“မြန်မာ့ဂဇက် အယ်ဒီတာ့သင်ပုန်း – ဇန်နဝါရီ ၂၀၂၄”

kaiJanuary 30, 20242min3730

ဥတုရာသီမှာ၂၀၂၃ ကအပူလွန်ခဲ့သလောက် ယခုနှစ်ဆန်းတွင်အအေးလွန်ပြပြီး မိုးခေါင်ဒေသများ၌ မိုးသွန်နေပါ၏။ အမေရိကားတွင်အအေးလွန်/မိုးသွန်းမှုကြောင့် လူရာဂဏန်းမျှနီးပါးသေကျေသည်ဆိုပေရာ အစွန်းရောက်နေသည့် ဥတုရာသီကို မီးမောင်းမက လေဆာနှင့်ပင်ထင်ရှားပြနေရာရောက်၏။ ဖေဖော်ဝါရီဆန်းတွင် ပစိဖိတ်သမုဒ္ဒရာ၌စုဖွဲ့ထားသော ကောင်းကင်မြစ်ကြီးအနောက်ဖက်မှ ဝင်လာသွန်ချပါဦးမည်။ မိုးရွာလေ့မရှိမူ၍ မိုးခေါင်ဒေသဖြစ်ခဲ့(ဖူး)သော တောင်ပိုင်းကယ်လီတွင် ရေကြီးရေလျှံမြေပြိုမည်ခန့်မှန်းရသည်။ ၁၉၉၄ နော့ထရစ်ငလျင်ကြီး(Mw၆.၇)နှစ်၃၀ပြည့်ဒေသသည် မိုးနှင့်ဆီးနှင်းဖြင့် သဘာဝဘေးဒုက္ခဖြစ်ပါမည်။

ရာသီဥတုဆိုးဝါးအစွန်းရောက်လာခြင်းကို မိုးလေဝသဖြင့်ခပ်စိတ်စိတ်လေး ကိုယ်ထင်ရှားပြသတည်း။

“စူပါ တောင်မြောက်ကိုရီးယား”

စစ်ရေးသိသိသာသာလှုပ်ရှားလာသည်မှာ မြောက်ကိုရီးယားဖြစ်သည်။ ရုရှားနိုင်ငံနှင့်ရွှေလမ်းငွေလမ်းဖေါက်ရင်း မဟာဗျူဟာမြောက်လက်နက်များအထိ ပေးယူ/ရောင်းဝယ်လုပ်လာနေသော မြောက်ကိုရီးယားသည် အချိန်မရွေးပေါက်ကွဲနိုင်သော ကမ္ဘာစစ် ချိန်ကိုက်ဗုံးဖြစ်နေသည်။ အများတွက်ဆထားသည် ချိုင်းနား-ထိုင်ဝမ်မှစမည့် ကမ္ဘာစစ်ကြီးသည် မြောက်ကိုရီးယားဝင်ပါလာလျှင် ကမ္ဘာဖျက်အားမြန်မည်/ကြီးသည်။

ရေအောက်နှုကရီးယားသယ်နိုင်သော ဒရုန်းမျိုးကိုလည်းစမ်းသပ်အောင်မြင်နေသလို ကမ္ဘာပါတ်လမ်းကြောင်းအထိ လွှတ်တင်နိုင်သော ဒုံးယာဥ်ပျံလည်းရှိသည်။ အလွန်တောင့်တင်းသော စစ်အင်အားလည်း(ခန့်မှန်းစစ်သည် ၁.၃သန်း) လည်းရှိသည်။

တောင်ကိုရီးယားသည် အီလက်ထရောနစ်၊နည်းပညာ၊အနုပညာတို့တွင် အမေရိကား၏ဆွဲတင်မှုအတိုင်းတက်လိုက်လာပေရာ ဂျပန်၏ခြေရာနုင်း၍ကမ္ဘာစီးပွားရေးအင်အားကြီးနံပါတ်၁၀(GII 2023)ဖြစ်လာသည်။

သမ္မတရော်နယ်ရီဂင်၏ “ဘာလင်တံတိုင်းကိုဖြိုချပစ်”စကား(၁၉၈၇)အမှတ်ရသူများရှိပါလိမ့်ဦးမည်။ အကယ်၍ တောင်မြောက်ကိုရီးယားကြား DMZ ဒေသမျဉ်းကို ဖျက်ပစ်နိုင်ပြီး ကိုရီးယားထိုနှစ်နိုင်ငံပေါင်းစည်းခန်းရှိပါလျှင် အရှေ့/အနောက်ဂျာမဏီထက်ကြီးကျယ်မည့်တိုင်းပြည်ကြီးတခု ပေါ်ထွက်လာမည်ခန့်မှန်းရပါသည်။ သို့ဆိုလျှင် အနောက်ဥရောပခေတ်ကုန်ကာ အာရှရွှေခေတ်ရောက်မည်တည်း။ မွန်ဂိုအင်ပါယာခေတ်ကြီး၏ခါးသီးမှုကို သိထားသော အနောက်နိုင်ငံသား/ဥရောပသားတို့ ဤအခြေအနေဆိုက်အောင် အာရှကို အခွင့်ပေးမည်ကားမသေချာ။

“ဆွန်နီ ရှီးယား နှုကလီးယား”

ဇန်နဝါရီလဦးတွင် နှုကလီးယားလက်နက်ကိုင် ဆွန်နီ၏ပါကစ္စတန်နှင့် ရေနံကြွယ်ဝ ရှီယား၏အီရန်တို့ နယ်စပ်ကျော်အပြန်အလှန်ကျူးကျော် ချေမှုန်းလူသတ်မှုများရှိခဲ့သည်။ ၅၆၂မိုင်နယ်စပ်ထိစပ်နေကာ ကြားတွင် ကမ္ဘာ့တည်ငြိမ်မှုမရှိဆုံး ဘိန်းထုတ်ရာတိုင်းပြည် အာဖဂန်နစ္စတန် ရင်ခွင်ပိုက်ထားသကဲ့သို့ရှိသည်။ ယခု အပြန်အလှန် လေကြောင်းမှချေမှုန်းမှုများမှာလည်း အကြမ်းဖက်သမားများကို တိုက်ခိုက်ရင်းဖြစ်သည်ဆိုပါသည်။ အီရန်ဆီမှရေနံဝယ်ရင်း မိတ်ဖက်ဖြစ်ကာ အရှေ့အလယ်ပိုင်းတွင်သြဇာရှိလာနေသော ချိုင်းနားသည် သူ၏ပင်လယ်ထွက်ပေါက် စကြန်(CPEC)ရှိရာ ပါကစ္စတန်အပေါ်လည်း ဒေသန္တရစီးပွားဖက်အဖြစ်လွှမ်းမိုးနိုင်၏။ အီရန်သည် ယခုအစ္စရေး-ဟာမားစ်စစ်အပါအဝင် ယူကရိန်း-ရုရှားစစ်နှင့် ဆီးရီးယားပြည်တွင်းစစ်တို့တွင် လက်နက်ငွေကြေးထောက်ပို့မှုတို့ဖြင့် တာဝန်အရှိဆုံးနိုင်ငံဖြစ်သည်ဟုဆိုနိုင်သည်။ ယီမင်န်ရှိ ဟူတီသူပုန်များမှတဆင့် ပင်လယ်နီဂယ်ပေါက်မှစောင့်ကာ ကမ္ဘာ့ သင်္ဘောကုန်သွယ်စီးပွားရေးကိုလည်း နှောက်ယှက်နေသလို နှုကရီးယားလက်နက်ကိုလည်း ကြိုးစားလုပ်နေသူပါ။ ပါကစ္စတန်ကိုယ်တိုင်မှာလည်း အင်္ဂလိပ်ကိုလိုနီခေတ်ပြီးကထဲကခွဲထွက်လာခဲ့သော အိန္ဒိယနှင့် အဆင်မပြေ။ ထိုထိုနိုင်ငံတို့သည် ကမ္ဘာကြီး၏အထိမခံရွှေပန်းကန် နေရာဒေသပါ။

“ဟိန္ဒူပထမ အိန္ဒိယ”

အိန္ဒိယတွင် မေလ၌အထွေထွေရွေးကောက်ပွဲရှိသည်။ ပြီးခဲ့သော ၂၂ရက်နေ့က အယုဒ္ဓယတွင်ဟိန္ဒူဘုရားကျောင်းတည်နေသည်ကို ဝန်ကြီးချုပ်မိုဒီကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့သည်။ ရဧကကျော်မြေနေရာတွင် ၁၆ရာစုအိန္ဒိယမဂိုမင်းများခေတ်က ဗလီတည်ခဲ့ပြီး အဆိုပါဗလီကို ၁၉၉၂ခုတွင် ဟိန္ဒူအမျိုးသားရေးအစွန်းရောက်များဦးဆောင်ကာဖြိုဖျက်ထားသော အမှုဆိုင်နေရာဖြစ်ပါသည်။ ရှေးမူလက ဟိန္ဒူတို့၏နတ်ဘုရားရာမ၏ ဇာတိမြေဟုဆိုရိုးရှိပြီး ထိုနေရာတွင် တဖန်ပြန်ကာ ဟိန္ဒူဘုရားကျောင်းကြီးတည်ခြင်းဖြစ်သည်တဲ့။ မည်သို့ဆိုစေ Hindu-First အမျိုးသားရေးဝါဒီ ဝန်ကြီးချုပ်မိုဒီနှင့် သူ၏ပါတီ BJP ၃ဆက်မြောက် နောက်၅နှစ်အာဏာရရန် သေချာသလောက်ရှိပြီ။ ဝန်ကြီးချုပ်မိုဒီ၏ ပေါ်လစီမှာ Act East Policy ဖြစ်ပေရာ အရှေ့ဖက်ရှိမြန်မာအပါအဝင် အာစီယံနိုင်ငံများနှင့် ဆက်ဆံရေးတိုးတက်ကိုင်တွယ်သွားမည်တည်း။

သို့ဆိုသော်မြန်မာနိုင်ငံနှင့်စာချုပ်ချုပ်၍ ငွေကြေးသန်းရာချီမြုတ်နှံလုပ်ကိုင်နေသော ကုလားတန်မြစ်စီမံကိန်းကို သတိထားမိကြပါလိမ့်။ အိန္ဒိယ၏အရှေ့မြောက်ပိုင်း ကုန်းတွင်းပိတ်ပြည်နယ်များ၏ ပင်လယ်ထွက်ပေါက်ဖြစ်သော ကုလားတန်စီမံကိန်း၏ ပင်လယ်ဆိပ်ကမ်းမှာ ဆောက်လုပ်ပြီးစီးနေပြီဖြစ်သော စစ်တွေရေနက်ဆိပ်ကမ်းဖြစ်၏။ ထိုစစ်တွေမှ ယခု ရက္ခိုင့်တပ်တော်AA ကသိမ်းပိုက်ထားသော ပလက်ဝအထိရေလမ်း၊ ထိုမှချင်းပြည်နယ်ကိုဖြတ်ကာ ကုန်းလမ်းနှင့်အိန္ဒိယကုန်းတွင်းပြည်နယ် မီဇိုရမ်သို့ဆက်သွယ်ထားခြင်းပါ။

“တွဲရေး/ခွဲရေး၏ထိုင်ဝမ်”

ထိုင်ဝမ်ရွေးကောက်ပွဲလည်းပြီးခဲ့ပြီ။ ချိုင်းနားနှင့်ထိုင်ဝမ် တွဲရေး/ခွဲရေးတွင် တွဲရေးအလိုရှိသောကူမင်တန်ပါတီ(KMT) မှသမ္မတရာထူးမရလိုက်ပဲ DPPပါတီမှ ၃ဆက်မြောက်အဖြစ်သမ္မတဖြစ်လာသည်။ ကွန်ဂရက်တွင်ကား မဲဆုံးရှုံးမှုရှိသော်ငြားသမ္မတမှာ အမေရိကား၏မဟာမိတ်ဖက်ခွဲရေးပါတီမှဖြစ်ပါသည်။ ရွေးကောက်ပွဲပြီး၍ DPP ပါတီမှသမ္မတလောင်းအနိင်ရသည် သိရသည်နှင့်အမေရိကားမှ ထိုင်ဝမ်လွတ်လပ်ရေးကို ထောက်ခံမည်မဟုတ်ကြောင်းကြေငြာပေးကာ ချိုင်းနားတပြည်ထောင်မူကိုလည်း ဆွဲကိုင်ထားပါကြောင်းအသိပေးထုတ်ပြန်သည်။

ရွေးကောက်ပွဲရွေးချယ်မှုကို “စစ်လော” “ငြိမ်းချမ်းရေးလော”ဟု ပြင်းထန်စွာသတိပေးထားသည် ချိုင်းနားပြည်သည် သူ၏စစ်မာန်ရှိန်ကို တန့်လိုက်ဟန်တော့မရှိ။ များမကြာမှီနှစ်များတွင် ထိုင်ဝမ်သိမ်းစစ်ကိုဆင်နွဲမည်ဟု များစွာတွက်ဆထားကြသည်။

မည်သို့ဆိုစေ ထိုင်ဝမ်၏ကြွယ်ဝမှုသည် ဂျီဒီပီ ၇၆၀.၄၆B(2022) နှင့်ကမ္ဘာ့နံပါတ်၂၁ဖြစ်ပေရာ အမေရိကားမှထိုမိတ်ဖက်နိုင်ငံအား နောင်လေးနှစ်သေချာဆုတ်ကိုင်မိလိုက်ပါပြီ။ တောင်ချိုင်းနားပင်လယ်ပြင်ကို စိုးမိုးမှုရလိုသော စူပါပါဝါဖြစ်လာသည့်ချိုင်းနားသည် ရေတပ်အင်အားကို အမေရိကားမှီအောင်လိုက်နေသော်လည်း သူ့အတွက်ပင်လယ်ထွက်ပေါက် လိုသေး၏။

ဤသို့ခြုံကြည့်ပါလျှင် ချိုင်းနား၏စွမ်းအင်ရောင်းဝယ်စီးဆင်းမှု၌ တောင်ချိုင်းနားပင်လယ်ကိုကျော်၍ ကူးသန်းဆက်သွယ်နိုင်သည်မှာ ကုန်းတွင်းလမ်းဖြစ်သည့် ပါကစ္စတန်အူတိုင်လမ်းနှင့်နှင့် မြန်မာပြည်၏ကျောက်ဖြူ-ကူမင်းလမ်းကြောသာကျန်သည်။ ချိုင်းနားကို ညှစ်ညှပ်ပိတ်စို့ခြင်းလုပ်နေသော အမေရိကား၏ မဟာဗျူဟာဇုံတွင်းသို့ ပါကစ္စတန်နှင့် မြန်မာ ကျရောက်လာပြီဟု သုံးသပ်၍ရသည်။

“တိုးမြန် ဘင်္ဂလား”

ဇန်နဝါရီ ၇ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့ရာ အကြီးဆုံးအတိုက်အခံပါတီကြီးBNP မှ ဝင်ရွေးမခံသပိတ်မှောက်ထားခဲ့သည်။ ထို့ကြောင့် မဲပေးသူ၄၀%ဖြင့် ပြိုင်ဖက်မရှိ မူလအစိုးရ၏ပါတီ AL မှအနိုင်ရသွားပြီး လက်ရှိဝန်ကြီးချုပ်ဟာရှီနာ(၇၆နှစ်)က သက်တမ်း၄ကြိမ်မြောက် နောက်ထပ် ၅နစ် ဆက်အုပ်ချုပ်ပါမည်။ ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲကိုသပိတ်မှောက်ချင်းဟူသည် ပြိုင်ဖက်ပါတီကို တရားဝင်အရှုံးပေးခြင်းသာလျင်ဖြစ်နေပြီး ပြိုင်ဖက်ပါတီ၏ ချွန်တွန်းရွေးကောက်ပွဲဗျူဟာလည်းဖြစ်နိုင်ပါသတည်း။

သက်တမ်းရှည်ဝန်ကြီးချူပ်ဟာရှီနာ၏ ရိုဟင်ဂျာနှင့် ရခိုင်တို့အပေါ်ထားသော သူမ၏အတွေးအခေါ်ပေါ်လစီပြောင်းမည်မဟုတ်ပေ။ ကမ္ဘာ့ ပူနွေးရာသီဥတုဒဏ်ကြောင့် သဘာဝဘေးဒဏ်အခံရနိုင်ဆုံးတိုင်းပြည်တခုဖြစ်သော ဘင်္ဂလားဒေ့ရှ်၏ ဂျီဒီပီသည် (၄၆၀.၂B USD(2022) ဖြစ်ရာ မြန်မာထက် လူဦးရေ ၃ဆကျော်ပိုများပြီး ကုန်ထုတ်လုပ်မှုမှာ ၇ဆကျော်သာနေသည်။

“အယုဒ္ဓယ ရဲ့ ယိုးဒယား”

ကမ္ဘာ့အာဏာအသိမ်းနိုင်ဆုံးတနိုင်ငံ(၁၃ကြိမ်)ဖြစ်သော ထိုင်းတွင် ၂၀၂၃ မေလက အထွေထွေရွေးကောက်ပွဲကျင်းပခဲ့သည်။ ဟားဗတ်ကျောင်းထွက်လူငယ်တဦးဖြစ်သည့်ဖိထာဦးဆောင်သော MFPကမဲပြတ်ဖြင့်နိုင်သည်။ နိုင်သော်ငြားစစ်တပ်အုပ်စုမှအာဏာမလွှဲပေးပဲ ပြဿနာမျိုးစုံတက်၍ ဖိထာကိုယ်တိုင်လည်း အမှုရင်ဆိုင်ရကာ နိုင်ငံရေးမှထွက်လိုက်ရသည်။ ယခု၂၀၂၄ဝင်လာသည်တွင် တရားရုံးမှဖိထာ အပြစ်မရှိဆိုသဖြင့်လွှတ်တော်တွင်းပြန်ဝင်လာနိုင်သည်။ နောက်တဆင့်မှာပါတီMFP အား တရားဝင်/မဝင်တရားရုံးဆုံးဖြတ်ချက်ဖြစ်သည်။ မည်သို့ဖြစ်စေ အာဏာသိမ်းခြင်း(သို့)စစ်တပ်/စစ်သားအုပ်ချုပ်မှုဖြင့်သာအဆုံးသတ်သွားမည့်ထိုင်း၏နိုင်ငံ‌ရေးစနစ်သည် ထိုင်းဘုရင်ရှိနေသမျှ လွတ်မြောက်လမ်းမမြင်ရချေ။ နိုင်ငံရေးထဲအသက်စွန့်ဝင်ပါစွမ်းနည်းသည့် ထိုင်းလူမျိုးများ၏လိမ္မာပါးနပ်မှုကိုအသိအမှတ်ပြုရပါလိမ့်မည်။ ကိုလိုနီခေတ်ကြီးအတွင်း၌ပင် အင်္ဂလိပ်နှင့်ပြင်သစ်ကြားကစား၍ မည်သည့်နိုင်ငံ၏ကိုလိုနီမှမဖြစ်လိုက်သော ထိုင်းနိုင်ငံသည် ယခုခေတ်တွင်လည်း စူပါပါဝါအမေရိကားနှင့် ချိုင်းနားကြားကောင်းမွန်စွာကစားလျှက်/စားလျှက်နေပါသည်။ ယခုဇန်နဝါရီလကုန်ပိုင်းတွင်ပင် အမေရိကား၏အမျိုးသားလုံခြုံရေးအကြံပေးနှင့် ချိုင်းနားနိုင်ငံခြားရေးဝန်ကြီးတို့ ထိုင်းဒုဝန်ကြီးချုပ်၏ဖိတ်ကြားချက်အရ ဘန်ကောက်မြို့တွင်တွေ့ဆုံစကားပြောလျှက်ရှိပါ၏။ မြန်မာတို့မပါဝင်ပဲ မြန်မာတို့၏အနာဂတ်ကိုလည်း တပိုင်းတစဆုံးဖြတ်ကြပါလိမ့်။

၂၀၂၄အတွင်း မြန်မာ့အခြေအနေကို မျှော်ကြည့်ပါလျှင် စစ်အုပ်စုက ရုရှားနှင့်ပေါင်း။ တိုင်းရင်းသားEROs များက ချိုင်းနားနှင့်ချိတ်၊ နွေဦးတော်လှန်ရေးက အမေရိကားဆီယိမ်းနေသောမြန်မာပြည်တွင် ချိုင်းနား/အိန္ဒိယတို့၏ပင်လယ်ထွက်ပေါက်လမ်းကြောချင်း ကြက်ခြေခတ်ဖြတ်နေပါသေး၏။ ရိုဟင်ဂျာတို့အပေါ် ဂျင်နိုဆိုက်အမှုတန်းလန်းတွင် ကမ္ဘာ့မူးယစ်ဆေးဘိန်းနှင့်မက်သ်အထုတ်ဆုံးဖြစ်နေပြန်ရာ ကျားဖြန့်ခေါ်အွန်လိုင်းလိမ်ဂိုဏ်းတို့မှာအဆစ်ပါ။

ဥတုရာသီဘေးဒဏ် အခံရဆုံးတိုင်းပြည်တခုအဖြစ်လည်း ထပ်ဆောင်းထားသဖြင့် မင်းအနော်ရထာလက်ထက်မှစဖြစ်ခဲ့သော နှစ်တထောင်ပြည်တွင်းစစ်တို့သည်ပင် မှေးမှိန်သွားသလိုလို။ ဤမျှအခြေအနေတွင်ပင် ခင်ဗျားတို့ကျုပ်တို့ချစ်နိုင် ချစ်ကြပါသေး၏။ မည်သည့်အခြေအနေရောက်စေ ဆက်လျှက်ချစ်နေဦးမည်သာ။