ကြယ်နီတပွင့်(အပိုင်း-၂)

Good IdeaSeptember 28, 20101min320

(၅)
အချိန်ကား- ၁၉၈၈ခု၊ အောက်တိုဘာလ
နေရာကား- ရန်ကုန်မြို့ဆင်ခြေဖုံးရပ်ကွက်တနေရာ။
‘အမေ။ ကျွန်တော် တောခိုတော့မယ်’
စက်တင်ဘာလမှာ စစ်တပ်က အာဏာသိမ်းပြီး ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီးကို ဖြိုခွင်းပြီးကတည်းက သားဆီက
ဒီလို စကားသံကြားရတော့မယ်ဆိုတာ သူမသိနေခဲ့သည်။ သားနဲ့ ချွေးမတို့ တိုးတိုးကြိတ်ကြိတ်စကားတွေ
ပြောနေကြတာကိုလဲ ရိပ်မိသည်။
ရှစ်လေးလုံး အရေးတော်ပုံကြီး ထွက်ပေါ်လာချိန်မှာ သားက လုပ်သားကောလိပ် တက်နေဆဲ။ ရုံးတရုံးမှာ အောက်တန်းစာရေး
ဝင်လုပ်ရင်း မိသားစုတာဝန်ကို ထမ်းနေပေမယ့် ပညာရေးကိုလဲ ဆက်ကြိုးစားနေသည့် လုပ်သားကျောင်းသား။ သားရဲ့
ပါရမီဖြည့်ဘက် ဇနီးသည်လေးကလဲ ယောက်ျားဖြစ်သူရဲ့ ပညာရေးကိုပါ အားပေးသည်။ စက်ချုပ်ရင်း မိသားစုရဲ့ ဝန်ကို
တဘက်တလမ်းကနေ ဝိုင်းထမ်းပေးခဲ့သည်။
အရေးတော်ပုံကြီး ဖြစ်လာတော့ ယုံကြည်ချက်တူ၊ ခံစားချက်တူကြသည့် ပွင့်တူရွက်တူများဖြစ်သည်မို့
လင်မယားနှစ်ယောက်လုံး တက်တက်ကြွကြွ ပါဝင်ခဲ့ကြသည်။ လင်ယောက်ျားဖြစ်သူက အရေးတော်ပုံက
မွေးဖွားပေးလိုက်သည့် အလုပ်သမားသမဂ္ဂ၊ ကျောင်းသားသမဂ္ဂများမှာ ချိတ်ဆက်လက်တွဲရင်း တော်လှန်ရေးတာဝန်
ထမ်းဆောင်နေချိန်တွင် ဇနီးသည်ကလဲ အိမ်ရဲ့ စားဝတ်နေရေး အခြေအနေကို တဘက်က ထိန်းကျောင်းရင်း အိမ်ရှင်မများ
သမဂ္ဂ တခုတွင် တက်တက်ကြွကြွ ပါဝင်ခဲ့သည်။ အရောင်အသွေးစုံဖြင့် လူထုတိုက်ပွဲ အထွေထွေသပိတ်ကြီးအတွင်းမှာ
စီးမျောလာခဲ့သော သမဂ္ဂများမှာလဲ အစုံအလင်။ လူထုတရပ်လုံး လက်တွဲပြီး သွေးမုန်တိုင်းထဲမှာ စီးမျောခဲ့ကြသည်။
စနစ်ဆိုးကို တိုက်ဖျက်ခဲ့ကြသည်။
‘သား၊ ဆုံးဖြတ်ပြီးပြီလား။ အမေက လက်နက်ကိုင်တော်လှန်ရေးဆိုတဲ့ ခရီးကြမ်းကို မဖြတ်ခဲ့ဖူးပေမယ့် ဖြတ်သန်းခဲ့သူတွေရဲ့
အနီးဆုံးမှာ ရှိနေခဲ့ဖူးတယ်။ ပင်ပန်းမယ်၊ ဆင်းရဲမယ်။ လိုအပ်ရင် အသက်စွန့်ရလိမ့်မယ်’
‘သားဆုံးဖြတ်ပြီးပြီ အမေ။ လူထုတိုက်ပွဲတခုတည်းနဲ့ ဒီစစ်ခွေးတွေကို နိုင်အောင် မတိ ုက်နိုင်ဘူးဆိုတာ သားသိသွားပြီ။
လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တော်လှန်ရေးကို ဟန်ချက်ညီ ပေါင်းစပ်နိုင်အောင် ကြိုးစားကြရမယ်’
သားဆီက ခိုင်မာသော ဆုံးဖြတ်ချက် စကားသံကို ကြားရပြီးချိန်မှာ ချွေးမ မျက်နှာကို လှမ်းကြည့်မိသည်။
‘သမီးရဲ့ သဘောကကော။ သားရဲ့ ရင်သွေးလေးကိုလဲ သမီးလွယ်ထားရတယ် မဟုတ်လား။ မိသားစု တာဝန်ကို
မကျေပြွန်နိုင်တော့မယ့် ခင်ပွန်းသည်တယောက်ကို သမီးရဲ့ စိတ်ထဲက ကြည်ကြည်ဖြူဖြူ ရှိနေနိုင်ပါ့မလား။ အမေ့မြေးလေး
ကြီးပြင်းလာချိန်ကျမှ မင်းအဖေ တာဝန်မကျေဘူးလို့ ပြောဆိုမှာကို အမေစိုးရိမ်မိတယ် ‘
‘အမေရယ်။ ကိုအေးချမ်းက မိသားစုတာဝန်ကို မယူချင်လို့ ရှောင်ဖယ်စွန့်ခွာသွားတာမှ မဟုတ်တာပဲ။ မိသားစုအရေးထက်
ပိုပြီး အရေးကြီးတဲ့ တိုင်းရေးပြည်ရေးတာဝန်ကို ထမ်းဆောင်ဖို့ ထွက်ခွာသွားတာပဲ။ သမီးကျေနပ်တယ် အမေ။
အများမိုးခါးရေသောက်တိုင်း လိုက်မသောက်ပဲ ရေကြည်တပေါက် အများကို တိုက်နိုင်ဖို့ ကြိုးပမ်းမယ့် ခင်ပွန်းသည်ကို
သမီးရွေးချယ်နိုင်ခဲ့တယ်။ ဒီအတွက်လဲ သမီးဟာသမီး ကျေနပ်တယ်။ မွေးလာမယ့် ကလေးလေးကိုလဲ တကိ ုယ်ရေဘဝ
တိုးတက်ရေးအတွက် တော်လှန်ရေးလမ်းကြောင်းကို စွန့်ခွာရှောင်ဖယ်တာမျိုး မလုပ်ခဲ့တဲ့ ဖခင်ရဲ့ လုပ်ရပ်အပေါ်
ဂုဏ်ယူနားလည်တတ်တဲ့ ကလေးလေးဖြစ်လာအောင် သမီး လေ့ကျင့်ပျိုးထောင်ပေးမယ်’
သားနဲ့ ချွေးမကို ကြည့်ပြီး ဒေါ်အေးမ အားရလှသည်။ ဘဝတလျှောက်လုံးမှာ ဖြတ်သန်းခဲ့ရတဲ့ ဖက်ဆစ်စနစ် တိုက်ဖျက်ရေး
တိုက်ပွဲ၊ လူတန်းစားတိုက်ပွဲ၊ ကုန်ထုတ်လုပ်ရေးထဲက တိုက်ပွဲ၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး တိုက်ပွဲအဆက်ဆက်မှာ
ဖခင်၊ ချစ်သူ၊ လင်ယောက်ျားတို့ရဲ့ အသက်တွေကို စတေးခဲ့ရပြီးပြီ။ ဘာပဲဖြစ်ဖြစ် သားတယောက်ကျန်သေးသည်။
မပြီးသေးတဲ့ တိုက်ပွဲလမ်းကြောင်းတွေပေါ်က တိုက်ပွဲဝင်အလံကို သားက ဆက်ပြီး သယ်ဆောင်ပေလိမ့်ဦးမည်။
(၆)
အချိန်ကား- ၂၀၀ဝ ခုနှစ်၊ ဒီဇင်ဘာလ
နေရာကား- သာယာဝတီထောင်။
တသက်နဲ့တကိုယ် သာယာဝတီထောင်သို့ လာရလိမ့်မည်ဟု ဒေါ်အေးမ တခါမှ မတွေးခဲ့မိ။ လယ်သမားခေါင်းဆောင်
ဆရာစံကို နယ်ချဲ့တွေက ကြိုးပေးသတ်ခဲ့တဲ့ ထောင်၊ ပြည်သူ့ဒီမိုကရေစီအရေးအတွက် တော်လှန်ခဲ့ကြတဲ့
တော်လှန်ရေးသမားပေါင်းများစွာကို ဖမ်းဆီးချုပ်နှောင်ခဲ့တဲ့ထောင်။
အခုတော့ ဒီလို သမိုင်းအစဉ်အလာရှိတဲ့ သာယာဝတီထောင်ကို သူမလာခဲ့ရပြီ။ ဒီထောင်ထဲမှာ သူမရဲ့ ချွေးမ မဝင်းမာကို
စစ်အစိုးရက ဖမ်းဆီးချုပ်နှောင်ထားသည်မှာ နှစ်နှစ်ကျော်ခဲ့ပြီ။ ရှစ်လေးလုံးအထိမ်းအမှတ်စာ ဖြန့်ဝေမှု၊ တောတွင်း
အဖွဲ့များနှင့် ဆက်သွယ်မှုတဲ့။ ရန်ကုန်မြို့၊ ဆင်ခြေဖုန်း ရပ်ကွက်က သူမတို့ တဲအိမ်လေးကို ရှေ့တန်းက သူပုန်စခန်း
တခုနှယ် လက်နက်ကိုင်စစ်သားများနဲ့ လာဝိုင်းပြီး မဝင်းမာကို လာဖမ်းသွားခဲ့ကြသည်။ ဒီတုန်းက မြေးလေးက
ကိုးနှစ်အရွယ်လေးပဲ ရှိသေးသည်။ အမေကို လာဖမ်းသည့် ကြေးစားတွေကို မဖမ်းဖို့ ဒူးထောက်ငိုယို တောင်းပန်နေသည့်
ကလေးငယ်လေးရဲ့ ရင်ဝကို စစ်ဖိနပ်နှင့် ဆောင့်ကန်သွားခဲ့သည့် ဒီမြင်ကွင်းကို ဒေါ်အေးမ ရင်ထဲက ဘယ်လို
ဖျောက်ရမည်မှန်းပင် မသိ။
မြေးလေးနဲ့အတူ ဘဝကို ဆက်ရုန်းကန်ဖို့ အရေး ဈေးတောင်းခေါင်းပေါ်ရွက်ရသည်။ အသက်ခြောက်ဆယ်ကျော်အရွယ်
ဇရာရဲ့ ဖိထောင်းခြင်းဒဏ်ကို ဒေါ်အေးမ ဂရုမစိုက်နိုင်ပါ။ မြေးလေးကို ကျောင်းထားဖို့အရေး၊ ထမင်းနပ်မှန်ဖို့အရေး၊
ချွေးမလေးကို ထောင်ဝင်စာ ပုံမှန်သွားတွေ့ဖို့ အရေး တွေအတွက် ကျားကုတ်ကျားခဲ ကြိုးစားရုန်းကန်ရတော့သည်။
သို့ပေမယ့် ဒေါ်အေးမ အားမလျှော့ပါ။ အားမလျှော့သေးသရွေ့၊ မျှော်လင့်ချက်ရှိနေသေးသရွေ့ ဘယ်တော့မှ မရှုံးသေးဘူးလို့
ငယ်ချစ်ဦး ကိုချစ်ဖေက အကြိမ်ကြိမ်၊ အခါခါ ပြောခဲ့ဖူးသည်။ စနစ်ဆိုး၊ခေတ်ဆိုးက ဘယ်လောက်ပဲ နှိပ်စက်ကလူပြုပြု၊
ဒေါ်အေးမ လုံးဝ အားမလျှော့။ ထောင်ဝင်စာ ပုံမှန်တွေ့နိုင်အောင် ကြိုးစားခဲ့သည်။
ဒီကြားထဲမှာမှ သမီးလေးလို ချစ်ရသော ချွေးမလေးကို အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ပြောင်းလိုက်ကြပြန်သည်။
ခရီးက ဝေးသွားပေမယ့် သမီးလေး အားမငယ်စေရ။ ထောင်ဝင်စာသွားတွေ့ဖို့ ခက်သွားပေမယ့် မဖြစ်၊ ဖြစ်အောင် သွားဖို့
ကိုတော့ ခြစ်ခြုတ်ပြီး ပိုက်ဆံစုရသည်။
‘ဒုက္ခခံလို့ အမေရယ်၊ ဒီအထိများ လိုက်လာရတယ်လို့’
‘အမေမပင်ပန်းပါဘူး သမီးရယ်။ ပိန်သွားလိုက်တာကွယ်။ နေထိုင်ကောင်းရဲ့လား’
အကျဉ်းထောင်ထဲမှာ ပိတ်လှောင်ချုပ်နှောင်ခံနေရသော သမီးလေးကို အဆင်ပြေရဲ့လားလို့တော့ ဒေါ်အေးမ
မေးမထွက်ရက်ပါ။ မွဲခြောက်ခြောက် အသားအရေ၊ ခန္ဓာကိုယ် ခပ်ပိန်ပိန်က သက်သေပြနေခဲ့ပြီပဲ။ ဒါပေမယ့် သမီးလေးရဲ့
မျက်လုံးလေးတွေကိုတော့ ဒေါ်အေးမ အားရသည်။ ဒီမျက်ဝန်းလေးတွေထဲမှာ အနိုင်မခံ၊ အရှုံးမပေးလိုတဲ့ စိတ်အားမာန်တွေ၊
မျှော်လင့်ချက်တွေ ရှိနေဆဲ။
‘သမီးအတွက် စိတ်မပူပါနဲ့ အမေ။ သားလေးရော နေကောင်းရဲ့လားဟင်’
‘မြေးလေးက နေကောင်းပါတယ်။ ကျောင်းစာလဲ ကြိုးစားတယ်။ ကျန်းမာရေးကိုသာ ဂရုစိုက်နော်သမီး’
ရတဲ့ အချိန်တိုလေးအတွင်းမှာ စကားလေးတွေ ပြောဖြစ်ကြသည်။ သို့ပေမယ့် ထောင်ဝင်စာမှာ ယူလာတဲ့
ပစ္စည်းလေးတွေထဲမှာ မြေးလေးရဲ့ ကျောင်းအားရက် စပယ်ပန်းကုံး ရောင်းရင်း စုထားတဲ့ ပိုက်ဆံလေးတွေနဲ့
ဝယ်ထည့်ပေးထားတဲ့ ခေါက်ဆွဲခြောက်ထုပ်လေးတွေပါ ပါလာတယ်ဆိုတာကိုတော့ ဒေါ်အေးမ ပြောမပြရက်ခဲ့ပါ။
တယောက်အပေါ် တယောက်က ညှာတာရင်း ပြောမထွက်ခဲ့သော စကားတချို့ကလဲ ရှိနေပါသေးသည်။ ဒေါ်အေးမကလဲ
ချွေးမကို မြင်တွေ့ရတော့ သားမောင်ကို သတိရသလို၊ မဝင်းမာကလဲ ကိုအေးချမ်းကို သတိရနေခဲ့ပါသည်။ သို့ပေမယ့်
စိတ်မကောင်း ဖြစ်မှာစိုး၍ ကိုအေးချမ်းအကြောင်းကို ချန်ရစ်ထားခဲ့ကြသည်။
ပြည်သူလူထုကို ရန်သူလို သဘောထားသော စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်း တနင်္သာရီစစ်ဒေသမှာ ကိုအေးချမ်း
ကျဆုံးသွားခဲ့ပြီဆိုတာကို ထောင်မကျခင်ကတည်းက တော်လှန်ရေးအဆက်အသွယ်များမှ တဆင့် မဝင်းမာက
သိနေခဲ့ပြီးသားပေမယ့် ဒေါ်အေးမကို ဖွင့်မပြောဖြစ်ခဲ့။ ဖခင်၊ ချစ်သူနဲ့ ခင်ပွန်းသည်တို့တုန်းက အတွေ့အကြုံတွေက ဘဝနဲ့
ရင်းပြီး ရှိခဲ့သူမို့ သားဖြစ်သူရဲ့ အပြန်ခရီးကိုလဲ မဝံ့မရဲ ဖြစ်နေမိတာကို ဒေါ်အေးမကလဲ မဝင်းမာကို ဖွင့်မပြောဖြစ်ခဲ့။
နောက်ဆုံးတော့ အချိန်စေ့ပြီမို့ ဖွင့်မပြောဖြစ်သော ရင်ထဲက စကားသံလေးများကို ကိုယ်စီသိမ်းဆည်းရင်း
လမ်းခွဲဖြစ်ခဲ့ကြပြန်သည်။
နောက်တကြိမ်ပြန်မဆုံနိုင်တော့မယ့် မမြင်နိုင်သော ကံကြမ္မာအချိုးအကွေ့တခုက လက်တကမ်းမှာ စောင့်ကြိုနေပြီ
ဆိုတာကိုတော့ ကြိုမသိခဲ့ကြ။
သာယာဝတီသို့ နောက်တခေါက်ထပ်သွားနိုင်ရန် မြေးအဖွားနှစ်ယောက် ပိုက်ဆံစုနေကြဆဲမှာပင် အသည်းရောင်အသားဝါ
ရောဂါဖြင့် ထောင်ထဲတွင် ကွယ်လွန်သွားသော မဝင်းမာ၏ သတင်းဆိုး အကြောင်းကြားချက်ကို မျက်ရည်စက်လက်ဖြင့်
လက်ခံလိုက်ကြရပါတော့သည်။
(၇)
အချိန်ကား- ၂၀၀ရ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်
နေရာကား- ဆင်ခြေဖုံးရပ်ကွက်တနေရာ။
‘မြေးလေး သက် သာရဲ့လား’
အိပ်မောကျနေရာမှ နိုးလာသော မြေးလေးကို မေးမိသည်။
‘ဟင်။ အဖွားက အစောကြီး နိုးနေတာလား’
အတိတ်အတွေးများနှင့် တညလုံး ကောင်းကောင်း အိပ်မပျော်ခဲ့တာကို မြေးလေးကို ပြောမပြဖြစ်တော့။
‘ခေါင်းမူးသေးလားမြေးလေး’
‘မူးတုန်းပဲ အဖွား။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ သားဈေးရောင်းသွားလိုက်ဦးမယ်’
‘မဟုတ်တာပဲ မြေးလေးရယ်။ တရက်တလေလေး နားလိုက်ပါကွယ်။ ရှိတဲ့ ပိုက်ဆံလေးနဲ့ အဖွားစားတတ်ပါတယ်။ ညက
မြေးလေးပေးတဲ့ ပိုက်ဆံလေးနဲ့ ငါးပိလေး သွားဝယ်ဦးမယ်’
‘သားသွားမယ်လေ အဖွား’
မြေးလေးက ကမန်းကတန်းထပေမယ့် ခေါင်းမူးလို့လားမသိ။ ပြန်ယိုင်သွားသည်။
မြေးလေး နေမကောင်းသည်မို့ အဖွားအမြန်ထွက်လာလိုက်သည်။ ခြေလှမ်းများကတော့ နှေးကွေးလေးလံလို့နေသည်။
ရပ်ကွက်ထဲက ကုန်ခြောက်ဆိုင်လေးမှာ ငါးပိလေးဝယ်ပြီး အဖွား ပြန်လာခဲ့သည်။ ညက မစားဖြစ်ခဲ့တဲ့ ထမင်းလေးကို ငါးပိနဲ့
လွေးလိုက်ရပေမယ့် စားလို့သိပ်မဝင်လှ။ မြေးလေးအတွက် စိုးရိမ်လို့နေသည်။ ညနေကျရင်တော့ ရပ်ကွက်ထဲက
ဆေးခန်းလေးကို ခေါ်သွားရမည်။
‘ဆေးခန်းသွားရင် ပိုက်ဆံလိုမှာပဲ’
ပိုက်ဆံဆိုသော အတွေးလေးက ခေါင်းထဲသို့ ဖြတ်ကနဲ တိုးဝင်သည်။
‘မြေးလေး၊ အိမ်မှာပဲ နေနော်။ အဖွား ပြန်လာခဲ့မယ်’
‘အဖွားက ဘယ်သွားမလို့လဲ’
‘သင်္ကန်းကျွန်းက မြေးလေး အဖေရဲ့ သူငယ်ချင်း အိမ်ကိုပါကွယ်။ အဖွားမကြာပါဘူး’
သားရှိတုန်းကတည်းက အိမ်ကို ဝင်ထွက်နေကျ သူငယ်ချင်းတယောက် က အဖွားတို့ မြေးအဘွားကို စောင့်ရှောက်ပေးသည်။
ဆေးဖိုးဝါးခများ ပံ့ပိုးပေးသည်။ ခုလဲ မြေးလေး ကိစ္စ ပြောပြရင် ကူညီမှာပဲလို့ အဖွားတွေးမိသည်။
ဘတ်စ်ကားတတန်၊ ကုန်ကြောင်းတတန်ဖြင့် သင်္ကန်းကျွန်းဘက်ရောက်လာတော့ အဖွားရဲ့ မြင်ကွင်းထဲသို့ မယုံကြည်နိုင်ဖွယ်
ကောင်းလိုက်အောင် ထူးခြားသော မြင်ကွင်းများက တိုးဝင်လာသည်။
ဘေးရန်ခပ်သိမ်း- ငြိမ်းကြပါစေ
ဆင်းရဲခပ်သိမ်း – ငြိမ်းကြပါစေ
နှလုံးစိတ်ဝမ်း- အေးချမ်းကြပါစေ
သံဃာတော်များက မေတ္တာပို့ရင်း စီတန်းလမ်းလျှောက်နေသည်ကို ပြည်သူများကပါ ပူးပေါင်းပါဝင်နေကြသည်။
ဘယ်သူ့တွက်လဲ- ပြည်သူ့အတွက်
ပြည်သူ့ဆန္ဒ- ပြည့်ဝပါစေ
ဆိုသော ကြွေးကြော်သံများကလဲ ထွက်ပေါ်လာသည်။
အဖွားမနေနိုင်တော့။ လူထုကြီးနဲ့အတူ ဆန္ဒပြစစ်ကြောင်းမှာ ပါဝင်ဖို့ ဆုံးဖြတ်လိုက်သည်။ ဆန္ဒပြပွဲပြီးမှ သားသူငယ်ချင်း
မောင်မြင့်သူ အိမ်ကိုသွားမည်။ ညနေဆေးခန်းဖွင့်ချိန်အမှီ အိမ်ကို အရောက်ပြန်မည်ဟု စဉ်းစားလိုက်သည်။
‘လာ၊ အဖွားလာ။ ဟေ့ – အဖွားကို တွဲကြ’
လူထုကြီးက အဖွားကို လက်တွဲဖေးမကြသည်။ လူငယ်လေးများက ကူတွဲချီမသွားသည်မို့ တပ်ဦးအနီးသို့
အဖွားရောက်သွားသည်။
‘ဟိုမှာ စစ်သားတွေဟေ့’
လေးထောင့်ကန်လမ်းမပေါ်မှာ လူထုဆန္ဒပြစစ်ကြောင်းကြီးနှင့် စစ်သားများ၊ လုံထိန်းများ ထိပ်တိုက်တွေ့ကြသည်။
စစ်သားများ၊ လုံထိန်းများက အာဏာရှင်လက်ကိုင်ဒုတ်များပီပီ နံပါတ်တုတ်များဖြင့် လူထုကြီးကို ဝင်ရိုက်ကြသည်။
‘အဖွားကို ထမ်းပြေးကြ’
ဖရိုဖရဲ အခြေအနေမှာ လူအများကြား ရောက်နေသော အဖွားကို ထမ်းပြေးဖို့ အော်နေကြသံ ကြားရသည်။
အော်နေသံများဘက်သို့ သွားဖို့ ခြေလှမ်းပြင်စဉ်မှာ ခါးမှာ တချက်၊ ခေါင်းမှာ တချက် နံပါတ်ဒုတ်နှင့် ရိုက်တာကို
ခံလိုက်ရသည်။ နံပါတ်ဒုတ်ချက်များက ဆက်ကျလာသည်မို့ အဖွားလဲပြိုသွားသည်။
‘အဖွားကြီးကို ရိုက်နေပြီ။ လုပ်ကြပါဦး။ ဟေ့ကောင်တွေ။ မင်းတို့ လူမဟုတ်ဘူးလားကွ။ တိရစ္ဆာန်ကောင်တွေ။ စစ်ခွေးတွေ’
စစ်သားများက အော်နေသူများထံသို့ ပြေးဝင်သွားပြန်သည်။ လူငယ်တချို့က စစ်သားများအလစ်မှာ အဖွားကို ဝင်ဆွဲပြီး
ထမ်းပြေးကြသည်။
‘သတိ ထားအဖွား။ ကျွန်တော်တို့တွေ အဖွားကို ဆေးရုံပို့ပေးမယ်’
စစ်သားများ မလိုက်လာသော နေရာရောက်တော့ လူငယ်လေးများက အဖွားကို မြေပေါ်အသာချပေးရင်း ပြောကြသည်။
အဖွားခေါင်းမှာက သွေးချင်းချင်းနီနေပြီ။
မျက်လုံးများကို အားယူပြီး ဖွင့်ကြည့်မိတော့ မြေးလေးတို့အရွယ် လူငယ်လေးများကို တွေ့ရသည်။
လူငယ်လေးများရဲ့ မျက်နှာများပေါ်က ရဲရင့် ပြတ်သားသော ပုံရိပ်များ၊ မျက်လုံးများထဲက နာကျည်းရိပ်များကို
သတိထားကြည့်မိရင်း ခင်ပွန်းသည် ကိုသာဒင် အကြိမ်ကြိမ် ရွတ်ဆိုခဲ့သော စာရေးဆရာ ဗန်းမော်တင်အောင်ရဲ့
စကားလုံးလေးများကို သွားသတိရမိသည်။
လူတယောက်ရဲ့ တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပုခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို
သူဘယ်လောက်သယ်ပိုးထမ်းရွက်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ
ဒီစကားလုံးလေးများကို အဖွားကြိုးစားပြီး တလုံးချင်း ပြန်ရွတ်သည်။
‘အဖွားတာဝန်ကျေပါတယ်နော်’
အဖွားကို ရင်ခွင်ထဲ ပွေ့ထားသော လူငယ်လေးတယောက်ကို လှမ်းမေးမိသည်။
လူငယ်လေးက မျက်ရည်များကြားမှ ပြုံးလိုက်သည်။
‘တာဝန်ကျေပါတယ် အဖွား’
လူငယ်လေးရဲ့ တိုးသဲ့သဲ့ အသံလေးအောက်မှာ အဖွားမျက်လုံးများ မှိတ်သွားသည်။

ဖက်ဆစ်စနစ် တိုက်ဖျက်ရေး တိုက်ပွဲ၊ လူတန်းစားတိုက်ပွဲ၊ ကုန်ထုတ်လုပ်ရေးထဲက တိုက်ပွဲ၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး

တိုက်ပွဲစဉ်တွေ ပြည့်လျှံနေတဲ့ ခေတ်ကြီးထဲမှာ ဖြတ်သန်းကျော်လွှားရင်း၊ ခေတ်ကြီးက ပုခုံးပေါ်တင်ပေးလိုက်သော
သမိုင်းတာဝန်တွေကို သယ်ဆောင်ထမ်းပိုးရင်း ကြယ်နီတပွင့်ကတော့ လွင့်ကြွေသွားခဲ့ပြီ။
သို့ပေမယ့် ဒီလိုကြယ်နီပွင့်တွေကလဲ သူမနံဘေးမှာ ခြံရံလျက်။
ခင်မမမျိုး (၂၆၊ ၉၊ ၂၀၁၀)