ဖြူစင်သည့် နှလုံးသား အမဲစက် မစွန်းထင်းစေနှင့် (၂) – တက္ကသိုလ်ဝင်းကြွယ်

kaiSeptember 12, 20101min1631

ကျွန်တော် တရုတ်ဓါတ်အပ်စိုက်ခြင်းနှင့် အင်္ဂလိပ်စာ ကျူရှင်ပေးမှုတို့တွင် အောင်မြင်မှုရပြီး လူသိများလာ၏။ လူနာများ ရောဂါပျောက်နှုန်းများပြီး ကျူရှင်တွင်လည်း စာမေးပွဲကျသည် မရှိသည့်အတွက် နာမည်ရခြင်းဖြစ်သည်။

ဘဝတစ်ဆစ်ပြောင်းဖို့အချိန် ဖြစ်လာပြန်သည်။ ကျွန်တော်၏အစ်ကိုရင်း ဖြစ်သူ စာရေးဆရာ တက္ကသိုလ် ဘုန်းကြွယ်က ညီဖြစ်သူ ကျွန်တော့်ကို အရေးတကြီး အကူအညီ တောင်းလာသည်။

“ကိုးသင်္ချိုင်းမှ စိန်ခေါ်သံ” အခန်းဆက်သိုင်းဝတ္ထုရှည်ဖြင့် နာမည်တရှိန်ထိုးကြီးလာသော တက္ကသိုလ် ဘုန်းကြွယ်က ၁ဝ တန်း ဓါတုဗေဒ ကျူရှင်ဆရာက တစ်ဖက် ဝတ္ထု၏ (၁၁) အုပ်မြောက် ဇာတ်သိမ်း ထွက်ရှိရန် ရေးသားနေသည်က တကြောင်း၊ အမေရိကန်နိုင်ငံသို့ထွက်ခွာရန် ပတ်(စ်)ပို့နှင့် ဗီဇာ ကိစ္စလည်း ဆောင်ရွက် နေရသည့် အတွက် ဝတ္ထုဇာတ်သိမ်း တော်တော်နှင့် မထွက်နိုင်။ ပရိသတ်များကလဲ လည်တမော့မော့နှင့် စောင့်မျှော်နေကြပြီ။

ကျွန်တော့်အလုပ်ကို ဖောင်ဖျက်ပြီး သူ့ကို အကူအညီပေးဖို့ ရန်ကုန်သို့ ပြောင်းရွှေ့လာရန်ခေါ်သည်။ ကျွန်တော် စဉ်းစားရပြီ။ အပ်စိုက်အလုပ်နှင့် ကျူရှင် နှစ်မျိုးလုံး အောင်မြင်ခဲ့ပြီးမှ စွန့်လွှတ်ရမည် ဆိုတော့ စွန့်သင့် မစွန့်သင့်။

နောက်ဆုံး မိဘများကို အကူအညီတောင်းခံရ၏။ မိမိ၏အောင်မြင်နေသည့် အလုပ်နှစ်မျိုးစလုံးကို စွန့်လွှတ် ကာ အစ်ကို၏အခက်အခဲကို ကူညီလုပ်ပေးဖို့ သင့်မသင့် မေးသောအခါ..။

“ငါ့သား၊ သွားဖို့ မသင့်ဘူးလို့ပဲ အဖေ အမေတို့ ပြောချင်တယ်။ သူ့အခက်အခဲက ခဏပဲ၊ နိုင်ငံခြားထွက် သွားတာနဲ့ အားလုံး ပြေလည်သွားပြီ၊ မင်းကတော့ အားလုံးကို စွန့်ပြီး ရန်ကုန်ကို ပြောင်းသွားရမှာဆိုတော့ ဘဝကို အောင်မြင်အောင် ဘယ်လိုပြန်စမှာလဲ၊ သေချာစဉ်းစားပါ”

မိဘများ ပြောသည်မှာ မှန်၏။ ရန်ကုန်မြို့ကြီးတွင် အပြိုင်အဆိုင်က များ၏။ ဘဝကို ပြန်စဖို့က မလွယ်ရေးချ မလွယ်ပေ။ ကိုယ့်မြို့ ကိုယ့်ရွာ မဟုတ်သည့်အတွက်လည်း ပိုခက်၏။

သို့သော် ကျွန်တော့်တွင် ဉာဉ်တစ်ခုရှိ၏။ တကယ်အခက်အခဲရှိ၍ တကယ်အကူအညီလိုလျှင် ကိုယ်ကျိုး မကြည့်ပဲ အကူအညီပေးတတ်၏။ ယခုကား မိမိ၏တအူတုံဆင်း သွေးသားရင်း ညီအစ်ကို ဖြစ်သင့်အတွက် ပို၍ အကူအညီပေးသင့်သည်။

မိဘ၏စကားကို သွေဖြီပြီး ခိုင်မာသော ဆုံးဖြတ်ချက်ကို ချလိုက်သည်။ အပ်စိုက်ဆေးခန်းနှင့် ကျူရှင်ကို ပိတ်ပြီး ရန်ကုန်သို့ ပြောင်းရွှေ့သွားတော့သည်။

အစ်ကို၏နောက်ဆုံးဇာတ်သိမ်းဝတ္ထု အမြန်ထွက်ရှိရန် ဝိုင်းဝန်းအကူအညီပေး၊ နောက်ဖေး မီးဖိုချောင်တွင် လည်း ထမင်းဟင်း ဝိုင်းချက်ကာမနှေး၊ အပြေးအလွှား ပြေးထွက်ကာ အိမ်ရှေ့ကျူရှင် ကျောင်းသားများအရေး ကူညီဖြေရှင်း ပေးခဲ့ရပါသည်။

ဝတ္ထုလည်း ထွက်သွားပြီ။ ကျူရှင်လည်း ရပ်နားလိုက်ပြီ။   နိုင်ငံခြားထွက်ရန်ကိစ္စလည်းနီးလာပြီ။ ကျွန်တော့် အစ်ကို တက္ကသိုလ် ဘုန်းကြွယ်က ဤသို့ အားပေးပြောကြား၏။

“ငါ့ညီ၊ မင်း ဘာမှ အားမငယ်နဲ့။ အစ်ကို့စာပေးလုပ်ငန်းအားလုံး မင်းကို လွှဲပေးခဲ့မယ်။ စာအုပ်လဲထုတ်၊ အစ်ကို့လို စာရေးဆရာလည်း လုပ်ပေါ့ကွာ၊ အစ်ကိုက သစ်တစ်ပင်ကောင်းအောင် ရှေ့ပြေးသွားလုပ်ထားတယ်။ ငှက်တစ်သောင်း နားနိုင်အောင်ပေါ့”

အင်မတန် ဝမ်းသာစရာကောင်းတဲ့ အားပေးစကားပင်။

ကျွန်တော် စာပေအတွေ့အကြုံ ရှိခဲ့သူ မဟုတ်ပေ။ စာရေးဆရာလုပ်ရန်ဆိုတာ ဝေလာဝေး။ ယခုအစ်ကို ဖြစ်သူက စာပေလုပ်ငန်းအားလုံးကို လွှဲအပ်ပေးရုံမက စာရေးဆရာပါ လုပ်ခိုင်းလေတော့ ခက်ပြီ။

ကျွန်တော် ဖောင်ဖျက်လိုက်ပြီဆိုတော့၊ ရွေးစရာ လမ်းမရှိ။ ရှေ့တိုးဖို့သာ ရှိတော့သည်။ ကိုယ့်ကိုယ်ကို အားပေးကာ မာန်တင်းလိုက်သည်။

“စာပေနှင့်စာရေးဆရာလုပ်တာ ဘာများခက်လို့” ဟု မာန်သွင်းလိုက်သောအခါ စိတ်သက်သာရာ ရသွား၏။

“ဆရာဝန်လိုင်းတောင်ရအောင် တတ်ခဲ့တာပဲ၊ စာရေးဆရာ လုပ်တာလောက်တော့ ခက်တာမှတ်လို့”

“သူတောင် တက္ကသိုလ် ဘုန်းကြွယ်ဖြစ်သေးတာပဲ။ ငါကလဲ ဘာလို့ မဖြစ်ရမှာလဲ” ကျွန်တော်က အားကျမခံ ကလောင်သစ်တစ်ခုကို ရွေးလိုက်၏။

“တက္ကသိုလ် ဝင်းကြွယ်” ဖြစ်လာသည်။

ပထမ စရေးသည့်စာအုပ်က “လူစွမ်းကောင်း ခုနှစ်ယောက်”။ ထွက်ထွက်ချင်း ပရိသတ်က ကြိုက်သွားသည်။ အစ်ကိုက အားပေးသည်။

ဒုတိယထွက်သည့်စာအုပ်က “ပန်းသုံးပွင့်ဒေဝီ” (သုံးအုပ်တွဲ)။ ရောင်းမလောက်အောင် ဖြစ်ပြီး ပေါက်သွားသည်။ စာမူကြမ်းရေးပြီး၍ အစ်ကိုဖြစ်သူက ဖတ်ကြည့်ပြီးသောအခါ “ငါ့ညီ၊ မင်း ဒီစာအုပ် ငါတစ်လုံးမှ ပြင်ပေးစရာ မရှိဘူး၊ မင်းတကယ်စာရေးဆရာဖြစ်ပြီ”ဟု လက်မထောင်ကာပြောလိုက်သည်။

အမှန်ကို ဝန်ခံပြောရလျှင် အစ်ကိုနှင့် ကျွန်တော် နှစ်ယောက်လုံး ဝတ္ထုကို လက်နှင့်ရေးခြင်းမရှိပဲ နှုတ်နှင့်တစ်ခါတည်း အချောခေါ်ပြီး လက်နှိပ်စက် စာရေးက ရိုက်ပေးခြင်းပင်ဖြစ်သည်။

ကျွန်တော် ကိုယ့်ကိုယ်ကို အံ့ဩမိသည်။ အစ်ကိုလုပ်နိုင်သည်ကို အားကျမခံ၍ လိုက်လုပ်ခြင်း ဖြစ်၏။ ထိုမှစ၍ ယုံကြည်ချက်အပြည့်ဖြင့် စာရေးဆရာ ဖြစ်မှန်းမသိ ဖြစ်လာလေတော့ည်။

ထိုမှတဆင့် “သိဖွယ်မှတ်ဖွယ် သုတကြွယ်” နှင့် “English Today” လစဉ်ထုတ် မဂ္ဂဇင်းများကိုလည်း ဦးဆောင် ထုတ်ဝေနိုင်ခဲ့ပါသည်။ ယခုမူ သိုင်းဝတ္ထု အုပ်ရေ (၂၀၀) ကျော် ရေးထုတ်ခဲ့ပြီး ဖြစ်ပါသည်။ အစ်ကို တက္ကသိုလ် ဘုန်းကြွယ်က အမေရိကန်နိုင်ငံသို့ ထွက်ခွာသွားပြီးနောက် စာဆက်မရေးနိုင်တော့သည့်အတွက် ကျွန်တော်ကပင် “တက္ကသိုလ်ဝင်းကြွယ်” နှင့် ကလောင်ခွဲ “ဘုန်းကြွယ်” တို့ဖြင့် သိုင်းဝတ္ထုများကို ဆက်လက် ရေးသား ထုတ်ဝေခဲ့ပါသည်။

ဖြစ်ချင်တာတွေ မဖြစ်ပဲ မဖြစ်ချင်တာတွေ ဖြစ်လာသော ကျွန်တော့်ဘဝကို ပြန်လည် ဆန်းစစ်ကြည့်လိုက် သောအခါ…

အမှတ်ကောင်းပြီး စာတော်ပေမယ့် ဘဝကံကြမ္မာက ခွင့်မပြုသည့်အတွက် ရရှိထားသော ဆရာဝန် လိုင်းပင်လျှင် ဆုံးခန်းတိုင်အောင် မတတ်နိုင်ဘဲ တစ်ဝက်တစ်ပျက်နှင့် ကျောင်းမှထွက်ခဲ့ရသည်။

ဘဝဇာတ်ဆရာက မည်သူနည်း။

အကြောင်းနှင့်အကျိုးတရား (ပဋိစ္စသမုပ္ပါဒ်)က သင်၏ ဇာတ်ဆရာပင်တည်း။ မိမိ၏ကံကြမ္မာကို မိမိကသာ ဇာတ်ဆရာလုပ်ပြီး ဖန်တီးနေရခြင်းဖြစ်သည်။

ကျွန်တော်အဘယ်ကြောင့် ဆရာဝန်မဖြစ်ပဲ စာရေးဆရာ တက္ကသိုလ်ဝင်းကြွယ် ဖြစ်သွားရသနည်း။

အကြောင်းအကျိုးကို လေ့လာသုံးသပ် ရှာကြည့်လိုက်သောအခါ….

နိုင်ငံခြားသားမှတ်ပုံတင် (FRC) ကိစ္စနှင့် ပတ်သတ်ပြီး ငြိစွန်းမှု ရှိသည့်အတွက် ကျောင်းမှ ထွက်လိုက်ရခြင်း ဖြစ်၏။ ထိုကိစ္စသည် အဘယ်ကြောင့် ဆေးကျောင်းတတ်ပြီး (၅) နှစ်ကြာသောအခါမှ ဖြစ်ရလာသနည်း။

Dr. မျိုးငြိမ်း၏ ရင်းနှီးသော ဆေးတက္ကသိုလ် (၂) မှ သူငယ်ချင်းများထံမှ ၎င်း၊ ဖြစ်နိုင်သော နေရာဌာနများမှ ရရှိသော အကြောင်းအရာအချက်အလက်များကို လေ့လာ သုံးသပ်လိုက်သောအခါ…

(၁) ကိုမျိုးငြိမ်းသည် ကျွန်တော်နှင့် ငယ်စဉ်ကတည်းက အတန်းတွင် ပြိုင်ဖော်ပြိုင်ဖက်ဖြစ်ခဲ့ပြီး အခွင့်သာချက် မရရှိခဲ့ခြင်း။

(၂)     ၁ဝ တန်းတွင် ကျွန်တော့်ထက် အမှတ်နည်းခဲ့၍ ဆေးတက္ကသိုလ် (၂)သို့ ရောက်သွားသည်ကို ဘဝင်မကျ ဖြစ်ခဲ့ခြင်း။

(၃)     ဆေးတက္ကသိုလ် (၁) သို့ ဝင်ခွင့်ရသွားသော ကျွန်တော့်အပေါ် အမြင်စောင်းမှု တိုးပွား များပြား လာခြင်း။

(၄)     တချို့က ကျွန်တော့်ကို ရည်းစားလုဖက်များ ဖြစ်နေသလားဟုပင် မေးကြ၏။ အမှန်ကို ဝန်ခံရလျှင် ဆေးကျောင်းတတ်စဉ်ကာလတွင် ဆရာဝန်ဖြစ်ရန် အဓိကရည်မှန်းချက်သာ ထားရှိပြီး သမီးရည်းစား လုံးဝထားရှိခဲ့ခြင်း မရှိပါ။

(၅)     ကျွန်တော့်တွင် နိုင်ငံခြားသားမှတ်ပုံတင် (FRC) ညိစွန်းမှုရှိသည်ကို ကိုမျိုးငြိမ်း မည်ကဲ့သို့ သိသနည်း။ မိဘများ ပြောပြ၍သာ သိနိုင်စရာရှိသည်။

(၆)     ကျွန်တော်အား စာရေးတိုင်ကြားသူ ရှိ၍သာ အရေးယူခြင်းခံရသည်မှာ ယုံမှားသံသယ မရှိပေ။ သက်ဆိုင်ရာ ဌာနရှိ အသိမိတ်ဆွေများ ထံမှ သိရသည်။

အားလုံးသော အချက်အလက်များကို စုစည်းသုံးသပ် မှတ်ချက်ချရလျှင် ကျွန်တော် ကျောင်းထွက်ရသည့် ကိစ္စတွင် ကိုမျိုးငြိမ်းနှင့် မကင်းသည့်အပြင် မိဘများလည်း ပါဝင်ပတ်သတ်နေသည်ဟုသာ မှတ်ချက်ချလိုက်ရပေမယ့် သူတို့မိသားစု၏ ဖြစ်ရပ်အတွက် စိတ်မကောင်းမှုများစွာ ဖြစ်မိပါသည်။ ကျန်ရစ်သူမိသားစုများ အကြောင်း အကျိုးတရား၏ အဖြစ်မှန်ကို သိရှိချင်မှ သိပေလိမ့်မည်။

မွေးဖွားစဉ်က လူတိုင်းရရှိထားသော ဖြူစင်သည့်နှလုံးသားကို အဘယ်ကြောင့် အမဲစက် စွန်းထင်းခံချင် ရသနည်း။

ကျွန်တော် ကျောင်းထွက်အောင် ကြိုးစားလုပ်ဆောင်လိုက်သည့်အတွက် သူတို့မိသားစု အဘယ်မျှ အကျိုးထူး ရရှိသွားသနည်း။

နိုင်ငံတော်အတွက် ဆရာဝန်တစ်ဦး လျော့နည်းသွားသည်။

ကျွန်တော် အတွေးမပေါက်လျှင် အသက်ပါပျောက်သွားနိုင်သည်။ ဘဝလည်း ပျက်သွားသည်။

အကြောင်းနှင့် အကျိုးတရားတော် (ပဋိစ္စသမုပ္ပါဒ်) ကို ဤကိစ္စရပ်တွင် ထင်ရှားစွာ သိမြင်နိုင်သည်။ သူများကို လိမ်၍ ရကောင်းရမည်။ မိမိကိုယ်မိမိ လိမ်၍မရပါ။ ကိုယ်စောင့်နတ်နှင့် သူတော်ကောင်းများကို လှည့်စား၍ မရပါ။ မိမိ၏ ကံကြမ္မာကို ဖန်တီးသူမှာ မိမိသာတည်း။ မှားယွင်းသော လုပ်ရပ်အတွက် အပြစ်ကို မိမိသာခံရပေမည်။ ဤဘဝ (သို့) နောင်ဘဝတွင် ခံရမည်မှာ ဧကန်မလွဲပေ။

သေချာစဉ်းစားကြည့်လျှင် ကြောက်စရာအလွန်ကောင်းသည်။ မမှန်ကန်သောလုပ်ရပ် (သို့) သူတစ်ပါး ထိခိုက် နစ်နာ ဒုက္ခရောက်စေသော ဖြစ်ရပ်များကို မလုပ်မိရန် တိုက်တွန်းလိုပေသည်။

ကျွန်တော် တတိယ အရွယ်သို့ရောက်လေပြီ။ လူဖြစ်ရခြင်း၏အကျိုး (ဝါ) တန်ဖိုးကားအဘယ်နည်း။ မိမိမိသားစု၏ စားဝတ်နေရေး အကျိုးစီးပွားကိုသာ ထမ်းဆောင်ပြီး လူ့လောကကို စွန့်ခွာသွားလျှင် လူဖြစ်ရကျိုး နပ်ပြီလား။ မိမိမိသားစု အကျိုးအပြင် အများ၏အကျိုးကိုလည်း တတ်စွမ်းသမျှ ပါဝင်ကူညီမှု ပြုပါမှ လူဖြစ်ရကျိုး နပ်ပေတော့မည်။

ကောင်းမှုနှင့် မကောင်းမှု

တရားမှုနှင့် မတရားမှု

ကုသိုလ်နှင့် အကုသိုလ်

မိမိတို့ ကြိုက်နှစ်သက်ရာကို ရွေးချယ်ပိုင်ခွင့်ရှိ၏။ ကံကြမ္မာက ရွေးချယ်သူနောက်သို့ အရိပ်ပမာ လိုက်ပေ လိမ့်မည်။ အပြစ်ရှိသူကိုလည်း မျက်နှာမလိုက် ဒါဏ်ခတ်တတ်သည်။

အကျိုးနှင့်အကြောင်းတရားသည် လောက၌ အမှန်တကယ်ရှိ၏။ တွေ့ကြုံခံစားဖူးသူများ ကောင်းစွာ သိလိမ့်မည်။

ချစ်စွာသော စာဖတ်ပရိသတ်များ မိမိကိုယ်ကို ဆန်းစစ်ကြည့်ကြပါ။

(၁)     သင်သည် သူတစ်ပါးအပေါ် မကောင်းမှု မတရားပြုခဲ့ပါသလား။ သင့်ကြောင့် ဒုက္ခရောက်သွားသူများ ရှိပါသလား။

(၂)     သူတစ်ပါး ဒုက္ခရောက်သည်ကို ကြားသိသောအခါ သင်သည် ကိုယ်ချင်းစာပြီး စိတ်မကောင်း ဖြစ်မိသလား (သို့) ဖြစ်တာကောင်းတယ်လို့ ဝမ်းသာမိသလား။

(၃)     သူတစ်ပါးအကူအညီတောင်းသောအခါ သင်ကူညီပေးဖူးသလား (သို့) ငြင်းပယ်သလား။

(၄)     သင့်အပေါ်မကောင်းသူများကို သင်ပြန်ဂလဲ့စားချေတတ်သလား (သို့) မေတ္တာဖြင့်ခွင့်လွှတ်ကာ အနိုင်ယူ တတ်သလား။

(၅)     သူတစ်ပါးကောင်းစားသည်ကို ကြားသိသောအခါ သင်ဝမ်းသာသလား (သို့) မနာလိုဝန်တိုစိတ် ဖြစ်မိသလား။

(၆)     သင့်အပေါ်ယုံကြည်စိတ်ချ၍ အပ်နှံထားသော ပစ္စည်းဥစ္စာများကို လောဘစိတ်ပေါက်ပြီး သင်က ဆွေမျိုး၊ သူငယ်ချင်းများအပေါ် မရိုးသားစွာဖြင့် သစ္စာဖောက်ခဲ့ဖူးသလား။

(၇)     သင်လူဖြစ်ရကျိုးနပ်အောင် ကုသိုလ်ကောင်းမှုများ မည်မျှ လုပ်ဆောင်ပြီး ဖြစ်ပါသလဲ။

မိမိကိုယ်ကို ဆန်းစစ်ကြည့်ကြပါ။ အဖြေထုတ်ကြည့်ပါ။ အမှားပြုခဲ့လျှင် အမြန်ပြင်ပါ။ ဆက်လက်မမှားစေနှင့်။ လောဘ၊ ဒေါသ၊ မောဟ စိတ်တို့သည် သင့်ကို ကောင်းကျိုးပေးမည် မဟုတ်ပါ။ လူ့လောကမှ ပြန်လည် မထွက်ခွာမီ သင်ဘာဆက်လုပ်သွားမည်နည်း။

ကျွန်တော်တို့အားလုံး လူဖြစ်ရကျိုးနပ်အောင် မကောင်းမှုကို ရှောင်ပြီး ကောင်းမှု ကုသိုလ်များကို လက်တွဲအတူ လုပ်ဆောင်သွားကြပါစို့။

လူတိုင်း ဖြူစင်သော နှလုံးသားပိုင်ရှင် ဖြစ်ပါစေ။

(ဖြစ်ရပ်အမှန်ကို သင်ခန်းစာယူနိုင်ရန် ရိုးသားစွာတင်ပြခြင်းသာဖြစ်လို့ နာမည်နှင့်အရပ်ဒေသ ပြောင်းထားပါသည်။ တိုက်ဆိုင်မှု ဖြစ်သွားပါက ခွင့်လွှတ်ပါရန်)

တက္ကသိုလ်ဝင်းကြွယ်

မှတ်ချက်။  ။ သတင်းစာတွင် စာမျက်နှာအခက်အခဲကြောင့် မဖေါ်ပြနိုင်သော စာမူဖြစ်သည်။ အပိုင်း၁ ကိုအရင်ဖတ်ရှုသင့်ပါသည်။
https://myanmargazette.net/?p=20891
ကူးယူသူများ မန္တလေးဂေဇက်နှင့် စာရေးသူ တက္ကသိုလ်ဝင်းကြွယ်အမည် ဖေါ်ပြရမည်။

One comment

  • bigcat

    September 12, 2010 at 3:08 pm

    ဆရာက ဆရာပါပဲဗျို့။ ဖြစ်နိုင်ရင် မန္တလေးဂေဇက်အွန်လိုင်းမှာ အခန်းဆက် သိုင်းဝတ္ထု အတွဲလေးတွေ တင်ပေးပါလား။ အမှတ်တရပေါ့။ သိပ်ပြီးလေးနက် စရာမလိုပါဘူး။ စာမျက်နှာ အခက်အခဲရှိတာ သဘောပေါက်ပါတယ်။ စကားမစပ် ကလောင်နာမည် မေနှင်းကြွယ်ကရော ဆရာပဲလား။ အရင်ထဲကတော့ထင်သားပဲ ကလောင်အမည် ဘုန်းကြွယ်နဲ့ ဝင်းကြွယ် အတူတူ သို့ ညီအကိုဖြစ်နိုင်ပါတယ်လို့။ ငယ်ငယ် မူလတန်းကျော်ကျော်လောက် ကထဲက ညညခြင်ထောင်ထဲမှာ သိုင်းဝတ္ထုတွေခိုးဖတ်လို့ အိမ်စာမပြီးတာနဲ့ ဆရာမ အရိုက်ခံရတာ၊ မျက်မှန်တပ်ရတာတွေ သတိရမိတယ်။

Leave a Reply