Civil Society ဆိုရာဝယ် – ခင်မမမျိုး
နိဒါန်း
နိုင်ငံရေးနဲ့ လူမှုရေးသိပ္ပံပညာရှင်များက paradigm of social orderမှာ မဏ္ဍိုင်သုံးမျိုးရှိတယ်လို့ ရှုမြင်သုံးသပ်ထားကြပါတယ်။ ဒီသုံးမျိုးကတော့ နိုင်ငံတော် (The state)၊ ဈေးကွက် (The Market) နဲ့ အရပ်ဘက် လူ့အဖွဲ့အစည်း (The Civil Society) တို့ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ ဈေးကွက်ကို ပထမ မဏ္ဍိုင်နဲ့ ဒုတိယမဏ္ဍိုင်လို့ သတ်မှတ်ကြတဲ့အတွက် အရပ်ဘက်လူ့အဖွဲ့အစည်းကိုကျတော့ တတိယ မဏ္ဍိုင် လို့ သတ်မှတ်ကြပါတယ်။ Civil societyဆိုတဲ့ သဘောတရားကို လူမှု ဖွဲ့စည်းပုံအမျိုးမျိုးမှာ အဓိပ္ပာယ်ဖွင့်ဆိုထားကြပြီး၊ အထူးသဖြင့် နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်း အကြားက ဆက်နွယ်မှုတွေမှာ အကျိုးသက်ရောက်မှုရှိတဲ့ သဘောတရား တခုအဖြစ် ယူဆထားကြပါတယ်။ Civil society သဘောတရားကို အထင်ရှားဆုံး ကိုယ်စားပြုဖော်ဆောင်တဲ့ အဖွဲ့ အစည်းတွေကတော့ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ (non-government organizations or NGOs) တွေပဲ ဖြစ်ပြီး၊ အန်ဂျီအိုတွေကို (civil society organizations or CSOs) တွေအဖြစ်လဲ သတ်မှတ်ခေါ်ဆိုကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်း (civil society) ဆိုတဲ့ သဘောတရားနဲ့ နိုင်ငံတော် အစိုးရတွေအပေါ် သက်ရောက်မှုတွေဟာ ၂၁ ရာစု၊ ကမ္ဘာ့ လူ့အဖွဲ့အစည်းရဲ့ ထင်ရှားတဲ့ ပြယုဂ်တွေ ဖြစ်လာခဲ့ပါတယ်။ နိုင်ငံတော်နဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းကြားက ဆက်နွယ်မှုဆိုင်ရာ သဏ္ဍာန်များ (State – Civil Society Relational Models) လေးမျိုးကို အခြေခံပြီး၊ civil society သဘောတရားကို ရှုမြင်သုံးသပ်ပုံနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ပုံတွေ ကွဲပြားပါတယ်။ ဒီလေးမျိုးကတော့ ထိပ်တိုက်ရင်ဆိုင်မှုပေါ်မှာ အခြေခံတဲ့ confrontational model ၊ ပူးပေါင်းဆောင်ရွက်ခြင်း အပေါ်မှာ အခြေခံတဲ့ collaborative model ၊ ထိပ်တိုက်ရင်ဆိုင်ခြင်း- ပူးပေါင်းဆောင်ရွက်ခြင်းမရှိပဲ သီးခြားရပ်တည်မှုပေါ်မှာ အခြေခံတဲ့ autonomous model၊ ကြားဝင်စေ့စပ်ဖြေရှင်းခြင်း အပေါ်မှာ အခြေခံတဲ့ mediational modelတို့ပဲ ဖြစ်ပါတယ်။
Confrontational Model of Civil Society
ဆယ့်ခုနစ်ရာစုနဲ့ ဆယ့်ရှစ်ရာစုကာလတွေမှာ ဥရောပမှာ modern state systemဆိုတဲ့ အတွေးအခေါ်တွေ ထွန်းကားလာခဲ့ပါတယ်။ အကြွင်းမဲ့ အာဏာကျင့်သုံးမှုစနစ်၊ ဘုရင်စနစ်တွေနဲ့ အပြိုင်ပေါ်ထွက်လာခဲ့တဲ့ ဒီအတွေးအခေါ်တွေ ထဲမှာ အရပ်ဘက်လူ့အဖွဲ့အစည်း (civil society) ဆိုတဲ့ သဘောတရားကလဲ စတင်ပေါက်ဖွားလာပါတယ်။ နိုင်ငံရေးတွေးခေါ် ပညာရှင်တွေဖြစ်တဲ့ Montesquieu နဲ့ Kant တို့ရဲ့ ရေးသားချက်တွေထဲမှာ အရပ်ဘက်လူ့အဖွဲ့အစည်း ဆိုတာကို အုပ်ချုပ်သူတွေရဲ့ အကြွင်းမဲ့အာဏာကို ထိန်းညှိစစ်ဆေးဖို့ လိုအပ်တဲ့ မဏ္ဍိုင်တခုအနေနဲ့ ရည်ညွှန်းထားကြ ပါတယ်။ အဲဒီအချိန်ကာလက အစပြုပြီး ဥရောပနိုင်ငံရေးဒဿနိကရဲ့ Liberal tradition တခုလုံးမှာ အရပ်ဘက် လူ့အဖွဲ့အစည်းဆိုတာကို ထိပ်တိုက်ရင်ဆိုင်ခြင်း အသွင်သဏ္ဍာန်နဲ့ အဓိပ္ပာယ် ဖွင့်ဆိုခဲ့ကြပါတယ်။
Neo-conservative tradition မှာလဲ civil society ဆိုတာကို နိုင်ငံတော်နဲ့ ဆန့်ကျင်ဘက်အနေနဲ့ သုံးသပ်ပြီး၊ ဈေးကွက်လုပ်ငန်းဆောင်တာတွေရဲ့ နိုင်ငံရေးမပါသော မဏ္ဍိုင်အဖြစ် သတ်မှတ်ထားကြပါတယ်။ ဆိုရှယ်လစ် ပညာရှင် တယောက်ဖြစ်တဲ့ Vaclav Havel ကလဲ civil society ဆိုတာ နိုင်ငံရေးဆန့်ကျင်ခြင်း ဒိုမိန်း (domain of anti-politics) ဖြစ်ပြီး၊ နိုင်ငံတော်နဲ့ အရပ်ဘက် လူ့အဖွဲ့အကြားက ဆက်နွယ်မှုဟာ ဆန့်ကျင်ဘက် ဆက်နွယ်မှု လို့ ဆိုခဲ့ပါတယ်။ နိုင်ငံရေးပညာရှင် Ernest Gellner နဲ့ Şerif Mardin ဆိုသူတို့ကလဲ civil society ဆိုတာ နိုင်ငံတော်ရဲ့ လူ့အဖွဲ့အစည်းပေါ် ထိန်းချုပ်မှုတွေကို ထိန်းညှိပေးဖို့ ပေါ်ထွက်လာတဲ့ counter-balancing mechanism လို့ ဆိုခဲ့ကြပါတယ်။
ဒီလို ထိပ်တိုက်ရင်ဆိုင်ခြင်း၊ ထိန်းညှိပေးခြင်းဆိုင်ရာ Confrontational Model ကို အခြေခံပြီး Civil Society အားကောင်းလာအောင် ပြုလုပ်တဲ့ အန်ဂျီအိုအဖွဲ့အစည်းတွေ ယနေ့ကမ္ဘာမှာ အများအပြား ရှိပါတယ်။
Autonomous Model of Civil Society
၂ဝ ရာစုနှောင်းပိုင်းမှာ ထိပ်တိုက်ရင်ဆိုင်ခြင်း အတွေးအခေါ်က နိုင်ငံတော်နဲ့ civil society ကို ဆန့်ကျင်ဘက်အနေနဲ့ သတ်မှတ်မှုအပေါ်မှာ အခြေခံပြီး၊ anti-statist ideological agenda အပေါ်မှာ အခြေခံထားတယ်လို့ ရှုမြင် သုံးသပ်သူတွေလဲ ပေါ်ထွက်လာခဲ့ပါတယ်။ Civil Society ဟာ နိုင်ငံတော်နဲ့ ကွဲပြားခြားနားတာ မှတ်ပေမယ့် နိုင်ငံတော်ကို ဆန့်ကျင်တာ မဟုတ်ပဲ ကိုယ်ပိုင်သီးခြား ရပ်တည်တဲ့ မဏ္ဍိုင်တခုသာ ဖြစ်တယ်လို့ Robert Hefner, Keith Tester, David Anderson, Jean Cohen နဲ့ Andrew Arato စတဲ့ civil society theorists တွေက ဆိုခဲ့ကြပါတယ်။
Charles Taylor, Larry Diamond, Gordon White, John A. Hall နဲ့ He Baogang စတဲ့ နိုင်ငံရေးပညာရှင်များကလဲ ဒီအဆိုကို လက်ခံခဲ့ကြပါတယ်။ Civil Society ဆိုတာ နိုင်ငံတော်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုက လွတ်ကင်းတဲ့ လွတ်လပ်သော အစုအဖွဲ့များ ပါဝင်နေတဲ့ လူ့အဖွဲ့အစည်း တရပ်ဖြစ်ကြောင်း Charles Taylor က ဆိုခဲ့ပါတယ်။ Hall ကလဲ လူ့အဖွဲ့အစည်းက နိုင်ငံတော်ရဲ့ ပါဝင်ပတ်သက်မှုမရှိပဲ မိမိတို့ဘာသာ သီးခြားစုဖွဲ့မှု ‘societal self-organization’ ဟာ civil society ရဲ့ သွင်ပြင်လက္ခဏာ တရပ်ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ Baogang ကတော့ civil society တည်ရှိမှုဆိုတာကို သက်ဆိုင်ရာနိုင်ငံရဲ့ လူ့အဖွဲ့အစည်းတွင်းမှာ ပေါ်ထွက်နေတဲ့ အသင်းအပင်းတွေဟာ နိုင်ငံတော်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှု ဘယ်လောက်ကင်းသလဲ ဆိုတဲ့ အချက်နဲ့ တိုင်းတာနိုင်ကြောင်း ဆိုထားခဲ့ပါတယ်။
Autonomous Model of Civil Society သဘောတရားတွေကို လူမှုရေးအသင်းအဖွဲ့တွေ၊ ကျန်းမာရေး၊ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ကြတဲ့ အဖွဲ့အစည်းများစွာက လက်ခံ ကျင့်သုံးနေ ကြပါတယ်။ သို့ပေမယ့် ဒီသဘောတရားတွေဟာ neo-conservative paradigm မှာ အခြေခံတဲ့ civil society ဆိုတာ depoliticized sphere ဆိုတဲ့ အမြင်ကိုတော့ ဆန့်ကျင်ပါတယ်။ လူထုအခြေပြု နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်တဲ့ voluntary social movements paradigm အယူအဆတွေနဲ့ ပိုပြီး ဆက်နွယ်မှု ရှိပါတယ်။
Collaborative Model of Civil Society
၂ဝ ရာစုနှောင်းပိုင်းနဲ့ ၂၁ ရာစု ကနဦးပိုင်းကာလတွေမှာ ကမ္ဘာ့နိုင်ငံတော်တော်များများက နိုင်ငံတော်အစိုးရတွေဟာ ပြည်သူ့အကျိုးစီးပွားကို ဦးတည်တဲ့ ဒီမိုကရေစီ အစိုးရတွေ ဖြစ်လာကြပါတယ်။ ဒီလို ပြောင်းလဲမှုတွေနဲ့အတူ နိုင်ငံတော်နဲ့ ထိပ်တိုက်ရင်ဆိုင်ခြင်းပေါ် အခြေတည်တဲ့ confrontational model နဲ့ သီးခြားရပ်တည်တဲ့ autonomous model တွေအပြင် ပူးပေါင်းဆောင်ရွက်ခြင်းအပေါ် အခြေတည်တဲ့ collaborative model ကိုလဲ ပညာရှင်အများစုက ဦးစားပေး တင်ပြလာကြပါတယ်။ civil society ရဲ့ နိုင်ငံရေးရှုထောင့် (political dimension) ကို အာရုံစိုက်ခြင်း မရှိပဲ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စတဲ့ မူဝါဒရေးရာတွေမှာ နိုင်ငံတော်နဲ့ Civil Society Organizations တွေ ပူးပေါင်းပါဝင်သင့်တယ်ဆိုတဲ့ ဒီအယူအဆတွေဟာ civil society ဆိုတာကို depoliticized sphere အဖြစ် ရှုမြင်တဲ့ neo-conservative paradigm အပေါ်မှာ အခြေတည်တယ်လို့ ဆိုနိုင်ပါတယ်။
ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ မူဝါဒတွေကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည် ဖော်ဆောင်တဲ့အခါမှာ ဒီမိုကရေစီအစိုးရမဟုတ်တဲ့ အာဏာရှင်အစိုးရတွေနဲ့ အဆင်အပြေဆုံးလို့ ယူဆရတဲ့ အတွက် collaborative model ကို နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ WHO, UNESCO, UNDP အဖွဲ့အစည်းတွေ အပါအဝင် Civil Society Organizations တော်တော်များများက အသုံးပြုကြပါတယ်။ Civil Society ဆက်လက်ရှင်သန် ရပ်တည်နိုင်မှုကို အထောက်အကူပေးနိုင်ဆုံး model တရပ်အနေနဲ့ သတ်မှတ်ထားကြပါတယ်။ အရေးကြီးဆုံးအချက်ကတော့ ဒီ Model ကို အာဏာရှင်နိုင်ငံတွေမှာ အသုံးပြုမယ့် အန်ဂျီအို အဖွဲ့တွေ (အထူးသဖြင့် အဖွဲ့ငယ်လေးတွေ) အနေနဲ့ civil society ဆိုတာကို depoliticized sphere အဖြစ် ကနဦးရှုမြင်ထားဖို့ လိုပါတယ်။ collaborative model ကို အသုံးပြုပြီးမှ political dimension ကို ထည့်သွင်းလာခဲ့ရင်တော့ အာဏာရှင်အစိုးရနဲ့ ပြဿနာတက်ရင်တက်၊ မတက်ရင်လဲ အာဏာရှင် အစိုးရရဲ့ အာဏာတည်မြဲရေး အသုံးချခံ လက်ကိုင်ဒုတ်တွေ ဖြစ်သွားတတ်ပါတယ်။
Mediational Model of Civil Society
တချို့ ပညာရှင်တွေကတော့ အရပ်ဘက်လူ့အဖွဲ့အစည်းဆိုတာ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းကြားက စေ့စပ်ဆွေးနွေးရေးကို လုပ်ဆောင်ပေးမယ့် mediating sphere အနေနဲ့ သတ်မှတ်ကြပါတယ်။ နိုင်ငံရေးပညာရှင် Norton က နိုင်ငံတော်နဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းကြားမှာ mediating structure လိုအပ်ချက်ကို civil society က ဖြည့်ဆည်းပေးနိုင်တယ်လို့ အဆိုပြုခဲ့ပါတယ်။ Sunar ဆိုသူကလဲ အတင်းအကြပ်တိုက်တွန်းခြင်း၊ ချုပ်ခြယ်ခြင်းစတာတွေ မပါတဲ့ စုဖွဲ့မှု ကြားခံ ဒိုမိန်းတခုအနေနဲ့ civil society ကို သတ်မှတ်နိုင်ကြောင်း ဆိုခဲ့ပါတယ်။ Mediational Model ကို လက်ခံကျင့်သုံးတဲ့ အန်ဂျီအိုအဖွဲ့အစည်းတွေက အရပ်ဘက် လူ့အဖွဲ့အစည်းဆိုတာကို နိုင်ငံတော် (state) နဲ့ လူ့အဖွဲ့အစည်း (Society) တို့နဲ့ သီးခြားရှိနေတဲ့ ကြားခံစေ့စပ်ဆွေးနွေးရေး sphere တခုအနေနဲ့ သတ်မှတ်ထားကြပါတယ်။
အငြင်းပွားမှုများ
အရပ်ဘက်လူ့အဖွဲ့အစည်း (Civil Society)နဲ့ Civil Society Organizations (CSOs) တွေအဖြစ် ပါဝင်နေတဲ့ အန်ဂျီအို အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး ကွဲပြားတဲ့ အမြင်တွေနဲ့ အငြင်းပွားမှုတွေ အများအပြား ရှိပါတယ်။ ထင်ရှားတဲ့ အမြင်တွေကတော့
(၁) အန်ဂျီအိုလုပ်ရင် နိုင်ငံရေးမလုပ်ရဘူး။
ဒီအမြင်က Collaborative Model of Civil Society အပေါ်မှာ အခြေခံပြီး ပေါ်ထွက်လာတာ ဖြစ်ပါတယ်။Confrontational Model နဲ့ Autonomous Model တွေအပေါ်မှာ အခြေခံပြီး အတိုက်အခံနိုင်ငံရေးနဲ့ လူထုအခြေပြုနိုင်ငံရေးကို ဖော်ဆောင်နေတဲ့ အန်ဂျီအိုတွေ အများကြီး ရှိပါတယ်။
(၂) နိုင်ငံရေးမလုပ်ပဲ လူမှုရေးအလုပ်တွေ၊ အန်ဂျီအိုအလုပ်တွေ လုပ်နေတယ်။
ဒီအမြင်က အန်ဂျီအိုအလုပ်ဆိုတာကို depoliticized sphere အနေနဲ့ ရှုမြင်သုံးသပ်ချက်ကနေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ နိုင်ငံရေးပါဝင်ပတ်သက်မှု (political participation) ဆိုတာမှာ ပါတီတည်ထောင်ပြီး ရွေးကောက်ပွဲနဲ့ လွှတ်တော်တွေမှာ ပါဝင်ပတ်သက်တဲ့ conventional politics ဆိုင်ရာ ပါဝင်ပတ်သက်မှု ဆိုတာ ရှိသလို၊ တော်လှန်ရေးတွေ၊ လူထုလှုပ်ရှားမှု၊ စည်းရုံးရေးအသွင်ဆောင်တဲ့ လူထုအခြေပြုနိုင်ငံရေးလုပ်ငန်းဆောင်တာတွေမှာ ပါဝင်ပတ်သက်တဲ့ contentious politics ဆိုင်ရာ ပါဝင်ပတ်သက်မှုဆိုတာလဲ ရှိပါတယ်။ အတိုက်အခံ နိုင်ငံရေးလှုပ်ရှားမှုမှာ နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေပဲ ပါဝင်ဦးဆောင်ရုံနဲ့ လူထုလှုပ်ရှားမှုတွေ ပေါ်ထွက်လာခြင်း မရှိနိုင်ပါ။ တပ်ဦးကျွှံတဲ့ မအောင်မြင်သော တော်လှန်ရေးတွေပဲ ပေါ်ထွက်လာနိုင်ပါတယ်။ လူထုနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေ တသားတည်းဖြစ်လာမှသာ အောင်မြင်မှု အလားအလာ ကောင်းတဲ့ လှုပ်ရှားမှုတွေ ပေါ်ထွက်လာနိုင်ပါတယ်။ ဒီအတွက် လူထုကို လှေကားချ စည်းရုံးနိုင်ဖို့ အန်ဂျီအိုအလုပ်တွေ၊ Civil Society အားကောင်းလာအောင် ချဲ့ထွင်မှုတွေကိုလဲ politicized sphere အနေနဲ့ အကောင်အထည်ဖော်ဆောင်ရမှုတွေ ရှိတတ်ပါတယ်။
(၃) အန်ဂျီအိုတွေ အာဏာရှင်တွေနဲ့ ပေါင်းလုပ်နေကြတယ်။
Collaborative Model ကို အခြေခံပြီး ဖွဲ့စည်းတဲ့ အန်ဂျီအိုတွေက အာဏာရှင်အစိုးရတွေနဲ့ မဖြစ်မနေ အလုပ်တွဲလုပ်ကြရမှာပဲ ဖြစ်ပါတယ်။ ဒီလို တွဲလုပ်ကြတာကို အပြစ်မြင်စရာ မရှိပါ။ သို့ပေမယ့် ဒီလို တွဲလုပ်တဲ့အခါ depoliticized sphere အနေနဲ့ သတ်မှတ်ပြီး တွဲလုပ်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းများကိုတော့ အာဏာရှင်အစိုးရတွေက လက်ကိုင်ဒုတ်အဖြစ် အသုံးမချရဲကြပါဘူး။ Constructive engagement ပြုလုပ်နိုင်တယ်ဆိုတဲ့ တံခါးလေးကို ဖွင့်ထားပေးရုံလောက်ပါပဲ။ သို့ပေမယ့် စာနယ်ဇင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အဖွဲ့ငယ်လေးတွေကိုတော့ လက်ကိုင်ဒုတ်အဖြစ် အသုံးချနိုင်အောင် ကြိုးပမ်းလေ့ရှိကြပါတယ်။ အထူးသဖြင့် အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ အာဏာရှင်တွေကိုယ်တိုင်က collaborative Model ကို အခြေခံမယ့် အန်ဂျီအိုအဖွဲ့ငယ်လေးတွေကို နောက်ကွယ်ကနေ ကြိုးကိုင်ဖွဲ့စည်းထားလေ့ရှိကြောင်း ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။ သို့ပေမယ့် အန်ဂျီအို အားလုံးကိုတော့ အာဏာရှင်တွေနဲ့ ပူးပေါင်းလုပ်နေတဲ့၊ အာဏာရှင်လက်ကိုင်ဒုတ်တွေအဖြစ် သတ်မှတ်လို့ မရနိုင်ပါ။
နိဂုံး
နိဂုံးချုပ်ဆိုရရင် Civil Society အားကောင်းမှုဟာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ် (democratization) ရဲ့ ဒုတိယပိုင်းဖြစ်တဲ့ ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာမှု (democratic consolidation) အတွက် အရေးကြီးတဲ့ အချက်တချက် ဖြစ်ပါတယ်။ paradigm of social order ရဲ့ မဏ္ဍိုင်ကြီးတခုလဲ ဖြစ်ပါတယ်။ ဒါကြောင့် Civil Society အားကောင်းလာအောင် အကောင်အထည်ဖော်ဆောင်ချက်တွေမှာ ရှုထောင့်တမျိုးတည်းကနေ တကြောင်းဆွဲအမြင်နဲ့ မကြည့်ပဲ၊ ရှုထောင့်စုံကနေ သုံးသပ်ဆန်းစစ်မှု ပြုလုပ်ရန် အရေးကြီးပါတယ်။ ကွဲပြားခြားနားတဲ့ Model တွေကို ကိုင်စွဲပြီး အငြင်းပွားနေကြတာထက်၊ မိမိကိုင်စွဲ အသုံးပြုနေတဲ့ Model ပေါ်အခြေခံပြီး လုပ်ငန်းစဉ်တွေ အောင်မြင်စွာအကောင်အထည်ပေါ်လာရေးကိုသာ အာရုံစိုက်သင့်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ခင်မမမျိုး (၁၆၊ ၃၊ ၂၀၁၁)
ရည်ညွှန်းကိုးကား။ ။
Diamond L. (1994) “Rethinking Civil Society: Toward Democratic Consolidation”, Journal of Democracy, July
Kumar, K. (1993) “Civil Society: An Inquiry into the Usefulness of an Historical Term”, British Journal of Sociology, vol. 44, pp. 375-95
Havel, V. (1988) “Anti-political Politics”, in Civil Society and the State: New European Perspectives, ed. John Keane, London and New York: Verso, pp. 381-98.
Mardin, S. (1995) “Civil Society and Islam”, in Civil Society: Theory, History and Comparison, ed. John Hall Cambridge: Polity
Mbogori, E. and Chigudu, H. (1999) “Civil Society and Government: A Continuum of Possibilities”, in Civil Society at the Millennium, West Hartford, Conn.: Kumarian Press in cooperation with CIVICUS
Norton, A. (1995) “Introduction”, in Civil Society in the Middle East, ed. Andrew Richard Norton, vol. I, Leiden: E.J. Brill
Richter, M. (1998) “Montesquieu and the Concept of Civil Society”, The European Legacy, vol.3, no. 66, pp. 33-41
Seligman, A. (1992) The Idea of Civil Society, New York: Free Press
Serrano, I. (1994) Civil Society in the Asia-Pacific Region, Washington D.C.: Civicus
Taylor, C. (1990) “Modes of Civil Society”, Public Culture, vol. 3. no. 1, p. 111
White, G. (1994) “Civil Society, Democratization and Development (I): Clearing the Analytical Ground”, Democratization, vol. 1, no. 3, p. 379
One comment
အဂျစ်
July 17, 2012 at 8:54 am
မဖတ်နိုင်လို့ ကူး သွားပါ၏