သတင်းမီဒီယာကောင်းဖြစ်ရန် လွတ်လပ်စွာ ရေးသားဖော်ပြနိုင်မှု နည်းတူ နှောင်ကြိုးကင်းစွာ ရပ်တည်နိုင်မှုမှာ အရေးပါ
ဖြစ်ရပ်တစ်ခု၊ အကြောင်းအရာတစ်ရပ်ကို ဖော်ပြရာ၌ အမှန်တရားကို အမှန်တရားအတိုင်း၊ အရှိ တရားကို အရှိတရားအတိုင်း ပြည်သူ့မျက်နှာတစ်ခုတည်းကြည့်ပြီး တင်ပြနိုင်ရန်ကြိုးစားသော စာနယ်ဇင်းသမားများအနေဖြင့် စာနယ်ဇင်းမီဒီယာကောင်း ဖြစ်ရန်အတွက် လွတ်လပ်စွာရေးသားဖော်ပြနိုင်မှုနည်းတူ နှောင်ကြိုးကင်းစွာရပ်တည်နိုင်မှုကလည်း အရေးပါကြောင်း ဝါရင့်သတင်းစာဆရာကြီးများနှင့်အတူ နယ်ပယ်အသီးသီးမှ ပညာရှင်များက သုံးသပ်ပြောဆိုကြပါသည်။
အနာဂတ်ဒီမိုကရေစီခေတ်တွင် စာနယ်ဇင်းသမားများအနေဖြင့် လွတ်လပ်စွာရေးသားဖော်ပြမှုနှင့် အနှောင်အဖွဲ့ကင်းမှုများ အကြားမျှခြေတစ်ခု ရှိနေစေရန်အတွက် ယခုအချိန်ကတည်းကပင် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား လုပ်ဆောင်ထားရန် လိုအပ်နေပြီဖြစ်ကြောင်းလည်း သိရှိရပါသည်။
စာနယ်ဇင်းမီဒီယာများ၏ လွတ်လပ်ခွင့်နှင့်ပတ်သက်၍လည်း ၂၀၀၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ထည့်သွင်းဖော်ပြထားခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈) အပိုဒ် ၃၅၄ တွင် ”နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအလို့ငှာ ပြဌာန်းထားသော ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာသုံးစွဲဆောင်ရွက်ခွင့်ရှိသည်”ဟု ဖော်ပြထားခဲ့ပြီး အဆိုပါအပိုဒ်၏ အပိုဒ်ခွဲ(က)တွင် မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့် (to express and publish freely their convictions and opinions)ဟူ၍ ချမှတ်ထားခဲ့သည်။ ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ နိုင်ငံတော်အခြေခံမူများ အခန်းရှိ အပိုဒ် ၂၁၊ အပိုဒ်ခွဲ(ဃ)တွင် နိုင်ငံသားများ၏ လွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်၊ ခံစားခွင့်၊ တာဝန်နှင့် တားမြစ်ချက်များကို ထိရောက်ခိုင်မာပြည့်စုံရန် လိုအပ်သော ဥပဒေပြဌာန်းရမည် (Necessary law shall be enacted to make citizen’s freedoms, right, benefits, responsibilities and restrictions effective, steadfast and complete)ဟူ၍ ချမှတ်ထားခဲ့ပါသည်။ ဒီမိုကရေစီနိုင်ငံတစ်ခုကို တည်ဆောက်ရာတွင် အခြေခံဒေါက်တိုင်ကြီးများ ဖြစ်ကြသော ဥပဒေပြုရေးမဏ္ဍိုင်(လွှတ်တော်)၊ တရားစီရင်ရေးမဏ္ဍိုင်(တရားရုံးများ)၊ အုပ်ချုပ်ရေးမဏ္ဍိုင်(အစိုးရအဖွဲ့)နှင့် စာနယ်ဇင်းမဏ္ဍိုင်ဟူသော မဏ္ဍိုင်ကြီးလေးခုစလုံး ခိုင်မြဲရန်လိုအပ်မည် ဖြစ်သည်။ ထိုနည်းတူ စတုထ္ထမဏ္ဍိုင်ကြံ့ခိုင်နိုင်ရန်အတွက်လည်း ကျန်ရှိသောမဏ္ဍိုင်ကြီးသုံးရပ်မှ ကူညီမှုများပြုလုပ်ရန် လိုအပ်မည်ဖြစ်သကဲ့သို့ အစိုးရအနေဖြင့်လည်း စတုထ္ထအားမဏ္ဍိုင်ကြံ့ခိုင်မှုရှိစေရန်အတွက် ကာကွယ်မှုများ လုပ်ဆောင်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
“ဒီမိုကရေစီဖွံ့ဖြိုးမှုကို တိုင်းတာတဲ့နေရာမှာ သတင်းမီဒီယာဟာ အဓိက စံနှုန်းပါပဲ။ လွတ်လပ်စွာရေးသားနိုင်ခွင့် (Freedom of press)ဆိုတာတင်မဟုတ်ဘဲ ဒီအခွင့်အရေးအပေါ် ဘယ်လောက်တာဝန်ယူနိုင်ပြီး ဘယ်လောက်မျှတမှု ရှိနိုင်မလဲဆိုတာ အရေးပါပါတယ် “
မဏ္ဍိုင်ကြီးလေးခုအနက် ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်များမှာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသော သို့မဟုတ် အစိုးရကခန့်အပ်ထားသောကြောင့် နိုင်ငံတော်စရိတ်ဖြင့် ရပ်တည်နေကြသော အဖွဲ့အစည်းများ ဖြစ်ကြသည်။ သို့ရာတွင် စာနယ်ဇင်းမီဒီယာများသည် ပုဂ္ဂလိကအဖွဲ့အစည်းများက ကိုယ့်ခြေထောက်ဖြင့် ကိုယ်ရပ်တည်နေသော မဏ္ဍိုင်ဖြစ်သည်။ထို့ကြောင့် စာနယ်ဇင်းမီဒီယာတစ်ခု၏ ရပ်တည်မှုသည် ပွင့်လင်းမြင်သာမှုရှိရန်လိုအပ်ပြီး ၎င်းတို့၏ရပ်တည်ချက်ကို စာဖတ်ပရိတ်သတ် (Audience)အား အသိပေးရန်လိုမည်ဖြစ်သည်။
“ဒီမိုကရေစီဆိုတာ အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုတည်းပဲ ရှိပါတယ်။ guided democracy တို့၊ ဘာတို့ဆိုတာတွေက သီးခြားဖွင့်ဆိုတာမရှိဘူး။ လက်ရှိအခြေအနေအရဆိုတာ အဓိပ္ပာယ်အပြည့်မဖွင့်ဆိုနိုင်သေးဘူးဆိုတာက တစ်မျိုးပေါ့။ ဒီမိုကရေစီဖွံ့ဖြိုးမှုကိုတိုင်းတာတဲ့နေရာမှာ သတင်းမီဒီယာဟာ အဓိကစံနှုန်းပါပဲ။ လွတ်လပ်စွာရေးသားနိုင်ခွင့် (Freedom of press)ဆိုတာတင်မဟုတ်ဘဲ ဒီအခွင့်အရေးအပေါ် ဘယ်လောက်တာဝန်ယူနိုင်ပြီး ဘယ်လောက်မျှတမှုရှိနိုင်မလဲဆိုတာ အရေးပါပါတယ်”ဟု Eleven Media Group မှ Chairman & CEO ဖြစ်သူ ဒေါက်တာသန်းထွဋ်အောင်က ပြောပြပါသည်။
ယနေ့ခေတ်အခြေအနေတွင် မီဒီယာလောက၌ ထိုကဲ့သို့ ပွင့်လင်းမြင်သာသော မီဒီယာများရှားပါလာပြီး အထောက်အပံ့ခံမီဒီယာများသာ တိုးပွားလာသည်ကို တွေ့နေရသည်။ သတင်းရေးသားမှုတွင်လည်း ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲသတင်းများကသာ များပြားလာနေခဲ့ပါသည်။
“မကြာခဏရေးခဲ့ဖူးပါတယ်။ သတင်းသမားစစ်စစ်ဆိုတာ လုံးဝလွတ်လပ်နေရမယ်။ အစိုးရလက်ကိုင်တုတ်လည်း မဖြစ်ရဘူး၊ စီးပွားရေးအဖွဲ့အစည်းတွေ၊ NGO တွေရဲ့ လက်ကိုင်တုတ်လည်း မဖြစ်ရဘူး။ သီခြားအဖွဲ့အစည်းတွေရဲ့ အထောက်အပံ့ခံဘဝမျိုးနဲ့ လက်ကိုင်တုတ်လည်း မဖြစ်စေရဘူး။ ပြည်သူ့မျက်နှာတစ်ခုကိုပဲကြည့်ပြီး မှန်တာကိုပဲ ရဲရဲဝံ့ဝံ့ရေးသား ပြောဆိုကြရမယ်။ ဒါမှလည်း ပြည်သူတွေရဲ့ လေးစားယုံကြည်မှုကို ရနိုင်မယ်။ အဖွဲ့အစည်း လက်ကိုင်တုတ်ဘဝနဲ့ နေထိုင်နေရတဲ့သူတွေကတော့ ပြည်သူရဲ့ ယုံကြည်မှုကို ဘယ်တော့မှ မရနိုင်ဘူး။ လိမ်ရင်လည်း ခဏပဲရမယ်။ အမြဲတန်းတော့ မရနိုင်ဘူး။ စာနယ်ဇင်းသမားကောင်းဆိုတာကတော့ မျှတမှုနဲ့ အနှောင်အဖွဲ့ကင်းအောင် လုပ်ဆောင်နေဖို့ အမြဲလိုအပ်တယ်”ဟု ဝါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်းက ပြောပြသည်။”
အနှောင်အဖွဲ့ဟုဆိုရာတွင် ခံယူချက်ကြောင့် ဖြစ်ပေါ်လာသော အနှောင်အဖွဲ့နှင့် ငွေကြေးအထောက်အပံ့ကြောင့် ဖြစ်ပေါ်လာသောအနှောင်အဖွဲ့ဟူ၍ နှစ်မျိုးရှိနိုင်ပြီး မည်သည့်အနှောင်အဖွဲ့ ရစ်ဖွဲ့ထားသည်ဖြစ်စေ သတင်းစာသမားအတွက် လွတ်လပ်မှုမရှိနိုင်တော့ကြောင်း သိရသည်။
” လူ့သဘာဝအရသူတို့နဲ့ပတ်သက်ပြီး လူသိမခံချင်တဲ့ အမှန်တရားတွေကို ဖုံးကွယ်ဖို့ ကြိုးစားမှာပဲ။ ဒီလိုဖြစ်ရပ်မျိုးက နိုင်ငံတိုင်းမှာ ဖြစ်နေတာပဲ။ ဂျာနယ်လစ်ထက် ဘယ်သူတွေက အမှန်တရားကို ဖော်ထုတ် ရေးသားနိုင်မှာလဲ “
“သတင်းသမားတစ်ယောက် အနေနဲ့ အဖြစ်အပျက်၊ အကြောင်းအရာတွေကို ဝေဖန်ပိုင်းခြားသုံးသပ် တင်ပြတဲ့အခါမှာ မျမျတတဖြစ်ဖို့ လိုအပ်တယ်။ မျမျတတမဖြစ်ဘူးဆိုရင် လွတ်လပ်စွာ ရေးသားခွင့်ရှိနေတယ် ဆိုရင်တောင် မျတမှုမရှိတဲ့ ဝေဖန်သုံးသပ်မှုတွေ ထွက်ပေါ်လာနိုင် တယ်။ မျှတတဲ့အမြင်၊ မျှတတဲ့ခံယူ ချက်တွေရှိနေဖို့ ဆိုရင်တော့ သတင်းသမားတွေမှာ အနှောင်အဖွဲ့ကင်းရှင်း ထားဖို့လိုအပ်တယ်”ဟု ဝါရင့် သတင်းစာဆရာတစ်ဦးဖြစ်သူ မောင်ဝံသက ပြောပြပါသည်။
“မီဒီယာသမားဖြစ်လာပြီဆိုကတည်းက မျှတမှုနဲ့ အနှောင်အဖွဲ့ကင်းမှုက သိပ်အရေးပါပါတယ်။ မျှတမှုနဲ့ အနှောင်အဖွဲ့ကင်းမှုရှိနေအောင်လည်း လုပ်ဆောင်ကြရပါမယ်”ဟု အငြိမ်းစားသံအမတ်ကြီး ဦးသက်ထွန်းက ပြောပြသည်။
”ပြည်သူတွေအနေနဲ့ သတင်းမီဒီယာကို အားကိုးအားထားပြုပြီး သူတို့ဖြစ်စေချင်တာတွေကို သတင်းမီဒီယာတွေကပဲ လုပ်ပေးနိုင်မယ်လို့ ယုံကြည်လာကြတဲ့အချိန်မှာ မီဒီယာသမားတွေအနေနဲ့ ကိုယ့်ရဲ့ professional ကို လက်ဆုပ်လက်ကိုင်ပြုပြီး သိက္ခာရှိရှိနေကြဖို့ လိုပါတယ်။ အဓိကအချက်ကတော့ မျှတမှုနဲ့ နှောင်ကြိုးမရှိဖို့က အရေးကြီးဆုံးပါပဲ ”ဟု Reuters သတင်းဌာနမှ ဦးအောင်လှထွန်းက ပြောပြပါသည်။
သတင်းမီဒီယာများတွင် လုပ်ကိုင်နေကြသူများ၌လည်း မိမိအားပေးထောက်ခံသော အယူဝါဒခံချက်များ ရှိနေမည်ဖြစ်သော်လည်း မိမိ၏ သဘောထားတစ်ခုတည်းကိုသာ ရှေ့တန်းတင်ပြီး ရေးသားမည်ဆိုပါက ၎င်းရေးသားသောစာပေမှာ မှန်ကန်သော အတွေးအမြင်ဖြစ်လာရန် ခက်ခဲမည်ဖြစ်သည်။
“သတင်းစာဆရာတွေလည်း လူတွေပဲမို့ ခံစားချက်တို့၊ ခံယူချက်တို့ရှိနေမှာပါပဲ။ သတင်းစာသမားမို့ ခံစားချက်၊ ခံယူချက်မရှိရတော့ဘူးလားလို့ မေးစရာရှိပါတယ်။ ရှိမှာပါပဲ။ ဒါပေမယ့် သတင်းနဲ့ပတ်သက်လာပြီဆိုရင်တော့ သတင်းစာသမားတွေအနေနဲ့ ဘယ်လိုအနှောင်အဖွဲ့ပဲဖြစ်ဖြစ် နှောင်ကြိုးကင်းနေဖို့လိုအပ်မှာ အမှန်ပါပဲ။ ဒီလိုကင်းထားမှလည်း မှန်ကန်မျှတတဲ့အမြင်တွေ ထွက်လာမှာပါ”ဟု ဆရာလူထုစိန်ဝင်းက ပြောပြပါသည်။
ခံယူချက်ကြောင့်ဖြစ်စေ၊ ငွေကြေးအထောက်အပံ့များကြောင့်ဖြစ်စေ ထိုကဲ့သို့သော အနှောင်အဖွဲ့များနှင့် ကင်းလွတ်ခဲ့ခြင်းမရှိသဖြင့် ပြည်သူတို့၏ ယုံကြည်မှုနှင့် ဝေးသွားခဲ့ရသော သတင်းစာများလည်း ယခင်ကရှိခဲ့ဖူးကြောင်း သိရသည်။
“စာနယ်ဇင်းသမိုင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း သာဓကတွေ ရှိနေခဲ့ဖူးတယ်။ ပထမဦးဆုံး မြန်မာနိုင်ငံမှာ နာမည်အကြီးဆုံး ဖြစ်ခဲ့တဲ့ သူရိယသတင်းစာနဲ့ မြန်မာ့အလင်းသတင်းစာကိုပဲ အဖြစ်ကို ဥပမာပေးချင်တယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဆရာကြီးရွှေဥဒေါင်း၊ ဆရာကြီးပီမိုးနင်းတို့လိုပုဂ္ဂိုလ်ကြီးတွေက ဦးဆောင်ထုတ်ဝေခဲ့ကြတာမို့ မြန်မာ့အလင်းထက် ပိုနာမည်ကြီးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တာရှည်ခံမသွားရရှာဘူး။ ဘကြီးဘဖေရှယ်ယာရှင်ဖြစ်လာရာကနေ နောက်ဆုံးဦးစောက ရှယ်ယာအများဆုံးပိုင်သွားခဲ့တဲ့အချိန်မှာ သူရိယရဲ့ရပ်တည်မှုက ယိမ်းယိုင်လာတယ်။ ဦးစောကလည်း သူနန်းရင်းဝန်ဖြစ်ရေးအတွက် သတင်းစာကို အသုံးချခဲ့တဲ့အတွက် နောက်ပိုင်းမှာ သူရိယဟာ ကျဆုံးသွားခဲ့ရတယ်။ မြန်မာ့အလင်းကျတော့ ပါတီစွဲလည်း အဖြစ်မခံခဲ့ဘူး။ လက်ကိုင်တုတ်လည်း အဖြစ်မခံခဲ့ဘူး။ အမျိုးသားရေးအကျိုးကိုလည်း ပစ်ပယ်မထားဘူး။ သခင်သိန်းဖေတို့၊ ကိုဗဟိန်းတို့၊ သခင်သန်းထွန်းတို့၊ သခင်လှရွှေတို့၊ ဗိုလ်လကျ်ာတို့လို့ လူငယ်တွေကို အယ်ဒီတာနေရာ၊ သတင်းထောက်နေရာတွေပေးပြီး ထောက်ပံ့ပေးခဲ့ပေမယ့် နိုင်ငံရေးနဲ့ ပါတီလက်ကိုင်တုတ် မဖြစ်အောင်တော့ ရပ်တည်သွားနိုင်ခဲ့တယ်”ဟု ပါလီမန်ခေတ်က ထွက်ပေါ်ခဲ့သော သူရိယသတင်းစာနှင့် မြန်မာ့အလင်းသတင်းစာအကြား ကွဲပြားသောအခြေအနေတစ်ရပ်ကို ဆရာလူထုစိန်ဝင်းက ပြောပြသည်။
၁၉၅၈ ခုနှစ်နောက်ပိုင်း တည်မြဲ၊ သန့်ရှင်းကွဲခဲ့သည့်အချိန်၌လည်း ပါတီစွဲဖြင့်ပေါ်ထွက်လာသော သတင်းစာများမှာ ရေရှည်အောင်မြင်မှု မရရှိခဲ့ကြောင်း သိရသည်။
“တည်မြဲ၊သန့်ရှင်းကွဲကြတဲ့အခါ ဦးညိုမြရဲ့ အိုးဝေက သန့်ရှင်းဘက်က ရပ်ခဲ့တယ်။ ဦးထွန်းဖေရဲ့ မဏ္ဍိုင်နဲ့ ရန်ကုန်ဘဆွေရဲ့ မီးတုတ်သတင်းစာတွေက တည်မြဲဘက်က ရပ်ခဲ့တယ်။ ဘယ်ဖက်ကမှ မရပ်ပဲ ပြည်သူမျက်နှာတစ်ခုတည်းကြည့်ပြီး ရပ်ခဲ့တဲ့သတင်းစာတွေဆိုလို့ ရန်ကုန်သတင်းစာ၊ မြန်မာ့အလင်းသတင်းစာနဲ့၊ ဟံသာဝတီသတင်းစာတို့လောက်ပဲ ရှိခဲ့တယ်။ နောက်ဆုံးမှာတော့ ပြည်သူဘက်ကိုပဲ ကြည့်ခဲ့တဲ့ သတင်းစာတွေပဲ ပြည်သူတွေရဲ့ယုံကြည်မှုကို ရခဲ့ကြပါတယ်”ဟု ဆရာမောင်ဝံသက ထောက်ပြပါသည်။
ပါတီစွဲ၊ခံယူချက်အစွဲများဖြင့် သတင်းစာလုပ်ငန်းအပေါ် နှောင်ဖွဲ့ရာမှ သတင်းစာလုပ်ငန်းအပေါ် ယုံကြည်မှုကျဆင်းခဲ့ရသည့်နည်းတူ နိုင်ငံခြားသံရုံးအထောက်အပံ့များရယူခဲ့ပြီး အထောက်အပံ့ရခဲ့သည့် နိုင်ငံခြားသံရုံးကောင်းကြောင်းကိုသာ ရေးသားခဲ့သည့်အတွက် ပြည်သူ့ယုံကြည်မှုနှင့် ဝေးသွားခဲ့ရသော သတင်းစာများလည်း ရှိခဲ့ကြောင်းသိရှိရသည်။
နိုင်ငံခြားသံရုံးတွေက ထောက်ပံ့ပေးကမ်းထားတယ်ဆိုတာတွေက မျက်နှာဖုံးတပ်ထားတဲ့ အရာတွေပဲ။ ဒါတွေကိုလက်ခံရင်း၊ လက်ခံရင်းနဲ့ နောက်ဆုံးမှာပြည်သူနဲ့ ဝေးသွားရတဲ့ အဖြစ်တွေ အများကြီးရှိခဲ့တယ်။ သံရုံး၊ အဖွဲ့အစည်း၊ စီးပွားရေးလုပ်ငန်း၊NGO တစ်ခုခုရဲ့ ငွေကြေးအထောက်အပံ့ကို ရယူထားတဲ့ စာနယ်ဇင်းတွေဟာ ဒီအဖွဲ့တွေရဲ့ လိုရာကြိုးကိုင်မှုကို ခံနေရမှာက မလွဲမသွေပဲ။ ဒါတွေကို ပြည်သူတွေက သိတဲ့အခါမှာတော့ သူအပေါ်ယုံကြည်မှု ဘယ်ရှိနိုင်တော့မလဲ”ဟု ဆရာလူထုစိန်ဝင်းက ထောက်ပြသည်။
“အနှောင်အဖွဲ့ဆိုတဲ့နေရာမှာ နှစ်ပိုင်းရှိတယ်။ သတင်း၊ဆောင်းပါးရေးတဲ့သူ ကာယကံရှင်ကိုယ်တိုင်က လာဘ်ယူထားလို့ ဖြစ်နေတဲ့အနှောင်အဖွဲ့နဲ့ သူအလုပ်လုပ်တဲ့ အဖွဲ့အစည်း၊အသိုင်းအဝိုင်းက ပိုင်ရှင်ကဖြစ်စေ၊ BOD(Board of Directors)အဖွဲ့ကဖြစ်စေ လာဘ်ယူထားလို့ ဖြစ်တဲ့အနှောင်အဖွဲ့နဲ့တူမှာ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အနှောင်အဖွဲ့ဖြစ်လာပြီဆိုရင်တော့ ကိုယ့်မှဖြစ်နေတဲ့ တုတ်နှောင်မှုကို မဖြေနိုင်ဘူးဆိုရင် သတင်းသမားတစ်ယောက်ရဲ့ ရေးသားမှုတွေဟာ မှန်ကန်မျှတမှုဆီ ရောက်နိုင်မှာမဟုတ်ပါဘူး”ဟု ဆရာမောင်ဝံသက သုံးသပ်ပါသည်။
စာနယ်ဇင်းသမားများအနေဖြင့် စာနယ်ဇင်းကျင့်ဝတ်ကို စောင့်ထိန်းရန် တာဝန်အပြည့်ရှိပြီး မိမိအကျိုးစီးပွားထက် အများပြည်သူ၏ အကျိုးကိုစောင့်ရှောက်သောTransparency ရှိထားရန်လည်းအရေးကြီးကြောင်း MAT စာရင်းကိုင် သင်တန်းကျောင်းမှ မန်းနေဂျင်းဒါရိုက်တာဒေါက်တာတင်လတ်က ပြောပြပါသည်။
“ခံယူချက်ပိုင်းမှာ ကွဲလွဲမှုတွေရှိနေနိုင်ပေမယ့် ငွေရထားလို့၊ ငွေပေးထားလို့ ငွေပေးထားတဲ့သူတွေရဲ့ အလိုကျ ပြည်သူမျက်နှာမကြည့်ဘဲ လုပ်ဆောင်တဲ့ ကျင့်ဝတ်ဖောက်ဖျက်မှုမျိုးတွေကိုတော့ မီဒီယာသမားတွေဖြစ်နေတဲ့အတွက် ပိုမလုပ်သင့်ပါဘူး”ဟု ဥပဒေပညာရှင်ဦးသန်းမောင်(စစ်တွေ)က ပြောပြပါသည်။
မီဒီယာခေတ် ဖြစ်လာသည် နှင့်အမျ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ် အသီးသီးတို့ သည်လည်း မီဒီယာလောကအတွင်းသို့ ဝင်ရောက်လာကြသည်ကို တွေ့နေရသည်။ရည်ရွယ်ချက် အမျိုးမျိုး အကြောင်းပြချက် အမျိုးမျိုးဖြင့် ဝင်ရောက်လာ သောအဆိုပါ မီဒီယာသမား၊ဂျာနယ်လစ် ဆိုသည်များတွင် တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ရေးကို အမှန်တကယ် လုပ်ဆောင်လိုသော သဘောထားရှိသူ များပါဝင်သလို နိုင်ငံရေးခံယူချက်ကြောင့် မီဒီယာလောက အတွင်းသို့ ဝင်ရောက်လာကြခြင်းလည်း ရှိနိုင် ပါသည်။သို့ရာတွင် ဂျာနယ်လစ် အစစ်အမှန်ဆိုသည်မှာ သတင်းအပေါ် တွင်ရိုးသားစွာ ရေးသားကြသူများသာ ဖြစ်ကြသည်။
“နိုင်ငံရေးရည်ရွယ်ချက်နဲ့ သတင်းမီဒီယာလုပ်ရင် ဒါဟာ နိုင်ငံရေးသတင်းမီဒီယာ တစ်နည်း Activist journalist ပဲဖြစ်မယ်။ အဆင့်မြင့်တဲ့၊ စစ်မှန်တဲ့ဂျာနယ်လစ်လို့ယူဆလို့ မရဘူး။ ပြည်ပက Activist journalist တစ်ချို့က ပြည်တွင်းသတင်းမီဒီယာသမားစစ်စစ်တွေကို နှိမ့်ချလိုတဲ့သဘောနဲ့ အပုတ်ချရေးနေတာတွေ တွေ့ရပါတယ်။ ဒါဟာမလုပ်သင့်၊ မလုပ်ထိုက်တဲ့ကိစ္စပါ။ စာနယ်ဇင်းသမားစစ်စစ်ဆိုရင် မျှတရမယ်။ အဖြစ်မှန်ကို အဖြစ်မှန်အတိုင်းပဲ ရေးရမယ်။ ကိုယ်နဲ့ မတည့်ရင် ဘိန်းစားလို့ ရေးလိုက်၊ တည့်ရင်(ဒါမှမဟုတ်)ကိုယ့် ရန်သူရဲ့ ရန်သူဆိုရင် သူရဲကောင်းကြီးလို ချီးမြှောက်လိုက်။ ဒါဟာ ဝါဒဖြန့်ချီရေးသမားတွေ၊ ကိုယ်လိုရာဆွဲ လုပ်ကြတာပါ။ တကယ့်စာနယ်ဇင်းသမားဂျာနယ်လစ်စစ်တွေ မလုပ်ပါဘူး။ ကျူးကျော်ဝင်လာတဲ့လူမျိုးတစ်မျိုးကို ဦးနုခေတ်က မဲရလိုဇောနဲ့ မဲဆန္ဒနယ်ပေးတာနဲ့ တိုင်းရင်းသား ယောင်ယောင်ရေး၊ NGO တွေ ငွေရှာလို့ကောင်းအောင် ပုံကြီးချဲ့တဲ့အလုပ်မျိုးကို တိုင်းပြည်တကယ်ချစ်တဲ့ မီဒီယာသမားစစ်တွေ ဘယ်တော့မှမလုပ်ပါဘူး”ဟု ဆရာလူထုစိန်ဝင်းမှ ပြောပါသည်။
“မီဒီယာလွတ်လပ်ခွင့်ဆိုတာ အရေးကြီးပါတယ်။ ဒီလိုအရေးကြီးသလို လွတ်လပ်တဲ့ မီဒီယာဖြစ်ဖို့လည်း အရေးကြီးပါတယ်။ အနှောင်အဖွဲ့၊ အထောက်အပံ့တွေနဲ့ နေနေကြတဲ့သူတွေ ဘယ်လိုအဆင့်အတန်းနဲ့ နေမလဲဆိုတာက အရေးပါပါတယ်။ ကိုယ်လာတဲ့လမ်းကြောင်း၊ ဘယ်လောက်ရှင်းသလဲဆိုတာကို ပြည်သူတွေ သဲသဲကွဲကွဲသိအောင် လုပ်ဆောင်ထားသင့်ပါတယ်။ နောင်လာမယ့် အနာဂတ်ဒီမိုကရေစီခေတ်မှာလည်း ပါတီအာဘော်ကို ဖော်ပြတဲ့သတင်းစာတွေ၊ စီးပွားရေးလုပ်ငန်းတွေကို ကိုယ်စားပြုတဲ့ သတင်းစာတွေ ရှိလာမှာပါပဲ။ ဒီအခါမှာ အဲ့ဒီသတင်းစာတွေအနေနဲ့ ကိုယ့်နောက်ခံအဖွဲ့အစည်း ဘယ်သူဆိုတာကို ပြည်သူသိအောင်ကြိုတင် ရှင်းပြထားဖို့ လိုအပ်ပါမယ်။ မရှိဘူးဆိုရင်လည်း လွတ်လပ်တဲ့မီဒီယာတွေအနေနဲ့ ပြည်သူတွေသိအောင် မီးမောင်းထိုးပြရပါမယ်”ဟု သတင်းစာ ဆရာတစ်ဦးက ထောက်ပြ ပြောဆိုပါသည်။
ကိုယ့်နောက်ခံအဖွဲ့အစည်း ဘယ်သူဆိုတာကို ပြည်သူသိအောင် ကြိုတင်ရှင်ပြထားဖို့ လိုအပ်ပါမယ်။ မရှိဘူးဆိုရင်လည်း လွတ်လ်တဲ့မီဒီယာတွေအနေနဲ့ ပြည်သူတွသိအောင် မီးမောင်းထိုးပြရပါမယ် စာနယ်ဇင်းသမားများအနေဖြင့် ဝါဒဖြန့်ချီရေးသမားများမဟုတ်သည့်အပြင် အဖွဲ့အစည်းတစ်ရပ် ကျောထောက်နောက်ခံပြုသော လက်ကိုင်တုတ်လည်း မဖြစ်စေရန်အတွက် အနှောင်အဖွဲ့ကင်းရှင်းရေးက အရေးပါမည်ဖြစ်ကြောင်း သတင်းစာဆရာကြီးများနှင့် သုံးသပ်သူများက ဆိုသည်။
“Propagandist (ဝါဒဖြန့်ချီရေးသမား)တွေနဲ့ ဂျာနယ်လစ်တွေရဲ့အဓိကကွာခြားချက်ကတော့ သတင်းဖော်ပြရာမှာ မျှတမှု (Balanced news)ရှိခြင်းပါပဲ။ ဂျာနယ်လစ်တွေဟာ ပုဂ္ဂိုလ်ရေးသတင်းတွေကို ဖော်ပြရာမှာ မူ(Principle)အပေါ် အခြေခံတယ်။ ဝါဒဖြန့်ချီရေးသမားတွေ၊ အဝါရောင်စာနယ်ဇင်းသမားတွေကတော့ ပုဂ္ဂိုလ်ရေးသတင်းတွေကို ရေးရာမှာ ရည်ရွယ်ချက်ရှိရှိ ပုဂ္ဂိုလ်ရေးအပုတ်ချရေးသားတဲ့နည်း(Character Assassination)ကို ကျင့်သုံးလေ့ရှိပါတယ်”ဟု Eleven Media Group မှ Chairman & CEO ဖြစ်သူ ဒေါက်တာသန်းထွဋ်အောင်က ပြောပါသည်။
“လူ့သဘာဝအရ သူတို့နဲ့ ပတ်သက်ပြီး လူသိမခံချင်တဲ့ အမှန်တရားတွေကို ဖုံးကွယ်ဖို့ ကြိုးစားမှာပဲ။ ဒီလိုဖြစ်ရပ်မျိုးက နိုင်ငံတိုင်းမှာ ဖြစ်နေတာပဲ။ ဂျာနယ်လစ်ထက် ဘယ်သူတွေက အမှန်တရားကို ဖော်ထုတ်ရေးသားနိုင်မှာလဲ”ဟု ဂျပန်နိုင်ငံတွင် စောင်ရေအများဆုံးထုတ်ဝေနေသည့် သတင်းစာ Yomiuri Shimbun မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် Kazuo Nagatau က ပြောဆိုခဲ့ပါသည်။
”ကမာ္ဘပေါ်မှာရှိတဲ့ နိုင်ငံတိုင်းမှာ မီဒီယာလွတ်လပ်ခွင့် လုံးဝရှိရပါမယ်။ အစိုးရတွေကို စောင့်ကြည့်ရေးသားမှုတွေ ပြုလုပ်ရမှာဖြစ်သလို စီးပွားရေးကဏ္ဍကိုလည်း စောင့်ကြည့်ရေးသားမှုတွေ လုပ်ရမှာပဲ။ အစိုးရရဲ့ အာဘော်တွေကို ရေးသားဖော်ပြဖို့ ကျွန်တော်တို့ကို လစာပေးထားတာမဟုတ်သလို စီးပွားရေးလုပ်ငန်းကောင်းကြောင်းတွေရေးဖို့လစာပေးထားတာလည်း မဟုတ်ပါဘူး။ ကျွန်တော့်အတွက်တော့ မီဒီယာလွတ်လပ်ခွင့်မရှိတဲ့ နိုင်ငံတစ်နိုင်ငံဟာ ခေါင်မိုးမရှိတဲ့ အိမ်တစ်အိမ်မှာ နေထိုင်ရသလိုပါပဲ။ ခေါင်မိုးမရှိရင် မိုးရွာတာကို ဘယ်လိုကာကွယ်နိုင်မှာတုန်း။ စီးပွားရေးအရရော နိုင်ငံရေးအရပါ လွတ်လပ်မှုရှိရပါမယ်။ မီဒီယာအေဂျင်စီတွေအနေနဲ့လည်း ဘဏ္ဍာရေးအရ ခိုင်မာတောင့်တင်းမှု ရှိရပါမယ်။ ဒါမှ သူတို့အနေနဲ့ ဘယ်သူ့ကိုမှ မှီခိုစရာမလိုတော့ဘူး”ဟု Mr.KazuoNagata က ပြောပြခဲ့ပါသည်။
ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် သတင်းမီဒီယာများအနေဖြင့် မှန်ကန်မျှတသော သတင်းရေးသားဝေဖန်သုံးသပ်မှုများ ပြုလုပ်နိုင်ပြီး နှောင်ကြိုးကင်းရှင်းမှသာလျှင် ပြည်သူလူထု၏ ယုံကြည်မှုကို ရရှိကာ ပြည်သူ့အပေါ် ဩဇာလွှမ်းမိုးနိုင်သည့် ဂုဏ်သိက္ခာရှိသော စာနယ်ဇင်းသမားများ ဖြစ်လာနိုင်ကြောင်း ပညာရှင်များက သုံးသပ်ပြောဆိုခဲ့ကြပါသည်။
http://news-eleven.com/index.php?option=com_content&view=article&id=587:2009-11-15-07-15-15&catid=78:general&Itemid=135
မှတ်ချက်။ ။ Eleven Media Group (http://news-eleven.com/index.php?option=com_content&view=article&id=587:2009-11-15-07-15-15&catid=78:general&Itemid=135) မှ တိုက်ရိုက်ကူးယူဖေါ်ပြပါသည်။ အောက်မှ ကွန်မန်င့်မှာ စာဖတ်သူများအတွက် လိုအပ်သည်ထင်သဖြင့် ဖေ့စ်ဘွတ်မှ လူထုသတင်းစာ၏မျိုးဆက်သစ်တဦးဖြစ်သူ ဘိုဘိုလန်းစင် ၏မှတ်ချက်အားဖြည့်စွက်ပေးခြင်းသာဖြစ်ပါသည်။ တိုက်ရိုက်ကူးယူထားခြင်းသာဖြစ်ပြီး မည်သည့်မွန်းမံပြင်ဆင်မှုမှ မရှိပါကြောင်း..နှင့် မန္တလေးဂေဇက်သည် ယခု၄နှစ်သက်တန်းရောက်သည်အထိမည်သည့်အစိုးရ၊ အဖွဲ့အစည်း၊ NGO ၊ပုဂ္ဂိုလ်တို့၏အထောက်အပံ့မှမပါပဲ အနှောင်အဖွဲ ့ကင်းရှင်းစွာ၊ လွတ်လပ်စွာရပ်တည်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူစွာဖြင့် ဖေါ်ပြရခြင်းဖြစ်ပါကြောင်း..။
Comments From FB :
ဘိုဘိုလန်းစင် –
လွတ်လပ်တဲ့ မီဒီယာဖြစ်ဖို့လည်း အရေးကြီးပါတယ်။ အနှောင်အဖွဲ့၊အထောက်အပံ့တွေနဲ့ နေနေကြတဲ့သူတွေ ဘယ်လိုအဆင့်အတန်းနဲ့ နေမလဲဆိုတာက
အရေးပါပါတယ်။ ကိုယ်လာတဲ့လမ်းကြောင်း၊ ဘယ်လောက်ရှင်းသလဲဆိုတာကို ပြည်သူတွေသဲသဲကွဲကွဲသိအောင် လုပ်ဆောင်ထားသင့်ပါတယ်
2 comments
Thin Set Kyaw Shein
November 16, 2009 at 12:30 am
ဒီလိုစုစည်းဖော်ပြပေးတာ အလွန်အဖိုးတန်ပါတယ်ဗျာ။
htoosan
April 4, 2012 at 6:11 pm
ဖတ်ချင်သူများဖတ်ရအောင် etone ပေးသော လင့်။
Thankyou etone and editor .