စေ့စပ်ဆွေးနွေးရေး ဆိုရာဝယ် – ခင်မမမျိုး
စေ့စပ်ဆွေးနွေးရေး ဆိုရာဝယ်
နိဒါန်း
ကမာ္ဘ့နိုင်ငံရေး စင်မြင့်တွေမှာပဲဖြစ်ဖြစ်၊ ဒီမိုကရေစီအရေးနဲ့ ပဋိပက္ခဖြေရှင်းရေး လေ့လာသူ ပညာရှင်တွေရဲ့ ဆွေးနွေးပွဲတွေမှာပဲဖြစ်ဖြစ်၊ အရပ်သားတွေရဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာပဲ ဖြစ်ဖြစ်၊ စေ့စပ်ဆွေးနွေးရေး၊ ဒိုင်ယာလော့ စတဲ့ စကားလုံးလေးတွေက ရေပန်းစားလှပါတယ်။ နိုင်ငံရေး ဖြစ်စဉ်တွေကို သေသေချာချာ လေ့လာသုံးသပ်ပြီးမှ ပြောဆိုဆွေးနွေးသူတွေ ရှိတတ်သလို၊ စကားလုံးကိုပဲ အဖန်တလဲလဲ ရွတ်ဆိုပြောနေတတ်တာတွေလဲ ရှိပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ စေ့စပ်ဆွေးနွေးရေး စတာတွေကို ဖဲတချပ် မှောက်လိုက်၊ လှန်လိုက် လုပ်သလို အလွန် လွယ်ကူသယောင် ပြောဆိုမှုတွေလဲ ရှိတတ်ပါတယ်။ နိုင်ငံတနိုင်ငံမှာ ရွေးကောက်ပွဲ ဖြစ်လိုက်တာနဲ့ နေ့ချင်းညချင်း ဒီမိုကရေစီနိုင်ငံကြီး ဖြစ်သွားသယောင် ထင်နေသူတွေ ရှိသလို၊ ဒီမိုကရေစီ ခေါင်းဆောင်တယောက် လွတ်လာတာနဲ့ နေ့ချင်းညချင်း ဒီမိုကရေစီကြီး ရတော့မယောင် ထင်မှတ်နေသူတွေလဲ ရှိပြန်ပါတယ်။
လက်တွေ့မှာကျတော့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဆိုတာကလဲ ဖြစ်စဉ်တရပ်ပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ် အမြစ်တွယ် ရှင်သန်ခိုင်မာမှု (Democratic Consolidation) ရှိစေဖို့အတွက် ကနဦးဒီမိုကရေစီ အသွင်ကူးပြောင်းမှု (Initial Democratization) (သို့မဟုတ်) Political Liberalization ဖြစ်စဉ်အဆင့်ဆင့်ကို တည်ဆောက်အကောင်အထည် ဖော်ဆောင်မှုပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေးကို ဖော်ဆောင်ပေးနိုင်မယ့် ပြည်သူ့အစိုးရတရပ်ဖြစ်ဖြစ်၊ စစ်မှန်စွာ အသွင်ကူးပြောင်းရေးကို လိုလားလာတဲ့ အာဏာရှင် အစိုးရဖြစ်ဖြစ် မပေါ်ပေါက်လာပဲ အသွင်ကူးပြောင်းမှု ဖြစ်စဉ် ရှိလာမှာ မဟုတ်ပါဘူး။
စေ့စပ်ဆွေးနွေးရေး (Negotiation) ဆိုတာကလဲ ဒီအတိုင်းပါပဲ။ ပဋိပက္ခတွေ ဖြေရှင်းဖို့အတွက် စေ့စပ်ဆွေးနွေးမှုကို နိုင်ငံရေးလက်နက်တခုအဖြစ် အသုံးပြုလေ့ရှိပါတယ်။ ဒီလို အသုံးပြုတဲ့အခါ စေ့စပ်ဆွေးနွေးမှုဖြစ်စဉ် အဆင့်ဆင့်ကို အကောင်အထည်ဖော်နိုင်ဖို့ လိုပါတယ်။ Track II, Track III Level ခေါင်းဆောင်တွေ ပေါ်ထွက်လာဖို့ လိုအပ်ပါတယ်။ စေ့စပ်ဆွေးနွေးပေးပါလို့ တောင်းဆိုနေရုံ၊ လူသိရှင်ကြား စတိတ်မင့်တွေ ထုတ်ဝေ ဖြန့်ချိနေရုံနဲ့တော့ စေ့စပ်ဆွေးနွေးပွဲ ဖြစ်စဉ်ဆိုတာလဲ ရှိလာမှာ မဟုတ်ပါဘူး။
စေ့စပ်ဆွေးနွေးရေး (Negotiation) ဆိုရာဝယ်
နိုင်ငံရေးအယူအဆကွဲပြားမှု၊ လူမျိုးရေး ကွဲပြားမှု၊ ဘာသာရေး အယူဝါဒ ကွဲပြားမှု စတာတွေကနေ ပဋိပက္ခတွေ ဖြစ်ပွားလာတဲ့အခါ တဘက်နဲ့တဘက် ရန်သူလို သဘောထားလာကြတဲ့ ပဋိပက္ခ ဝန်းကျင်အတွင်းမှာ တူညီတဲ့ ဘုံသဘောထားတွေ ရှာဖွေဖို့နဲ့ ကွဲပြားခြားနားမှုတွေအကြား ညှိနှိုင်းဆွေးနွေး အဖြေရှာဖို့ ဆိုတာ အလွန်ခဲယဉ်းတဲ့ ကိစ္စရပ်တွေ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ဒီလို ခက်ခဲ နက်နဲတဲ့ ကိစ္စရပ်တွေကို လူအများ သိနားလည်လာနိုင်ဖို့အတွက် လက်တွေ့နယ်ပယ်ထဲက သံတမန်တွေနဲ့ ပညာရပ်နယ်ပယ်ထဲက နိုင်ငံရေးသိပ္ပံပညာရှင်တွေ၊ နိုင်ငံရေးတွေးခေါ် ပညာရှင်တွေက သုတေသန စာတမ်းတွေ၊ ကိုယ်တွေ့မှတ်တမ်း တွေကို ရေးသားဖော်ပြခဲ့ကြပါတယ်။
လက်တွေ့နယ်ပယ် ထဲမှာ တာဝန်ထမ်းဆောင်ကြရမယ့်သူတွေကိုလဲ သင်တန်းတွေ အဆင့်ဆင့် ပေးပြီး လေ့ကျင့်ပေးခဲ့ကြ ပါတယ်။ စာတွေ့နဲ့ လက်တွေ့ မတူညီဖူးဆိုပေမယ့် လက်တွေ့တွေ များစွာကနေ ထုတ်နှုတ်ထားတဲ့ စာတွေ့သင်ခန်းစာတွေဟာ လက်တွေ့မှာ အထောက်အကူ ဖြစ်စေပါတယ်။ အတွေ့အကြုံက သင်ပေးသွားမှာ ဖြစ်တဲ့အတွက် စာတွေ့တွေ မလိုအပ်ဘူး၊ စနစ်တကျ သင်ကြားမှုတွေ မလိုဘူးလို့ တချို့က ဆိုတတ်ကြပါတယ်။ လက်ထဲကို သေနတ်တလက်ရောက်လာတဲ့အခါ ဟိုပစ်ဒီပစ် လုပ်ရင်း သေနတ်ကျည်ထွက်မှာကတော့ သေချာပါတယ်။ ဒါပေမယ့် principles of sustained fire ကို နားလည်ထားရင်တော့ ပစ်မှတ်ကို ထိနိုင်ဖို့၊ risk နည်းဖို့ နေရာယူရတဲ့ position ကို အခြေအနေ၊ အချိန်အခါနဲ့အညီ အသုံးချနိုင်ပါတယ်။ အလုပ်တခု လုပ်တဲ့အခါမှာ သဘောတရားတွေကနေ ပြဌာန်းထားတဲ့ စီမံချက်တွေအတိုင်း ပြင်ဆင်အကောင်အထည်ဖော်တဲ့အခါ ပရမ်းပတာ တောင်ရောက်လိုက်၊ မြောက်ရောက်လိုက် လုပ်နေတာတွေအတွက် ပိုပြီး ရလဒ်ကောင်းလေးတွေ ရနိုင်ပါတယ်။ ‘Fail to prepare, prepare to fail’ ဆိုတဲ့ စကားတွေကို ပညာရှင်တွေက အကြောင်းမဲ့ ပြောဆိုထားခဲ့ကြတာတော့ မဟုတ်ပါ။
စေ့စပ်ဆွေးနွေးမှု အောင်မြင်ဖို့ဆိုတာကလဲ ဒီအတိုင်းပါပဲ။ ပြင်ဆင်မှုတွေ လိုအပ်ပါတယ်။ ဆွေးနွေးမှုရဲ့ ပန်းတိုင်၊ ရေရှည်ဦးတည်ချက်၊ ရေတို ရည်မှန်းချက် စတာတွေ ရှိဖို့ လိုပါတယ်။ Daniel Druckman ဆိုသူက စေ့စပ်ဆွေးနွေးရေးဆိုတာ ပြဿနာတခုကို အဖြေရှာခြင်း (သို့မဟုတ်) တဘက်နဲ့ တဘက် အကြားမှာ အပေးအယူပြုလုပ်ခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ Richard Shell ဆိုသူကတော့ စေ့စပ်ဆွေးနွေးရေးဆိုတာ တဘက်ကနေ အခြားတဘက်ဆီက တစုံတရာကို လိုချင်လာတဲ့အခါ ပြုလုပ်ကြတဲ့ ဆက်ဆံရေးဖြစ်စဉ်တခုလို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ Fred Ikle ဆိုသူကတော့ စေ့စပ်ဆွေးနွေးရေးဆိုတာ ပဋ္ဋိပက္ခတွေ ရှိနိုင်တဲ့ အကျိုးစီးပွားတွေအကြားက ဘုံအကျိုးစီးပွားကို ဖော်ထုတ်ဖို့ နည်းလမ်းတွေကို အဖြေရှာခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။
Roger Fisher နဲ့ William Ury တို့ကတော့ စေ့စပ်ဆွေးနွေးမှု လုပ်ရတဲ့ အကြောင်းရင်းက ဆွေးနွေးမှုကြောင့် ရလာမယ့် ရလဒ်တွေဟာ မဆွေးနွေးပဲ ရလာမယ့် ရလဒ်တွေထက် ပိုပြီး ကောင်းစေမယ်လို့ ယုံကြည်တဲ့အတွက် လုပ်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလို လုပ်ရမှာ အကြောင်း တစုံတရာကြောင့် စေ့စပ်ဆွေးနွေးမှု မအောင်မြင်ခဲ့ရင် (သို့မဟုတ်) စေ့စပ်ဆွေးနွေးမှု ဖြစ်မလာနိုင်တော့ဘူး ဆိုရင် အကောင်းဆုံးဘာလုပ်နိုင်မလဲဆိုတဲ့ best alternative to a negotiated agreement (BATNA) ကိုလဲ နှစ်ဘက်ခေါင်းဆောင်တွေအနေနဲ့ စဉ်းစားထားဖို့ လိုကြောင်း ထောက်ပြပြောဆိုခဲ့ကြပါတယ်။
စေ့စပ်ဆွေးနွေးရေးနှင့် ချဉ်းကပ်နည်းလမ်း (Approach)
စေ့စပ်ဆွေးနွေးမှုတွေ အောင်မြင်စေဖို့အတွက် လိုအပ်တဲ့ အခြေခံအချက်တွေကိုလဲ ပညာရှင်များက ရေးသားဖော်ပြခဲ့ကြပါတယ်။ ပထမတချက်ကတော့ ချဉ်းကပ်နည်းလမ်း (approach) ပဲ ဖြစ်ပါတယ်။ စေ့စပ်ဆွေးနွေးရေးကို ဘယ်လိုနည်းလမ်း နဲ့ အကောင်အထည်ဖော်မလဲ ဆိုတာက အောင်မြင်မှုအတွက် အလွန်ပဲ အရေးကြီးပါတယ်။ များသောအားဖြင့် competitive bargaining နဲ့ collaborative problem solving တို့ကို အသုံးပြုလေ့ရှိပါတယ်။
Competitive bargaining ဆိုတာက တဘက်နဲ့ တဘက် အပြိုင်အဆိုင် အပေးအယူ ပြုလုပ်တာ ဖြစ်ပါတယ်။ Competitive bargaining သဘောတရားကို လွယ်လွယ်ကူကူ ရှင်းလင်းပြောပြ နိုင်ဖို့အတွက် Terrence Hopmann ဆိုသူက အောက်ပါပုံကို ရေးဆွဲခဲ့ပါတယ်။
ပုံမှာ ဖော်ပြထားတဲ့ A အမှတ်ဟာ စေ့စပ်ဆွေးနွေးမှု လုပ်မယ့် ဘက်နှစ်ဘက်အနက် တဘက်အတွက် အကောင်းဆုံးအခြေအနေ ဖြစ်ပါတယ်။ B အမှတ်က အခြား ဘက် တဘက်အတွက် အကောင်းဆုံး အခြေအနေ ဖြစ်ပါတယ်။ မြားတွေ ပြောင်းပြန် ဖြစ်နေတာကို ကြည့်ခြင်းအားဖြင့် ဘက်နှစ်ဘက်စလုံးဟာ ကိုယ့်ဘက်က အကောင်းဆုံး အခြေအနေကို ရနိုင်ဖို့အတွက် ဆွဲယူကြိုးပမ်းကြပါတယ်။ ပုံမှာ ဖော်ပြထားတဲ့ A1 , B1 အမှတ်တွေကတော့ BATNA အခြေအနေတွေကို ကိုယ်စားပြုပါတယ်။ ဒီအခြေအနေ နှစ်ခုအကြားမှာ တဘက်နဲ့တဘက် အပေးအယူပြုလုပ်နိုင်မယ့် bargaining space ရှိပါတယ်။
ဒီအခြေအနေမှာ နှစ်ဘက်စလုံးဟာ တဘက်နဲ့ တဘက် စကားစစ်ထိုးရင်း ကိုယ်လိုချင်တဲ့ အကောင်းဆုံးအခြေအနေကို အနီးစပ်ဆုံး ရအောင် လုပ်ကြမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ကြရာမှာ
(က) ကနဦးအနေနဲ့ ကိုယ့်ဘက်က တောင်းဆိုချက်တွေကို အပြန်အလှန် တောင်းဆိုကြမှာ ဖြစ်ပါတယ်။
(ခ) ဘယ်အခြေအနေအထိ နောက်ဆုံးထားပြီး လျှော့ပေးမယ်ဆိုတာကို နှစ်ဘက်စလုံးက ကိုယ်စီ လျှို့ဝှက် စဉ်းစားသတ်မှတ်ချက်တွေ ရှိလာပါတယ်။
(ဂ) တဘက်နဲ့ တဘက် တောင်းဆိုချက်တွေဆီက တင်းမာမှုတွေ လျော့လာအောင် အပြန်အလှန် ဖိအားပေးမှုတွေ၊ ဆွဲဆောင်မှုတွေ ပြုလုပ်လာပါတယ်။
(ဃ) တဘက်နဲ့တဘက် အလျှော့ပေးမှုလေးတွေ ပြုလုပ်နိုင်ဖို့အထိ နီးစပ်မှု ရှိလာပါတယ်။
(င) အပြန်အလှန် အလျှော့ပေးမှုတွေ ရှိလာပါတယ်။
(စ) မူလ တောင်းဆိုထားမှု အခြေအနေနှစ်ခုအကြားက အဖြစ်နိုင်ဆုံး အခြေအနေတခုမှာ သဘောတူညီချက် ရလာပါတယ်။ (သို့မဟုတ်) ဆက်လက်အလျှော့ပေးမှု မလုပ်နိုင်ကြတော့ပဲ စေ့စပ်ဆွေးနွေးမှု ပျက်သွားပါတယ်။
ပုံမှာ ဖော်ပြထားတာက နှစ်ဘက်အကြားက အပေးအယူလုပ်မှုသဏ္ဍာန်ဖြစ်ပေမယ့် multi-party negotiations တွေအတွက်လဲ ဖြည့်စွက် အသုံးပြုနိုင်ပါတယ်။
နောက်ထပ် နည်းလမ်းတခုကတော့ collaborative problem solving နည်းလမ်း ဖြစ်ပါတယ်။ ပြဿနာဖြေရှင်းမှုမှာကျတော့ တဘက်နဲ့ တဘက် အပြိုင်အဆိုင် အပေးအယူ၊ အလျှော့အတင်း လုပ်ဖို့ မဟုတ်ပဲ ပြဿနာတခုကို စုပေါင်းအဖြေရှာခြင်း ဖြစ်တဲ့အတွက် competitive bargaining နည်းလမ်းနဲ့ ကွဲပြားပါတယ်။
Susan Collin Marks ဆိုသူက ဒီနည်းလမ်းကို လူအများနားလည်စေနိုင်ဖို့ ရှင်းလင်းတဲ့ ပုံတပုံ ရေးဆွဲ ဖော်ပြထားခဲ့ပါတယ်။
ဒီနည်းလမ်းအရ ဘက်နှစ်ဘက်စလုံးက ပါဝင်သူများဟာ ပြဿနာတရပ်ကို အားလုံးရဲ့ ဘုံပြဿနာအဖြစ် သတ်မှတ်ပြီး ရင်ဆိုင်ဖြေရှင်းကြဖို့ ကြိုးပမ်းတာ ဖြစ်ပါတယ်။ ဒီလို ကြိုးပမ်းဆောင်ရွက်တဲ့ စေ့စပ်ညှိနှိုင်းဆွေးနွေးမှုမှာကျတော့ တဘက်နဲ့ တဘက်အကြားမှာဖြစ်တဲ့ ပဋ္ဋိပက္ခတွေကို ဖြေရှင်းတာ မဟုတ်ပဲ ဖြစ်နေတဲ့ ပြဿနာတွေကို စုပေါင်းဖြေရှင်းအဖြေရှာဖို့ ဆွေးနွေးညှိနှိုင်းကြတာ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ပဋ္ဋိပက္ခတွေ ဖြစ်လာတဲ့အခါ ပါဝင်တဲ့ ဘက်တွေအားလုံးက အကြောင်းအရာတွေကို reframing ပြန်လုပ်တတ်ဖို့ အလွန်အရေးကြီးပါတယ်။ ဘယ်သူကမှ compromise မလုပ်နိုင်တော့တဲ့ အခြေအနေကျရင်တော့ deadlock ဖြစ်ပါတယ်။ Reframing ဆိုတာက ဒီလို deadlock ကို ဘယ်လို ဖြေရှင်းမလဲ ဆိုပြီး အကြောင်းအရာတွေကို အမြင်သစ်၊ ရှုထောင့်သစ်တွေကနေ ပြန်လည်ရှုမြင်နိုင်ရန် ကြိုးပမ်းအားထုတ်ခြင်း ဖြစ်ပါတယ်။
ပဋိပက္ခတွေ ဖြေရှင်းထဲအခါမှာ ဖြစ်ရတဲ့ အခြေခံ အကြောင်းရင်းတွေထဲက လိုအပ်ချက် (needs) တွေနဲ့ အကျိုးစီးပွား (interests) တွေကို ဖော်ထုတ်ပြီး ပဋိပက္ခမဟုတ်တဲ့ တခြား ဘယ်လိုနည်းနဲ့ ဒါတွေကို ဖြေရှင်းနိုင်မလဲဆိုတာကို ရှုထောင့်သစ်တွေကနေ သုံးသပ်တာ ဖြစ်ပါတယ်။ ဥပမာ- ငါးတကောင်ကို ကလေးနှစ်ယောက်က လုနေတဲ့အခါ တယောက်ကို တပိုင်းစီ ရမှ ကျေနပ်မှာလား၊ တယောက်က လေးပုံ-သုံးပုံရပြီး၊ နောက်တယောက်က လေးပုံ- တပုံဆိုရင်ရော အနည်းငယ်ပဲ ရတဲ့ဘက်က ကျေနပ်ပြီး ယူသွားမလား၊ တယောက်က ငါးတကောင်လုံး ယူပြီး၊ နောက်တယောက်က တခြားစားစရာ တခုခု ရသွားရင်ရော ကျေနပ်နိုင်မလား စတာတွေ ဖြစ်ပါတယ်။
ဒါကြောင့်လဲ ပဋိပက္ခဖြစ်ပြီး deadlock ဖြစ်နေတဲ့ နိုင်ငံတွေမှာ conflicting parties တွေထဲမှာ မပါဝင်သူတွေက ဘယ်ဘက်မှ မပါတော့ပဲ နိုင်ငံရဲ့ အခြေခံ လိုအပ်ချက်တွေထဲက လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းတာတွေ၊ civil society ကို အားကောင်းအောင် ချဲ့ထွင်တာတွေ လုပ်လာကြတာတွေ ရှိပါတယ်။ အချို့ကလဲ ဒါတွေကိုပဲ အချိန်ကုန်ခံပြီး ငြင်းခုန်နေကြပြန်တတ်ပါတယ်။ ပဋိပက္ခတွေ ပြီးဆုံးမှ ဒါတွေ လုပ်ရမယ်ဆိုတာတွေကလဲ အဓိပ္ပာယ် မရှိလှပါ။ ကျွမ်းနေတဲ့ မီးလုံးကို လဲဖို့ ကြိုးစားသူတွေ ရှိနေချိန်မှာ ဖယောင်းတိုင်ထွန်းပြီး အလင်းပြပေးသူတွေလဲ ရှိဖို့ လိုအပ်ပါတယ်။ မီးလုံးလဲသူတွေနဲ့ ဖယောင်းတိုင်ထွန်းသူတွေအားလုံး အချင်းချင်း ငြင်းခုန်ရင်းအချိန်ကုန်နေစရာလဲ မလိုအပ်ပါ။ တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ Needs နဲ့ Interests တွေကို ဖြည့်ဆည်းဖို့ ကြိုးပမ်းကြသူအချင်းချင်းမှာ ရေတိုရည်မှန်းချက်တွေကိုပဲ အကောင်အထည်ဖော်သည်ဖြစ်စေ၊ ရေရှည်ပန်းတိုင်ကိုပဲ အရောက်သွားသည် ဖြစ်စေ ဘယ်သူမှ မမှားပါ။ ဘယ်သူကမှလဲ ဘယ်သူထက်မှ ပိုပြီး မြင့်မြတ်သည်၊ ယုတ်ညံ့သည် မရှိပါ။ Deadlock အခြေအနေမှာ Reframing လုပ်တဲ့ သဏ္ဍာန်တွေကတော့ အမျိုးမျိုး ကွဲပြားနေမှာပဲဖြစ်ပါတယ်။
စေ့စပ်ဆွေးနွေးမှုနဲ့ ပတ်သက်ပြီး နောက်ထပ် ချဉ်းကပ်တဲ့ နည်းလမ်းတခုကတော့ Conflict Resolution Style Matrix ကို အသုံးပြုခြင်း ဖြစ်ပါတယ်။ ၁၉၆ဝ ပြည့်နှစ်ကာလတွေမှာ Robert Blake နဲ့ Jane Mouton တို့က ပဋိပက္ခဖြေရှင်းခြင်းနဲ့ စေ့စပ်ဆွေးနွေးမှုတွေမှာ အသုံးပြုရတဲ့ စတိုင်လေးမျိုးကို ဖော်ထုတ်ခဲ့ပါတယ်။ ဒီစတိုင်လေးမျိုးကို forcing, problem solving, smoothing, withdrawal ဆိုပြီး အမည်ပေးခဲ့ကြပါတယ်။ (၁၉၇၀) ကာလတွေရောက်တော့ Kenneth Thomas နဲ့ Ralph Kilmann တို့က စတိုင်တွေကို ထပ်မံမွမ်းမံပြီး competing, collaborating, accommodating, avoiding, compromising ဆိုတဲ့ စတိုင် ငါးမျိုးကို ဖော်ထုတ်ခဲ့ပါတယ်။
ပုံမှာ ဖော်ပြထားချက်တွေအရ အလျားလိုက်မျဉ်းက ပူးပေါင်းဆောင်ရွက်မှု (cooperativeness) ကို ကိုယ်စားပြုပါတယ်။ ဒေါင်လိုက်မျဉ်းကတော့ assertiveness ကို ကိုယ်စားပြုပါတယ်။ assertiveness ကော၊ cooperativeness ကော နည်းနေတဲ့အခါ စေ့စပ်ဆွေးနွေးမှု စတိုင်က တဘက်နဲ့ တဘက် ရှောင်ခြင်း (avoiding) ဖြစ်ပါတယ်။ assertiveness က မြင့်ပြီး၊ cooperativeness က အားနည်းနေရင်တော့ ပြိုင်ဆိုင်မှု (Competing) စတိုင် ဖြစ်လာပါတယ်။ cooperativeness က မြင့်ပြီး၊ assertiveness က နည်းနေရင်တော့ accommodating စတိုင်ဖြစ်ပြီး၊ နှစ်ခုလုံး အသင့်အတင့်ဆိုရင်တော့ compromise လုပ်ကြပါတယ်။ နှစ်မျိုးစလုံး မြင့်မှသာ ပူးပေါင်းဆောင်ရွက်မှု (collaborating) စတိုင်ကို ကျင့်သုံးလာကြတာပါ။
စေ့စပ်ဆွေးနွေးမှုတွေမှာ collaborating စတိုင် ကျင့်သုံးမှုဟာ ပြဿနာဖြေရှင်းတဲ့နည်းလမ်းကို အသုံးပြုမှုနဲ့ ဆင်တူပါတယ်။ တဘက်နဲ့ တဘက်အကြားက တင်းမာမှုတွေ၊ အကျိုးစီးပွားတွေကို ထည့်သွင်းစဉ်းစားချက် မရှိပဲ ပြဿနာတခုကို ဘယ်လို ဖြေရှင်းကြမလဲဆိုတာကို နှစ်ဘက်စလုံးက စဉ်းစားကြတာဖြစ်ပါတယ်။ Competing စတိုင်ကျင့်သုံးမှုကတော့ hard bargaining နည်းလမ်း ကျင့်သုံးမှုပါပဲ။ နှစ်ဘက်စလုံးက အပေးအယူ၊ အလျှော့အတင်း ပြုလုပ်လိုခြင်း မရှိကြပါဘူး။ accommodating စတိုင်ကတော့ Competing စတိုင်နဲ့ ဆန့်ကျင်ဘက်ပါ။ ကိုယ့်ဘက်က အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားမှုထက် အခြားတဘက်ရဲ့ လိုလားချက်တွေကို ဦးစားပေးခြင်း ဖြစ်ပါတယ်။
avoiding စတိုင်ကတော့ စေ့စပ်ဆွေးနွေးမှုကို တတ်နိုင်သမျှ ရှောင်ကြဉ်ခြင်း ဖြစ်ပါတယ်။ ဘယ်လို ပဋိပက္ခမှာပဲဖြစ်ဖြစ် တဘက်က ဒီလို ရှောင်ကြဉ်တဲ့ နည်းလမ်းကို သုံးလာပြီဆိုရင် တခြားတဘက်က ဘယ်လောက်ပဲ စေ့စပ်ဆွေးနွေးမှု လုပ်ချင်ချင် အောင်မြင်မှာ မဟုတ်ပါဘူး။ လက်ခုပ်ဆိုတာ နှစ်ဘက်တီးမှ မြည်ပါတယ်။ Compromising စတိုင်ကတော့ နှစ်ဘက်စလုံးက အပေးအယူ၊ အလျှော့အတင်း ပြုလုပ်ကြတာ ဖြစ်ပါတယ်။ ပဋိပက္ခကြီးရင် ကြီးသလောက် ဒီစတိုင်ကို အောင်မြင်စွာ အသုံးပြုနိုင်ဖို့ကလဲ ခဲယဉ်းလှပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ စတိုင် ငါးမျိုးလုံးဟာ ပဋိပက္ခဖြေရှင်းရေးနဲ့ စေ့စပ်ဆွေးနွေးမှုတွေမှာ အခြေအနေနဲ့ အချိန်အခါပေါ်မူတည်ပြီး အသုံးဝင်မှုတွေ ရှိပါတယ်။
စေ့စပ်ဆွေးနွေးမှုနှင့် ဆက်ဆံရေး (Relationship)
စေ့စပ်ဆွေးနွေးမှုက ထွက်ပေါ်လာတဲ့ ရလာဒ်အတွက် နောက်ထပ် အရေးကြီးတဲ့ ထည့်သွင်းစဉ်းစားစရာ အချက်ကတော့ ပဋ္ဋိပက္ခထဲမှာ ပါဝင်နေတဲ့ actors တွေအကြားက ဆက်ဆံရေးသဏ္ဍာန်တွေပဲ ဖြစ်ပါတယ်။ စေ့စပ်ဆွေးနွေးမှုကို ပြုလုပ်တဲ့အခါမှာ မိမိဘက်ရဲ့ လိုအပ်ချက်နဲ့ အကျိုးစီးပွားတွေကို သိဖို့ လိုအပ်သလို၊ အခြားတဘက်က လိုအပ်ချက်နဲ့ အကျိုးစီးပွားတွေကိုလဲ သိနေဖို့ လိုအပ်ပါတယ်။ ဘက်နှစ်ဘက်တင်မကပဲ multiple actors တွေ ပါဝင်နေခဲ့တယ်ဆိုရင် ပါဝင်နေသူတွေရဲ့ လိုအပ်ချက်၊ အတွေးအခေါ်နဲ့ အကျိုးစီးပွားတွေကို သိမြင်တတ်ဖို့ လိုအပ်ပါတယ်။ နိုင်ငံရေးပညာရှင် Ury က အောင်မြင်တဲ့ စေ့စပ်ဆွေးနွေးသူတွေဟာ စိတ်ပညာကျွမ်းကျင်သူတွေ ဖြစ်တယ်လို့ ဆိုထားခဲ့ပါတယ်။ ပဋိပက္ခတွေကို ဖြေရှင်းဖို့ ကြိုးပမ်းတဲ့ စေ့စပ်ဆွေးနွေးမှုတွေမှာ ပါဝင်တဲ့ multiple parties တွေ အပါအဝင် ဒီပဋ္ဋိပက္ခနဲ့ ဆက်စပ်တဲ့ အဖွဲ့အစည်းတွေ၊ လူတွေရဲ့ မြင်နိုင်တွေ့နိုင်သော လိုအပ်ချက်တွေ၊ အတွင်းစိတ်ထဲမှာ ခိုအောင်းနေတဲ့ လိုလားချက်တွေ၊ ဖြတ်သန်းမှုသမိုင်းကြောင်းတွေ၊ အတွေးအခေါ်ကို သိနိုင်လေလေ အပြန်အလှန်ယုံကြည်မှုရှိတဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့ အခွင့်အလမ်း များလာလေလေ ဖြစ်ပါတယ်။
စေ့စပ်ဆွေးနွေးမှုမှာ ပါဝင်နိုင်မယ့် actors အမျိုးအစားတွေကိုလဲ နိုင်ငံရေး ပညာရှင်တွေက လေ့လာဖော်ထုတ်ခဲ့ကြပါတယ်။ Counterparts ဆိုတဲ့ အမျိုးအစားက မတူညီပဲ ထိပ်တိုက်ကွဲပြားနေတဲ့ အမြင်တွေကို တင်ပြသူတွေ ဖြစ်ပါတယ်။ Constituents ဆိုတဲ့ အမျိုးအစားကတော့ သူတို့နဲ့ သက်ဆိုင်တဲ့ လူမျိုးစု၊ အဖွဲ့အစည်း၊ လူတန်းစားအလွှာ စတာတွေကို ကိုယ်စားပြု တက်ရောက်လာသူများ ဖြစ်ပါတယ်။ Stakeholders တွေကတော့ စေ့စပ်ဆွေးနွေးတဲ့ စားပွဲမှာ ကိုယ်တိုင်ပါဝင်ချင်မှ ပါဝင်ပေမယ့် စေ့စပ်ဆွေးနွေးမှုနဲ့ ဆက်စပ်တဲ့ လိုလားချက်၊ အကျိုးစီးပွားရှိနေသူတွေ ဖြစ်ပါတယ်။ သူတို့တတွေက counterparts တွေနဲ့ constituents တွေရဲ့ ကိုယ်စားပြုမှု၊ အတွေးအခေါ်တွေနဲ့ လုပ်ဆောင်ချက်တွေ အပေါ်မှာ လွှမ်းမိုးမှု ရှိပါတယ်။ Ratifiers ဆိုတာကတော့ ညှိနှိုင်းဆွေးနွေးမှု ရလာဒ်တွေကို ဆုံးဖြတ်ချက် ပေးသူတွေ ဖြစ်ပါတယ်။ စေ့စပ်ဆွေးနွေးမှုမှာ ပါဝင်သူတွေရဲ့ မိခင်အဖွဲ့အစည်းတွေ၊ ပါတီတွေက ခေါင်းဆောင်တွေ ဖြစ်ပါတယ်။
စေ့စပ်ဆွေးနွေးပွဲ အမှန်တကယ် ဖြစ်မြောက်လာချိန်မှာ ပေါ်ထွက်လာတတ်တဲ့ spoilers တွေလဲ ရှိပါသေးတယ်။ ရေရှည် ပဋိပက္ခတွေမှာ ပဋိပက္ခကြောင့် အကျိုးကျေးဇူး ရနေသူများ ရှိတတ်ပါတယ်။ ဥပမာ- မူးယစ် ကုန်ကူးတဲ့ အဖွဲ့အစည်းတွေ၊ လူကုန်ကူးတဲ့ အဖွဲ့အစည်းတွေ စတဲ့ ရာဇဝတ်မှု ကျူးလွန်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ပဋိပက္ခကို အကြောင်းပြုပြီး ဆိုင်းဘုတ်ထောင် ရံပုံငွေ တောင်းနေတဲ့ ပဋိပက္ခအကြောင်းပြု လုပ်စား အဖွဲ့အစည်းများဟာ ပဋိပက္ခတွေ ပြီးဆုံးသွားမှာကို အလွန်စိုးရိမ်လေ့ရှိကြပါတယ်။ တဘက်နဲ့ တဘက် အနိုင်ယူပွဲသိမ်း တိုက်ပွဲ ဆင်နွှဲသွားနိုင်မှာကို စိုးရိမ်ပြီး နည်းမျိုးစုံနဲ့ ပဋိပက္ခဖြစ်ချိန် ကြန့်ကြာအောင် ဆွဲဆန့်ဖို့ ကြိုးစားလေ့ရှိသလို၊ စေ့စပ်ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာတဲ့အခါမှာ ပျက်ပြားအောင် ဖျက်ဆီးလေ့ရှိကြပါတယ်။ ဒါကြောင့် စေ့စပ်ဆွေးနွေးမှုကို ဦးဆောင်မယ့် ခေါင်းဆောင်များဟာ ပဋိပက္ခနဲ့ ဆက်စပ်ပြီး ကိုယ်ကျိုးရှာ အဖွဲ့အစည်းတွေနဲ့ ရာဇဝတ်မှုကျုးလွန်နေသော အဖွဲ့အစည်းတွေကို ကြိုတင် သိမြင်ထားဖို့ လိုအပ်လှပါတယ်။
ဒီလို multiple actors တွေအကြားမှာ ဆက်ဆံရေးတည်ဆောက်တဲ့အခါ ဆက်သွယ်မှု လမ်းကြောင်း (communication channels) တွေ ဖွင့်ဖို့လိုအပ်ပါတယ်။ စေ့စပ်ဆွေးနွေးမှုလုပ်ဖို့ ကြိုးစားတဲ့ အခါတိုင်းမှာ ပမာဏ ညှိနှိုင်းမှု လုပ်တဲ့ အချိန်တွေကတည်းက ဘယ်ဘက်မှာ ဘယ်သူနဲ့ ဆက်သွယ်ရမယ်၊ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ဘယ်လောက်အထိ scope of communication ထားမယ်၊ ဘယ်လို ဆက်သွယ်မယ် ဆိုတဲ့ lines of authority တွေ ရှင်းလင်းနေဖို့ လိုအပ်ပါတယ်။ ဒါတွေ ရှင်းလင်းနေခြင်း မရှိဘူးဆိုရင် တယောက်တပေါက် ဆက်သွယ်မှု လမ်းကြောင်းတွေ ဖွင့်ရင်း ရှုပ်ထွေးမှုတွေ ဖြစ်လာစေနိုင်ပါတယ်။
စေ့စပ်ဆွေးနွေးမှုတွေအတွက် ပဏာမ ညှိနှိုင်းတဲ့ အချိန်တွေမှာပဲဖြစ်ဖြစ်၊ စေ့စပ်ဆွေးနွေးပွဲ စတင်ချိန်မှာပဲဖြစ်ဖြစ် mass media နဲ့ ဘယ်လို ဆက်သွယ်ဆောင်ရွက်မှုတွေ လုပ်မလဲ ဆိုတာကိုလဲ protocol တွေ ရှိနေဖို့ လိုအပ်ပါတယ်။ မီဒီယာဆိုတာ လူထုနဲ့ ဆက်ဆံရေး ပေါင်းကူးပဲ ဖြစ်ပါတယ်။ ဒါကြောင့် မီဒီယာတွေနဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေမှာ အလွန်သတိထား ဆက်ဆံဖို့ လိုအပ်ပါတယ်။ အပြန်အလှန် လေးစားမှု ရှိကြဖို့ လိုအပ်ပါတယ်။
နိုင်ငံရေးပညာရှင် Solomon ဆိုသူက စေ့စပ်ဆွေးနွေးမှုမှာ မီဒီယာတွေနဲ့ ပတ်သက်ဆက်စပ်ရတဲ့အခါ ပြောရေးဆိုခွင့် ရှိသူတွေရဲ့ တာဝန်က တဘက်က counterpart တွေကို သွယ်ဝိုက်နည်းနဲ့ မိမိတို့ လိုလားချက်တွေကို အသိပေးရေး၊ မိမိတို့ စဉ်းစားတွေးခေါ်ချက်တွေကို လူထုသို့ အသိပေးတင်ပြရေး၊ ဂျာနယ်လစ်တွေနဲ့ မီဒီယာသမားတွေကို briefing ပေးရေး၊ စေ့စပ်ဆွေးနွေးမှုမှာ ပါဝင်မယ့် အာဂျင်ဒါတွေကို မီဒီယာမှတဆင့် ဖြန့်ကျက်ရေး စတာတွေ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောထားခဲ့ပါတယ်။ မီဒီယာတင်ပေးလာတဲ့ လမ်းကြောင်းကို ပြောရေးဆိုခွင့် ရှိသူတွေ၊ စေ့စပ်ဆွေးနွေးမှု အကောင်အထည်ဖော်နေသူတွေက လိုက်တက်မိ သွားခြင်းကို သတိထား ရှောင်ကြဉ်ဖို့ လိုပါတယ်။
ယေဘုယျအားဖြင့် စေ့စပ်ဆွေးနွေးမှုနဲ့ ပတ်သက်ပြီး မီဒီယာကတဆင့် ထိတွေ့ဆက်ဆံရမယ့် ပရိသတ် ခြောက်မျိုး ရှိပါတယ်။ အတိုက်အခံဘက်မှာ ရှိတဲ့ စေ့စပ်ဆွေးနွေးရေးအဖွဲ့၊ အတိုက်အခံဘက်မှာရှိတဲ့ အဓိက ဆုံးဖြတ်ချက် ချမှတ်သူ ခေါင်းဆောင်များ၊ အတိုက်အခံဘက်မှ ထောက်ခံအားပေးသူများ၊ နိုင်ငံတကာ အစိုးရများနှင့် နိုင်ငံတကာ အန်ဂျီအို အဖွဲ့အစည်းများ၊ မိမိဘက်မှ ခေါင်းဆောင်များနှင့် ဆုံးဖြတ်ချက် ချမှတ်သူများ၊ မိမိဘက်ကို ထောက်ခံအားပေးသူများ စတာတွေ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ၂၁ ရာစုမှာ တရားဝင်သတင်းဌာန မီဒီယာများတင်သာမက တရားမဝင် သတင်းမုဆိုးများပါ ပေါ်ထွက်လာပြီဖြစ်တဲ့အတွက် သတင်းအချက်အလက်တွေ မလိုအပ်ပဲ ပေါက်ထွက်သွားခြင်း၊ တယောက်တပေါက် ပြောဆိုခြင်းတွေ မရှိရအောင် အဖွဲ့အစည်းတိုင်းမှာ မီဒီယာနဲ့ ပတ်သက်တဲ့ မဟာဗျူဟာတွေ ရှိနေဖို့ လိုအပ်ပါတယ်။
သက်ဆိုင်ရာ အဖွဲ့အစည်းတွေမှာ မီဒီယာတွေနဲ့ ပတ်သက်ပြီး တရားဝင် ပြောရေးဆိုခွင့် (front channel) ကိုကျော်လွန်ပြီး၊ back channel ကနေ ဆက်နွယ်မှု ရှိနေသလားဆိုတာကိုလဲ ပြန်လည်ဆန်းစစ်ရပါမယ်။ Public ကို ထုတ်ပြန်လို့ မရသေးတဲ့ ဆွေးနွေးညှိနှိုင်းဆဲ အချက်အလက်တွေကို back channel ကနေတဆင့် မီဒီယာတွေနဲ့ သတင်းမုဆိုးတွေဆီကို information leakage လုပ်လိုက်တဲ့အခါကျရင် စေ့စပ်ဆွေးနွေးမှု၊ ပဏာမ ညှိနှိုင်းမှုတွေရဲ့ ရလာဒ်တွေကို undermine လုပ်ရုံမက အထင်အမြင် လွဲတာတွေ၊ အပြန်အလှန်ယုံကြည်မှု လွဲတာတွေ ဖြစ်လာစေနိုင်ပါတယ်။ ဘယ်လောက်ပဲ တိုးတက်ခေတ်မှီတဲ့ ဒီမိုကရေစီ နိုင်ငံကြီးတွေမှာပဲ ဖြစ်ဖြစ် ပြည်သူ့ရေးရာနဲ့ ပတ်သက်တဲ့ လုပ်သမျှ အလုပ်ကို ကကြီးကနေ အ အထိ အစအဆုံး မီဒီယာတွေနဲ့ သတင်းမုဆိုးတွေကို ထုတ်ပေးနေကြတာ မဟုတ်ပါ။
နှစ်ဆယ့်တစ်ရာစုရဲ့ သတင်းနဲ့ ဆက်သွယ်ရေး နည်းပညာတွေ တိုးတက်လာတဲ့ ခေတ်ကြီးမှာ ကုန်ပစ္စည်းကြော်ငြာတွေက မှိုလိုပေါက်ပြီး ပေါ်ထွက်လာခဲ့ပါတယ်။ နေရာတကာမှာ တံဆိပ်ကပ်မှုတွေ ခေတ်စားလာတာနဲ့အမျှ ကုန်ပစ္စည်းနဲ့တင် အားမရတော့ပဲ လူတွေကပါ ဘာလုပ်လုပ် တံဆိပ်လေးနဲ့မှ လုပ်ချင်စိတ် ဖြစ်လာကြပါတော့တယ်။ လွတ်လပ်စွာ ပြောဆိုခွင့်ဆိုပြီး လျှို့ဝှက်အပ်တဲ့အရာတွေကိုပါ မထိန်ချန်တော့ပဲ ပြောချင်ရာပြော၊ လုပ်ချင်ရာ လုပ် ထင်ရာစိုင်းတဲ့ အကျင့် တွေကလဲ ပေါ်ပေါက်လာပါတော့တယ်။ အများနဲ့ ပတ်သက်တဲ့ ရေးရာတွေမှာ တာဝန်ခံမှု၊ တာဝန်ယူမှု၊ တာဝန်သိမှု စိတ်ဓာတ်တွေထက် ငါ့အတွက်၊ ငါ့နာမည်အတွက် အကျိုးကျေးဇူးရမယ်ဆိုရင်၊ နာမည်ကြီးမယ်ဆိုရင် လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်တွေကလဲ ကြီးစိုးလာပါတယ်။ အင်တာနက်နည်းပညာနဲ့ မီဒီယာတွေကို တကိုယ်တော်ဝါဒရဲ့ လက်နက်တခုလို အသုံးချမှုတွေကလဲ များပြားလာပါတယ်။ ဒါတွေဟာ ပုဂ္ဂလိက ရေးရာတွေ၊ စီးပွားရေး လုပ်ငန်းတွေ၊ ငွေကြေးရှာဖွေမှုတွေမှာ အကြောင်းမဟုတ်ပေမယ့် စစ်ရေးနဲ့ နိုင်ငံရေးရာတွေမှာကျတော့ ကြီးမားတဲ့ အန္တရာယ်တွေ ဖြစ်လာ ပါတော့တယ်။
နိုင်ငံတခုရဲ့ ကံကြမ္မာ အပြောင်းအလဲကို ဖန်တီးနိုင်ဖို့အရေး၊ အာဏာရှင်စနစ်ကို ဖြုတ်ချရေး၊ မြေအောက်လှုပ်ရှားမှုများ အားကောင်းလာစေရေး၊ စစ်ရေး၊ နိုင်ငံခြားရေး၊ အမျိုးသားရင်ကြားစေ့ရေး ကိစ္စတွေမှာကျတော့ ထင်ပေါ် ကျော်ကြားမှုနဲ့ ကြော်ငြာ သဏ္ဍာန်တွေကို အသုံးပြုမယ်ဆိုရင် ကောင်းကျိုးရဖို့ထက် ဆိုးကျိုးရဖို့က များပါတယ်။ တခါတရံမှာ အခန့်မသင့်ရင် မိမိကိုယ်တိုင်သော်၎င်း၊ မိမိနဲ့ ပတ်သက်ဆက်စပ်တဲ့ အဖွဲ့အစည်းတွေသော်၎င်း၊ တမျိုးသားလုံး အရေးမှာသော်၎င်း၊ အန္တရာယ်ဖြစ်စေတတ်ပါတယ်။ အဆိပ်အတောက် ဖြစ်စေနိုင်ပါတယ်။
အကြောင်းအရာတခုကို မျက်တောင်တခတ်နဲ့ ဆုံးဖြတ်လို့ မရပါ။ မျက်စိတဆုံးကြည့်တတ်ဖို့ လိုအပ်ပါတယ်။ လှုပ်ရှားမှု ဓာတ်ပုံတပုံကြောင့် ဓာတ်ပုံကို အများဆီ ရောက်အောင်ဖြန့်ဝေသူ တော်လှန်ရေးသမားတယောက် နာမည်ကြီးလာစေပေမယ့် ဓာတ်ပုံထဲ ပါသူတွေရဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်မယ်ဆိုရင် ကိုယ့်ရဲ့ ပုဂ္ဂလိက အကျိုးစီးပွားကို စွန့်လွှတ်ဖို့ လိုပါတယ်။ ရေတို ဒီမိုကရေစီ အရေးအတွက် ခေတ္တ အခွင့်အလမ်းကောင်းဟာ ရေရှည် အမျိုးသားအကျိုးစီးပွားအတွက် အန္တရာယ် ဖြစ်လာနိုင်တယ်ဆိုရင်လဲ သတိတရားကို လက်ကိုင်ထားပြီး လက်လွှတ်သင့်ရင် လွှတ်တတ်ဖို့ လိုပါတယ်။ အထူးသဖြင့် နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ ကိုယ်ကျိုးနဲ့ အများအကျိုး၊ ရေတို အကျိုးအမြတ်နဲ့ အမျိုးသားအကျိုးစီးပွား ရေးရာတွေကို ချင့်ချင့်ချိန်ချိန်နဲ့ ကိုင်တွယ်တတ်ဖို့ လိုအပ်ပါတယ်။ ဆိုင်းသံကြားတိုင်း ကချင်သူတွေသာ ခေါင်းဆောင်လုပ်ရင် တိုင်းပြည် ရေစုံမျော နိုင်ပါတယ်။
မီဒီယာသမားတွေအတွက်ကတော့ သတင်းရရေးနဲ့ သတင်းဖော်ပြချက် တင်ပြနိုင်ရေးဟာ ပထမဦးစားပေး တာဝန်ပဲ ဖြစ်ပါတယ်။ သူတို့ ဘက်က ကြည့်ရင်လဲ မမှားပါဘူး။ ဒါပေမယ့် လျှို့ဝှက် လုပ်ရတဲ့ ကိစ္စတွေမှကျတော့ အနှောင့်အယှက်တွေ ဖြစ်လာစေပါတယ်။ အပြီးမသတ်သေးတဲ့ စီမံချက်တွေ၊ ဆုံးဖြတ်ချက်တွေကို သတင်းမှားထွက်သွားခဲ့ရင်လဲ အမှားအယွင်းတွေ ဖြစ်စေတတ် ပါတယ်။ နိုင်ငံရေး ပညာရှင် Kelman က အဖြေတခုရအောင် ပူးတွဲလုပ်ဆောင်မှု ဖြစ်စဉ်တွေမှာ အဖြေမထွက်သေးပဲ public reports တွေ ထွက်လာတဲ့အခါ ပူးတွဲဆောင်ရွက်မှု လုပ်ငန်းစဉ်တွေကို ထိခိုက်စေနိုင်ကြောင်း ထောက်ပြပြောဆိုထားခဲ့ပါတယ်။
စေ့စပ်ဆွေးနွေးမှုနဲ့ ပတ်သက်တဲ့ relationships တွေမှာ ထည့်သွင်းစဉ်းစားရမယ့် နောက်ထပ် အကြောင်းအရာတခုကတော့ ကွဲပြားခြားနားနေတဲ့ ယဉ်ကျေးမှုတွေပဲ ဖြစ်ပါတယ်။ ယဉ်ကျေးမှုဆိုရာမှာ ဝတ်စားဆင်ယင်မှု၊ ထုံးတမ်းစဉ်လာတွေသာမက ယုံကြည်မှု၊ စဉ်းစားတွေးခေါ်မှုသဏ္ဍာန်၊ ခံစားနားလည်မှုသဏ္ဍာန်၊ မျိုးဆက်တခုမှ တခုသို့ လက်ဆင့်ကမ်းသော အကြောင်းအရာတွေ၊ အညှိုးအတေးစတာတွေပါ ပါဝင်ပါတယ်။ လူမျိုးစုကွဲပြားမှုပါ ဆက်စပ်ပါဝင်တဲ့ ပဋိပက္ခတွေမှာ ဝတ်စားဆင်ယင်မှု၊ ထုံးတမ်းစဉ်လာတွေကိုတင် သိရှိလေ့လာထားရုံနဲ့ နှစ်ပေါင်းများစွာ အမြစ်တွယ် နေခဲ့တဲ့ ရင်တွင်းက ပဋိပက္ခအညှိုးအတေးတွေကို မသိမြင်နိုင်ပါဘူး။ စေ့စပ်ဆွေးနွေးမယ့် ခေါင်းဆောင်များဟာ နိုင်ငံရေးပညာ၊ စီးပွားရေးပညာ၊ အတွေးအခေါ်၊ သမိုင်းကြောင်း၊ စိတ်ပညာ စတာတွေ ကို နားလည်ကျွမ်းကျင်ထားရုံသာမက ပဋိပက္ခနဲ့ ဆက်စပ်တဲ့ လူမျိုးစုတွေရဲ့ ယဉ်ကျေးမှုနဲ့ အတွေးအခေါ်တွေကိုပါ လေ့လာထားဖို့ လိုအပ်ပါတယ်။
ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး လေ့လာတဲ့ အခါမှာ လေ့လာနည်း နှစ်မျိုး ရှိပါတယ်။ မိမိတို့လူမျိုးရဲ့ မိခင်ယဉ်ကျေးမှုကို လေ့လာတာကို “Enculturation” လို့ ခေါ်ပြီး၊ တခြားယဉ်ကျေးမှုကို လေ့လာတာကိုတော့ “Acculturation” လို့ ခေါ်ဆိုပါတယ်။ “Acculturation” လုပ်ဖို့ ခဲယဉ်းပေမယ့် နိုင်ငံခေါင်းဆောင်တွေ၊ ပဋိပက္ခဖြေရှင်းရေးအတွက် စေ့စပ်ဆွေးနွေးမယ့် ခေါင်းဆောင်တွေကတော့ အလေးအနက်ထားပြီး လေ့လာဖို့ လိုအပ်ပါတယ်။ လူနည်းစုကဖြစ်စေ၊ လူများစုကဖြစ်စေ စေ့စပ်ဆွေးနွေးရမယ့် တဘက်က လူမျိုးစုရဲ့ ယဉ်ကျေးမှုကို အသိအမှတ်ပြုမှု အားနည်းတဲ့အခါ စေ့စပ်ဆွေးနွေးမှု အောင်မြင်ဖို့ အလွန်ခဲယဉ်းသွားနိုင်ပါတယ်။ တဘက်က ယဉ်ကျေးမှုကို အခြားတဘက်က judge လုပ်တာ မဟုတ်ပဲ ကွဲပြားခြားနားမှုတွေကို အမြော်အမြင်ကြီးကြီးနဲ့ လက်ခံပေးဖို့ လိုအပ်ကြောင်း Cohen က ရေးသားဖော်ပြထားခဲ့ဖူးပါတယ်။ စကားပြောတဲ့ အသံနေ၊ အသံထားကြောင့် စေ့စပ်ဆွေးနွေးမှုတွေမှာ ကသိကအောက် ဖြစ်တတ်တာတွေလဲ ရှိပါတယ်။ တချို့က စကားကို တုံးတိတိ ပြောပါတယ်။ တချို့က သွယ်ဝိုက်ပြီး လှလှပပ ပြောပါတယ်။ တုံးတိတိပြောတာကို ရိုင်းစိုင်းတာလို့ တဘက်က ထင်လာတတ်သလို၊ ..
Negotiation << pdf Download for Full Article!
2 comments
အဂျစ်
July 17, 2012 at 9:06 am
မဖတ်နိုင်လို့ ကူး သွားပါ၏ ကေ်ာမန်းတွေမရှိပါလား စမ်းပေးကြည့်တာ
Gipsy
July 17, 2012 at 10:34 am
ရှုး..တိုးတိုး …။
ဆြာကြီးတွေ တွေးတော အဖြေထုတ်နေတုန်းဟ…။
ဒီသဟာက ခက်ခဲ နက်နဲ သလိုပဲ…။