လမ်းဘေးဆိုင် ၊ လမ်းဘေးကား နဲ့ လမ်းဘေးလူ (၄)
ကြိုတောင်းပန်ချင်တာလေးနဲနဲရှိပါတယ်။
ကျုပ်တို့အွန်လိုင်းပေါ် တက်တဲ့အခါ ဖွင့်ချင်တိုင်းဖွင့်လို့က မဖြစ်သေးဘူးနော ။ ISP ကငြိုငြင်လို့ ဆိုက်ကိုပိတ်လိုက်ရင် ပြည်တွင်းကလူတွေ အများကြီးနစ်နာသွားမှာ။ ကျုပ်တို့မှာက ဒီသတင်းဆိုက်ဆိုတဲ့ ပြူတင်းပေါက်လေးတွေပဲရှိတာ ….။
ဆိုတော့ တချို့ဟာလေးတွေ လုံးတန်လုံး ဝါးတန်ဝါး ပစ်ရပါတယ်။ ကိုယ့်ဟင်းချက်ကလေး အစပ်တည့်နေစေဦး ရေထိုးပြီး ပေါ့ အောင်လုပ်တန်လုပ်လိုက် ရတာမို့ … ဖတ်ရတဲ့သူဘက်က တစိတ်တပိုင်း ဖြည့်စွက်နားလည်ပေးကြပါလို့ တောင်းပန်ရင်း ……
******************************************
ကတိအတိုင်း ပလက်ဖောင်းပေါ်ဆင်းမယ်လုပ်တိုင်းလဲ ဆင်းလို့က ရချင်မှရတာ။ ဘယ်ပလက်ဖောင်းများ ဆုံးအောင်လျှောက်လို့ ရလို့လဲ။
တလောကဆို မြို့လည်ကောင်မှာ နောက်ဆုံးပေါ်သူဌေးကြီးတဦးရဲ့ နောက်ဆုံးပေါ်ဘဏ်ကြီးလာဖွင့်တယ်။ ဘဏ်ကအကြီးကြီးဆိုတော့ မီးစက်ကလဲ အကြီးကြီးပေါ့။ အဲသည် အလျှား ၁၁ ပေ အနံ ၅ ပေလောက်ရှိတဲ့ ဧရာမမီးစက်ကြီးကို ဘဏ်ဘေးက ပလက်ဖောင်းမှာ ကန့်လန့်ကြီးချထားတယ်။ ဘဏ်အဆောက်အအုံဘေး နဲ့ ပလက်ဖောင်းထိပ်က ၁၁ ပေလောက်ပဲရှိတာဆိုတော့ အဲဒီနေရာရောက်ရင် ပလက်ဖောင်းပေါ်မှာ ကြွက်တောင် ဆက်လျှောက်လို့မရလောက်တော့ဘူး ။ လမ်းလျှောက်သူတွေ အဲသည်နေရာရောက်ရင် လမ်းပေါ်ဆင်းပြီးသာ လျှောက်ပေတော့ ။
တကယ်တော့ ဒီမီးစက်ကို ကန့်လန့်မထားပဲ လမ်းအလျှားအတိုင်း အလျှားလိုက်ထားမယ် ဆိုရင်တောင် လူသွားဖို့လေးတော့ နဲနဲကျန်ဦးမယ်။ ဒါပေမယ့် အလျှားလိုက်ထားရင် ရေမြောင်းပေါ် ထားသလိုဖြစ်မှာမို့ အဲဒီမီးစက်နေရာစာ ကလေးကို ခိုင်ခန့်အောင် လုပ်ရမယ်လေ။ ဒါကြောင့် အလုပ်မရှုပ်အောင် ကန့်လန့်ပစ်ထည့်လိုက်တာ။
ဒီသူဌေးဆိုတဲ့ကောင်နှယ် – သူ့ဘဏ်ကြီး ခမ်းနားအောင် သိန်းခြောက်ထောင် ခွန်နှစ်ထောင် အကုန်ခံပြင်ဆောက်တာ ဒီမီးစက်တလုံးစာ ထည့်ဆောက်တော့ ဘာဖြစ်မှာမို့လဲ။ အခုတော့ အဲဒီဘဏ်ကြီးမပျက်မချင်း လမ်းလျှောက်သူတွေက ပလက်ဖောင်းပေါ်ကနေ ကားလမ်းပေါ်ဆင်း လျှောက်ရမယ်ပေါ့ ။
ဒီလူတွေကပြောမယ်။ ဒါ စည်ပင်ကိုအခွန်ဆောင်ပြီးထားတာ ….လို့ …..
ကျုပ်နဲ့သိတဲ့ စည်ပင်အုပ်ချုပ်ရေးမှုးတယောက်က တကယ်ပဲ အဲသလိုပြောဘူးပါတယ် ။
အဲသည်တော့ အဓိပ္ပါယ်က စည်ပင်ကိုအခွန်ဆောင်ရင် လူတွေကို ကားလမ်းပေါ် ဆင်းလျှောက်ခိုင်းလို့ ရတယ်ပေါ့ ။
စည်ပင်ကို အခွန်ဆောင်ရင် လမ်းလျှောက်သူတွေ အန္တရာယ် ဖြစ်ရင်ဖြစ်ပစေပေါ့ ။
စည်ပင်ကို အခွန်ဆောင်ရင် ယာဉ်တိုက်မှုတွေ ဖြစ်ရင်ဖြစ်ပစေပေါ့ ။
အဲသလိုလား ?
လမ်းဘေးဈေးသည်တွေက လမ်းပိတ်ဆို့စေတယ်ဆိုရင်
သူတို့ လာဘ်ငွေယူပြီး ခွင့်ပြုထားတဲ့ အဲဒီမီးစက်ကြီးတွေကကော ?
အဲသည်တော့ လမ်းဘေးဈေးသည်တွေကိုရှင်းလင်းမယ့် စီမံချက်ကြီးကတော့ဟုတ်ပါပြီ
မီးစက်ကြီးတွေကို ရှင်းလင်းမယ့် စီမံချက်မျိုးများ ရှိသလား ?
မီးစက်ကြီးတွေကို တော့ ဖြစ်ချင်သလိုဖြစ် ထားခဲ့ပြီး
လမ်းဘေးဈေးသည်တွေပဲရှင်းမယ်ဆိုရင်
လမ်းကိုရှင်းချင်လို့လား? လူကိုရှင်းချင်လို့လား?
အဆုံးတနေ့မှာတော့ မနိုင်တော့တဲ့အခါ ဘာမှမရှင်းပဲ- ဖြစ်ချင်သလိုဖြစ်ပစေ
လမ်းအသုံးပြုသူတွေ ဒုက္ခ ရောက်ချင်သလိုရောက်ကြပစေ ဆိုပြီး
ဒီအတိုင်း လွှတ်ထားဦးမှာလား ..
တကယ်တော့ လမ်းပိတ်ဆို့စေတာတွေက လမ်းဘေးဈေးသည် နဲ့ မီးစက် တွေ တင်မကဘူး ။
စည်းကမ်းမဲ့ချထားတဲ့ ရပ်ကွက်ရုံးတွေရှေ့က ခုံတန်းလျှားတွေ
အိမ်ရှေ့ လမ်းနယ်နိမိတ်တွေကိုကျူးကျော်ထားတဲ့ ဒန်းတွေ စည်ပိုင်းပြတ်တွေ ပန်းအိုးတွေ
စည်းကမ်းမဲ့ဆောက်လုပ်ရေးပစ္စည်းဆိုင်တွေရဲ့ အုတ်ပုံ ကျောက်ပုံတွေ
တိုက်ခန်းထဲကဆိုင်တွေရဲ့ အပြင်ကိုတမင်ထုတ်ခင်းထားတဲ့ ကုန်ပစ္စည်းတွေ စားပွဲကုလားထိုင်တွေ
ပုဂ္ဂလိက အမှိုက်သိမ်း တွန်းလှည်းတွေ
အဲသည် အဲသည် လျှောက်ပြောလို့မကုန်နိုင်တာတွေကိုကော ဘယ်လိုသဘောထားမလဲ ?
စည်ပင်အုပ်ချုပ်ရေးမှုးကတော့ ညည်းရှာတယ် ။
လူတွေကစည်းကမ်းမရှိဘူးဗျာ … တဲ့
လူတွေက အလိုလိုစည်းကမ်းရှိမှဖြင့်
သူ့လိုရာထူးမျိုးကော ရှိပါ့မလား …လို့
ကျုပ်တို့ ရန်ကုန်မြို့ကြီးဟာ လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က တည်ဆောက်ခဲ့တာပါ
လမ်းတွေကကျဉ်းတယ် ။ block တွေက ကျဉ်းတယ် ။
လက်ရှိခေတ် လူနေမှုပုံစံအတွက် သင့်တော်တဲ့ပုံစံမျိုးတော့ မဟုတ်ဘူး
ဆိုင်တွေကြိုက်သလိုဖွင့်ဖို့ လူတွေကြိုက်သလိုသွားဘို့ ကားတွေ ကြိုက်သလိုမောင်းဘို့ ဆိုက်ကားတွေ ကြိုက်သလိုနင်းဘို့ – အဲဒါတွေအကုန်လုံး တပြိုင်နက်ထဲ ရာနှုံးပြည့်အဆင်ပြေဘို့ မဖြည့်ဆည်းပေးနိုင်ပါဘူး။
ဒါပေမယ့် မြို့ပြတခုကိုစီမံခန့်ခွဲတယ်ဆိုတာ ကလေးဆော့သလို အကုန်ဖျက်ပြီး အစကပြန် စ လို့ ရကောင်းတာမျိုးမဟုတ်ဘူး။
အခုလက်ရှိမှာ ဘာတွေရှိသလဲ ? အဲဒါက ပေးထားချက်ပဲ ။ ဒီပု စ္ဆာကို အဲသည် ပေးထားချက်အရပဲ တွက်ရမှာ။
ဒီပုစ္ဆာရဲ့ အတိမ်အနက်ကို မှန်းလို့ရဘို့ နဲနဲလောက် ဟင်းစားပေးမယ် ။
အခုလက်ရှိမှာ – ရန်ကုန်မြို့ကြီးမှာ –
တခြား .…တခြား…တခြား ….ဟာတွေအပြင် –
သူတို့ကို –
(မိုးပေါ်က ကျလာတာမို့) သိလဲမသိတဲ့ –
မသိလို့ – ယုံလဲမယုံတဲ့
မယုံလို့ – (အမြင်) ကြည်လဲမကြည်တဲ့
(အမြင်) မကြည်လို့ – မလေးစား ၊ မလိုက်နာ ၊ မပူးပေါင်း ၊ မကူညီ မယ့်
“လူခြောက်သန်းရှိတယ် “
10 comments
လင်းဝေကျော်
June 8, 2011 at 6:00 am
ကောင်းလိုက်တဲ့ တင်ပြချက်။
မြန်မာပြည်မှာ ခင်ဗျားလို လူများများ လိုပြီး ဒီလိုများများပြောပေးနေရမှာ။
ဒီလို အသံတွေ ကျယ်ပြီး တာဝန်ယူပြီး လုပ်ရမယ့်သူတွေ လုပ်ချင်ရာ လျှောက်ရမ်းသမ်း မလုပ်ရဲ ဖြစ်ရမယ်။
koyewin80
June 8, 2011 at 9:48 am
ဘယ်တော့များမှ … အခုလိုအဖြစ်တွေ.. မရှိတော့မှာလဲ။
kai
June 8, 2011 at 10:04 am
အဲဒီမိုးပေါ်က ကျလာတာဟာ.. ပြသနာရဲ့အခြေခံအကြောင်းတရားပဲ…
နောက်ဆို.. မြေကြီးထဲက.. ထွက်လာအောင်လုပ်ရမယ်ထင်တယ်..။ 🙂
i love this
June 8, 2011 at 10:14 am
အို..သူကြီးရေ….ဆေးရုံ လာဘ်စား ပို့စ် ကို သူကြီးပိတ်လိုက်ပါသလားခင်ဗျာ…သိပါရစေ..၊။
Myanmar
June 8, 2011 at 1:08 pm
@Ko Parlayar46: I like your post. Post it more.
MaMa
June 9, 2011 at 3:37 am
လမ်းကိုရှင်းချင်လို့လား? လူကိုရှင်းချင်လို့လား? ဆိုတော့
ရှင်းချင်တာကို ရှင်းတာပါ။ ဖြည့်ချင်တာလေး ပြည့်ဖို့ပါ။
wakawaka7
June 9, 2011 at 7:16 am
ကောင်းလိုက်တဲ့ပိုစ်။ အကုန်လုံးအမှန်တွေကြီး။ ဆက်ရေးပါဦး။ စောင့်မျော်အားပေးနေတယ်နော်။
naywoonni
June 9, 2011 at 1:44 pm
အခုလက်ရှိမှာ – နိုင်ငံကြီးမှာ –
တခြား .…တခြား…တခြား ….ဟာတွေအပြင် –
သူတို့ကို –
(မိုးပေါ်က ကျလာတာမို့) သိလဲမသိတဲ့ –
မသိလို့ – ယုံလဲမယုံတဲ့
မယုံလို့ – (အမြင်) ကြည်လဲမကြည်တဲ့
(အမြင်) မကြည်လို့ – မလေးစား ၊ မလိုက်နာ ၊ မပူးပေါင်း ၊ မကူညီ မယ့်
လူသန်းခြောက်ဆယ်ရှိတယ်….။
OQ23
June 9, 2011 at 2:23 pm
ပြောစရာရှိတာကို အားမနာတမ်းပြောပြီး လုပ်စရာရှိတာကိုလဲ အားမနာတမ်းလုပ်စေချင်တယ်။ တကယ်တမ်း ပြောရရင်အားလုံးကသူ့ အကြောင်းနဲ့သူပါပဲ။ ဘာကိုပဲကြည့်ကြည့် အကောင်းဘက်က နေမြင်စေချင်တယ်။ အပြစ်ပြစ်မြင်ကြေးဆို မြင်စရာတွေမှတပုံကြီးပါပဲ သူ့နေရာနှင့်သူ လေးစားပြီးဆက်ဆံစေချင်တယ်။
layla
June 10, 2011 at 1:01 am
U Parlayar46! I like your post much. Looking forward to your new posts…