ချစ်သူလေးသို့ ပေးတဲ့စာ

သို့

“……………..“

နင်ကတော့ ငါ့ကို သတိမရလို့ဖုန်းမဆက်တာထင်ပြီး အထင်တွေလွဲနေတော့မှာပဲနော်…

ခုသလော ငါ့မှာလဲ စိတ်ရှုပ်စရာ ကိစ္စကြီး ကြီးကြီးမားမားကလဲရှိလာတော့ ငါလေ တစ်ခြား အကြောင်းအရာတွေကို မတွေးမိတော့လို့ပါ.. မနေ့က နင့်အစ်မ ဖုန်းဆက်လာတော့ ငါ့ရင်ထဲ ထိတ်သွားတယ်။ နောက်မှ နင်က ဖုန်းမဆက်လာလို့လို့ပြောလို့တော့ ငါပျော်သွားပြန်ရော ။ တကယ်ပြောတာ နောက်တစ်ခုက သကြန်ဆိုတာကိုရော အမှတ်ရသေးရဲ့လားဆိုတာတော့ အမှန်တကယ်ပြောရရင် ငါ အမှတ်ရပါတယ်။သကြန်ဆိုတာ နင်နဲ့ပတ်သက်ပြီးတော့မှ ငါသတိရလာတာဟ။ နင် ငါ့ကို ယုံကြည်မှုမရှိသေးဘူးဆိုတာ ငါသိပါတယ်။ ငါပြောတဲ့စကားတွေကို နင်က စ, နောက်တယ်ထင်နေသေးတာလား။ ငါတို့ အရွယ်တွေဟာ အသက်ကြီးလှပြီ မဟုတ်ပေမယ့် တကယ်တမ်း တည်တည်ငြိမ်ငြိမ်နဲ့ စကားတစ်ခွန်းကို  အတည်ပြောရမယ့် အရွယ်ကိုရောက်နေပါပြီ။

နင့် ဘက်ကတော့ ငါက ချော်လဲရောထိုင်လုပ်တယ်လို့များ နင်ထင်နေတယ်လို့ ငါတွေးမိပါတယ်။ ငါ့စိတ်ကို ငါ့သေသေချာချာ ဂဃနဏ မသိပဲနဲ့  မစဉ်းစားပဲပြောတဲ့စကား မဟုတ်ဘူးဆိုတာတော့ နင်ယုံပေးပါ။ ဘယ်သူမှ တိုက်တွန်းစေ့ဆော်မှုမပါပဲ ၊ မြောက်ထိုးပင့်ကော်မှုမပါပဲ ငါနင့်ကို ချစ်စကားပြောခဲ့တာပါ။ နင်ကပြောတယ်နော်“ ငါ့ဘက်ကများ အရင်စ မိသွားပြီလားလို့ ပြန်စဉ်းစားတာ ရှက်လိုက်တာ“ဆိုပြီးတော့လေ။

နင့်ရဲ့ အနေတည်နေပုံလေးကို ငါကသဘောကျတယ်။ ဘက်လိုက်မှုမရှိပဲ သူငယ်ချင်းတွေအပေါ် ဆံဆက်တတ်တာကို သဘောကျတယ်။ ငါ့အတွက် ၂၀၀၉ ခုနှစ်ဟာ ဖူးစာရေးနတ်က ကံကောင်းစေတဲ့ နှစ်လို့ ဆိုတယ်သိလား။ သူငယ်ချင်းဆိုတဲ့ စိတ်တွေထဲမှာ နင့်စိတ်ဓါတ်က ဖြူစင်တယ်။ ဘာကြောင့် ညာကြောင့်ဆိုတဲ့ စိတ်ဓါတ်လည်း နင့်မှာ မရှိဘူး။ နင့် စိတ်ကို လျှပ်တပျက် ငါမြင်လိုက်ရတာ မန္တလေး ညောင်ကန်ဘုန်းကြီးကျောင်းတိုက်မှာပါ။ နင် မှတ်မိဦးမလားတော့ မသိဘူး။ ငါနဲ့ ငါသူငယ်ချင်း ရဲ့ အဝတ်တွေ တစ်ပုံတစ်ခေါင်းကြီးကို နင်နဲ့နင့်သူငယ်ချင်းတို့ လျှော်ပေးခဲ့တာတွေလေ။

အဲဒီကတည်းက နင့်ကို ငါသတိထားမိတယ်။ နင်ဘက်က မဖြစ်နိုင်ဘူးပါဘူးလို့ပြောတာဟာ ဘာကြောင့်မှန်းမသိပေမယ့်လို့ နင်နဲ့ ငါ့ကြားက ကွဟနေတဲ့ ဘာသာရေးကြောင့်လား ၊ လူမျိုးကြောင့်လားဆိုတာ နင် ဖြေပါဟာ။ နင်က ငါ့ထက် အသက်ကြီးနေလို့ အားနာတယ်ဆိုတဲ့ စကားနဲ့တော့ ငါ့ကိုမဖြေသိမ့်ပါနဲ့နော်။ ဘာ ဘာ ဘာမှမဆိုင်ဘူးလို့ ကြော်ငြာတစ်ခုထဲက စကားကို ခဏယူသုံးရဦးမယ်။ အသက်ကြီးတယ် ငယ်တယ်ဆိုတာ အချစ်မှာ ရှိတယ်လို့ နင်ထင်လား။ ဦးနဲ့ သမီး။ မမနဲ့ မောင်လေး။ ကိုကိုနဲ့ ညီမ၊ ဘိုးဘိုးနဲ့ မြေးအရွယ်  အားလုံးက ချစ်လို့ရတာပါပဲ။ ငါတောင် အသက်ကြီးတယ် ငယ်တယ်တောင် သတိမထားမိပါဘူး။ နင်က မေဆွိသီချင်းတစ်ပုဒ်ထဲကလို  “အားနာတယ်“ဆိုတဲ့ စကားကို လွယ်လွယ်လေးပြောလိုက်ပေမယ့် ငါ့ဘက်ကတော့ ယမ်းသိပ်မိုင်းခွဲလိုက်သလို ဝုန်းကနဲ ဘုန်းကနဲ ခံစားရတယ်သိလား။

နင်က စကားကို လည့်ပတ်ပြောတတ်တာတော့ တော်တယ်နော်။ ငါ့အကြောင်းတွေကို ပြန်ပြောပြတဲ့ သူတွေက ဘာတွေပြောမှန်းမသိပေမယ့်လို့ ဖားကန့်မှာ ရည်းစာရှိတယ်လို့ပြောတာ နင်ယုံလား။ နောက်တစ်ခုက အရက်သောက်တယ်ဆိုတာလေ။ ငါမငြင်းပါဘူး။ ငါ ခုလုပ်နေတဲ့ ကုမ္ပဏီမှာ လူကြီးတွေနဲ့ မလွဲသာ မရှောင်သာဖြစ်တဲ့အခါမျိုးတွေမှာတော့ ငါသောက်ရတာပေါ့။ ကြိုက်နှစ်သက်လို့မဟုတ်ဘူးဆိုတာတော့ နင်ယုံကြည်ပေးပါ။

(၂)

ငါက နင်မယုံရင် ဖားကန့်ကိုလာကြည့်လို့ရပါတယ် ပြောထားတယ်နော်။ နောက် နင်နဲ့ ငါ့ကြားက ကွာဟချက်တွေဆိုတာ ညှိယူလို့ရတာပဲလေ။

ကိုးကွယ်ယုံကြည်မှုဆိုတာ တစ်ဦးတစ်ယောက်ရဲ့ လွတ်လပ်တဲ့ ကိုယ်ပိုင်အခွင့်အရေးတစ်ခုပါ။ မကောင်းတာလုပ်ရင် မကောင်းတာ ဖြစ်မယ်၊ ကောင်းတာလုပ်ရင်ကောင်းတာ ဖြစ်မယ်ဆိုတာ ဘာသာတိုင်းရဲ့ သဘောတရားချင်းအတူတူ နင်နဲ့ငါတို့ရဲ့ ကိုးကွယ်ယုံကြည်မှုဟာလည်း မခြားနားလှပါဘူး။

ငါ့ နင့်ကို ချစ်တယ်ဆိုတာကို နင်ယုံကြည်အောင် သတ်သေ ပြချင်ပေမယ့်လို့ ခုလို အနေဝေးနေတော့ လေလိုင်းကြားကနေပြောနေလဲ  နင်ကတော့ ပိုထူးပြီး ယုံကြည်မလာတော့ ငါ့မှာ ခက်နေရတယ်။ ဟိုသလောက နင့်ကို လိုက်နှောက်ယှက်နေတဲ့ကောင်လေး နင့် ဆီမလာတော့ဘူးလို့နင်ပြောပြီး ငါ့ကို ကျေးဇူးတင်တယ်လို့ပြောခဲ့တယ်နော်။ ငါလည်း နင့်ကို တကယ်ကျေးဇူးတင်ပါတယ် ငါ့ကို ချစ်တတ်လာအောင် နင်က ပြုစားနိုင်စွမ်းလို့ပေါ့။

နင့်ရဲ့ အဌားရည်းစားအဖြစ် နင့်အပြောမှာ ငါ အရည်ပျော်ခဲ့ရသေးတယ်။  တခုတ်တရ ပြောလာတဲ့ ငါဟာ နင့်ရည်းစားပါလို့ ဓါတ်ပုံပြ နင့်ငြင်းဆိုချက်ကို အဲဒီကောင်လေးယုံသွားတာဟာ လူချင်းမတွေ့လိုက်ရပါပဲ ငါ့ကိုပဲရှိန်တာလား ဒါမှမဟုတ် နင့်မျက်လုံးထဲက ချစ်သူပုံရိပ်ကို မြင်သွားလို့ ကောင်လေး နောက်ဆုတ်သွားတာရော မဖြစ်နိုင်ဘူးလား။ ဖုန်းနဲ့မေးရင် နင်က ရယ်ရယ်မောမောနဲ့ ဟာသ လုပ်လိုက်မှာစိုးလို့ ငါက စာပို့လိုက်ရတာပါ။

နင့်ကို ငါ ဘယ်အချိန်ထိစောင့်ရမှာလဲလို့မေးဖူးတယ်နော်…။ ဘယ်အချိန် ဘယ်ကာလလို့မပြောပေမယ့်လို့ နင် စဉ်းစားပေးစေချင်ပါတယ်။ မကြာခင်ပဲ ငါပြန်လာတော့မယ်။ ဒါပေမယ့် နင့်အစ်မနဲ့ ခေါ်ခိုင်းတာတောင် နင်က ဖုန်းလာမပြောဘူးနော်။ နင် ငါ့ကို စိတ်ဆိုးနေတာဆိုရင် ငါဖုန်းဆက်ရခက်လိမ့်မယ်။

ငါလည်း စိတ်ညှစ်လွန်းလို့ ဖုန်းမဆက်ဖြစ်တာပါ။ ကြည်နူးစရာတွေ ပြောရမယ့်အစား စိတ်ညှစ်စရာတွေပြောမိရင် ဘယ်ကောင်းမလဲဟာ။ နင့်ကို ငါချစ်တယ် ဆိုတဲ့စကားဟာ ရိုးလွန်းပါတယ်။ အဲဒီရိုးလွန်းတဲ့စကားကိုပဲ လူတွေ အခါခါပြောနေကြတုန်းပါ.။ နင် ငါ့ကို ဘယ်တော့ အဖြေပေးမှာလဲ…..? ဘာပဲဖြစ်ဖြစ် ငါ့စောင့်ပါ့မယ်…။

ချစ်တဲ့

“…………………….”

သော်ဇင်(လွိုင်ကော်)