မြန်မာ့တော်လှန်ရေးနှင့် ပြည်ပရောက် မြန်မာများ၏ အခန်းကဏ္ဍ – ခင်မမမျိုး

kaiMarch 1, 20111min1052

မြန်မာ့တော်လှန်ရေးနှင့် ပြည်ပရောက် မြန်မာများ၏ အခန်းကဏ္ဍ

 

နိဒါန်း

(၂၀၁၁) ခုနှစ်သည် မြန်မာ့နိုင်ငံရေးအတွက် ထူးခြားသော နှစ်တနှစ် ဖြစ်ပါသည်။ လက်ရှိအချိန်ကာလသည်လည်း နအဖ စစ်အုပ်စုက ကျင်းပသော (၂၀၁၀) အတုအယောင် ရွေးကောက်ပွဲ ရလဒ်အဖြစ် စစ်အုပ်စုကြိုးဆွဲ ရုပ်သေးအစိုးရ ပေါ်ထွက်လာစေရန် လွှတ်တော်ခေါ်ယူနေဆဲ ကာလဖြစ်ပါသည်။ တပြိုင်နက်တည်းမှာပင် နအဖစစ်ဝါဒီစနစ်ကို ထောက်ခံ အားပေးနေကြသည့် ပညာရှင်ဆိုသူများကလဲ (၂၀၁၁) သည် တော်လှန်ရေး အင်အားစုများ အတွက် လမ်းဆုံးဖြစ်တော့ မယောင် အသံလွှင့်နေကြပါသည်။

လက်တွေ့တွင်ကား (၂၀၁၁) သည် တော်လှန်ရေးအင်အားစုများအတွက် လမ်းဆုံတခုသာ ဖြစ်သည်။ ရွေးကောက်ပွဲနှင့် တရားဝင်တက်လာသည့် အစိုးရဖြစ်ဖြစ်၊ လက်နက်အင်အားသုံး၍ တရားမဝင် တက်လာသည့် အာဏာသိမ်း စစ်အုပ်စုဖြစ်ဖြစ် ပြည်သူ့အာဏာကို ဖယ်ရှား၍ မရပါ။ အာဏာသည် ပြည်သူ့ထံမှသာ သက်ဆင်းပါသည်။ သေနတ်ပြောင်းဝမှ ဆင်းသက်သည် မဟုတ်။ သေနတ်ချိန်၍ ကျင်းပသည့် အာဏာရှင်ရွေးကောက်ပွဲမှ ဆင်းသက်သည် မဟုတ်။ သို့ဖြစ်၍ ပြည်သူ့အာဏာကို ပြည်သူဆီမှ ဆင်းသက်ရန် ကြိုးပမ်းသော တော်လှန်ရေးသမားများအတွက် လမ်းဆုံးဖြစ်လာမည် မဟုတ်။လမ်းဆုံးဖြစ်လာမည် မဟုတ်သော်လဲ လမ်းဆုံမှသည် ပန်းတိုင်သို့ ရောက်အောင်ကား ရှေ့ဆက် ချီတက်ကြရပေမည်။

ယင်းသို့ ချီတက်ကြရာတွင် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု အဆင့်များကို စနစ်တကျ အကောင်အထည်ဖော်ကြရန် လိုအပ်လှသည်ဖြစ်ရာ မြန်မာ့စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတွင် ပြည်ပရောက် မြန်မာများမှ ပါဝင်ဆောင်ရွက်နိုင်သည့် စည်းရုံးရေးနှင့် ဝါဒဖြန့်ချိရေး လုပ်ငန်းစဉ်များ၊ ထောက်ပံ့ရေးနှင့် သတင်းရယူရေး လုပ်ငန်းတာဝန်များ၊ ကွန်ယက်ချိတ်ဆက် လှုပ်ရှားရေးနှင့် နိုင်ငံခြားဆက်ဆံရေး လုပ်ငန်းတာဝန် စသည်များကို တော်လှန်ရေးအောင်မြင်မှု သော့ချက် ခြောက်ချက်ပေါ်တွင် အခြေပြု၍ ဤစာတမ်းအား ရေးသားပါသည်။

(၁) လူထုထောက်ခံမှု ရယူခြင်း

(၁.၁) ပြည်ပရောက် မြန်မာ့လူ့အဖွဲ့အစည်း

ပြည်ပရောက် မြန်မာ့လူ့အဖွဲ့အစည်းတွင် လူဦးရေ သိန်းချီ ပါဝင်၍၊ လူ့အဖွဲ့အစည်း၏ ဖြစ်တည်မှုသဏ္ဍာန်တွင် ဒေါင်လိုက်စုဖွဲ့မှုနှင့် အလျားလိုက် စုဖွဲ့မှု သဏ္ဍာန် နှစ်မျိုး ကွဲပြားခြားနားသည်။ ဒေါင်လိုက်စုဖွဲ့မှုတွင် လူမျိုးစုနှင့် ဘာသာရေး ကွဲပြားမှုများ ပါဝင်ပြီး၊ အလျားလိုက်စုဖွဲ့မှုတွင် လူတန်းစားအလွှာ ကွဲပြားမှုများ ပါဝင်သည်။

ဒေါင်လိုက်စုဖွဲ့မှုဆိုင်ရာ ကွဲပြားမှုသဏ္ဍာန်အရ

(၁) လူမျိုးစု အဖွဲ့အစည်းများဖြစ်သော ကရင်အဖွဲ့၊ ချင်းအဖွဲ့၊ မွန်အဖွဲ့၊ ရှမ်းအဖွဲ့၊ ကချင်အဖွဲ့၊ ကယန်းအဖွဲ့၊ ရခိုင်အဖွဲ့ စသည့် အစုအဖွဲ့များ နှင့်

(၂) ဘာသာရေး အဖွဲ့အစည်းများဖြစ်သော ဗုဒ္ဓဘာသာအဖွဲ့၊ ခရစ်ယာန်အဖွဲ့၊ မွတ်စလင် အဖွဲ့ စသည့် အစုအဖွဲ့များသည် နယ်မြေဒေသနှင့် လူဦးရေပေါ်တွင် မူတည်၍ တည်ရှိနေပြီး၊ အဖွဲ့အစည်းများအကြား ဆက်သွယ်မှုများနှင့် လူမှုရေး၊ ဘာသာရေးကဏ္ဍ ပူးပေါင်းလှုပ်ရှားမှုများ ရှိနေသည်။

အလျားလိုက်စုဖွဲ့မှုဆိုင်ရာ ကွဲပြားမှုသဏ္ဍာန်အရ

(၁) နိုင်ငံရေးခိုလှုံခွင့် ရရှိပြီး နိုင်ငံရေးရာတွင် စိတ်ပါဝင်စားသော အစုအဖွဲ့များ

(၂) နိုင်ငံရေး ခိုလှုံခွင့် ရရှိပြီး နိုင်ငံရေးရာများတွင် ပါဝင်မှုမရှိသော အစုအဖွဲ့များ

(၃) ပြည်ပတွင် အလုပ်အကိုင်အခွင့်အလမ်းပေါ်မူတည်၍ အခြေစိုက် နေထိုင်သူများ ပါဝင်သော အစုအဖွဲ့များ

(၄) ကျောင်းသား အစုအဖွဲ့များ

စသည့် အစုအဖွဲ့များသည် နိုင်ငံရေး၊ ပညာရေး၊ လူမှုရေး၊ ဘာသာရေး ကဏ္ဍအသီးသီးတွင် ပူးပေါင်းချိတ်ဆက်ပါဝင်မှုများ

ရှိနေသည်။

(၁.၂) လက်ရှိနိုင်ငံရေး လှုပ်ရှားမှုများ

ပြည်ပရောက်မြန်မာများ၏ လက်ရှိနိုင်ငံရေး လှုပ်ရှားမှုများသည် နိုင်ငံရေးတက်ကြွလှုပ်ရှားမှု (Political activism) အကောင်အထည်ဖော်မှုများတွင် အခြေခံသည်။ နိုင်ငံရေးအဖွဲ့အစည်း ရာပေါင်းများစွာမှာ နိုင်ငံ အနှံ့အပြားတွင် ပျံ့နှံ့နေပြီး၊ တက်ကြွလှုပ်ရှားသူ အရေအတွက် ထောင်နှင့်ချီ၍ ရှိသည်။ ယင်း တက်ကြွလှုပ်ရှားသူများမှ နိုင်ငံအလိုက်၊ အဖွဲ့အစည်းအလိုက် နိုင်ငံရေးလှုပ်ရှားမှုများကို ပြုလုပ်ကြသည်။ လှုပ်ရှားမှုများ ပြုလုပ်ရာတွင်

(၁) ဆန္ဒပြပွဲများ ပြုလုပ်ခြင်း

(၂) အထိမ်းအမှတ်နေ့များတွင် အခမ်းအနားများ ပြုလုပ်ခြင်း

(၃) သက်ဆိုင်ရာနိုင်ငံအလိုက် နိုင်ငံခြားရေးဌာနများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ သို့ ကင်ပိန်းများ ပြုလုပ်ခြင်း

(၄) အစည်းအဝေးများ၊ ကွန်ဖရင့်များနှင့် ဖိုရမ်များ ကျင်းပခြင်း

စသည်တို့ ပါဝင်သည်။

(၁.၃) လူထုထောက်ခံမှု အခြေအနေ သုံးသပ်ချက်

လူထုထောက်ခံမှုအပိုင်းတွင် နိုင်ငံရေးလှုပ်ရှားမှုများကို တက်ကြွစွာ ပြုလုပ်နေသူများအား လူ့အဖွဲ့အစည်းမှ တိုက်ရိုက် ထောက်ခံမှုနှင့် သွယ်ဝိုက်ထောက်ခံမှု အခြေအနေ နှစ်ပိုင်းရှိရာ တိုက်ရိုက်ထောက်ခံမှုသဏ္ဍာန်ဖြစ်သော သတင်းအချက်အလက်များ ပေးပို့မှု၊ တော်လှန်ရေးသမားများနှင့် ဆက်သွယ်မှု ကဏ္ဍများတွင် အားနည်းချက်များ ရှိနေသကဲ့သို့၊ သွယ်ဝိုက်ထောက်ခံမှု သဏ္ဍာန်ဖြစ်သော အာဏာရှင်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ငြင်းဆန်ခြင်းများတွင်လဲ အားနည်းချက်များ ရှိနေသည်။

အဓိက အားနည်းချက် အရှိဆုံးကဏ္ဍမှာ တော်လှန်ရေးသမားများနှင့် လူ့အဖွဲ့အစည်းကြားမှ ကွင်းဆက်ပြတ်မှု များပင်ဖြစ်သည်။ တော်လှန်ရေးသမားများသည် လူထုနှင့် တသားတည်းမရှိပဲ မိမိကိုယ်ကို တော်လှန်ရေးသမား ဖြစ်ရခြင်းကို ဂုဏ်ဖော်ကြွားဝါနေခြင်း၊ လူထု၏ အမြင်နှင့် တန်ဖိုးထားမှုများကို မဖော်ထုတ်ပဲ တော်လှန်ရေးတွင် ပူးပေါင်းပါဝင်လာခြင်း မရှိသေးသူများကို စွပ်စွဲပြောဆိုမှုများ ပြုလုပ်ခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ လူတဦးချင်းစီ၏ နိုင်ငံရေး ရေချိန်နှင့် အသိကို တိုင်းတာခြင်း မပြုပဲ နိုင်ငံရေးအဖွဲ့အစည်း အတွင်းသို့ ဝင်ရန် အတင်းအကြပ် သိမ်းသွင်းခြင်း၊ အစည်းအဝေးများကို မဟာဗျူဟာ အစည်းအဝေး၊ လုပ်ငန်းဖော်ဆောင်ရေး အစည်းအဝေး စသည်ဖြင့် ကဏ္ဍခွဲခြား ပြုလုပ်ခြင်း မရှိပဲ ရောနှော ပြုလုပ်ခြင်းများကြောင့် မဟာဗျူဟာရေး၊ မူဝါဒရေးရာ အစည်းအဝေးများ၏ သဘောသဘာဝအရ ငြင်းခုံဝေဖန် ဆွေးနွေးမှုများဖြင့် လူသစ်များ၏ အတွေးအမြင်ကို ရှုပ်ထွေးစေခြင်း၊ အတွေ့အကြုံနှင့် ရာထူးအဆင့်အတန်းအပေါ် မာန်တက်၍ ပမာမခန့် ပြောဆိုပြုမူခြင်းများ ရှိနေခြင်း၊ နိုင်ငံရေးလှုပ်ရှားမှုများမှာ လူထုသို့ empowerment လုပ်ခြင်းဖြင့် လက်တွဲခေါ်ယူခြင်း မရှိပဲ နိုင်ငံရေးတက်ကြွသူများအကြားတွင်ပင် ပြန်၍ လည်ပတ်နေခြင်း စသည့် အားနည်းချက်များနှင့် လူထုနှင့် ကွင်းဆက်ပြတ်မှုများ ဖြစ်ပွားလျက်ရှိသည်။

(၁.၄) လူထုထောက်ခံမှုရယူခြင်း

မည်သည့် တော်လှန်ရေးမဆို လူထုနှင့် ကွင်းဆက်ပြတ်သည်နှင့် အောင်မြင်မှု နှောင့်နှေးမည်မှာ သေချာလှပေသည်။ ပြည်ပနိုင်ငံတွင် အခြေစိုက်နေသော လူထု၏ အင်အားကို ထည့်သွင်း မတွက်ချက်၍ မရပါ။ ပြည်ပတွင် အခြေစိုက်ထားသော သိန်းနှင့်ချီနေသည့် မြန်မာလူအဖွဲ့အစည်းသည် ပြည်တွင်းတွင် နေထိုင်နေသော သန်းနှင့် ချီသည့် မြန်မာလူ့အဖွဲ့အစည်းနှင့် တိုက်ရိုက်ဆက်သွယ်မှု ရှိနေသူများ ဖြစ်သည်။ ပြည်ပအခြေစိုက် မြန်မာလူ့အဖွဲ့အစည်း၏ အတွေးအမြင်၊ သုံးသပ်ချက်နှင့် သဘောထားများသည် ပြည်တွင်းလူ့အဖွဲ့အစည်းသို့ တစုံတရာသော အတိုင်းအတာတခုအထိ သက်ရောက်မှု ရှိနိုင်ပေသည်။ သို့ဖြစ်ရာ ပြည်ပရောက် မြန်မာလူ့အဖွဲ့အစည်း၏ အင်အားကို တော်လှန်ရေးလုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ပါက ပြည်တွင်း နိုင်ငံရေး လုပ်ငန်းဆောင်တာများတွင် တိုးတက်မှုများ ရရှိလာမည်မှာ မလွဲဧကန်ဖြစ်သည်။ သို့ဆိုလျှင် ထောက်ခံမှုကို မည်သို့ ရယူမည်နည်း။

(၁) Charismatic attraction

ပြည်ပအခြေစိုက် မြန်မာ့တော်လှန်ရေး အဖွဲ့အစည်းများတွင် အရည်အချင်းရှိသော မျိုးဆက်ဟောင်းခါင်းဆောင်များနှင့် မျိုးဆက်သစ်ခေါင်းဆောင်များ ပါဝင်မှုရှိနေသည်။ ယင်းခေါင်းဆောင်များ၏ ကိုယ်ရည်ကိုယ်သွေး၊ အသိပညာ၊ အတတ်ပညာ များကို အသုံးပြုပြီး လူ့အဖွဲ့အစည်းတွင် အများလက်ခံနိုင်မည့် ခေါင်းဆောင်များကို မွေးထုတ်ရန် လိုအပ်သည်။ လူ့အဖွဲ့အစည်း အတွင်းရှိ လူမျိုးစု အစုအဖွဲ့များ၊ ဘာသာရေးအစုအဖွဲ့များ၊ လူထု လူတန်းစား အလွှာများသို့ ထိုးဖောက်ဝင်ရောက်ရန် လိုအပ်သည်။ လူထုအား လှေကားချ စည်းရုံးရန် လိုအပ်သည်။ နိုင်ငံရေးခေါင်းဆောင်အနေဖြင့် အသာစီးယူ၍ သွားရောက်ဟောပြောဆရာလုပ်ခြင်း မဟုတ်ပဲ တသားတည်းဆက်ဆံရေး လုပ်နိုင်သည့် ခေါင်းဆောင်များမှသာ

ဤနည်းလမ်းကို အကောင်အထည်ဖော်သင့်သည်။ “မင်းဘာလဲ၊ ငါဘာလဲ” လုပ်တတ်သည့် ခေါင်းဆောင်များမှ ဤတာဝန်ကို မယူသင့်ပါ။

(၂) Esoteric appeals

ပြည်ပနိုင်ငံများတွင် ပညာတတ် လူ့အလွှာ တရပ် သီးခြားရပ်တည်နေလျက်ရှိကြသည်။ ယင်းတို့သည် လူအများနှင့် ရောနှောနေထိုင်ခြင်း မရှိပဲ မိမိတို့၏ ကျွမ်းကျင်ရာ အသက်မွေးဝမ်းကျောင်း ပညာရပ်များကို လက်တွေ့အသုံးချနေသူများ ဖြစ်သည်။ ပညာတတ်လူတန်းစားတို့၏ ဖြစ်လေ့ဖြစ်ထရှိသော အားနည်းချက် ဉာဉ်တခုမှာ တော်ရုံတန်ရုံနှင့် တဘက်သားကို အထင်မကြီးတတ်ခြင်း ဖြစ်သည်။ တခါတရံတွင် စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု မပြည့်သူဖြစ်ပါက တဘက်သားကို အထင်သေးတတ်သည်။

သို့ရာတွင် အဆိုပါ ပညာတတ်တို့သည် အယူအဆ၊ အတွေးအခေါ်၊ ရပ်တည်ချက် တို့နှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်းနှင့် တိတိကျကျ ပြောဆိုစည်းရုံးနိုင်သူများနှင့် တွေ့ဆုံရပါက အမှန်တရားကို ပညာဉာဏ်ဖြင့် ဆင်ခြင်သုံးသပ်ပြီး တော်လှန်ရေး၏ အမာခံအင်အားစုများ အထိ ဖြစ်လာတတ်ပေသည်။ ဘဏ္ဍာရေးအရ ကူညီပံ့ပိုးပေးသည့် တက်ကြွစွာ ထောက်ခံသူများလည်း ဖြစ်လာတတ်ပေသည်။ ယင်းတို့ကို စည်းရုံးမည့် ခေါင်းဆောင်များသည် အပြန်အလှန်လေးစားမှုနှင့် တန်ဖိုးထားမှုကို အကောင်အထည် ဖော်နိုင်သူ ဖြစ်ရမည်။ အခြေအနေ၊ အချိန်အခါနှင့်အညီ ဆုံးဖြတ်လုပ်ကိုင်တတ်သူ ဖြစ်ရန် လိုအပ်သည်။ တဦးချင်းစီအလိုက်၊ လိုက်လျောညီထွေရှိမည့် တာဝန်များကို ခွဲဝေ ပေးနိုင်သူ ဖြစ်ရမည်။ ထိုသူများကို လူအင်အား များလာစေရန် ရည်ရွယ်ချက် တခုတည်းနှင့် အဖွဲ့အစည်းများအတွင်းသို့ သွတ်သွင်းရန် ကြိုးပမ်းမှုများကို ရှောင်ကြဉ် သင့်သည်။ နိုင်ငံတကာ အစည်းအဝေးပေါင်းများစွာကို တက်ဖူး၊ လုပ်ဖူးနေသူ တယောက်ကို အရေမရ၊ အဖတ်မရ ဆွေးနွေးငြင်းခုံနေကြမည့် အစည်းအဝေး တခုသို့ ခေါ်သွားမိပါက တကြိမ်တည်းနှင့် လှည့်ပြေးသွားပေလိမ့်မည်။ ထိုသူတို့၏ တော်လှန်ရေးအပေါ် အမြင်နှင့် နှုတ်ထွက်စကားတို့သည် လူအများအပေါ်တွင် သက်ရောက်မှုများစွာ ရှိနိုင်သည်ဖြစ်ရာ Esoteric appeals ကို လုပ်ငန်းစဉ်တရပ်အနေဖြင့် သီးခြား အကောင်အထည်ဖော်ရန် လိုအပ်သည်။

(၃) Exoteric appeals

ဤလုပ်ငန်းစဉ်မှာ လူထုထဲတွင် အမှန်တကယ် ခံစားနေရသော အခြေအနေကို ဖော်ထုတ်၍ လူထုနှင့် တော်လှန်ရေး နီးကပ်လာစေရန် စည်းရုံးလှုံ့ဆော်ခြင်းဖြစ်ရာ အရေးကြီးသည့် လုပ်ငန်းစဉ်တရပ်ဖြစ်သည်။ ပြည်ပရောက် မြန်မာ့ လူ့အဖွဲ့အစည်းတွင် ရေပေါ်ဆီ လူတန်းစား လက်တဆုပ်စာမှ လွဲလျှင် လူအများစုမှာ စစ်အာဏာရှင်စနစ်ဆိုး၏ စီးပွားရေး၊ ပညာရေး၊ လူမှုရေး ယုတ်လျော့မှုများကြောင့် ပြည်တွင်းတွင် မနေနိုင်ပဲ ပြည်ပသို့ ထွက်ခွာလာကြသူများ ဖြစ်သည်။ စိတ်ထဲတွင် အာဏာရှင်စနစ်၏ ဆိုးကျိုးများကိုကား အနည်းနှင့်အများ သိနေကြပြီး ဖြစ်သည်။ သို့ရာတွင် ထိုသူများသည် အဘယ်ကြောင့် တော်လှန်ရေးသမားများ၊ တော်လှန်ရေးကို ထောက်ခံသူများ မဖြစ်လာသေးသနည်း။ တော်လှန်ရေး သမားများ၏ ဝါဒဖြန့်ချိရေးနှင့် စည်းရုံးရေးယန္တရားများ အားနည်းနေမှုကြောင့် ဖြစ်နိုင်သကဲ့သို့၊ တက်ကြွလွန်သူများ၏ အတင်းအကြပ် စည်းရုံးမှုများကြောင့်လဲ ဖြစ်နိုင်ပေသည်။ စည်းရုံးရေးပထမ အဆင့်တွင် စနစ်၏ ဆိုးကျိုးများကို မီးမောင်းထိုးပြခြင်းများ ပြုလုပ်ရသည် ဖြစ်လေရာ ပြည်ပအခြေစိုက် မြန်မာလူ့အဖွဲ့အစည်းအတွင်း စနစ်၏ ဆိုးကျိုးများကို လူအများက သိရှိလက်ခံလာစေရေးကို ဦးတည် လုပ်ဆောင်သင့်ပေသည်။ ယင်းမှတဆင့် ထောက်ခံသူဖြစ်လာစေရန် ဒုတိယအဆင့်ကို တက်ရောက်စည်းရုံးရပေမည်။ ထောက်ခံသူမှ တက်ကြွလှုပ်ရှားသူ ဖြစ်လာစေရန်မူ စည်းကျော်နိုင်မည့် အခြေအနေနှင့် အချိန်အခါကို ချိန်ကိုက်ဖော်ဆောင်ပေးရန် လိုအပ်ပါသည်။

လူတယောက်အနေဖြင့် ကြီးပြင်းအရွယ်ရောက်နေသည့် အချိန်တခုတွင် ကြီးမားသော လူထုတိုက်ပွဲများ၊ နိုင်ငံရေး လှုပ်ရှားမှုများကို မကြုံရပါက (သို့မဟုတ်) တော်လှန်ရေးမိသားစု အသိုင်းအဝိုင်းနှင့် မနီးစပ်သူ ဖြစ်ပါက ကောက်ခါငင်ခါ တော်လှန်ရေးသမား တယောက်ဖြစ်လာနိုင်ချေ အလွန်ရှားပါးပါသည်။ လူထုလှုပ်ရှားမှု အခြေပြု ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်တွင် လူထုတိုက်ပွဲများ စဉ်ဆက်မပြတ်ဖော်ဆောင်မှု လိုအပ်ချက်ကို ထည့်သွင်းဖော်ပြထားချက်မှာ အဆိုပါ

လူထုတိုက်ပွဲများသည် အဆုံးသတ်အောင်ပွဲကို မဆောင်ကျဉ်းနိုင်စေကာမူ တော်လှန်ရေးမျိုးဆက်များကို မွေးဖွားပေးနိုင်စေ၍

ဖြစ်ပါသည်။ သို့ဖြစ်ရာ စည်းကျော်ရမည့် အခြေအနေ၊ အခင်းအကျင်း မရှိသေး၍ ငြိမ်နေသူများကို ကြောက်ရွံ့သူများဟူ၍

သုံးသပ်၊ စွပ်စွဲမှုများ မပြုမိစေရန် လိုအပ်ပါသည်။ လူ့အဖွဲ့အစည်း၏ သဘောသဘာဝ၊ အမြင်နှင့် တန်ဖိုးများကို လေ့လာပြီးမှသာ Exoteric appeals လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်သင့်သည်။

(၄) လှုပ်ရှားမှုများ အကောင်အထည်ဖော်ခြင်း

လူအများ ပြုလုပ်နိုင်မည့် လှုပ်ရှားမှုများကို အကောင်အထည်ဖော်ဆောင်ပေးရန် လိုအပ်သည်။ လှုပ်ရှားမှုသဏ္ဍာန်များမှာလဲ အမျိုးအစား အမျိုးမျိုး ရှိရန် လိုအပ်သည်။ လူတယောက်၏ လှုပ်ရှားနိုင်မှု အခြေအနေကို မကန့်သတ်ရ။ တော်လှန်ရေးလှုပ်ရှားမှုများ အကောင်အထည်ဖော်ရာ၌ ပြည်ပတော်လှန်ရေးသမားအများစုသည် မိမိက ခေါင်းဆောင်လုပ်ပြီး တိုက်ပွဲခေါ်ခြင်းများကို အလွန်အားသန်ကြသည်။ ဖော်ဆောင်ထားသည့် လှုပ်ရှားမှုတွင် လာရောက်ပူးပေါင်းရန်ကိုသာ လှုံ့ဆော်ခြင်း၊ ဆွဲခေါ်ခြင်းများ လုပ်လေ့ရှိကြသည်။ မိမိ၏ လှုပ်ရှားမှုကိုသာ ဗဟိုပြု စဉ်းစားလေ့ရှိရာ မပါဝင်လာသူများကို အပြစ်တင်လေ့ရှိကြသည်။ သို့ရာတွင် အောင်ပွဲ၏ အသက်သွေးကြောမှာ လူထုဖြစ်ရာ လူထုဗဟိုပြု စဉ်းစားမှုကိုလဲ သီးခြား ပြုလုပ်သင့်ပေသည်။ ယင်းသို့ မလုပ်လျှင် လူထုနှင့် တော်လှန်ရေး ကွင်းဆက်ပြတ်၍ တော်လှန်ရေး ခါးဆက်ပြတ်မည်မှာ မလွဲဧကန်ပင်ဖြစ်သည်။

ပြည်ပတွင် လက်ရှိအကောင်အထည်ဖော်နေသော လှုပ်ရှားမှုများတွင် အခြေအနေအမျိုးမျိုးကြောင့် မပါဝင်နိုင်သူများကို မည်သည့် လုပ်ငန်းတာဝန်များ ပေးအပ်မည်နည်း။ ထိုသူတို့ ပါဝင်နိုင်သည့် မည်သို့သော လှုပ်ရှားမှုများကိုပါ တွဲဖက် အကောင်အထည်ဖော်မည်နည်း။ ယင်းအချက်မှာ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် လူအများ ပူးပေါင်းပါဝင်လာနိုင်ရေးအတွက် အခြေခံကျသော မေးခွန်းများပင်ဖြစ်သည်။

(၅) Demonstration of potency

တော်လှန်ရေးသမားများတွင် တိုင်းပြည်အနာဂတ်ကို ပုံဖော်ဖန်တီးနိုင်သော အရည်အချင်းနှင့် အလားအလာများ ရှိသည်ကိုလည်း လူထုကို ပြသရန် လိုအပ်ပေသည်။ လူ့အဖွဲ့အစည်းအတွင်းတွင် “အာဏာရှင်ကိုလဲ မကြိုက်ဘူး။ ဒါပေမယ့် တော်လှန်ရေးသမားဆိုတဲ့ လူတွေကိုလဲ အယုံအကြည်မရှိဘူး” ဆိုသော အတွေးအခေါ် တရပ် ပြန့်နှံ့သွားမှုသည် တော်လှန်ရေးတရပ်အတွက် မည်မျှ အန္တရာယ်ကြီးမားသည်ကို တော်လှန်ရေးသမားတိုင်း သတိပြုရန် လိုအပ်သည်။ လူထုနှင့် တော်လှန်ရေး တသားတည်းဖြစ်ရန် ကြိုးပမ်းနေချိန်တွင် လူထုကြီးမှ တော်လှန်ရေးသမားများကို အကဲဖြတ် လေ့လာနေသည်ကို စွဲမြဲစွာ မှတ်သားထားရန် လိုအပ်သည်။ မိမိ၏ အရည်အချင်းနှင့် အရည်အသွေးကို တောက်ပြောင်နေစေရန် ကြိုးပမ်းဆောင်ရွက်ခြင်း၊ လူအများအထင်လွဲစေမည့်၊ အထင်သေးစေမည့် လုပ်ငန်းဆောင်တာများကို ရှောင်ကြဉ်ခြင်း တို့ကို လူထုထောက်ခံမှု ရယူရေး နည်းလမ်းအဖြစ် အသုံးပြုနိုင်သည်။

(၂) ပတ်ဝန်းကျင်အနေအထား

(၂.၁) Physical aspect

ပြည်ပရောက် မြန်မာ့လူ့အဖွဲ့အစည်း၏ ကိုးဆယ်ရာခိုင်နှုန်းခန့်သည် အီးမေးလ်နှင့် တယ်လီဖုန်း ဆက်သွယ်ရေး စနစ်ကို အသုံးပြုနိုင်ကြသည်။ ဆက်သွယ်ရေး စနစ်များ ကောင်းမွန်သည်။ ပြည်ပမှ မြန်မာနိုင်ငံသို့ ခေါ်ဆိုသော ဖုန်းများ၊ မြန်မာပြည်သို့ ပေးပို့သော အီးမေးလ်နှင့် စာများမှာ နေ့စဉ် ထောင်နှင့်ချီ၍ ရှိနိုင်သည်။

(၂.၂) Human Dimension

စီးပွားရေး အခြေအနေမှာ အလုပ်အကိုင်အခွင့်အလမ်းပေါ် မူတည်၍ ကွဲပြားခြားနားမှုများ ရှိသည်။ မြန်မာပြည်တွင်းမှ သိန်းနှင့်

ချီသော လူဦးရေ၏ စားဝတ်နေရေးကို ထောက်ပံ့ပေးနေသော အလုပ်သမားအင်အားစု တခုအဖြစ် ယူဆ၍ ရသည်။ အနာဂတ်နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မည့် အသိပညာရှင်၊ အတတ်ပညာရှင် များစွာလည်း ပါဝင်သည်။ မြန်မာ့ပညာရေး အဆင့်မြင့်မြင့် ရှင်သန်ရပ်တည်နိုင်ရေးကို ပေါင်းကူးပေးမည့် ကျောင်းသားအင်အားစုများလဲ ပါဝင်သည်။ ဤ အလုပ်သမား၊ ကျောင်းသား အင်အားစုကြီးသည် တည်ငြိမ်နေသော အင်အားစုကြီး မဟုတ်။ ရွေ့လျားနေသော အင်အားစုကြီး

ဖြစ်သည်။ အဝင်အထွက်၊ အသွားအပြန်များ ရှိနေသည်။

(၂.၃) တော်လှန်ရေး အခွင့်အလမ်းများ

တော်လှန်ရေးတခု၏ အရေးကြီး လုပ်ငန်းဆောင်တာများဖြစ်သော မြေအောက်လှုပ်ရှား ချိတ်ဆက်ရေး၊ ပြန်ကြားရေးနှင့် သတင်းဖြန့်ဖြူးရေး၊ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေး၊ ဘဏ္ဍာရေး၊ တည်ဆောက်စည်းရုံးရေး၊ ဆက်သားတာဝန် စသည်များကို ဤအင်အားစုကြီးပေါ်တွင် မူတည်ဖော်ဆောင်နိုင်သည့် အခြေအနေများ ရှိသည်။

(၃) အဖွဲ့အစည်း

(၃.၁) လက်ရှိအဖွဲ့အစည်းများ အခြေအနေ

ပြည်ပမှ မြန်မာ့အရေး လှုပ်ရှားမှု စစ်မျက်နှာတွင် အဖွဲ့အစည်း ရာပေါင်းများစွာ ပါဝင်နေသည်။ အဆိုပါအဖွဲ့အစည်းများသည် နိုင်ငံအလိုက် ဖွဲ့စည်းထားသော တပ်ပေါင်းစုများတွင် ထပ်မံ ပါဝင်နေကြပြီး၊ တကမ္ဘာလုံးကို ကိုယ်စားပြုချိတ်ဆက်နေသော ကွန်ယက် အဖွဲ့များနှင့် ဖိုရမ်အဖွဲ့များလည်း ရှိသည်။ အဖွဲ့အစည်းများ၏ ပင်မလှုပ်ရှားမှုများမှာ ဆန္ဒပြပွဲများ ပြုလုပ်ခြင်း၊ အခမ်းအနားများ ကျင်းပခြင်း၊ သက်ဆိုင်ရာ နိုင်ငံအစိုးရများအား ကင်ပိန်းများ ပြုလုပ်ခြင်း တို့ဖြစ်သည်။

(၃.၂) အားနည်းချက်များ

များပြားလှသော အဖွဲ့အစည်းများအကြားတွင် ခေါင်းဆောင်ပိုင်း အားပြိုင်မှုများ ရှိနေသည်။ တပ်ပေါင်းစု ချိတ်ဆက်ကွန်ယက်

လှုပ်ရှားမှုပေါ်တွင် အခြေမခံပဲ အဖွဲ့များ ပေါင်းစည်းလိုက်၊ တဖွဲ့ထပ်ပေါ်လာလိုက်၊ ကော်မတီများ ဖွဲ့စည်းပြီး သက်ဝင်လှုပ်ရှားမှုများ လျော့နည်းလိုက်၊ ခေါင်းဆောင်နေရာနှင့် တာဝန်ယူမှုပေါ် မူတည်၍ သဘောထား ကွဲလဲပြီး ပြိုကွဲလိုက်၊ အသစ်ပေါ်လာလိုက် စသည်များဖြင့် နှစ်ပေါင်းများစွာ သံသရာ လည်နေသည်။

အဖွဲ့အစည်းရေးရာကဏ္ဍတွင် scope နှင့် structure နှစ်မျိုးရှိရာ structure ထဲတွင် ပါဝင်မည့် ခေါင်းဆောင်နေရာများကို ဦးစားပေးမှု လွန်ကဲသွားခြင်းကြောင့်၊ scope တွင် အားနည်းသွားသည်။ လူအများ စုပေါင်းပြုလုပ်ခြင်းမှ ထွက်ပေါ်လာသည့် synergy ကို ထုတ်ဖော်နိုင်ခြင်း မရှိ ဖြစ်လာသည်။ တည်ဆောက်စည်းရုံးရေးနှင့် ဝါဒဖြန့်ချိရေး လုပ်ငန်းများကို အကောင်အထည် မဖော်နိုင်ခြင်းကြောင့် လူ့အဖွဲ့အစည်းနှင့် ကင်းကွာလာသည်။ လူတဦးတယောက်က “နိုင်ငံရေး လုပ်ချင်တယ်၊ ဘာလုပ်ရမလဲ” ဟု မေးလာချိန်တွင် ဆန္ဒပြပွဲနှင့် အခမ်းအနားများ လာခိုင်းရုံမှ လွဲ၍ ဘာတာဝန်ပေးရမည် မသိဖြစ်နေတတ်ကြသည်။

အဖွဲ့အစည်းအများစုတွင် လက်ဆင့်ကမ်း ပညာပေးမှု မရှိသလောက် နည်းပါးသည်။ မျိုးဆက်ဟောင်းနှင့် မျိုးဆက်သစ်များ အကြား ပေါင်းကူးတံတားများ မရှိ။ လက်ဆင့်ကမ်းခေါင်းဆောင်မှုစနစ်ကို နေရာလုမှုဟု တလွဲတွေးထင်နေသူများ ရှိသည်။ တော်လှန်ရေး၏ လည်ပတ်မှု ယန္တရားကို အသက်ဆက်စေမည့် လေ့ကျင့်ပညာပေးရေးနှင့် ကေဒါကောင်းတယောက် ဖြစ်စေရန် ပြုစုပျိုးထောင်ပေးရေး စီမံချက်ကို အကောင်အထည်ဖော်မှု အလွန်နည်းသည်။ ဆွေးနွေးလိုက်၊ ဆုံးဖြတ်လိုက်၊ ပြန်ဆွေးနွေးလိုက်၊ ဆုံးဖြတ်လိုက်ဖြင့် အကောင်အထည်ဖော်မှုအဆင့်သို့ လုံးဝမတက်တော့သည့် မူများ ထွက်ပေါ်လျက်ရှိသည်။

(၃.၃) လိုအပ်ချက်များအား ဖြည့်ဆည်း ခြင်း

အဖွဲ့အစည်းအတွင်းတွင် ပါဝင်လာသူများ၏ တဦးချင်း ကိုယ်ရေးမှတ်တမ်းများကို လေ့လာဆန်းစစ်ပြီး မည်သို့သော လုပ်ငန်းတာဝန်များနှင့် သင့်လျော်မည်ကို ခေါင်းဆောင်များ မှ ဆုံးဖြတ် တာဝန်ပေးခြင်း ပြုလုပ်ခြင်းဖြင့် လူနှင့် တာဝန် သတ်သတ်မှတ်မှတ် ဖြစ်လာစေနိုင်သည်။

စုပေါင်းခေါင်းဆောင်မှုနှင့် အလှည့်ကျခေါင်းဆောင်မှုစနစ်များ ကျင့်သုံးခြင်းဖြင့် ထိရောက်မှု မရှိသော ခေါင်းဆောင်မှုကို အစားထိုးနိုင်သည်။ ရာထူးနှင့် တာဝန်ယူမှုကို ပြန်လည်ဆန်းစစ် ဝေဖန်ချက် ပြုခြင်း၊ စီမံချက်များ၏ ထိရောက်မှုကို ပြန်လည်ဆန်းစစ်ခြင်း တို့ဖြင့် အရည်အသွေး ထိန်းချုပ်မှု လုပ်နိုင်သည်။

အစည်းအဝေးတိုင်းတွင် ယခင်အစည်းအဝေးများက ချမှတ်ခဲ့သော ရှေ့လုပ်ငန်းစဉ်များကို မည်မျှအထိ အကောင်အထည်ဖော် ပြီးစီးခဲ့သနည်း၊ မည်သူက တာဝန်ယူခဲ့ပြီး မည်မျှအတိုင်းအတာအထိ တာဝန်ယူပြီးမြောက်ခဲ့သနည်း ဆိုသည်ကို ပြန်လည်ဆန်းစစ်ပြီး မှသာ ရှေ့လုပ်ငန်းစဉ်များ ဆက်လက်ချမှတ်သင့်သည်။ လုပ်ငန်းစဉ်တခု ချမှတ်ပြီးပါက အလုပ်အဖွဲ့တခုကို ထိုလုပ်ငန်းစဉ်နှင့် တွဲဖက်၍ ချမှတ်သင့်သည်။ ထိုအလုပ်အဖွဲ့၏ လုပ်ငန်းဆောင်တာများကို စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာမှုများ ပြုလုပ်၍ တိုးတက်မှုမရှိပါက အစားထိုးသင့်သည်။

နိုင်ငံရေးအစည်းအဝေးများကို အလုပ်အဖွဲ့အစည်းအဝေးများနှင့် လေ့လာဆွေးနွေးရေး အစည်းအဝေးများ အနေဖြင့် သီးခြားခွဲကျင်းပသင့်သည်။ နိုင်ငံရေး ရေချိန် မတူသည့်လူများကို လုပ်ငန်းစဉ်ချမှတ်ရေး အစည်းအဝေးများသို့ ခေါ်ဆောင်သွားပါက အစည်းအဝေးများတွင် ကြန့်ကြာမှုများ ဖြစ်ခြင်း၊ အရေမရ အဖတ်မရ ငြင်းခုံနေရခြင်းများဖြင့်သာ အချိန်ကုန်လိမ့်မည်ဖြစ်ရာ မည်သည့်နေ့တွင်၊ မည်မျှ လူအင်အားဖြင့် မည်သို့သော အစည်းအဝေးကို လုပ်လိုက်သည်ဟူ၍ မီဒီယာများပေါ်တွင် ကြွားဝါရန် မဟုတ်ပဲ ထိရောက်စွာ အမှန်တကယ် အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ်မျာ ချမှတ်ရသော အစည်းအဝေးဖြစ်ပါက သီးခြားခွဲ ကျင်းပသင့်သည်။

သက်ဆိုင်ရာ နိုင်ငံအလိုက် နိုင်ငံရေးသင်တန်းများ၊ ခေါင်းဆောင်သင်တန်းများ၊ စီမံခန့်ခွဲရေးသင်တန်းများနှင့် capacity building သင်တန်းများ ဖွင့်လှစ်၍ တော်လှန်ရေး ခါးဆက်မပြတ်စေရန် ကြိုးပမ်းဆောင်ရွက်သင့်သည်။

(၄) ကွင်းဆက်ပြတ်မှု

(၄.၁) ကွင်းဆက်ပြတ်မှုများ

ပြည်ပ အခြေစိုက် နိုင်ငံရေး လှုပ်ရှားမှုများတွင် ကွင်းဆက်ပြတ်မှု သဏ္ဍာန်သုံးမျိုး ဖြစ်ပွားတတ်သည်။

(၁) ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ အကြားမှ ကွင်းဆက်ပြတ်မှု

ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ အကြားမှ ကွင်းဆက်ပြတ်မှုသည် စဉ်ဆက်မပြတ် လှုပ်ရှားမှုများကို ပြတ်တောင်းပြတ်တောင်း

လှုပ်ရှားမှုအဖြစ်သို့ ကျဆင်းသွားစေနိုင်သည်။ ခေါင်းဆောင်မှုဆိုသည်မှာ အခမ်းအနားများ၊ လှုပ်ရှားမှုများ ရှိမှ ခေါင်းဆောင်ရောက် လာခြင်းကို ဆိုလိုသည်မဟုတ်။ အတူတကွ နီးနီးစပ်စပ် နေထိုင်နေခြင်းကို ဆိုလိုသည်မဟုတ်။ ရုံးခန်း တခန်းတွင် ထိုင်နေပြီး တကမ္ဘာလုံးမှ စီးပွားရေး လုပ်ငန်းများကို ဦးဆောင်နေသည့် စီးပွားရေး ခေါင်းဆောင်များ၊ ကွန်ပျူတာ

တလုံးရှေ့တွင် ထိုင်နေပြီး မိုင်ပေါင်းများစွာ ဝေးကွာနေသော နေရာမှ ဖြစ်ရပ်များကို အပ်ကျတာကအစ သိရှိဆုံးဖြတ် ပေးနေရသော နိုင်ငံရေး၊ စစ်ရေးခေါင်းဆောင်များ ယနေ့ကမ္ဘာတွင် များစွာရှိသည်။ အရေးကြီးသည်က ဆက်သွယ်ရေး စနစ်နှင့် ဆက်သွယ်ရေး လမ်းကြောင်း ဖြစ်သည်။ အဖွဲ့ဝင်တယောက်၏ ဆက်သွယ်မှုတွင် အကြောင်းအရာ၊ အချက်အလက် အရေးကြီးမှုပေါ်တွင် အခြေခံ၍ လိုအပ်သော ဆုံးဖြတ်ချက်များကို ခေါင်းဆောင်များမှ ဆုံးဖြတ်ချက် ပေးကြရမည်ဖြစ်သည်။

(၂) တော်လှန်ရေးအဖွဲ့အစည်းများအကြားမှ ကွင်းဆက်ပြတ်မှု

တော်လှန်ရေးအဖွဲ့အစည်းများ အကြားတွင် ကွင်းဆက်ပြတ်လျှင် လှုပ်ရှားမှုများ ဟန်ချက် မညီပဲ ဖြစ်တတ်သည်။ ယင်းထက် ပိုဆိုးပါက လှုပ်ရှားမှုများ ထပ်နေခြင်းဖြစ်သည်။ လှုပ်ရှားမှုအတွက် အရေးပါသော ငွေအင်အား၊ လူအင်အားများကို အလဟဿ ဖြုန်းပစ်လိုက်သကဲ့သို့ ဖြစ်တတ်သည်။ ရေတွင်းတူးရာတွင် မည်မျှပင် အားစိုက်စိုက်၊ ရေကြောမရှိသည့် နေရာတွင်သာ ထပ်တလဲလဲ ဝိုင်းတူးနေပါက တွင်းကြီးသာ ပိုနက်သွားမည်။ ရေတော့ ထွက်လာမည် မဟုတ်။ ကွင်းဆက်ပြတ်မှု မရှိမှသာ ချိတ်ဆက်လှုပ်ရှားမှု ပြုနိုင်ပြီး၊ အင်အားကို စနစ်တကျ သုံးနိုင်မည်ဖြစ်သည်။

(၃) တော်လှန်ရေးသမားများနှင့် လူ့အဖွဲ့အစည်းအကြားမှ ကွင်းဆက်ပြတ်မှု

ဤသည်မှာ တော်လှန်ရေးကို ရှေ့တိုးမရအောင် နိုင်ငံရေး အကျပ်ဆိုက်မှု ဖြစ်စေနိုင်သော အဓိက အချက်ဖြစ်သည်။ အလွန်အရေးကြီးရုံမက အန္တရာယ် အလွန်ကြီးမားသည့် ကွင်းဆက်ပြတ်မှု ပြဿနာဖြစ်သည်။

(၄.၂) ကွင်းဆက်လိုအပ်ချက်များအား ဖြည့်ဆည်းခြင်း

သက်ဆိုင်ရာ အဖွဲ့အစည်း၊ သက်ဆိုင်ရာ တပ်ပေါင်းစု၊ သက်ဆိုင်ရာ ဖိုရမ်များ အလိုက် ခေါင်းဆောင်များနှင့် ဆက်သွယ်ရေး စနစ်၊ ဆက်သွယ်ရေး လမ်းကြောင်းများကို ပြန်လည်သုံးသပ်၍၊ ကွက်လပ်များ ရှိပါက ဖြည့်ဆည်းရန် လိုအပ်သည်။ အဖွဲ့အစည်းများအကြားတွင် ကွင်းဆက်မပြတ်စေရန် တပ်ပေါင်းစုသဏ္ဍာန် ချိတ်ဆက်လှုပ်ရှားမှုနှင့် စုပေါင်းခေါင်းဆောင်မှု လိုအပ်သည်။ တပ်ပေါင်းစုတွင် စုပေါင်းခေါင်းဆောင်မှု သဏ္ဍာန်မပါလျှင် အလုပ်များ ရှေ့ဆက်မတိုးပဲ ခေါင်းဆောင်စောင့်ခြင်း၊

မျှော်ခြင်းများဖြင့် အချိန်ကုန်မည် ဖြစ်သည်။ ပြည်တွင်း လူထုတိုက်ပွဲဖော်ဆောင်ရေး ဆိုသည်ကို အကြိမ်များစွာ ရေရွတ်ပြီး၊ ထိုလူထုတိုက်ပွဲဖော်ဆောင်ရေးကို တွန်းအားပေးရန် အနီးတွင် ရှိနေသည့် လူ့အဖွဲ့အစည်း အင်အားကို မေ့မကျန်ခဲ့စေရန် သတိပြုသင့်သည်။ ထို လူ့အဖွဲ့အစည်း၏ အင်အားသည် ပြည်တွင်း လှုပ်ရှားမှုများကို တစုံတရာ သက်ရောက်မှုရှိနေသော အင်အားဖြစ်ကြောင်းကို အမှန်အတိုင်း သိမြင်ရန် လိုအပ်သည်။

(၅) ပြည်ပထောက်ခံမှု

(၅.၁) ထောက်ခံမှုလေးရပ်

ပြည်ပထောက်ခံမှုဆိုရာတွင် စိတ်ပိုင်းဆိုင်ရာ ထောက်ခံမှု (Moral Support) ၊ နိုင်ငံရေးထောက်ခံမှု (Political Support)၊ ရုပ်ဝတ္ထုပစ္စည်းထောက်ပံ့မှု (Material Support) နဲ့ နယ်မြေဒေသ၊ အခြေစိုက် စခန်း ပံ့ပိုးပေးမှု (Sanctuary Support) များ ပါဝင်သည်ဖြစ်ရာ မိမိတို့ လုပ်နေသည့် လုပ်ငန်းဆောင်တာများက မည်သည့် ထောက်ခံမှုကို ဦးတည်ဆောင်ရွက်နေသနည်း ဆိုသည်ကို ပြန်လည်ဆန်းစစ်ရန် လိုအပ်သည်။ Moral support ဆိုရာတွင် နိုင်ငံခြားအစိုးရ(သို့မဟုတ်) နိုင်ငံတကာ အဖွဲ့အစည်းများမှ တော်လှန်ရေးကို ထောက်ခံမှုအား စတိတ်မင့်များနှင့် ကြေငြာချက်များ တရားဝင် ထုတ်ပြန်ကြေငြာခြင်း ဖြစ်သည်။

Political support ဆိုရာတွင် နိုင်ငံရပ်ခြား အစိုးရများမှ တော်လှန်ရေးအင်အားစုများ၏ နိုင်ငံတကာ ရည်မှန်းချက်များကို ပြည့်မှီလာအောင် အကူအညီ ပေးခြင်းဖြစ်သည်။ Material support ဆိုရာတွင် တော်လှန်ရေးအတွက် ငွေကြေး၊ လက်နက်ပစ္စည်းနဲ့ လေ့ကျင့်သင်ကြားပေးမှုတွေကို ပံ့ပိုးပေးခြင်းကို ဆိုလိုပြီး၊ Sanctuaries ဆိုသည်မှာ တော်လှန်ရေးသမားများအား လေ့ကျင့်သင်ကြားပေးရေး၊ လက်နက်များ သိုလှောင်သိမ်းဆည်းရေး၊ အော်ပရေးရှင်းများ စီမံရေးဆွဲရေးနဲ့ ခေတ္တဆုတ်ခွာလာနိုင်မှုများအတွက် လိုအပ်သည့် နယ်မြေဒေသ ပံ့ပိုးပေးထားခြင်းကို ဆိုလိုသည်။

(၅.၂) သုံးသပ်ချက်

ပြည်ပအခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုမှ အဖွဲ့အစည်းအားလုံးနီးပါးသည် သက်ဆိုင်ရာ နိုင်ငံ အစိုးရများနှင့် နိုင်ငံတကာ အဖွဲ့အစည်းတို့၏ ထောက်ခံမှုများ ရရှိစေရန် တစိုက်မတ်မတ် လှုပ်ရှားဆောင်ရွက်လျက်ရှိကြသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ အစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းတို့မှ ၎င်းတို့၏ နိုင်ငံခြားရေး မူဝါဒများနှင့်အညီ ထောက်ခံနိုင်မှု မည်မျှအဆင့်အထိရှိသည်၊ မည်မျှအဆင့်အထိ ထောက်ခံပေးထားပြီဆိုသည်ကို သုံးသပ်ဆန်းစစ်ဖို့ လိုသည်။ ၅ဝ သာ တတ်နိုင်သူထံမှ ၁၀ဝ တိုးတောင်းလဲ ထူးမည် မဟုတ်။ တောင်းဆိုနေရင်း အချိန်သာ ကုန်သွားမည်။ ၅ဝ တတ်နိုင်ပြီး ၁ဝ ပဲ ထုတ်ပေးထားလျှင်ကား တောင်းဆိုခြင်းသည် အကျိုး ရှိနိုင်ပေသည်။ ထုတ်ပေးနိုင်သမျှ အကုန်ထုတ်ပေးထားပြီး၊ မုန့်သွားဝယ်စားခိုင်းသည်ကို မုန့်စားဖို့ အားမထုတ်ပဲ ၁၀ဝ ရအောင် တောင်းနေလျှင်တော့ မပေးနိုင်သည့်သူက စိတ်ရှုပ်လာပြီး ပေးထားသော ၅ဝ ကိုပါ ပြန်သိမ်းသွားသည့် အခြေအနေဆိုက်လိမ့်မည်။

(၆) အာဏာရှင်တို့၏ ခြေလှမ်းများ

(၆.၁) စိန်ခေါ်မှုများ

စစ်ပွဲတခုတွင် တိုက်စစ်ကိုသာ အာရုံစိုက်ပါက အရှုံးနှင့် ရင်ဆိုင်ရတတ်သည်။ ရန်သူ့ ခြေလှမ်းများ မိမိတို့ ထိန်းချုပ်ရာ နယ်မြေများအတွင်းသို့ မည်မျှအထိ ဝင်ရောက်နေသည်ကို သတိပြုကြည့်မိရန် လိုအပ်သည်။ လူအများက ရန်သူ့သတင်းပေးများကို ကြောက်လေ့ရှိကြသည်။ ပြည်ပနိုင်ငံရေး လှုပ်ရှားမှုသဏ္ဍာန်တွင်မူ မြေအောက် လှုပ်ရှားမှုနှင့် ဆက်စပ်နေသည့် ကိစ္စရပ်များနှင့် လူများမှ အပ ကျန်အဖွဲ့အစည်းများ၏ သတင်းအချက်အလက်နှင့် လှုပ်ရှားမှုများမှာ လူအများ မသိမှာ စိုး၍ မီဒီယာများ၊ အင်တာနက်များပေါ်သို့ ဓာတ်ပုံများ၊ သတင်းများ တွန်းတင်နေရသည့် အခြေအနေဖြစ်နေသည်။ ဆန္ဒပြပွဲ အချိန်၊ နေရာဆိုသည်ကလဲ မည်သည့်နေ့ရက်တွင် မည်သည့် အချိန်မျိုး၌ မည်သည့်နေရာမျိုးတွင် ဆန္ဒပြပွဲရှိနိုင်သည်ကို မသိသိအောင် ကြေငြာနေကြရသည်။ အခမ်းအနား ဆိုသည်မှာလဲ ထိုနည်း၎င်း။ ဓာတ်ပုံများ အင်တာနက်ပေါ် မပါလာခြင်းများ၊ လှုပ်ရှားမှုသတင်းများ မီဒီယာများပေါ်တွင် မပါလာခြင်းများကိုပင်

ပြန်စိုးရိမ်ကြရမည့် နိုင်ငံရေးအသွင်သဏ္ဍာန်မှာ ရှိနေသည်။

သို့ဖြစ်ရာ ရန်သူ့သတင်းပေးများ၏ အန္တရာယ်ကား သိပ်မကြီးလှ။ အမှန်တကယ် အန္တရာယ် ကြီးသည်က တော်လှန်ရေး၏ အောင်မြင်ရေး သော့ချက်တခုဖြစ်သော နိုင်ငံတကာ ထောက်ခံမှုကို ပုံပြောင်းသွားစေရန် ကြိုးပမ်းလှုပ်ရှားမှုများ ဖြစ်သည်။ လူ့အဖွဲ့အစည်းမှ တော်လှန်ရေးအပေါ် အမြင်မှားများ ဖြစ်လာစေရန် ဖော်ဆောင်သည့် ကြိုးပမ်းမှုများ ဖြစ်သည်။ တော်လှန်ရေးတွင် ဝေဖန်ဆန်းစစ်သူ နှစ်မျိုး ရှိသည်။ ပထမ တမျိုးမှာ အားနည်းချက်များကို ထောက်ပြဝေဖန်၍ လုပ်ငန်းဆောင်တာများကို မည်သို့ တိုးတက်ဆောင်ရွက်သင့်သည်ကို အကြံပေးသူများ ဖြစ်ပြီး၊ ဒုတိယ တမျိုးများ အားနည်းချက်များကို ရှုံ့ချဝေဖန်၍ “အာဏာရှင်လဲ မကောင်း၊ တော်လှန်ရေးသမားများလဲ ထိုနည်းလည်းကောင်း” ဆိုသော အမြင်မှားကို ဖြန့်ဝေသူများဖြစ်သည်။ တော်လှန်ရေးခေါင်းဆောင်များမှ ဤလူနှစ်မျိုးကို ကွဲကွဲပြားပြား မြင်တတ်ဖို့ လိုသည်။ အပြုလားမသိ၊ အဖျက်လား မကွဲပြားလျှင် တုန့်ပြန်မှုများ မှားတတ်သည်။ မလိုလားအပ်သော နောက်ဆက်တွဲပြဿနာများ ဖြစ်သွားတတ်သည်။ သတိပြုရန် လိုအပ်သည်။

မည်သို့ဆိုစေ ပြည်ပအခြေစိုက် မြန်မာ့နိုင်ငံရေး မျက်နှာစာတွင် ဤစိန်ခေါ်မှု နှစ်ရပ်မှာ အလွန်ပင် အရေးကြီးပါသည်။ တိုက်ပွဲချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်စေနိုင်ပါသည်။ သို့ဖြစ်ရာ ရန်သူ့လူများမှ နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းကို ချဉ်းကပ်လှုပ်ရှားမှုများ၊ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမည့် အယူအဆများအား လူ့အဖွဲ့အစည်းသို့ ဖြန့်ဖြူးခြင်းများကို သတိပြုလေ့လာစောင့်ကြည့်ကြရန်နှင့် ကန့်ကွက်မှုများ ပြုလုပ်ရန် လိုအပ်လှပေသည်။ လူနှင့် စနစ်ကို ခွဲခြားပြီး စည်းရုံးရေး လုပ်ငန်းများ ဖော်ဆောင်သင့်ပြီဖြစ်သည်။

နိဂုံး

ယခု တင်ပြထားသော အကြောင်းအရာများတွင် ရေတိုလုပ်ငန်းဆောင်တာများ ပါဝင်သကဲ့သို့ ရေရှည် လုပ်ငန်းဆောင်တာများလဲ ပါဝင်ပါသည်။ ပြည်ပရောက် မြန်မာ့လူ့အဖွဲ့အစည်းသဏ္ဍာန်၊ တည်နေရာအနေအထား၊ နိုင်ငံတကာထောက်ခံမှု ရရှိနိုင်မှု အခွင့်အလမ်း စသည်များသည် (၂၀၁၀) အလွန်ကာလ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများအတွက် အတိုင်းအတာ တခုအထိ အရေးကြီးပါသည်။ ရေရှည်လုပ်ငန်းများကိုပဲ ဖိနေစဉ် ရေတိုတွင် ပေါ်လာသော အခွင့်အလမ်းများကို မဆုပ်ကိုင်နိုင်သောကြောင့် အမှားအယွင်းများ ဖြစ်ခြင်း၊ ရေတိုအိပ်မက်များဖြင့် စိတ်ကူးယဉ်မှုများ မပြည့်ဝသောအခါ ရေရှည်တည်ဆောက်ပြင်ဆင်မှုများ မရှိထားခဲ့သောကြောင့် ခါးဆက်ပြတ်သွားခြင်း စသည့် အစွန်း နှစ်ဘက်ကို ရှောင်ကျဉ်နိုင်ရန် ရေတိုလုပ်ငန်းစဉ်၊ ရေရှည်လုပ်ငန်းစဉ်များ တပြိုင်တည်း ချမှတ်ဖော်ဆောင်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။

ခင်မမမျိုး (မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်

2 comments

  • maungmoenyo

    March 21, 2011 at 12:20 am

    ဒေါ်ခင်မမမျိုးခင်ဗျား၊ စင်တင်လောက်တဲ့သုတေသနပြုသုံးသပ်ချက်တွေမို့။ စာအုပ်ကလေးများထုတ်ဘို့စိတ်မကူးဘူးလားခင်ဗျ။

  • char too lan

    March 21, 2011 at 5:15 am

    ဆြာခိုင်ရေ… ကျနော်ကတော့ အလုပ်ပါးတုန်း စဆုံးတစ်ထိုင်တည်းဖတ်ပီး နောက်လူတွေထပ်ဖြန့် ဖို့လဲ ကူးယူသွားပါပီ ခွင့်ပြုပါအုံး ခညာ ….

Leave a Reply