အတိတ်က April Fool အမှတ်တရ

etoneApril 2, 20111min25915

April Fool မို့လို့ ဒီနေ့တော့ ဘယ်သူ့ကို စနောက်ရမလဲ စဉ်းစားမိတော့ ရပ်ဝေး တနေရာမှာ တာဝန်ထမ်းဆောင်နေတဲ့ သူငယ်ချင်းတယောက်ကို မျက်စိထဲပြေးမြင်မိတယ်… ။ အိမ်နီးနားချင်းလည်းဖြစ် ဆယ်တန်းကျူရှင်တတ်တော့လည်း အတူတူမို့ အရမ်းခင်တဲ့ သူငယ်ချင်းတယောက်ဖြစ်ခဲ့တာပေါ့ … ။ တခြား ယောကျာင်္းလေး သူငယ်ချင်းတွေကို အီစကလီ အလုပ်မျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ပဲ မရိုးသားတဲ့ အပြောအဆို မျိုးတောင် ကျမတို့ကြားထဲ မရှိခဲ့တဲ့သူပါ … ။ အခုလက်ရှိအခြေနေထိလည်း သူငယ်ချင်းကောင်းတွေ အဖြစ် အဆက်သွယ်ရှိတုန်းပါပဲ … ။ အခွင့်ရေးမယူတတ်ပဲ တည်ကြည်ပြီး ရိုးသားပွင့်လင်းတဲ့ သူငယ်ချင်းမို့ ကျမတို့ကြားထဲ သူငယ်ချင်း သံယောဇဉ်တွေ မြဲနေခဲ့တာ 10 နှစ်ကျော်ပြီပေါ့ … ။ ကျမတို့ ဆယ်တန်းပြီးတော့ အထူးပြုတဲ့ ဘာသာတွေ ရွေးပြီး တက္ကသိုလ် တက်ချိန်မှာ သူက DSA ဘက်ကို ရွေးခဲ့တယ်… ။ ကျမအပါဝင် တခြား သူငယ်ချင်းတွေ အတန်တန် တားသော်လည်း သူရည်ရွယ်ချက်အတိုင်း စစ်တက္ကသိုလ် သွားတတ်ခဲ့တယ် … ။ သိတဲ့အတိုင်းပဲလေ စစ်တက္ကသိုလ် ဆိုတာကလည်း ကန့်သဘောမျိုးနဲ့ ထားတာ … ပြီးတော့ အထဲမှာကလည်း …စီနီယာ၊ ဂျုနီယာ ဇာတ်လမ်းတွေ … လောင်းကစား …. ၊ အပြင်ခိုးထွက်၊ ဟိုအိမ်တွေသွား … အဲ အဲ… မပြောတော့ဘူး အားလုံး တစွန်းတစ ကြားပြီး ဖြစ်မှာပါ .. ကျမလည်း သေချာတော့ မသိဘူး ပြန်ပြောမဲ့လူမှ မရှိတာ … ဒီလိုပဲ အတင်းကနေ သတင်းဖြစ်ရင်း ကြားခဲ့တာပါ … ။ အဲ့လို ဇာတ်လမ်းတွေ ရှိနေလေတော့ ကျမတို့ရဲ့ သူငယ်ချင်းကို ပဲထဲ ကျောက်ခဲ ရောသလို အဖြစ်မျိုး မဖြစ်စေချင်တာကြောင့် စစ် တက္ကသိုလ် သွား မတတ်စေခဲ့တာပါ … ။ သူကတော့ အားလုံးနဲ့ တယောက် အတိုက်ခံလုပ်ပြီး DSA ထဲ ဝင်သွားခဲ့တယ်… ။ ဂရုဏာ ဒေါသ ထွက်ယုံရလွဲလို့ ကျမတို့တစ်ဖွဲ့လုံး သူ့အပေါ် ကြာကြာ စိတ်မကောက် နိုင်ခဲ့ပါဘူး ။ လုပ်ချင်တာ လုပ်သွားခဲ့ပေမဲ့ ပုံမှန် အတိုင်းပဲ ခွင့်ရရင် ရသလို ပြန်လာတိုင်း လက်ဆောင်ဝယ်လာတာမျိုး ၊ လာတွေ့တာမျိုး လုပ်ခဲ့ပါတယ် … ။ သင်တန်းတက်နေတဲ့ ကာလာအတွင်း ဖုန်းဆက်ပြီး နေကောင်းလား မေးတာမျိုး ၊ စာရေးပြီး ကျန်းမာရေး ဂရုစိုက်ဖို့ မှာတာ တမျိုးနဲ့ ကျမတို့ သူငယ်ချင်းတွေ ကြား အဆက်သွယ် မပြတ်ခဲ့ပါဘူး ။ သူပြန်လာတိုင်းလည်း ကျမတို့နဲ့ တွေ့တတ်ပြီး ယူသွားချင်တာ ၊ စားချင်တာတွေ မှာတတ်သလို … သူစစ်တက္ကသိုလ် ပြန်တိုင်း ကျမတို့ တဖွဲ့လုံး ရထား ဘူတာ လိုက်ပို့ခဲ့ပါတယ် … တနှစ်မှ မပျက်ခဲ့ပါဘူး ။ အဲ့ဒီကနေ သူသင်တန်းစင်းပြီးတော့ တာဝန်ကျရာ မုပ္ပလင် ကို သွားခဲ့ပါတယ်… ။ ဒါပေမဲ့ အချိုးတွေက ပြောင်းနေတယ်… ။ ပြန်လာတိုင်း ပြောတတ်တာ က တိုင်းပြည် အပေါ် သစ္စာရှိမှူနှင့် ကျေးဇူးသိတတ်မှူပေါ့နော်…။ ငါတို့ နိုင်ငံတော်ကြီးက ဆိုတဲ့ စကားမျိုး အစချီပြီး ပြောတတ်လာခဲ့တယ် … ။ အဲ့ဒီလို စကားသံကြားတိုင်း သွေးဆူတတ်တဲ့ ကျမတို့ တဖွဲ့လုံး သူ့ပါးစပ်ကို ဝိုင်းပိတ်တော့တာပါပဲ…။ သင်တန်းက တာဝန်သိစိတ်တွေ ရိုက်ထည့်ပေးလိုက်တယ်ထင်ပါ့.. ဘယ်လိုဖြစ်ဖြစ် ကျမတို့ သဘောထားကွဲလွဲကြပါတယ်… သူကလည်း သူ့တပ်မတော်မှ သူ့တပ်မတော်ပါ… ကျမတို့ကလည်း သူငယ်ချင်းတွေ ဆုံရင် ဒါတွေ လာမပြောနဲ့ ပြောချင်ရင် တပ်ပြန်လို့ ပိတ်ပြောတတ်ပါတယ် …. ။ ဘယ်လိုကြောင့်များ သူ့စိတ်တွေက တတပ်တည်း တပ်မတော် ဖြစ်နေပါလိမ့် စကားကြီး စကားကျယ်ပြောတာ မုန်းမိတယ်… ။ ရွှေဝါရောင် တော်လှန်ရေး ရောက်တော့ သူက ဖုန်းလှမ်းဆက်တယ်… နင်တို့ မပါနဲ့နော်တဲ့ … ။ ကျမတို့လည်း ရွဲ့ပြီး ပါတော့ ဘာဖြစ်လဲ နင့်အလုပ်လား ဆိုပြီး စိတ်ဆိုး မာန်ဆိုးနဲ့ သူ့ကို အဆက်သွယ် ဖြတ်ခဲ့ပါတယ် … ။ သူ့ဘက်ကတော့ ဒီကြားထဲ ဖုန်းခေါ်မြဲ စာရေးမြဲပါပဲ … ကျမတို့ဘက်က သာ အသံတိတ် အဆက်သွယ်မလုပ်ပဲ နေခဲ့တာပါ… ။ ရွှေဝါရောင်တော်လှန်ရေး 2008 ပြီးတာနဲ့ ချက်ချင်း သူ ခွင့်ယူပြီး ရန်ကုန်လိုက်လာပါတယ်….။ သူငယ်ချင်းတွေက မဟုတ်မခံ သွေးဆူတတ်သူတွေမို့ စိတ်ပူလို့ လိုက်လာတာပါတဲ့ … ။ ကျမတို့လည်း ရွေဝါရောင်တော်လှန်ရေး အထိနာခဲ့တဲ့သံဃာတော်တွေ ပုံရိပ် မျက်စိထဲမြင်မိတော့ သူ့ကို ဝိုင်း ထု ကြပါသေးတယ်… ။ မနိုင်လို့ နိုင်တာမဲတာပါ … ။ သူကလည်း စိတ်ကြိုက် အထုခံပါတယ်… ။ စိတ်ပူပြီး လိုက်လာတဲ့သူကို ကျမတို့ ကြိုဆိုနည်းက ရိုင်းခဲ့ပါတယ်…. ။ စိတ်ဓါတ်မှန်တဲ့ ကျမသူငယ်ချင်းက အပြစ်မမြင်ခဲ့ပါဘူး ။ ဒါပေမဲ့ တပ်ထဲ က စိတ်က သူ့ အရိုးထဲ စွဲနေပုံရတယ်… ။ ကျမတို့ဘက်ကလည်း သူ့ဆီဖုန်းဆက်ရင်ဖြစ်ဖြစ် ၊ စာ ရေးရင် ဖြစ်ဖြစ် အမြဲ တကြောင်း ပို တိုးခဲ့တာက နင်လည်း ဂရုစိုက် ၊ ဘုရား တရား သံဃာလည်း သတိရဦး ဆိုတာမျိုးပါ… ။ စာကြောင်းက သာမန်လို့ထင်ရပေမဲ့ ဘုရား ၊ တရား ၊ သံဃာအပေါ် ရွှေဝါရောင် တော်လှန်ရေးတုန်းကလို ပြစ်မှားမိမှာ မလုပ်သင့်မလုပ်အပ်တာ လုပ်ခဲ့မိမှားစိုးတာကြောင့်ပါ … ဒါကို သူလည်း နားလည်ပါတယ်… ရတနာသုံးပါး ငါမမေ့ပါဘူးလို့လည်း သူပြောတတ်တယ် … ။
တစ်ရက် သူကျမဆီ ဖုန်းဆက်တယ် အဲ့ဒီအချိန် ကျ မ ထရိတ်ဒါး ဟိုတယ် အပေါ်ဆုံး ထပ်မှာ ဧည့်သည်တွေနဲ့ ရုံး အပြင် ဘက်က စကားဝိုင်းမျိုး လုပ်ပြီး ကော်ဖီသောက်နေချိန်ပေါ့… ။ သူက ဖုန်းဆက်ပြီး ကျမကို ပိန်သွားတယ်၊ အကျီင်္က ဘာရောင် ….ဘာလို့ ခြေထောက်ကြီး ချိတ်ထားတာလဲ ….. လှည့်ကြည့်မနေနဲ့ … ရုပ်ပျက်တယ်ဆိုပြီး … တခွန်းချင်း ဖုန်းထဲကနေ စခဲ့ပြန်တယ်….. ။ ကျမလည်း အံ့ဩ သွားတယ် ။ သူပြောနေတာ အမှန်တွေမို့ပါပဲ … ။ ကျမခြေထောက်ချိတ်ထိုင်နေခဲ့တာက အစ မှန်အောင် ပြောနိုင်ခဲ့လို့ပါပဲ … အနီးနားက လူတွေ လိုက်ကြည့်တယ် … အယုတ်စွဆုံး ကော်ဖီသောက်နေတဲ့ စားပွဲနားက တံခါးတွေ ပြတင်းပေါက်တွေ လိုက်ကာစတွေ သစ်ပင်တွေ အထိ ကျမလိုက်ရှာကြည့်မိတယ်… ။ မတွေ့ဘူးဆိုတော့ စိတ်က တိုပြန်ရော… ။ ဖြစ်နိုင်တာက သူများ ဆာကူရာ တာဝါ အပေါ် ထပ်က ကျမကို လှမ်းကြည့်နေမလားပေါ့… ။ ကျမမှန်နားကပ်ပြီး ပြူးတူ ပြဲတဲ ကြည့်ကြည့်တယ်… မတွေ့ပါဘူး … အလှမ်းဝေးတာကြောင့် သူကြည့်နေမယ်ဆိုလည်း ကျမခြေ ချိတ်ထိုင်တာလောက်တော့ သူမမြင်ရလောက်ပါဘူး … ။ သူက ပြောလာပြန်တယ်… ငါ့ကို တွေ့ချင်ရင် နင် အောက်ဆင်းခဲ့ဆိုလို့ … ကျမ အောက်ဆုံး ထပ်ထိ ဆင်းလာတယ် … ထရိတ်ဒါးက ဓါတ်လှေကားထဲတောင် ဆက်သွယ်မှူ ရနေတဲ့ဖုန်းက lobby နားရောက်တော့ လိုင်းမကောင်းတော့ပြန်ဘူး … ကျမစိတ်တွေလည်း လောနေတယ်… အရမ်းလည်း သိချင်တယ်… ။ လောလော လတ်လတ် ထွက်လာတာ ကျန်ခဲ့တဲ့ ဧည့်သည်တွေကိုတောင် ကျမ ဘာမှ မပြောခဲ့ပဲ ရိုင်း သလို ဖြစ်ခဲ့တယ်လေ … ။ မကြားတချက် ကြားတချက်နဲ့ ပေါ်တီကိုအောက်ထွက်ခဲ့လို့ သူက လှမ်းပြောတယ်… ။ ကျမ ထွက်လိုက်ပါတယ်… သုံးရာ့ခြောက်ဆယ် ဒီဂရီလှည့်ပတ်ရှာတောင် ကိုယ်တော်ချောက ကိုယ်ရောင် မပြပါဘူး … ။ ဒါနဲ့ ကျမ စိတ်တိုတိုနဲ့ ကုန်းကြုံး အော်လိုက်တောမှ …. သူက အေးဆေးစွာပြန်ပြောပါတယ်…. reception က ဝန်ထမ်းတွေ ကျမရူးနေပြီလို့တောင် ထင်ချင် ထင်မှာပါ … ဒါမှ မဟုတ် အရှက်နည်းလှချည်လား ဘယ်ရွာကလဲလို့ ထင်ချင်ပုံတောင် ရပါတယ်… အာပြဲကြီး နဲ့ အော်လိုက်တာကိုး …. ကျမကသာ အသံကုန်အော်လိုက်တာ သူက အေးဆေးစွာပြန်ပြောပါတယ် ။ သူ ကျမကို ပြန်ပြောတာက … ” ရပြီ အနောက်ကို လှည့်ကြည့်တော့တဲ့ ” သူ့ကို ကျမတွေ့လိုက်ရပါတယ်….. မြင်နေကျ ယူနီဖောင်းမျိုး မဟုတ်ပဲ လေတပ်က လိုလို ဖြစ်နေတာပါတယ်…. ။ ကျမ ခဏ အံ့ဩသွားပြီး အသိစိတ်ဝင်ချိန်မှာ လက်သီးနဲ့ ဒရစပ် ထုမိပါတော့တယ်… ။ လူကြား ၊ သူကြားထဲ ကျေနပ်လောက်အောင် တီးပြီးမှ … သူ့ကို ဘာကြောင့်ဒီလို ဝတ်ထားလဲ တိုးတိုးမေးကြည့်တော့ … ငါလေတီးခုန်ပြီး ပြန်လာတာဟတဲ့ … အမြင်ကတ်စရာကောင်းအောင် ရှိသမျှ သွားတွေ ဖြီးပြီး ပြောနေတာ နဂိုရှိရင်းစွဲ တည်တည်ကြည်ကြည်ရုပ်လေးတောင် ဗေလုဝ နဲ့ ခပ်ဆင်ဆင်ဖြစ်သွားတယ်… ။ ကျမလည်း ဒီအကြောင်းတွေ ပြောရင် နားမထောင်ချင်သူမို့ … ” ဟဲ့ကောင် ပါးစပ်ပိတ်တော့ …အကျီ င်္ လဲပြီး ပြန်လာခဲ့ ငါတို့ အတူ မုန့်သွားစားကြမယ်” ပြောတော့ … ဆောရီးသူငယ်ချင်းတဲ့ ဒီတခါ ငါလာတာ လှို့ဝှက် အစီစဉ်နဲ့ ဆိုလား ပဲ … သောက်ကြီး သောက်ကျယ်တွေကျမကို ပြောသေးတယ်… ။ ထရိတ်ဒါးလေးထပ်ကိုလာတဲ့ တာဝန်နဲ့တဲ့ ပစ္စည်းလာပို့တာတဲ့ အဲ့ဒီလိုမှတ်ထား ဘာမှ မမေးနဲ့တဲ့လေ … ။ အရူးက တမူးသာနေသေးတယ်… သူက မေးဆိုလည်း ကျမက အဲ့ဒီဟာတွေ စိတ်မဝင်စားပေါင် … ဟွန်း  ငနာ အခုထိ ပြန်တွေးရင် စိတ်တိုတုန်း ။ သိပ်ပြီး တာဝန်သိတတ်နေတာ သူမှ မလုပ်ရင် တတပ်လုံးလုပ်မဲ့လူမရှိတော့ဘူး ထင်ပါ့ … ။ ကုလသမဂ္ဂက အတွင်းရေးမှူတောင် သူ့လောက်အလုပ်မများတဲ့ စတိုင်ဖမ်းပြီး စကားကြီး စကားကျယ်ကတော့ ပြောတတ်သေးတယ် … ။ ကျမကို တာဝန်ချိန်မို့လို့ သူပြန်တော့မယ်တဲ့ … အခု လေထီးခုန်ကွင်းမှာ ပြန်လာတာမို့ ဘယ်သူ့ကိုမှ အသိမပေးတာတဲ့ အိမ်ကို မပြောနဲ့လို့ ပိတ်လိုက်သေးတယ်… ။ ကျမ ၂၁ လွှာကို မတတ်ခင်ကတည်းက သူမြင်လိုက်တာပါတဲ့… ဓါတ်လှေကား က ၂၁ မှာ ရပ်သွားတာ မြင်ခဲ့တာမို့ သူ့စိတ်ထင် ဧည့်သည်တွေ နဲ့ ချိန်းထားကြောင်း ကော်ဖီသောက်မှာဖြစ်တယ်လို့ တွေးပြောတာတဲ့… ကော်ဖီသောက်လျှင် ထိုင်ပြီး သောက်ရမှာဆိုတော့ ခြေထောက်ချိတ်ထိုင်တတ်တဲ့ အကျင့် အရိုးစွဲနေတဲ့ ကျမအကြောင်း သိလို့ ပြောလိုက်တာပါတဲ့… ။ တစ်ခုခုဆို ကြိတ်မနိုင်ခဲမရ သိချင်စိတ် ပြင်းပျတတ်တဲ့ ကျမကို ဖုန်းခေါ်ပြီး စလိုက်လျှင် ကျီးကန်းတောင်းမှောက်ရှာသလို ဖြစ်မယ်ဆိုတာ သူကြိုတွေးပြီး လျှောက်ရှာမနေဲ့ ရုပ်ပျက်တယ်လို့ မှန်းပြောခဲ့ကြောင်း ဝန်ခံပြီး နှုတ်ဆက်ထွက်သွားခဲ့တယ်… ။ နောက်လပိုင်းလောက် ကြာတော့ ဒီကောင် လေထီးလာခုန်သေးတယ်… ရင်ဘတ်မှာ တပ်ရတဲ့ တံဆိပ်မှာ အဲ့ဒီလေထီးခုန်ရင် ရတဲ့ တံဆိပ်လေး လှပြီး ဂုဏ်ရှိတာမို့ သူ လေထီးလာခုန်တာပါတဲ့ … ကျမလည်း ရွဲ့ပြီး နင်လိုချင်ရင် ဘားလမ်းမှာ အဲ့လို တံဆိပ်မျိုး ငါအပ်ပေးမယ်… တခုမက ဆယ်ခုလည်း နင့်ရင်ဘတ်မှာ တပ်လို့ရတယ်လို့ ရွဲပြောခဲ့ပါသေးတယ်… ။
နောက်ပိုင်း သူငယ်ချင်းတွေ လည်း အလုပ်ကိုယ်စီ ရခဲ့ပြီး တယောက်တနေရာစီ တာဝန်ထမ်းဆောင်နေကြတယ်… ။ မတွေ့ဖြစ်ပေမဲ့ အဆက်သွယ်ကတော့ ရှိစဲပေါ့ . ။ သူတို့တွေကတော့ အစိုးရအလုပ်ခွင်တွေမှာ အရာရှိတွေ ဖြစ်နေကြတယ် … ကျမကတော့ သူများ လခစား တောက်တိုမယ်ရ အလုပ်လေး လုပ်လို့ … ဘဝအတွက် အာမခံချက် ဘာမှ မရှိဘူး အဓိပ္ပါယ် မဲ့လိုက်တာလု့ိ တွေးရင်း ၊ အလုပ်သံယောဇဉ်ကို အကြောင်းပြပြီး ဘယ်တိုးတတ်ရာ တိုးတတ်ကြောင်းကို မှ မစွန့်ခွာ နိုင်ခဲ့ဘူးလေ … ။ အချိန်တွေလည်း တနှစ်ပြီး တနှစ်ကုန်လို့ …ဧပရယ်ဖူး ရောက်ခဲ့ပြန်ပြီပဲ …ဒီနေတော့ အစီစဉ်ရှိပါတယ်… ကျမသူ့ဆီ ဖုန်းဆက်ပါမယ်… ပြီးရင် ညနေကားနဲ့ ရန်ကုန် အမြန်လိုက်ခဲ့ဖို့ ပြောပါမယ်…. ။ ဒီ အပတ် တနင်္ဂနွေမှာ မင်္ဂလာဆောင်လုပ်မယ်ပေါ့… မပါမဖြစ် သူငယ်ချင်းအားလုံး စုံကြမယ်ပေါ့… ။ မလာလျှင် စိတ်ဆိုးမယ် ၊ ကောက်မယ်ဆိုပြီး ပြောပါမယ်…။ သေချာပါတယ် … သူယုံမှာပါ… ဘာလို့လဲဆို တချိန်လုံး တပ်မတော်တို့ ၊ တာဝန်တို့ ၊ ဝတ္တရားတို့ ခေါင်းထဲ စွဲနေတဲ့လူ အပြင်လောက ဘာနေ့လဲဆိုတာ မေ့နေမှာပါ … သူကျတဲ့တပ်က နယ်ဘက်ဆိုတော့ ဒါမျိုးတွေလည်း စတဲ့လူရှိမျာ မဟုတ်လို့ ကျမအကြံစဉ်အောင်မြင်မှာပါ ။ ပြီးခဲ့တဲ့နှစ်က သူ့တပ်က ဖုန်းကို ကျမဆက်ပြီး သူ့အမေ ဒေါ် အီးတုံး ဆက်တာပါ ….. အသည်း သန်ဖြစ်နေတာမို့ ဖုန်းပြန်ဆက်ပါလို့ ကြပ်ခဲ့ပါတယ်…သူယုံပြီး ဖုန်းတွေ ဆက်ပါတယ်… သူ့အမေရော ၊ သူ့အိမ်ကရော ခရီးထွက်ချိန်မို့ ဖုန်းအဆက်သွယ်မရတဲ့အဆုံး လိုက်လာခဲ့ပါတယ်…ဒီရောက်မှ ကျမနောက်မှန်းသိတော့ အပူလုံးကျပြီး စိတ်လည်း ဆိုး ၊ ဒေါသလည်း ထွက်ပေမဲ့ နှစ်တွေ ကြာပြီး တွဲခဲ့တဲ့သူငယ်ချင်း သံယောဇဉ် ကြောင့် ပြုံစိစိ ရယ်မောခဲ့ပါသေးတယ်… ။ နောက်မှ သူသေချာစဉ်းစားတော့ သူ့အမေနာမည် ဒေါ် အီးတုံးမှ မဟုတ်ပဲကိုးတဲ့ … ဟား ဟား 😀 ။ ရဲဘော်လေးတယောက်က ဗိုလ်ကြီး အမေလို့ ပြောတာနဲ့ သူ့အမေကို ပြေးမြင်ယောင်လိုက်တာပါတဲ့ … ဒါတင်ပဲ ပူထူပြီး ကျမဆင်တဲ့ အကွက်ထဲ ကျခဲ့တာပါ … ။
ဒီနှစ်လည်း ကျမ စီစဉ်ထားသလို နောက်ဦးမှာပါ … ကားလက်မှတ်ဝယ်ပြီး တဲ့ အချိန်လောက်ကျမှ မ ဟုတ်ဘူး နောက်တာလို့ ပြန်ပြောမယ်…။ ကံဆိုးချင်ရင်တော့ ဖုန်းက ဆက်သွယ်မှူ ဧရိယာ ပြင်ပရောက်ပြီး ကျမဆက်လို့ မရဘူးပေါ့… ဒါဆို သူရန်ကုန်ထိပါလာမှာပဲ 😀 လမ်းတဝက်က သူ့ဖုန်းကို ချိတ်လို့ ရလို့ နောက်တာပါလို့ ပြောရင် သူ ဘာပြောမလဲ …. လှည့်ပြီး ပြန်မလား ၊ ရန်ကုန်ထိလိုက်လာပြီး ကျမကို လာထုမလား မတွေးတတ်အောင်ပါပဲ … ။ ဘာဖြစ်ဖြစ် ကျမနောက်လိုက်လို့ ပျော်ရမယ်လို့တော့ ထင်ပါတယ် … ။ ။

(connection မကောင်းလို့ ဒီနေ့မှ တင်ရတယ် 🙁 )

15 comments

  • bigcat

    April 2, 2011 at 7:00 pm

    (တခြား ယောကျာင်္းလေး သူငယ်ချင်းတွေကို အီစကလီ အလုပ်မျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ပဲ မရိုးသားတဲ့ အပြောအဆို မျိုးတောင် ကျမတို့ကြားထဲ မရှိခဲ့တဲ့သူပါ)
    မေးလိုက်စမ်းပါ အီးတုံး၊ အဲဒီကာင်က နှာဗူးလား ဂန်ဒူးလားလို့။ တပ်ထဲမှာဆိုတော့ ဂန်ဒူးပဲဖြစ်မှာပါ။

    • etone

      April 4, 2011 at 6:19 am

      အာ မဟုတ်ဘူး ကို ကြောင်ကြီးရဲ့ … အဲ့ဒီလို မေးလို့ ဘယ်ဖြစ်မလဲ … ။ နှာဗူး လည်း မဟုတ် ၊ ဂန်ဒူးလည်း မဟုတ်ဘူး သိချင်ရင် သက်သေပြမယ်ဆိုမှ ဒုက္ခရောက်မယ် … အေးဆေးပဲ နေပါစေ 😀 😀

  • Gong Zhu

    April 5, 2011 at 7:14 pm

    သူငယ်ချင်းတစ်ယောက်က သူ့ငယ်သူငယ်ချင်းကို အဲ့ဒီနေ့ ရည်းစားစကားပြောပြီး ကျီစယ်နောက်ပြောင်ခဲ့တာ မှားလားမှန်လားတဲ့ … ဘာစိတ်မှ မရှိပဲ April Fool လုပ်လိုက်တာကို ဟိုဘက်က တုံ့ပြန်မှုကြောင့် နောက်တာလို့ ပြောရင်ကောင်းမလား ဘယ်လိုလုပ်ရမှန်းမသိဖြစ်နေတယ် … သူများရူးအောင်လုပ်တာ ခုသူ ခေါင်းစားနေပြီ…

    • etone

      April 6, 2011 at 2:48 am

      April Fool နေ့မှာ ပြောလိုက်လို့ ဟိုက အဲ့ဒီနေ့ပဲ ချက်ချင်းပြန်ပြောတာလား … ဒါဆိုလည်း ရူးချင်ယောင် ဆောင်လု့ိရပါတယ် … ကိုယ်စလိုက်တာမို့လို့ ဟိုကလည်း ပြန်စတယ်လို့ သဘောထားလို့ ရပါတယ် …။
      ဒါမှမဟုတ် နောက်နေ့ ကူးပြီးမှ ပြန်ပြောတာဆိုရင်တော့ အားနာစရာတွေ ဖြစ်ကုန်ပြီပေါ့ … ။ ကိုယ့်ကိုယ်ကို သေချာစဉ်းစားပေါ့ … တွဲလို့ဖြစ်မဖြစ်ကိုအရင်တွေး … ကြိတ်မှိတ်ပြီး ချော်လဲ ရောထိုင် လုပ်တာတော့ မကောင်းဘူး … ဘယ်သူမှ မသိခင် ၂ယောက်ထဲပဲ သိတဲ့အချိန်မှာ ပြန်တောင်းပန်လိုက်တာ အကောင်းဆုံးလို့ထင်တယ်… ။ ချော်လဲ ရောထိုင်လုပ်ပြီး တွဲလိုက်လျှင် နောက်တော့လည်း ပြတ်မှာပဲ ဒါအပြင် ရည်းစား တယောက် အဖတ်တင်သွားမယ် … ။ တကယ်ဆို တခြား ကိစ္စပဲ စသင့်တာ …ဒါမျိုးတွေ ရှောင်သင့်တယ် … သူများကို အရူးလုပ်တယ်ဆိုပေမဲ့ ကိုယ့် ဘက်ကိုယ်တော့ ကာဗာဖြစ်အောင် အရင်တွေးထားရတယ်လေ … ။

  • မမလေး

    April 6, 2011 at 8:13 am

    တစ်ရက်ကျော်တယ်လို့ပြောတယ် ကောင်လေးက ၁၂ ကျော်မှ ပြောတာတဲ့ … ဒါပေမယ့် အတော်ပါပဲ … သူငယ်ချင်းကလည်း အဲ့ဒီကောင်လေးကို ကြိတ်ကြိုက်နေတာဆိုတော့ … ကွက်တိဖြစ်သွားတာပေါ့ … ဒါပေမယ့် ကောင်လေးက အရူးပြန်လုပ်လိုက်တာဆိုသေပြီ ။။။

  • dream

    April 6, 2011 at 9:23 am

    မမအီးတုံး အရေးတော်ပုံအောင်မြင်လား
    ဒီနှစ် စလိုက်တော့ ဘာပြန်ပြောလဲဟင်
    စပ်စပ်စုစု သိချင်ပါ၏ 🙂

  • hmee

    April 6, 2011 at 10:05 am

    အဲ..အီးတုံး ရေးထားတဲ့ စာအသွားအလာကို ဖတ်ရတာတော့ တစ်ခုတော.တခုခုပဲ။ နှစ်ခု မဟုတ်တာတော. သေချာတယ်။

  • Thit Sar Lin

    March 31, 2012 at 10:37 am

    ဒေါ်တုံးကြီးရေ……
    ကျုပ်ကတော့ တခါမှ april fool မလုပ်ဖူသေးပါဘူးဗျာ…
    ဒါပေမဲ့…ဒီနှစ်တော့လုပ်ရင်ကောင်းမယ်လို့တော့စိတ်ကူးထားတယ်ဗျာ…………
    ဒီpostလေးကိုဖတ်ကြည့်ပြီးတော့ ……ပိုပြီးလုပ်ချင်စိတ်တွေပေါ်လာလို့ပါ…
    သူတပါးကိုလည်းမထိခိုက်စေဘဲနဲ့ အပျော်သက်သက်လေးဖြစ်ဖို့ရည်ရွယ်တယ်ဗျာ…..
    ဒီနှစ်ကော..အဲဒီဗိုလ်ကဆက်ပြီး april fool ဖြစ်အုံးမလား မဖြစ်ဘူးလား စောင့်ကြည့်နေပါတယ်ဗျို့

  • Khaing Khaing

    March 31, 2012 at 10:53 am

    သများကိုလုပ်ကြပါ April fool ကို သများက ရုံးပိတ်ရက်ဖြစ်နေလို့ ဘယ်သူ့ကိုမှ လုပ်လို့မရဘူး ချစ်ချစ်ကလည်း နိုင်ငံခြားမှာ ဆိုတော့ အဟင့် ဟင့် …..

  • water-melon

    March 31, 2012 at 10:53 am

    အင်း အရူးက တမူးသာသွားပြန်ပြီ ညင်း ညင်း ညင်း :mrgreen:

    • Thit Sar Lin

      March 31, 2012 at 11:49 am

      အော်…..အပေါကသာချင်သေးတယ်ပေါ့…အေးလေ အပေါလည်းသာချင်မှာပေါ့ လိုက်ပေါနေတာကိုး
      နင့်ကိုကြောပေးတယ်…ပေါ….ပေါ…နေရာတကာပေါချင်နေတဲ့အပေါ
      အပေါကနှစ်မူးသာပေါ့……ဟဟ

      • etone

        March 31, 2012 at 11:55 am

        ဟေ့ဟေ့ … ပေါက်ကရတွေညစ်တီးညစ်ပတ်တွေလာမရေးကြနဲ့ …. ။
        တစ်မူးကနေ နှစ်မူးဆို တစ်ကျပ်ပဲ … နောက်တစ်ကျပ်ထပ်ပေးလိုက်မယ် … တစ်ယောက်တစ်ကျပ်ဆီ ကူးတို့ခယူသွားတော့ ခွီးးးးးးးးး 👿

      • water-melon

        March 31, 2012 at 12:05 pm

        ဟေ့ရောင် မင်းဘယ်ကလဲ
        လေကျယ်မနေနဲ့

        • Thit Sar Lin

          April 2, 2012 at 10:24 am

          မင်းဘာကောင်လဲ..ငါစိတ်မဝင်စားဘူး..ဖြဲမ.မင်းလဲမင်းဘာသာအေးဆေးနေ..
          မင်းကိုငါရန်စနေတာလဲ မဟုတ်ဘူး…ငါ့ကိုလည်းရန်လာစမနေနဲ့…
          မိန်းမကြီးကျနေတာပဲ..နှုတ်ခမ်းတလန်ပန်းတလန်နဲ့….ခိခိခိခိ
          ငါဘယ်ကလဲ သိချင်ရင်မင်းဟာမင်းရအောင်စုံစမ်းပေါ့….
          ငါလေမကျယ်ပါဘူးကွာ……ဒီတခါဖြဲမ..မင်းအရင်လာစရင် မင်းကို နှစ်ခြမ်းခွဲပြီး စားပစ်လိုက်မယ်..ဂလု ဂလု ပြောရင်းတောင်မှ ဖရဲသီးစားချင်လာပြီ…..ဟီးဟီး
          မင်းဘက်ကသာ စိတ်လျှော့…မင်းဟာမင်းတယောက်တည်းဖြစ်ပြီး တယောက်တည်း ထွက်နေတာ..ဒေါသနော်……
          အဲဒါကိုထက်ပြီး အတွေးပေါက်နေရင်တော့…..ဒန့်ဒန့်ဒန်
          ဒေါ်တုံကြီးကိုတော့ အားနာပါရဲ့ ဗျာ…

  • etone

    March 31, 2012 at 11:03 am

    Thit Sar Lin ရေ အဲ့ဒီဗိုလ်နဲ့ ရန်ဖြစ်ထားလို့ ဒီနှစ်တော့ သူ ချမ်းသာရ ရသွားပါတယ် ။ ဒီနှစ်တော့ တခြား ဘယ်သူ့ကိုမှ အရူးလုပ်ပြီးစချင်စိတ်မရှိသေးပါဘူး …. ။ပြက္ခဒိန်တွေ မလှန်ဖြစ်ခဲ့တာ … အေပရယ်ဖူးလ်မှန်း မသိ …. ဖူးလ်တော့မလို့ပဲ …. ။ 🙁

    မခိုင်ရေ … ညီမကတော့ .. ချစ်ချစ်နဲ့ အမေကိုတော့ မနောက်ပါဘူး .. သူတို့စိတ်ထိခိုက် နာကျင်သွားမှာ စိုးလို့ပါ … ကျန်တဲ့ လူတွေကိုတော့ နောက်ဖူးပါတယ် …. အထူးသဖြင့် အဒေါ်သုံးယောက်က နှစ်အဆက်ဆက် …ခံနေကြရရှာတယ် … ။ ဟီး 😆

    ဖြဲသီးရေ .. အရူးက တစ်မူးသာသွားလည်း … သုံးစားလို့ မရပါဘူးကွာ … ဒီခေတ်ထဲ တစ်မူးနဲ့ ဘာမှ လုပ်မရဘူးလေ .. ကူးတို့ခတောင်တစ်ကျပ်ထည့်ပေးရတဲ့ခေတ်ဖြစ်သွားပြီလေ .. ဟေးဟေး :mrgreen:

Leave a Reply