မခမမ (သို့) Differently Able
MRTV-4 ရဲ့ ရနှစ်ပြည့် လှူဒါန်းမှုတစ်ခုအဖြစ် မခမမ ကို တွေ့မြင်သိရှိပြီး ရောက်သွားခဲ့ရပါတယ်။ မခမမ လို့ အတိုကောက်ခေါ်တဲ့ မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်မိတ်သဟာယ အသင်းဟာ ၁၉၇၅ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့မှာ စတင်တည်ထောင်ခဲ့တာ ခုဆိုရင် ၃၆ နှစ် ပြည့်ပါပြီ။
စတင်တည်ထောင်သူလည်းဖြစ်၊ လက်ရှိမှာလည်း ဦးဆောင်နေသူဖြစ်တဲ့ ဆရာကြီး ဦးသိန်းလွင်နဲ့လည်း တွေ့ဆုံခွင့်ရရှိခဲ့ပါတယ်။ အခုလို မေတ္တာကို ပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ဆရာကြီးက နှုတ်ဆက်စကား ဆိုပါတယ်။
ဆရာကြီးဟာ ၁ဝတန်းကျောင်းသားဘဝမှာ လက်တွေ့လုပ်ရင်းနဲ့ ဓာတ်ခွဲခန်းပေါက်ကွဲမှုဖြစ်ပြီး မျက်မမြင်ဘဝကို ရောက်ရှိခဲ့ရသူဖြစ်ပါတယ်။ အဲဒီမတော်တဆမှုမှာ ဆရာကြီးဟာ လက်တစ်ဖက်ပါ ဆုံးရှုံးခဲ့ပေမယ့် စိတ်ဓာတ်မကျပဲ မျက်မမြင်ဘဝနဲ့ပဲ ၁ဝ တန်း စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့ပါတယ်။
သူ့လို ဘဝတူတွေ စိတ်ဓာတ်ကျအားငယ်ပြီး လမ်းဘေးရောက်သွားမှာစိုးလို့ အခုအသင်းကို ဖွဲ့စည်းဖြစ်ခဲ့တာလို့ ပြောပြပါတယ်။
၁၉၉၆ ခုနှစ်မှာ ကမာ္ဘ့မျက်မမြင်များသမဂ္ဂ (World Blind Union- W.B.U) မှ အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြု လက်ခံခဲ့ပါတယ်။ မျက်မမြင်များကိုယ်တိုင် (By the Blind) မျက်မမြင်များအကျိုးအတွက် (For the blind) ဆောင်ရွက်ဖို့ မျက်မမြင်များအား ချစ်ခင်ကြင်နာ ကူညီပံ့ပိုးလိုသော မိတ်ဆွေများနှင့်အတူ အသင်းအမှုဆောင်အဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်လျှက် ရှိပါတယ်။
မခမမ ကို မရောက်ခင်က စိတ်ထဲမှာ မျက်မမြင်တွေဆိုတာ မသန်စွမ်းသူ (Disable) ဒုက္ခိတတွေဖြစ်လို့ စိတ်ဓာတ်ကျ အားငယ်နေလိမ့်မယ်လို့ ထင်ထားခဲ့ပါတယ်။ ဒါပေမယ့် အထင်နဲ့အမြင် လွဲချော်နေတယ်ဆိုတာကို မျက်မမြင်တွေနဲ့ တွေ့ဆုံခွင့်ရတဲ့အခါ သိရှိသွားရပါတယ်။
ကျောင်းကို ရောက်ရှိလာတဲ့ မျက်မမြင် ကလေးသူငယ်တွေကို အပေါက်ဖောက်ပြီးစာရေးတဲ့ မျက်မမြင်စာကို စတင်သင်ကြားပေးပါတယ်။ သင်ကြားပေးတဲ့ မျက်မမြင်ဆရာမတစ်ယောက်နဲ့ တွေ့ဆုံခွင့်ရတော့ အပေါက်ဖောက်နည်းကို လက်တွေ့ ပြသပေးပါသေးတယ်။ အဲဒီဆရာမဟာ စိတ်ပညာနဲ့ ဘွဲ့ရပြီး ဖြစ်တယ်လို့လဲ သိခွင့်ရခဲ့ပါတယ်။
မူလတန်းပညာကို ကျောင်းမှာသင်ပေးပြီး အလယ်တန်းကစလို့ အပြင်ကျောင်းတွေမှာ သာမန်လူတွေနဲ့တူတူ ကျောင်းတက် စာမေးပွဲ ဖြေရတယ်လို့ သိရပါတယ်။ ကျမတို့ရောက်တဲ့အချိန်မှာ အပြင်ကျောင်းတွေက ကျောင်းဆင်းလို့ ပြန်ရောက်လာကြောင်း ဆရာမတွေဆီကို သတင်းပို့နေတဲ့ကျောင်းသူ ၄-၅ ယောက်လောက် တွေ့ခဲ့ရပါတယ်။
ကွန်ပြူတာခန်းမှာတော့ ဂျပန်မှာ ၃လ ပညာသင်ပြီး ပြန်လာတဲ့ မွေးရာပါ မျက်မမြင်ဆရာက သင်ကြားပေးထားတဲ့ ကလေးတွေ (ကျောင်းရဲ့ ၃၆နှစ်ပြည့်မို့) ကျောင်းပိတ်ထားလို့ သီချင်းတွေ Down load လုပ်နေတာ တွေ့မြင်ခွင့်ရရှိခဲ့ပါတယ်။
သူတို့တစ်တွေဟာ ဘေးကကူညီသူ မလိုပဲ တက်ကြွစွာ လှုပ်ရှားသွားလာနေကြတယ်။ သာမန်လူတွေနဲ့ တန်းတူ ပညာသင်ကြားနိုင်ကြတယ်။ အသက်ကြီးခြင်း၊ ဒါမှမဟုတ် ဉာဏ်ရည်မမီခြင်းတို့ကြောင့် ပညာမသင်ကြားနိုင်တဲ့ သူတွေအတွက် အသက်မွေးဝမ်းကြောင်းပညာ သင်ပေးပါတယ်။
ကြိမ်ထိုးခြင်း၊ ခရစ်စတယ်ကျောက်ဖြင့် လက်မှုပညာ အလှဆင်ပစ္စည်းများ ထုတ်လုပ်ခြင်းများစတဲ့ ဝါသနာပါရာကို သင်ယူနိုင်ပါတယ်။ ထို့အပြင် အနှိပ်ပညာသင်ပြီးလည်း အသက်မွေးနိုင်ပါတယ်။ ပညာသင်ချိန်မှာ ပညာသင်ပြီး၊ ဘွဲ့ရလျှင် ကျောင်းမှာ ဆရာ ဆရာမ၊ ဒါမှမဟုတ်လဲ ဝန်ထမ်း ပြန်လုပ်နိုင်ပါတယ်။ ဒီကျောင်းဟာ မျက်မမြင်တစ်ယောက်ကို တစ်ဘဝလုံးအတွက် အာမခံချက်ရစေပါတယ်။
စားဖိုဆောင်က ဖြတ်သွားတော့ မွှေးပျံ့နေတဲ့ ဟင်းနံ့ကို ရရှိလို့ မေးကြည့်တဲ့အခါ ကျောင်းသားတွေကို နနံက် ၈ နာရီမှာ တစ်ကြိမ်နဲ့ ညနေ ၄နာရီမှာတစ်ကြိမ် ထမင်းကျွေးတယ်လို့ သိရှိခဲ့ရပါတယ်။ အလှူရှင်ရှိရင် ၁၂ နာရီမှာ မုန့် လက်ဖက်ရည် စသည်ဖြင့် ကျွေးမွေးကြောင်းလည်း ပြောပြပါတယ်။
မျက်မမြင်ဝန်ထမ်းတွေအနေနဲ့ နေချင်လျှင် ဝန်ထမ်းအိမ်ယာမှာ လခသက်သက်သာသာနဲ့ နေထိုင်နိုင်ပြီး၊ ထမင်းချိုင့်ကို တယောက်စာကို ၁လ ၇၅၀ဝ နှုန်းဖြင့် ကျောင်းမှ လပေးစနစ်နဲ့ ယူနိုင်ပါတယ်။ ပြန်ခါနီးမှာတော့ သီချင်းတိုက်နေတဲ့ ကလေးတွေရဲ့ သီချင်းသံကိုလည်း ကြားခဲ့ရပါသေးတယ်။ မျက်မမြင်တီးဝိုင်း ၂ဝိုင်း ရှိပြီး မြန်မာတနိုင်ငံလုံးအနှံ့ လိုက်လံ ဖျော်ဖြေပေးရတယ်လို့ ဆိုပါတယ်။
အသက်ကြီးတဲ့ မျက်မမြင်တွေအတွက် ထန်းတပင်မှာ ရိပ်သာလို သဘောမျိုး စုပေါင်းနေထိုင်နိုင်ပါတယ်။ ကျောင်းကို နိုင်ငံတော်မှ လှူဒါန်းခြင်း၊ စေတနာရှင်တို့မှ လှူဒါန်းခြင်း၊ ကိုယ့်အားကိုယ်ကိုး ရံပုံငွေရှာခြင်းတို့ဖြင့် ရပ်တည်လျှက် ရှိပါတယ်။
အသင်းရဲ့ပန်းတိုင်ဖြစ်တဲ့ “မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်း အကြောင်းကို ပြစေခြင်းငှာ ဤသာသနာလုပ်ငန်းကို တည်ထောင်ဆောင်ရွက်ပါသည်” ဆိုတဲ့အတိုင်း (Differently Ables) ခြားနားတဲ့သဘာဝနဲ့ စွမ်းနိုင်သူများ ဖြစ်ကြပါတယ်။ မျက်စိမမြင်ပေမယ့် လောကဓံကို အရှုံးမပေးပဲ ပန်းတိုင်ကို အရောက်လှမ်းနိုင်သူများကို ဒီစာနဲ့ ဂုဏ်ပြုလိုက်ပါတယ်။
ှ
13 comments
zonlay
August 11, 2011 at 9:16 am
မျက်မမြင်တွေက အကြားစွမ်းရည်ပိုကောင်းပြီးတော့ ကြိမ်ထိုးခြင်းအတတ်ပညာကိုတော့ တဖက်ကမ်းခတ်ကျွမ်းကျင်ကြပါတယ်။ အနှိပ်ပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုပြီးတော့ ကျွန်းတောလမ်းမှာရှိတဲ့ စိန်မေရီခရစ်ယာန်မျက်မမြင်ဝင်းမှာ အနှိပ်ခန်းဖွင့်လှစ်ထားပါတယ်။ သူတို့ဘဝကို သူတို့ စိတ်ဓာတ်မကျ အရှုံးမပေးပဲ ဇွဲ၊ လုံ့လ၊ ဝီရိယ ရှိရှိနဲ့ ကြိုးစားကြတာဟာ လေးစားအားကျ ချီးကျူးဖို့ကောင်းပါတယ်။ ဒီလို မျက်မမြင်တွေ ဘဝကိုသိအောင် ပို့စ်တင်ပေးတဲ့ MaMa ကိုလည်း ကျေးဇူးတင်ပါတယ်။
thit min
August 11, 2011 at 9:31 am
Chicken soup for soul! Whenever we got depression sometimes, we should read these kinds of articles. Why we give up? Don’t we have full capacity of body-parts. Look at here, they never give up. Here, I am not satisfied one thing that is ,”why Myanmar Buddhist dose’nt do that kind of matter”.
etone
August 11, 2011 at 9:33 am
MaMa ရေ… ပို့စ်လေး ဖတ်မိပြီးမှ … မျက်မမြင်တွေ လုပ်ဆောင်နိုင်တာ အများကြီးပါလားဆိုတာ သိရတော့တယ် … ။ … ကျွန်မတို့တတွေ မျက်စိမြင်တဲ့လူထက်တောင် ပိုပြီး လုပ်နိုင်စွမ်းရှိတာပဲနော် … ။ စိတ်ဓါတ်မကျပဲ ရပ်တည်နိုင်တာ တကယ့်ကို လေးစားလောက်ပါတယ် ။ 🙂
weiwei
August 11, 2011 at 9:48 am
မမတို့လုပ်ခဲ့တဲ့ ကုသိုလ်အတွက် သာဓုခေါ်ပါတယ် …
နောင်လဲ ဒီထက်ပိုပြီး ကုသိုလ်အလုပ်တွေ များများလုပ်နိုင်ပါစေလို့ ……
icecube
August 11, 2011 at 9:50 am
ကျမ တို့မြို့လေးကိုလဲ သူတို့အဖွဲ့တွေ နှစ်တိုင်းလိုလို ရောက်လာကြပါတယ်၊
မြို့သူမြို့သားတွေကလဲ အလှုငွေ ထည့်ဝင်ပီး အားပေးကူညီ ခဲ့ကြပါတယ်၊
မျက်စိမမြင်ရပေမဲ့ စိတ်အားငယ်နေတဲ့ အမူအရာ မျိုး မတွေ့ခဲ့ရပါဘူး၊
တစ်ကယ် လေးစားစရာကောင်းတာတော့ အမှန်ပါ၊
မိုက်ကယ်ဂျော်နီအောင်ပု
August 11, 2011 at 9:51 am
ပို့စ်ရဲ့ ရည်ညွှန်းကိုလွှဲလိုက်တာတော့ဟုတ်ပါဘူးနော
တစ်ခါတုန်းက သတင်းတစ်ပုဒ်မှာ ဖတ်ဘူးတယ်
ဇဝေဇဝါလည်းဖြစ်နေတယ် ဘယ်မှာလည်းတော့သိဘူး
ဒါပေမယ့် ကျုပ်ကတော့ တော်တော်ကိုစိတ်ဝင်စားတယ်
တစ်ချို့ရုပ်ရှင်တွေမှာပေါ့ မျက်မမြင်တွေဟာ ဘာဆိုဘာမှ မသိဘူး မမြင်ဖူးဘူး ပါဘူးဆိုတဲ့ပုံစံမျိုးတွေနဲ့
အချို့ ဒါရိုက်တာတွေက ကိုယ်လိုသလို ဇာတ်ဝင်ခန်းတွေမှာ
မျက်မမြင်တွေရဲ့ စရိုက်တွေကို ပုံဖော် ရုပ်ရှင်ရိုက်ကြတယ်လို့ဆိုသတဲ့
အဲ့သည်မှာ မျက်မမြင်တွေရဲ့ တာဝန်ရှိသူတစ်ယောက်က
ဒီလိုမျက်မမြင်တွေရဲ့ သဘာဝတွေကို ဂဃကျကျ မသိဘဲနဲ့ စိတ်ကူးပြီး
ရုပ်ရှင်ရိုက်တယ်ဆိုတာ မျက်မမြင်တွေကို နှိမ်ချတာဘဲလို့ ဆိုတယ်ဗျ
ဥပမာ တစ်ချို့ မွေးရာပါ မျက်မမြင်တွေဟာ
ပြင်ပလောကရဲ့ သဘာဝတွေကို ခွေး၊ ကြောင်၊ ကြက်၊ ငှက် စတာတွေကို
လုံးဝမမြင်ဖူးဘူးလို့ ရုပ်ရှင်တွေမှာ ထည့်သွင်းရိုက်ကြတာတွေဟာ မှားကြောင်းနဲ့
အဲ့သည် မျက်မမြင်တွေမှာလည်း အိပ်မက်ဆိုတဲ့ အကြောင်းတွေကြောင့်
ပြင်ပ ပတ်ဝန်းကျင်ကို အိပ်မက်ထည်းမှာ ထိတွေ့ခံစားဘူးကြောင်းတွေကို
ပြောပြထားလေရဲ့
ဘာဘဲဖြစ်ဖြစ်ပါ
ဒီလို အားငယ်သူကို အားပေးတဲ့လုပ်ရပ်ကို ကျုပ်ကတော့
ချီးကျူး ဂုဏ်ယူ လေးစား အားကျမိပါကြောင်း။
MaMa
August 11, 2011 at 10:04 am
အချို့ လူမူရေးလုပ်နေတဲ့ နေရာတွေကို ရောက်ဖူးတယ်။ ဝေဒနာရှင်တွေ၊ သက်ကြီးရွယ်အိုတွေ တွေ့ရတော့ စိတ်ထဲမှာ မွမ်းကြပ်ပြီး ပြန်လာရတယ်။ မျက်မမြင်ကျောင်းကို သွားပြီးပြန်လာတော့ စိတ်ထဲက ပေါ့ပါးလန်းဆန်းနေသလိုပဲ။ အဲဒါနဲ့ ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်ကြည့်လိုက်တော့ မျက်မမြင်တွေရဲ့ဘဝကို ဒုက္ခိတလို့ မမြင်တော့ပဲ စွမ်းနိုင်သူများအဖြစ် မြင်တွေ့ရပြီး စိတ်ချမ်းသာကျေနပ်သွားလို့ပဲဆိုတာ သိလိုက်တယ်။ အဲဒီလိုဖြစ်အောင် ကြိုးစားဆောင်ရွက်နေသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီစာကို ရေးဖြစ်သွားတယ်။ ဝိုင်းဝန်းအားပေးသူ အားလုံးကို ကျေးဇူးတင်ပါတယ်။
pan pan
August 11, 2011 at 10:09 am
တွေးဖူးတယ်
အဲလိုမွေးရာပါမျက်မမြင်တွေဟာ အရောင်တွေကိုသိလား ခံစားလို့ရလားလို့
သွေးဆိုတာ အနီရောင်၊ အနီဆိုတာ ဘယ်လိုအရောင်မျိုးလဲလို့ပေ့ါ
နားမကြားသူတွေလည်း အသံတွေကို သိလားလို့ပေ့ါ
အတွေးကြောင်လွန်းသွားလားမသိဘူး
ဦအောင်ပုပြောသလိုဆို သူတို့တွေဟာ အိပ်မက်ထဲမှာ အပြင်သဘာဝအကြောင်း သိရှိနိုင်မယ်
ဒါဆို မျက်မမြင်တစ်ယောက်ဟာ အိပ်မက်ထဲမှာ မြင်ချင်လည်းမြင်နေမယ်ပေ့ါ
အဖြူဆိုတာဘယ်လို အနီဆိုတာဘယ်လို ဆိုတာလည်း သိချင်သိမှာပေ့ါနော်
မျက်မမြင်တွေဟာ အကြားအာရုံကို အဓိကထားပြီး သွားလာကြတော့ သူတို့အကြားအာရုံဟာ သာမန်လူတွေထက် သာလွန်တယ်လို့လည်း သိရပါတယ်
ဘာပဲပြောပြော မသန်စွမ်းပေမယ့် သူတို့တွေစွမ်းဆောင်နိုင်တာတွေအတွက် လေးစားပါတယ်
chitlay
August 11, 2011 at 10:15 am
မျက်မမြင်တွေက အကြားစွမ်းရည်ပိုကောင်းပြီးတော့ ကြိမ်ထိုးခြင်းအတတ်ပညာကိုတော့ တဖက်ကမ်းခတ်ကျွမ်းကျင်ကြပါတယ်။ အနှိပ်ပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုပြီးတော့ ကျွန်းတောလမ်းမှာရှိတဲ့ စိန်မေရီခရစ်ယာန်မျက်မမြင်ဝင်းမှာ အနှိပ်ခန်းဖွင့်လှစ်ထားပါတယ်။ သူတို့ဘဝကို သူတို့ စိတ်ဓာတ်မကျ အရှုံးမပေးပဲ ဇွဲ၊ လုံ့လ၊ ဝီရိယ ရှိရှိနဲ့ ကြိုးစားကြတာဟာ လေးစားအားကျ ချီးကျူးဖို့ကောင်းပါတယ်။ ဒီလို မျက်မမြင်တွေ ဘဝကိုသိအောင် စာနာတတ်အောင် ပို့စ်တင်ပေးတဲ့ MaMa ကိုလည်း ကျေးဇူးတင်ပါတယ်။
Mee2
August 11, 2011 at 12:40 pm
“““မျက်မမြင်ဝန်ထမ်းတွေအနေနဲ့ နေချင်လျှင် ဝန်ထမ်းအိမ်ယာမှာ လခသက်သက်သာသာနဲ့ နေထိုင်နိုင်ပြီး၊ ထမင်းချိုင့်ကို တယောက်စာကို ၁လ ၇၅၀ဝ နှုန်းဖြင့် ကျောင်းမှ လပေးစနစ်နဲ့ ယူနိုင်ပါတယ်။ ပြန်ခါနီးမှာတော့ သီချင်းတိုက်နေတဲ့ ကလေးတွေရဲ့ သီချင်းသံကိုလည်း ကြားခဲ့ရပါသေးတယ်။ မျက်မမြင်တီးဝိုင်း ၂ဝိုင်း ရှိပြီး မြန်မာတနိုင်ငံလုံးအနှံ့ လိုက်လံ ဖျော်ဖြေပေးရတယ်လို့ ဆိုပါတယ်။”””
ဒီနေရာမှာ ကျွန်မ စိတ်ဝင်စားတာက သူတို ့တွေရပ်တည်ဖို ့ခဲယဉ်းနေမလား ဆိုတာပါ။အဓိက ကတော့ ကျောင်းရံပုံငွေလုံလောက်ရဲ ့လားပေါ့။သူတို ့တွေဘဝဟာ ကျွန်မတို ့တွေ ကဖေးကူရပါလိမ့်မယ်
ကြောင်ကြီး
August 12, 2011 at 8:56 am
အရင်က disable ကို မသန်မစွမ်း၊ နောက်တော့ differently able မသန်ပေမဲ့စွမ်း လို့ပြောင်းသုံးတာ မှတ်ထားဖူးတယ်။ နိုင်ငံခြားမှာတော့ handicapped လို့အသုံးများတယ်။ လက်တွန်းလှည်းနဲ့ လူရုပ်သင်္ကေတဆိုင်း ပြထားရင် သူတို့အတွက်သီးသန့် နေရာဖယ်ထားတာမို့ လူသာမန်များ သုံးခွင့်မရှိဖူး။ handicapped permit မရှိဘဲသုံးတာမိရင် ဒဏ်အကြီးအကျယ် အရိုက်ခံရမယ်။
ဆူး
August 12, 2011 at 5:19 pm
ခဝဲခြံ မျက်မမြင်ကျောင်းကိုတော့ မရောက်ဖူးသေးပါဘူး။
ကြည့်မြင်တိုင် မျက်မမြင်ကျောင်းကိုတော့ ရောက်ဖူးပါတယ်။
ထမင်းအလှူ သွားလုပ်တာပါ။
သူတို့ စားဖို့ လွယ်အောင် ကြက်သားဟင်းတောင် အရည်နဲ့ ချက်တယ်.. ထမင်းကိုလည်း ပုံစံခွက်နဲ့ ကျွှေးတယ်။ ခါတိုင်းဆို ဖြစ်သလို ကျွှေးပေမဲ့ အလှူရှင် ရှိတဲ့နေ့မှာ အသားဟင်းစားရတယ်လို့ ပြောတယ်။ မစားခင် မေတ္တာပို့ တာ နားထောင်ပြီး မျက်ရည်တောင် ဝဲ မိတယ်။
စွမ်းဆောင် နိုင်ချက်တွေကတော့ တော်တော်လေးကို အံမခန်းပါပဲ။
nature
August 12, 2011 at 5:40 pm
ဝမ်းသာပီတိဖြစ်စရာသတင်းကောင်းလေးတခုပါ။ သူတို့လေးတွေရဲ့ စိတ်ဓါက်ကို မြှင့်တင်ပေးတဲ့နည်းလေးတွေကို နည်းယူဘို့ကောင်းပါတယ်။