီစီ ၅ ရာစုမှ ရုပ်အလောင်းဖြစ်ပြီး လန်ဒန်မြို့ရှိ ဗြိတိသျှပြတိုက်တွင် ပြသခဲ့ဖူးသည်။ အီဂျစ်နိုင်ငံတွင်မူ ၁၅ ရာစုခန့်က ဆေးမင်ကြောင် အတတ်ပညာ ပေါ်ထွန်းခဲ့သည်ဟု အထောက်အထားများ တွေ့ရှိရသည်။

ဗြိတိသျှတို့က ဆေးမင်ကြောင်ကို အပျော်တမ်းသဘော၊ အလှအပ သဘောဖြင့် ထိုးနှံလေ့ရှိကြသည်။ ဟာရိုလ်ဘုရင်ကြီး၏ ဘယ်ဘက်ရင်အုံ၌ Edith ဟု ထိုးခဲ့သည်။ သတ္တမမြောက် အက်ဒွပ်ဘုရင်သည်လည်း ဝေလမင်းသား ဘဝကပင် ဆေးမင်ကြောင်ထိုးခြင်းကို ဝါသနာပါကာ တစ်ကိုယ်လုံးတွင် ဆေးမင်ကြောင် ထိုးနှံခဲ့သည်။

ပဉ္စမမြောက် ဂျော့ဘုရင်နှင့် စစ်သေနာပတိဟောင်းကြီး မောင့်ဂိုမာရီတို့သည်လည်း ၎င်းတို့၏ ကိုယ်ပေါ်တွင် နဂါးရုပ်နှင့် လိပ်ပြာရုပ်များ ထိုးခဲ့သည်။ ဒိန်းမတ်ဘုရင်ကြီး ဖရက်ဒရစ်သည် ၎င်း၏ ကိုယ်ခန္ဓာတွင် တစ်ကိုယ်လုံးအနှံ့ ဆေးရောင်စုံ အရုပ်များ ထိုးနှံခဲ့ခြင်းကြောင့် ဆေးမင်ကြောင် ပြခန်းကြီးဟု ဖရက်ဒရစ်ဘုရင်ကို ချီးကျူးခဲ့ကြသည်။

ဂျပန်လူမျိုးတို့တွင် ဆေးမင်ကြောင် ထိုးသည့်ဓလေ့မှာ အနုပညာပိုဆန်ပါသည်။ ဂျပန်လူမျိုးတို့ ထိုးနှံလေ့ရှိသော အရုပ်များမှာ ရိုးရာဓလေ့နှင့် ရှေးဟောင်း သမိုင်းဝင် ဇာတ်ကောင်များ၏ ပုံသဏ္ဌာန် အမျိုးမျိုး ပါဝင်သည်။ လူ့အလုံးအရပ်နှင့်ညီသော လူစွမ်းကောင်းပုံများ၊ ဘီလူးသဘက်ပုံများ၊ နဂါးရုပ်များအပြင် သစ်ပင်ပုံ၊ ငှက်ပုံ၊ ငါးပုံ၊ ပန်းပုံများ ထိုးနှံလေ့ရှိကြသည်။

၁၉ ရာစုနှစ်တွင် ဂျပန်နိုင်ငံ၌ ဆေးမင်ကြောင်ထိုးခြင်းကို ဥပဒေဖြင့် ပိတ်ပင်ခဲ့သော်လည်း ပပျောက်သွားခြင်း မရှိပေ။ ငွေကုန်ကြေးကျခံကာ လပေါင်းများစွာ သည်းခံပြီး ကြိုးစားပမ်းစား အနုစိတ် ပြီးစီးအောင် ထိုးနှံလေ့ရှိသည်ကို တွေ့ရသည်။ ဂျပန်နိုင်ငံရှိ ယာကူဇာဂိုဏ်းဝင်များသည် ဆေးမင်ကြောင် ထိုးလေ့ရှိသည်။

ဒုတိယကမ္ဘာစစ်အတွင်း နာဇီ စစ်အကျဉ်းစခန်းရောက် အကျဉ်းသားများအနက် ကိုယ်ခန္ဓာတွင် ဆေးမင်ကြောင် ထိုးထားသူများသည် အခြားသော အကျဉ်းသားများထက် ပိုမို ကံဆိုးခဲ့ကြသည်။ အကြောင်းမှာ

အကြောင်းမှာ အကျဉ်းစခန်း အရာရှိများသည် အကျဉ်းသားများ၏ ရင်ဘတ်နှင့် ကျောပြင်မှ ဆေးမင်ကြောင်ရုပ်များကို အရေခွံခွာယူပြီး မီးအုပ်ဆောင်း လုပ်ခဲ့ကြဟု သိရသည်။

မလေးရှားလူမျိုးတို့သည် ဆေးမင်ကြောင်ကို တင်ပါးတွင် ထိုးနှံကြပြီး ဆေးမင်ကြောင်မှာ အရုပ်များ မဟုတ်ပဲ လှပဆန်းကြယ်သည့် ပန်းကနုတ် ဒီဇိုင်းများ၊ အကွက်များ ဖြစ်ကြသည်။ ထိုင်ဝမ် မြောက်ပိုင်းဒေသတွင် နေထိုင်ကြသည့် ထိုက်ရာလူမျိုး လူငယ်များကမူ လူလားမြောက် အရွယ်ရောက်ခြင်း အထိမ်းအမှတ်အဖြစ် မျက်နှာတွင် ဆေးမင်ကြောင်ထိုးလေ့ရှိသည်။ ယောက်ျားလေးများမှာ နဖူးနှင့် မေးတွင် လည်းကောင်း၊ မိန်းကလေးများမှာ နဖူးနှင့် ပါးနှစ်ဘက်တွင် လည်းကောင်း ထိုးနှံကြသည်။

ဥရောပတိုက်တွင် ရှေးခေတ်အခါက ဂျာမန်လူမျိုး၊ ဂေါလလူမျိုးများနှင့် အင်္ဂလန်ကျွန်းသား တိုင်းရင်းသားများတွင် ထိုးကွင်းထိုးသော ဓလေ့ ရှိခဲ့ဖူးသည်။ မြောက်အမေရိကမှ အင်ဒီယန်းလူမျိုးများသည်လည်း ကလေးအရွယ်မှ စတင်ပြီး ထိုးကွင်း ထိုးနှံလေ့ရှိသည်။ ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ ကျွန်းများပေါ်မှ ပေါ်လီနေးရှင်းလူမျိုး၊ မာအိုရီလူမျိုး၊ မာကေဆလူမျိုး ကျွန်းသားများမှာလည်း ယောက်ျားရော မိန်းမပါ ဆေးမင်ကြောင်ထိုးနှံကြသည့် ရှေးရိုးအစဉ်အလာရှိသည်။

ဆော်လမွန်ကျွန်းသူ မိန်းကလေးများမှာမူ မျက်နှာနှင့် ရင်ဘတ်၌ ဆေးမင်ကြောင် ထိုးပြီးမှသာ အိမ်ထောင်ပြုနိုင်သည်။ ဖော်မိုဆာကျွန်းသူများမှာလည်း ထိုနည်းတူ လက်ထပ်ပွဲ မကျင်းပမီ မျက်နှာ၌ ဆေးမင်ကြောင် ထိုးနှံကြရသည်။ နယူးဂီနီကျွန်းမှ ပါပူအန် အမျိုးသမီးများမှာ လက်မထပ်မီ မျက်နှာကို ချန်ကာ တစ်ကိုယ်လုံးအနှံ့ ဆေးမင်ကြောင် ရေးခြယ်ထိုးနှံပြီး မင်္ဂလာပွဲ ကျင်းပသောအခါတွင် မျက်နှာကို ဆေးမင်ရည် စုတ်ထိုးကြရပြန်သည်။အင်္ဂလန်နှင့် အနောက်ဥရောပတွင် ၁၇ ရာစုအထိ ဆေးမင်ကြောင်ကို မမြင်ဖူးခဲ့ကြပေ။

ဥရောပတိုက်သား ဒမ်ပီယာ ဆိုသူသည် ထိုးကွင်းထိုးသော ပစိဖိတ်တောင်ပိုင်း ကျွန်းသားများကို ခေါ်ယူ၍ ပြပွဲပြခဲ့ဖူးသောကြောင့်သာ ဆေးမင်ကြောင်ကို တွေ့မြင်ကြရခြင်းဖြစ်သည်။ ဩစတေးလျမှ သိုးမွေးသော သူဌေးတစ်ဦးသည် သူ၏ သေတမ်းစာကို ကျောပြင်တွင် ရေးထိုးခဲ့ဖူးသည်ဟု မှတ်သားရသည်။

ပထမကမ္ဘာစစ် မတိုင်မီနှစ်များနှင့် စစ်အတွင်းကာလ၌ သူလျှိုများသည် ဆေးမင်ကြောင်ထိုးသော ပညာကို အသုံးချခဲ့ကြသည်။ ရန်သူ၏ အရေးကြီးသော ခြေကုတ်စခန်းများကို စက္ကူတွင် ရေးဆွဲ ယူဆောင်ရန် မလွယ်ကူသောကြောင့် ဦးခေါင်းကို ပြောင်အောင် ရိတ်ကာ လျှို့ဝှက်မြေပုံများကို စုတ်ဖြင့် ရေးထိုး၍ ဆံပင်ရှည်အောင် ထားပြီးမှ ကိုယ့်နိုင်ငံသို့ ပြန်သွားကြသည်ဟု သိရသည်။ ကမ္ဘာပေါ်တွင် လူမျိုးအသီးသီးတို့သည် အလှအပ အလို့ငှာ ဆေးမင်ကြောင် ထိုးနှံကြသည်လည်း ရှိကြသည်။

ကမ္ဘာအရပ်ရပ်ရှိ ယဉ်ကျေးသည့် လူမျိုးများ၌ဖြစ်စေ၊ မယဉ် ကျေးသေးသည့် လူမျိုးများ၌ဖြစ်စေ ထိုးကွင်းထိုးခြင်း အလေ့အထ အနည်းနှင့်အများရှိသည်ကို တွေ့ရသည်။ အထူးသဖြင့် ထိုးကွင်းထိုးခြင်းအလေ့အထသည် ရှေးရိုးဆန်သော လူမျိုးများတွင် စွဲမြဲနေလေသည်။ ထိုးကွင်းထိုးခြင်းသည် အသားရေပေါ်တွင် အနီအနက်စသည့် ဆေးရောင်များကို ချွန်ထက်သော ဆေးထိုးစုတ်တံဖြင့် ထိုးနှံခြင်းဖြစ်သည်။ ယခုအခါ ထိုးကွင်းထိုးခြင်း အလေ့အထသည် တစ်နေ့တစ်ခြား နည်းပါးသွားခဲ့ပါပြီ။

ထိုးကွင်းထိုးခြင်း အလေ့အထသည် ရှေးအခါက အလွန် ခေတ်စားခဲ့သည်။ တစ်ကြိမ်တစ်ခါက ဂျပန်နိုင်ငံတွင် များစွာ ခေတ်စားခဲ့သည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း အလွန်ခေတ်စားခဲ့သော ဓလေ့တစ်ခုဖြစ်သည်။ ရှေးခေတ် ဂျပန်လူမျိုးများ နှင့် ရှေးခေတ် မြန်မာလူမျိုးများသည် ကိုယ်ပေါ်တွင် ထိုးကွင်း ဆေးရုပ်များကို ထိုးနှံခဲ့ကြသည်။

ထိုနည်းတူစွာ ပေါ်လီနီးရှင်းလူမျိုး၊ မာအိုရီလူမျိုးနှင့် မာကေဆကျွန်းသားများသည်လည်း ထိုးကွင်းထိုးခြင်း အလေ့အထကို အထူးသဖြင့် ပြုလုပ်ခဲ့ကြသူများဖြစ်သည်။ ယခုခေတ်တွင် အင်္ဂလိပ် အမေရိကန် စသော အနောက်တိုင်းသားလူမျိုးများ၌ပင် ဆေးရုပ်ထိုးနှံခြင်း အလေ့အထသည် လုံးဝပျောက်ကွယ်သွားခြင်းမရှိသေးပေ။

အထူးသဖြင့် စစ်သားများတွင် ယင်းအလေ့အထကို အများအပြားတွေ့ရသည်။ ထိုးကွင်းထိုးခြင်းကို စစ်ပွဲတွင် သတ္တိရှိခြင်း အမှတ်အသား အဖြစ်ဖြင့်၎င်း၊ ရန်သူများ ကြောက်လန့်သွားစေရန်၎င်း၊ အလှအပအဖြစ်ဖြင့်၎င်း ရည်ရွယ်၍ ပြုလုပ်ကြသည်။ တစ်ခါတစ်ရံ ဘာသာရေးကြောင့် ထိုးကွင်း ထိုးကြ၏။ အချို့လူမျိုးများသည် ကား ဝမ်းနည်းသည့် အထိမ်းအမှတ်အဖြစ်ဖြင့် တသက်တွင် မမေ့နိုင်အောင် ထိုးကွင်းထိုးကြသည်။

ရှေးအခါက မြန်မာလူမျိုးများသည် ခါးမှစ၍ ဒူးဆစ်အထိ ထိုးကွင်းထိုးသည့် အလေ့အထရှိခဲ့သည်။ ဆေး၏အရောင်မှာ အနက် သို့မဟုတ် နက်ပြာဖြစ်သည်။ ထိုသို့ ထိုးကွင်းထိုးရာ တွင် မြန်မာလူမျိုးများသည် ကြောင်ရုပ်များကိုလည်း ထိုးလေ့ ရှိခဲ့ကြသဖြင့် မင်ကြောင်ဟုလည်း ခေါ်ကြသည်။ ဘယ်ပေါင်တွင်ကြောင်အတက်၊ ညာပေါင်တွင်ကြောင်အဆင်းထိုးလေ့ရှိကြသည်။ သို့မဟုတ်အိမ်မြှောင်အတက်အဆင်းထိုးလေ့ရှိကြသည်။

ရှေးမြန်မာ လူမျိုးများသည် အကြမ်းပတမ်း လုပ်ကိုင်ရာတွင်လည်းကောင်း၊ စစ်ထွက် သည့်အခါတွင်လည်းကောင်း၊ အောက်ပိုးကျိုက်ခြင်း ပြုလုပ်လေ့ရှိကြ သည်။ ယင်းသို့ အောက်ပိုးကျိုက် လုပ်သည့်အခါတွင် အမြင် လှပတင့်တယ်စေရန်လည်းကောင်း၊ ယောကျာ်းပီသခြင်းကို ပြသလို၍လည်းကောင်း ခါးမှ ဒူးဆစ်အထိ ထိုးကွင်းထိုးနှံကြလေသည်။

ရှေးခေတ်က ထိုးကွင်းမရှိသော ယောကျာ်းသည် ယောကျာ်း မပီသဟု ယူဆခဲ့ကြသည်။ တောင်ငူမင်းနတ် သျှင်နောင်၏ ညီတော် မင်းရဲကျော်စွာသည် ထိုးကွင်းထိုးနှံခြင်း မရှိသဖြင့် နောင်တော်နတ်သျှင်နောင်က သူ၏ ရတုစာတော်အချို့တွင် ညီတော်မင်းရဲကျော်စွာအား ရည်ငံရင်းရှိသည့် မင်းသမီးက ပြက်ရယ်ပြုလေဟန် အောက်ပါအတိုင်း ရေးစပ်ဖွဲ့ဆိုခဲ့ဘူးသည်။

‘ဖြိုးမောက်မသင့်၊ ပတ်မမြင့်တည့်၊ ရှေ့နှင့်နောက်သာ၊ နံမှာ ဖြူရောင်၊ သလင်းတောင်ကို၊ မည်းအောင်ဖြည့်လေ၊ ပြည့်မှစေ လော့၊ မြင်ချေသည်မူ၊ ခြောက်ပြည်သခင်၊ နေလုလင်လည်း၊ သို့စင်လွန်ကဲ၊ တင့်မည်ခဲစွ၊ မင်းရဲကျော်စွာ၊ မည်သာလွှင့်ပေါ်၊ မင်သေ့သော်မူ၊ နံတော်နှစ်ဘက်၊ စွန်းမစက်သည်၊ မရှက် ပတ်လည် ဝေးသေးသည်။’

အချို့သောသူများသည် ပေါင်တွင် ကြောင်ရုပ် ငှက်ရုပ်၊ လက်ဖျံ၊ ပခုံးနှင့် လည်ကုပ်ပေါ်တွင် အိမ်မြောင်ရုပ်၊ လူရုပ်နှင့် ဝလုံး၊ ရင်ညွန့်တွင် နငယ်ကွင်းပိတ်၊ လက်ခုံတွင် ပင့်ကူရုပ် အစရှိသည်တို့ကို အဆောင် အဖြစ်ဖြင့် ထိုးနှံလေ့ရှိကြသည်။ ယင်းသို့ ဆေးရုပ်များ ထိုးနှံခြင်းကို မင်ကြောင်ထိုးခြင်းဟုခေါ် သည်။ အဆောင်အဖြစ်ဖြင့် မင်ကြောင်ထိုးခြင်းကို ကုန်းဘောင် ခေတ်ပေါ် ပြဇာတ်ဆရာကြီး ဦးကြင်ဥ၏ ပါပဟိန်ပြဇာတ်တွင်

‘ရောသည်တစ်ခါ၊ ခိုင်မာစေ့စပ်၊ မြို့သစ်တပ်ကို၊ ကြပ်ကြပ်ခြေ စုံ၊ ရပ်တဲ့လို့ ခုန်တော့မည်။ စက်စုံ အပ်မြှုပ်၊ လည်ကုပ်ကငုံး၊ ပခုံးဆံစပ်၊ ပိုးဟပ်တသွယ်၊ ဒေါင်းလည်ပြန်ပေါင်၊ ကြောင်ရင်း ဒါလီ၊ ဇော်ဂျီလက်ယာ၊ ဝိဇ္ဇာလက်တွဲ၊ ဖရုံဆွဲကျား၊ တင်ပါးက မျောက်၊ ခါးကောက်ဘီလူး၊ နဖူးပင့်ကူ၊ တက်တူ လက်ညိုး၊ ပါးရိုးအိမ်မြောင် ဆိုခဲ့ပြီး ဂုဏ်ဟိတ်၊ ဆေးကျားကြောင်အအိပ် နှင့် ရိုးရိပ်မျှ မမြင်အောင်၊ ဝိုင်းဆိုတိုင်း ချပ်ပိတ်က လူခြေ တိတ်သန်းခေါင်၊ ပတ်မိုးမှောင် ချတော်မူစမ်း။’ ဟု ရေးသားဖော် ပြထားသည်။

အချို့ကလည်း လက်မောင်း၊ ရင်ပတ်၊ ကျောပြင်၊ ပေါင်တံ နှင့် တကိုယ်လုံး နေရာအနှံ့အပြားတွင် ဆေးနီ ဆေးနက် မင်ကြောင်ရုပ်များ၊ စာနီ၊ စာနက် စမအက္ခရာများ၊ အင်းများကို ကာယသိဒ္ဓိအလို့ငှာ၎င်း၊ ပီယသိဒ္ဓိ အလို့ငှါ လည်းကောင်း၊ အလှအပသက်သက် အလို့ငှါ လည်းကောင်း ထိုးနှံလေ့ရှိကြသည်။ ယင်းသို့ ထိုးနှံခြင်း ကို ကျည်းကန်ရှင်ကြီး မေတ္တာစာတွင်

‘မင်နက်မင်နီ၊ မဟာ ဆီတို့ဖြင့်၊ ပလီပြီပြင်စွာ၊ သာမဏေကျော် သီရိစက်၊ ကပတ် ကွက် သရေကြာ၊ ကတ္တရာနှင့် စမ္ပာနဝဘီလူးခက်၊ အက္ခရာ လေးလုံး၊ ဝါကြိတ်လိမ်အမျက်၊ ဂဏန်းတွေ အဆင်းအတက်၊ ဂါထာမန္တာန်တွေရံလျက်၊ အင်းကွက်ပုံ အသေအခွေတွင်၊ ဆင် သွား မြင်းသွား၊ ဗိုလ်သွား ရထားတိုက်၊ အလိုက်သင့်အနေ အစုံတွင် ဘက်လက်၍၊ လက်ဝဲဘက်ကား ကျားညီနောင်၊ လကျာ်ပေါင်မှာ အိမ်မြောင်တွေ အဆင်းအတက်၊ နားရွက်မှာ လိပ်ပြာတောင်၊ ထိပ်ပြောင်မှာ ကြက်ခြေရစ်၊ အဆစ်ဟူသမျှမှာ သုညတွေအလုံးလုံး၊ ပခုံးနှင့်လည်ကုပ်မှာ၊ အဋ္ဌမုတ် ဆယ့်နှစ် ခွင်၊ ကျောပြင်မှာ စမ္ပာနဝပြာသာဒ်၊ အာစပ်နှင့် နှုတ်ရေးမှာ ဧသာဥတ္တိအပြန်အလှန်၊ ဆံစပ်မှာ တိလောမာလောဇာ၊ မြင် ကောင်းရာဟူသမျှ တစ်ခါင်မှာ၊ အင်းစီးကျား တဟုန်းဟုန်း၊ သားလုံးနှစ်ဘက်က တက်ကြဟန် သက်ကြဟန်၊ မျောက် ကလေးတွေစီရရီ၊ လက်ဖျံမှာ ဆေးနီနင့် စာကြောင်းတွေ့၊ နေ ဝင်ကြောင် မှိုင်းကြောင်၊ ခိုးကြောင် တိုးကြောင်၊ သဲကြောင် ဗားမဲ့ကြောင်၊ ခါးပတ်ကြောင် ခါးပြတ်ကြောင်၊ မိုးမှောင်ကျ ကြောင်ပက်လက်၊ စားခွက်နှိုက် သံလျက်ကိုက်၊ မြီးချင်းဆိုက် ခေါင်းချင်းတိုက်၊ အရွေလိုက် ကြောင်အလွန်၊ ဂဝံပုတီး၊ ကျား ဘီလူးကြီး၊ အင်းစီးပြည်လုံးမွှေ၊ ကေသရာဇာ တံခွန်စိုက်၊ ထိုက်ဖလို့ကြောင်၊ သူကောင်ချီ ကြောင်ဒါလီ၊ ညောင်ဘီလာ ယဝ၊ ကိုးလုံးဝ အထွေထွေ၊ အခြည်အကွင်းတို့ကို ကိုယ်တွင်း ပြည့် အထပ်ထပ်၊ ဒရစပ် တင်းကျမ်း၊ အလျှမ်းသား စိတ်ရှိနှံ၍’ဟု ရေးသားထားသည်။

ကုန်းဘောင်ခေတ်ဦး အချိန်ကတည်းက ရှေးမြန်မာများ ထိုးကွင်းမင်ကြောင် ထိုးသည့်ဓလေ့ ရှိနေနှင့်ပြီလို့ မှန်းဆရသည်။ ကုန်းဘောင်ခေတ်ဦး နံရံဆေးရေးပန်းချီနှင့် ပုရပိုက်များတွင် တွေ့နိုင်သည်။ အကြမ်းအားဖြင့် ထိုးကွင်း နှင့် မင်ကြောင်ဟု နှစ်မျိုးခွဲခြားနိုင်သည်။ အလှအပအနေဖြင့်ထိုးကွင်းထိုးခြင်း ၊ သိဒ္ဓိတင် ပီယမြောက် အဆောင်အဖြစ် မင်ကြောင်ထိုးခြင်း ရည်ရွယ်ချက် နှစ်မျိုးရှိသည်။

ထို့နောက် မြန်မာနိုင်ငံတွင် ကုန်းဘောင်ခေတ်နှောင်းမင်းများလက်ထက်၌ လူ့ခန္ဓာကိုယ်ပေါ်တွင် အမှတ်အသားပြုမှုကို ဆေးမင်ကြောင်ထိုးနှံ၍ အမှတ်အသားပြုလေ့ရှိကြောင်း အမှတ်အသားမှာ နှစ်မျိုးရှိပြီး အကောင်းဘက်ရော အဆိုးဘက်တွင်ပါ သုံးခဲ့ကြောင်း သိရသည်။ ထိုခေတ်အခါက ခိုးသားဓားပြများကို အဆုံးစီရင်လေ့ရှိပြီး အဆုံးစီရင်မခံရသည့် ခိုးသား ဓားပြများကို နဖူးတွင် ‘ဓားပြ’ဟူ၍ လည်းကောင်း၊ ‘သူခိုး’ဟူ၍ လည်းကောင်း၊ လက်ဖျံတွင် ‘နောက်မဆိုးနဲ့’ ဟူ၍လည်းကောင်း ဆေးမင်ကြောင် ထိုးလွှတ်ပြီး အဆိုးဘက်တွင် အမှတ်အသားဖြင့် အသုံးပြုခဲ့သည်ဟု သိရှိရသည်။

ထိုမြန်မာမင်းများ လက်ထက်တွင် အမြဲတမ်း တပ်မတော်ဖွဲ့စည်းခြင်း မရှိခဲ့သော်လည်း ကုန်းဘောင် ခေတ်နှောင်းပိုင်းတွင် အမြဲတမ်း တပ်အချို့ ဖွဲ့စည်းထားခဲ့သည်။ လွှတ်ရုံးနှင့် ရွှေနန်းတော်အတွက် လတ်တလော အသုံးမပြု လိုသည်များမှာ လယ်ယာကိုင်းကျွန်း လုပ်ကိုင်စားသောက် နေထိုင်ကြရသည်။

ယင်းတို့ကို အစုအဝန်းဖြင့် သတ်မှတ်ထားရာ မင်းမှုထမ်းတို့ လည်ကုပ်တွင် ဆေးထိုးကာ အမှတ်အသား ပြုထားသဖြင့် ‘ဆေးထိုးထမ်း’ ဟူ၍ခေါ်သည်။ သေနတ်စွဲ အမှုထမ်းတို့မှာလည်း လည်ကုတ်၊ လက်ဖမိုးတို့ပေါ်၌ ‘နတ်ဘီလူး လက်ယာသံလျက်ထမ်း’ ခြင်္သေ့ရုပ်များ ဆေးတော် ရေးမှတ်ထားကြသည်။

Credit: Aye Aye Cho

https://www.facebook.com/groups/history.generalknowledge/posts/1666378133849364/