ငယ်စဉ်က ကလေးတို့ဘဝမှာ…. (၁)
၁၉၈ဝ ကျော်ကာလ၏ တစ်ခုသောချမ်းအေးလှသည့် Mandalay ၏ နံနက်စောစောပိုင်းတွင် တပ်တွင်းဆေးခန်းမှ သူနာပြုဆရာမများနှင့် သူနာပြုတပ်သားများမှာ လွန်စွာ အလုပ်များလျက်ရှိကြလေ၏။ ညကတည်းက ရောက်လာသော မွေးလူနာ၊ တပ်ကြပ်ကြီးကတော်သည်လည်း ကုတင်ထက်တွင် ညည်းငြူသံများပြုလျက် မွေးဖွားရန် အသင့်ဖြစ်နေသည်။ သားဦးမဟုတ်သော်လည်း ဆေးဝါးမစုံလင်သည့် တပ်တွင်းဆေးခန်းဆိုတော့လည်း သူနာပြုဆရာမကြီးမှာ အတော်ပင် ပူပန်လျက်ရှိလေသည်။ မျက်ပါးရပ်နှင့် ပြည်သူ့ဆေးရုံကြီးမှာ အတော်ပင်နီးသော်လည်း ညကြီးအချိန်မတော်ဖြစ်သောကြောင့် အရေးကြုံက သွားရန်လာရန် ခက်ခဲသောကြောင့် ဖြစ်သည်။
နံနက် (၄း၃၅)
ကလေးငယ်တစ်ယောက်၏ လူ့လောကအတွင်းသို့ အငိုဖြင့် စတင်ဝင်ရောက်လာသံကို ကြားရသည်။ ဖခင်စစ်သားကြီးမှာ ပြုံးပျော်နေလေ၏။ မိခင်လတ်လတ်ဆတ်ဆတ်မှာလည်း ပင်ပန်းနာကျင်ခဲ့ရသမျှကို အပြုံးတစ်ပွင့်ဖြင့် ဖြေဖျောက်နိုင်လေပြီ။ သူနာပြုများမှာလည်း ပူပန်မှုများ ကင်းစင်သွားသောကြောင့် ယခုမှပင် သက်ပြင်းချနိုင်သည်။ ကလေးမှာ သားယောကျာ်းလေးဖြစ်သည်။ နေတက်၊ ရေတက် စနေသားဖြစ်၏။ မွေးစက ခေါင်းမှာ သာမန်နှင့်မတူ ဟန်းကောကဲ့သို့သောခေါင်းမျိုးကြောင့် မနည်းပင် ဆွဲထုတ်ခဲ့ရသည်။ နောင်သောအခါ ထိုသူနာပြုများက ထိုသူငယ်အားမြင်တိုင်း ဟန်းကောလေးဟု စကြသည်။ ထိုကလေးငယ်မှာတော့ ဘာမှမသိ၊ ကလေးဘာသာဘာဝ အသံကြားရလျင် လူတိုင်းကို ပြုံးပြလျက်ပင်။
(က)
အသက်(၂)နှစ်ခွဲခန့်ရှိ ကလေးမလေးတစ်ယောက်သည် လက်တွင်းမှ ပုခက်ကြိုးစကို ဆောင့်ကြီးအောင့်ကြီးလွှဲနေရင်း နှုတ်ခမ်းကြီးများ တစ်တောင်ခန့် စူထွက်နေသည်။ မိခင်ဖြစ်သူက နောက်ဖေးမီးဖိုချောင်တွင် ဟင်းချက်နေရာမှ တစ်ခါတစ်ခါ လှမ်းအော်သည်မှာ…
” ဟဲ့.. ပေသီး၊ ကလေးပုခက်လွှဲပေးဆိုတာကို ဘာလုပ်နေတာလဲ”
ဟု အသံကြားတိုင်း ဆောင့်ကြီးအောင့်ကြီးဖြင့် ကြိုးစကို ဆောင့်ဆောင့်ဆွဲနေသည်မှာ အိပ်ခန်းနှင့်ဧည့်ခန်းကြားရှိ သစ်သားဘောင်တွင် စောင်ကြားဖြင့် ပြုလုပ်ထားသော ပုခက်လေးမှာ တစ်လည်လည်ဖြင့် ဟိုဘက်နံရံကိုပဲ တိုက်ရမလိုလို၊ ဒီဘက်နံရံကိုပဲ တိုက်ရမလိုလိုနှင့် ဗျာများနေသည်။ ပုခက်တွင်းရှိ လသားအရွယ် ကလေးငယ်မှာမူကား ဘာတွေ သဘောကျနေသည်မသိ ခြေလေးကိုလှုပ်၊ လက်ကလေးကိုလှုပ်ဖြင့် ပေါက်ကာစ သွားလေးနှစ်ချောင်းကို အတိုင်းသားမြင်နေရအောင် ပြုံးနေသည်။ ထိုကလေးမလေး၏ စိတ်တွင်မတော့ကား ဟိုအရင်က အိမ်တွင် ဗိုလ်ကျ စိုးမိုးလာခဲ့သမျှ ဒီကောင်လေးရောက်လာမှ သူမ၏ အခွင့်ထူးခံများ ဆုံးရှူံးသွားသဖြင့် မကျေမနပ်ရှိနေလေ၏။
အနှီ ထိုမွေးကင်းစ လသားလေးမှာ ကျွန်တော်သည်သာဖြစ်ပြီး ထိုသူငယ်မမှာမူ ကျွန်တော်၏ အစ်မဖြစ်လာလေ၏။ ကျွန်တော်သည် ငယ်စဉ်ကပင် စိတ်မြန်လက်မြန် အတော်လေးရှိသူဖြစ်ကြောင်း ကျွန်တော့်မိဘများမှာ အတော်လေး သတိထားမိခဲ့ကြကြောင်း ယခုစကားစပ်မိတိုင်း ပြန်ပြောကြသည်။ ကျွန်တော်မှာ စိတ်က ထစ်ခနဲဆိုလျင် ဖင်က ဗျစ်ခနဲ၊ စိတ်ကထောင်းကနဲဆို အနံ့များ ဟောင်းခနဲထအောင် ဇာတိပြခဲ့သောကြောင့် ငယ်စဉ်ကတည်းကပင် ချီမည့်သူဝေးစွ၊ အကြောင်းမသိသူများ ” ဟယ်… ကလေးလေးက ချစ်စရာလေးတော့” ဆိုပြီးချီလိုက်သည်နှင့် ကျွန်တော့်မှာ ဇာတိပြမြဲဖြစ်သောကြောင့် ငယ်စဉ်ကလေးဘဝကို မိမိပိုင်ဆိုင်ရာ ပုခက်တွင်းတွင်သာ အချိန်ကုန်ဆုံးခဲ့ကြောင်း သိရသည်။ ထို့အတွက်ကြောင့် မိဘများမှ ကျွန်တော့်အား အသက်ကြီးလာလျှင် ကျန်းမာရေးမကောင်းသူဖြစ်မည်ဆိုသောကြောင့် အိမ်နာမည်ပေးခဲ့သည်မှာ “ဒိုးဒိုး” ဟူသော အမည်ဖြစ်လေသည်။ ထို့ကြောင့်ပေလားမသိ၊ ယခုအခါ အလုပ်မှ အနားယူချင်လျင်သော်လည်းကောင်း၊ တစ်စုံတစ်ယောက်၏ အပြုအစုကိုခံလိုသောကြောင့်လည်းကောင်း ဖျားချင်၊ နာချင်ပါသော်လည်း မဖျား၊ မနာသည်မှာ နှစ်ပေါင်းပင် အတော်ကြာခဲ့ပါပြီ။ ခက်လှပေစွ….။
(ခ)
၆ နှစ်အရွယ် ကျွန်တော့်အစ်မ ပေသီးသည် အမေ့ရှေ့တွင် လက်နှစ်ဖက်ကို သေချာပိုက်၊ နှုတ်ခမ်းတစ်ဝိုက်တွင် ဟင်းဆီနီရဲရဲများ ပေကျံလျက် တုန်တုန်လှုပ်လှုပ်ရပ်နေသည်။ အမေမှာကား တုတ်(ဒုတ်)တစ်ချောင်းကို ကိုင်လျက် မျက်နှာထားတင်းတင်းဖြင့် စစ်မေးနေသည်။ အကြောင်းမှာ အမေမှ တပ်တွင်း အိမ်ထောင်သည်ရဲမေများ အစည်းအဝေးမသွားခင် ညနေစာအဖြစ်ချက်ထားခဲ့သော ဘဲဥဟင်းမှ ဘဲဥ နှစ်ခြမ်းတိတိ ပျောက်ခြင်းမလှ ပျောက်ဆုံးနေသောကြောင့်တည်း…။ ထိုအချိန်တွင် ကျွန်တော်သည်လည်း မူကြိုကျောင်းသားကြီးလုံးလုံးဖြစ်နေပြီဖြစ်သောကြောင့် အတော်အသင့်ပင် နားလည်နေပြီဖြစ်သည်။ အမေမှ အစ်မအား နင်စားသလားဟုမေးရာတွင် အစ်မမှ ပါးစပ်ဆီကွက်ကြီးအဝိုင်းသားဖြင့် “မီးမစားဘူး၊ မောင်ရေးစားရိုက်တာမြင်တယ်” ဟုသာ ထပ်ကာတစ်လဲလဲ ဖြေနေလေရာ အမေ့မှာမူကား ရယ်ချင်နေသောစိတ်ကို နှုတ်ခမ်းခပ်တင်းတင်းစေ့ရင်း ရိုက်တော့မည်တစ်ပြင်ပြင်နှင့်ဖြစ်သည်။ အစ်မကံကောင်းသွားသည်မှာ ထိုအချိန်တွင် အဖေသည်လည်း ရုံးမှပြန်လာပြီး အမေ့အား ခပ်ပြုံးပြုံးဖြင့် မရိုက်ရန်ပြောကာ သူ၏ ချစ်လှစွာသော သမီးကြီးအား ချစ်စနိုးဖြင့်နမ်းလိုက်ရာ အဖေ့ပါးပြင်တွင်လည်း ဆီကွက်ကြီးအထင်းသားဖြစ်လေ၏။
ကျွန်တော့်အသက် ၅ နှစ်သားအရွယ်ခန့်တွင်မူ ကျွန်တော်တို့ မိသားစုဘဝလေးတစ်မျိုးတစ်ဖုံပြောင်းလဲရန် အကြောင်းဖန်လာလေတော့သည်။ ကျွန်တော့်အဖေမှာ စစ်မှုထမ်းဘဝဖြင့် အဝေးသင်တက်ရောက်ကာ ဘွဲ့ရခဲ့ပြီး ဗိုလ်သင်တန်းတက်ရောက်ရန် အရွေးချယ်ခံခဲ့ရသောကြောင့်တည်း။ သင်တန်းရှိရာ ဖောင်ကြီးတပ်မြို့(ယခု ဗထူးတပ်မြို့)သို့ ကျွန်တော်၏ဖခင် သွားရောက်တက်ရောက်စဉ်မှစပြီး ကျန်ရစ်သူ ကျွန်တော်တို့မှာ တပ်မှပေးသော ရိက်ခါဖြစ်သည့် ဆန်ကြမ်းပိုးထိုးကို တစ်ခါတစ်ရံ ငရုတ်သီးခြောက်ဖြင့်လည်းကောင်း၊ တစ်ခါတစ်ရံ သကြားဖြင့်လည်းကောင်း၊ တစ်ခါတစ်ရံများတွင်မတော့ ငပိဖြင့်လည်းကောင်း အားမနာတမ်းလွေးရပြန်သည်။ ကျွန်တော်နှင့် အစ်မဖြစ်သူမှာ ငယ်ရွယ်သေးသည်သာဖြစ်သောကြောင့် မိခင်ကျွေးသမျှဖြင့်သာ စားသုံးရင်းထိုအချိန်ကာလများကို ဖြတ်သန်းခဲ့ရဖူးသည်။ အမေ့မှာမူကား ငါသာ အရာရှိကတော်ဖြစ်လာရင်…. ဆိုသည့်အတွေးများဖြင့် တင်းတိမ်ရောင့်ရဲနေလေသည်။
(ဂ)
တပ်တွင်းသို့ ဝမ်းသာစရာ သတင်းကြေးနန်းတစ်စောင်ဝင်လာပါသည်။ အကြောင်းမှာ ကျွန်တော်တို့တပ်တွင်းမှ ဗိုလ်လောင်းအဖြစ်ဖြင့် ရွေးချယ်စေလွှတ်ခံလိုက်ရသော ကျွန်တော့်အဖေသည် အကောင်းဆုံးဗိုလ်လောင်းအဖြစ် ရွေးချယ်ခံရခြင်းကြောင့်ဖြစ်သည်။ ယခုနေရာတွင် ကျွန်တော့်အဖေနာမည်သည် လူကြိုက်များသော နာမည်တစ်ခုဖြစ်သောကြောင့် ထိုအချိန်က နာမည်တူအတော်များလှပေသည်။ သင်တန်းတွင်လည်း နာမည်တူ (၃)ယောက်ရှိနေသောကြောင့် ၎င်းတို့၏ ထင်ရှားသော ဝိသေသများကို အမှီပြုပြီးသကာလ လူကိုခွဲခြား မှတ်သားကြလေသည်။ ဒူးရှည်သော ကျောင်းသားအား ဒူးရှည်… ဟုလည်းကောင်း၊ အသားမဲသော ကျောင်းသားအား ကုလား… ဟုလည်းကောင်း၊ ကျွန်တော့်ချစ်လှစွာသော ကျွေးသဖခင်ကြီးမှာ သင်တန်းတက်ရင်း စာအုပ်နှင့်မျက်နှာ မခွာတမ်းဖတ်ရှူရာမှ လူကြားမကောင်းသော ရောဂါကြီးကို ရရှိလာလေ၏။ ထို့ကြောင့် အများနှင့် သိသာထင်ရှား ကွဲပြားစေခြင်းအလို့ငှာ အမည်ပေး ကင်ပွန်းတပ်ကြသည်မှာ လိပ်ခေါင်း… ဟု ဖြစ်လေသတည်း။ ထိုစဉ်မှ စတင်တွင်ခဲ့သော အမည်သည်ကား ယခုတပ်မှ အငြိမ်းစားယူလိုက်သည့်တိုင်အောင် တစ်ပါတ်စဉ်အချင်းချင်း ကြုံကြိုက်သောအခါ သူ့အကြောင်း၊ ကိုယ့်အကြောင်း အတင်း (မှားလို့ 😀 ) သတင်းများပြောကြသည့်အခါ ထိုဂုဏ်ပုဒ်ကြီးကို မချတမ်းပြောဆိုကြမြဲဖြစ်ကြောင်း ကြားသိရလေ၏။ ဂုဏ်ယူလှပါဘိ။ ထူးခြားသော ဝိသေသပိုင်ရှင်ဖခင်ကြီး၏ သားတစ်ယောက်ဖြစ်သဖြင့် ထိုဂုဏ်ပုဒ်ကိုပြောလိုက်သည်နှင့် လူတိုင်း(တစ်ပါတ်စဉ်ဆင်းတိုင်း) အလွယ်တကူ သိမြင်နိုင်လေသည်။
ကျောင်းဆင်းသင်တန်းမတိုင်ခင် ဖခင်မှာ အကောင်းဆုံးဗိုလ်လောင်းဖြစ်သည့်အတွက် ကျောင်းဆင်းတပ်ခွဲကို ရှေ့ဆုံးမှ ဦးဆောင်ပြီး အမိန့်ပေးရမည်ဖြစ်သည့်အတွက် လေ့ကျင့်ရေးကွင်းတွင် အသံပြဲကြီးဖြင့် လေ့ကျင့်ရင်းပင် ထိုရောဂါကြီးမှာ တစ်မျိုးသာတိုးလို့ ဆိုးလာရသည်။ မတတ်နိုင်ပါ၊ ငွေဓါးဆုတက်ယူရပေမည်မလား၊ ဒီလောက်တော့ရင်းရပေမပေါ့ဟု မာန်ကိုတင်းရင်း ခပ်တင်းတင်းလေ့ကျင့်ရင်းပင် ကျောင်းဆင်းပွဲအခမ်းအနားသို့ ရောက်ရှိလာလေပြီ။
ကျွန်တော်၊ အစ်မ၊ အမေနှင့် အဖေ့အစ်မတို့သည်ကား နံနက်အစောကြီးကပင် စိတ်လှုပ်ရှားစွာဖြင့် အဝတ်အစားသစ်များဝတ်ကာ လှုပ်လှုပ်ရှားရှားရှိနေကြသည်။ အမေနှင့် အဒေါ်၏ မျက်နှာကိုမူကားကျွန်တော်နှင့် အစ်မမှာ စေ့စေ့မကြည့်ရဲကြ။ အကြောင်းမှာ ထိုစဉ်က ဝတ်စားပြင်ဆင်မှုအတိုင်း ဇာအကျီင်္ကြီးများကိုယ်စီ၊ မျက်နှာများရှူတင်းတင်းနှင့် မျက်နှာပေါ်တွင်လည်း ပေါင်ဒါများ ရိုက်ထားလိုက်ကြသည်မှာ ဝတ်စုံ ရွှေအိုရောင်များပေါ်တွင် အဖွေးသားမျက်နှာများနှင့် ထိုစဉ်က ခေတ်စားကာစ မလေးရှား-ုန်းကားများကို သတိတရဖြင့် ကြောက်ရွံ့ခြင်း အလျင်းရှိကြကုန်သည်သာဖြစ်သောကြောင့်ဖြစ်သည်။
ကျွန်တော်၏ ဖခင်ကြီးမှာမူကား ခဲလေသမျှ၊ သဲရေကျ၊ ပဲရေပွ( ကာရံဆက်သွားလို့ 😀 ) ဖြစ်ရလေပြီ။ ကျောင်းဆင်းပွဲနေ့တွင်မှ မိုးသည် အငြိုးကြီးစွာဖြင့် ရွာလေ၏။ ကျောင်းဆင်းစစ်ရေးပြအခမ်းအနား မကျင်းပနိုင်ဘဲ ရုံတွင်းတွင်သာ ကျောင်းဆင်းပွဲကို ဆက်လက်ကျင်းပရသည်။ အဖေ့မှာမူကား ယူကြုံးမရ၊ တောက် တစ်ခေါက်ခေါက်ဖြင့်ရှိနေ၏။ ကျောင်းဆင်းလက်မှတ်ပေးပြီးသောအခါတွင်တော့မူကား အပြင်ဘက်တွင် မိုးသည်လည်း တိတ်သွားပြီဖြစ်သောကြောင့် အခမ်းအနားမကျင်းပခဲ့ရသော စစ်ရေးပြကွင်းကြီးအတွင်းတွင် အနေအထားမျိုးစုံတို့ဖြင့် ကျောင်းဆင်းဗိုလ်လောင်းများသည် Post အမျိုးမျိုးပေးကာ ပုံအမျိုးမျိုး ရိုက်ကြလေသည်။ အမေနှင့် အဖေ့အစ်မ(အဒေါ်)တို့ အဖေ့ဘေးတစ်ဖက်တစ်ရပ်တွင် ခြံရံလျက် ရိုက်ယူထားသောပုံကို အရွယ်အတော်အတန်ရလာသည်ထိ စေ့စေ့မကြည့်ရဲခဲ့ပေ။
ထိုစဉ်က ကျွန်တော်သည် သရဲ အလွန်ကြောက်တတ်ခဲ့ပါ၏။
(မိဘများ၏ တစ်ဆင့်ပြောစကားများမှလည်းကောင်း၊ ကိုယ်တိုင်သိမြင်ခဲ့သည်များမှလည်းကောင်း ပုံရိပ်ဖော်ပြန်လည်ရေးသားခြင်းဖြစ်ပါသည်။ အလျဉ်းသင့်လျင် ဆက်ပါဦးမည်။)
စာလုံးဆင့်များမရသည့်အတွက် အချို့နေရာများတွင် စာသားများ ကျော်ခွ၊ မဖြစ်ဖြစ်အောင်၊ နားလည်အောင်ရေးခဲ့ရပါကြောင်း….။
14 comments
bigcat
April 25, 2011 at 2:49 am
စစ်ဗိုလ်သားတယောက်တော့တွေ့ပြီဟေ့။ ဖမ်းကြဆီးကြ ဝိုင်းကြချုပ်ကြပါလဟ။ သူ့အဖေက ထောက်လှမ်းရေးတပ်ကနေ အငြိမ်းစားယူသွားတာလို့ သတင်းရတယ်။
weiwei
April 25, 2011 at 2:59 am
ဖတ်လို့ကောင်းတယ် … အရေးအသားတော်တော်ကောင်းတာပဲ …
hokg
April 25, 2011 at 3:45 am
အရေးအသားက မိုက်တယ်
တော်တော်ကို ဖတ်လို.ကောင်းပါတယ်။
ဆူး
April 25, 2011 at 7:52 am
ရေးပါ အားပေးနေတယ်နော်
moethidasoe
April 25, 2011 at 8:42 am
ဟိုတုန်းက ချုပ်ချုပ်ကြီးကလဲ မိုးစိုမှာ ကြောက်ခဲ့တယ်
၁၉၉၄ တော်လှန်ရေးနေ့မှာတော့ မမျှော်လင့်ပဲ မိုးစိုပြီးနောက်ပိုင်း
၂၀၁၁ မှာလဲ မိုးစိုမှာကြောက်လို့ ခန်းမထဲမှာ လုပ်တယ် ဆိုတော့ အစဉ်အလာကြီးနဲ့ပေါ့ ..
ရှုံးနိမ့်သူရေ .. အားမငယ်နဲ့ အခုလဲ ဒီအတိုင်းပါပဲလား ဆိုတာလိုပေါ့
search123
April 25, 2011 at 10:12 am
ဆက်ပြီးရေးပါဦး။ဖတ်လို့ အဆင်ပြေပါတယ်။
yyin123
April 25, 2011 at 12:29 pm
ဟါး ဟါး ရယ်ရတယ်။ ဖတ်လို့ကောင်းပါတယ်။ ဆက်ရေးပါ။ ဒါပေမယ့် ကြော်ငြာအရမ်းဝင်ပါ၏ 🙂
ဆူး
April 25, 2011 at 2:22 pm
အဖေ အမေ နဲ့ အမ တောင် ရှိနေသေးတာဘဲ.. ဘာလို့ မပြန်ချင်ရတာလဲ။
ရှူံးနိမ့်မှုများနဲ့.. လူ
April 25, 2011 at 3:19 pm
ဪ… အစ်မကလဲ.. ခုမှ လူ့လောကထဲ ရောက်လာတုန်းပဲရှိသေးတယ်လေ.. ပြီးသေးဘူး
ဆူး
April 25, 2011 at 3:47 pm
ဟုတ်ပါပြီ ပရိတ်သတ်ဘဲ လုပ်နေမယ်.. ဆက်သာရေး… ကြားက ဝင်မထောက်တော့ဘူး
MaMa
April 25, 2011 at 3:50 pm
ကိုယ်တိုင်ရေး အတ္ထုပ္ပတိလေးပဲ။ လူတိုင်းကိုယ်စီ ရှိကြလေသည်ပေ့ါ။ အားကျမခံရေးချင်စိတ်တွေတောင် ပေါက်လာပြီ။ ရေးစရာ ကိုယ်စွမ်းကိုယ်စကလည်း မရှိတော့ နေနှင့်အုံးပေ့ါ။ (အားပေးပါတယ်။ မကြာမှီ ရှေ့ဆက်လိမ့်မည်ဟု မျှော်လင့်နေပါသည်။)
kopauk mandalay
April 25, 2011 at 4:15 pm
ဘယ်အချိန်မှာဘာကြောင့်ရှုံးသလဲဆိုတာသေချာရေးနော်
အချစ်ကြောင့်လား ဘာလား သေချာရေးပြနော်
စောင့်နေမယ်
hmee
April 26, 2011 at 9:39 am
ဦးကြောင်ကြီးကတော့ ပြောရော့မယ်။ သူများကိုလည်း စွပ်စွပ်စွဲစွဲ ပြောထားသေးတယ်နော်။ ဟုတ်ပါဘူးနော်။ ရှုံး…လူရေ အခန်းဆက် ဝတ္ထုရှည်ပေါ့ အားပေးနေပါတယ်။
rabbit
April 28, 2011 at 9:09 am
ဘာဖြစ်လို့ ကျွေးသဖခင်လို့ ပြောတာလဲ … နည်းနည်း အဓိပ္ပါယ် တစ်မျိုး ဖြစ်သွားသလားလို့ …