ရန်လိုရွံမုန်းစကားများနှင့် လူတစ်ဦးတစ်ယောက်ချင်းစီ၏တာဝန် – Stop the Hate Newsletter – Vol IV

kaiSeptember 30, 20231min24190

ရန်လိုရွံမုန်းစကားများနှင့် လူတစ်ဦးချင်းစီ၏ တာဝန်ကျနော်တို့လူသားတွေအဖို့ ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည်မှာပဲဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်မှာပဲဖြစ်စေ ခံနိုင်ရည်ရှိမှုဟာ အကန့်အသတ်ရှိပါတယ်။ ခက်ခဲမှုတွေ၊ရုန်းကန်ရမှုတွေ၊ခွဲဆက်ဆံခံရမှုတွေနဲ့ ရန်လိုရွံမုန်းခြင်းစကားတွေ ပြောဆိုခံရမှုတွေနဲ့ ကြိမ်ဖန်များစွာကြုံတွေ့ရင်ဆိုင်လာရတဲ့အခါ အချိန်တွေ ကြာလာတာနဲ့အမျှ ဒီအဖြစ်အပျက်တွေဟာ တုန်လှုပ်ဖွယ်အိပ်မက်ဆိုးကြီးတစ်ခုလို သက်ရောက်ခံစားလာရတတ်ပါတယ်။ဒီအဖြစ်ပျက်တွေ၊အကြောင်းအရာတွေကို မကြာခဏပြန်တွေးမိနေတာမျိုးပဲဆိုပါတော့။

ဒီအတွက်ကျနော်တို့ ဘယ်လိုရှောင်ရှားကြမလဲ၊ဘယ်လိုလျော့ချကြမလဲနဲ့ ရန်လိုရွံမုန်းခြင်းစကားတွေနဲ့ ခွဲခြားဆက်ဆံမှုတွေလျော့ကျသွားတဲ့ လူ့ပတ်ဝန်းကျင်နဲ့ လူသားကမ္ဘာဖြစ်လာစေဖို့အတွက် ရန်လိုရွံမုန်းခြင်းစကားပြောဆိုသူတွေနဲ့ ခွဲခြားဆက်ဆံသူတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ရမှာပါ။ဒါဟာ လွယ်ကူတဲ့အရာမဟုတ်တာသေခြာပေမဲ့ ကျနော်တို့အနေနဲ့ ကျနော်တို့ကိုယ်တိုင် လုပ်ဆောင်နိုင်တဲ့အချပ်တစ်ချက်တော့ အသေအချာရှိနေပါတယ်။ ဒါဟာ ဘာလဲဆိုရင် မိမိကိုယ်တိုင်ကစပြီး ရန်လိုရွံမုန်းခြင်းစကားတွေနဲ့ခွဲခြားဆက်ဆံခြင်းကို မပြုလုပ်ဖို့ပါပဲ။

တစ်ခါတုန်းက ကျနော်ဟာ ကာလီဖိုးနီးယားမှာ လမ်းပျောက်ခဲ့ပါတယ်။ ကျနော်နေထိုင်ရာ အခန်းကနေ လမ်းလျှောက်ထွက်လာပြီး အိမ်အပြန်မှာတော့ လမ်းမမှတ်မိတော့ပါဘူး။ အမေရိကကိုစရောက်ခါစ ကျနော့်မှာ အင်တာနက်လည်းမရှိသလို မိုဘိုင်းဖုန်းဆက်သွယ်မှုလည်း မရှိသေးပါဘူး။ ဒီတော့ ဘယ်သူ့ကိုမှ အဆက်အသွယ်လုပ်လို့မရ ဘယ်ကိုသွားရမှန်းမသိဖြစ်နေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ပေရေစုတ်ခြာနေတဲ့ အဝတ်အစားတွေဝတ်ဆင်ထားပြီး လက်တွန်းလှည်းတစ်ခုကို တွန်းလာတဲ့ ထွားထွားကျိုင်းကျိုင်း လူမည်းအမျိုးသားတစ်ဦးဟာ ကျနော့်နားကို ချဉ်းကပ်လာပြီး ပိုက်ဆံတောင်းပါတယ်။ကျနော်က မရှိကြောင်းပြောတဲ့အခါ ကျနော့်ကို စူးစူးရဲရဲစိုက်ကြည့်ပြီး ‘fu*k’ဆိုပြီးခပ်တိုးတိုးလေးရေရွတ်လိုက်ပါတယ်။ ပြီးတော့’ထွီ’ကနဲ တံထွေးထွေးပြီး ဘာတွေမှန်းမသိတဲ့ ကျနော်နားမလည်တဲ့စကားတွေကို အသံကျယ်ကြီးနဲ့အော်ဟစ်ပြောဆိုပါတော့တယ်။ အဲ့ဒီပတ်ဝန်းကျင်မှာ အခြားလူသွားလူလာတွေလည်းရှိနေကြပါတယ်။ ဒီတော့ကျနော်လည်း နေရာကနေ ခတ်သုတ်သုတ်လမ်းလျှောက်ထွက်လာခဲ့တော့ အဲ့ဒီအိမ်ရာမဲ့ အမျိုးသားဟာ သူ့ရဲ့လက်တွန်းလှည်းကြီးကို ဒေါသတကြီးတွန်းရင်း ပါးစပ်ကလည်းကျယ်လောင်စွာ အော်ဟစ်ပြောဆိုရင်းထွက်ခွာသွားပါတော့တယ်။ဒါက အမေရိကမြေကမှာ ပထမဆုံးရန်လိုရွံမုန်းခြင်းစကားကို ကျနော်ကြားလိုက်ရတာပါ။ ပြီးတော့ကျနော် စွပ်ကျယ်လက်ပြတ်နဲ့ တစ်ကိုယ်လုံးအရုပ်တွေထိုးထားတဲ့ လူဖြူတစ်ယောက်နဲ့ ဆုံတဲ့အခါ ကျနော်နေတဲ့ မွန်ထရေးပတ်ခ်ကို ဒီကနေဘယ်လိုသွားရလဲလို့ မေးတဲ့အခါ အဲ့ဒီအမျိုးသားက ”မင်းမှာပိုက်ဆံဘယ်လောက်ပါလဲ”လို့ ကျနော့်ကိုမေးပါတယ်။ ပြီးတော့ တစ်ဖက်ကားလမ်းက လူတစ်ယောက်ကို လက်ဝှေ့ရမ်းပြပြီး ဖုန်းခေါ်လိုက်တာကို ကျနော်မြင်လိုက်တာကြောင့် နေရာက အမြန်ထွက်လာခဲ့ပါတယ်။ အဲ့ဒီနေ့တစ်နေ့လုံးနီးပါး ကျနော်ဟာ လမ်းပေါ်မှာ လမ်းပျောက်နေခဲ့ပဟါတယ်။ နောက်ဆုံးမှာတော့ မြန်မာပြည်က ကျောင်းသားလူငယ်လေးနှစ်ယောက်နဲ့ဆုံမိပြီး သူတို့ရဲ့ အကူအညီနဲ့ ကျနော့်ဟာ ကျနော့်မိတ်ဆွေနဲ့ အဆက်အသွယ်ရပြီး အိမ်ပြန်နိုင်ခဲ့ပါတယ်။ဒီအဖြစ်အပျက်တွေအပေါ် ကျနော်မယုံကြည်နိုင်အောင်ဖြစ်ခဲ့ရပေမဲ့ တကယ်တော့ အဲ့ဒီအခြေအနေတွေဟာ ကျနော်ရန်လိုရွံမုန်းခြင်းစကားတွေနဲ့ ကြုံတွေ့လိုက်ရတာပါပဲ။

တစ်ခါတစ်ရံမှာ ဒီလိုရန်လိုရွံမုန်းခြင်းစကားတွေပြောဆိုခံရခြင်းနဲ့ကြုံတွေ့ရသူတွေရဲ့ စိတ်ခံစားရမှုအခြေအနေတွေဟာ ကျနော်တို့တွေးထင်ထားတာထက် ပိုအားကောင်းနေတတ်ပါတယ်။ ဒီလိုရန်လိုရွံမုန်းခြင်းစကားတွေ၊ခွဲခြားဆပ်ဆံခံရတာတွေနဲ့ ကြိမ်ဖန်များစွာ ကြုံတွေ့ရသူတွေဟာ post-traumatic stree disorder လို့ခေါ်တဲ့ စိတ်အလွန်အမင်းထိခိုက်စေတဲ့ အဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရလို့ ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုနဲ့ ဆရာဝန်အကဲမဖြတ်ရသေးတဲ့ စိတ်ရောဂါမျိုးတွေကိုလည်း တိတ်တဆိတ်ခံစားနေရတတ်ပါတယ်။ ဒါ‌တွေကိုဖြေရှင်းနိုင်ဖို့ဆိုတာက လွယ်ကူတဲ့ကိစ္စမဟုတ်မှန်းသိပေမဲ့ လူတစ်ဦးချင်း၊တစ်ယောက်ချင်းစီမှာတော့ ဒီလိုရန်လိုရွံမုန်းခြင်းစကားတွေကို မပြောဆိုမိဖို့ ထိန်းသိမ်းရမဲ့ တာဝန်ရှိနေပါတယ်။ ရန်လိုရွံမုန်းခြင်းစကားတွေရဲ့အရင်းအမြစ်ဟာ ဘယ်ကနေစတင်လာခဲ့သလဲဆိုတာ ကျနော်မသိပေမဲ့ ရန်လိုရွံမုန်းခြင်းစကားတွေ မပြောဆိုမိအောင် ထိန်းသိမ်းနိုင်ခြင်းကတော့ လူ့ပတ်ဝန်းကျင်နဲ့ လူသားကမ္ဘာကို ပိုမိုငြိမ်းချမ်းစေနိုင်မှာပါ။

ကြီးကြီးကျယ်ကျယ်ပြောရရင် ၂၀ရာစုရဲ့ ရူပဗေဒကြယ်ပွင့်ကြီးတွေဖြစ်တဲ့ အိုင်စတိန်းနဲ့ ဖွန်နိုင်မန်းတို့ဟာ ယဉ်ကျေးပါတယ်ဆိုတဲ့ ကမ္ဘာကြီးမှာ ရန်လိုရွံမုန်းခြင်းစကားတွေကနေတဆင့် လူသားအချင်းချင်း မြင်ရက်စရာမရှိအောင်သတ်ဖြတ်နေတဲ့ ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ ကမ္ဘာကြီးငြိမ်းချမ်းစေရေးအတွက် ကမ္ဘာ့အစိုးရတစ်ရပ်ထူထောင်ဖို့ ပရင်စတန်တက္ကသိုလ်မှာ စတင်လှုပ်ရှားခဲ့ကြတယ်။ ဒီလှုပ်ရှားမှုထဲမှာ ဂိမ်းသီအိုရီနဲ့ကျော်ကြားတဲ့ နိုဗယ်ဆုရှင် သချာ်ပညာရှင်ဂျွန်နပ်လည်းပါဝင်ခဲ့တယ်။ ဆိုလိုချင်တာက ရန်လိုရွံမုန်းခြင်းစကားတွေနဲ့ ရန်လိုတိုက်ခိုက်ခြင်းအပြုအမူတွေရဲ့ သက်ရောက်နိုင်မှုစွမ်းအားနဲ့ နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေဆိုးတွေကို ရူပဗေဒနဲ့ သချာ်နယ်ပယ်က ထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီးတွေတောင် မလိုလားမနှစ်သက်စွာ တားဆီးနိုင်ဖို့ ကြိုးစားခဲ့ကြတယ်ဆိုတာကို သိစေချင်တာပါ။

နောက်ထပ် ကျနော့ကိုယ်တွေ့တစ်ခုကို ထပ်ပြောပြပါမယ်။ ဒီအဖြစ်အပျက်ကလည်း ကယ်လီဖိုးနီးယားမှာပဲ ကြုံတွေ့ခဲ့ရတာပါပဲ။ အဲဒီနေ့က ကျနော်ဟာ အလုပ်အတွက်အင်တာဗျူး‌ဖြေဖို့ ကျနော်သွားရမဲ့ ဘတ်စ်ကားမှတ်တိုင်ရဲ့ ဆန့်ကျင့်ဖက်ကို လမ်းလျှောက်သွားမိနေရင်း စိတ်ထဲက မသက်ာသလိုဖြစ်လာပါတယ်။ အဲ့ဒီအချိန်မှာ ကျနော်ဟာ အစိုးရက အခမဲ့ပေးတဲ့ အင်တာနက်ရနေပြီဖြစ်ပေမဲ့ အဲ့ဒီအင်တာနက်ဟာ မဆိုစလောက်သာရတာမှိ့ ကုန်သွားခဲ့ပါပြီ။ကျနော်ဟာ ကယ်လီဖိုးနီးယားရဲ့ ခြစ်ခြစ်တောက်ပူတဲ့ နေအောက်မှာ လမ်းမှားကို လေးငါးမှတ်တိုင်လောက်လျှောက်ပြီးချိန်မှာတော့ ကျနော်တောင်နဲ့မြောက်နဲ့ မှားလျှောက်နေမိပြီလား သံသယဝင်လာပါတယ်။ ကျနော်စီးရမဲ့ ဘတ်စကားမှတ်တိုင်ကို ကျနော်မှတ်မိတယ်။ ခုထိမတွေ့သေး။ ဒီတော့ ကျနော်က ဈေးဝယ်စင်တာ တစ်ခုနားမှာ ကားထဲဝင်ထိုင်ဖို့ပြင်နေတဲ့ အာရှသားရုပ်ရှိတဲ့ လူငယ်လေးသုံးယောက်ထဲက တစ်ယောက်ကို ကျနော်သွားချင်တဲ့နေရာကို ပြောပြပြီး မေးလိုက်ပါတယ်။ အဲ့ဒီလူငယ် တွေက ကျနော်လျှောက်နေတဲ့ ဖက်ကို ၅မိနစ်လောက်လျှောက်ပြီး ညာဖက်ကိုချိုးခိုင်းပါတယ်။ ပြီးရင် အဲ့ဒီနားကမှတ်တိုင်ကနေ ကားစီးသွားဖို့ သေသေချာချာ ရှင်းပြပြောဆိုပြီး ကားမောင်းထွက်သွားခဲ့ကြပါတယ်။ လိုရင်းပြောရရင်တော့ အဲ့ဒီလူငယ်တွေဟာ ကျနော့်ကို လမ်းမှား ဆီစနစ်တကျညွှန်ပြလိုက်ကြတာပါ။အဲ့ဒီနေ့က ကျနော်ဟာ အင်တာဗျူးဖြေဖို့ မိနစ်သုံးဆယ်ကျော်နောက်ကျမှရောက်ခဲ့သလို အလုပ်လည်းမရခဲ့ပါဘူး။ လူငယ်လေးတွေအတွက်တော့ ကျနော်ဟာ ရယ်စရာကောင်းတဲ့ ဟာသဖြစ်ချက်ဖြစ်နေပါလိမ့်မယ်။ ကျနော့အတွက်ကတော့ တကယ့်ကို စိတ်မချမ်းမသာဖြစ်ခဲ့ရတာပါ။ ဒါကို ဘယ်လိုခေါင်းစ၌်တပ်ရမယ်မှန်းကျနော်မသိမပမဲ့ ဒါကလည်း ရန်လိုရွံမုန်းခြင်းစကားတွေထဲပဲ အကျုံးဝင်နေမှာပါ။

လူသားတွေဟာ မိမိတို့နေထိုင်ရာကျင်လည်ရာပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကို အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးမှုခံကြရပါတယ်။ အဆင်မပြေတဲ့ပတ်ဝန်းကျင်၊ဒေါသထွက်စရာပတ်ဝန်းကျင်နဲ့ စိတ်ဆင်းရဲစရာကောင်းလွန်းတဲ့ပတ်ဝန်းကျင်တွေဟာလည်း အဲ့ဒီအသိုက်အဝန်းထဲက လူတွေကို ရန်လိုရွံမုန်းခြင်းစကားတွေဟာ အမှန်တရားပဲလို့ ထင်မြင်ယူဆစေမိတဲ့အထိ တွန်းပို့တတ်ကြပါတယ်။

“ကျနော် အမေရိကကို စရောက်ခါက ကျနော်အလုပ်ထဲက လူမည်းအချို့ဟာ ကျနော်ကို ရန်လိုရွံမုန်းခြင်းစကားတွေ မကြာမကြာပြောတာခံရဖူးတယ်။ ကျနော့်ကို ကြည့်ပြီး သူတို့အချင်းချင်း ရယ်နေကြတာတို့၊ ကျနော့်ကို တည့်ကြီး ရန်လိုရွံမုန်းကားပြောတာတို့ကြုံဖူးတယ်။ ဒီစကားတွေကို ပထမက ကျနော်နားလည်ဘူး။နားမလည်တော့ အေးဆေးပဲ။ သူတို့ဘာပြောပြော ကျနော် အေးဆေးပဲ။ နောက်တော့ ကျနော်သိလာတယ်။ သိလာတော့ ဒီစကားတွေကတော်တော်ခံရခက်တယ်။အထူးသဖြင့် လူမည်းတွေက ပိုပြီး လူမျိုးရေးခွဲခြားတယ်။အဖြူတွေက မလုပ်ဘူး”လို့ Maryland ပြည်နယ် silver spring မှာနေထိုင်တဲ့ ကိုရွှေခိုင်က ပြောပါတယ်။ ကိုရွှေခိုင်က အမေရိကကိုရောက်တာ ဆယ်စုနှစ်တစ်ခု ကျော်ခဲ့ပါပြီ။ သူကိုယ်တိုင်လည်း ဒီလိုရန်လိုရွံမုန်းခြင်းစကားတွေပြောဆိုခံခဲ့ဖူးသူဖြစ်ပါတယ်။ သူ့အဆိုအရ ‘ပဲ’လို့သူပြောတဲ့ မက္ကစီကန်တွေဟာ သူတို့ကိုယ်သူတို့ နိုင်ငံခြားသားလို့ ခံစားမိတာကြောင့် လူမည်းတွေလို ရန်လိုရွံမုန်းခြင်းစကားတွေပြောဆိုတာမျိုးမလုပ်ဘူးလို့ ဆိုပါတယ်။ “ဆေပီယမ်-လူသားတို့ရဲ့သမိုင်းအနှစ်ချူပ်” စာအုပ်ကိုရေးသားထုတ်ဝေခဲ့တဲ့ သမိုင်းပညာရှင်၊ဒဿနပညာရှင် ပရော်ဖက်ဆာယူဗာနိုအာဟရီက ဒီလိုပြောပါတယ်။ “လူတော်တော်များများက ဘာသာရေးအတွေးအခေါ်တွေ၊ အမျိုးသားရေးအတွေးအခေါ်တွေ၊စီးပွားရေးအတွေးအခေါ်တွေရဲ့ လွှမ်းမိုးမှုကို ခံရတယ်။ ပြီးတော့ ဒီအတွေးအခေါ်တွေကို တကယ့်အရှိတရားအဖြစ် လက်ခံလိုက်ကြတာပဲ”

ကျနော်တို့ပတ်ဝန်းကျင်မှာလည်း ရန်လိုရွံမုန်းခြင်းစကားတွေဟာ မိမိတို့ရဲ့ရပိုင်ခွင့်တစ်ခုလိုတွေးခေါ်နေတဲ့ လူ့ပတ်ဝန်းကျင်တွေ ရှိနေပါတယ်။ အဲ့ဒီပတ်ဝန်းကျင်မှာနေထိုင်သူအများစုဟာလည်း ဒီအတွေးအခေါ်ရဲ့လွှမ်းမိုးမှုကို ရှောင်လွှဲ မရစွာ ခံရမှာပါပဲ။ အဲ့ဒီကမှတဆင့် ရန်လို ရွံမုန်းခြင်းစကားတွေဟာ မိမိရဲ့ ရပိုင်ခွင့်ကို ကာကွယ်ပေးတဲ့ တကယ့်အရှိတရားအဖြစ်လက်ခံယုံကြည်လိုက်တဲ့သူတွေဟာလည်း လူ့အဖွဲ့အစည်းထဲမှာ စိမ့်ဝင်ပျံ့နှံ့နေပါတယ်။ဒါကြောင့်လည်း ကမ္ဘာကြီးရဲ့ နေရာတိုင်းနဲ့ ထောင့်တိုင်းမှာ ရန်လိုရွံမုန်းခြင်းစကားပြောဆိုမှုတွေကို နေ့စဉ်နေ့တိုင်းလိုလို ကြားသိနေကြရတာပါပဲ။ ကျနော့်အနေနဲ့ ဖရော်ဖက်ဆာယူဗာနိုအာဟရီရဲ့ အဆိုအပေါ်ထောက်ခံတယ်လို့ ပြောပါမယ်။ဘာကြောင့်လဲဆိုရရင် အထက်မှာ ကျနော်ပြောခဲ့သလို လူသားတွေဟာ မိမိတို့နေထိုင်ရှင်သန်ရာပတ်ဝန်းကျင်ရဲ့ ကောင်းမွေဆိုးမွေကို ထိုက်သင့်သလောက် လက်ခံရရှိခဲ့တာကြောင့်ပါပဲ။ စစ်လိုလားသူစစ်သွေးကြွအတွေးအခေါ်တွေ လွှမ်းမိုးခံထားရတဲ့ ပတ်ဝန်းကျင်ဟာ ရန်လိုရွံမုန်းစကားတွေပြောဆိုဖို့နဲ့ ကိုယ်ထိလက်ရောက်တိုက်ခိုက်ကျူးလွန်ဖို့ ဝန်မလေးသလို ခက်ခဲနေသူတွေ၊ဒုက္ခရောက်နေသူတွေကို ကူညီလုပ်ဆောင်ပေးနေတဲ့ ပတ်ဝန်းကျင်ဟာ ကိုယ်ချင်းစာတရားနဲ့ ကြင်နာဖေးမမှုတွေကို လုပ်ကိုင်ဆောင်ရွက်ပေးဖို့ ဝန်လေးကြမှာ မဟုတ်ပါဘူး။

နိဂုံးချူပ်အနေနဲ့ပြောရရင် လူ့ပတ်ဝန်းကျင်တစ်ခု ဒါမှမဟုတ် လူ့အသိုက်အဝန်းတစ်ခုမှာ ရန်လိုရွံမုန်းစကားပြောဆိုမှုတွေ အထိုက်အလျှောက်လျော့ကျသွားပြီဆိုရင်တော့ ဒါဟာသတင်းကောင်းပါပဲ။ရန်လိုရွံမုန်းစကားတွေလျှော့ချဖို့နဲ့ ရပ်တန့်သွားဖို့အလွန်အမင်းလိုအပ်နေတဲ့ ဒီနေ့လိုအချိန်မှာ ဒီလိုသတင်းမျိုးကြားရခြင်းဟာ အငိအမှတ်ပြုစရာအခြေအနေ ဖြစ်လာမှာပါ။

လတ်တလောအနေနဲ့ကတော့ ဒီလိုသတင်းကောင်းတွေကြားရဖို့ တာဝန်အရှိဆုံးကတော့ မိမိကိုယ်တိုင်နဲ့ လူတစ်ဦး၊တစ်ယောက်ချင်းစီရဲ့ တာဝန်ပါပဲ။ရန်လိုရွံမုန်းခြင်းစကားပြောဆိုခြင်းကို ထိန်းချူပ်လျှော့ချနိုင်ဖို့ မိမိကိုယ်မိမိ ခံတပ်လုပ်ရင်းပိုမိုနေချင်စရာကောင်းတဲ့ လူ့ပတ်ဝန်းကျင်၊လူ့အသိုင်းအဝန်း ဖြစ်လာဖို့ ရန်လိုရွံမုန်းစကားတွေ မပြောဆိုဖြစ်အောင် စောင့်ထိန်းနိုင်သမျှ အကုန်စောင့်ထိန်းလုပ်ဆောင်ရမှာ။ ဤအချက်သည်သာ အကောင်းဆုံးသော သက်သေပြချက် ဖြစ်ပါလိမ့်မယ်။